← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း(၁၀၃) မိဘနှင့် ကလေး လှုပ်ရှားမှုများ ကျင်းပသင့်သလား

အမိန့်များ လက်ခံရယူရန် အသုံးပြုသော သူ၏ နည်းဗျူဟာသုံး ဦးထုပ်အတွင်းရှိ နားကြပ်မှာ ပျက်နေပြီဟု ချန်မော့ ခံစားလိုက်ရ၏။

၎င်းထဲတွင် ဆူညံသံမျိုးစုံဖြင့် ပြည့်နှက်နေပေသည်။

ဥပမာအားဖြင့် သူ၏ ကိုယ်ပိုင် နှလုံးခုန်သံများဖြစ်၏။

ဥပမာအားဖြင့် သူ၏ အဖွဲ့ဝင်များထံမှ အသက်လုရှူနေရသော အသံများပင် ဖြစ်ပေသည်။

ထို့ပြင် သူ၏ ခြေထောက်ကို ဖက်တွယ်ထားသော ဓားပြခေါင်းဆောင်မှာ ပျော်ရွှင်စွာ ရှိုက်ငိုနေသည့် အသံများလည်း ပါဝင်ပေ၏။

"ကပ္ပတိန်..."

အဖွဲ့ဝင်တစ်ဦးက အလွန် မသေချာသော လေသံဖြင့် မေးလိုက်၏။

"ကျွန်တော်တို့... ကျွန်တော်တို့ မူလအစီအစဉ်အတိုင်း အတင်းဝင်စီးဖို့ ဆက်လုပ်ရမလား..."

ချန်မော့က သူ၏ ခြေထောက်တွင် တွယ်ကပ်နေသော သူကို တစ်ချက် ကြည့်လိုက်ပြီးနောက် မည်သူအရင် လက်ထိတ်ခတ်ခံရမည်ကို အနည်းငယ် လုတွန်းနေကြသည့် သူ၏ အပေါင်းအပါ နှစ်ဦးကိုလည်း ကြည့်လိုက်၏။

ဤအခိုက်အတန့်တွင် သူ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ မကြုံစဖူးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်လိုက်ရပေသည်။

"တပ်မှူးဝမ်က အညံ့ခံတာကို လက်ခံဖို့ အမိန့်ပေးထားတယ်..."

သူ၏ အသံကြိုးများ ကြွက်တက်နေသကဲ့သို့ ခံစားရကာ ချန်မော့က အံကြိတ်လျက် ဤစကားလုံးများကို ညှစ်ထုတ်ပြောလိုက်၏။

"ပထမအဖွဲ့ သံသယရှိသူတွေကို ထိန်းချုပ်ထားလိုက်..."

"ဒုတိယအဖွဲ့ ငါ့နောက်လိုက်ခဲ့၊ နေရာကို ရှင်းလင်းပြီး ဓားစာခံတွေကို ကယ်တင်မယ်..."

အပြင်ဘက်တွင် အရာအားလုံးက မည်မျှပင် အဓိပ္ပာယ်မဲ့နေပါစေ အတွင်းဘက်၌ ကလေးနှစ်ဆယ်ကျော်နှင့် ဆရာမတစ်ဦး ရှိနေသေးသည် မဟုတ်ပါလား။

ဤသည်က သူ၏ တာဝန်ဖြစ်ပြီး သူ အမှားလုပ်ရန် မတတ်နိုင်ချေ။

"ဟုတ်ကဲ့..."

အထူးရဲတပ်ဖွဲ့ဝင်များက သူတို့၏ ကမ္ဘာ့အမြင်ကို ပုံမှန်အခြေအနေသို့ အတင်းအကျပ် ပြန်လှည့်လိုက်ကြ၏။

အဖွဲ့ဝင်နှစ်ဦးက ရှေ့သို့ တက်လာကာ တစ်ဖက်တစ်ချက်စီမှနေ၍ ဓားပြနှစ်ဦး၏ လက်များကို ကျောဘက်သို့ လွယ်ကူစွာ ချည်နှောင်လိုက်ပေသည်။

လုပ်ငန်းစဉ်တစ်ခုလုံးတွင် မည်သည့် ခုခံမှုမျှ မကြုံတွေ့ခဲ့ရချေ။ သူတို့က ဓားပြများ၏ ပူးပေါင်းပါဝင်မှုကိုပင် ရရှိခဲ့သေး၏။

"အရာရှိ ဖြည်းဖြည်းလုပ်ပါ... မနေ့က ပစ္စည်းမရင်း ကျွန်တော့်လက်မောင်း လည်သွားလို့ပါ..."

"အရာရှိ လက်ထိတ်ကို တင်းတင်းကျပ်ကျပ် ခတ်ထားပေးပါ... ကျွန်တော် ထွက်ပြေးတာကို မတားဆီးနိုင်မှာ စိုးလို့ပါ... ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း သိပ်မရှိဘူး..."

ချန်မော့က ဤနေရာတွင် ဖြစ်ပျက်နေသော အဓိပ္ပာယ်မဲ့ ဇာတ်လမ်းကို လျစ်လျူရှုလိုက်၏။

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကျန်ရှိနေသော အဖွဲ့ဝင်ခြောက်ဦးကို စံသတ်မှတ်ထားသည့် တိုက်ခိုက်ရေး ဖွဲ့စည်းပုံဖြင့် သူငယ်တန်းကျောင်းတံခါးထဲသို့ ဦးဆောင်ဝင်ရောက်သွားပေသည်။

သူတို့၏ အလျင်စလိုနှင့် လေးလံသော ခြေသံများမှလွဲ၍ စင်္ကြံလမ်းမှာ လူသူကင်းမဲ့နေ၏။

ပစ်မှတ်မှာ တတိယထပ် ညာဘက်အစွန်ဆုံးရှိ စာသင်ခန်း ဖြစ်ပေသည်။

သူတို့က နံရံထောင့်တစ်လျှောက် လျင်မြန်စွာ ရွေ့လျားသွားကြပြီး သူတို့၏ လှုပ်ရှားမှုများက ချောမွေ့ တိကျကာ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ကျောချမ်းဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

မကြာမီမှာပင် အကြမ်းဖက် ဖျက်ဆီးခံထားရသော စာသင်ခန်း တံခါးဝသို့ သူတို့ ရောက်ရှိသွားကြပေသည်။

တံခါးမှာ တစ်ဝက်တစ်ပျက် ပွင့်နေ၏။

ချန်မော့နှင့် သူ၏ ဒုကပ္ပတိန်တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လက်ဟန်ခြေဟန် ပြုလုပ်လိုက်ကြသည်။

သုံး…

နှစ်…

တစ်…

"ဘန်း..."

