အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း - ၈၅
ရွှမ်ချင်းတက္ကသိုလ်၏ ကျောင်းတွင်းဆော့ဖ်ဝဲပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှာ ရှီလဲ့၏ အရှက်ခွဲခြင်းကို ခံလိုက်ရပြီးနောက် သူတို့ကျောင်းသို့ ပြန်ပြေးကြရလေသည်။
ရှီလဲ့သည် ‘အပြုံးမျက်နှာ ဖော်ထုတ်ရေးစနစ်’ ဖြင့် ယွမ်သန်း ၂၀ ရရှိခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ကျောင်းတွင်းပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီးနောက် ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာဌာနမှ ကျောင်းသားများမှာ တစ်ရှိန်ထိုး နာမည်ကြီးလာခဲ့သည်။ ယောင်္ကျားလေးများမှာ ရည်းစားမရမည်ကို ပူစရာမလိုတော့ဘဲ၊ မိန်းကလေးများမှာမူ လူကြိုက်များလွန်းသဖြင့် မည်သူ့ကို ရွေးရမည်ကိုသာ ပူပန်နေကြရတော့သည်။
အရင်က ကျောင်းဖိုရမ်တွင် ရှီလဲ့ကို ပုတ်ခတ်ထားသော ပို့စ်များအားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ယင်းအစား ချီးမွမ်းခန်းဖွင့်သည့် ပို့စ်များ၊ အမျိုးမျိုးသော ဖော်လံဖားမှုများနှင့် ပြည့်နှက်သွားခဲ့ရာ ဘဝ၏ ရုပ်ဆိုးလှသော အမှန်တရားများကို ပေါ်လွင်စေခဲ့သည်။
ရှီလဲ့သည် လင်းယွီမော့ မုရွှမ်းနှင့် လီချိုင် တို့ကို ခေါ်ဆောင်ကာ ပတ်ထရီးရော့တ် နှင့် လိုင်ကာ ကုမ္ပဏီတို့နှင့် စာချုပ်ချုပ်ဆိုရန် စိမ်းလန်းသောကန်ရေပြင်ဟိုတယ်သို့ သွားခဲ့ကြသည်။ ကျောင်းအုပ်ကြီးများ စီစဉ်ပေးသော အောင်ပွဲခံစားပွဲကိုမူ ရှီလဲ့က တိုက်ရိုက်ငြင်းပယ်ခဲ့သည်။ သူ မေးချင်သည်မှာ အကယ်၍ သူ၏ ဆော့ဖ်ဝဲသည် ယွမ်သန်း ၂၀ ဟူသော ဈေးနှုန်းကြီးဖြင့် မရောင်းရခဲ့လျှင် ကျောင်းအုပ်ကြီးများက အောင်ပွဲခံစားပွဲ စီစဉ်ပေးပါဦးမည်လား။
ဟိုတယ်တွင် ပတ်ထရီးရော့တ် ကုမ္ပဏီက အိမ်ရှင်အဖြစ် တာဝန်ယူကာ အကောင်းဆုံး ဝိုင်နှင့် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
နှစ်ဖက်စလုံး တရားဝင်စာချုပ် ချုပ်ဆိုခဲ့ကြသည်။ ပတ်ထရီးရော့တ် ကုမ္ပဏီသည် ဆော့ဖ်ဝဲ၏ ပိုင်ဆိုင်ခွင့်နှင့် တရုတ်နိုင်ငံအတွင်းရှိ မူပိုင်ခွင့်များကို ရရှိသွားသည်။ ယခုမှစ၍ တရုတ်ဈေးကွက်တွင် ရောင်းချသော မည်သည့် အီလက်ထရွန်နစ်းပစ္စည်းတွင်မဆို ဤစနစ်ကို ထည့်သွင်းအသုံးပြုလျှင် ပတ်ထရီးရော့တ် ကုမ္ပဏီသည် မူပိုင်ခွင့်ကြေး ကောက်ခံပိုင်ခွင့် ရှိသွားပြီဖြစ်သည်။
စားပွဲတွင် ရှီလဲ့သည် ကျုံးမုယွမ်နှင့် လူးဝစ်တို့၏ တိုက်တွန်းမှုကို မလွန်ဆန်နိုင်သဖြင့် ဝိုင်ဖြူတစ်ငုံကို မတတ်သာဘဲ သောက်လိုက်ရသည်။ မကြာခင်မှာပင် သူသည် တောင့်တောင့်ကြီး လဲကျသွားတော့သည်။
ဝိုင်းတွင် လူးဝစ်က ဟားတိုက်ရယ်မောကာ “မုယွမ်... ရှီလဲ့က ဒီလောက် အသောက်အစား ညံ့မယ်မှန်း ငါမသိခဲ့ဘူးဗျာ” ဟု ဆိုသည်။
ရှီလဲ့သည် အရင်က သူ၏ အသောက်အစားစွမ်းရည်မှာ အလွန်ကောင်းကြောင်း၊ မြူးနစ်မြို့ရှိ နှစ်ပတ်လည် ဘီယာပွဲတော်တွင် ဘီယာဘုရင်ပြိုင်ပွဲ ဝင်ပြိုင်ဦးမည်ဖြစ်ကြောင်း ကြွားလုံးထုတ်ခဲ့ဖူးသည်။ လူတိုင်းက သူ အသောက်တော်သည်ဟု ထင်ထားခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ ဤမျှ ညံ့ဖျင်းနေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
ကျုံးမုယွမ်က နှာခေါင်းရှုံ့ကာ “သူ ဒီလောက် အမူးလွယ်မှန်း သိရင် ငါ အတင်းမတိုက်ပါဘူး” ဟု ဆိုသည်။
မုရွှမ်း၏ အသံမှာ တည်ငြိမ်အေးစက်နေသည်။ “မစ္စတာ ကျုံး၊ မစ္စတာ လူးဝစ်၊ ရှီလဲ့ မူးသွားပြီဆိုတော့ ကျွန်မတို့ ပြန်ခွင့်ပြုပါဦး.. သူ့ကို အဆောင်ပြန်ပို့လိုက်ပါ့မယ်”
ကျုံးမုယွမ်က ခေါင်းညိတ်ကာ “ကောင်းပါပြီ၊ လမ်းမှာ ဂရုစိုက်သွားကြဦး” ဟု မှာကြားလိုက်သည်။
