အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း (၁၄၅)
ရုတ်တရက် အပူချိန်ကျဆင်းခြင်း (၁)
ရှီရွှမ်း၏ စကားများကို နားထောင်ပြီးနောက် ဟွမ်ချန်သည် ဆိုဖာပေါ်သို့ အားပျက်စွာ ထိုင်ချလိုက်ပြီး သူ၏ ဆံပင်များကို စိတ်ပျက်လက်ပျက်ဖြင့် ဆွဲဖွလိုက်လေသည်။
သူက ညည်းတွားရင်း ပြောလိုက်လေ၏။
"ငါတို့ ဒီမှာနေရင်လည်း သေမှာပဲ၊ ထွက်သွားရင်လည်း ပိုမြန်မြန်သေမှာပဲ။ ငါတို့ ဘာလုပ်သင့်သလဲ...။"
လုံယုက သူ့အား ကြည့်ကာ ပြောလိုက်လေသည်။
"စိတ်အေးအေးထားစမ်း။ ကြောက်ရွံ့တာနဲ့ ထိတ်လန့်တာက အပိုပဲ။ အဲ့ဒီလူတွေမှာ သေနတ်တွေ ရှိနေရင်တောင် သူတို့က လူမိုက်တွေပဲလေ။ ငါတို့ရဲ့ စွမ်းရည်တွေနဲ့ လက်နက်တွေ ရှိနေတာကို မင်းက ကြောက်နေတုန်းပဲလား...။"
သူ၏ စကားများကို ကြားပြီးနောက် ဟွမ်ချန်သည် စိတ်အနည်းငယ် တည်ငြိမ်သွားကာ မေးလိုက်လေ သည်။
"ခေါင်းဆောင်...၊ ရှင့်မှာ ဘာအစီအစဉ်ရှိလို့လဲ...။"
လုံယုက သူ့အား တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်လေသည်။
"သူတို့ ရောက်လာတဲ့အခါ ငါတို့ အကုန်လုံးကို သတ်ပစ်မယ်...။"
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဧည့်ခန်းအတွင်း၌ တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့လေသည်။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် တန်ချီချီနှင့် ဟွမ်ကျိဟွေး တို့ပင်လျှင် သိသိသာသာ ခံစားလိုက်ရ၏။
မည်သူက သူ့ကို လာရောက် ရန်စသနည်းဟု လူတိုင်းက စဉ်းစားနေကြစဉ် လုံယုမှာမူ ထိုလူများ ရောက်ရှိလာမည့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေလေတော့သည်။
ဤရက်ပိုင်းအတွင်း လုံယုသည် ယောင်ရန်၏ မိမိအပေါ် တည်ငြိမ်အေးစက်သော အမူအရာများ ကြောင့် စိတ်မသက်မသာ ဖြစ်နေရပြီး သူ၏ စိတ်ခံစားချက်များကို ဖောက်ထုတ်ရန် အရေးတကြီး လိုအပ်နေခြင်းဖြစ်ပေသည်။ ယခု ထိုလူများက မိမိဘာသာ အသေခံရန် ရောက်ရှိလာခြင်းမှာ သူ၏ စိတ်ကို ဖြေဖျောက်ရန်အတွက် အကောင်းဆုံးပင် ဖြစ်လေသည်။
သဘောတူညီချက် ရရှိပြီး အစည်းအဝေး ပြီးဆုံးသွားသည့်အခါ ယောင်ရန်နှင့် လုံယုတို့သည် အတူတူ ထွက်လာခဲ့ကြလေသည်။
သူတို့ ထွက်လာကြသည့် အချိန်မှာ စောသေးသဖြင့် လုံယုက သူမကို တစ်ချက် ကြည့်လိုက်လေသည်။ သူ၏ အခန်းတံခါးဝသို့ ရောက်သောအခါ သူက ရုတ်တရက် ပြောလိုက်လေသည်။
