← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း (၁၄၆)

အပူချိန် ရုတ်တရက် ကျဆင်းခြင်း (၂)

နောက်တစ်နေ့ နံနက်စောစောတွင် အပူချိန်မှာ တစ်ညအတွင်း အနုတ် (၄၀) ဒီဂရီဆဲလ်စီးယပ်စ်အထိ သိသိသာသာ ကျဆင်းသွားခဲ့လေသည်။ ရှင်သန်ကျန်ရစ်သူများမှာ ထိုကဲ့သို့ ရုတ်တရက် ကျဆင်းသွား သော အပူချိန်နှင့် အသားမကျနိုင်သေးမီမှာပင် နောက်တစ်နေ့၌ အနုတ် (၄၅) ဒီဂရီဆဲလ်စီးယပ်စ်သို့ ထပ်မံ ကျဆင်းသွားခဲ့ပြန်လေသည်။

အပူချိန် စတင်ကျဆင်းသည့် တတိယမြောက်နေ့တွင်မူ အနုတ် (၆၀) ဒီဂရီဆဲလ်စီးယပ်စ်သို့ ရောက်ရှိ သွားခဲ့ရာ နိုင်ငံ၏ သမိုင်းတစ်လျှောက် အအေးဆုံး ဆောင်းရာသီအဖြစ် စံချိန်တင်သွားတော့သည်။

လင်းယွမ်တိုက်ခန်းဝင်းအတွင်း သေဆုံးသူဦးရေမှာ အလွန်ပင် များပြားလှသဖြင့် နေထိုင်သူများ၏ (၃၀) ရာခိုင်နှုန်းခန့်သာ အသက်ရှင်ကျန်ရစ်တော့လေသည်။ တစ်ဝင်းလုံးတွင်လည်း သေမင်း၏ အငွေ့အ သက်များ ဖုံးလွှမ်းနေလျှက်ရှိလေသည်။

ယနေ့နံနက် ယောင်ရန် နိုးလာသည့်အခါ တစ်ကိုယ်လုံး တုန်ရီနေသည်အထိ အေးစက်နေသည်ကို ခံစားလိုက်ရလေသည်။

သူမသည် နေရာလွတ်ထဲမှ လျှပ်စစ်အပူပေးစက် နှစ်လုံးကို အမြန်ထုတ်၍ ထပ်မံဖွင့်လိုက်လေသည်။ အပူပေးစက် လေးလုံး တစ်ပြိုင်နက် အလုပ်လုပ်နေသော်လည်း သူမ၏ အိပ်ခန်းအတွင်း အပူချိန်မှာ အနုတ် (၃၂) ဒီဂရီဆဲလ်စီးယပ်စ်သို့သာ ရောက်ရှိနိုင်ပေသည်။

အပူချိန် ရုတ်တရက် ကျဆင်းသည့် ပထမဆုံးနေ့ကတည်းက ယောင်ရန်သည် နေရာလွတ်အတွင်း၌သာ အစားအစာ သုံးဆောင်ခဲ့သော်လည်း၊ သူမအနေဖြင့် နေရာလွတ်ထဲ၌သာ ထာဝရ ပုန်းအောင်းမနေ နိုင်ဘဲ ဤအလွန်အမင်း အေးစက်သော ရာသီဥတုနှင့် အသားကျရန် လိုအပ်သည်ကို သိရှိထား၏။ ထို့ကြောင့် သူမသည် နေရာလွတ်ထဲသို့ ရေချိုးရန်နှင့် အစားစားရန်အတွက်သာ ခဏတာ ဝင်ရောက် လေ့ရှိပေသည်။

နေရာလွတ်ထဲမှ ထွက်လာပြီးနောက် ယောင်ရန်သည် လိုက်ကာများကို ဖွင့်ကြည့်လိုက်ရာ နှင်းထူထပ် စွာ ကျဆင်းနေခြင်းမှာ အတန်ငယ် လျော့ပါးသွားသည်ကို တွေ့ရလေသည်။