အလုပ်ကြမ်းသမားအဖြစ် လိုက်လာသော လီချိုင်က ရှီလဲ့ကို တွဲကာ အရှေ့မှ ထွက်သွားသည်။ လင်းယွီမော့နှင့် မုရွှမ်းတို့မှာမူ ရှီလဲ့ကို တွဲပေးရန် ရှက်နေကြသည်။ အိပ်ပျော်နေသော ရှီလဲ့သည် သူ၏ ဆော့ဖ်ဝဲဖြင့် ယွမ်သန်း ၂၀ ရရှိသွားသောသတင်းမှာ ရွှမ်ချင်း ရုပ်သံဌာနနှင့် သတင်းစာတိုက်များအထိ ပျံ့နှံ့သွားပြီဖြစ်ကြောင်း မသိရှိသေးပေ။
အောက်တိုဘာ ၂၆ ရက်၊ ပြိုင်ပွဲအပြီး နောက်တစ်နေ့ မနက် ၈ နာရီတွင် ရှီလဲ့သည် လေးလံထိုင်းမှိုင်းသော ခေါင်းကို ခါယမ်းကာ နိုးလာသည်။ “အရက်ဆိုတာ တကယ်ကို မကောင်းတဲ့အရာပဲ” ဟု သူ တတွတ်တွတ် ရေရွတ်မိသည်။
ရှီလဲ့သည် မွေးရာပါ အသောက်အစား ညံ့သူဖြစ်သည်။ သူ မည်မျှပင် လေ့ကျင့်ပါစေ၊ ဝိုင်ဖြူတစ်ငုံ၊ ဝိုင်နီတစ်ခွက် သို့မဟုတ် ဘီယာတစ်လုံးနှင့်တင် မူးသွားတတ်သူဖြစ်သည်။ သူသည် အရက်ဒဏ်ကို လုံးဝ မခံနိုင်ပေ။
ဝမ်းသာစရာ တစ်ခုတည်းသော အချက်မှာ ရှီလဲ့သည် မူးလျှင် အလွန်ငြိမ်ခြင်းပင်။ သူသည် သောင်းကျန်းခြင်း သို့မဟုတ် ရမ်းကားခြင်းမျိုး မရှိပေ။
ရှီလဲ့သည် ကုတင်ပေါ်မှ ထကာ ရေချိုးခန်းထဲသို့ ယိမ်းယိုင်စွာ လျှောက်သွားလိုက်သည်။ မျက်နှာကို ရေအေးဖြင့် သစ်ကာ စိတ်ကြည်အောင် လုပ်လိုက်သည်။ ရေအေးများက ရှီလဲ့၏ ဆံပင်များကို စိုရွှဲစေပြီး စိတ်ကို ကြည်လင်သွားစေသည်။
အဆောင်ဧည့်ခန်းထဲတွင် လီချိုင်က အော်ဟစ်နေသည်။ “ဝိုး... ဝိုး... အစ်ကိုကြီးရေ၊ ဂုဏ်ယူပါတယ် မင်း နာမည်ကြီးသွားပြီ လုံးဝကို နာမည်ကြီးသွားပြီဟ”
ရှီလဲ့ ရေချိုးခန်းထဲမှ ထွက်လာကာ ပျော်ရွှင်မြူးတူးနေသော လီချိုင်ကို ကြည့်ပြီး “လီချိုင်... မင်း ဘာလို့ သရဲခြောက်ခံရသလို အော်နေတာလဲ” ဟု မေးလိုက်သည်။
လီချိုင်က လက်ထဲတွင် သတင်းစာတစ်စောင်ကို ကိုင်ထားသည်။ သူက သတင်းစာကို ဖြန့်ကာ ရှီလဲ့ကို ပြလိုက်ပြီး “ကြည့်စမ်း မင်း သတင်းစာထဲ ပါလာပြီ ဟား... ဒီဓာတ်ပုံက တကယ် မိုက်တာပဲ”
ရှီလဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူ သတင်းစာကို ယူကြည့်လိုက်ရာ ‘ရွှမ်ချင်း မနက်ခင်း သတင်းစာ’ ဖြစ်နေသည်။ ထိုထဲတွင် ရွှမ်ချင်းတက္ကသိုလ် ဆော့ဖ်ဝဲပြိုင်ပွဲအကြောင်း အသေးစိတ် ဖော်ပြထားပြီး ရှီလဲ့၊ ချန်မင်နှင့် သိပ္ပံနည်းပညာတက္ကသိုလ်မှ ချန်ဖုန်းတို့အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။ အထူးသဖြင့် ရှီလဲ့အကြောင်းကိုပင်
သတင်း၏ အဓိက အချက်မှာ ရှီလဲ့သည် ‘အပြုံးမျက်နှာ ဖော်ထုတ်ရေးစနစ်’ ဖြင့် ယွမ် သန်း ၂၀ ရရှိသွားခြင်းပင် ဖြစ်သည်။
ရှီလဲ့၏ မျက်လုံးများတွင် ရွံရှာသော အရိပ်အယောင်များ ပေါ်လာသည်။ ရွှမ်ချင်း မနက်ခင်း သတင်းစာ၏ သူ၏ ခွင့်ပြုချက်မပါဘဲ သတင်းတင်ဆက်မှုမှာ သူ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းပင်။ သို့သော် တရုတ်နိုင်ငံ၏ ပုဂ္ဂလိကဥပဒေမှာ နာမည်သာရှိပြီး အနှစ်သာရ မရှိပေ။ အထူးသဖြင့် ဤကဲ့သို့သော အစိုးရမီဒီယာမျိုးကို ရှီလဲ့ ဘာမှ မတတ်နိုင်ပေ။
“ရွှမ်ချင်း မနက်ခင်း သတင်းစာ... ဟင်း မင်းတို့ကို လောလောဆယ် လွှတ်ထားပေးမယ်..ချန်မင်ကို အရင်ရှင်းပြီးမှ မင်းတို့ကို အားတဲ့အချိန်ကျ ကိုင်တွယ်မယ်”
လီချိုင်က ရှီလဲ့၏ မကျေနပ်သော မျက်နှာကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ နောက်ထပ် သတင်းကောင်း တစ်ခု ရှိသေးတယ်...ကျောင်းက မင်းကို ‘ထူးချွန်ကျောင်းသား’ ဘွဲ့ထူးပေးပြီး မင်းရဲ့ အောင်မြင်မှုတွေကို ကျောင်းသမိုင်းမှာ မှတ်တမ်းတင်ဖို့ ပြင်နေကြတယ်တဲ့”
ရှီလဲ့က လှောင်ပြုံး ပြုံးလိုက်သည်။ “လီချိုင်... ဒါကို သတင်းကောင်းလို့ မင်း ထင်နေတာလား ငါ ပြောပြမယ်၊ ဒါက လုံးဝကို သတင်းကောင်း မဟုတ်ဘူး...”
