အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း - ၈၁
အီလက်ထရွန်းနစ် သင်ကြားရေးစနစ်မှာ တကယ်ပင် ကောင်းမွန်သော ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ လက်တွေ့အသုံးဝင်ရုံသာမက အသုံးပြုသူ နှင့် ကွန်ပျူတာ အပြန်အလှန် ဆက်သွယ်မှုအပိုင်းမှာလည်း အထူးပင် ကောင်းမွန်လှသည်။
တစ်ခုတည်းသော နောင်တရစရာမှာ ထိုအီလက်ထရွန်းနစ် သင်ကြားရေးစနစ်သည် ဟာ့ဒ်ဝဲလိုအပ်ချက် အလွန်မြင့်မားနေခြင်းပင်။ ရွှမ်းချင်းတက္ကသိုလ်၏ အများသုံးဆာဗာသည် အဆိုပါစနစ်၏ အပြည့်အစုံဗားရှင်းကို မောင်းနှင်နိုင်သော်လည်း အခြားကျောင်းအများစု၊ အထူးသဖြင့် အလယ်တန်းနှင့် အထက်တန်းကျောင်းများမှာမူ ထိုဟာ့ဒ်ဝဲလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ကြပေ။
ကျူးဒန်သည် မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုဖြင့် စင်အလယ်သို့ လျှောက်လှမ်းလာပြီး ချန်မင်ကို ပြောလိုက်သည်။ "ဂုဏ်ယူပါတယ် မောင်လေး ချန်မင်"
ချန်မင်က အနည်းငယ် မောက်မာသောလေသံဖြင့် "ကျေးဇူးတင်ပါတယ် အစ်မကြီး ကျူးဒန်" ဟု ပြန်ပြောသည်။
"လေးစားအပ်ပါသော လူကြီးမင်းများနှင့် ဒိုင်လူကြီးများရှင်၊ ကျေးဇူးပြုပြီး ပြိုင်ပွဲဝင်အမှတ်စဉ် (၁)၊ ကွန်ပျူတာသိပ္ပံဌာန၊ ဆဋ္ဌမနှစ်၊ အတန်း (၃) က ချန်မင်ကို အမှတ်ပေးပေးကြပါဦးရှင်" ကျူးဒန်သည် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်။ ချန်မင်က ဘာကောင်မို့လို့ ဒီလောက် မောက်မာနေရတာလဲ။
ဒိုင်အဖွဲ့ဝင်များသည် အချင်းချင်း တီးတိုးပြောဆိုကာ ချန်မင်ကို အမှတ်မည်မျှပေးရမည်ကို တိုင်ပင်နေကြသည်။ ထိုအထဲတွင် ကွန်ပျူတာသိပ္ပံအသင်းမှ ကိုယ်စားလှယ် အဖွဲ့ဝင်ဆယ်ဦးမှာ အားတက်သရော ဆွေးနွေးနေကြသည်။
ကျိီမင်ယဲ့သည် သူပေးမည့်အမှတ်ကို အမှတ်ပေးဘုတ်ပေါ်တွင် ဖြည်းဖြည်းချင်း ရေးသားလိုက်သည်။ ထို့နောက် အခြားဒိုင်များ ဆုံးဖြတ်ချက်ချသည်ကို စောင့်ဆိုင်းရင်း ဘုတ်ပြားကို ရှေ့စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ဘေးနားရှိ အန်းမင်ယဲ့က ပြုံးလျက် မေးလိုက်သည်။ "ကျီဟောင်၊ ဒီအီလက်ထရွန်နစ် သင်ကြားရေးစနစ်က တော်တော်လေး ကောင်းတယ်လို့ ငါထင်တယ်... ငါတို့ ရွှမ်ချင်းတက္ကသိုလ်မှာ အသုံးပြုလို့ရနိုင်မလား၊ မင်း ဘယ်လိုထင်လဲ"
ကျီမင်ယဲ့သည် ခဏမျှ စဉ်းစားပြီး ခေါင်းခါပြလိုက်သည်။ "မရနိုင်ဘူး အီလက်ထရွန်နစ် သင်ကြားရေးစနစ်က ကြည့်ရတာ အနှစ်သာရရှိပုံပေါ်ပေမဲ့ တကယ်တမ်းတော့ အသုံးမဝင်လှဘူး... ပထမဆုံးအနေနဲ့ စာမေးပွဲစနစ်က ရွေးချယ်မေးခွန်းတွေကိုပဲ သုံးလို့ရတာက အရမ်းရိုးအီလွန်းတယ်...ဒုတိယအချက်က စနစ်တစ်ခုတည်းရှိနေရုံနဲ့ မလုံလောက်ဘူး၊ အရေးကြီးဆုံးဖြစ်တဲ့ မေးခွန်းဘဏ် အတွက် အချိန်အများကြီးပေးပြီး စုဆောင်းရဦးမယ်.. နောက်ထပ် အကြောင်းရင်းကြီးတစ်ခုကတော့ ဒီစနစ်က တာဝန်ကြီးကြီးမားမား မထမ်းဆောင်နိုင်ဘူး....ဒေတာတွေ ဘယ်လောက်ပဲ စုဆောင်းထားပါစေ၊ နောက်ဆုံးမှာ အဲဒါတွေကို စုစည်းခွဲခြမ်းစိတ်ဖြာပြီး ခိုးချလို့ရမယ့် ဆော့ဖ်ဝဲတွေ ပေါ်လာမှာပဲ"
အန်းမင်ယဲ့ ခဏမျှ စဉ်းစားသွားသည်။ သူသည် ဆော့ဖ်ဝဲစနစ် အခြေအနေကို နားမလည်သော်လည်း ကျီမင်ယဲ့က ထိုသို့ပြောမှတော့ တကယ်ပင် မဖြစ်နိုင်တော့ဟု ယူဆလိုက်သည်။
ကျင်းယိုဆော့ဖ်ဝဲကုမ္ပဏီနှင့် ကျစ်ရှန့် အင်တာနက်လုံခြုံရေးကုမ္ပဏီတို့မှာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းကြံစည်နေကြသည်။ သူတို့သည် ချန်မင်နှင့် တစ်ဖက်သတ် အပေးအယူရှိနေကြခြင်းပင်။
ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာသိပ္ပံအသင်းမှ ကိုယ်စားလှယ်ဆယ်ဦးမှာလည်း တညီတညွတ်တည်း ဆွေးနွေးပြီးနောက် သူတို့သဘောတူထားသည့် အမှတ်ကို အမှတ်ပေးဘုတ်ပေါ်တွင် ရေးလိုက်ကြသည်။
ပတ်ထရီးရော့တ် နှင့် လိုင်ကာ တို့မှာ တတိယအဖွဲ့အစည်း ဒိုင်လူကြီးများအဖြစ် ပါဝင်ခြင်းဖြစ်သည်။ သူတို့သည် ရှီလဲ့၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်သော်လည်း ကုမ္ပဏီ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာအတွက် မျှတသောအမှတ်ကိုသာ ပေးမည်ဖြစ်ပြီး တမင်သက်သက် အမှတ်လျှော့ပေးမည်မဟုတ်ပေ။ သို့သော်လည်း အကြောင်းပြချက်ရှိရှိ ဝေဖန်အကဲဖြတ်ခြင်းမှာမူ တစ်ကဏ္ဍပင်။