ဒုကပ္ပတိန်က တံခါးကို ကန်ဖွင့်လိုက်ပြီး ချန်မော့က သေနတ်ကို ချိန်ရွယ်လျက် လျှပ်စီးကဲ့သို့သော မျက်လုံးများဖြင့် ပထမဆုံး အပြေးဝင်သွား၏။

"မလှုပ်နဲ့... ရဲတွေ..."

ဟိန်းဟောက်သံက စာသင်ခန်းထဲတွင် ပဲ့တင်ထပ်သွားပေသည်။

ထို့နောက် ချန်မော့မှာ ဆွံ့အသွား၏။ သူ၏ နောက်ကွယ်ရှိ အဖွဲ့ဝင်များကလည်း တစ်ယောက်ပြီး တစ်ယောက် အံ့အားသင့်သွားကြသည်။

မျှော်လင့်ထားသကဲ့သို့ ဓားစာခံများထံမှ ငိုကြွေးသံ သို့မဟုတ် အော်ဟစ်သံများ ထွက်ပေါ်မလာခဲ့ချေ။

မျှော်လင့်ထားသကဲ့သို့ ဓားပြများထံမှ အသေအလဲ ခုခံမှုမျိုးလည်း မရှိခဲ့ပေ။

သူ တွေးထင်ထားခဲ့သော သွေးထွက်သံယိုဖြစ်မှု၊ ပရမ်းပတာဖြစ်မှု သို့မဟုတ် တင်းမာသော ရင်ဆိုင်မှု မြင်ကွင်းများ တစ်ခုမျှ မရှိခဲ့ချေ။

စာသင်ခန်းထဲတွင် ငြိမ်းချမ်းသော လေထုက လွှမ်းမိုးနေ၏။ ရယ်မောသံများနှင့်ပင် ပြည့်နှက်နေသည်ဟု ဆိုနိုင်ပေသည်။

စာသင်ခန်း၏ ထောင့်တစ်နေရာတွင် လူငယ် ဆရာမလေးက ကလေးအချို့ကို ဖက်ထားသော်လည်း သူမ၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုများ မရှိဘဲ ဗလာကျင်းမှု၊ အထင်ကြီးလေးစားမှုနှင့် ရှက်သွေးဖြာမှုတို့ ရောနှောနေသော ရှုပ်ထွေးသည့် အမူအရာတစ်ခုသာ ရှိနေ၏။

အခြားအထူးရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာမူ အညံ့ခံလိုကြောင်း ငိုယိုအော်ဟစ်နေကြသည့် ဓားပြသုံးဦးကို အသည်းအသန် ထိန်းချုပ်ရန် ကြိုးစားနေကြပေသည်။

ဓားပြများက ခုခံမည့်အစား ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသကဲ့သို့ အထူးရဲတပ်ဖွဲ့ဝင်များ၏ လက်မောင်းကို တင်းကျပ်စွာ ဖက်တွယ်ထားကြ၏။

"အရာရှိတို့ ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့က ပြည်သူတွေရဲ့ အစောင့်အရှောက်တွေပါပဲ..."

"နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီ... ကျွန်တော် ပြောပြမယ် အဲ့ဒါက တော်တော်ကို ကြောက်စရာကောင်းတာ..."

"ကျွန်တော် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု ခံယူဖို့ လျှောက်ထားလို့ရမလား... တစ်သက်လုံး အိပ်မက်ဆိုးတွေ မက်တော့မယ်လို့ ခံစားနေရတယ်..."

စာသင်ခန်း၏ အလယ်ဗဟိုတည့်တည့်တွင်မူကား ၎င်းက ချန်မော့နှင့် အထူးရဲတပ်ဖွဲ့ဝင် အားလုံး၏ ဦးနှောက်များကို တစ်ပြိုင်နက်တည်း အလုပ်ရပ်စဲသွားစေသည့် နေရာပင် ဖြစ်ပေသည်။

ကလေးငယ် တစ်ဒါဇင်ခန့်က စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့ထားကြ၏။

သူတို့က "ပုဝါချတမ်း" ကစားနေကြခြင်း ဖြစ်သည်။

ကလေးငယ်များ၏ ကြည်လင်ပြတ်သားသော အသံများက စာသင်ခန်းထဲတွင် ပဲ့တင်ထပ်နေ၏။

"ချ... ချ... ပုဝါလေးကိုချ... ကလေးနောက်မှာ ဖြည်းဖြည်းချ... ဘယ်သူမှ သူ့ကို မပြောကြနဲ့..."

ထို့နောက် သူတို့က ဗဟိုတွင်ရှိနေသော သူ့ကို ဝိုင်းရံထားကြပေသည်။

သူသည် အပြာရောင် ရေသယ်သမား ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်၏။

ထိုအမျိုးသားမှာ ကွပ်ကဲရေးစင်တာမှ "ချူးရှန့်" ဟူသော လျှို့ဝှက်ကုဒ်အမည်ဖြင့် သတင်းပို့ထားသည့် သူတို့ဘက်မှ လျှို့ဝှက်အေးဂျင့်တစ်ဦးပင် ဖြစ်ပေသည်။

သူက ပန်းရောင် ပီပါဝက်ကလေး ပုံဆွဲထားသော ပလတ်စတစ် ခွေးခြေခုံငယ်လေးတစ်ခုပေါ်တွင် ထိုင်နေ၏။

သူ၏ အောက်ရှိ ခုံငယ်လေးမှာ အလေးချိန်ကြောင့် တကျွီကျွီ မြည်နေပြီး အချိန်မရွေး အပိုင်းပိုင်းအစစ ကွဲကြေသွားတော့မည့်ပုံ ပေါ်နေသည်။