“ရွှီး... ရွှီး... ရွှီး...”
ဖုန်းမြည်သံက ရှီလဲ့၏ စကားကို ဖြတ်လိုက်သည်။ သူ ဖုန်းထုတ်ကြည့်လိုက်ရာ မသိသော နံပါတ်တစ်ခု ဖြစ်နေသည်။ သို့သော် သူ ဖုန်းကို ဖြေလိုက်သည်။
“ဟယ်လို၊ ကျွန်တော် ရှီလဲ့ပါ.. ဘယ်သူနဲ့ ပြောချင်လို့လဲ ခင်ဗျာ”
ဖုန်းထဲမှ စူးရှသော အသံတစ်ခု ထွက်လာသည်။ “ကျောင်းသား ရှီလဲ့၊ မင်္ဂလာပါ.. ငါက ဒုတိယ ကျောင်းအုပ်ကြီး ရှိီကျန်းဟွာ ပါ...ကျောင်းကနေ မင်းကို ‘ထူးချွန်ကျောင်းသား’ ဘွဲ့ထူး ပေးအပ်မယ်ဆိုတာ အသိပေးဖို့ ဆက်တာပါ”
ရှီလဲ့ စိတ်ထဲမှ လှောင်လိုက်သည်။ ရှီကျန်းဟွာ... ဟွမ်ချိုးလင်နှင့် စရိုက်တူသော လူယုတ်မာ တစ်ယောက်ပင်
“မင်္ဂလာပါ ကျောင်းအုပ်ကြီးရှိ ကျောင်းအုပ်ကြီးများရဲ့ စေတနာကို အထူး ကျေးဇူးတင်ပါတယ်...ထူးချွန်ကျောင်းသားဘွဲ့ ရမယ်ဆိုတော့ ကျွန်တော် အလွန် စိတ်လှုပ်ရှားနေပါတယ်” ရှီလဲ့က အံ့အားသင့်ဟန် ဆောင်လိုက်သည်။ အမှန်တကယ်တွင်မူ ဖြစ်နိုင်လျှင် ထိုဘွဲ့ကို သူ လုံးဝ အလိုမရှိပေ။
ရှီကျန်းဟွာက ရယ်မောကာ “ကျောင်းသား ရှီလဲ့၊ ဒီမနက် အားမလား မသိဘူး...ငါ ဒုတိယ ကျောင်းအုပ်ရုံးခန်းမှာ စောင့်နေမယ် ငါတို့ ထူးချွန်ကျောင်းသားဘွဲ့ အကြောင်း ဆွေးနွေးကြတာပေါ့”
ရှီလဲ့ ငြင်းချင်သော်လည်း ရွှမ်ချင်းတက္ကသိုလ်တွင် ဆက်နေချင်လျှင် အချို့အရာများကို ငြင်းပယ်၍ မရပေ။ ဤတက္ကသိုလ်တွင် သူ သံယောဇဉ် တွယ်နေရသော လီကျင်းယွဲ့နှင့် လင်းယွီမော့တို့ ရှိနေသည် မဟုတ်ပါလား။ သူသည် ရွှမ်ချင်းတက္ကသိုလ်မှ ထွက်ခွာရန် လောလောဆယ် အစီအစဉ် မရှိပေ။
“ကောင်းပါပြီ ကျောင်းအုပ်ကြီးရှီ ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်” ဟု ရှီလဲ့ ပြန်ဖြေလိုက်သည်။
ရှီကျန်းဟွာသည် ကျောင်း၏ ဘဏ္ဍာရေးနှင့် ကျောင်းသားများ၏ အရည်အသွေးကို တာဝန်ယူရသော ဒုတိယကျောင်းအုပ် ဖြစ်သည်။ သူ ရှီလဲ့ကို ခေါ်ခြင်းမှာ ရှီလဲ့ရရှိထားသော ယွမ်သန်း ၂၀ ကို မနာလိုဖြစ်ကာ အဝေအမျှ လိုချင်နေခြင်းကြောင့်သာ ဖြစ်သည်။
ရှီကျန်းဟွာ၏ စရိုက်ကို သိသော ရှီလဲ့သည် စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။ သူ ရှိကျန်းဟွာ၏ ရုံးခန်းသို့ ချက်ချင်း မသွားဘဲ ကျီမင်ယဲ့ကို ဖုန်းဆက်လိုက်သည်။ ကျီမင်ယဲ့သည် ရွှမ်ချင်းတက္ကသိုလ်ရှိ လူနည်းစုသော တရားမျှတသည့် လူကြီးများထဲမှ တစ်ဦးဖြစ်သည်။ ကျောင်းအုပ်ကြီး အန်းမင်ယဲ့ပင်လျှင် ထိုမျှ တရားမျှတမှု မရှိပေ။ သူသည် လူကမဆိုးသော်လည်း တရားမျှတသည့် သူရဲကောင်းမျိုးတော့ မဟုတ်ပေ။
ခေတ္တအကြာတွင် ဖုန်းဝင်သွားသည်။ ကျီမင်ယဲ့၏ အသံ ထွက်လာသည်။ “ကျီမင်ယဲ့ပါ ဘယ်သူနဲ့ ပြောချင်လို့လဲ”
ရှီလဲ့ ချောင်းဟန့်လိုက်သည်။ သူသည် ဤတရားမျှတသော လူကြီးကို အလွန် လေးစားသည်။ အရင်ဘဝတုန်းက လီကျင်းယွဲ့ မျက်နှာ ပျက်စီးသွားပြီးနောက် သူမကို ကျောင်းတွင် ဆက်လက် စာသင်ခွင့်ပေးထားပြီး အခြား နိမ့်ကျသော နေရာများသို့ မပို့ခဲ့ခြင်းမှာ ကျီမင်ယဲ့၏ အကာအကွယ်ပေးမှုကြောင့်သာ ဖြစ်သည်။