"ယောင်ရန်...၊ ငါတို့အရင်က လုပ်ထားတဲ့ ဖက်ထုပ်တွေ အကုန်ကုန်သွားပြီ။ ဒီနေ့ ဖက်ထုပ်တွေ ထပ် လုပ်ဖို့ ငါ့ကို ကူညီပေးနိုင်မလား...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ငြင်းပယ်ရန် ကြံရွယ်လိုက် သော်လည်း သူ၏ နက်မှောင်သော မျက်ဝန်းများထဲရှိ မျှော်လင့်ချက်များကို မြင်လိုက်ရသောအခါ စိတ်ပျော့သွားခဲ့လေသည်။
သူမ မစဉ်းစားမိခင်မှာပင် ပါးစပ်မှ အလိုအလျောက် ပြောထွက်သွားခဲ့ပြီးဖြစ်လေ၏။
"ကောင်းပါပြီ...၊ ကျွန်မ ပြန်ပြီး ပါဝင်ပစ္စည်းတွေ သွားယူလိုက်ဦးမယ်။ တံခါးကိုတော့ ဖွင့်ထားပေး နော်...။"
သူမ သဘောတူလိုက်သည်ကို မြင်သောအခါ လုံယု၏ မျက်ဝန်းများမှာ ဝင်းလက်သွားလေတော့သည်။ ယောင်ရန် ခြေလှမ်းမလှမ်းမီမှာပင် သူက လျင်မြန်စွာ ပြောလိုက်လေသည်။
"ပါဝင်ပစ္စည်းတွေ သွားယူဖို့ မလိုပါဘူး…။ ငါ့ဆီမှာ ရှိတာတွေကိုပဲ သုံးလိုက်ပါ...။"
ယောင်ရန်က ငြင်းပယ်ရန် ပြင်လိုက်စဉ်မှာပင် လုံယုက သူမ၏ လက်ကို ဆွဲကိုင်ကာ အခန်းထဲသို့ အသာအယာ ဆွဲခေါ်သွားပြီး တံခါးပိတ်လိုက်လေသည်။
အိမ်ထဲသို့ ရောက်သောအခါ လုံယုသည် သူမ၏ လက်ကို လွှတ်လိုက်ပြီး ပြောလိုက်လေသည်။
"ခဏလောက် စောင့်ပေးပါဦး။ ငါ မီးဖိုချောင်ထဲကို အပူပေးစက် သွားရွှေ့လိုက်ဦးမယ်...။"
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီး လုံယုက အိပ်ခန်းထဲသို့ အလျင်အမြန်သွားကာ ကျောက်မီးသွေး မီးဖိုနှင့် အပူပေးစက်ကို သွားယူလေသည်။ သူ ပြန်ရောက်လာသောအခါ ကျောက်မီးသွေးများကို မီးညှိ၍ အပူပေးစက်ကို ဖွင့်လိုက်လေ၏။ ထို့နောက် လုံယုသည် အခြားအခန်းတစ်ခန်းသို့ သွားကာ ဟင်းချက်ရန် ပါဝင်ပစ္စည်းများကို သွားယူပြန်လေသည်။
သူသည် (၂၀) ကီလိုဂရမ် အလေးချိန်ရှိသော ဂျုံမှုန့်အိတ်ကို သယ်လာသည်ကို မြင်သောအခါ ယောင်ရန် သည် ခဏမျှ စဉ်းစားပြီး ပြောလိုက်လေသည်။
"ဖက်ထုပ်တွေအစား ကြက်သွန်မြိတ် မုန့်ပြားတွေ လုပ်ရင် ဘယ်လိုလဲ...၊ ဖက်ထုပ်တွေနဲ့ မတူတာက ကြက်သွန်မြိတ် မုန့်ပြားတွေက အေးသွားရင်လည်း စားလို့ရတယ်လေ...။"
လုံယုတွင် ကန့်ကွက်စရာ မရှိပေ။ သူသည် ယောင်ရန်ကို ဖက်ထုပ်လုပ်ရန် ကူညီခိုင်းခြင်းမှာ သူမနှင့် အတူရှိချိန် ပိုရရန်အတွက် အကြောင်းပြချက် ရှာနေခြင်းသာ ဖြစ်ပေသည်။
သူက ပြုံး၍ ပြောလိုက်လေသည်။
