← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂)

မကောင်းသော နိမိတ်

လုံယု ခေါင်မိုးထပ်သို့ ရောက်ရှိလာသောအခါ တံခါးဝ၌ ရပ်၍ ဆီးနှင်းများကို ကြည့်ကာ မျက်မှောင် ကြုတ်နေသော ယောင်ရန်ကို တွေ့လိုက်ရလေ၏။ သူသည် သူမအနားသို့လျှောက်သွားလိုက်ပြီး ခေါင်းငုံ့ ကာ မေးလိုက်လေသည်။

"ယောင်ရန်...၊ ဘာဖြစ်လို့လဲ...။"

ယောင်ရန်သည် သူ၏မေးခွန်းကို ကြားမှ သတိပြန်ဝင်လာခဲ့ပြီး သူ့ကိုကြည့်ကာ ပြောလိုက်လေသည်။

"နှစ်ရက်တောင် မပြည့်သေးဘူး၊ ဆီးနှင်းတွေက ဒီလောက်တောင် စုပုံနေပြီ။ ဆီးနှင်းမုန်တိုင်းသာ တိုက်ခတ်လာရင် ဒီအဆောက်အအုံကြီး နှင်းအောက်မှာ နစ်မြုပ်သွားမှာကို ကျွန်မ စိုးရိမ်မိတယ်...။"

သူမ၏ စကားကို ကြားပြီးနောက် လုံယု၏ မျက်နှာမှာ တည်ကြည်လေးနက်သွားလေသည်။ သူသည် ခေါင်မိုးထပ် အစွန်းမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ရာ ခေါင်မိုးထပ်မှ မြေပြင်အထိ အကွာအဝေးမှာ ဆယ့်ခြောက်မီတာခန့်သာ ရှိသည်ကို တွေ့ရှိလိုက်ရ၏။

အကယ်၍ ဆီးနှင်းမုန်တိုင်းသာ တိုက်ခတ်လာပါက သူတို့ ရှင်သန်နိုင်မည်လားဆိုသည်မှာ ပြောရန် ခက်ခဲလှပေသည်။ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ရာသီဥတုမှာ အလွန်ပင် ခန့်မှန်းရခက်ခဲ လှပြီး၊ ဆီးနှင်းမုန်တိုင်း တိုက်ခတ်လာပါကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့စဉ်ကကဲ့သို့ပင် အချိန်ကြာ မြင့်စွာ တိုက်ခတ်မည် မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ပေ။

ရှီရွှမ်းသည် မြေပြင်ပေါ်ရှိ ဆီးနှင်းများကို ကြည့်ကာ စိုးရိမ်နေကြသော လုံယုနှင့် ယောင်ရန်တို့ကို မြင်သောအခါ သူတို့အနားသို့ ချဉ်းကပ်လာပြီး မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ...၊"

ယောင်ရန်က သူမ၏ စိုးရိမ်ပူပန်မှုများကို ပြောပြရာ ရှီရွှမ်းသည်လည်း နားထောင်ပြီးနောက် မျက်မှောင် ကြုတ်သွားခဲ့လေသည်။

ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်လေသည်။

"လူဟုန်က ရပ်ကွက်ထဲမှာ ကင်းလှည့်နေပြီး တခြား အဆောက်အအုံ မန်နေဂျာတွေနဲ့ ပူးပေါင်းနေ တယ်လို့ ချွမ်ယွမ်ဝေ့ ပြောခဲ့တယ် မဟုတ်လား...။"

ယောင်ရန်က ခေါင်းငုံ့ပြလိုက်ရာ ရှီရွှမ်းက ဆက်ပြောလေသည်။

"သူက ရပ်ကွက်အတွက် အလုပ်အကျွေးပြုရတာကို နှစ်သက်နေမှတော့...၊ ဒီပြဿနာကို ဖြေရှင်းဖို့ သူ့ကိုပဲ လွှတ်ထားလိုက်ကြတာပေါ့...။"