ချူးရှန့်၏ အမူအရာက ဖော်ပြရန် ခက်ခဲလှပေ၏။

အကယ်၍ စကားလုံးတစ်လုံးတည်း ရွေးချယ်ရမည် ဆိုပါက "ဘဝက အဓိပ္ပာယ်မရှိဘူး" ဟူ၍သာ ဖြစ်ပေလိမ့်မည်။

သူ၏ မျက်ခုံးများက တွန့်ချိုးနေပြီး မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများနှင့် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေကာ နှုတ်ခမ်းများကိုလည်း တင်းကျပ်စွာ စေ့ထား၏။

လူမိုက်များကိုပင် ထိတ်လန့်သွားစေနိုင်သည့် ထိုမျက်နှာကြီးမှာ ယခုအခါတွင်မူ အတွေးအခေါ်ပိုင်းဆိုင်ရာ တွေးတောမှုများဖြင့် ပြည့်နှက်နေပေသည်။

"ငါက ဘယ်သူလဲ... ငါ ဘယ်ရောက်နေတာလဲ... ငါ့ကို ဘယ်သူ ကယ်တင်ပေးမလဲ..."

သူ၏ ဘယ်ဘက်လက်ထဲတွင် လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားမှုကြောင့် အရည်ပျော်လုနီးပါး ဖြစ်နေသော သကြားလုံးတစ်လုံးကို ကိုင်ထားဆဲဖြစ်၏။

ညာဘက်လက်ထဲတွင်မူ တစ်ဝက်ခန့် ကြေမွနေသော ဝက်ဝံပုံစံ ကွတ်ကီးတစ်ခု ရှိနေသည်။

ဆံပင်နှစ်ခွကျစ်ထားသော ကောင်မလေးတစ်ဦးက သူ၏ လက်ကြီးကို ကိုင်ထားကာ လက်ချောင်းများကို တစ်ချောင်းချင်း ဆွဲဖြဲနေပြီး သူ၏ လက်ပေါ်ရှိ အသားမာများကို လေ့လာနေပုံရပေသည်။

ပါးဖောင်းဖောင်းနှင့် အခြားကောင်လေး တစ်ဦးက ခြေဖျားထောက်ကာ နောက်ထပ် ကွတ်ကီးတစ်ခုကို ကိုင်မြှောက်ထားပြီး ချူးရှန့်၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်ရန် ကြိုးစားနေ၏။

"ဦးလေးဝက်ဝံ စားလေ... တစ်ခုမှလည်း မစားရသေးဘဲနဲ့..."

"ဒါက ချောကလက် အရသာလေး... တအား စားလို့ကောင်းတာ..."

ချူးရှန့်က ပုန်းရှောင်ချင်သော်လည်း မဝံ့ရဲပေ။

သူ၏ မျက်နှာဆီသို့ ထိုးသွင်းလာသော ကွတ်ကီးကို ရှောင်ရှားရန် သူက ခေါင်းကို တောင့်တင်းစွာဖြင့် အနည်းငယ် လှည့်လိုက်ရုံသာ တတ်နိုင်၏။

ဤလုပ်ရပ်ကြောင့် သူ၏ မျက်နှာပေါ်ရှိ အဆီများက စုပုံသွားစေကာ သူ့ကို ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်သွားစေပေသည်။

သို့သော်လည်း ကလေးများ၏ မျက်လုံးထဲတွင်မူ ၎င်းက သူတို့နှင့် ဂိမ်းကစားနေသည့် "ဦးလေးဝက်ဝံ" သက်သက်သာ ဖြစ်နေ၏။

"ဟီးဟီး... ဦးလေးဝက်ဝံက ရှက်နေတယ်..."

"မိပြီ... မလှုပ်နဲ့..."

ချန်မော့က သေနတ်ကိုကိုင်လျက် စာသင်ခန်း တံခါးဝတွင် ရပ်နေပေသည်။

သူသည် ရက်စက်ကြမ်းကြုတ်သော ဓားစာခံ အကျပ်အတည်းတစ်ခု၏ အခင်းဖြစ်ပွားရာ နေရာသို့ ဝင်ရောက်လာခဲ့ခြင်း မဟုတ်သကဲ့သို့ ခံစားလိုက်ရ၏။

စနေ၊ တနင်္ဂနွေနေ့များတွင် ဈေးဝယ်စင်တာကြီးတစ်ခုမှ ကျင်းပသော မိဘနှင့် ကလေး လှုပ်ရှားမှုတစ်ခုထဲသို့ သူ မှားယွင်း ဝင်ရောက်လာမိခြင်း ဖြစ်ပေလိမ့်မည်။

၎င်းမှာ ကာတွန်းဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ရန် ကော့စ်ပလေးသမားများကို ငှားရမ်းထားပြီး အဆိုပါ ကော့စ်ပလေးသမားများမှာ စိတ်အားထက်သန်သော ပရိသတ်များ၏ ဝိုင်းရံခြင်းကို ခံရကာ သူတို့၏ တည်ရှိမှုကိုပင် မေးခွန်းထုတ်ရသည့် အခြေအနေမျိုး ဖြစ်ပေသည်။

"ကွပ်ကဲရေးစင်တာကို သတင်းပို့ပါတယ်..."

ချန်မော့က စကားပြောစက်ကို မြှောက်လိုက်ပြီး သူ၏ အသံများက အက်ကွဲနေ၏။

"အခင်းဖြစ်ပွားရာ နေရာက... အခင်းဖြစ်ပွားရာ နေရာကို ထိန်းချုပ်ထားနိုင်ပါပြီ..."

သူက ခေတ္တရပ်တန့်သွားပြီး သူ့ရှေ့မှ သဟဇာတဖြစ်နေသော မြင်ကွင်းကို ကြည့်ကာ သူ၏ ဦးနှောက်များ လောင်ကျွမ်းသွားတော့မည်ဟု ခံစားလိုက်ရသည်။

"ထပ်ပြောပါမယ်... အခင်းဖြစ်ပွားရာ နေရာကို ထိန်းချုပ်ထားနိုင်ပါပြီ..."

"ဒါပေမဲ့... ပြောထားတဲ့ ပြင်းထန်တဲ့ ဓားစာခံ အခြေအနေက ဘာဖြစ်သွားတာလဲဆိုတာ တစ်ယောက်ယောက် ကျွန်တော့်ကို ပြောပြလို့ရမလား..."