"ကောင်းပါပြီ...၊ ကြက်သွန်မြိတ် မုန့်ပြားတွေပဲ လုပ်ကြတာပေါ့...။"
လုံယုက ဂျုံမှုန့်များကို ထုတ်ပေးထားသဖြင့် ယောင်ရန်က ကြက်သွန်မြိတ်နှင့် အမွှေးအကြိုင်များကို ထုတ်ပေးမည် ဖြစ်သည်။ သူမက ပြောလိုက်လေ၏။
"ကျွန်မ ပြန်သွားပြီး ကြက်သွန်မြိတ်နဲ့ အမွှေးအကြိုင်တွေ သွားယူလိုက်ဦးမယ်။ ရှင်က စားပွဲကို အရင်ရှင်းထားလိုက်နော်...။"
လုံယုတွင် ကြက်သွန်မြိတ်နှင့် အမွှေးအကြိုင်များ မရှိသဖြင့် ခေါင်းငြိမ့်ပြကာ စားပွဲကို စတင်သန့်ရှင်း ရေး လုပ်တော့သည်။ ယောင်ရန် ပြန်ရောက်လာသည့် အခါတွင် စားပွဲမှာ သန့်ရှင်းနေပြီ ဖြစ်ပြီး မီးဖိုချောင်မှာလည်း ပိုမို နွေးထွေးနေပြီ ဖြစ်လေသည်။
၎င်းကို မြင်သောအခါ ယောင်ရန်က ပြောလိုက်လေသည်။
"စလိုက်ရအောင်...၊ ကျွန်မ ရှင့်ကို ဂျုံနယ်နည်း အရင်သင်ပေးမယ်။ ပြီးရင်တော့ ဆော့စ်စပ်ပြီး ကျောက်မီးသွေးမီးဖိုပေါ်မှာ မုန့်ပြားတွေကို ဖုတ်ကြတာပေါ့...။"
လုံယုက ခေါင်းငြိမ့်ပြလိုက်၏။
"ကောင်းပါပြီ...။"
ထိုသို့ဖြင့် သူတို့နှစ်ဦး စတင်လုပ်ဆောင်ခဲ့ကြလေသည်။ (၂၀) ကီလိုဂရမ်ရှိသော ဂျုံမှုန့်တစ်အိတ်လျှင် ကြက်သွန်မြိတ် မုန့်ပြား အခု (၈၀) ခန့် ထွက်ရှိပေသည်။ ဂျုံမှုန့် ကီလို (၁၀၀) ခန့်ကို အသုံးပြုပြီးနောက် သူတို့သည် ကြက်သွန်မြိတ် မုန့်ပြား အခု (၄၀၀) ခန့်ကို ပြုလုပ်နိုင်ခဲ့ကြပြီး ၎င်းမှာ အချိန်အတော်ကြာ သည်အထိ စားသုံးနိုင်ပေသည်။
ကြက်သွန်မြိတ် မုန့်ပြားများကို နယ်ပြီး ဖုတ်ရန် အသင့်ဖြစ်သောအခါ ယောင်ရန်သည် ဒယ်အိုးကို အပူပေးကာ ဆီမပါဘဲ ဂျုံနယ်သားများကို ထည့်၍ ဖုတ်လိုက်လေသည်။
အချိန်ကုန်သက်သာစေရန်အတွက် သူမသည် မုန့်ပြားကို အနည်းငယ် ထူထူလုပ်ထားပြီး ဒယ်အိုး အကြီးကို အသုံးပြုကာ တစ်ကြိမ်လျှင် မုန့်ပြား လေးခုကို တစ်ပြိုင်နက် ဖုတ်ခဲ့လေသည်။
ဖုတ်ရန် ကျန်ရှိနေသေးသော မုန့်ပြားများစွာ ရှိနေသည်ကို မြင်သောအခါ လုံယုသည် ကျောက်မီးသွေး မီးဖို နှစ်လုံးနှင့် ဒယ်အိုးများကို ထပ်မံ ယူဆောင်လာခဲ့လေသည်။ ယောင်ရန်က ဒယ်အိုးနှစ်လုံးကို အသုံးပြု၍ ဖုတ်နေစဉ် လုံယုကလည်း အခြားဒယ်အိုးတစ်လုံးဖြင့် သူမကို ကူညီပေးနေခဲ့လေသည်။ သူတို့နှစ်ဦးပေါင်း၍ လုပ်ဆောင်လိုက်သဖြင့် နှစ်နာရီအတွင်းမှာပင် မုန့်ပြားအားလုံးကို ဖုတ်၍ ပြီးစီး သွားခဲ့လေသည်။