“မင်္ဂလာပါ ကျောင်းအုပ်ကြီးကျီ၊ ကျွန်တော် ရှီလဲ့ပါ”
ကျီမင်ယဲ့က ပြုံးကာ “ကျောင်းသား ရှီလဲ့၊ ငါ ဘာကူညီပေးရမလဲ”
“ကျောင်းအုပ်ကြီးကျီ၊ ကျွန်တော် အခု ယွမ်သန်း ၂၀ ရထားပါတယ်...ကျောင်းက ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ ကျောင်းကို ယွမ် ၁ သန်း လှူချင်လို့ပါ... ဒီငွေ ၁ သန်းကို ကျောင်းအုပ်ကြီးကျီကပဲ စီမံခန့်ခွဲပေးစေချင်ပါတယ်... တခြားလူ လက်ထဲ ထည့်ပေးလိုက်ရင် ကျွန်တော် စိတ်မချလို့ပါ” ဟု ရှီလဲ့ ရှင်းပြလိုက်သည်။
ကျီမင်ယဲ့ အလွန် ဝမ်းသာသွားသည်။ “ကျောင်းသား ရှီလဲ့၊ မင်း တကယ်ပဲ ၁ သန်း လှူမှာလား”
ရွှမ်ချင်းတက္ကသိုလ်သည် နိုင်ငံ၏ ထိပ်တန်းကျောင်း ဖြစ်သော်လည်း ပညာရေးရန်ပုံငွေ လိုအပ်ချက်များ ရှိနေဆဲပင်။ အထူးသဖြင့် ဆင်းရဲသော ကျောင်းသားများအတွက် ပညာသင်ဆုကိစ္စမှာ အမြဲတမ်း အခက်အခဲ ဖြစ်နေရသည်။ အကယ်၍ ရှီလဲ့က ၁ သန်း လှူဒါန်းခဲ့လျှင် ထိုအခက်အခဲများစွာကို ဖြေရှင်းနိုင်ပေလိမ့်မည်။
“သေချာတာပေါ့ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက် တစ်ခုတော့ ရှိပါတယ်... ကျွန်တော် လှူတဲ့ငွေ တစ်ပြားတစ်ချပ်မှ မလိုလားအပ်ဘဲ တခြားလူတွေ အိတ်ထဲ မရောက်သွားဖို့ပါ...အထူးသဖြင့် ဘဏ္ဍာရေး တာဝန်ခံ လူကြီးတွေပေါ့... ကျောင်းအုပ်ကြီးကျီနားလည်မယ်လို့ ယုံကြည်ပါတယ်”
အမှန်တကယ်တွင် ရှီလဲ့သည် ၁ သန်း လှူဒါန်းခြင်းမှာ ကျောင်းအုပ်ကြီးများကို ရင်ဆိုင်ရန်သာမက မိမိကိုယ်ကိုယ် ကျောင်းတွင် အရှိန်အဝါ မြှင့်တင်ရန်နှင့် လူမှုရေးအဆင့်အတန်း မြှင့်တင်ရန်အတွက်လည်း ဖြစ်သည်။ ယွမ် ၁ သန်း လှူဒါန်းပြီးနောက် ရှီလဲ့သည် ကျောင်း၏ ကြယ်ပွင့်ကျောင်းသား ဖြစ်လာပေလိမ့်မည်။ သူသည် ကြီးလေးသော ရာဇဝတ်မှု မကျူးလွန်သရွေ့ ကျောင်းက သူ့ကို အစွမ်းကုန် ကာကွယ်ပေးပေလိမ့်မည်။ ရှီလဲ့သည် မိမိကိုယ်ကိုယ် အကာအကွယ် အလွှာတစ်ခု ဖန်တီးလိုက်ခြင်းပင်။
မည်သို့ပင်ဖြစ်စေ၊ သူသည် ရွှမ်းဟူ ရဲစခန်း၏ အမှုကြီးစုံစမ်းစစ်ဆေးရေးဌာနတွင် ရာဇဝတ်မှု မှတ်တမ်း ကျန်ခဲ့သည် မဟုတ်ပါလား။ တစ်ဖက်လူတွင် သက်သေမရှိသော်လည်း ၎င်းမှာ မှတ်တမ်းတစ်ခု ဖြစ်နေဆဲပင်။
ရှီလဲ့၏ တောင်းဆိုချက်ကို ကြားပြီးနောက် ကျီမင်ယဲ့က ချက်ချင်း ပြန်ဖြေသည်။ “ကောင်းပြီ ကျောင်းသား ရှီလဲ့၊ မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူပါတယ်.. ဒီ ၁ သန်းကို ငါကိုယ်တိုင် စီမံပြီး တကယ့်ကို လိုအပ်နေတဲ့ ဆင်းရဲတဲ့ ကျောင်းသားတွေဆီ ရောက်အောင် လုပ်ပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးကျီ..ဒါဆို ကျွန်တော့်ဆီကို ငွေလှူရမယ့် အကောင့်နံပါတ် ပို့ပေးပါ...ကျွန်တော် ၁ သန်း လွှဲပေးလိုက်ပါ့မယ်...နောက်ပြီး... နောက်ထပ် အကူအညီတစ်ခု လိုချင်တာက ဒုတိယ ကျောင်းအုပ်ကြီး ရှီကျန်းဟွာက ကျွန်တော့်ကို သူ့ရုံးခန်း ခေါ်ထားပါတယ်... ကျွန်တော် သွားမယ်လို့ ဂတိပေးထားပေမဲ့ ကျောင်းအုပ်ကြီးကျီကပဲ ကျွန်တော့်ကိုယ်စား သူ့ကို ငြင်းပေးပါဦး”