ဆွေးနွေးပြီးနောက် ကျုံးမုယွမ်နှင့် လူးဝစ်တို့သည် သူတို့၏ ဆုံးဖြတ်ချက်ကို ရေးချလိုက်သည်။ ကျီမင်ယဲ့၏ အကြည့်မှာ ပတ်ထရီးရော့တ် နှင့် လိုင်ကာ ဘက်သို့ ဝေ့ဝဲသွားရင်း တွေးတောနေမိသည်။
'ဒီကုမ္ပဏီနှစ်ခုက ရှီလဲ့ဘက်ကို မျက်နှာလိုက်မလားပဲ... သိပ်ပြီးတော့ လွန်လွန်ကျူးကျူး မလုပ်ဖို့ မျှော်လင့်ရတာပဲ' ကျီမင်ယဲ့ သက်ပြင်းချလိုက်မိသည်။
ဒိုင်လူကြီးများကြားရှိ ရှုပ်ထွေးသော ဆက်ဆံရေးများကြောင့် အမှတ်အမြင့်ဆုံးနှင့် အနိမ့်ဆုံးကို ပယ်ဖျက်သည့် ပြိုင်ပွဲစည်းမျဉ်းမှာ အလွန်သိပ္ပံနည်းမကျလှပေ။ လိမ်လည်ရန် အလွန်လွယ်ကူသည်။ ဥပမာအားဖြင့် ပတ်ထရီးရော့တ် နှင့် လိုင်ကာ ကုမ္ပဏီတို့က အမှတ် (၁) သာ ပေးခဲ့လျှင်၊ အနိမ့်ဆုံးအမှတ်ကို ပယ်ဖျက်လိုက်သည့်တိုင်အောင် နောက်ထပ် အမှတ် (၁) တစ်ခု ကျန်နေဦးမည်ဖြစ်ရာ နောက်ဆုံးရမှတ်ကို များစွာနိမ့်ကျသွားစေမည်ဖြစ်သည်။
မိနစ်အနည်းငယ်အကြာတွင် ကျူးဒန်သည် စင်ပေါ်တွင် မိုက်ခရိုဖုန်းကို ကိုင်လျက် ရပ်လိုက်ပြီး ပြောလိုက်သည်။ "လေးစားအပ်ပါသော ဒိုင်လူကြီးမင်းများရှင်၊ ကျေးဇူးပြုပြီး အမှတ်ပေးဘုတ်ကို မြှောက်ပြပြီး ပြိုင်ပွဲဝင်အမှတ်စဉ် (၁) ချန်မင်အတွက် နောက်ဆုံးအမှတ်ကို ပေးပေးကြပါရှင်"
ကျီမင်ယဲ့သည် ပထမဆုံး အမှတ်ပြသူဖြစ်သည်။ သူပေးသည့်အမှတ်မှာ (၁၆) မှတ် ဖြစ်သည်။
ကျူးဒန်က တောက်ပစွာ ပြုံးလိုက်သည်။ "ဌာနမှူးကျီက ပြိုင်ပွဲဝင် ချန်မင်ကို ၁၆ မှတ်ဆိုတဲ့ မြင့်မားတဲ့အမှတ် ပေးလိုက်ပါတယ်.. ဌာနမှူးကျီအနေနဲ့ ဒီလိုအမှတ်ပေးရတဲ့ အခြေခံအချက်လေးကို သိပါရစေရှင်"
ကျီမင်ယဲ့သည် ဒိုင်ခုံတွင် ထိုင်လျက် စားပွဲပေါ်ရှိ မိုက်ကရိုဖုန်းကို ယူလိုက်သည်။ သူက အသာအယာ ချောင်းဟန့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။ "အီလက်ထရွန်းနစ် သင်ကြားရေးစနစ်က အတိုင်းအတာတစ်ခုအထိ လက်တွေ့အသုံးဝင်ပေမဲ့ လက်တွေ့နယ်ပယ်မှာ ဖြန့်ကြက်ဖို့ကျတော့ တန်ဖိုးသိပ်မရှိလှဘူး... ဟာ့ဒ်ဝဲအပေါ်မှာ ပေးရတဲ့ ဝန်ထုပ်ဝန်ပိုးအပြင် တခြားအချက်တွေကြောင့် နောက်ဆုံးအမှတ်ကို ၁၆ မှတ်ပေးရခြင်း ဖြစ်ပါတယ်"
"အကဲဖြတ်ပေးတဲ့အတွက် ဌာနမှူးကျီကို ကျေးဇူးတင်ပါတယ်ရှင် မောင်လေး ချန်မင်၊ ဌာနမှူးကျီရဲ့ အကဲဖြတ်ချက်အပေါ် ဘယ်လိုထင်မြင်ချက်ရှိလဲ" ကျူးဒန်က ချန်မင်ဘက်သို့ လှည့်မေးသည်။
ချန်မင်က မိုက်ကရိုဖုန်းကို ကိုင်ပြီး "ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို အသိအမှတ်ပြုပေးတဲ့အတွက် ဌာနမှူးကျီကို ကျေးဇူးတင်ပါတယ်... နောင်မှာ ပိုပြီးတော့ ကြိုးစားအားထုတ်ပြီး ပိုပြီးလက်တွေ့ကျတဲ့ ဆော့ဖ်ဝဲတွေကို ရေးသားသွားပါ့မယ်" ဟု ပြောလိုက်သည်။
ဤသို့သော ပုံသေကားကျစကားများမှာ ချီးကျူးစရာမရှိသော်လည်း ကျီမင်ယဲ့ကို အငြိုးအတေးဖြစ်စေမည်မဟုတ်ပေ။ ကျူးဒန်က ပြုံးပြီး အခြားဒိုင်များကို ကြည့်လိုက်သည်။ "လေးစားရတဲ့ ဒိုင်လူကြီးမင်းတို့ရဲ့ အကဲဖြတ်ချက်တွေကော ဘယ်လိုရှိပါသလဲရှင်"
ကျင်းယိုဆော့ဖ်ဝဲနှင့် ကျစ်ရှန့် အင်တာနက်လုံခြုံရေးတို့က အမှတ်ပေးဘုတ်များကို တစ်ပြိုင်နက်တည်း ဖွင့်ပြလိုက်သည်။ မမျှော်လင့်ဘဲ ကုမ္ပဏီနှစ်ခုလုံးက ၁၀ မှတ်စီ ပေးထားကြသည်။
ကွန်ပျူတာအသင်း ကိုယ်စားလှယ်ဆယ်ဦး၏ အမှတ်ပေးဘုတ်တွင်မူ (၇) မှတ်သာ ရှိသည်။ လက်ရှိအချိန်အထိ အနိမ့်ဆုံးအမှတ်ပင် ကျောင်းသားများ၏ အမြင်အရ သူတို့သည် စိတ်ခံစားချက်ဖြင့် အမှတ်ပေးခဲ့ကြသည်။ အကယ်၍ ဤသင်ကြားရေးစနစ်သာ ပေါ်ပေါက်လာခဲ့လျှင် ကျောင်းသားများအတွက် အကျိုးရှိမည်မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် (၇) မှတ်သာ ပေးခဲ့ခြင်းဖြစ်သည်။
ပတ်ထရီးရော့တ် နှင့် လိုင်ကာ ကုမ္ပဏီတို့၏ အမှတ်ပေးချိန်ရောက်သောအခါ ကျုံးမုယွမ်နှင့် လူးဝစ်တို့က အမှတ်ပေးဘုတ်ကို ပြလိုက်သည်။ ဂဏန်း (၆) နှစ်လုံးက ကျူးဒန်ကို မှင်တက်သွားစေသည်။ ဤကုမ္ပဏီနှစ်ခုက ရှီလဲ့ဘက်ကို ဗြောင်ကျကျ မျက်နှာလိုက်နေသလားဟုပင် သူမ တိတ်တဆိတ် တွေးတောမိသွားသည်။
ကျီမင်ယဲ့၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ အီလက်ထရွန်နစ် သင်ကြားရေးစနစ်မှာ အားနည်းချက်ရှိသည်မှန်သော်လည်း လုပ်ဆောင်နိုင်စွမ်းအရဆိုလျှင် (၆) မှတ်တည်းတော့ မဖြစ်သင့်ပေ။
