အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇)
အပူချိန် ရုတ်တရက် ကျဆင်းခြင်း (၃)
ချွမ်ယွမ်ဝေ့သည် ပလတ်စတစ်အိတ်ကို ကြည့်ကာ မှင်သက်သွားခဲ့လေသည်။ သူ ကြောင်အသွားစဉ် မှာပင် လုံယုနှင့် ယောင်ရန်တို့သည် အခန်းအမှတ် (၁၉၀၁) ၏ တံခါးကို ခေါက်လိုက်ကြပြီ ဖြစ်သည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် စီမာယွမ်သည် တံခါးကို ဖွင့်ပေးလာ၏။ သူသည် ထူထဲသော ဆောင်း တွင်းဝတ်စုံ နှစ်ထပ်ကို ဝတ်ဆင်ထားသော်လည်း အအေးဒဏ်ကြောင့် တုန်ရီနေဆဲပင် ဖြစ်သည်။
သူသည် ချောင်းဆိုးရင်း အံ့သြစွာဖြင့် မေးလိုက်လေသည်။
"လုံကိုကို...၊ မယောင်ရန်...။ ဒီလောက် အေးစက်နေတဲ့ ရာသီဥတုမှာ ဘာလို့ ရောက်လာကြတာလဲ...။"
လုံယုသည် ပလတ်စတစ်အိတ်ကြီးကို ကမ်းပေးရင်း ချွမ်ယွမ်ဝေ့အား ပြောခဲ့သည့်အတိုင်းပင် ထပ်မံ ပြောလိုက်လေသည်။
"အအေးဒဏ်ခံ ဝတ်စုံအချို့ လာပေးတာပါ...။"
စကားပြောပြီးနောက် သူသည် ယောင်ရန်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။
"ပြန်ကြရအောင်...။"
ယောင်ရန်သည် စီမာယွမ် တောက်လျှောက် ချောင်းဆိုးနေသည်ကို မြင်သောအခါ ပြောလိုက်၏။
"ရှင် ဆေးစစ်ဖို့ လိုအပ်နေပြီ...။"
ထိုစကားကို ကြားသောအခါ စီမာယွမ်၏ မျက်ဝန်းများမှာ မှေးမှိန်သွားပြီး တိုးညင်းစွာ ပြောရှာသည်။
"မယောင်ရန်...၊ ကျွန်တော့်မှာ ခင်ဗျားကို ပေးစရာ ဘာမှမရှိပါဘူး...။"
စီမာယွမ်၏ စကားကို ကြားပြီးနောက် ယောင်ရန်သည် သူ့ကို ခဏမျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ ပြောလိုက်လေသည်။
"ရှင် အသက်ရှင်ချင်တယ်ဆိုရင် အအေးဒဏ်ခံ ဝတ်စုံ ဝတ်ပြီးတာနဲ့ ကျွန်မဆီ လာခဲ့ပါ...။"
ထိုစကားကို ချန်ထားရစ်ခဲ့ပြီးနောက် သူမနှင့် လုံယုတို့သည် (၂၀) ထပ်သို့ အတူတကွ ပြန်လာခဲ့ကြလေ သည်။
သူတို့ ပြန်ရောက်ပြီး မကြာမီမှာပင် စီမာယွမ်နှင့် ချွမ်ယွမ်ဝေ့တို့သည် (၂၀) ထပ်သို့ ရောက်ရှိလာခဲ့ ကြသည်။ တံခါးခေါက်သံ ကြားသောအခါ ယောင်ရန်နှင့် သူငယ်ချင်းများသည် စင်္ကြံလမ်းနှင့် လှေကားရှိ ရေခဲများကို ဖယ်ရှားနေကြခြင်း ဖြစ်၏။
သူတို့ ရောက်လာသည်ကို မြင်သောအခါ သူမသည် အလုပ်ကို ခဏရပ်၍ ပြောလိုက်လေသည်။
"ကျွန်မနောက်ကို လိုက်ခဲ့ကြပါဦး...။"
စီမာယွမ်နှင့် ချွမ်ယွမ်ဝေ့တို့သည် ခေါင်းငြိမ့်ပြကာ ယောင်ရန်၏ တိုက်ခန်းထဲသို့ လိုက်ပါသွားကြသည်။ ယောင်ရန်သည် တံခါးကို ဖွင့်ပေးရင်း ဖိတ်ခေါ်လိုက်လေသည်။
