အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း - ၈၃
ပြိုင်ပွဲဝင်များနေရာတွင် ရှီလဲ့က ပြုံးနေမိသည်။ သူ့ဘေးတွင် ထိုင်နေသော လင်းယွီမော့က ရှီလဲ့၏ လက်မောင်းကို ဆိတ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ရှင့် အလှည့်ရောက်တော့မယ်နော် ဒီနေ့ပြီးရင် ချောချောလှလှ ကောင်မလေးတွေက လာပြီး စကားပြောတာတို့၊ အတွေ့အကြုံ နှီးနှော်တာတို့ လုပ်ကြတော့မှာ.. ရှင် အဲဒါကို မျှော်လင့်နေတယ် မဟုတ်လား”
ရှီလဲ့သည် ထိုသဝန်တိုသလိုလို မူနွဲ့သံကို ကြားသောအခါ ခေါင်းငြိမ့်ရန် မဝံ့ရဲဘဲ အမြန်ငြင်းလိုက်သည်။ “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ရှောင်မော့ရာ.. မင်းကလည်း ဘာလို့ အဲလိုတွေးရတာလဲ”
ကျူးဒန်သည် စင်ပေါ်တွင် ရပ်လျက် ဒိုင်အားလုံး၏ အမှတ်များကို စုပေါင်းလိုက်ပြီးနောက် ပြောလိုက်သည်။ “ဌာနမှူးကျိရဲ့ အမြင့်ဆုံးအမှတ် ၉ မှတ်နဲ့ ကွန်ပျူတာအသင်းရဲ့ အနိမ့်ဆုံးအမှတ် ၁ မှတ်ကို ဖယ်ထုတ်လိုက်ရင် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ချန်ဖုန်းရဲ့ နောက်ဆုံးရမှတ်က ၃၅ မှတ် ဖြစ်ပါတယ် လောလောဆယ်မှာတော့ သူက ဒုတိယနေရာမှာ ရှိနေပါတယ်ရှင်”
ချန်ဖုန်း၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ သူသည် နှာခေါင်းရှုံ့ကာ စင်အောက်ရှိ ဟွမ်ချိုးလင်ထံသို့ လျှောက်သွားလိုက်သည်။ သူ၏ မျက်နှာမှာ မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နှက်နေပြီး “ဌာနမှူးဟွမ်၊ ဒါက မတရားဘူး” ဟု ဆိုသည်။
ဟွမ်ချိုးလင်က လှောင်ပြောင်သော လေသံဖြင့် “ချန်ဖုန်း၊ ငြိမ်ငြိမ်နေစမ်း ဒါက ရွှမ်ချင်းတက္ကသိုလ်ရဲ့ နယ်မြေ... မင်း ပါဝင်ခွင့်ရတာကိုပဲ ဘုရားပေးတဲ့ ဆုလို့ မှတ်လိုက်စမ်းပါ... မင်းက ပထမတောင် လိုချင်သေးတာလား”
ကျီမင်ယဲ့သည် သူ၏ လက်သီးကို တင်းတင်းဆုပ်ထားပြီး အံကြိတ်ကာ ပြောလိုက်သည်။ “ဟွမ်ဟောင် သိပ်ပြီးတော့ မောက်မာမနေနဲ့”
ကျူးဒန်က စင်ပေါ်မှ ကြေညာလိုက်သည်။ “အခု စတုတ္ထမြောက် ပြိုင်ပွဲဝင်ဖြစ်တဲ့ ကွန်ပျူတာဌာန၊ ဆဋ္ဌမနှစ်၊ အတန်း ၅ က ‘ကော့တန်’ ကို ဖိတ်ခေါ်ပါတယ်ရှင်”
ကော့တန်သည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ယောက် ဖြစ်သည်။ သူသည် မျက်နှာနီမြန်းစွာဖြင့် စင်ပေါ်သို့ တက်လာပြီး မိုက်ကရိုဖုန်းကို ယူကာ “အားလုံးကို တောင်းပန်ပါတယ်.. ကျွန်တော် နုတ်ထွက်ပါတယ်” ဟု ပြောလိုက်သည်။
အစောပိုင်းက ချန်မင်၏ သင်ကြားရေးစနစ်နှင့် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ ချန်ဖုန်း၏ စနစ်တို့ကို မြင်တွေ့ခဲ့ပြီးနောက် ကော့တန်သည် စင်ပေါ်တက်ကာ အရှက်မကွဲချင်တော့ပေ။ နုတ်ထွက်ခြင်းမှာ အရှက်ရစရာဟု ထင်ရသော်လည်း မိမိကိုယ်ကိုယ် သိတတ်သည်ဟူသော နာမည်ကောင်းတော့ ရနိုင်ပေသည်။
ကော့တန် နုတ်ထွက်ပြီးနောက် နောက်ဆက်တွဲ ပြိုင်ပွဲဝင်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် နုတ်ထွက်သွားကြရာ နောက်ဆုံးတွင် ရှီလဲ့၏ အလှည့်သို့ ရောက်လာတော့သည်။
ကျူးဒန်က “နောက်ထပ် ပြိုင်ပွဲဝင်ကတော့ မွန်းလွဲပိုင်း အသံလွှင့်အစီအစဉ်ရဲ့ ဧည့်သည်တော်လည်း ဖြစ်ပါတယ်..သူကော ဘယ်လို ထူးခြားတဲ့ သရုပ်ပြမှုကို ယူဆောင်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ...ကွန်ပျူတာဌာန၊ ဆဋ္ဌမနှစ်၊ အတန်း ၃ က ရှီလဲ့ကို နွေးထွေးတဲ့ လက်ခုပ်သံနဲ့ ကြိုဆိုပေးကြပါဦးရှင်”