ကျူးဒန်သည် ကျီမင်ယဲ့၏ အမူအရာကို ကြည့်ပြီး အခြေအနေကို ချက်ချင်းရိပ်မိသွားသည်။ "ပတ်ထရီးရော့တ် နဲ့ လိုင်ကာ ကုမ္ပဏီက ဒိုင်လူကြီးများကို မေးပါရစေရှင်၊ ဘာကြောင့် ၆ မှတ်ပဲ ပေးခဲ့တာလဲ.. အပြင်မှာတော့ ရှင်တို့က တခြားပြိုင်ပွဲဝင်တစ်ယောက်နဲ့ လျှို့ဝှက်သဘောတူညီချက် ရယူထားတယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်..ဒါဟာ တကယ်ပဲလားရှင်" ကျူးဒန်၏ မေးခွန်းမှာ အလွန်ကောက်ကျစ်ပြီး လှောင်ပြောင်မှု အနည်းငယ် ပါဝင်နေသည်။
ကျုံးမုယွမ်က အပြစ်ကင်းစင်သော အမူအရာဖြင့် ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အမြင်မှာ ဒီဆော့ဖ်ဝဲက ၆ မှတ်တန်လို့ပါ....ကျွန်တော်တို့က စီးပွားရေးကုမ္ပဏီတွေ ဖြစ်တဲ့အတွက် ဆော့ဖ်ဝဲရဲ့ စီးပွားဖြစ်တန်ဖိုးကို ပိုပြီးအလေးထားပါတယ်.. ဒီဆော့ဖ်ဝဲရဲ့ စီးပွားဖြစ်တန်ဖိုးက အားရစရာမရှိဘူး
..ဌာနမှူးကျီပြောသလိုပဲ၊ ဒါက တွင်တွင်ကျယ်ကျယ် သုံးဖို့ မသင့်တော်ဘူး.. ဒါကြောင့် ၆ မှတ်ပေးခဲ့တာပါ.... ရှီလဲ့နဲ့ ကျွန်တော်တို့ကြားမှာ လျှို့ဝှက်သဘောတူညီချက် ရှိတာတော့ အမှန်ပါပဲ...ဒါပေမဲ့ အဲဒီသဘောတူညီချက်က သူ့ကို ကျောင်းတွင်းဆော့ဖ်ဝဲပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ခိုးချဖို့ ကူညီပေးဖို့ မဟုတ်တာတော့ သေချာပါတယ် ဟားဟားဟား" ဤနေရာသို့ ရောက်သောအခါ ကျုံးမုယွမ်က မရယ်ဘဲ မနေနိုင်တော့ပေ။ သူ၏ လေသံတွင် လှောင်ပြောင်ရိပ်များ ပါဝင်နေသည်။
ရေတွင်းထဲက ဖားတစ်ကောင်လို ကောင်းကင်ကို ကြည့်နေတဲ့သူတွေက အမြဲတမ်း သနားဖို့ကောင်းတာပဲ။
သူတို့က ကောင်းကင်တစ်ခုလုံးကို မြင်နေရပြီလို့ ထင်နေကြပေမဲ့ တကယ်တမ်းကျတော့ ရေတွင်းထဲက ဖားတွေမှန်း မသိကြဘူး။
ကျင်းယိုဆော့ဖ်ဝဲကိုယ်စားလှယ်က အော်ပြောသည်။ "ဌာနမှူးကျီ ဒီအမှတ်က မတရားဘူး..ဌာနမှူးအနေနဲ့ ဗီတိုအာဏာသုံးပြီး နောက်ဆုံးအမှတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်"
ကျီမင်ယဲ့ စဉ်းစားကြည့်သော်လည်း သဘောမတူခဲ့ပေ။ ပတ်ထရီးရော့တ် နှင့် လိုင်ကာ ကုမ္ပဏီတို့၏ ပြောကြားချက်အရ သူတို့ပေးသည့်အမှတ်မှာ အလွန်ပင် ဓမ္မဓိဋ္ဌာန်ကျလှသည်။
ကျီမင်ယဲ့သည် မိုက်ကရိုဖုန်းကို ယူလိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ကြေညာလိုက်သည်။ "အကဲဖြတ်မှု ရလဒ်တွေက အတည်ဖြစ်ပါတယ်.. ကျင်းယိုဆော့ဖ်ဝဲရဲ့ အမြင့်ဆုံးအမှတ်နဲ့ ပတ်ထရီးရော့တ် ကုမ္ပဏီရဲ့ အနိမ့်ဆုံးအမှတ်ကို ဖယ်ထုတ်ပြီး ပြိုင်ပွဲဝင် နံပါတ် (၁) ရဲ့ နောက်ဆုံးရမှတ်က ၃၉ မှတ် ဖြစ်ပါတယ်"
စင်ပေါ်တွင် ချန်မင်၏ မျက်လုံးများမှာ မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ အီလက်ထရွန်နစ် သင်ကြားရေးစနစ်က အမှတ် ၅၀ အပြည့်မရလျှင်တောင် အနည်းဆုံး ၄၅ မှတ်အထက် ရလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သူ့နောက်ဆုံးရမှတ်က ၃၉ မှတ်တည်း ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
မျှော်လင့်ချက်ကြီးလေ၊ စိတ်ပျက်ရလေဆိုသကဲ့သို့ ၃၉ မှတ်ဆိုသော ရမှတ်မှာ ချန်မင်အတွက် အလွန်စိတ်ပျက်စရာ ကောင်းလှသည်။ သို့သော်လည်း ချန်မင်မှာ ဆင်ခြင်တုံတရားရှိသူဖြစ်သဖြင့် ဒိုင်များ၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ဘဲ ကျေးဇူးတင်စကားဆိုကာ ပြိုင်ပွဲဝင်နေရာသို့ ပြန်သွားခဲ့သည်။
ဒုတိယမြောက် စင်ပေါ်တက်လာသည့် ပြိုင်ပွဲဝင်မှာလည်း ကွန်ပျူတာသိပ္ပံကျောင်းသားပင် ဖြစ်သော်လည်း သူက ဒုတိယနှစ်စီနီယာတစ်ဦး ဖြစ်သည်။ ချန်မင်၏ သင်ကြားရေးစနစ်နှင့် နှိုင်းယှဉ်လျှင် ဤပြိုင်ပွဲဝင်၏ လက်ရာမှာ အလွန်ရိုးရှင်းလွန်းလှသည်။
လုဟိန် အမည်ရှိ ထိုဒုတိယနှစ်ကျောင်းသားသည် အချိန်မှတ်စနစ်ပါဝင်သော ဆော့ဖ်ဝဲတစ်ခုကို ယူဆောင်လာခြင်း ဖြစ်သည်။ ဘာမှအသစ်အဆန်းမဟုတ်သလို လက်တွေ့တန်ဖိုးလည်း သိပ်မရှိလှပေ။ နှစ်မိနစ်ပင်မပြည့်မီ သရုပ်ပြမှု ပြီးဆုံးသွားခဲ့သည်။
ချန်မင်၏ လက်ရာကို မြင်ပြီးနောက် လုဟိန်သည် မိမိတွင် အခွင့်အရေးမရှိတော့မှန်း သိလိုက်သည်။ ဒိုင်လူကြီးများက ၁၂ မှတ်၊ ၇ မှတ်၊ ၇ မှတ်၊ ၈ မှတ်၊ ၆ မှတ်နှင့် ၆ မှတ်စီ အသီးသီး ပေးခဲ့ကြသည်။ ကျီမင်ယဲ့၏ အမှတ်မှာလည်း အနိမ့်ဆုံးအမှတ် ဖြစ်နေသောကြောင့် စည်းမျဉ်းအရ ကျီမင်ယဲ့၏ အမှတ်မှာ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်များအဖြစ် တစ်ဝက်စီသာ တွက်ချက်ခံရသည်။ လုဟိန့်၏ နောက်ဆုံးရမှတ်မှာ ၃၂ မှတ်သာ ရရှိခဲ့သည်။