"အထဲကို ဝင်ခဲ့ကြပါ...။"
(၁၉) ထပ်မှ ပြန်ရောက်လာပြီးနောက် သူမသည် အားလပ်နေသော ဧည့်ခန်းတစ်ခန်းကို ဆေးကုသ ဆောင်အဖြစ် ပြောင်းလဲလိုက်ခြင်းပင် ဖြစ်သည်။
သူမသည် အိတ်ဆောင် အပူပေးစက်ကို ဖွင့်လိုက်ပြီးနောက် စီမာယွမ်ကို ခေါက်ကုတင်ပေါ်တွင် ထိုင်ရန် ညွှန်ကြားလိုက်လေ၏။ သူ ထိုင်လိုက်သည်နှင့် ယောင်ရန်သည် သူ၏ မျက်လုံး၊ လျှာ၊ အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းတို့ကို စတင်စစ်ဆေးတော့သည်။
စစ်ဆေးပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။
"ကံကောင်းတာက ရှင့်ရဲ့ ချောင်းဆိုးတာဟာ အအေးမိတာကြောင့် ဖြစ်တာပါ၊ အဆုတ်ကို ပိုးဝင်တာ မဟုတ်ပါဘူး။ ကျွန်မ ရှင့်ကို ပျားရည်တစ်ပုလင်းနဲ့ ချောင်းဆိုးပျောက်ဆေး ပေးလိုက်မယ်...။"
"အိမ်ပြန်ရောက်ရင် ရေနွေးတစ်ခွက်ထဲကို ပျားရည် တစ်ဇွန်းထည့်ပြီး ဖြည်းဖြည်းချင်း သောက်လိုက် ပါ။ ဒါက လည်ချောင်းကို သက်သာစေပြီး ချောင်းဆိုးတာကို ပျောက်ကင်းစေနိုင်တယ်...။"
ထိုစကားကို ကြားသောအခါ စီမာယွမ်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ပြောလေသည်။
"မယောင်ရန်...၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့...၊ ကျွန်တော့်မှာ ဆေးနဲ့ ပျားရည် အတွက် ပေးစရာ ငွေကြေး မရှိပါဘူး...။"
ယခုကဲ့သို့ အအေးမိရုံဖြင့် လူသေနိုင်သော အခြေအနေမျိုးတွင် ဆေးဝါးများသည် အစားအစာထက်ပင် ပိုမိုတန်ဖိုးရှိလှပေသည်။ ထို့အပြင် ယောင်ရန်က သူ့ကို ပျားရည်တစ်ပုလင်းပင် ပေးအပ်ခဲ့သေး၏။
အတိတ်ကာလတွင် ပျားရည်ကို နေရာတိုင်း၌ ရရှိနိုင်သော်လည်း ယခုအခါတွင်မူ ပျားရည်မှာ ဝေးစွ၊ ပျားတစ်ကောင်ကိုပင် မမြင်တွေ့နိုင်တော့ပေ။
စီမာယွမ်သည် ဤကမ္ဘာကြီး ပြန်လည်ကောင်းမွန်လာပြီး အရာအားလုံး ပုံမှန်အတိုင်း ဖြစ်လာရန်သာ မျှော်လင့်နေမိတော့သည်။ ဤသည်မှာ သူ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်နိုင်ကြောင်း သိရှိသော် လည်း၊ ထိုမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနိုင်မှသာ သူသည် ဤကမ္ဘာဆိုးကြီးထဲတွင် ဆက်လက်ရှင် သန်ရန် အင်အားရှိပေလိမ့်မည်။
ယောင်ရန်တွင်မူ အနာဂတ်အတွက် အစီအစဉ်များ ရှိထားပြီး သူမ၏ နေရာလွတ်ထဲ၌လည်း အထောက် အပံ့ပစ္စည်းများစွာ ရှိနေသဖြင့် လက်ကာပြကာ ပြောလိုက်လေသည်။