"ဒါက ပုံမှန် မိဘနဲ့ ကလေး လှုပ်ရှားမှုတစ်ခုနဲ့ တစ်ထပ်တည်း တူနေတယ်လေ..."

ကွပ်ကဲရေးယာဉ်အတွင်း၌ ဝမ်ထျဲ့ကျွင်း၊ ကျိုးကျန်ကော်နှင့် လန်ဖုန်းတို့အားလုံးက ချန်မော့၏ ဦးထုပ်ပေါ်ရှိ ကင်မရာမှတစ်ဆင့် ဤအစစ်အမှန်မဟုတ်သကဲ့သို့ ဖြစ်နေသော မြင်ကွင်းကို မျက်မြင်တွေ့လိုက်ကြရပေသည်။

သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွား၏။

ဖမ်းဆီးမှုမှာ လွန်စွာချောမွေ့လွန်းနေခဲ့သည်။

ဓားပြများက အသေးစိတ် အချက်အလက် အားလုံးကို မိမိဆန္ဒအလျောက် ဝန်ခံခဲ့ကြပြီး "ဂိမ်း" ပြီးဆုံးသွားသဖြင့် စိတ်ကသိကအောက် ဖြစ်နေသော ကလေးများကို နှစ်သိမ့်ပေးရာတွင် ရဲတပ်ဖွဲ့ကိုပင် ကူညီပေးခဲ့ကြသေး၏။

ထိတ်လန့်နေသော ဓားပြကို ခေါ်ထုတ်သွားရန် အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြင်ဆင်လိုက်ချိန်တွင် ဖြစ်၏။

လူငယ်ဓားပြက သတိပေးစကားပင် ဆိုလိုက်သေးသည်။

"အရာရှိ သူ့ကို ကူညီပေးလိုက်ပါဦး... သူ့မှာ ခါးနာတဲ့ ရောဂါရှိတယ်... ကြောက်လန့်ပြီး သတိလစ်သွားတုန်းက တစ်ခုခုနဲ့ ဝင်တိုက်မိသွားပုံရတယ်..."

အထူးရဲတပ်ဖွဲ့ဝင်... "..."

ရှင်းလင်းရေးနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အကြီးမားဆုံးသော အတားအဆီးမှာ ရာဇဝတ်ကောင်များထံမှ လာခြင်းမဟုတ်ပေ။

၎င်းက ကလေးများထံမှ လာခြင်းဖြစ်၏။

"သမီး မသွားချင်ဘူး... ဦးလေးဝက်ဝံနဲ့ ထပ်ဆော့ချင်သေးတယ်..."

"မေမေ... ဦးလေးဝက်ဝံ ဖက်ထားတာကို လိုချင်တယ်..."

အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကောင်လေးတစ်ဦးက ချူးရှန့်၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်ထားပြီး ဘာပဲဖြစ်ဖြစ် လွှတ်ပေးရန် ငြင်းဆန်နေပေသည်။

သူ၏ မိခင်ဖြစ်သူမှာ စိုးရိမ်ပူပန်မှုများဖြင့် ချွေးများ ရွှဲနစ်နေ၏။

နောက်ဆုံးတွင် အရပ် ၁.၈၅ မီတာရှိပြီး အပြည့်အဝ လက်နက်တပ်ဆင်ထားကာ မျက်နှာပေါ်၌ ဝတ်စုံပြည့် သစ်ရွက်ရောင် ဆေးများ ခြယ်သထားသော အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆောင့်ကြောင့်ထိုင်ချလိုက်ရ၏။ ထို့နောက် သူက လူတစ်ယောက်၏ လည်ပင်းကို အလွယ်တကူ ချိုးဖဲ့နိုင်စွမ်းရှိသော လက်ဖြင့် ကောင်လေး၏ ကျောကို ယောင်နန ပုတ်ပေးကာ အလွန် နူးညံ့သည်ဟု သူထင်သော လေသံဖြင့် ချော့မော့လိုက်ရပေသည်။

"ချစ်လေး... သားလေး... ဦးဦးက သားကို မေမေ့ဆီ ခေါ်သွားပေးပြီး သကြားလုံး ဝယ်ကျွေးမယ်နော်..."

ကောင်လေးက မော့ကြည့်လိုက်ရာ ဆေးများ ဖုံးလွှမ်းနေသော မျက်နှာတစ်ခုနှင့် ရုပ်ရှင်များထဲတွင်သာ သူ မြင်ဖူးခဲ့သည့် နည်းဗျူဟာသုံး မျက်မှန်တစ်ရံကို မြင်လိုက်ရ၏။

"ဝါး..." ဟူသော အသံကျယ်ကြီးနှင့်အတူ သူက ပို၍ပင် ကျယ်လောင်စွာ ငိုကြွေးလိုက်တော့သည်။

ဤသဟဇာတဖြစ်သော်လည်း ပရမ်းပတာဖြစ်နေသော လေထုထဲတွင် ဝမ်ထျဲ့ကျွင်းနှင့် ဒုတိယ ညွှန်ကြားရေးမှူး ကျိုးကျန်ကော်တို့က လန်ဖုန်းနှင့်အတူ နောက်ဆုံး၌ စာသင်ခန်းထဲသို့ အပြေးဝင်လာကြပေသည်။

မည်သည့် သွေးထွက်သံယိုဖြစ်မှုမျိုးကိုမဆို ရင်ဆိုင်ရန် သူတို့ ပြင်ဆင်ထားခဲ့ကြ၏။

ထိုအခါ သူတို့က မေ့ပျောက်၍မရနိုင်သော ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ကြရပေသည်။

ကလေးများ၏ ဝိုင်းရံခြင်းကို ခံထားရသော ချူးရှန့်မှာ လုံးဝ မျှော်လင့်ချက်မဲ့နေပုံရပြီး သူ၏ ပါးစပ်ထောင့်တွင် ကွတ်ကီးအစအန အနည်းငယ် ကပ်နေဆဲဖြစ်၏။

