← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း (၁၅၀)

ပဋိပက္ခ

အစပိုင်းတွင် ထိုအမျိုးသားသည် ယနေ့ ထင်းအချို့ကို လုယူကာ စောစောစီးစီး ပြန်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ဤလူများမှာ ကိုင်တွယ်ရ ခက်ခဲရုံသာမက သူတို့ တိတ်တဆိတ် လုပ်ဆောင်နေသည့် ကိစ္စရပ်များကိုပါ သိရှိနေလိမ့်မည်ဟု မည်သူ ထင်ထားပါအံ့နည်း။

ထိုအမျိုးသားသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အသံမှာလည်း အေးစက်သွားကာ၊

"မင်းတို့က ငါတို့ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့...၊ ဒီနေ့တော့ သေကြရမှာပဲ...။"

ဤအကြိမ်တွင်မူ ယောင်ရန်က ပြန်လည်ရယ်မောလိုက်လေသည်။ သူမက သရော်ပြုံး ပြုံးလိုက်ရင်း၊

"ဒါဆိုရင်လည်း ငါ့ကို ပျော်အောင် ထားပေးစမ်းပါဦး...။ အိမ်ထဲမှာပဲ အောင်းနေရတာ ကြာပြီဆိုတော့ ကိုယ်လက်လှုပ်ရှားလေး လုပ်ချင်နေတာနဲ့ အတော်ပဲ...။"

သူမ စကားပြောလိုက်သည်နှင့် လေထုမှာ ပြောင်းလဲသွားပြီး တင်းမာမှုများဖြင့် ပြည့်နှက်သွားလေ သည်။ ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများ စတင် တိုက်ခိုက်တော့မည့် အချိန်မှာပင် အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"မင်းတို့ အဲဒီမှာ ဘာလုပ်နေကြတာလဲ...။"

ယောင်ရန်နှင့် အခြားသူများ ထိုအသံကြားရာသို့ လှည့်ကြည့်လိုက်သည့်အခါ စစ်သားတစ်ဦး ဖြစ် နေသည်ကို တွေ့လိုက်ရလေသည်။ ထိုခုနစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ လက်နက်များကို တိတ်တဆိတ် ပြန်သိမ်းလိုက်ကြလေသည်။

ယောင်ရန်တို့ဘက်မှ တည်ငြိမ်နေသော်လည်း ထိုလူအုပ်စုမှာမူ ထိတ်လန့်တုန်လှုပ်နေကြ၏။ သူတို့သည် မိမိတို့ ပတ်ဝန်းကျင်၌ စိတ်တိုင်းကျ သောင်းကျန်းနိုင်သော်လည်း စစ်သားများကိုမူ ကြောက်ရွံ့ကြဆဲပင် ဖြစ်သည်။

ထိုစစ်သားသည် အခြားသော ရဲဘော်နှစ်ဦးကို ထပ်မံခေါ်ယူလိုက်ပြီး သုံးဦးသား ယောင်ရန်တို့အနားသို့ ချဉ်းကပ်လာကြလေသည်။

စစ်သားများသည် သူတို့၏ အသုံးအဆောင်များ၊ ဝတ်စုံများနှင့် မီးသတ်ပုဆိန်များကို အကဲခတ်လိုက်ပြီး မေးလိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ...။"

ယောင်ရန် ပြန်လည် မဖြေကြားနိုင်မီမှာပင် သန်မာထွားကြိုင်းသော အမျိုးသားက ဦးအောင် ပြောလိုက် လေသည်။

"တပ်ကြပ်ကြီး...၊ သူတို့က ကျွန်တော်တို့ရဲ့ ထင်းတွေကို လုသွားလို့ပါ...။"

၎င်းကို ကြားသောအခါ ဟွမ်ကျိဟွေးသည် ဒေါသထွက်သွားပြီး ပြန်လည်ချေပလိုက်၏။

"မင်းတို့ကသာ ငါတို့ ထင်းတွေချည်နေတုန်း လာလုတာလေ...။"