ပရိသတ်ထဲမှ လက်ခုပ်သံ ကျဲကျဲလေး ထွက်ပေါ်လာသော်လည်း ရှီလဲ့က ဂရုမစိုက်ပေ။ သူသည် စင်ပေါ်သို့ လျှောက်လှမ်းလာပြီး ကျူးဒန်လက်ထဲမှ မိုက်ကရိုဖုန်းကို ယူကာ ပြုံးလျက် ပြောလိုက်သည်။ “အားလုံးပဲ မင်္ဂလာပါ ကျွန်တော့်ကို မသိတဲ့သူတွေအတွက် ကျွန်တော့်နာမည်က ရှီလဲ့ပါ.. ခင်ဗျားတို့က ယဉ်ယဉ်ကျေးကျေး ခေါ်ချင်ရင်တော့ အစ်ကိုကြီးရှီလို့ ခေါ်နိုင်ပါတယ်”
“ဟားဟားဟား...” ခန်းမကြီးအတွင်း ရယ်မောသံများ ပဲ့တင်ထပ်သွားသည်။ အမြဲတမ်း တည်ကြည်လှသော ကျီမင်ယဲ့ပင် ပြုံးလိုက်မိသည်။ ကျောင်းအုပ်ကြီး အန်းမင်ယဲ့က ဘေးရှိ ကျန်းစုန့်ကို မေးလိုက်သည်။ “ကျန်းစုန့် ဒီကလေး ရှီလဲ့က တကယ်ပဲ တော်လို့လား”
ကျန်းစုန့်က ခဏစဉ်းစားပြီးမှ ခေါင်းညိတ်ကာ ပြောသည်။ “ကျောင်းအုပ်ကြီး၊ ရှီလဲ့အကြောင်း ကျွန်တော် သိပ်တော့ မသိဘူး... ဒါပေမဲ့ သူ့ရဲ့ ကွန်ပျူတာ နည်းပညာကတော့ အတော်လေး မြင့်မားတယ်ဆိုတာ ကျွန်တော် သိတယ်”
ကျောင်းဖွင့်စက ရှီလဲ့သည် အဆောင်စီမံခန့်ခွဲရေးရုံး၌ အဆောင်ပြောင်းရွှေ့မှုနှင့် ပတ်သက်၍ ကျန်းစုန့်တွင် သံသယအနည်းငယ် ရှိခဲ့ဖူးသည်။ ရှီလဲ့သာ အဆောင်ပြောင်းခွင့် ရခဲ့သည်ဆိုလျှင် သူ၏ ကွန်ပျူတာစွမ်းရည်မှာ မုချသာလွန်နေပေလိမ့်မည်။
“ခုနက လူတိုင်း ချန်မင်ရဲ့ အီလက်ထရွန်နစ် သင်ကြားရေးစနစ်ကို မြင်ပြီးကြပြီ.. ခင်ဗျားတို့ ဘယ်လိုထင်လဲ” ရှီလဲ့က တမင်သက်သက် ချန်မင်ကို ထည့်ပြောလိုက်ပြီး ဆက်ပြောသည်။ “အဲဒီ အီလက်ထရွန်နစ် သင်ကြားရေးစနစ်ဆိုတာ ကျွန်တော့်အမြင်မှာတော့ အမှိုက်ပဲ..စီးပွားဖြစ် ဖြန့်ချိဖို့ တန်ဖိုးကတော့ သုညနဲ့ အနီးစပ်ဆုံးပဲ”
ပြိုင်ပွဲဝင်နေရာတွင် ထိုင်နေသော ချန်မင်သည် လက်သီးကို တင်းတင်းဆုပ်ကာ ရှီလဲ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ သူက တီးတိုးရေရွတ်လိုက်သည်။ “တောက် ရှီလဲ့၊ မင်း ငါ့လက်ရာကို ဒီလောက်အထိ စော်ကားရဲတယ်ပေါ့”
ကျီမင်ယဲ့သည် မိုက်ကရိုဖုန်းကို ကိုင်ကာ အဟမ်းဟု ချောင်းဟန့်လျက် ရှီလဲ့ကို သိပ်မလွန်ရန် သတိပေးလိုက်သည်။
ရှီလဲ့က အကြောင်းအရာကို ပြောင်းလိုက်ပြီး “သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ချန်ဖုန်းရဲ့ စာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်ကလည်း အမှိုက်ပုံပါပဲ ရွှမ်းဟူခရိုင် အများသုံးစာကြည့်တိုက်မှာ စာအုပ်ပေါင်း ၁ သိန်းလောက်ပဲ ရှိတာလား..ဒီလောက် စာကြည့်တိုက်သေးသေးလေးအတွက် စနစ်တစ်ခုနဲ့ ငါတို့ ရွှမ်ချင်းတက္ကသိုလ်မှာ လာကြွားနေတာကတော့ သေတွင်းတူးတာပဲ ချန်ဖုန်းနဲ့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် ကွန်ပျူတာဌာနမှူး ဟွမ်ချိုးလင်ခင်ဗျာ၊ ကျွန်တော် ရှီလဲ့ ဒီကနေ ဒီနေ့ ပြောလိုက်မယ်...ရွှမ်ချင်းတက္ကသိုလ် စာကြည့်တိုက်အတွက်လည်း စနစ်တစ်ခု လိုအပ်နေတယ်... ခင်ဗျားတို့သာ တကယ်လုပ်နိုင်မယ်ဆိုရင် ကျွန်တော် ယွမ် ၁ သန်း ပေးမယ်”
ရောက်ရှိနေသော ဆရာ၊ ကျောင်းသားများနှင့် ဖိုရမ်တွင် Live ကြည့်နေသူများ အားလုံး အံ့အားသင့်ကာ အသက်ပင် ရှူမှားသွားကြသည်။
၂၀၀၆ ခုနှစ်တွင် ယွမ် ၁ သန်းဆိုသည်မှာ လူတစ်ယောက်ကို ခေါင်းမူးသွားစေနိုင်ပြီး သွေးဖိအား တက်သွားစေနိုင်သည့် ကိန်းဂဏန်းပင်။
ဒိုင်ခုံတွင် ထိုင်နေသော ဟွမ်ချိုးလင်သည် သိက္ခာကိုပင် ဂရုမစိုက်တော့ဘဲ ကျီမင်ယဲ့၏ မိုက်ကရိုဖုန်းကို ဆွဲယူကာ လောလောလောလောနှင့် မေးလိုက်သည်။ “မင်း အတည်ပြောနေတာလား”
ရှီလဲ့က နှာခေါင်းရှုံ့ကာ “အတည်မပြောလို့ ဟာသပြောနေတာ မှတ်လို့လား” ဟု ဆိုသည်။
ဟွမ်ချိုးလင်က ရယ်မောပြီး “ကျောင်းသား ရှီလဲ့၊ မင်းက ယွမ် ၁ သန်း ထုတ်ပေးနိုင်လို့လား ၁ သန်းဆိုတာ ဘယ်လောက်များလဲဆိုတာ မင်း မသိသေးဘူး ထင်တယ်”