ကျီမင်ယဲ့က အပြစ်တင်ဟန်ဆောင်ကာ ရယ်မောလိုက်သည်။ “ဝိုး... ကျောင်းသား ရှီလဲ့၊ မင်းက ဒီအရိုးဟောင်းကြီးကို ထောင်ချောက်ထဲ ဆွဲသွင်းလိုက်တာပေါ့... ဒါပေမဲ့ အဲဒီ ၁ သန်းအတွက်တော့ ငါ ဒီအလုပ်ကို လုပ်ပေးရမှာပေါ့”
ရွှမ်းဟူ ပထမအထွေထွေဆေးရုံကြီး၏ အဆင့်မြင့်လူနာဆောင်တွင်...
ဝက်ခေါင်းကဲ့သို့ အရိုက်ခံထားရသဖြင့် ဖူးယောင်နေသော အိချီရို၏ မျက်နှာမှာ အနည်းငယ် ပြန်ကျသွားပြီ ဖြစ်သော်လည်း ညိုမည်းစွဲနေဆဲပင်။
မီဆုရှီတာ ကူယိုကိုသည် ဘေးတွင် ထိုင်ကာ ရွှမ်ချင်း မနက်ခင်း သတင်းစာပါ ရှီလဲ့အကြောင်း သတင်းကို ဖတ်ပြနေသည်။
“ ရှီလဲ့... ဒီအောက်တန်းစား တရုတ်ဝက်ကို ငါ သေချာပေါက် ပြန်ပေးဆပ်စေရမယ်”
အခန်း - ၈၆
ထျန်းဟူခရိုင်ရှိ ဇိမ်ခံတိုက်ခန်းတစ်ခုအတွင်း ချန်မင်သည် မှောင်မှောင်မှိုင်မှိုင် မျက်နှာဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့တွင် သူနှင့်ရုပ်ချင်းဆင်သော လူလတ်ပိုင်းအမျိုးသားတစ်ဦး ရပ်နေပြီး မနီးမဝေးတွင်မူ တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။
ချန်မင်နှင့် ရုပ်ချင်းဆင်သော ထိုလူမှာ ချန်မင်၏ဖခင်၊ ကျင်းယိုဆော့ဖ်ဝဲ ၏ စီအီးအို ချန်ကျန့်ကျီ ဖြစ်သည်။ တန်ဖိုးကြီးဝတ်စုံနှင့် အမျိုးသမီးမှာမူ ချန်မင်၏မိခင် လဲ့မေဟွီပင် ဖြစ်သည်။
“ရှင် တစ်ခုခု ပြောဦးလေ ငါတို့သားလေး ကျောင်းမှာ ဒီလောက် အနှိပ်စက်ခံနေရတာကို ရှင်က ဒီအတိုင်း ကြည့်နေတော့မှာလား” ဟု လဲ့မေဟွီက ဒေါသတကြီး ပြောလိုက်သည်။
‘မိခင်က အလိုလိုက်တော့ သားက ကမ်းကုန်အောင်မိုက်’ဆိုသကဲ့သို့ပင်။ ချန်မိသားစု၏ အခြေအနေမှာ ထိုသို့ပင် ဖြစ်နေသည်။ ချန်မင်၏ မကောင်းသော အကျင့်စရိုက်အားလုံးမှာ လဲ့မေဟွီ၏ အလိုလိုက်မှုကြောင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
ချန်ကျန့်ကျီက လဲ့မေဟွီကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “ဒီမိန်းမ... စကားကို ဆင်ခြင်စမ်း အဲဒီရှီလဲ့ဆိုတဲ့ ကောင်က တကယ်ပဲ အပြင်ပန်းက မြင်ရသလို အားနည်းတဲ့ကောင် ဟုတ်လို့လား သူက အရင်က အားနည်းခဲ့ရင်တောင် အခုတော့ လိုင်ကာ နဲ့ ပတ်ထရီးရော့တ် တို့လို ကုမ္ပဏီကြီးတွေနဲ့ လက်တွဲနေပြီ.. သူ့ကို တို့က အလွယ်တကူ ထိလို့မရတော့ဘူး”
ကျင်းယိုဆော့ဖ်ဝဲ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ယွမ် ၁၀ သန်းကျော်ရုံသာ ရှိသေးသည်။ နိုင်ငံတကာ ကုမ္ပဏီကြီးဖြစ်သော လိုင်ကာ ကို ထားလိုက်ပါဦး၊ ပြည်တွင်းက ပတ်ထရီးရော့တ် ကိုပင် သူတို့ ရင်မဆိုင်နိုင်ပေ။
လဲ့မေဟွီက အေးစက်စွာ ပြန်ပြောသည်။ “အခုက ဘယ်လို အချိန်ရောက်နေပြီလဲ... ရှင်က ဘာလို့ ဟိုကြောက် ဒီကြောက် ဖြစ်နေတာလဲ ငါတို့သားလေး အဲဒီရှီလဲ့လက်ထဲမှာ အသတ်ခံရတော့မှ ရှင်က တစ်ခုခု လုပ်မှာလား”