သူမ၏ စကားကို ကြားသောအခါ စစ်သားသည် တဝက်တပျက် ချည်နှောင်ထားသော သစ်လုံးများကို ခဏမျှ ကြည့်လိုက်လေသည်။ ထို့နောက် ထိုအမျိုးသားများကို ကြည့်ကာ၊

"မင်းတို့ရဲ့ လက်နက်တွေကို ထုတ်ပြစမ်း...။"

ထိုလူသည် ငြင်းဆန်လိုသော်လည်း စစ်သား၏ လက်ထဲရှိ သေနတ်ကို မြင်သောအခါ သူ၏ နောက်လိုက် များကို အချက်ပြလိုက်ရတော့သည်။ တုံးနေသော ဓားများ၊ တံစဉ်များ၊ တူများနှင့် ဟင်းချက်ဓားများကို မြင်လိုက်ရသည့်အခါ စစ်သား၏ မျက်ဝန်းများမှာ အေးစက်သွားခဲ့လေသည်။

သူက ခက်ထန်စွာ ပြောလိုက်လေသည်။

"ငါ့ကို ဘယ်လိုတောင် လိမ်ရဲရတာလဲ...။ အခုချက်ချင်း ထွက်သွားကြ၊ မဟုတ်ရင် စစ်ဥပဒေနဲ့ အပြစ် ပေးရလိမ့်မယ်...။"

ထိုအမျိုးသားသည် ၎င်းကို ကြားသောအခါ မကျေမနပ်ဖြင့် ပြန်မေးလိုက်၏။

"တပ်ကြပ်ကြီး...၊ သူတို့ဘက်မှာ မိန်းကလေးတွေ ပါနေရုံနဲ့ သူတို့ပြောတာကိုပဲ ယုံရတာလား...။"

ဤတစ်ကြိမ်တွင်မူ သူ၏ စကားမှာ အဓိပ္ပာယ် ထင်ရှားလှပေသည်။ သူသည် ထိုစစ်သားအား ဟွမ်ကျိဟွေး ဘက်မှ ဘက်လိုက်နေသည်ဟု စွပ်စွဲလိုက်ခြင်းပင် ဖြစ်၏။

စစ်သား၏ မျက်ဝန်းများမှာ မှေးမှိန်သွားပြီး သူ၏ သေနတ်ကို ထိုလူထံသို့ ချိန်ရွယ်လိုက်ကာ၊

"ငါ သုံးစက္ကန့် အချိန်ပေးမယ်...၊ အခုချက်ချင်း ထွက်မသွားရင် ငါ ပစ်မှာပဲ...။"

စစ်သားများနှင့် ယဉ်ကျေးစွာ ပြောဆိုနေ၍ မရကြောင်း ထိုလူ သိရှိသွားသဖြင့် နည်းလမ်းပြောင်းကာ ဒေါသတကြီး ပြောလိုက်လေသည်။

"ကျွန်တော့်ကို ရှင်းလင်းချက် မပေးမချင်း ကျွန်တော် မသွားဘူး...။"

စစ်သားများက နှာခေါင်းရှုံ့လိုက်ကြပြီး သစ်လုံးများနှင့် ထင်းပုံများကို ညွှန်ပြကာ

"သစ်လုံးတွေကို သေသေချာချာ ကြည့်လိုက်ဦး...။"

ထိုလူသည် စစ်သား ညွှန်ကြားသည့်အတိုင်း သစ်လုံးများကို စစ်ဆေးလိုက်၏။ သူ၏ အဖွဲ့ဝင်များကမူ လှောင်ပြောင်သရော်သော လေသံဖြင့် မေးလိုက်ကြသည်။

"ဒါတွေက ဘာထူးခြားလို့လဲ...၊ ရိုးရိုး သစ်လုံးတွေပဲဟာကို...။"

"ကျွန်တော်တို့ကို အရူးလုပ်ချင်တာလား...။"