လိုင်ကာ ကော်ပိုရေးရှင်းမှ လူးဝစ်က တရုတ်စကားဖြင့် ဝင်ပြောသည်။ “ကျွန်တော်တို့ လိုင်ကာ ကော်ပိုရေးရှင်းက မစ္စတာရှီလဲ့အတွက် ယွမ် ၁ သန်း အာမခံပေးဖို့ အသင့်ပါပဲ”
ဟွမ်ချိုးလင်သည် မျက်နှာ အဖြတ်ခံလိုက်ရသော်လည်း ဟားတိုက်ရယ်မောကာ ပြောသည်။ “ကောင်းပြီလေ ကျောင်းသား ရှီလဲ့၊ အဲဒါဆို သဘောတူပြီ...ငါ မင်းတို့ ရွှမ်ချင်းတက္ကသိုလ်အတွက် စာကြည့်တိုက်စနစ် တီထွင်ပေးမယ်၊ မင်းက ယွမ် ၁ သန်း ပေးရမယ်”
ရှီလဲ့က ရယ်မောရင်း “ဌာနမှူး ဟွမ်ချိုးလင်၊ ကျွန်တော် သတိပေးဖို့ မေ့သွားလို့... ကျွန်တော်တို့ ရှုမ်းချင်းတက္ကသိုလ် စာကြည့်တိုက်မှာ စာအုပ်ပေါင်း ၃.၆ သန်းကျော် ရှိတယ်... ကျွန်တော် လိုချင်တဲ့ စနစ်က စာအုပ်တိုင်းရဲ့ တည်နေရာကို ဆော့ဖ်ဝဲကနေ တိုက်ရိုက် ရှာဖွေနိုင်ရမယ်”
ဟွမ်ချိုးလင်သည် စာအုပ် ၃.၆ သန်းကျော်ဆိုသည့် ကိန်းဂဏန်းကြောင့် တစ်ချက် တုန်လှုပ်သွားပြီး ရှီလဲ့၏ တောင်းဆိုချက်ကြောင့် နောက်တစ်ကြိမ် ထပ်မံ ထိတ်လန့်သွားသည်။
ဆော့ဖ်ဝဲကနေ စာအုပ်တစ်အုပ်ချင်းစီရဲ့ တည်နေရာကို တိုက်ရိုက် ရှာနိုင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“ကျောင်းသား ရှီလဲ့၊ ငါတို့က ဆော့ဖ်ဝဲအကြောင်း သိတဲ့သူတွေပါ..မင်းက ဘာလို့ ဒီလောက် အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုချက်နဲ့ ငါ့ကို တမင် သက်သက် အခက်တွေ့အောင် လုပ်နေတာလဲ ဆော့ဖ်ဝဲကနေ စာအုပ်တည်နေရာ ရှာဖို့ဆိုတာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေထဲမှာပဲ ရှိတာပါ” ဟွမ်ချိုးလင်သည် အရှက်ရသဖြင့် ဒေါသတကြီး ပြောလိုက်သည်။
ရှီလဲ့က ဟွမ်ချိုးလင်ကို မထေမဲ့မြင် ကြည့်လိုက်ပြီး “ဌာနမှူးဟွမ်၊ ဘာမှ အပိုင်မပြောပါနဲ့ဦး ခင်ဗျားကိုယ်တိုင် မလုပ်နိုင်တာနဲ့ တခြားလူတွေလည်း မလုပ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့”
“ဒါဆို မင်းကကော လုပ်နိုင်လို့လား” ဟု ဟွမ်ချိုးလင်က ပြန်မေးသည်။
ရှီလဲ့က ပြန်မဖြေဘဲ “ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့ အခုတော့ ကျွန်တော် တီထွင်ထားတဲ့ ပြိုင်ပွဲဝင် ဆော့ဖ်ဝဲကို အရင်ပြပါရစေ” ဟု တိုက်ရိုက် ပြောလိုက်သည်။
ကျူးဒန်က ရှီလဲ့ဘေးတွင် ရပ်လျက် သံသယဖြင့် မေးသည်။ “ကျောင်းသား ရှီလဲ့၊ မင်း လပ်တော့ပ် မပါလာဘူးလား ဘယ်လို သရုပ်ပြမှာလဲ”
ရှီလဲ့က ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာအသင်းမှ ပံ့ပိုးပေးထားသော ယာယီလက်ပ်တော့ကို ညွှန်ပြကာ “ဒီလက်ပ်တော့က အင်တာနက် သုံးလို့ရလား” ဟု မေးသည်။
ကွန်ပျူတာအသင်းမှ ဝန်ထမ်းတစ်ဦးက “ရပါတယ် ဒါပေမဲ့ လိုင်းက နည်းနည်းလေး နှေးတယ်” ဟု ပြန်ဖြေသည်။
“ တင်ဆက်သူကျူး၊ ကျွန်တော့် ဆော့ဖ်ဝဲကို ဆာဗာပေါ်မှာ တင်ထားပြီးသားပါ.. ဒါကြောင့် လပ်တော့ပ်ကို နေရာတိုင်း သယ်သွားစရာ မလိုပါဘူး” ရှီလဲ့သည် ဝက်ဘ်ဘရောက်ဇာကို ဖွင့်ကာ သူ ဖန်တီးထားသော ယာယီဝက်ဘ်ဆိုက်လိပ်စာကို ရိုက်ထည့်ပြီး နံပါတ် (၁) ဆာဗာသို့ ချိတ်ဆက်လိုက်သည်။
ပရိုဂျက်တာမှတစ်ဆင့် လပ်တော့ပ်မျက်နှာပြင်သည် ပိတ်ကားကြီးပေါ်သို့ ပေါ်လာသည်။ ရိုးရှင်းသော ဝက်ဘ်ဆိုက်တစ်ခု ပေါ်လာပြီး ၎င်း၏ နောက်ခံမှာ အမည်းရောင်ဖြစ်ကာ ကြယ်ရောင်စုံများကဲ့သို့ အလင်းစက်များ ပြန့်ကြဲနေသည်။ ထိုကြယ်စင်ကောင်းကင်ယံ အလယ်တွင် အလင်းစက်ကလေးများဖြင့် ဖွဲ့စည်းထားသော ‘အပြုံးမျက်နှာ’ ပုံရိပ်ကလေးတစ်ခုက မှိန်ပျပျ လင်းလက်နေသည်။