ကျူးဒန်က တတိယမြောက် ပြိုင်ပွဲဝင်ကို စင်ပေါ်တက်ရန် ကြေညာတော့မည့်ဆဲဆဲတွင် ခန်းမထဲ၌ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
"ခဏလေး"
ခန်းမအဝင်ဝတွင် ဟွမ်ချိုးလင်သည် ချန်ဖုန်းနှင့် ရှောင်ပိုင်တို့ကို ဦးဆောင်ကာ စင်ပေါ်သို့ လျှောက်လာသည်။
ကျီမင်ယဲ့သည် စဉ်းစားခန်းဝင်နေစဉ် ဟွမ်ချိုးလင်က သူ့ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။ "ကျီဟောင် ငါတို့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကလည်း မင်းတို့ရဲ့ ကျောင်းတွင်းဆော့ဖ်ဝဲပြိုင်ပွဲမှာ ပါဝင်ချင်တယ်"
"ဟွမ်ဟောင် မင်း နည်းနည်းတော့ လွန်မလာဘူးလား...ဒါက ငါတို့ ရွှမ်ချင်းတက္ကသိုလ်ရဲ့ ပြိုင်ပွဲပဲ...မင်းတို့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ဒီကိုဘာလာလုပ်တာလဲ" ကျီမင်ယဲ့၏ လေသံမှာ မနှစ်မြို့ဖွယ်ဖြစ်နေပြီး မျက်ခုံးများကိုလည်း တင်းတင်းကြပ်ကြပ် တွန့်ချိုးထားသည်။
ဟွမ်ချိုးလင်က အေးစက်စွာ ရယ်မောလိုက်သည်။ "ကျီဟောင် မင်းတို့ တက္ကသိုလ်က ကြောက်နေတာလား အကယ်၍ မင်းတို့ ရွှမ်ချင်းတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံဌာနက ငါတို့လောက် မတော်ဘူးလို့ ဝန်ခံမယ်ဆိုရင် ငါ အခုချက်ချင်း လူစုပြီး ပြန်သွားမယ် မဟုတ်ရင်တော့ ငါတို့ကို ပြိုင်ပွဲဝင်ခွင့်ပေး၊ ပြီးတော့ မျှမျှတတ ယှဉ်ပြိုင်ကြတာပေါ့"
ကျီမင်ယဲ့သည် ဟွမ်ချိုးလင်ကို အကဲခတ်ကြည့်ရင်း သူ၏ ပြိုင်ဘက်ဟောင်း ဘာကြံစည်နေသလဲဟု တွေးတောနေမိသည်။ သို့သော် ချန်မင်၏ သင်ကြားရေးစနစ်ကို ပြန်စဉ်းစားမိသောအခါ ကျီမင်ယဲ့စိတ်ချသွားသည်။ ချန်မင်၏ ကိုယ်ကျင့်တရားက သိပ်အားမကိုးရသော်လည်း ဤပြိုင်ပွဲအတွက် ပြင်ဆင်လာသည့် ဆော့ဖ်ဝဲမှာမူ အမှန်တကယ် ကောင်းမွန်သည် မဟုတ်ပါလား။
ထို့အပြင် ဤနေရာမှာ သူတို့၏ အိမ်ကွင်းဖြစ်ပြီး သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ရန်လိုသော အမူအရာကြောင့် ကျီမင်ယဲ့ကလည်း လျှော့မပေးဘဲ ပြောလိုက်သည်။ "ဟွမ်ဟောင် မင်းက အရှက်ကွဲချင်မှတော့ ငါတို့ ရွှမ်ချင်းတက္ကသိုလ်ကလည်း မင်းတို့ လူပြက်ဖြစ်သွားမှာကို ထိုင်ကြည့်နေပေးရုံပေါ့"
ဟွမ်ချိုးလင်ကလည်း အလျော့မပေးဘဲ "ကျိဟောင် မင်းတို့ ရွှမ်ချင်းတက္ကသိုလ်ကသာ ဟာသဖြစ်သွားမှာကို စိုးရိမ်ထားလိုက် ငါတို့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ကျောင်းသားတွေက မင်းတို့ကျောင်းဖိုရမ်မှာ Live လွှင့်နေတာကို ကြည့်နေကြတယ် ဟားဟားဟား"
ကျီမင်ယဲ့၏ မျက်နှာပျက်သွားသော်လည်း သူက ထိန်းထားဆဲပင်။ "သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ပြိုင်ပွဲဝင်တွေ စင်ပေါ်တက်ပြီး သူတို့ဆော့ဖ်ဝဲကို ပြသဖို့ စီစဉ်လိုက်"
ကျူးဒန်က ခေါင်းညိတ်လိုက်ပြီး တရားဝင်အပြုံးတစ်ခုဖြင့် ဟွမ်ချိုးလင်တို့ သုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။ "Live ကြည့်ရှုနေကြတဲ့ ကျောင်းသားတို့ရေ၊ အခုဆိုရင် ကျွန်မတို့ရဲ့ ပြိုင်ပွဲမှာ အနည်းငယ် ကြားဖြတ်မှုလေးတစ်ခု ရှိလာပါတယ်..ကျွန်မတို့ရဲ့ ချစ်ခင်ရတဲ့ အိမ်နီးချင်း သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ဌာနမှူးဟွမ်ကိုယ်တိုင် အဖွဲ့ကိုဦးဆောင်ပြီး လာရောက်ယှဉ်ပြိုင်တာပဲ ဖြစ်ပါတယ်... သူတို့ကကော ဘယ်လို ထူးခြားဆန်းသစ်တဲ့ ဆော့ဖ်ဝဲတွေကို ယူဆောင်လာမလဲဆိုတာ အတူတူ စောင့်ကြည့်လိုက်ကြရအောင်ရှင်"
ကျူးဒန်၏ သိသာလှသော ချီးမွမ်းလှောင်ပြောင်မှုကို ကြားသောအခါ ဟွမ်ချိုးလင်က နှာခေါင်းရှုံ့လိုက်ပြီး "ချန်ဖုန်း၊ စင်ပေါ်တက်ပြီး ငါတို့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ပြလိုက်စမ်းပါ" ဟု အမိန့်ပေးလိုက်လေသည်။
အခန်း - ၈၂
သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ချန်ဖုန်းဆိုသူမှာ ဟက်ကာမဟာမိတ်အဖွဲ့ မှ ‘ချားကိုးလ်’ ပင် ဖြစ်သည်။ သူသည် ရှီလဲ့၏ ကွန်ပျူတာထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားရင်း အဖမ်းခံခဲ့ရသူလည်း ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ရှီလဲ့သည် သူ့ကိုဖမ်းမိပြီးနောက် သက်သေအထောက်အထားများ ဖန်တီးကာ ‘ဟိုင်လန်’ထံ ပေးအပ်ခဲ့သည်။ နောက်ဆုံးတွင် ချန်ဖုန်းသည် ဟိုင်လန်၏ ရန်မှ လွတ်မြောက်သွားခဲ့ပြီး သူ၏ အမုန်းတရားများကို လူစီဖာ ထံသို့ လွှဲပြောင်းပေးခဲ့သည်။ အကယ်၍သာ ရှီလဲ့သည် လူစီဖာဖြစ်ကြောင်း သူသိခဲ့လျှင် ရွှမ်ချင်းတက္ကသိုလ်သို့ လာရောက်ပြီး ကြွားလုံးထုတ်ရဲမည် မဟုတ်ချေ။
ပြိုင်ပွဲဝင်များ စောင့်ဆိုင်းရာနေရာတွင် ရှီလဲ့၏ မျက်လုံးများ၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် စင်ပေါ်မှ ချန်ဖုန်းကို ကြည့်ကာ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိသည်။
‘ကောင်စုတ်လေး၊ မင်း ရွှမ်ချင်းတက္ကသိုလ်ကို လာရဲလိမ့်မယ်လို့ ငါမထင်ထားဘူး...အကိုကြီးရှီက အရမ်းကို ဒေါသထွက်နေတာနော်’
စင်ပေါ်တွင်မူ ချန်ဖုန်းသည် မိမိအား ရှီလဲ့က ပစ်မှတ်ထားနေသည်ကို မသိသေးပေ။ သူသည် ပြုံးရွှင်သော မျက်နှာဖြင့် လက်ပ်တော့ကို စားပွဲပေါ်တွင် တင်လိုက်ပြီး ကွန်ပျူတာအသင်းမှ ဝန်ထမ်းများကို ပရိုဂျက်တာနှင့် ချိတ်ဆက်ပေးရန် ပြောလိုက်သည်။
ချန်ဖုန်းသည် မိုက်ကရိုဖုန်းကို ကိုင်ကာ မိတ်ဆက်လိုက်သည်။ “ရွှမ်ချင်းတက္ကသိုလ်က ကျောင်းသားများ၊ လေးစားရတဲ့ လူကြီးမင်းတွေနဲ့ မျှတတဲ့ ဒိုင်လူကြီးမင်းများခင်ဗျာ၊ အားလုံးပဲ မင်္ဂလာပါ ကျွန်တော့်နာမည်က ချန်ဖုန်းပါ၊ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာဌာနက ဖြစ်ပါတယ်”
ခန်းမကြီးအတွင်း၌ လက်ခုပ်သံ လုံးဝထွက်မလာခဲ့ပါ။ ရွှမ်ချင်းတက္ကသိုလ်နှင့် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်တို့သည် ရန်ငြိုးရန်စ သမိုင်းကြောင်း ရှည်လျားလှသည်။ ယခု ရွှမ်ချင်းတက္ကသိုလ်၏ ကျောင်းတွင်းဆော့ဖ်ဝဲပြိုင်ပွဲတွင် တစ်ဖက်လူက လာရောက်အရှက်ခွဲခြင်းမှာ ခွင့်လွှတ်နိုင်စရာ မရှိပေ။
ပြိုင်ပွဲတင်ဆက်သူအဖြစ် ကျူးဒန်က လှောင်ပြောင်သရော်လိုက်သည်။ “သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ကျောင်းသား ချန်ဖုန်း၊ မင်းတို့တက္ကသိုလ်က တီထွင်ထားတဲ့ ဆော့ဖ်ဝဲကို မြန်မြန်လေး သရုပ်ပြပေးပါဦး”
ကျူးဒန်၏ စကားလုံးများမှာ အနည်းငယ် ပြင်းထန်လှသည်။ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်အဖွဲ့သည် ကျောင်း၏ အရှိန်အဝါကို အသုံးချကာ ဤပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း သူမက သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။
ချန်ဖုန်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ “လှပတဲ့ တင်ဆက်သူမလေးခင်ဗျာ၊ ကျွန်တော်က ခင်ဗျားနဲ့ မနှိုင်းယှဉ်သာပါဘူး.. အခု ကျွန်တော်ပြသမယ့် စာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်ကို ကျွန်တော်တစ်ယောက်တည်း တီထွင်ထားတာပါ.. သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ရဲ့ အရှိန်အဝါကို မသုံးထားပါဘူး ခင်ဗျား မယုံရင် သရုပ်ပြပြီးတဲ့အခါ သက်သေပြပါ့မယ်” ချန်ဖုန်း၏ စကားများမှာလည်း လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။ ကျူးဒန်သည် သူမ၏ လှပသောမျက်နှာကို အသုံးချကာ တင်ဆက်သူဖြစ်လာခြင်း ဖြစ်နိုင်ကြောင်း၊ သူမ၏ နောက်ကွယ်တွင် မရိုးသားသော အပေးအယူများ ရှိနိုင်ကြောင်း သူက သွယ်ဝိုက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျူးဒန်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသော်လည်း ချိုသာစွာ ပြုံးပြလိုက်ကာ “ကျောင်းသား ချန်ဖုန်း၊ မင်းရဲ့ ဆော့ဖ်ဝဲကို ဒီလောက်တောင် အမွှမ်းတင်နေမှတော့ ငါတို့ကို ပြသပေးပါဦး” ဟု ပြောလိုက်သည်။
ချန်ဖုန်းသည် မောက်စ်ကို ကိုင်ကာ လက်ပ်တော့ပေါ်တွင် စတင်အသုံးပြုပြသည်။ ပရိုဂျက်တာ ပိတ်ကားပေါ်တွင် လက်ပ်တော့၏ ပုံရိပ် ပေါ်လာသည်။ စာအုပ်ဟူသော စာလုံးကို ရှေးဟောင်းလက်ရေးလှစတိုင်ဖြင့် ရေးထားသည်။ အရောင်မှာလည်း ရှေးဟောင်းသားရေလိပ် အရောင်မျိုး ဖြစ်သည်။
“ဒီစာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်ကို ရေးသားပြီး စမ်းသပ်မှုတွေလည်း လုပ်ပြီးပါပြီ...”