လုံယုက မျက်ခုံးပင့်လိုက်ပြီး မေးလိုက်၏။

"မင်းမှာ သူ့ကို ဒီပြဿနာ ဖြေရှင်းပေးချင်စိတ် ပေါက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိလို့လား...။"

ရှီရွှမ်းက ပြုံးလျက်၊

"ခေါင်းဆောင်...၊ ဒီကိစ္စကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ။ လူဟုန်က မလုပ်ချင်ဘူးဆိုရင်တောင် နောက်ဆုံးမှာ သူ လုပ်ရမှာပဲ...။"

သူ၏ မျက်ဝန်းထဲရှိ ကောက်ကျစ်သော အပြုံးကို မြင်သောအခါ ရှီရွှမ်းတွင် အကြံအစည်တစ်ခု ရှိနေပြီး ထိုအကြံအစည်မှာ လူဟုန်ကို ဒုက္ခရောက်စေလိမ့်မည် ဖြစ်ကြောင်း လုံယု သိလိုက်လေသည်။

ရှီရွှမ်းက ထိုကိစ္စကို သူ ကိုင်တွယ်မည်ဟု ပြောထားသဖြင့် ယောင်ရန်နှင့် လုံယုတို့သည် သူတို့၏ စိုးရိမ် ပူပန်မှုများကို ဘေးဖယ်ထားကာ အခြားသူများနှင့်အတူ ဆီးနှင်းများ စုဆောင်းရန် သွားခဲ့ကြတော့သည်။

မိနစ်သုံးဆယ် ကြာပြီးနောက်တွင်မူ သူတို့သည် ဆီးနှင်းများကို စုဆောင်းပြီးစီးခဲ့ပြီး မြေပြင်ပေါ်၌ ပါးလွှာသော နှင်းလွှာတစ်ခုသာ ကျန်ရှိတော့၏။

အဆိပ်ရှိသော ပိုးဖလံကပ်ဘေး ဖြစ်ပွားပြီးနောက် မြေပြင်တွင် ဘက်တီးရီးယားများနှင့် အဆိပ် အတောက်များ ဖုံးလွှမ်းနေသဖြင့် ယောင်ရန်က ခဏမျှ စဉ်းစားပြီး ပြောလိုက်လေသည်။

"နှင်းအသစ်တွေက မြေပြင်က ဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေနဲ့ မရောနှောသွားအောင် မြေပြင်ပေါ်မှာ တစ်ခုခု ခင်းထားသင့်တယ်...။"

ထိုစကားကို ကြားသောအခါ ကျားရှန်းက ပြောလေသည်။

"အရင်က ကုန်တိုက်မှာ ငါတို့တွေ့ခဲ့တဲ့ သံပြားအချို့ ရှိသေးတယ်။ ခေါင်မိုးထပ် တစ်ခုလုံးကို ဖုံးအုပ်ဖို့ ပမာဏက လုံလောက်ပါတယ်...။"

ဟွမ်ချန်က ခေါင်းငုံ့ပြကာ၊

"ဒါဆိုရင် အဲဒီ သံပြားတွေကို သွားယူလိုက်မယ်...။"

အစပိုင်းတွင် သူတို့သည် ထိုသံပြားများကို သူတို့၏ တိုက်ခန်းနံရံများ ခိုင်ခံ့စေရန် သယ်ဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း၊ လှေကားထစ်များတွင် သံတံခါးများ တပ်ဆင်ပြီးနောက် ထိုအစီအစဉ်ကို ဖျက်သိမ်း ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ ထိုသံပြားများကို ဆီးနှင်းများ စုဆောင်းရန်အတွက် အသုံးပြုရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ကံကောင်းထောက်မစွာဖြင့် အစောပိုင်းက သယ်ယူရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း သူတို့ လက်မလျှော့ခဲ့ကြပေ။ သို့မဟုတ်ပါက ဆီးနှင်းများ စုဆောင်းရန်အတွက် ခေါင်မိုးပေါ်တွင် ခင်းရန် အခြားအရာတစ်ခုကို ရှာဖွေနေရပေလိမ့်မည်။