ရှီလဲ့သည် မောက်စ်ကို ထိုအပြုံးမျက်နှာပေါ်သို့ ရွှေ့လိုက်သောအခါ မျက်နှာပြင်ပေါ်တွင် အစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး မောက်စ်ကို အမြန် ဝန်းရံလိုက်သည်။ နောက်ဆုံးတွင် ၎င်းသည် မောက်စ်ကို ငုံထားသော အစိမ်းရောင် သေတ္တာငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အပြုံးမျက်နှာကို နှိပ်လိုက်သောအခါ ထိုသေတ္တာငယ်လေးသည် နာရီမှန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံရှိ အလင်းစက်များအားလုံး နာရီမှန်၏ အပေါ်ပိုင်းတွင် စုစည်းကာ အောက်သို့ အမြန် စီးကျသွားသည်။
အလင်းစက်များ အားလုံး ကုန်ဆုံးသွားသောအခါ အမည်းရောင်နောက်ခံနှင့် နာရီမှန်တို့ ပျောက်ကွယ်သွားပြီး ရင်ခုန်စရာ ပုံရိပ်တစ်ခု ပေါ်လာသည်။ လူတစ်ယောက်သည် ကင်မရာကို ကိုင်လျက် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ဓာတ်ပုံရိုက်ပေးနေပြီး ထိုအမျိုးသမီးနှင့် ကလေးငယ်မှာ ပျော်ရွှင်စွာ ပြုံးနေကြသည်။
ပုံရိပ်၏ အပေါ်ပိုင်းတွင် “တောက်ပသော အပြုံးတိုင်းကို ထာဝရ သိမ်းဆည်းလိုက်ပါ” ဟူသော ကြော်ငြာစာသားလေး ပါရှိသည်။ ဤလုပ်ငန်းစဉ် တစ်ခုလုံးသည် ရှည်လျားပုံရသော်လည်း တကယ်တမ်းတွင် စက္ကန့် ၂၀ ခန့်သာ ကြာမြင့်ခဲ့သည်။
ရှီလဲ့က ဝက်ဘ်စာမျက်နှာကို ပိတ်လိုက်သောအခါ လက်ပ်တော့ ပေါ်တွင် အစိမ်းရောင် အပြုံးမျက်နှာ အိုင်ကွန်တစ်ခု ပေါ်လာသည်။ ထိုအိုင်ကွန်ကို နှိပ်လိုက်ပြီးနောက် ရှီလဲ့သည် သူ၏ ဘောင်းဘီအိတ်ထဲမှ HD ကင်မရာအသေးစားလေးတစ်ခုကို ထုတ်ကာ လက်ပ်တော့နှင့် ချိတ်ဆက်လိုက်သည်။
“ကျောင်းသားတို့... ခုနက တပ်ဆင်တဲ့ လုပ်ငန်းစဉ်ကို ဘယ်လိုမြင်လဲ.. အဲဒါကို Online Installation လို့ ခေါ်တယ်...ဆာဗာပေါ်က Image ဖိုင်ကို သုံးပြီး ကွန်ပျူတာပေါ်မှာ တိုက်ရိုက် တပ်ဆင်တာပါ.. ကွန်ပျူတာထဲမှာ Installation program တွေ ချန်ထားစရာ မလိုပါဘူး” ဟု ရှီလဲ့က ရှင်းပြလိုက်သည်။
ဟွမ်ချိုးလင်နှင့် ကျီမင်ယဲ့တို့မှာ ရှီလဲ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ၂၀၀၆ ခုနှစ်တွင် Cloud နည်းပညာဆိုသည်မှာ အလွန်ခေတ်မီသော နည်းပညာတစ်ခု ဖြစ်နေဆဲပင်။ ပထမနှစ် ကျောင်းသားတစ်ယောက်က ထိုကဲ့သို့သော ခေတ်မီနည်းပညာကို သိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ရှီလဲ့သည် HD ကင်မရာကို ယူကာ ကျူးဒန်ဆီသို့ ချိန်လိုက်ပြီးနောက် နောက်ပြောင်သော လေသံဖြင့် “ကောင်မလေး၊ ကိုယ့်ကို တစ်ချက်လောက် ပြုံးပြပါဦး” ဟု ပြောလိုက်သည်။
ကျူးဒန်ခဏမျှ ကြောင်သွားပြီးမှ ပြုံးလိုက်သည်။
ပရိုဂျက်တာ ပိတ်ကားပေါ်တွင် ကျူးဒန်၏ အပြုံးပေါ်သို့ အစိမ်းရောင် လေးထောင့်ကွက်လေးတစ်ခု ချက်ချင်း ပေါ်လာပြီး သူမ၏ အပြုံးကို ဖမ်းယူလိုက်ကာ ကင်မရာက အလိုအလျောက် ဖမ်းလိုက်သည်။
ရှီလဲ့က အူမြူးစွာ ရယ်မောလိုက်ပြီး “ကျောင်းသားတို့၊ ကျွန်တော့်ရဲ့ ဆော့ဖ်ဝဲ သရုပ်ပြမှု ပြီးဆုံးပါပြီ” ဟု ကြေညာလိုက်သည်။
ခန်းမကြီးအတွင်းရှိ ကျောင်းသားအားလုံးနီးပါး ဘာဖြစ်သွားမှန်း နားမလည်ကြပေ။
‘ရှီလဲ့က သရုပ်ပြမှု ပြီးပြီတဲ့လား ဘယ်လို ပြီးသွားတာလဲ ဒီဆော့ဖ်ဝဲရဲ့ အသုံးဝင်ပုံက ဘာလဲ’
ကျီမင်ယဲ့လည်း နားမလည်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ကင်မရာလောကမှ နည်းပညာရှင်တစ်ယောက် မဟုတ်ပါလား။ ဟွမ်ချိုးလင်ကမူ ဂုဏ်ယူစွာဖြင့် ဟားတိုက်ရယ်မောလိုက်သည်။ “ကျီဟောင် ကျီဟောင်.. ဒါလား မင်း မျှော်လင့်ချက် ကြီးကြီးထားတဲ့ ပြိုင်ပွဲဝင်ဆိုတာ ဒါက ဘာပရိုဂရမ်လဲ ကင်မရာထဲမှာ အစိမ်းရောင် လေးထောင့်ကွက်လေး ထည့်ပေးထားတာလား ဟားဟားဟား၊ ရယ်စရာကြီးဗျာ”
ကျီမင်ယဲ့က ကျူးဒန်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ ကျူးဒန်က ချက်ချင်းပင် ရှီလဲ့ကို မေးလိုက်သည်။ “ကျောင်းသား ရှီလဲ့၊ မင်းရဲ့ ဆော့ဖ်ဝဲက ဘာလုပ်ပေးနိုင်တာလဲ ကျွန်မတို့ အခုထိ နားမလည်သေးဘူး”