နောက်ခံတွင် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ တံဆိပ် ပါရှိသည်။ ထို့ပြင် ဤပရိုဂရမ်ကို တီထွင်သူမှာ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ချန်ဖုန်းဖြစ်ကြောင်း သိသာထင်ရှားသော စာလုံးကြီးများဖြင့် ဖော်ပြထားသည်။တပ်ဆင်မှုလုပ်ငန်းစဉ်မှာ အလွန်မြန်ဆန်လှသည်။ စက္ကန့် ၃၀ ခန့်အတွင်းမှာပင် အလိုအလျောက် ပြီးဆုံးသွားခဲ့သည်။
လပ်တော့ပ် ပေါ်တွင် နောက်ထပ် ‘စာာ
အုပ်’ အိုင်ကွန်တစ်ခု ထပ်ပေါ်လာသော်လည်း ဤတစ်ကြိမ်တွင်မူ လိမ္မော်ရောင် အိုင်ကွန်လေး ဖြစ်သည်။ ချန်ဖုန်းသည် ထိုအိုင်ကွန်ကို နှိပ်လိုက်ရာ လှုပ်ရှားနေသော လော့ဂ်အင်ဖရိန် တစ်ခု ပေါ်လာသည်။
နောက်ခံမှာ ဝါးစာလိပ် ပုံစံဖြစ်ပြီး၊ ၎င်းပေါ်တွင် မတူညီသော ခေတ်အဆက်ဆက်မှ စာလုံးများ ဆက်တိုက်ပေါ်ထွက်နေကာ ရှေးဟောင်းခံစားချက်ကို ပေးစွမ်းသည်။
ပင်မမျက်နှာပြင်မှာ အလွန်ရိုးရှင်းပါသည်။ ရှာဖွေရေးစနစ်တစ်ခုသာ ပါရှိသည်။ ချန်ဖုန်းက ‘သမိုင်း’ ဟူသော စာလုံးကို ရိုက်ထည့်လိုက်သည်။ ‘ရှာဖွေမည်’ ကို နှိပ်လိုက်သောအခါ ‘သမိုင်း’ ဟူသော စာလုံးပါဝင်သည့် စာအုပ်အမြောက်အမြား ပေါ်လာသည်။
သူက ‘ခေတ်သစ်သမိုင်း’ အမည်ရှိ စာအုပ်ကို တစ်ချက်နှိပ်လိုက်သည်။ ထိုစာအုပ်၏ အသေးစိတ် အခြေအနေများမှာ ပင်မမျက်နှာပြင်တွင် ချက်ချင်းပေါ်လာသည်။ ၎င်းတွင် စာအုပ်သည် လက်ရှိစာကြည့်တိုက်၌ ရှိ၊ မရှိ၊ ငှားရမ်းမှုမှတ်တမ်း၊ စာအုပ်၏ အခြေအနေ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ဝယ်ယူသည့်အချိန် စသည်တို့ အပြည့်အစုံ ပါဝင်သည်။
ချန်ဖုန်းသည် ဘယ်ဘက်လက်ဖြင့် မိုက်ကရိုဖုန်းကို ကိုင်ကာ မိတ်ဆက်ပေးသည်။ “ဒီစာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်က ရိုးရှင်းပြီး ရှင်းလင်းပါတယ်..စာအုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို ရှာဖွေရေးစနစ်တစ်ခုထဲမှာ ပေါင်းစည်းထားတာပါ.. ပင်မမျက်နှာပြင်ကို ရိုးရှင်းတဲ့ပုံစံနဲ့ ပြသထားပြီး၊ နှိပ်လိုက်တာနဲ့ အသေးစိတ် အချက်အလက်တွေကို ရရှိနိုင်ပါတယ်... ဒါဟာ စနစ်ကို တတ်နိုင်သမျှ ရိုးရှင်း၊ ရှင်းလင်းပြီး နားလည်လွယ်အောင် လုပ်ထားတာပါ... ကွန်ပျူတာ အခြေခံဗဟုသုတ မရှိတဲ့သူတွေတောင် ၅ မိနစ်အတွင်းမှာ တတ်မြောက်နိုင်ပါတယ်”
ကျူးဒန်က အချိန်ကိုက် ကြားဖြတ်မေးလိုက်သည်။ “ကျောင်းသား ချန်ဖုန်း၊ ကွန်ပျူတာ အခြေခံမရှိတဲ့သူတွေက စာရိုက်တတ်လို့လား.. စာအုပ်အခြေအနေ စစ်ဆေးတာတို့၊ ငှားရမ်းမှုလုပ်ငန်းစဉ်တွေ လုပ်တာတို့မှာ စာရိုက်ဖို့ လိုအပ်မယ် ထင်ပါတယ်နော်”
ချန်ဖုန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။ “လှပတဲ့ တင်ဆက်သူမလေးခင်ဗျာ၊ အပေါ်ယံကြည့်ရုံနဲ့ မဆုံးဖြတ်ပါနဲ့ ဒီစနစ်က အပြင်ပန်းမှာ ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ ပရိုဂရမ်တစ်ခုက ပိုပြီးရိုးရှင်းလေလေ၊ ထူးချွန်ဖို့ ပိုခက်လေလေပါပဲ ကျွန်တော် တီထွင်ထားတဲ့ စနစ်မှာ အသုံးပြုသူတွေအတွက် အဆင်ပြေဆုံးဖြစ်အောင် အများကြီး ထည့်ထားပါတယ်..စာရိုက်မတတ်ရင်တောင် ကိစ္စမရှိပါဘူး ရှာဖွေရေးစနစ်မှာ အနီးစပ်ဆုံးရှာဖွေခြင်းစနစ် ပါပါတယ်.. စာအုပ်အမည်ရဲ့ ပင်ယင်းစာလုံးတွေကို ရိုက်ထည့်ရုံနဲ့တင် စမတ်ကျကျ ရှာဖွေနိုင်ပါတယ်.. ဥပမာ ခေတ်သစ်သမိုင်း အတွက် ရှေ့စာလုံးလေးတွေ ရိုက်လိုက်ရုံနဲ့ ရှာလို့ရပါတယ်”
ကျူးဒန် ထပ်ပြောတော့မည်ကို မြင်သောအခါ ချန်ဖုန်းက ဆက်ပြောလိုက်သည်။ “စာကြည့်တိုက်မှူးတစ်ယောက်က ကီးဘုတ်ပေါ်က စာလုံးတွေကိုတောင် မမှတ်မိဘူးဆိုရင်တော့ ကျွန်တော် ဘာမှမပြောလိုတော့ပါဘူး.. အဲဒီစာကြည့်တိုက်ကို မြန်မြန်လေး ပိတ်လိုက်တာ ပိုကောင်းမယ်လို့ပဲ ပြောချင်ပါတယ်.