ဝမ်ထျဲ့ကျွင်းက တံခါးပေါက်တွင် ရပ်တန့်သွားသည်။

ကလေးများ၏ ဧရာမအရုပ်ကြီးတစ်ရုပ်ကဲ့သို့ ဆက်ဆံခံနေရသော ထိုအမျိုးသားကို သူ ကြည့်လိုက်ရာ သူ၏ မျက်နှာက "ဒါကို ဖျက်ဆီးပစ်လိုက်... မြန်မြန်လုပ်လိုက်စမ်းပါ" ဟု အော်ဟစ်နေသကဲ့သို့ ရှိနေ၏။

အထူးရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံနေရပြီး သူ၏ ဘေးမှ ဖြတ်သွားစဉ် "ကျေးဇူးတင်ပါတယ် အစိုးရ... ကျေးဇူးတင်ပါတယ် ပါတီ" ဟု ပြောနေသကဲ့သို့ ကျေးဇူးတင်နေသော အကြည့်ဖြင့် သူ့ကို ကြည့်သွားသည့် ဓားပြကို သူ တစ်ချက် ထပ်ကြည့်လိုက်ပြန်သည်။

သူ၏ စိတ်ထဲတွင် တဝီဝီ မြည်သံနှင့်အတူ ဗလာကျင်းသွားပေ၏။

မိုးကြိုးပစ်ချလိုက်သကဲ့သို့ အတွေးတစ်ခုက သူ၏ စိတ်အနက်ရှိုင်းဆုံးနေရာတွင် ပေါက်ကွဲထွက်လာခဲ့သည်။

*ကောင်လေးက...သူက ရဲတစ်ယောက် ဟုတ်ရဲ့လား…*

*ဒါမှမဟုတ် သူက ရဲအဖြစ် ရုပ်ဖျက်ထားသော မိစ္ဆာကောင် တစ်ကောင်များလား…*

အခန်း(၁၀၄) ချူးရှန့်၊ မင်း နောက်ထပ် ကြီးမားတဲ့ အမှုကြီးတစ်ခုကို ထပ်လုပ်ပေးလိုက်ပြန်ပြီ

ဝမ်ထျဲ့ကျွင်း၏ အနောက်ဘက်ရှိ ဒုတိယညွှန်ကြားရေးမှူး ကျိုးကျန်ကော်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်၏။ မျက်မှန်မှန်ဘီလူးများ နောက်ကွယ်ရှိ သူ၏ မျက်လုံးများထဲတွင် ယခင်က တစ်ခါမှ မကြုံဖူးသော ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

သူ ရဲအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ် ရှိနေပြီဖြစ်ပြီး မရေမတွက်နိုင်သော အမှုကြီးများကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသော်လည်း သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းက သူ၏ အတွေ့အကြုံအားလုံးထက် ကျော်လွန်နေခဲ့လေ၏။

လန်ဖုန်းက ဘေးဘက်တွင် ရပ်နေ၏။ ကွန်ပျူတာတစ်လုံးကဲ့သို့ တိကျသော သူ၏ ဦးနှောက်က သူ၏ ရှေ့မှောက်ရှိ အရာအားလုံး၏ သင့်လျော်သော ယုတ္တိဗေဒ ပုံစံတစ်ခုကို တည်ဆောက်ရန် ကြိုးစားရင်း အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် အလုပ်လုပ်နေသည်။

ကောက်ချက်ချရလျှင် ၎င်းပုံစံကို တည်ဆောက်ရန် ကျရှုံးသွားခဲ့ခြင်းပင်ဖြစ်၏။

ပစ်မှတ် ချူးရှန့်၏ အပြုအမူများက လက်ရှိ အချက်အလက်သိုလှောင်ကန်ထဲတွင် ရရှိနိုင်သော ခွဲခြမ်းစိတ်ဖြာမှု နယ်ပယ်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

"အဖွဲ့တစ်က လူအရေအတွက်ကို ရေတွက်ပြီး ဓားစာခံတွေရဲ့ အခြေအနေကို အတည်ပြုပါ..."

"အဖွဲ့နှစ်က သက်သေခံပစ္စည်း အားလုံးကို ချိတ်ပိတ်ပါ…ဟုတ်တယ်..အောက်ကို ပစ်ချလိုက်တဲ့ အရာတွေ အားလုံးပဲ..."

အထူးရဲတပ်ဖွဲ့ ကပ္ပတိန် ချန်မော့က ကောင်းစွာ အလုပ်မလုပ်တော့သော သူ၏ ဦးနှောက်ကို အတင်းအကျပ် ပြန်လည်စတင်စေခဲ့ပြီး အမိန့်များ စတင် ပေးလိုက်၏။

စစ်ဆေးမှု ရလဒ်များက အလျင်အမြန် ထွက်ပေါ်လာခဲ့သည်။

"ကွပ်ကဲရေးမှူးကို သတင်းပို့ပါတယ်၊ ကျောင်းသား သုံးဆယ့်တစ်ယောက်နဲ့ ဆရာ သုံးယောက်စလုံး ဘေးကင်းပြီး အန္တရာယ်ကင်းပါတယ်..."

"ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး၊ ကစားပွဲ ပြီးဆုံးသွားပြီးနောက် ကလေးအချို့ကတော့ စိတ်ပိုင်းဆိုင်ရာ နည်းနည်း ထိခိုက်သွားခဲ့တယ်..."

"ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းက အရည်အသွေးမြင့် ပုံစံတူတစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး တကယ့် အန္တရာယ် မရှိပါဘူး..."

အဆင့်အက်စ် ဓားစာခံ အကျပ်အတည်းတစ်ခုက ထိခိုက်သေဆုံးမှု သုညဖြင့် အဓိပ္ပာယ်မဲ့လုနီးပါး နည်းလမ်းတစ်ခုဖြင့် ပြီးပြည့်စုံစွာ အဆုံးသတ်သွားခဲ့၏။

ထိုရလဒ်ကို ကြားလိုက်ရသောအခါ ဝမ်ထျဲ့ကျွင်း၏ တင်းမာနေသော အာရုံကြောများက ရုတ်တရက် ပြေလျော့သွားပြီး သူက အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။

ပြီးသွားခဲ့ပြီ။ ၎င်းက တကယ်ကို အလုပ်ဖြစ်သွားခဲ့သည်ပင်။

ထိုစဉ် သူငယ်တန်းကျောင်း အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်လာခဲ့၏။

ရဲအရာရှိများ၏ အစောင့်အရှောက်ဖြင့် လူနှစ်ဦးက ရဲတပ်ဖွဲ့၏ တားဆီးထားမှုများကို ဖောက်ထွက်ကာ အပြေးအလွှား ဝင်ရောက်လာကြသည်။

အုပ်စုကို ဦးဆောင်လာသူမှာ သီးသန့်ချုပ်လုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ခေတ်မီဆန်းပြားသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမမှာ သိပ္ပံပညာရှင်၏ ဇနီးဖြစ်သူ ချင်ယွိပင်းပင် ဖြစ်သည်။

သူမ၏ အနောက်တွင်တော့ စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦး ပါလာ၏။ သူကတော့ ဒေါက်တာချန်ပင် ဖြစ်သည်။

"ရှောင်ပေါင်... ငါ့ရဲ့ ရှောင်ပေါင်..."