ရှီလဲ့က နောက်ပြောင်သော အမူအရာဖြင့် “တင်ဆက်သူကျူး၊ အခုထိ နားမလည်သေးဘူးလား ဒါဆို ကိုယ့်ကို နောက်တစ်ခါ ထပ်ပြုံးပြဦး.. နောက်တစ်ခါ ထပ်ပြပေးမယ်”
ကျူးဒန်က ရှီလဲ့ကို မျက်စောင်းထိုးလိုက်သော်လည်း ဆွဲဆောင်မှုရှိစွာ ထပ်မံ ပြုံးပြလိုက်ပြန်သည်။
ပရိုဂျက်တာပေါ်တွင် ကျူးတန်း၏ လှပသော အပြုံးသည် ကင်မရာပရိုဂရမ်၌ နောက်တစ်ကြိမ် ပေါ်လာပြန်သည်။ အစိမ်းရောင် လေးထောင့်ကွက်လေးသည် သူမ၏ အပြုံးကို ဖမ်းယူလိုက်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်လိုက်သည်။
“အကယ်၍ ခင်ဗျားတို့ အခုထိ နားမလည်သေးဘူးဆိုရင်တော့ ကျွန်တော့်အစား ရှင်းပြပေးဖို့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ဌာနမှူးဟွမ်ကို ဖိတ်ခေါ်ချင်ပါတယ်”
ရှီလဲ့သည် ဟွမ်ချိုးလင်ကို ကြည့်လိုက်သည်။ အရင်ဘဝတုန်းက ဟွမ်ချိုးလင်သည် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ကွန်ပျူတာဌာနကို အမြဲဘက်လိုက်ပြီး ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာဌာနကို အမြဲနှိမ်ခဲ့သည့် လူကြီးတစ်ယောက် မဟုတ်ပါလား။
‘ဟွမ်ဟောင် အရှက်ကွဲဖို့ ပြင်ထားပေတော့’
အခန်း - ၈၄
ရှီလဲ့သည် ဟွမ်ချိုးလင်ဘက်သို့ လှည့်လိုက်သည်။ ကျူးဒန်ကလည်း မီးလောင်ရာလေပင့်လိုက်ပြီး “ဌာနမှူး ဟွမ်ချိုးလင်၊ ခင်ဗျားရဲ့ အသိပညာအရဆိုရင် ရှီလဲ့ရဲ့ ဆော့ဖ်ဝဲအနှစ်သာရကို နားလည်လောက်မှာပါနော်” ဟု ဆိုသည်။
ဟွမ်ချိုးလင်သည် မိုက်ကရိုဖုန်းကို ယူကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာဌာနက နာမည်နဲ့မလိုက်အောင် ညံ့ဖျင်းလှချည်လား ရှီလဲ့ရဲ့ ဆော့ဖ်ဝဲက ဘာတွေ အရေးပါနေလို့လဲ...ကင်မရာရိုက်တဲ့ ပရိုဂရမ်ထဲမှာ Focus ဖမ်းတာနဲ့ အလိုအလျောက် ရိုက်တဲ့ Function လေး ထည့်လိုက်တာလား.. ဒီလောက် ကလေးကလား လှည့်ကွက်လေးနဲ့ ဘယ်သူ့ကို လာလိမ်နေတာလဲ”
ရှီလဲ့က တမင်သက်သက် မျက်နှာပျက်သွားဟန်ဆောင်ကာ “သွားပြီ... သူ ရိပ်မိသွားပြီ” ဟု တီးတိုးရေရွတ်လိုက်သည်။
တမင်လုပ်သည်ဖြစ်စေ၊ မတော်တဆဖြစ်စေ ရှီလဲ့ ထိုသို့ပြောလိုက်ချိန်တွင် မိုက်ကရိုဖုန်းက သူ့ပါးစပ်နှင့် ကပ်လျက်ရှိနေသည်။ ခန်းမကြီး၏ အသံစနစ်မှတစ်ဆင့် လူတိုင်း ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ပြိုင်ပွဲဝင်များနေရာတွင် လင်းယွီမော့သည် ညာဘက်လက်ဖြင့် ပါးစပ်ကို အုပ်ထားမိသည်။ သူမ၏ မျက်လုံးများမှာ ရယ်မောခြင်းဖြင့် ပြည့်နှက်နေပြီး “ရှီလဲ့... တကယ်ကို လူဆိုးလေးပဲ” ဟု တွေးနေမိသည်။
ကျီမင်ယဲ့၏ မျက်နှာမှာ အလွန်ဆိုးရွားနေသည်။ သူသည် ကျန်းစုန့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ရာ ကျန်းစုန့်ခမျာ အပြစ်မရှိဘဲ ခံရသလို ခံစားလိုက်ရသည်။ သူသည် ပတ်ထရီးရော့တ် နှင့် လိုင်ကာ ကုမ္ပဏီတို့ဘက်သို့ အမြန်ကြည့်လိုက်ရာ ကျုံးမုယွမ်နှင့် လူးဝစ်တို့မှာ တီးတိုးပြောဆိုကာ ရယ်မောနေကြသည်ကို တွေ့လိုက်ရသည်။
“ဌာနမှူးကျီ၊ ဟိုဘက်က ကိုယ်စားလှယ်တွေကို ကြည့်ပါဦး” ကျန်းစုန့်က တီးတိုးပြောလိုက်သည်။
ကျီမင်ယဲ့ အမြန်လှည့်ကြည့်လိုက်သည်။ ကျုံးမုယွမ်နှင့် လူးဝစ်တို့၏ ထူးဆန်းသော အပြုအမူကို မြင်ပြီးနောက် သူ အနည်းငယ် စိတ်သက်သာရာရသွားသည်။ မည်သို့ပင်ဖြစ်စေ ကျုံးမုယွမ်သည် ခုနကတင် ရှီလဲ့ကို အားပေးခဲ့ပြီး ချန်ဖုန်း၏ စနစ်ကို နှိမ်ခဲ့သည် မဟုတ်ပါလား။ သို့ဆိုလျှင် ရှီလဲ့၏ ပရိုဂရမ်မှာလည်း ထိုမျှအထိ မဆိုးရွားနိုင်ပေ။
