အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈)
ထင်းရှာထွက်ခြင်း (၁)
ရာသီဥတုမှာ အလွန်အေးစက်နေဆဲ ဖြစ်သော်လည်း လူသားများသည် ထူထဲသော အပူထိန်းဝတ်စုံ များနှင့် အအေးဒဏ်ခံ အသုံးအဆောင်များကို ဝတ်ဆင်၍ အပြင်ဘက်တွင် အချိန်အတော်ကြာအောင် ရှင်သန်နိုင်ကြပြီ ဖြစ်သည်။
ဒီဇင်ဘာ (၂၉) ရက်၌ ယောင်ရန် နိုးလာသောအခါ သူမ၏ အိပ်ခန်းအတွင်း အပူချိန်မှာ အနုတ် (၁၅) ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာသည်ကို တွေ့ရှိလိုက်ရ၏။ အိပ်စက်နေစဉ်အတွင်း သူမသည် လျှပ်စစ်အပူပေးစက် လေးလုံးနှင့် လျှပ်စစ်စောင်တို့ကို အသုံးပြုထားသည့်အပြင် အပူထိန်းဝတ်စုံကို လည်း ဝတ်ဆင်ထားသဖြင့် အအေးဒဏ်မှာ အလွန်အမင်း ပြင်းထန်ခြင်း မရှိပေ။
သူမသည် နေရာလွတ်အတွင်းသို့ ဝင်ရောက်၍ ကိုယ်လက်သန့်စင်ကာ နံနက်စာ သုံးဆောင်ပြီးနောက် အိပ်ခန်းထဲသို့ ပြန်လည်ထွက်လာခဲ့လေသည်။ ထို့နောက် လျှပ်စစ်အပူပေးစက် နှစ်လုံးကို ပိတ်လိုက် ကာ သိုလှောင်ခန်းအတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်လေသည်။
အကယ်၍ သူမ၏ အိပ်ခန်းနှင့် အပြင်ဘက် အပူချိန် ကွာခြားချက်မှာ အလွန်ကြီးမားနေပါက သူမ၏ ခန္ဓာကိုယ်အနေဖြင့် ထိုကွာခြားမှုကို လိုက်လျောညီထွေဖြစ်အောင် ညှိယူရန် ခက်ခဲပေလိမ့်မည်။
ခန္ဓာကိုယ်က အပူချိန်နှင့် အသားကျသွားသည်အထိ စောင့်ဆိုင်းနေစဉ်အတွင်း ယောင်ရန်သည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ လိုက်ကာများကို ဖွင့်ကြည့်လိုက်လေသည်။
သူမ အံ့သြသွားသည်မှာ တိုက်ခန်းအဆောက်အအုံများအတွင်းမှ လူအုပ်စုအချို့ ထွက်လာကြသည်ကို မြင်လိုက်ရခြင်းပင်။ ထိုသူများ သယ်ဆောင်လာသော ကျောပိုးအိတ်အကြီးကြီးများကို ကြည့်ခြင်း အားဖြင့် သူတို့သည် အထောက်အပံ့ပစ္စည်းများ ရှာဖွေရန် ထွက်လာကြခြင်း ဖြစ်ကြောင်း ခန့်မှန်းနိုင် ပေသည်။
နှင်းထုမှာ ခဲနေပြီဖြစ်ပြီး တိုက်ခန်းအဆောက်အအုံ၏ (၁၈) ထပ်အထိ မြင့်တက်နေလေပြီ။
ယောင်ရန်က အပြင်ဘက်မှ လူများကို စူးစမ်းနေစဉ်မှာပင် လူဟုန်သည် သူ၏ နောက်လိုက်များနှင့် အအေးဒဏ်မှ ရှင်သန်ကျန်ရစ်သူများကို စုဝေးလိုက်လေသည်။
သူသည် ထိုသူများကို အုပ်စုငယ်များ ခွဲလိုက်ပြီး စင်္ကြံလမ်းနှင့် လှေကားရှိ ရေခဲများကို ဖယ်ရှားရန် အမိန့်ပေးနေလေသည်။ ထို့နောက် အေးခဲသေဆုံးနေသော အလောင်းများကို စုဆောင်းကာ အားလပ် နေသော တိုက်ခန်းတစ်ခန်းအတွင်း၌ စုပုံထားရန် ခိုင်းစေလိုက်၏။