"ဒါတွေအတွက် စိတ်မပူပါနဲ့၊ ကျွန်မတို့က အဖွဲ့တစ်ခုတည်းသားတွေပဲလေ၊ တစ်ယောက်ကို တစ်ယောက် ကူညီရမှာပေါ့...။"
သူမ စကားဆုံးသောအခါ စီမာယွမ်၏ မျက်ဝန်းများမှာ နီမြန်းလာခဲ့သည်။ ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသာ မရှိပါက သူ၏ မိသားစုမှာ အေးခဲ၍သော်လည်းကောင်း၊ ငတ်မွတ်၍သော်လည်း ကောင်း သေဆုံးသွားကြလိမ့်မည်ကို သူ သိရှိထားပေ၏။
သူသည် မျက်လွှာချကာ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောရှာလေသည်။
စီမာယွမ် ကုတင်ပေါ်မှ ဆင်းပြီးနောက် ယောင်ရန်သည် ချွမ်ယွမ်ဝေ့ကို ကြည့်ကာ ပြောလိုက်၏။
"ချွမ်အစ်ကို...၊ ရှင့်အလှည့်ပဲ...။"
ချွမ်ယွမ်ဝေ့သည် သူငယ်ချင်းဖြစ်သူကဲ့သို့ ချောင်းမဆိုးသော်လည်း ကျန်းမာရေးကို ပေါ့ဆ၍ မရပေ။ သူ၏ အဘိုးနှင့် အဘွားမှာ သူ့ကို မှီခိုနေရသည် မဟုတ်ပါလား။ ထို့ကြောင့် ချွမ်ယွမ်ဝေ့သည် ကုတင် ပေါ်တွင် လိမ္မာစွာ ထိုင်၍ ယောင်ရန်၏ ဆေးစစ်မှုကို ခံယူခဲ့လေသည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် ယောင်ရန်က ခေါင်းငြိမ့်ကာ ပြောလိုက်၏။
"ရှင့်ခန္ဓာကိုယ်မှာ ထွေထွေထူးထူး မရှိပါဘူး။ ဒါပေမဲ့ အအေးမိချင်တဲ့ လက္ခဏာတွေတော့ တွေ့ရတယ်။ ခန္ဓာကိုယ်ကို နွေးထွေးစေမယ့် ဆေးတစ်ခွက် ဖော်ပေးမယ်၊ နှစ်ရက်ဆက်တိုက် တစ်နေ့ နှစ်ကြိမ် သောက်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်...။"
"ခန္ဓာကိုယ် အားရှိစေမယ့် ဆေးအချို့လည်း ပြင်ပေးမယ်၊ ပြန်ရင် ယူသွားလိုက်ကြပါ။ ဆေးကို ပြုတ် ပြီးတော့ ရှင့်မိသားစုဝင်တွေကို သုံးရက်လောက် တိုက်ပေးလိုက်ရင် အအေးမိတာကို ကာကွယ်နိုင်လိမ့် မယ်...။"
သူမ၏ လက်များနှင့် အခန်းကို ပိုးသတ်ပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။
"ဒီမှာ ခဏစောင့်နေကြဦး၊ ကျွန်မ ဆေးသွားယူလိုက်ဦးမယ်...။"
ထို့နောက် သူမသည် အိပ်ခန်းထဲသို့ ပြန်ဝင်ခဲ့၏။ သူမသည် ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့အတွက် ဆေး များကို အိတ်ထဲထည့်ပြီး နေရာလွတ်ထဲမှ ပျားရည်နှစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ကုသဆောင်သို့ ပြန်လာကာ ဆေးများနှင့် ပျားရည်များကို သူတို့ထံသို့ ကမ်းပေးလိုက်လေသည်။