ဟွမ်ချိုးလင်ကမူ လူကြီးသူမပီသမှုမရှိဘဲ ရိုင်းစိုင်းစွာ ဟားတိုက်ရယ်မောနေသည်။ “ကျောင်းသား ရှီလဲ့၊ မင်းရဲ့ အမှိုက်တွေကို သိမ်းပြီး နုတ်ထွက်လိုက်တာ ပိုကောင်းမယ်ထင်တယ် နောက်မှ အမှတ်နည်းနည်းလေး ရရင် ရှက်နေရဦးမယ်”
ရှီလဲ့က သက်ပြင်းချကာ ခေါင်းကို အားရပါးရ ခါလိုက်သည်။ “အာ... မသိနားမလည်လိုက်တာ ဌာနမှူးဟွမ်၊ ချန်ဖုန်းရဲ့ စကားတစ်ခွန်းကိုပဲ ပြန်ချီးမြှောက်ရမယ်ဆိုရင် ပရိုဂရမ်တစ်ခုက ပိုရိုးရှင်းလေလေ၊ ထူးချွန်ဖို့ ပိုခက်လေလေပါပဲ ကျွန်တော် တီထွင်ထားတဲ့ ဆော့ဖ်ဝဲကို ‘အပြုံးမျက်နှာ ဖော်ထုတ်ရေးစနစ်’ လို့ ခေါ်ပါတယ်။ ခင်ဗျားမျက်စိထဲမှာတော့ ဒါဟာ ကင်မရာထဲက အစိမ်းရောင် လေးထောင့်ကွက်လေးလို့ မြင်နိုင်ပေမဲ့၊ အဲဒီ လေးထောင့်ကွက်လေးက ကင်မရာကို ပိုမြန်မြန် Focus ဖြတ်ပေးနိုင်တယ်၊ ပုံရိပ်တွေကို ပိုတိကျအောင် ဖမ်းယူပေးနိုင်တယ်၊ ပြီးတော့ လူတစ်ယောက်ရဲ့ အပြုံးကို ပိုပြီးတိကျအောင် မှတ်မိနိုင်စွမ်း ရှိတယ်ဗျ”
ဟွမ်ချိုးလင်က နှာခေါင်းရှုံ့ကာ “အဲဒါ ဘာဖြစ်လဲ ဒီအရုပ်လေးက ဘာစီးပွားဖြစ်တန်ဖိုး ရှိမှာမို့လို့လဲ” ဟု ဆိုသည်။
ရှီလဲ့က အော်ဟစ်ရယ်မောလိုက်သည်။ “ဌာနမှူးဟွမ်၊ ကျွန်တော် အခုမှပဲ ယုံကြည်သွားတော့တယ်၊ ကျွန်တော်တို့ ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာဌာနက ခင်ဗျားတို့လောက် မတော်ဘူးဆိုတာ ခင်ဗျားလို ထူးဆန်းတဲ့ ဌာနမှူးတစ်ယောက်ရှိနေမှတော့ သူတို့လည်း ဘယ်တော်မလဲဗျာ”
“မင်း ဘာစကားပြောတာလဲ” ဟွမ်ချိုးလင်က ရှီလဲ့ကို အေးစက်စွာ ကြည့်လိုက်သည်။
ရှီလဲ့က ပြုံးလျက် “ကျွန်တော် အမှန်အတိုင်း ပြောတာပါ...ဒီပရိုဂရမ်က စီးပွားဖြစ်တန်ဖိုး မရှိဘူးလို့ ခင်ဗျား တကယ်ထင်တာလား” ရှီလဲ့က လင်းယွီမော့ဘက်သို့ လှည့်ကြည့်ကာ “ပြင်ထားတဲ့ စာရွက်စာတမ်းတွေ ယူလာခဲ့ပါဦး” ဟု ခေါ်လိုက်သည်။
လင်းယွီမော့သည် ဖိုင်တွဲနှစ်ခုကို ကိုင်ကာ စင်ပေါ်သို့ တက်လာပြီး ရှီလဲ့လက်ထဲသို့ ပေးလိုက်သည်။
ရှီလဲ့က ပထမဆုံးဖိုင်တွဲကို ဖွင့်ပြလိုက်ပြီး ရှင်းပြသည်။ “ဒါက ရင်းမြစ်ကုဒ် အသုံးပြုခွင့် သဘောတူညီချက်ပါ.. ဒီအပြုံးမျက်နှာ ဖော်ထုတ်ရေးစနစ်ရဲ့ ကုဒ်ကို ဂျာမနီနိုင်ငံက လိုင်ကာ ကင်မရာကုမ္ပဏီကို အသုံးပြုခွင့် ပေးသွားမှာပါ.. သူတို့က ကျွန်တော့်ကို တစ်လုံးတစ်ခဲတည်း အခကြေးငွေအဖြစ် ဒေါ်လာ ၅ သိန်း ပေးမှာပါ ဟုတ်ပါတယ် အမေရိကန်ဒေါ်လာ ၅ သိန်းပါ...တရုတ်ယွမ်ငွေနဲ့ဆိုရင်တော့ ၄ သန်းနီးပါး ရှိပါတယ်”
ခန်းမထဲမှ ကျောင်းသားများရော၊ Live ကြည့်နေသူများပါ အသက်ရှူမှားသွားကြသည်။
‘ဒေါ်လာ ၅ သိန်း ယွမ် ၄ သန်းနောက်နေတာလား’
ဟွမ်ချိုးလင်၏ မျက်နှာ အရောင်ပြောင်းသွားသည်။ သူက ငြင်းဆန်ချင်သော်လည်း လိုင်ကာ ကုမ္ပဏီမှ လူးဝစ်သည် မိုက်ကရိုဖုန်းဖြင့် ထရပ်လိုက်ကာ မပီကလာ ပီကလာ တရုတ်စကားဖြင့် ပြောလိုက်သည်။ “မစ္စတာ ရှီလဲ့ ပြောတာ မှန်ပါတယ်... ကျွန်တော်တို့ လိုင်ကာ ကုမ္ပဏီဟာ မစ္စတာ ရှီလဲ့နဲ့ သဘောတူညီချက် ရရှိထားပြီးပါပြီ... ဒီပြိုင်ပွဲပြီးတာနဲ့ တရားဝင် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်”
ရှီလဲ့သည် အံ့အားသင့်နေသော လူအုပ်ကြီးကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။ “လိုင်ကာ အပြင် ကျွန်တော် ပတ်ထရီးရော့တ် ကုမ္ပဏီနဲ့လည်း သဘောတူညီချက် တစ်ခု ရထားပါသေးတယ်.. အပြုံးမျက်နှာ ဖော်ထုတ်ရေးစနစ်ရဲ့ ပိုင်ဆိုင်ခွင့်နဲ့ မူပိုင်ခွင့် ကို သူတို့ဆီ လွှဲပြောင်းပေးသွားမှာပါ... ကုမ္ပဏီဘက်က စုစုပေါင်း ဒေါ်လာ ၂ သန်း ပေးမှာပါ.. အဲဒါလည်း အမေရိကန်ဒေါ်လာနဲ့ပါပဲ”