ပင်ယင်ရှေ့စာလုံးနဲ့ ရှာဖွေတာဟာ ပိုပြီးမြန်မြန်ဆန်ဆန် ရှာဖွေနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ် ဒါ့အပြင် ဒီစနစ်ကို စာကြည့်တိုက်ကတ် စကင်နာနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်... စာကြည့်တိုက်ကတ်ကို စကင်ဖတ်လိုက်တာနဲ့ ငှားရမ်းသူရဲ့ အချက်အလက်တွေကို မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ...အကယ်၍ စာကြည့်တိုက်ကတ် မရှိရင်လည်း မှတ်ပုံတင်ကို သုံးပြီး စနစ်ထဲဝင်ကာ ယာယီငှားရမ်းနိုင်ပါတယ်”
ကျူးဒန်က မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း ရယ်မောလိုက်သည်။ “ကျောင်းသား ချန်ဖုန်း၊ ဒါဆိုရင်တော့ ဒီစနစ်က တကယ်ကို မရိုးရှင်းဘူးပဲ ဒါပေမဲ့ ဒီလောက်ကောင်းမွန်တဲ့ စနစ်ကို မင်းတစ်ယောက်တည်း တီထွင်ခဲ့တာ တကယ်ပဲလား”
ကျောင်းတွင်းဆော့ဖ်ဝဲပြိုင်ပွဲ၏ တင်ဆက်သူတစ်ဦးအနေဖြင့် ကျူးဒန်၏ မေးခွန်းမှာ ယမ်းငွေ့များဖြင့် ပြည့်နှက်နေသည်။ သို့သော် ကျီမင်ယဲ့သည် သူမကို တားဆီးခြင်း မပြုခဲ့ပေ။ ထိုအစား သူသည် အသာအယာ ပြုံးလျက် ကျူးဒန်ကို အားပေးသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ကျူးဒန်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် ချန်ဖုန်းသည် နောက်ဆုတ်မသွားဘဲ ပြုံးလိုက်သည်။ “ရှောင်ပိုင်၊ တက်ခဲ့”
သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ကွန်ပျူတာအသင်း၏ ပင်တိုင်အဖွဲ့ဝင်တစ်ဦးဖြစ်သော ရှရှောင်ပိုင်သည် အပြာရောင် ဖိုင်တွဲတစ်ခုကို ကိုင်လျက် စင်ပေါ်သို့ လျှောက်လာပြီး ချန်ဖုန်းထံ ပေးလိုက်သည်။
ချန်ဖုန်းက ထိုဖိုင်တွဲကို ယူလိုက်ပြီး ပြောသည်။ “ဒါကတော့ ဆော့ဖ်ဝဲ တီထွင်မှု လုပ်ပိုင်ခွင့်စာလွှာနဲ့ ဆော့ဖ်ဝဲရဲ့ ရင်းမြစ်ကုဒ်ပိုင်ဆိုင်မှု လွှဲပြောင်းစာချုပ်ပဲ ဖြစ်ပါတယ် ဒီစာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်ကို ‘ရွှမ်းဟူခရိုင် အများသုံးစာကြည့်တိုက်’ က တီထွင်ပေးဖို့ အပ်နှံခဲ့တာပါ.. တီထွင်မှု ပြီးဆုံးတဲ့အခါ လွှဲပြောင်းမှုစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်း လွှဲပြောင်းခ ယွမ် တစ်သိန်း ရရှိခဲ့ပါတယ်.. ဒါဟာ ကျွန်တော်တစ်ယောက်တည်း တီထွင်ခဲ့တာဆိုတာကို သက်သေပြဖို့ လုံလောက်မယ် ထင်ပါတယ်နော်”
ကျူးဒန်၏ မျက်နှာ ပျက်သွားသည်။ ချန်ဖုန်းက ဤမျှအထိ ပြင်ဆင်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဒိုင်ခုံတွင်မူ ကျီမင်ယဲ့သည် ဟွမ်ချိုးလင်ကို သိန်းငှက်တစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်နေသည်။ သူ၏ ရင်ထဲမှ ဒေါသများမှာ ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ပင်။ သူ အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသည်!
“ဟဲဟဲ၊ ဟွမ်ဟောင် မင်းရဲ့ ဒီအကွက်က တကယ်ကို ပြောင်မြောက်တာပဲ” ကျီမင်ယဲ့က အေးစက်စွာ ပြောလိုက်သည်။
ဟွမ်ချိုးလင်က ဂုဏ်ယူစွာဖြင့် “ကျီဟောင်၊ မင်းက အမြဲတမ်း ငါ့အထက်မှာ ရှိနေပေမဲ့ ငါသင်ပေးထားတဲ့ ကျောင်းသားတွေကတော့ မင်းကျောင်းသားတွေထက် အများကြီး ပိုတော်ပုံရတယ်” ဟု ပြောသည်။
အန်းမင်ယဲ့က မျက်မှောင်ကြုတ်လျက် ဟွမ်ချိုးလင်ကို မကျေမနပ် ကြည့်လိုက်သည်။ သို့သော် သူသည် ဟွမ်ချိုးလင်နှင့် ယှဉ်ပြီး ငြင်းခုံခြင်း မပြုလိုပေ.. ဟွမ်ချိုးလင်မှာ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ကွန်ပျူတာဌာနမှူးမျှသာ ဖြစ်ပြီး အန်းမင်ယဲ့မှာမူ ရွှမ်ချင်းတက္ကသိုလ်၏ ကျောင်းအုပ်ကြီး ဖြစ်သဖြင့် ဟွမ်ချိုးလင်နှင့် ငြင်းခုံရန် မသင့်တော်ပေ..