ခေါင်မိုးထပ်တွင် သံပြားများ ခင်းကျင်းပြီးနောက် လူတိုင်းသည် နှင်းများကို အရည်ဖျော်၍ ရေချိုးရန် အိမ်ပြန်ခဲ့ကြလေသည်။ ရေပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သဖြင့် လူတိုင်းမှာ ပျော်ရွှင်နေခဲ့ကြ လေသည်။

အိမ်သို့ ရောက်သောအခါ ယောင်ရန်သည် လျှပ်စစ်အပူပေးစက်ကို အမြန်ဖွင့်လိုက်လေသည်။ ကျောက် မီးသွေးကို ချွေတာရန်အတွက် သူမသည် နောက်ထပ် လျှပ်စစ်အပူပေးစက်တစ်ခုကို ထုတ်ယူကာ ဆိုလာဂျင်နရေတာနှင့် ချိတ်ဆက်၍ ဖွင့်လိုက်လေသည်။

ကျောက်မီးသွေးမီးဖိုကို အသုံးမပြုသဖြင့် အေးစက်သော လေပြင်းများ အထဲသို့ မဝင်နိုင်ရန် ပြတင်း ပေါက်ကို တင်းကျပ်စွာ ပိတ်ထားလိုက်လေ၏။ အပူပေးစက် နှစ်လုံးကို တစ်ပြိုင်နက် အသုံးပြုလိုက် သောအခါ အိပ်ခန်းအတွင်း အပူချိန်မှာ လျင်မြန်စွာ မြင့်တက်လာခဲ့လေသည်။ အိပ်ခန်းအတွင်း အပူချိန် မှာ အနုတ်ငါးဒီဂရီဆဲလ်စီးယပ်စ်ခန့် ရှိသော်လည်း အပြင်ဘက်နှင့် နှိုင်းယှဉ်ပါက အလွန်ပင် နွေးထွေး လှပေသည်။

ရေပြဿနာကို ဖြေရှင်းပြီးနောက် ယောင်ရန်နှင့် အခြားသူများသည် ရက်အနည်းငယ်ကြာသည်အထိ အပြင်မထွက်ဘဲ ဆီးနှင်းများကိုသာ ဆက်လက် စုဆောင်းနေခဲ့ကြလေသည်။

အပူချိန်မှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလာခဲ့ပေသည်။ တစ်ခါတစ်ရံတွင် တစ်နေ့လျှင် တစ်ဒီဂရီ ဆဲလ်စီးယပ်စ်အောက် လျော့နည်းသွားတတ်ပြီး၊ တစ်ခါတစ်ရံတွင် နှစ်ဒီဂရီဆဲလ်စီးယပ်စ်ထက် ပို၍ ကျဆင်းကာ၊ တစ်ခါတစ်ရံတွင်မူ တစ်နေ့လုံး အပူချိန် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေတတ်သည်။

သုံးရက်ကြာပြီးနောက်တွင် အပူချိန်မှာ အနုတ်နှစ်ဆယ့်ခြောက်ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းသွားခဲ့ လေသည်။ မကြာသေးမီက အောက်ထပ်နှင့် အပြင်ဘက်တွင် ဆူညံသံများစွာ ကြားနေခဲ့ရ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေများအရ အောက်ထပ်မှ ဆူညံသံများ သည် လူဟုန်နှင့် အခြားသူများက သူတစ်ပါးအိမ်သို့ အဓမ္မကျူးကျော်ဝင်ရောက်ခြင်းကြောင့် ဖြစ်သည် ဟု ယူဆရပေသည်။

ထိုရုန်းရင်းဆန်ခတ်မှုမှာ ရက်အတော်ကြာ ကြာမြင့်ခဲ့ပြီး ယနေ့တွင်မှ ပြန်လည်ငြိမ်သက်သွားခြင်း ဖြစ် ၏။ အောက်ထပ်မှ ဆူညံသံများအပြင် (၁၉) ထပ်မှလည်း သတင်းအချို့ ရောက်ရှိလာခဲ့သည်။

ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် နေ့စဉ် အိမ်၌ ပျင်းရိနေကြသဖြင့် အဖွားချွမ်နှင့် အဘိုးချွမ်တို့ထံသို့ မကြာခဏ သွားရောက် စကားပြောလေ့ရှိကြသည်။ ထူးခြားသော သတင်းများကို ကြားရသောအခါ သူတို့နှစ်ဦးသည် ယောင်ရန်ထံသို့ လာရောက်၍ သတင်းပေးကြလေသည်။

မနေ့ညက အခန်းအမှတ် (၁၉၀၃) တွင် နေထိုင်သော မိသားစုဝင်အားလုံး သေဆုံးနေသည်ကို စီမာယွမ် က တွေ့ရှိခဲ့ခြင်း ဖြစ်လေသည်။

ဟွမ်ကျိဟွေးက စုံစမ်းကြည့်ပြီးနောက်တွင်မူ ထိုအခန်း၌ နေထိုင်သော အမျိုးသမီးငယ်က ပြတင်း ပေါက်ကို တမင်ဖွင့်ထားခဲ့သဖြင့် လူတိုင်း အေးခဲသေဆုံးသွားခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။ ထိုသို့လုပ်ဆောင်ရသော အကြောင်းရင်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။

ထိုအိမ်မှ အမျိုးသားသည် သူ၏သမီးဖြစ်သူကို အစားအစာနှင့် လောင်စာအတွက် ရောင်းစားရန် ကြိုးပမ်းခဲ့သော်လည်း သမီးဖြစ်သူက သဘောမတူခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ဖခင်ဖြစ်သူ၏ နှိပ်စက်မှုနှင့် လွန်ခဲ့သော နှစ်ရက်က ဖခင်ဖြစ်သူ ခေါ်ဆောင်လာခဲ့သော အမျိုးသမီး၏ သွေးထိုးလှုံ့ဆော်မှုများအောက်တွင် သူမ၌ ရွေးချယ်စရာ မရှိတော့သဖြင့်၊ ထိုအမျိုးသမီးငယ်သည် သူမကိုယ်သူမနှင့် ဖခင်ဖြစ်သူ အပါအဝင် မိသားစုတစ်ခုလုံးကို သတ်ရန် အစွန်းရောက်သော ဆုံးဖြတ် ချက်ကို ချခဲ့ခြင်း ဖြစ်ပေသည်။

ယောင်ရန်သည် ထိုစကားကို ကြားသောအခါ ထိုအမျိုးသမီးငယ်မှာ မိုက်မဲလှသည်ဟု တွေးမိလေသည်။ သူမအနေဖြင့် သူမ၏ ဖခင်နှင့် ထိုအမျိုးသမီးကိုသာ သတ်ပစ်၍ တစ်ကိုယ်တည်း ရှင်သန်အောင် ကြိုးစားသင့်သည် မဟုတ်ပါလား။ လူတစ်ယောက် သေဆုံးသွားခြင်းသည် အရာအားလုံး၏ အဆုံး သတ်ပင် ဖြစ်တော့၏။

သူမကိုယ်သူမ သတ်သေရဲသည့် သတ္တိရှိမှတော့၊ ထိုအမျိုးသမီးငယ်အနေဖြင့် သူမ၏ လွတ်လပ်မှုကို ရှာဖွေရန် ထိုသတ္တိကို အသုံးပြုသင့်ပေသည်။

ယောင်ရန်သည် စိတ်ထဲ၌ ထိုသို့ တွေးတောနေသော်လည်း မည်သည့်စကားမျှ ထုတ်မပြောခဲ့ပေ။ သူမ သည် ချွမ်မိသားစုနှင့် စီမာမိသားစုတို့ထံမှ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ စုဆောင်းလာခဲ့သော အတင်း အဖျင်း သတင်းများကိုသာ နားထောင်နေလိုက်တော့သည်။

All Chapters