ရှီလဲ့သည် ဖဲချပ်အားလုံးကို ဤနေရာတွင် ထုတ်မပြခဲ့ပေ။ သူက ဒေါ်လာ ၂ သန်းဟုသာ ပြောခဲ့ပြီး ၎င်းမှာ ‘တစ်နှစ်လျှင်’ ဒေါ်လာ ၂ သန်းဖြစ်ကြောင်း ထည့်မပြောခဲ့ပေ။ ဘေးမသီရန်မခစေရန် သိပ်ပြီး မောက်မာမနေခြင်းက အကောင်းဆုံးပင်။
ကျောင်းတွင်းပြိုင်ပွဲကို ကြည့်နေသူများမှာ နောက်တစ်ကြိမ် ထပ်မံ မှင်တက်သွားကြသည်။ ဒေါ်လာ ၂ သန်း တရုတ်ငွေနှင့် တွက်လျှင် ၁၆ သန်းကျော်ပင် ရှိသည်။
လိုင်ကာ ဆီက ဒေါ်လာ ၅ သိန်းနှင့်ပေါင်းလျှင် ရှီလဲ့သည် ရိုးရှင်းလှသည်ဟု ထင်ရသော ဤစနစ်လေးတစ်ခုတည်းနှင့်တင် ယွမ်သန်း ၂၀ နီးပါး မြတ်သွားခြင်း မဟုတ်ပါလား။
ခဏချင်းမှာပင် အတန်အသင့် ချောမောသော ကျောင်းသူများအားလုံးသည် ရှီလဲ့ကို စွဲမက်သော မျက်လုံးများဖြင့် ကြည့်နေကြတော့သည်။ ကွန်ပျူတာဌာနမှ ကျောင်းသူများမှာလည်း လင်းယွီမော့ကို တိတ်တဆိတ် မနာလိုဖြစ်နေကြသည်။
‘သူမက ရှီလဲ့ ဤမျှအလားအလာရှိမှန်း ကြိုသိနေခဲ့တာလား’
ဝမ်မင်သည် လီချိုင်ဘေးတွင် ထိုင်ကာ တီးတိုးညည်းနေသည်။ “လီချိုင်၊ မင်းနဲ့ ရှီလဲ့က တစ်ဆောင်တည်း နေတာဆို.. သူက ဒီလောက် တော်နေပြီး မင်းက ဘာလို့ အသုံးမကျတာလဲ”
လီချိုင်၏ မျက်နှာ ပျက်သွားသည်။ အသုံးမကျသူဟု ခေါ်ခံရလျှင် မည်သူမှ မပျော်ပေ။ သူ သက်ပြင်းတစ်ချက်ချကာ ရှင်းပြလိုက်သည်။ “သူက ဆော့ဖ်ဝဲပိုင်းမှာ တော်တာပါ.. ဟာ့ဒ်ဝဲပိုင်းမှာ ပိုတော်တယ်”
ဝမ်မင်၏ မျက်လုံးများ ဝင်းလက်သွားပြီး “ဒါဆို မင်းလည်း တစ်ခုခု တီထွင်ပြီး ကုမ္ပဏီကြီးတွေကို ရောင်းလိုက်ပါလား.. ငါက သန်း ၂၀ မလိုချင်ပါဘူး၊ ၂ သန်းဆိုရင်တောင် ရပါပြီ”
လီချိုင်၏ မျက်နှာမှာ ပို၍ပင် ဆိုးရွားသွားသည်။ ဟာ့ဒ်ဝဲဆိုသည်မှာ ဆော့ဖ်ဝဲကဲ့သို့ မဟုတ်ချေ။ ဆော့ဖ်ဝဲသည် အိုင်ဒီယာအသစ်တစ်ခု ရသည်နှင့် ငွေအဖြစ် ချက်ချင်း ပြောင်းလဲနိုင်သော်လည်း ဟာ့ဒ်ဝဲမှာမူ ခိုင်မာသော အခြေခံအုတ်မြစ် လိုအပ်ပြီး အောင်မြင်ရန် အခွင့်အလမ်း အလွန်နည်းပါးလှသည်။
လီချိုင် ပြန်မဖြေသည်ကို မြင်သောအခါ ဝမ်မင်က မကျေနပ်သလို နှာခေါင်းရှုံ့လိုက်သည်။
ကျီမင်ယဲ့သည် နွေဦးလေပြေကဲ့သို့ ပြုံးလျက် ဟွမ်ချိုးလင်ကို ကြည့်ကာ ရှီလဲ့ကဲ့သို့ပင် နောက်ပြောင်လိုက်သည်။ “ဟွမ်ဟောင် ငါလည်း အခုမှ ယုံသွားတော့တယ်...မင်းတို့ကျောင်းက ကွန်ပျူတာဌာနက ငါတို့ထက် ပိုတော်တယ်ဆိုတာ .. ဌာနမှူးဟွမ်ရဲ့ ပံ့ပိုးမှုကလည်း မနည်းဘူးကိုး”
ချန်မင်သည် ရှီလဲ့ကို မှင်တက်စွာ ကြည့်နေသည်။ သူ၏ မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့နေပြီး “မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး” ဟုသာ တတွတ်တွတ် ရေရွတ်နေမိသည်။
ကျင်းယိုဆော့ဖ်ဝဲမှ ကိုယ်စားလှယ်က တီးတိုးမေးသည်။ “သခင်လေး၊ အခု ဘာလုပ်ကြမလဲ အမှတ်လျှော့ပေးလိုက်ရမလား”
ချန်မင်က ဒေါသတကြီးဖြင့် “ဘာလုပ်ရမလဲ ဟုတ်လား ၁ မှတ်ပဲ ပေးလိုက်စမ်း”
“ဒါပေမဲ့ ရှီလဲ့ရဲ့ ဆော့ဖ်ဝဲက တကယ်ကို ကောင်းတာပါ.. လိုင်ကာ နဲ့ ပတ်ထရီးရော့တ် တို့ကတောင် အသိအမှတ်ပြုထားတာလေ..အမှတ် သိပ်နည်းနေရင် ကုမ္ပဏီပုံရိပ်ကို ထိခိုက်လိမ့်မယ်” ဟု ကိုယ်စားလှယ်က ဝေခွဲမရစွာ ပြောသည်။
“၁ မှတ်ပေးဆို ပေးလိုက်စမ်း မဟုတ်ရင် အခုချက်ချင်း ဒီကနေ ထွက်သွား” ချန်မင် စိတ်တိုတိုနှင့် အော်လိုက်သည်။
ကျူးဒန်၏ လှပသော မျက်လုံးများမှာ ရှီလဲ့ကို စွဲလန်းစွာ ကြည့်နေသည်။ သူမက အသံတိုးတိုးဖြင့် “ကျောင်းသား ရှီလဲ့၊ မင်းက တကယ်ကို တော်တာပဲ” ဟု ဆိုလိုက်သည်။
လင်းယွီမော့က နှာခေါင်းရှုံ့လိုက်ကာ “မြေခွေးမ” ဟု ဆဲလိုက်သည်။