အခြားသူများ ထပ်မံ၍ စကားမပြောနိုင်မီမှာပင် ထိုအမျိုးသားသည် အကြောင်းရင်းကို သိရှိသွားခဲ့ လေပြီ။ သူသည် စစ်သားကို စိုက်ကြည့်လိုက်ပြီး သူ၏ လူများကို ပြောလိုက်လေသည်။

"သွားကြစို့...။"

သူ၏ နောက်လိုက်များမှာ ဝေခွဲမရ ဖြစ်နေကြသော်လည်း ခေါင်းဆောင်ဖြစ်သူ၏ အမိန့်အတိုင်း လိုက်ပါသွားကြလေသည်။

သူတို့ ဝေးဝေးသို့ ရောက်သွားသောအခါ ယောင်ရန်တို့ကို စတင်တွေ့ရှိခဲ့သည့် လူက သူ၏ အစ်ကို ဖြစ်သူကို မေးလိုက်လေသည်။

"အစ်ကိုကြီး...၊ ဘာလို့ ဒီအတိုင်း လက်လျှော့လိုက်တာလဲ...။ အဲဒီ အသုံးအဆောင်တွေနဲ့ လက်နက် တွေကိုသာ ရရင် ဒီလို အေးစက်တဲ့ ရာသီဥတုမှာ ငါတို့ ကောင်းကောင်း နေနိုင်မှာလေ...။"

ထိုအမျိုးသားသည် သူ၏ ညီဖြစ်သူကို အရူးတစ်ယောက်ကဲ့သို့ ကြည့်ကာ ရှင်းပြလေသည်။

"အဲဒီ သစ်ပင်တွေက ပုဆိန်နဲ့ ခုတ်လှဲထားတာကွ...။ အဲဒါက ဒီသစ်လုံးတွေနဲ့ ထင်းတွေက အဲဒီလူတွေ ပိုင်တယ်ဆိုတဲ့ သက်သေပဲ...။ မင်းက စစ်သားတွေရှေ့မှာ သူတို့ကို ဗြောင်ကျကျ လုချင်နေတာလား...၊ အသက်မရှင်ချင်တော့ဘူးလား...။"

သူ၏ ညီဖြစ်သူမှာမူ ထိုစကားကို ကြားသောအခါ ဘာမှ ဆက်မပြောရဲတော့ပေ။

တစ်ချိန်တည်းမှာပင် စစ်သားသုံးဦးမှာ ယောင်ရန်နှင့် သူငယ်ချင်းများကို သစ်လုံးများ ချည်နှောင်ရာတွင် ကူညီပေးနေကြလေ၏။ သစ်လုံးများပေါ်သို့ ထင်းများ တင်ဆောင်ပြီးစီးသည့်အခါ သူတို့ထဲမှ တစ်ဦးက ပြောလိုက်လေသည်။

"ရဲဘော်တို့...၊ အိမ်အပြန်လမ်းမှာ သတိထားကြပါဦး...။"

လုံယုက ခေါင်းငြိမ့်ပြကာ၊

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။"

စစ်သားများကလည်း

"ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ...။" ဟု ပြန်လည် ပြောလိုက်ကြလေ၏။

စစ်သားများက လုံယုနှင့် စကားပြောနေစဉ်အတွင်း ယောင်ရန်သည် သူတို့ဝတ်ဆင်ထားသော လက်အိတ်များမှာ အလွန်ပါးလွှာနေသည်ကို သတိပြုမိလိုက်သည်။ အချို့မှာ ပေါက်ပြဲနေပြီး ထွက်ပေါ်နေသော လက်ချောင်းများမှာလည်း နှင်းကိုက်နေလေပြီ။ သူတို့၏ နှုတ်ခမ်းများမှာ ကွဲအက်နေပြီး မျက်တောင်နှင့် မျက်ခုံးများတွင်လည်း နှင်းများ ခဲနေသည်ကို တွေ့လိုက်ရ၏။