သူတို့သည် အလုပ်လုပ်နေစဉ်အတွင်း အခြားသူများ၏ နေအိမ်များကိုလည်း ဝင်ရောက်မွှေနှောက်ကာ အထူးသဖြင့် သစ်သားပရိဘောဂများကို လုယူခဲ့ကြလေသည်။
အိပ်ခန်းအတွင်း ရက်ပေါင်း (၂၀) ခန့် အောင်းနေခဲ့ပြီးနောက် ယောင်ရန်သည် အပြင်ဘက် အခြေအနေ ကို သိရှိလိုလာခဲ့သည်။ သူမသည် အာတိတ်ဒေသသုံး ဝတ်စုံနှင့် အသုံးအဆောင်များကို ဝတ်ဆင်ကာ အပူပေးစက်များကို ပိတ်လိုက်၏။ ထို့နောက် တောင်တက်ကျောပိုးအိတ်ကို လွယ်၍ အခန်းပြင်သို့ ထွက်လာခဲ့လေသည်။
သူမသည် တစ်ကိုယ်လုံးကို လုံခြုံအောင် ထုပ်ပိုးကာ အထောက်အပံ့ပစ္စည်းများ ရှာဖွေရန် ထွက်မည့် အကြောင်းကို လုံယုတို့အား သွားရောက်အသိပေးရာ သူတို့ကလည်း သူမနှင့်အတူ လိုက်ပါရန် ဆုံးဖြတ် လိုက်ကြလေသည်။
မထွက်ခွာမီ သူတို့သည် ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့အား အသိပေးကာ (၂၀) ထပ်ကို စောင့်ရှောက် ထားရန် အပ်နှံခဲ့လေသည်။
ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ကာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ကိုသာ စိတ်ချထားလိုက်ပါ...။ ကျွန်တော် အပူချိန်အာရုံခံကိရိယာတစ်ခု ပြုလုပ်ထားပြီး လျှပ်စစ်ထုတ်ဖို့အတွက် စက်ဘီးကိုလည်း ပြုပြင်ထားတယ်၊ ဒါပေမဲ့ အပူချိန်အာရုံခံကိရိယာက လက်ရှိ အပူချိန်မှာ အလုပ်လုပ်နိုင်ဦးမှာ မဟုတ်ဘူး...။ ဒါကြောင့် လျှပ်စစ်သိုလှောင်ဖို့အတွက် ဘက်ထရီတစ်ခု လုပ်ထားတယ်...။"
"ဒီနေ့ ကျွန်တော် (၁၈) ထပ်ကို ဆင်းတဲ့ လှေကားက သံတံခါးကို ဘက်ထရီနဲ့ ချိတ်ဆက်ထားမယ်...၊ အကယ်၍ မီးနီနေတာကို မြင်ရင် သံတံခါးမှာ လျှပ်စစ်စီးနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒါကြောင့် အဲဒါကို လုံးဝ မထိမိစေနဲ့နော်...။ မီးစိမ်းနေမှသာ တံခါးကို ထိလို့ရမယ်...။"
"ကျွန်တော့် အဘိုးအဘွားတွေရဲ့ ဖုန်းအဟောင်းကို ဂြိုဟ်တုဖုန်းအဖြစ် ပြောင်းလဲထားတယ်...။ အဲဒီထဲ မှာ ကျွန်တော့်လက်ထဲက ဂြိုဟ်တုဖုန်း နံပါတ်တစ်ခုပဲ ရှိတယ်...။ ခင်ဗျားတို့ ပြန်လာတဲ့အခါ ကျွန်တော့် ဆီ ဖုန်းဆက်လိုက်ပါ၊ ကျွန်တော် လျှပ်စစ်မီးကို ပိတ်ပေးပါ့မယ်...။"