သူမသည် ရှီလဲ့၏ လက်မောင်းကို မိမိပိုင်ဆိုင်ကြောင်း ပြသသည့်အနေဖြင့် တင်းတင်းဆုပ်ကိုင်လိုက်ကာ မေးကို မြှင့်လျက် ကျူးဒန်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျူးဒန်က အသာအယာ ရယ်မောလိုက်ပြီး လင်းယွီမော့ကို အလျှော့မပေးဘဲ ပြန်ကြည့်သည်။ သူမ၏ မျက်လုံးများက ရှီလဲ့ကို အလွန်စိတ်ဝင်စားကြောင်း ပြသနေသည်။
ရှီလဲ့သည် လင်းယွီမော့၏ လက်ကလေးကို ပုတ်ကာ လွှတ်ခိုင်းလိုက်သည်။ ထို့နောက် သူသည် ကင်မရာပရိုဂရမ်ကို ပိတ်၊ HD ကင်မရာကို ဖြုတ်ကာ အိတ်ထဲထည့်လိုက်သည်။ ဆော့ဖ်ဝဲကိုလည်း အပြီးတိုင် ဖျက်ပစ်လိုက်သည်။ ထို့နောက် မိုက်ကရိုဖုန်းကို ကိုင်ကာ “မျှတတဲ့ ဒိုင်လူကြီးမင်းများခင်ဗျာ၊ ကျွန်တော် ပထမရမယ်လို့ ထင်ပါတယ်” ဟု ပြောလိုက်သည်။
ကျီမင်ယဲ့သည် အမှတ် ၂၀ အပြည့်ပေးကာ အမှတ်ပေးဘုတ်ကို မြှောက်ပြလိုက်သည်။ ကွန်ပျူတာအသင်းကလည်း ၁၀ မှတ်၊ ပတ်ထရီးရော့တ် နှင့် လိုင်ကာ တို့ကလည်း ၁၀ မှတ်စီ အသီးသီး ပေးကြသည်။
ကျင်းယိုဆော့ဖ်ဝဲနှင့် ကျစ်ရှန့် အင်တာနက်လုံခြုံရေးတို့ကြားတွင် အငြင်းပွားမှုလေး ဖြစ်သွားသည်။ ချန်မင်၏ ဖိအားပေးမှုကြောင့် ကျင်းယိုဆော့ဖ်ဝဲက ၁ မှတ်သာ ပေးခဲ့သော်လည်း ကျစ်ရှန့် အင်တာနက်လုံခြုံရေးကမူ ထိုမသင့်တော်သော တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။
ဤဆော့ဖ်ဝဲမှာ တကယ်ပင် ကောင်းမွန်ပြီး ယွမ်သန်း ၂၀ တန်သောကြောင့် ၁ မှတ်သာ ပေးခဲ့လျှင် သူတို့ကုမ္ပဏီ၏ ပုံရိပ်မှာ ပြည်သူကြားတွင် အမေးထုတ်ခံရလိမ့်မည် ဖြစ်သည်။
ကျင်းယိုဆော့ဖ်ဝဲကိုယ်စားလှယ်မှာ မတတ်နိုင်တော့ဘဲ ၁ မှတ်ပေးထားသော ဘုတ်ကို မြှောက်ပြလိုက်သည်။
ထို ၁ မှတ်ကြောင့် ခန်းမထဲတွင် အငြင်းပွားမှုများ ဖြစ်လာပြီး ကျောင်းသားအများအပြားက ကျင်းယိုဆော့ဖ်ဝဲနှင့် ချန်မင်ကို ဒေါသတကြီး ဝေဖန်ကြသည်။ သို့သော် ချန်မင်မှာမူ ကြောင်အမ်းအမ်းဖြစ်နေသဖြင့် ဘာမှမကြားတော့ပေ။
ကျစ်ရှန့် အင်တာနက်လုံခြုံရေးကမူ ၁၀ မှတ်အပြည့် ပေးလိုက်ကာ ကျင်းယိုဆော့ဖ်ဝဲကို လှောင်ပြောင်လိုက်သည်။ မဟာမိတ်ဖြစ်သော်လည်း မိမိကိုယ်ကိုယ် ကာကွယ်ရန်သာ သူတို့ ရွေးချယ်ခဲ့ကြသည်။
စင်ပေါ်တွင် ရှီလဲ့သည် အမှတ်များကို ကြည့်ကာ ဂုဏ်ယူစွာ ရယ်မောလိုက်သည်။ အမှတ် ၅၀ အပြည့်ဖြင့် သူသည် ထိုက်ထိုက်တန်တန် ပထမရရှိသွားပြီ ဖြစ်သည်။
“ချန်မင်၊ ငါ ပြိုင်ပွဲမှာ ပထမရသွားပြီ..မင်းက ကျင်းယိုဆော့ဖ်ဝဲရဲ့ သခင်လေး ဖြစ်ပေမဲ့ တစ်ခုတော့ ပြောချင်တယ်.. တရားမျှတမှုဆိုတာ အမြဲတမ်း အောင်နိုင်မှာပါ... မရိုးသားတဲ့ အရာတွေကတော့ ရှုံးနိမ့်သွားမှာပဲ” ရှီလဲ့သည် တရားမျှတမှု၏ ပြယုဂ်တစ်ခုကဲ့သို့ ပြောဆိုလိုက်သည်။
ချန်မင်သည် သတိပြန်ဝင်လာပြီး ရှီလဲ့ကို အမုန်းတရားများဖြင့် စိုက်ကြည့်ကာ ဘာမှမပြောဘဲ အပြင်သို့ ပြေးထွက်သွားတော့သည်။
“ဂုဏ်ယူပါတယ် ရှီလဲ့၊ မင်းကတော့ နာမည်ရော၊ စည်းစိမ်ရော ရသွားပြီနော်” ကျူးဒန်က အနားသို့ တိုးကပ်လာကာ ပြုံးလျက် ပြောသည်။
ရှီလဲ့က ကျူးတန်းကို ဝတ်ကျေတမ်းကျေသာ တုံ့ပြန်လိုက်သည်။ ပြိုင်ပွဲမှာ ရှီလဲ့ ပထမရပြီး ယွမ်သန်း ၂၀ ရရှိကာ ပြီးဆုံးသွားခဲ့သည်။ ရွှမ်ချင်းတက္ကသိုလ် ကျောင်းသားများမှာလည်း ကွန်ပျူတာသိပ္ပံကျောင်းသားများ၏ အနာဂတ်မှာ မည်မျှတောက်ပနိုင်ကြောင်း မြင်တွေ့သွားကြသည်။
ဆုပေးပွဲအပြီးတွင် လင်းယွီမော့က တိုးတိုးလေး သတိပေးသည်။ “ရှီလဲ့ ချန်မင်ကို သတိထားဦးနော်”
ရှီလဲ့က လင်းယွီမော့၏ နူးညံ့သော ဆံပင်လေးများကို ဖွဖွလေး ဖွလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ သူက ကြောက်စရာ မလိုပါဘူး”
‘ချန်မင်... မင်းရဲ့ အသုံးချခံတန်ဖိုးက ကုန်သွားပြီ ဒါကြောင့်... သွားပေတော့’