“ပါးစပ်ပိတ်စမ်း” ချန်ကျန့်ကျီက ဟောက်လိုက်သည်။ “ဒီအသုံးမကျတဲ့ကောင်ကို ဒီကိစ္စရဲ့ အစအဆုံး အရင်မေးကြည့်စမ်းပါဦး သူ ဘယ်လောက် ပြဿနာရှာတတ်သလဲဆိုတာ ငါမသိဘူး ထင်နေလား”
ချန်မင်၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ တစ်ဖက်လူမှာ သူ၏ဖခင် ဖြစ်နေသော်လည်း ချန်မင်မှာ အလွန်အမင်း ဒေါသထွက်နေမိသည်။
‘အဖိုးကြီး... မင်း ငါ့ကို မကူညီရင် ငါ့နည်းငါ့ဟန်နဲ့ ငါလုပ်မယ်.. ဘာပဲဖြစ်ဖြစ် ငါ့မှာ အမေနဲ့ ဦးလေးရှိတယ်...အဲဒီ ရှီလဲ့ဆိုတဲ့ ကောင်က နိုင်ငံတော်ရဲ့ အာဏာကို ယှဉ်နိုင်မလား ကြည့်ကြတာပေါ့’
ချန်ကျန့်ကျီသည် ခေါင်းငုံ့နေသော ချန်မင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ရှောင်မင်... မင်း နောက်နှစ်ရက်လောက် အိမ်မှာပဲ နေပါ... ဘယ်မှမသွားနဲ့ ငါ မင်းအတွက် ကျောင်းပြောင်းဖို့ အရင်စီစဉ်လိုက်မယ်” ထို့နောက် သူသည် အိမ်ပြင်သို့ ထွက်သွားတော့သည်။
ထိုအခါမှ လဲ့မေဟွီက အနားသို့ လာကာ ချန်မင်ကို ဖက်လိုက်ပြီး ငိုသံပါပါဖြင့် ပြောသည်။ “ရှောင်မင်... စိတ်မပူနဲ့... အမေ မင်းအတွက် ကလဲ့စားချေပေးမယ်”
ချန်မင်က ခေါင်းမော့ကာ လဲ့မေဟွီကို ကြည့်လိုက်သည်။ “အမေ... ဦးလေးကို အကူအညီတောင်းပြီး ရှီလဲ့ကို ဖမ်းခိုင်းလို့ ရမလား... ပြီးရင် သူ့အပေါ်မှာ အမှုတစ်ခုခု ဆင်ပြီး ထောင်ထဲ ပို့လိုက်မယ်လေ”
လဲ့မေဟွီ လန့်သွားသည်။ “ရှောင်မင်... မဖြစ်ဘူး လောလောဆယ် မြို့နယ်ရဲဗျူရိုက ရွှမ်းဟူရဲစခန်းကို စောင့်ကြည့်နေတာ..မင်းဦးလေးက ဘာမှ မလုပ်ရဲသေးဘူး”
ချန်မင်က မျက်လုံးတစ်ချက် ဝေ့လိုက်ကာ လဲ့မေဟွီနှင့် ထပ်မံ တိုင်ပင်သည်။ “အမေ... ဒါဆိုရင် ရှီလဲ့ကို တစ်သက်လုံး ဒုက္ခိတဖြစ်သွားအောင် လူငှားရိုက်ပြီးမှ ဦးလေးကို နောက်ကနေ လိုက်ရှင်းခိုင်းရင်ကော... အဲဒါဆိုရင်တော့ အဆင်ပြေမယ် မဟုတ်လား”
“ဒါကတော့...” လဲ့မေဟွီ ဝေခွဲမရ ဖြစ်နေသည်။ ချန်မင်၏ မျက်လုံးထဲမှ မျှော်လင့်ချက်များကို မြင်သောအခါ သူမ မငြင်းရက်တော့ပေ။ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ ရှောင်မင်... မင်း မှတ်ထားရမှာက မင်းကိုယ်တိုင် လူရှေ့ထွက်လို့ မဖြစ်ဘူးနော်”
ချန်မင်သည် ဝမ်းသာအားရဖြင့် “ဟုတ်ကဲ့ အမေ ကျေးဇူးတင်ပါတယ် အမေ” ဟု အမြန်ပြောလိုက်သည်။
အခြားတစ်ဖက်တွင် ရှီလဲ့သည် နောက်ဖေးလမ်းသို့ လျှောက်လာပြီး ‘နားကပ်’ နှင့် အဖွဲ့သားများအား တွေ့ဆုံလိုက်သည်။ ချန်မင်၏ ‘အချစ်လှုပ်ရှားမှု အနုပညာ ဗီဒီယို’မိတ္တူတစ်ခုကို သူ့အား ပေးရန် သူတို့ကို ခိုင်းလိုက်သည်။
မှောင်မည်းသော လမ်းကြားထဲတွင် ရှီလဲ့သည် နားကပ်တစ်ဖက် ပေးသော USB Drive ကို ယူလိုက်သည်။ သူသည် နှာခေါင်းပေါ်မှ မျက်မှန်ကို အသာပင့်လိုက်ရာ မှန်ဘီလူးများက အေးစက်သော အလင်းတန်းတစ်ခုကို ကာကွယ်ထားသကဲ့သို့ ရှိနေသည်။