စကားပြောပြီးနောက် ချွမ်ယွမ်ဝေ့သည် လုံယုအား ဂြိုဟ်တုဖုန်းအဟောင်းတစ်လုံး ပေးလိုက်လေသည် ။ လုံယုသည် ဖုန်းကို သိမ်းဆည်းလိုက်ပြီး ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့အား သေနတ်တစ်လက်စီနှင့် ကျည်ဆန် နှစ်ရာစီကို ပေးအပ်လိုက်ကာ မှာလိုက်လေသည်။
"ဒါကို ဘေးကင်းဖို့အတွက် ယူထားလိုက်ပါ...၊ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့ပါ့ မယ်...။"
ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့သည် သေနတ်နှင့် ကျည်ဆန်များကို ယူကာ ခေါင်းငြိမ့်ပြရင်း ပြောလိုက် ကြလေသည်။
"အပြင်မှာ သတိထားကြပါဦး...။"
သူတို့သည် အထောက်အပံ့ပစ္စည်းများနှင့် ထင်းများ ရှာဖွေရန် ဖြစ်သောကြောင့် မီးသတ်ပုဆိန်များ၊ ရေခဲခွဲကိရိယာများနှင့် ကြိုးများကို ယူဆောင်လာခဲ့ကြသည်။ ယောင်ရန်သည်လည်း ရေခဲပြင်ပေါ်တွင် လမ်းလျှောက်ရ လွယ်ကူစေရန်အတွက် သူတို့တစ်ဦးစီကို နှင်းလျောဖိနပ် တစ်စုံစီ ပေးလိုက်လေသည်။
နှင်းထုမှာ (၁၈) ထပ်အမြင့်အထိ ရောက်ရှိနေပြီဖြစ်ရာ ထိုခုနစ်ဦးသည် အောက်ထပ် တစ်ထပ်သာ ဆင်းရန် လိုအပ်ပြီး (၁၈) ထပ်ရှိ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ထွက်ခွာခဲ့ကြ၏။ လူတိုင်းမှာ တစ်ကိုယ်လုံးကို လုံအောင် ထုပ်ပိုးထားသဖြင့် မည်သူမည်ဝါဖြစ်သည်၊ ကျား/မ ခွဲခြားရန်ပင် ခက်ခဲ လှပေသည်။
အဆောက်အအုံပြင်ပသို့ ရောက်သောအခါ သူတို့သည် အသိဟောင်းတစ်ဦးဖြစ်သော လူဟုန်နှင့် သူ၏ လူများကို တွေ့လိုက်ရလေသည်။
ယောင်ရန်သည် အဝေးတွင် နှင်းများကို ဖယ်ရှားနေကြသော သူတို့ကို ကြည့်ကာ ရှီရွှမ်းကို ပြောလိုက် လေ၏။
"ရှီရွှမ်း...၊ ရှင်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ...။"
ရှီရွှမ်းသည် အဝေးမှ လူဟုန်ကို ခဏမျှ လှမ်းကြည့်ကာ ယောင်ရန်ကို ပြုံးပြရင်း ပြောလေသည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။"
သူတို့၏ စကားကို ကြားသောအခါ ဟွမ်ချန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
"မင်းတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ...။"
ယောင်ရန်က လူဟုန်ကို ညွှန်ပြကာ ရှင်းပြလေသည်။
"ကျွန်မတို့ ပထမဆုံးအကြိမ် ခေါင်မိုးပေါ်ကို နှင်းသွားခဲတုန်းက ရှီရွှမ်းက ပြောခဲ့တယ်လေ...။ နှင်းတွေ ကို ဘယ်သူက ဖယ်ပေးမလဲဆိုတာ စိတ်ပူစရာမလိုဘူး၊ လူဟုန်က အလိုအလျောက် ရှင်းလင်းပေး လိမ့်မယ်လို့ပေါ့...။ အခုတော့ သူပြောတဲ့အတိုင်း လူဟုန်က တကယ့်ကို စိတ်ပါလက်ပါနဲ့ နှင်းတွေ ရှင်းပေးနေတာပဲလေ...။"