မြင်နိုင်သမျှ နေရာတိုင်းတွင် နှင်းများဖြင့်သာ ဖုံးလွှမ်းနေခဲ့လေသည်။

အလွန်အမင်း အေးစက်သော ဒုတိယမြောက်နေ့မှ စတင်ကာ နှင်းများ သည်းထန်စွာ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ကိုးရက်မြောက်နေ့သို့ ရောက်သောအခါ အပြင်ဘက်ရှိ နှင်းထုမှာ (၁၇) ထပ်၏ မျက်နှာ ကျက်အမြင့်အထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုအထပ်၌ နေထိုင်သူများမှာ အပေါ်ထပ်သို့ ပြောင်းရွှေ့ခြင်း မရှိခဲ့ကြပေ။

နွေးထွေးမှုရရှိရန်အတွက် သူတို့သည် တိုက်ခန်းတစ်ခန်းအတွင်း၌ ထင်းနှင့် ကျောက်မီးသွေးများကို မီးရှို့၍ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြရပြီး ရိက္ခာချွေတာရန်အတွက် နှစ်ရက်လျှင် တစ်ကြိမ်သာ အစားစားကြလေသည်။

ယောင်ရန်သည် လိုက်ကာများကို ပြန်ပိတ်လိုက်ပြီး နေရာလွတ်ထဲမှ အာတိတ်ဒေသသုံး အအေး ဒဏ်ခံဝတ်စုံနှင့် အသုံးအဆောင် ခြောက်စုံကို ထုတ်ယူလိုက်၏။ ဤကဲ့သို့ ကာကွယ်ပေးနိုင်သော ဝတ်စုံမျိုး မရှိပါက လူသားတို့၏ ခန္ဓာကိုယ်မှာ အေးစက်သော လေထုအတွင်း မိနစ်ပိုင်းအတွင်း အေးခဲကာ နှင်းကိုက်နာများ ဖြစ်ပေါ်နိုင်ပေသည်။

သူမသည် ဝတ်စုံများ ထည့်ထားသော ပလတ်စတစ်အိတ်ကြီးကို မရင်း တစ်ကိုယ်လုံးကို လုံခြုံအောင် ဝတ်ဆင်ကာ လုံယုတို့ထံသို့ ထွက်လာခဲ့လေသည်။

အိပ်ခန်းထဲမှ ထွက်လာသည်နှင့် ယောင်ရန်သည် သူဌေးကြီး၏ လျှို့ဝှက်အခန်းမှ ရရှိခဲ့သော အပူထိန်း အစဖြင့် ကိုယ်တိုင်ပြုလုပ်ထားသည့် နှာခေါင်းစည်းကို အမြန်ဆွဲတင်၍ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ် လိုက်လေသည်။

သူမသည် အအေးဒဏ်ကို အသားကျအောင် အသက်ကို ခပ်မှန်မှန် ရှူသွင်းလိုက်ပြီးမှ အခန်းပြင်သို့ ထွက်လာခဲ့လေသည်။ သူမ အပြင်သို့ ရောက်သောအခါ လှေကားထစ်များနှင့် စင်္ကြံလမ်းများပေါ်ရှိ ရေခဲများကို ဖယ်ရှားနေသော လုံယုနှင့် ဟွမ်ချန်တို့ကို တွေ့လိုက်ရလေသည်။

လုံယုသည် သူမ ထွက်လာသည်ကို မြင်သောအခါ အနားသို့ အမြန်ချဉ်းကပ်လာပြီး မေးလိုက်၏။

"ဘာလို့ အပြင်ထွက်လာတာလဲ...။"