နောက်ဆုံး မုန့်ပြားကို ဖုတ်ပြီးနောက် လုံယုသည် ယောင်ရန်ကို မီးဖိုချောင် သန့်ရှင်းရေး လုပ်ခွင့်မပေး ဘဲ ပြောလိုက်လေသည်။
"ဒါတွေကို ငါပဲ နောက်မှ ရှင်းလိုက်ပါမယ်...။"
ထိုသို့ ပြောပြီးနောက် သူသည် ကြက်သွန်မြိတ် မုန့်ပြားများကို နှစ်ပုံ ပုံလိုက်ပြီး တစ်ပုံကို ယောင်ရန် အား ပေးလိုက်လေသည်။
သူက ပလတ်စတစ်ဗူးကို သူမအား ကမ်းပေးရင်း ပြုံးလိုက်လေသည်။
"ကြက်သွန်မြိတ် မုန့်ပြား လုပ်နည်း သင်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒါက မင်းအတွက် ဝေစုပါ...။"
ယောင်ရန်သည် ပလတ်စတစ်ဗူးအတွင်းရှိ ရွှေအိုရောင်သန်းနေသော မုန့်ပြားများကို ကြည့်လိုက်ပြီး နောက် အခြားဗူးတစ်ခုအတွင်းရှိ တူးနေသော မုန့်ပြားများကို ကြည့်ကာ တိတ်ဆိတ်သွားလေသည်။
သူမ ခဏမျှ စဉ်းစားပြီးနောက် အခြားဗူးကို ယူလိုက်ကာ ပြောလိုက်လေ၏။
"ကျွန်မ ဒါကိုပဲ ယူမယ်...။"
လုံယုသည် အံ့သြသွားကာ လျင်မြန်စွာ ပြောလိုက်လေသည်။
"အဲ့ဒီ မုန့်ပြားတွေက တူးနေတာ၊ စားလို့မရဘူး...။"
ယောင်ရန်သည် ထိုပလတ်စတစ်ဗူးကို ပိုက်ကာ သူ၏ လက်လှမ်းမှုကို ရှောင်တိမ်းလိုက်ပြီး ပြုံး၍ ပြောလိုက်လေသည်။
"ကျွန်မ ဒါကိုပဲ ယူချင်တယ်...။"
ထိုသို့ ပြောပြီးနောက် သူမသည် ဗူးကို ကိုင်ကာ ပြုံးလျက် ထွက်ခွာသွားလေတော့သည်။ သူမ၏ ကျောပြင်ကို ကြည့်ရင်း လုံယုမှာ ဆွံ့အသွားရ၏။ ထိုဗူးထဲရှိ မုန့်ပြားအားလုံးကို သူကိုယ်တိုင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ စား၍မရမှန်း သူ သိထားပေသည်။
သူသည် ပိတ်သွားသော တံခါးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိပြီး သက်ပြင်းချကာ တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်လေသည်။
"မင်း ဒီလိုလုပ်တာက ဘာသဘောလဲ...။"
သူမ၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် ပလတ်စတစ်ဗူးကို ကိုင်၍ သူမ၏ နေရာလွတ် အတွင်းသို့ ဝင်ရောက်လိုက်၏။ သူမသည် တူးနေသော ကြက်သွန်မြိတ် မုန့်ပြားများကို ခဏမျှ ကြည့်လိုက်ပြီးနောက် ထိုဗူးကို စင်ပေါ်ရှိ ထမင်းဗူး နှစ်ဗူး ဘေးတွင် တင်ထားလိုက်လေသည်။
ထိုဗူး သုံးဗူးကို ကြည့်ရင်း သူမသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် ဗီလာအသေးစားလေး အတွင်း၌ ရေချိုးရန် ထွက်လာခဲ့လေတော့သည်။