နားကပ်သည် ရှီလဲ့ကို ရိုသေစွာ ကြည့်ကာ ခါးကို အနည်းငယ် ကိုင်းပြီး တိုးတိုးလေး ပြောလိုက်သည်။ “အကိုကြီးရှီ... ချန်မင်က တကယ်ပဲမြန်လွန်းတဲ့ လူပဲဗျာ.. ကျွန်တော်ဖြင့် ရယ်လို့ကို မဆုံးဘူး”
ရှီလဲ့က နှာခေါင်းရှုံ့လိုက်သည်။
“ဘာပြဿနာမှ မတက်စေချင်ဘူးနော်.. မှတ်ထားပါ၊ ဒါအောင်မြင်သွားရင် မင်းတို့ ဆုလာဘ် ရလိမ့်မယ်...ဒါပေမဲ့ ရှုံးနိမ့်သွားရင်တော့ ဘာဖြစ်မလဲဆိုတာ ငါပြောစရာ မလိုတော့ဘူး ထင်တယ်... ဟုတ်လား”
နားကပ်က ခေါင်းညိတ်ကာ “စိတ်မပူပါနဲ့...ဒီအစီအစဉ် နောက်ကွယ်မှာ မင်း ရှိနေတယ်ဆိုတာ ကျွန်တော်နဲ့ အားမောင်ကလွဲရင် ဘယ်သူမှ မသိပါဘူး.. ပြီးတော့ ရှောင်လန် ကလည်း ကျွန်တော်တို့ လူယုံပါ..
ဘာမှ မှားယွင်းမှာ မဟုတ်ပါဘူး”
“ကောင်းပြီ “ ရှီလဲ့က နားကပ်၏ ပခုံးကို ပုတ်ကာ “တော်တယ် ဒါဆို အစီအစဉ်အတိုင်း ဆက်လုပ်ကြတာပေါ့” ဟု ပြောလိုက်သည်။
ရှီလဲ့သည် လမ်းကြားထဲမှ ထွက်လာကာ မနက်စာဆိုင် တစ်ဆိုင်တွင် ထိုင်လိုက်သည်။ “ဦးလေး... ခေါက်ဆွဲအစပ် တစ်ပွဲ ပေးပါဦး” ဟု ပြုံးလျက် မှာလိုက်သည်။
“ကောင်းပါပြီ” ဆိုင်ရှင်က ပြန်ဖြေကာ ခေါက်ဆွဲများကို ဆူပွက်နေသော ရေအိုးထဲသို့ ကျွမ်းကျင်စွာ ထည့်လိုက်သည်။
အခြားတစ်ဖက်တွင် ချန်မင်သည် လမ်းမကြီး၏ အဆုံးတွင် ရပ်နေသည်။ သူသည် ဖုန်းထုတ်ကာ နားကပ်တစ်ဖက်ဆီသို့ ဖုန်းခေါ်ပြီး ရှီလဲ့ကို ကိုင်တွယ်ရန် ခိုင်းစေရန် ပြင်လိုက်သည်။
သို့သော်လည်း... စိတ်ကူးက လှပသလောက် လက်တွေ့က ခါးသီးလှသည်။
ဖုန်းထဲမှ “လူကြီးမင်း ခေါ်ဆိုသော နံပါတ်မှာ စက်ပိတ်ထားပါသဖြင့်...” ဟူသော အသံကိုသာ ကြားလိုက်ရသည်။
ချန်မင် ကြောင်သွားသည်။
‘ဘာဖြစ်တာလဲ စက်ပိတ်ထားတာလား နားကပ် တစ်ခုခု ဖြစ်လို့လား’
ချန်မင်၏ စိတ်ထဲတွင် မကောင်းသော
အငွေ့အသက်တစ်ခု ခံစားလိုက်ရသည်။ တစ်ခုခုတော့ ဖြစ်တော့မည်ဟု သူ ထင်လိုက်သည်။
နောက်ဖေးလမ်းရှိ လမ်းကြားများစွာကို ဖြတ်သန်းပြီးနောက် နားကပ်တစ်ဖက်သည် ခြံဝင်းအသေးလေးတစ်ခုသို့ ရောက်လာသည်။ ခြံထဲသို့ လှမ်းဝင်ကာ “အားမောင်၊ ရှောင်လန်... အမြန်ထွက်လာခဲ့ကြ” ဟု အော်ခေါ်လိုက်သည်။
ခဏအကြာတွင် ရှောင်လန် အရင် ထွက်လာသည်။ သူမသည် ချန်မင်နှင့် ဗီဒီယိုရိုက်ခဲ့သော အမျိုးသမီး ဖြစ်သည်။
“ခေါင်းဆောင်နားကပ်... ကျွန်မတို့ ရဲတိုင်တော့မှာလား” ဟု ရှောင်လန်က စိတ်လှုပ်ရှားစွာ မေးသည်။ သူမ အများကြီး မသိပေ။ နားကပ်တစ်ဖက်က တစ်ယောက်ယောက်ကို အမှုဆင်ချင်နေပြီး သူမက ကြံရာပါအဖြစ် ပါဝင်ပေးရမည်ကိုသာ သူမ သိသည်။
အားမောင်သည် အိပ်ချင်မူးတူး မျက်လုံးများဖြင့် ထွက်လာကာ “အကိုကြီး... ဘာထူးလဲ” ဟု မေးသည်။
“ရဲတိုင်မယ်” နားကပ်က အားမောင်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ အားမောင်က ချက်ချင်း သဘောပေါက်သွားပြီး “ဟုတ်ကဲ့... ဟုတ်ကဲ့... ရဲတိုင်ကြမယ်... ချန်မင်ဆိုတဲ့ အဲဒီကောင်က ကျွန်တော့်ရည်းစားကို စော်ကားတယ်ဗျာ... သူ့တစ်မိသားစုလုံးကို ကလဲ့စားချေပစ်မယ်”