ယောင်ရန်သည် ပလတ်စတစ်အိတ်ကြီးကို ဆွဲလာရင်း ပြောလိုက်လေသည်။

"မနေ့ညက အပူချိန်က အနုတ် (၆၀) အထိ ထပ်ကျသွားတယ်လေ။ ကျွန်မဆီမှာ အာတိတ်ဒေသသွားဖို့ ဝယ်ထားတဲ့ အအေးဒဏ်ခံ ဝတ်စုံတွေ ရှိနေသေးတာနဲ့ အသုံးတည့်မယ် ထင်လို့ ယူလာတာ...။"

နှာခေါင်းစည်းက သူမ၏ အသံကို အနည်းငယ် အုပ်သွားစေသော်လည်း ဟွမ်ချန်မှာမူ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။ သူသည် ယောင်ရန်အနားသို့ ခပ်သွက်သွက် လျှောက်လာပြီး ပလတ်စတစ် အိတ်ကြီးကို တုန်တုန်ယင်ယင်ဖြင့် လှမ်းယူကာ ပြောလိုက်လေသည်။

"ကျေးဇူးပါပဲ ယောင်ရန်...။"

သူသည် လုံယုကိုပင် မစောင့်တော့ဘဲ အိတ်ကိုယူကာ အခန်းအမှတ် (၂၀၀၁) အတွင်းသို့ အမြန်ဝင်သွား ပြီး အခြားသူများကို ဝတ်စုံများ ဝေပေးလေတော့သည်။

ယောင်ရန် ပေးလိုက်သည်မှာ အဝတ်အစားများသာမက နှင်းတောစီးဖိနပ်၊ လက်အိတ်၊ ဦးထုပ်၊ မျက်မှန်၊ နှာခေါင်းစည်းနှင့် လည်စည်းများလည်း ပါဝင်၏။ အရေပြားကို အအေးဒဏ်နှင့် မထိတွေ့ အောင် ဖုံးအုပ်ထားနိုင်သရွေ့ ဤအသုံးအဆောင်များဖြင့် အပြင်ဘက်တွင် နာရီပေါင်းများစွာ သွားလာ နိုင်ပေသည်။

ဟွမ်ချန်သည် ဝတ်စုံလဲပြီးနောက် ပြန်ထွက်လာကာ လုံယုကို ပြောလိုက်လေသည်။

"ခေါင်းဆောင်...၊ ဒီဝတ်စုံကို အမြန်လဲလိုက်ပါဦး၊ တကယ့်ကို နွေးတာပဲ...။"

ယောင်ရန်က လုံယုကို ကြည့်ကာ အသာအယာ တွန်းလိုက်ရင်း ပြောလေသည်။

"သွားပြီး ဝတ်စုံလဲလိုက်လေ၊ ကျွန်မ ချွမ်မိသားစုနဲ့ စီမာမိသားစုအတွက် အဝတ်အစား သွားပေးဦး မယ်...။"

လုံယုသည်လည်း အလွန်အမင်း အေးစက်နေသဖြင့် ထပ်မံ၍ ငြင်းဆန်မနေတော့ပေ။ သူ မထွက်သွားမီ ပြောလိုက်လေသည်။

"ငါ့ကို ခဏစောင့်ဦး၊ ဝတ်စုံလဲပြီးရင် မင်းနဲ့အတူ လိုက်ခဲ့မယ်...။"

ယောင်ရန်က ခေါင်းငြိမ့်ပြပြီး သူမ၏ အခန်းထဲသို့ ခဏပြန်ဝင်ကာ ချွမ်မိသားစုနှင့် စီမာမိသားစုအတွက် အဝတ်အစားများကို ထုတ်ယူလိုက်လေသည်။

အိတ်ကြီး နှစ်အိတ်ထဲသို့ အဝတ်အစားများ ထည့်ပြီးနောက် ယောင်ရန်သည် အပြင်သို့ ပြန်ထွက်လာခဲ့ လေသည်။ သူမ နှစ်မိနစ်ခန့် စောင့်လိုက်ရပြီးနောက် လုံယုသည် အခန်းအမှတ် (၂၀၀၁) မှ ထွက်လာခဲ့ လေသည်။