ချင်ယွိပင်းက စာသင်ခန်းထဲသို့ အပြေးအလွှား ဝင်လာပြီး ဆရာမ၏ ရင်ခွင်ထဲတွင် ပွေ့ချီခံထားရကာ အထူးရဲအရာရှိကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသော သူမ၏ သားကို ချက်ချင်း မြင်လိုက်ရသည်။

သူမက ပြေးသွားကာ သားဖြစ်သူကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကြွင်းကျန်ရစ်သော ကြောက်ရွံ့မှုများကြောင့် သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေ၏။

"မေမေ... သား အဆင်ပြေပါတယ်၊ ဦးလေးဝက်ဝံက သားတို့ကို ကာကွယ်ပေးခဲ့တယ်..."

ကောင်လေးက သူမ၏ ရင်ခွင်ထဲမှနေ၍ သူ၏ ကလေးဆန်သော အသံလေးဖြင့် သူမကို နှစ်သိမ့်ပေးလိုက်သည်။

ပုံမှန်အားဖြင့် ရက်စက်ပြီး ပြတ်သားတတ်သော အမျိုးသမီး စီအီးအိုမှာ မျက်လုံးများ နီရဲနေကာ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေလေ၏။

ဒေါက်တာချန်က အလျင်အမြန် ရှေ့သို့လှမ်းသွားကာ သားဖြစ်သူကို စစ်ဆေးလိုက်ပြီး ဘာအန္တရာယ်မှ မရှိကြောင်း အတည်ပြုပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။

သူက မျက်မှန်ကို နေရာတကျ ပြင်တပ်လိုက်ပြီး ဘေးနားရှိ ဝမ်ထျဲ့ကျွင်းကို ကြည့်လိုက်၏။ သူ၏ အသံက ကြီးမားလှသော ကျေးဇူးတင်မှုများဖြင့် တုန်ယင်နေသည်။

"ကပ္ပတိန်ဝမ် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်..."

ချင်ယွိပင်းက သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး မတ်တတ်ရပ်ကာ အခန်းတစ်ခုလုံးကို စူးရှစွာ အကဲခတ်လိုက်၏။

"ကပ္ပတိန်ဝမ် ငါ့သားကို ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းက ဘယ်သူလဲဆိုတာ မေးလို့ရမလား..."

"ငါ သူ့ကို လူကိုယ်တိုင် ကျေးဇူးတင်ချင်လို့ပါ..."

ဝမ်ထျဲ့ကျွင်း၏ မျက်နှာအမူအရာက ချက်ချင်းပင် မယုံနိုင်လောက်အောင် ရှုပ်ထွေးသွားခဲ့သည်။

သူက ပါးစပ်ဟလိုက်ပြီးနောက် လက်ညှိုးကို ခက်ခက်ခဲခဲ မြှင့်ကာ စာသင်ခန်း၏ အလယ်ဗဟိုသို့ လက်ညှိုးထိုးပြလိုက်၏။

ကလေးများ၏ မေတ္တာအပြည့်ဖြင့် ဖက်တွယ်မှုများမှ ယခုလေးတင် လွတ်မြောက်လာခဲ့သော ထိုအမျိုးသားက သူ၏ လက်ပေါ်ရှိ သကြားလုံးအခွံများကို ခွာရန် ကြိုးစားနေသည်။

"သူပါ..."

ချင်ယွိပင်းနှင့် ဒေါက်တာချန်တို့က သူ လက်ညှိုးထိုးပြရာ လမ်းကြောင်းသို့ ကြည့်လိုက်ကြ၏။

ထိုအခါ သူတို့က ချူးရှန့်ကို မြင်လိုက်ရသည်။

ထူထဲပြီး အသားစိုင် ကြွက်သားများ ဖုံးလွှမ်းနေကာ အကျည်းတန်သော ဓားဒဏ်ရာ အမာရွတ်များနှင့် ထိုမျက်နှာကို သူတို့ မြင်လိုက်ရ၏။ ကလေးများ၏ နှိပ်စက်မှုကို ခံထားရခြင်းကြောင့် သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များလည်း ရှိနေသည်။

ချင်ယွိပင်းမှာ ဆွံ့အသွားခဲ့သည်။

သူမ၏ စိတ်ထဲတွင် ရဲအရာရှိများ၊ အထူးရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ်ရဲအရာရှိများ စသဖြင့် သူရဲကောင်းများ၏ ပုံရိပ်မြောက်မြားစွာ ဖြတ်ပြေးသွားခဲ့၏။

သို့သော်လည်း သူတို့ထဲမှ တစ်ယောက်ကမျှ သူမရှေ့မှောက်ရှိ ရေသယ်ပို့သမားနှင့် မတူညီခဲ့ချေ။

ယခုလေးတင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရသော အမာရွတ်နှင့် ဓားပြထက် ပို၍ ခြိမ်းခြောက်နိုင်စွမ်းရှိပုံပေါ်သော လူတစ်ယောက်မျှ မရှိခဲ့ပေ။

သို့သော်လည်း ဒေါက်တာချန်၏ တုံ့ပြန်မှုကတော့ ပို၍ ပြင်းထန်နေခဲ့၏။

သူ၏ ကမ္ဘာကြီးကို ယုတ္တိဗေဒ၊ အချက်အလက်များ၊ ပုံသေနည်းများနှင့် ဥပဒေသများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သူက သားဖြစ်သူ၏ မျက်နှာပေါ်ရှိ တောက်ပသော အပြုံးကို ကြည့်လိုက်ပြီးနောက် လူကြီးများကိုပင် အိပ်မက်ဆိုးများ မက်စေနိုင်သော မျက်နှာမျိုးဖြစ်သည့် ချူးရှန့်၏ မျက်နှာကို ကြည့်လိုက်၏။