ကွန်ပျူတာဌာနမှ ကျန်းစုန့်က ကြားဖြတ်ပြောလိုက်သည်။ “ဌာနမှူးဟွမ်၊ စောစောစီးစီးတော့ သိပ်ဝမ်းမသာပါနဲ့ဦး.. စကားပုံရှိသလိုပေါ့၊ မျှော်လင့်ချက်ကြီးလေ စိတ်ပျက်ရလေပါပဲ.. သိပ်လည်း ဝမ်းမသာပါနဲ့၊ သိပ်လည်း ဝမ်းမနည်းပါနဲ့.. ငါတို့ ရွှမ်ချင်းတက္ကသိုလ်မှာ တစ်ခုခု ဖြစ်လာရင်တော့ မကောင်းဘူးနော်”
ကျီမင်ယဲ့၏ မျက်လုံးများလည်း ဝင်းလက်သွားသည်။ ရှီလဲ့လည်း ဤပြိုင်ပွဲတွင် ပါဝင်နေသည်ကို သူ သတိရသွားသည်။
ရှီလဲ့သည် ကင်မရာလောက၏ ဘုရင်ဖြစ်နေသော ကုမ္ပဏီတို့ကို ဖိတ်ကြားနိုင်ခဲ့သည်။ ဤအချက်၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် တစ်ခုခု ရှိရမည်။ မဟုတ်လျှင် ဤကုမ္ပဏီကြီး နှစ်ခုက ကျောင်းတွင်းပြိုင်ပွဲတစ်ခုတွင် ဘာကြောင့် လာရောက်ပါဝင်နေမည်နည်း။
ကျူးဒန်က တရားဝင်အပြုံးလေးဖြင့် ပြောလိုက်သည်။ “မျှတတဲ့ ဒိုင်လူကြီးမင်းများရှင်၊ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ချန်ဖုန်းအတွက် အမှတ်ပေးပေးကြပါဦးရှင်”
ကျီမင်ယဲ့သည် မျက်နှာပျက်ပျက်ဖြင့် အမှတ်ပေးဘုတ်ပေါ်တွင် အမှတ်တစ်ခု ရေးလိုက်သည်။ ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာဌာနမှူးတစ်ဦးအနေဖြင့် သူသည် မိမိ၏ အသိစိတ်ဓာတ်ကို ဆန့်ကျင်ပြီး တမင်အမှတ်လျှော့ပေးခြင်း မပြုနိုင်ပေ။
ကွန်ပျူတာအသင်းမှ ကိုယ်စားလှယ် ဆယ်ဦးကမူ ထိုမျှအထိ ယဉ်ကျေးမနေကြပေ။ သူတို့သည် ချန်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ကာ နောက်ဆုံးတွင် အမှတ်ပေးဘုတ်ပေါ်၌ အမှတ် (၁) သာ ရေးလိုက်ကြသည်။
ကျင်းယိုဆော့ဖ်ဝဲကုမ္ပဏီနှင့် ကျစ်ရှန့် အင်တာနက်လုံခြုံရေးကုမ္ပဏီတို့မှာမူ အမှတ် (၇) စီ ပေးခဲ့ကြသည်။ ၎င်းမှာ အလွန်မြင့်မားခြင်း မရှိသလို၊ အလွန်နိမ့်ကျခြင်းလည်း မရှိသော်လည်း သူတို့၏ အသိစိတ်ဓာတ်ကို ဆန့်ကျင်ပြီး ပေးခဲ့သည့် အမှတ်နည်းနည်းလေးသာ ဖြစ်သည်။
ကျုံးမုယွမ်နှင့် လူးဝစ်တို့မှာမူ သူတို့၏ အမှတ်များကို ရေးချလိုက်ပြီး ကြေညာရန် စောင့်ဆိုင်းနေကြသည်။
မိနစ်အနည်းငယ်အကြာတွင် ကျူးဒန်က စင်ပေါ်မှ ကြေညာလိုက်သည်။ “မျှတတဲ့ ဒိုင်လူကြီးမင်းများရှင်၊ ကျေးဇူးပြုပြီး အမှတ်တွေ ပြပေးပါဦးရှင်”
ကွန်ပျူတာအသင်းမှ ပေးလိုက်သည့် အမှတ် (၁) ကို မြင်သောအခါ လူတိုင်း မှင်တက်သွားကြပြီးနောက် အော်ဟစ်ရယ်မောလိုက်ကြသည်။ ကျီမင်ယဲ့ပင်လျှင် မရယ်ဘဲ မနေနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ၊ ၎င်းမှာ ကျောင်းသားများကြားမှ ဟာသတစ်ခုမျှသာ မဟုတ်ပါလား။
စပွန်ဆာကုမ္ပဏီ နှစ်ခုမှ ပေးသည့် အမှတ် (၇) မှာလည်း မထူးဆန်းပေ။ သူတို့သည် ချန်မင်၏ နောက်ကွယ်မှ အမာခံ ထောက်ခံသူများ ဖြစ်ကြရာ အခြားသူကို မည်သို့ ထောက်ခံနိုင်မည်နည်း။
ကျီမင်ယဲ့သည် သူ၏ အမှတ်ပေးဘုတ်ကို ဖြည်းဖြည်းချင်း မြှောက်ပြလိုက်သည်။ ၎င်းပေါ်တွင် ဂဏန်းကြီးကြီးဖြင့် (၁၈) မှတ်ဟု ရေးထားသည်။
ဟွမ်ချိုးလင်က ရယ်မောရင်း ပြောသည်။ “ မင်းက တကယ်ကို ဖြောင့်မတ်တဲ့ ကျီမင်ယဲ့ပဲ ငါတို့ ဆက်ဆံရေးက မကောင်းပေမဲ့ မင်းကတော့ မင်းရဲ့ အသိစိတ်ဓာတ်ကို မဆန့်ကျင်ခဲ့ဘူးပဲ”
“ဟွန့် ငါက အဲဒီလို ညစ်ပတ်တဲ့ အကွက်တွေကို ဂရုမစိုက်ဘူး” ကျီမင်ယဲ့က နှာခေါင်းရှုံ့လိုက်သည်။
ပတ်ထရီးရော့တ် နှင့် လိုင်ကာ ကုမ္ပဏီတို့က သူတို့၏ အမှတ်ပေးဘုတ်များကို ဖွင့်ပြလိုက်ရာ (၆) မှတ်စီ နောက်တစ်ကြိမ် ထပ်ထွက်လာပြန်သည်။ဤသည်မှာ သူတို့ (၆) မှတ် ပေးခြင်း တတိယအကြိမ်မြောက် ဖြစ်သည်။
ကျူးဒန်က စိတ်ဝင်တစား မေးလိုက်သည်။ “မစ္စတာကျုံး ဘာကြောင့် ၆ မှတ်ပဲ ထပ်ပေးရတာလဲရှင်.. ဒီစာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်ရဲ့ စီးပွားဖြစ်တန်ဖိုးက ရှင်တို့ မျက်စိထဲမှာ အဖတ်မတင်သေးလို့လား ဒါပေမဲ့ ဒီစနစ်က ဆော့ဖ်ဝဲလွှဲပြောင်းခ ယွမ် တစ်သိန်းတောင် ရရှိထားပြီးပြီလေ.. ဒါဟာ သူ့ရဲ့ စီးပွားဖြစ်တန်ဖိုးကို အပြည့်အဝ သက်သေပြနေတာ မဟုတ်ဘူးလား”
ကျုံးမုယွမ်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ “ယွမ် တစ်သိန်းလောက်ကိုပဲ စီးပွားဖြစ်တန်ဖိုးလို့ ခေါ်နေတာလား...ဒါက ကလေးကလား မဆန်လွန်းဘူးလား ရှီလဲ့ စင်ပေါ်တက်လာတာကိုသာ စောင့်ကြည့်လိုက်စမ်းပါ”