လုံယုသည် သူမလက်ထဲမှ လေးလံသော အိတ်ကြီးနှစ်အိတ်ကို လှမ်းယူလိုက်ရင်း ပြောလိုက်၏။

"ကြမ်းပြင်မှာ ရေခဲတွေ ဖုံးနေလို့ အရမ်းချောတယ်၊ လမ်းလျှောက်ရင် သတိထားနော်...။"

ယောင်ရန်က ခေါင်းငြိမ့်ပြကာ လှေကားမှ ဖြည်းညင်းစွာ ဆင်းလာခဲ့လေသည်။ သူမသည် လှေကား လက်ရန်းပေါ်ရှိ ရေခဲများကို အားပြုကာ တစ်လှမ်းချင်း ဆင်းလာခဲ့လေ၏။

ယခင်က လူလေးယောက် ယှဉ်လျှောက်နိုင်သော ကျယ်ဝန်းသည့် လှေကားထစ်များမှာ ယခုအခါ ရေခဲများ ဖုံးလွှမ်းနေသဖြင့် လူနှစ်ယောက်သာ ဘေးချင်းယှဉ် လျှောက်နိုင်တော့သည်။

သူမ ခက်ခဲစွာ လျှောက်နေသည်ကို မြင်သောအခါ လုံယုက လှည့်ကြည့်ကာ ပြောလိုက်လေသည်။

"ငါ့ကို ကိုင်ထားလေ...။"

ယောင်ရန်သည် လှေကားလက်ရန်းကို ကိုင်ရန် ကြိုးစားသော်လည်း သူမ၏ လက်အိတ်မှာ ရေခဲများနှင့် ကပ်နေသဖြင့် အဆင်မပြေပေ။ ထို့ကြောင့် ခဏမျှ စဉ်းစားပြီးနောက် လုံယု၏ လက်မောင်းကို တင်း ကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

လုံယုသည် သူမ၏ ကိုယ်ဟန်ချက် ညီသွားသည်အထိ စောင့်ဆိုင်းပေးပြီးမှ၊ ယောင်ရန်ကို မျက်ခြေ မပြတ် ကြည့်ကာ ဖြည်းဖြည်းချင်း လမ်းပြခေါ်ဆောင်သွားခဲ့လေသည်။

လှေကားထစ်များမှာ ချောနေသဖြင့် သူမ ချော်လဲသွားပါက အန္တရာယ်ရှိနိုင်သောကြောင့် လုံယုသည် တစ်လမ်းလုံး အထူးပင် သတိထားနေခဲ့လေသည်။

(၁၉) ထပ်သို့ ရောက်သောအခါ သူတို့နှစ်ဦးသည် အခန်းအမှတ် (၁၉၀၂) သို့ ဦးတည်လိုက်ကြ၏။ (၁၉၀၃) တွင် နေထိုင်သော မိသားစုမှာ ကွယ်လွန်သွားပြီ ဖြစ်သဖြင့် ထိုအထပ်တွင် ချွမ်မိသားစုနှင့် စီမာမိသားစုသာ ကျန်ရှိတော့ခြင်း ဖြစ်ပေသည်။

သူတို့ ခဏမျှ စောင့်ဆိုင်းပြီးနောက် ချွမ်ယွမ်ဝေ့က တံခါးဖွင့်ပေးလေသည်။ သူသည် သူတို့နှစ်ဦးကို မြင်သောအခါ အံ့သြသွားပြီး ပြောလိုက်လေသည်။

"အထဲကို မြန်မြန်ဝင်ကြလေ၊ အပြင်မှာ အေးလွန်းတယ်...။"

လုံယုက အိတ်အငယ်ကို ကမ်းပေးရင်း ပြန်ပြောလိုက်လေသည်။

"မဝင်တော့ပါဘူး၊ ကျွန်တော်တို့ အအေးဒဏ်ခံ ဝတ်စုံတွေ လာပေးတာပါ...။"

All Chapters