ကလေးတစ်ယောက်က ဤမျှ ဖိအားများသော ပတ်ဝန်းကျင်တွင် ထိုသို့သော သူစိမ်းတစ်ယောက်နှင့် ရင်ဆိုင်ရချိန်၌ မငိုသည့်အပြင် ရယ်ပင် ရယ်မောနေခဲ့သည်။

ဤသည်က စိတ်ပညာနှင့် ကိုက်ညီမှုမရှိချေ။

ဤသည်က အပြုအမူဆိုင်ရာ သိပ္ပံပညာနှင့်လည်း မကိုက်ညီပေ။

ဤအရာက သူ နားလည်ထားသော မည်သည့် သိပ္ပံနည်းကျ ယုတ္တိဗေဒနှင့်မျှ ကိုက်ညီမှု မရှိခဲ့ချေ။

ထိပ်တန်း သိပ္ပံပညာရှင်၏ မျက်လုံးများထဲတွင် နားလည်၍မရနိုင်သော ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။ ပထမဆုံးအနေဖြင့် သူ၏ ဦးနှောက်က ပုံသေနည်းများဖြင့် ရှင်းပြ၍မရနိုင်သော ဖြစ်စဉ်တစ်ခုကြောင့် ဝန်ပိသွားခဲ့ရသည်။

ဝမ်ထျဲ့ကျွင်းမှာ ဇနီးမောင်နှံ၏ အံ့အားသင့်မှုများကို အာရုံစိုက်နေရန် အချိန်မရှိခဲ့ပေ။

သူက ခြေလှမ်းသုံးလှမ်းဖြင့် ချူးရှန့်ထံ အပြေးသွားလိုက်ပြီး ယပ်တောင်နှင့်တူသော သူ၏ လက်အကြီးကြီးဖြင့် ချူးရှန့်၏ ပခုံးကို အားပါးတရ ပုတ်လိုက်၏။

"ချူးရှန့်..."

ဝမ်ထျဲ့ကျွင်း၏ အသံက ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်လာခဲ့သည့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သူက အနည်းငယ်ပင် ကယောက်ကယက် ဖြစ်နေခဲ့သည်။

"ကောင်းတယ်ကွ….လုပ်တာကောင်းတယ်.."

သူက စာသင်ခန်းတစ်ခုလုံး ကြားနိုင်လောက်အောင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ထိခိုက်သေဆုံးမှု သုညပဲ၊ ပြီးပြည့်စုံအောင် ဖြေရှင်းနိုင်ခဲ့တယ်၊ မင်း ကောင်လေး... မင်း ကောင်လေး နောက်ထပ် အမှုကြီးတစ်ခုကို ထပ်ပြီး အကောင်းဆုံး လုပ်နိုင်ခဲ့ပြန်ပြီပဲ..."

"မြို့တော် ပြည်သူ့လုံခြုံရေးဗျူရိုကနေ ပထမအဆင့် ဂုဏ်ပြုဆုပဲ ဒီတစ်ကြိမ်တော့ မင်း လွတ်သွားစရာ အကြောင်းမရှိတော့ဘူး..."

ချူးရှန့်၏ ပတ်ဝန်းကျင်ရှိ ရဲအရာရှိများနှင့် ဆရာမများက သူ့ကို လေးစားမြတ်နိုးမှုနှင့် ကျေးဇူးတင်မှုများဖြင့် ကြည့်နေကြသည်။

စုရှောင်ယာက မနီးမဝေးတွင် ရပ်နေကာ ချူးရှန့်ကို ကပ္ပတိန်က ချီးကျူးနေသည်ကို ကြည့်နေ၏။ သူမ၏ မျက်နှာက နီရဲသွားပြီး သူမ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။

*အစ်ကိုချူးက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ…*

သို့သော်လည်း ဝမ်ထျဲ့ကျွင်း၏ စိတ်လှုပ်ရှားမှုက သုံးစက္ကန့်သာ ကြာမြင့်ခဲ့၏။

သုံးစက္ကန့်ကြာပြီးနောက် ရင်းနှီးကျွမ်းဝင်နေသော ဟင်းချက်နည်းနှင့် ရင်းနှီးနေသော အရသာက ပြန်လည်ရောက်ရှိလာခဲ့သည်။

သူက ချူးရှန့်၏ လည်ပင်းကို ဆွဲကိုင်ကာ ဘေးသို့ ဆွဲခေါ်သွားပြီး သူတို့နှစ်ယောက်သာ ကြားနိုင်သော အသံဖြင့် အံကြိတ်ကာ တီးတိုးပြောလိုက်၏။

ထိုအသံက ပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံးကဲ့သို့ တရှည်ရှည်မည်နေပြီး ပေါက်ကွဲလုမတတ် ရေနွေးငွေ့များ ပြည့်နှက်နေသကဲ့သို့ ရှိသည်။

"ဒါပေမဲ့..."

"နောက်တစ်ကြိမ်ကျရင် ကျေးဇူးပြုပြီး သောက်ရမ်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အလုပ်မျိုးတွေ မလုပ်ပေးလို့ ရမလား..."

“မင်းက ငါ့ရဲ့ နှလုံးဆေးတွေ အားလုံးကို လက်တွေ့စားပစ်လိုက်သလိုပဲ…”

"တံခါးကို ကန်ဖွင့်တယ် ဟုတ်လား၊ မင်းကိုယ်မင်း ဖြိုခွဲရေးအဖွဲ့လို့ ထင်နေတာလား..."

"ဓားပြတွေနဲ့ စေ့စပ်ညှိနှိုင်းတယ် ဟုတ်လား၊ အခွင့်အရေးက ငါးဆယ် ငါးဆယ်တဲ့လား၊ မင်း ဇာတ်ညွှန်းတွေ ဖတ်တာ တော်တော် များနေပြီထင်တယ်..."