သူတို့၏ လက်ချောင်းများ၊ နားရွက်များနှင့် နှာခေါင်းများတွင် နှင်းကိုက်နာများ ဖြစ်ပေါ်နေသည်ကို မြင်သောအခါ၊ ယောင်ရန်သည် ကျောပိုးအိတ်ထဲသို့ လက်နှိုက်၍ နှင်းကိုက်နာလိမ်းဆေး တစ်ထုပ်၊ နှုတ်ခမ်းအစိုဓာတ်ထိန်းဆေး အချို့၊ အကိုက်အခဲပျောက်ဆေး အချို့နှင့် အအေးဒဏ်ခံ နှာခေါင်းစည်း အချို့ကို ထုတ်ယူလိုက်လေသည်။

သူမသည် ထိုပစ္စည်းများကို အနက်ရောင် ပလတ်စတစ်အိတ်တစ်ခုအတွင်းသို့ ထည့်လိုက်ပြီးနောက် ကျောပိုးအိတ်ကို ပြန်ပိတ်လိုက်လေသည်။

လုံယုတို့ကို မှာကြားစရာရှိသည်များ မှာကြားပြီးနောက် စစ်သားက ပြောလိုက်လေသည်။

"ဒါဆိုရင် ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်...။ အားလုံးပဲ ဘေးကင်းအောင် သတိထားကြပါဦး...။"

သူတို့ လှည့်ထွက်သွားရန် ပြင်စဉ်မှာပင် ယောင်ရန်က အမြန်လှမ်းခေါ်လိုက်၏။

"နေပါဦး...၊ ခဏလောက် စောင့်ပေးကြပါဦး...။"

သူမ၏ အသံကို ကြားသောအခါ စစ်သားများမှာ ယောင်ရန်ကို လှည့်ကြည့်လာကြသည်။ သူမသည် သူတို့ထံသို့ လျှောက်သွားကာ ပလတ်စတစ်အိတ်ကို စစ်သားတစ်ဦးထံသို့ ကမ်းပေးလိုက်လေသည်။ စစ်သားသည် အိတ်အတွင်းရှိ ဆေးဝါးများနှင့် နှာခေါင်းစည်းများကို မြင်သောအခါ အံ့သြသွားလေ သည်။

"မိန်းကလေး...၊ ဒါတွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး...။ မင်းအတွက်ပဲ သိမ်းထားလိုက်ပါ...။"

စစ်သားသည် အိတ်ကို ယောင်ရန်ထံသို့ ပြန်ပေးရန် ကြိုးစားသော်လည်း၊ သူမသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ လုံယု၏ ဘေးတွင် ရပ်လိုက်လေသည်။

ယောင်ရန်က

"ဒါက ခုနက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တာပါ...။ မငြင်းပါနဲ့၊ ကျွန်မက သူတစ်ပါးကျေးဇူးကို တင်ထားရတာ မကြိုက်လို့ပါ...။"

သူမက ထိုသို့ ပြောလိုက်သဖြင့် စစ်သားသည် လက်ဆောင်များကို လက်ခံလိုက်ရပြီး ကျေးဇူးတင် စကား ပြောလေသည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေး...။"

စစ်သားများသည် ထပ်မံ၍ ကျေးဇူးတင်စကား ဆိုကာ ပလတ်စတစ်အိတ်ကို ကိုင်၍ ထွက်ခွာသွား ကြလေတော့သည်။

သူတို့ထဲမှ တစ်ဦးက သူ၏ ရဲဘော်ကို ကြည့်ကာ မေးလိုက်၏။

"သူ ဘာတွေ ပေးလိုက်တာလဲ...၊ မင်း ဘာလို့ အဲဒီလောက် အံ့သြသွားရတာလဲ...။"

ထိုစစ်သားသည် သူ၏ ရဲဘော်များကို ကြည့်ကာ တိုးညင်းသော အသံဖြင့် ပြန်ဖြေလိုက်လေသည်။

"သူက ငါတို့ကို ဆေးဝါးတွေနဲ့ အအေးဒဏ်ခံ နှာခေါင်းစည်းတွေ ပေးလိုက်တာကွ...။"

All Chapters