ထိုစကားကို ကြားသောအခါ ဟွမ်ချန်သည် ရှီရွှမ်းကို လှည့်ကြည့်ကာ မေးလိုက်၏။
"အစ်ကိုရွှမ်း...၊ ဒါကို ဘယ်လိုသိတာလဲ၊ လူဟုန်ကို တစ်ခုခု လုပ်ထားတာလား...။"
ရှီရွှမ်းက ခေါင်းခါပြကာ၊
"ငါ ဘာမှ မလုပ်ပါဘူး...၊ သူတို့က အောက်ထပ်မှာ နေတာလေ၊ ငါတို့က အပေါ်ဆုံးထပ်မှာ နေတာ...။ အကယ်၍ နှင်းတွေက အဆောက်အအုံကို တကယ်ပဲ မြုပ်သွားမယ်ဆိုရင် ဒုက္ခရောက်မှာက သူတို့ပဲ၊ ငါတို့ မဟုတ်ဘူး...။"
"အခြေအနေက အဲဒီလိုဆိုမှတော့ ငါတို့ထက် ပိုပြီး စိုးရိမ်မယ့်သူတွေ ရှိနေတာပဲ...။ ငါတို့ ဘာလို့ ပူနေရမှာလဲ...။"
သူ၏ စကားကို နားထောင်ပြီးနောက် ဟွမ်ချန်နှင့် ယောင်ရန်တို့သည် သူ့အား လက်မထောင်၍ ချီးကျူး လိုက်ကြလေသည်။
လင်းယွမ်တိုက်ခန်းဝင်းအတွင်းမှ ထွက်လာသည့်အခါတွင်မူ ယောင်ရန်သည် ကျွင်းချန်မြို့၏ ဖြစ်ပျက် နေသော အခြေအနေမှန်ကို ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။
မြေပြင်ပေါ်တွင် အထပ်အနည်းငယ်သာ ကျန်တော့သော မြင့်မားသည့် အဆောက်အအုံအချို့မှလွဲ၍ ကျန်အဆောက်အအုံအားလုံးမှာ ရေခဲနှင့် နှင်းများအောက်တွင် နစ်မြုပ်နေခဲ့လေပြီဖြစ်၏။
ယောင်ရန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူအုပ်စုအချို့သည် အဆောက်အအုံများနှင့် ကုန်တိုက် များ၏ တံခါးများကို အတင်းအဓမ္မ ဖွင့်နေကြသည်ကို တွေ့ရ၏။ ထင်းအဖြစ် အသုံးပြုနိုင်မည့် အရာမှန် သမျှကို လုယူနေကြခြင်းပင် ဖြစ်သည်။
ရန်ပွဲများနှင့် လုယက်မှုများမှာ နေရာအနှံ့ ဖြစ်ပွားနေလေသည်။ မီတာ (၅၀၀) ခန့်သာ ရှိသော ခရီး အတွင်း၌ပင် သူတို့သည် ငါးကြိမ်ထက်မနည်းသော လုယက်မှုများကို မြင်တွေ့ခဲ့ရလေသည်။
၎င်းကို မြင်သောအခါ လုံယုသည် ခေါင်းငုံ့၍ ယောင်ရန်ကို ပြောလိုက်လေသည်။
"ငါ့အနားမှာပဲ ကပ်နေနော်...။"
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ရာ လုံယုက အခြားသူများကိုလည်း သတိပေးလိုက်လေသည်။
"အားလုံး သတိဝီရိယရှိကြပါ...။"
"ဟုတ်ကဲ့ ခေါင်းဆောင်...။"
သူငယ်ချင်းများကို သတိပေးပြီးနောက် လုံယုသည် သူတို့နှင့် လမ်းကြောင်းတူ လျှောက်လှမ်းနေသော လူများကို ကြည့်ကာ ပြောလိုက်လေသည်။
"ငါတို့ လမ်းကြောင်း ပြောင်းကြစို့...။"