သူတို့နှစ်ဦးသည် ကျေးဇူးတင်စကား ဆိုကာ ဆေးများကို ယူ၍ အိမ်သို့ ပြန်သွားကြ၏။ သူတို့ ထွက်သွားပြီးနောက် ယောင်ရန်သည် ခန္ဓာကိုယ် နွေးထွေးစေရန်နှင့် ကိုယ်ခံအား ကောင်းမွန်စေရန် အတွက် ဆေးဖက်ဝင် ကြက်စွပ်ပြုတ် တစ်အိုး ချက်ပြုတ်ကာ သူငယ်ချင်းများနှင့်အတူ ခွဲဝေသုံး ဆောင်ရန် ဆုံးဖြတ်လိုက်လေသည်။
နောက်ထပ် ငါးရက်တာ ကာလအတွင်း အပူချိန်မှာ အနုတ် (၈၈) ဒီဂရီဆဲလ်စီးယပ်စ်အထိ ထိုးဆင်းသွား ခဲ့လေသည်။ အလွန်အမင်း အေးစက်လှသဖြင့် မည်သူမျှ နွေးထွေးသော အိမ်ထဲမှ မထွက်ရဲကြပေ။
ယောင်ရန်သည် အိပ်ခန်းထဲ၌သာ နေထိုင်ပြီး နေ့စဉ် လေ့ကျင့်ခန်းများ ပြုလုပ်နေခဲ့သည်။ သူမ လေ့ကျင့်ခန်းလုပ်၍ ပင်ပန်းလာသည့်အခါတွင် စိတ်ဝိညာဉ် ကို နေရာလွတ်ထဲသို့ ပို့လွှတ်ကာ စိုက်ပျိုးရေးမြေနှင့် တိရစ္ဆာန်များကို ကြည့်ရှုစောင့်ရှောက်လေ့ရှိပေသည်။
နေရာလွတ်အတွင်း အလုပ်လုပ်နေစဉ်မှာပင် စိုက်ပျိုးရေးမြေ၊ ငါးကန်များနှင့် မြက်ခင်းပြင်များပေါ်ရှိ အချိန်စီးဆင်းမှုမှာ ပြင်ပကမ္ဘာထက် ပိုမိုမြန်ဆန်နေသည်ကို သူမ တွေ့ရှိခဲ့လေသည်။ သူမသည် စမ်းသပ်မှုအချို့ ပြုလုပ်ပြီးနောက် ဤနေရာများ၏ အချိန်စီးဆင်းမှုမှာ သူမ၏ စွမ်းအင်များ တိုးတက် လာသည်နှင့်အမျှ ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း နောက်ဆုံး၌ သိရှိသွားခဲ့လေသည်။
ဤအချက်ကို သိလိုက်ရသောအခါ ယောင်ရန်သည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး သူမ၏ မျက်ဝန်း များမှာ ပြတ်သားသော အရောင်အဝါများဖြင့် တောက်ပလာလေတော့သည်။
*ဒီလိုသာဆိုရင် နောင်တစ်ချိန်မှာ ငါ့စွမ်အင်တွေက ပိုမိုမြင့်မားလာတာနဲ့အမျှ စားနပ်ရိက္ခာတွေကို ပိုမိုထုတ်လုပ်နိုင်တော့မှာပဲ။ ငါ့ကိုယ်ပိုင် တပ်မတော်တစ်ခု တည်ထောင်မှာက အိပ်မက်သက်သက် မဟုတ်တော့ဘူး...။*
စိုက်ပျိုးရေးမြေ၊ ငါးကန်နှင့် မြက်ခင်းပြင်များရှိ အချိန်စီးဆင်းမှုမှာ သူမ၏ စွမ်းအားနှင့် တိုက်ရိုက် အချိုးကျကြောင်း သိရှိသွားပြီးနောက် သူမသည် ပိုမိုကြိုးစား၍ လေ့ကျင့်တော့သည်။
အပူချိန်မှာ အနုတ် (၈၈) ဒီဂရီဆဲလ်စီးယပ်စ်တွင် တစ်ပတ်ခန့် တည်ရှိနေပြီးနောက် ဖြည်းဖြည်းချင်း ပြန်လည် မြင့်တက်လာခဲ့လေသည်။ နောက်ထပ် ခုနစ်ရက်တာ ကာလအတွင်း အပူချိန်မှာ နေ့စဉ် မြင့်တက်လာခဲ့ပြီး အနုတ် (၅၅) ဒီဂရီဆဲလ်စီးယပ်စ်တွင် တည်ငြိမ်သွားလေတော့သည်။