"ငါ မင်းကို ပြောလိုက်မယ် အဲ့လိုမျိုး အလုပ်ဖြစ်သွားတာက ဒီတစ်ကြိမ်တည်းပဲ ရှိသေးတယ်၊ တစ်ခုခုသာ မှားယွင်းသွားခဲ့ရင် ငါ မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်..."

ဝမ်ထျဲ့ကျွင်း၏ တံတွေးများက ချူးရှန့်၏ မျက်နှာပေါ်သို့ ကျလုနီးပါး ဖြစ်သွား၏။

သူ၏ သွေးပေါင်ချိန်စက်ပေါ်ရှိ အပ်က ဒိုင်ခွက်ပေါ်မှ ပြုတ်ထွက်သွားပြီး မျက်နှာကျက်ဆီသို့ ရူးသွပ်စွာ ယိမ်းယိုင်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

ကပ္ပတိန်၏ ဒေါသနှင့် ရင်ဆိုင်လိုက်ရသောအခါ နောက်ဆုံးတွင် ချူးရှန့်က သူ၏ လက်ထဲရှိ စေးကပ်နေသော သကြားလုံး အစွန်းအထင်းများမှ ခေါင်းမော့လာခဲ့၏။

သူက မျက်တောင်ခတ်လိုက်ပြီး လုံးဝ အပြစ်ကင်းစင်ပုံပေါ်နေကာ အနည်းငယ်ပင် နာကြည်းနေသကဲ့သို့ ရှိသည်။

သူက ဝမ်ထျဲ့ကျွင်းကို ကြည့်လိုက်ပြီး အလွန် ရိုးသားသော လေသံဖြင့် အလေးအနက် ရှင်းပြလိုက်၏။

"သတင်းပို့ပါတယ် ကပ္ပတိန်..."

"ကျွန်တော်က တကယ်ပဲ အထဲဝင်ပြီး ရေတစ်ပုံး သွားပို့ချင်ရုံ သက်သက်ပါ..."

"ပြီးတော့ သူတို့ကို တိတ်တိတ်နေဖို့ သွားပြောမလို့ပါ..."

"သူတို့က အရမ်းဆူညံနေလို့ပါ..."

ဝမ်ထျဲ့ကျွင်းမှာ အသက်ရှူရခက်သွားပြီး ထိုနေရာတွင်ပင် သေလုနီးပါး ဖြစ်သွားရသည်။

*ပုံးတွေနဲ့ ရေသွားပို့တယ်တဲ့လား…*

*သူတို့ကို တိတ်တိတ်နေဖို့ ပြောတယ်တဲ့လား…*

"ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ" ဟု ပြောနေပုံရသော ချူးရှန့်၏ မျက်နှာကို ကြည့်ရင်း သူက ဝါဂွမ်းကို ထိုးကြိတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ၎င်းက ဆီစိမ်ထားသော ဝါဂွမ်းမျိုးဖြစ်ပြီး သူ့ကို စိတ်ပျက်အားငယ်မှုများနှင့် ခွန်အားမဲ့မှုများကိုသာ ကျန်ရစ်စေခဲ့သည်။

သူ တစ်ခုခု ထပ်ပြောချင်နေမိသော်လည်း ရိုးရှင်းပြီး အလှဆင်ထားခြင်းမရှိသော ဤရှင်းပြချက်ရှေ့တွင် သူ၏ ဝေါဟာရများအားလုံးက မှေးမှိန်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

ထိုစဉ်မှာပင်။

"အရာရှိမင်း... အထဲက အခြေအနေ ဘယ်လိုရှိလဲ..."

"ကျွန်တော်တို့က ကျန်းချန် ရုပ်သံလိုင်းက သတင်းထောက်တွေပါ..."

"ရေသယ်ပို့သမားတစ်ယောက်က ဓားပြကို နှိမ်နင်းလိုက်တယ်လို့ ကြားတယ်၊ ဟုတ်ပါသလား..."

"ဝုန်း..."

ပြိုကျလုနီးပါး ဖြစ်နေပြီဖြစ်သော စာသင်ခန်း တံခါးမှာ အပြင်ဘက်မှ ကြီးမားသော ခွန်အားတစ်ခုဖြင့် တွန်းဖွင့်ခြင်း ခံလိုက်ရ၏။

အပြင်ဘက်တွင် တားဆီးခံထားရသော မီဒီယာသတင်းထောက်များက သွေးနံ့ရသွားသော ငါးမန်းများကဲ့သို့ တစ်နေရာရာမှနေ၍ ပိတ်ဆို့ထားမှုများကို ဖောက်ထွက်လာခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ကင်မရာမီးရောင်များ လင်းလက်သွားပြီး စာသင်ခန်းတစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားတော့၏။

ရှည်လျားသော မိုက်ခရိုဖုန်းများနှင့် ကင်မရာများ အားလုံးက စာသင်ခန်းထဲရှိ ထင်ရှားဆုံးသော ပစ်မှတ်ဆီသို့ ချိန်ရွယ်ထားကြသည်။

၎င်းမှာ ညစ်ညမ်းမှုနှိမ်နင်းရေးတပ်ဖွဲ့၏ ကပ္ပတိန်မှ လည်ပင်းကို ဖက်ကာ "ရင်းရင်းနှီးနှီး" စကားပြောခြင်း ခံနေရသည့် ရေသယ်ပို့သမားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားပင် ဖြစ်၏။

စူးရှလှသော အလင်းရောင်ကို ကာကွယ်ရန် ချူးရှန့်က မသိစိတ်မှ မျက်လုံးများကို မှေးစင်းလိုက်သည်။

မရေမတွက်နိုင်သော ကင်မရာမီးရောင်များကြားတွင် သက်သောင့်သက်သာမရှိမှုကြောင့် ရှုံ့မဲ့နေသော သူ၏ ရက်စက်သည့် မျက်နှာက ထင်ရှားစွာ ဖမ်းယူခြင်း ခံလိုက်ရ၏။

ထိုအမူအရာက သူရဲကောင်းတစ်ယောက်နှင့် မတူညီခဲ့ချေ။

၎င်းက အမဲလိုက်ခြင်း ခံလိုက်ရပြီး ဒေါသတကြီး ပေါက်ကွဲထွက်တော့မည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်နှင့် ပိုတူနေခဲ့လေသည်။

All Chapters