ရှောင်လန်က ငိုတော့မည့် ရုပ်လေးဖြင့် “အကိုအားမောင်... ကျွန်မကို ကူညီပါဦး” ဟု ဆိုသည်။
နားကပ်တစ်ဖက်က သူတို့နှစ်ဦး၏ သရုပ်ဆောင်မှုကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ကဲ... ရွှမ်းဟူ ရဲစခန်းကို သွားကြမယ်”
နောက်ဖေးလမ်းမှာ ရွှမ်းဟူရဲစခန်းနှင့် အလွန်နီးသည်။ လမ်းလျှောက်လျှင် ၁၀ မိနစ်ခန့်သာ ကြာသည်။ နားကပ်နှင့် အဖွဲ့သားသုံးဦးသည် ရဲစခန်းထဲသို့ ဝင်လာပြီး တတိယထပ်ရှိ အမှုကြီးစုံစမ်းစစ်ဆေးရေးဌာနသို့ တိုက်ရိုက် သွားလိုက်ကြသည်။
ချန်ကွမ်လျန်သည် နားကပ်တစ်ဖက်ကို မြင်သောအခါ ဝမ်းသာသွားသည်။
‘ဒီလူမိုက်တွေက အဖမ်းခံဖို့ လာတာလား ဒါမှမဟုတ် ရှီလဲ့နဲ့ ပြဿနာတက်လာတာလား’
“ မင်း ရဲစခန်းကို ဘာလာလုပ်တာလဲ” ချန်ကွမ်လျန်က တည်ကြည်သော လေသံဖြင့် မေးလိုက်သည်။
အိုးရန်ရှန်းကလည်း နားကပ်တစ်ဖက်ကို မှတ်မိနေသည်။ ‘ဒီလူမိုက်တွေ ရဲစခန်းမှာ ဘာလုပ်နေတာလဲ ရှီလဲ့ကို သစ္စာဖောက်ဖို့ လာကြတာလား’ ဟု တွေးကာ သူမ စိတ်ထဲတွင် မည်သို့ကြောင့်မှန်းမသိ စိုးရိမ်စိတ်လေး တစ်ခု ဖြစ်ပေါ်လာသည်။
တောက်ကျွင်းကမူ ရှီလဲ့ကို သဘောကျသူ ဖြစ်သည်။ သူသည် အိုးရန်ရှန်းကို တစ်ချက်ကြည့်ကာ ချန်ကွမ်လျန်ထံသို့ လျှောက်သွားလိုက်သည်။ “ကပ္ပတိန်ချန်... ယဲ့ဖုန်း ရဲ့ အမှုမှာ သဲလွန်စအသစ် ရထားပါတယ်”
ချန်ကွမ်လျန်က ခေါင်းညိတ်လိုက်သော်လည်း ဂရုမစိုက်ပေ။ လေဆိပ်မှ စောင့်ကြည့်ကင်မရာများအရ ယဲ့ဖုန်းသည် ဗွိုက်စင်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သူတို့ သိထားပြီးဖြစ်သည်။
နားကပ်၏ မျက်နှာမှာ အလွန် မှောင်မှိုင်နေသည်။ သူက ချန်ကွမ်လျန်ကို ကြည့်ကာ “ကပ္ပတိန်ချန်... ကျွန်တော်တို့ ရဲလာတိုင်တာပါ” ဟု ဆိုသည်။
ချန်ကွမ်လျန်က လှောင်ပြောင်သလို ရယ်လိုက်သည်။ “ဟမ် မင်းတို့လို လူမျိုးက ရဲလာတိုင်တယ် ဟုတ်လား ရှောင်တောက်.. ပြတင်းပေါက်ကနေ သွားကြည့်စမ်း...ဒီနေ့ နေက အနောက်ဘက်က ထွက်လာလို့လား”
အားမောင်က ဒေါသတကြီးဖြင့် “ကပ္ပတိန်ချန်... ကျွန်တော်တို့ ရဲတိုင်လို့ မရဘူးလား ကျွန်တော့်ရည်းစား စော်ကားခံရတာကိုတောင် ရဲတိုင်ခွင့် မရှိဘူးလား... ဒါမှမဟုတ် ကျွန်တော်တို့ ဘာသာပဲ ဖြေရှင်းလိုက်ရမလား”
“ဘာ” ချန်ကွမ်လျန် မျက်နှာ ပျက်သွားသည်။ “မင်းရည်းစား စော်ကားခံရတယ် ဟုတ်လား ဘယ်တုန်းကလဲ” သူသည် အားမောင်ဘေးရှိ ရှောင်လန်ကို သံသယဖြင့် ကြည့်လိုက်သည်။
ရှောင်လန်မှာ အတော်လေး လှပပြီး ဆင်းရဲသော်လည်း သပ်သပ်ရပ်ရပ်ရှိသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ အိုးရန်ရှန်းလောက် မလှသော်လည်း သာမန်လူတွေထက်တော့ ပိုချောသည်။
“အရာရှိကြီး... ကျွန်မ ရဲတိုင်ချင်လို့ပါ.. လွန်ခဲ့တဲ့ နှစ်ရက်က မွန်းလွဲပိုင်းမှာ ကျွန်မ စော်ကားခံခဲ့ရပါတယ်” ရှောင်လန်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။
ချန်ကွမ်လျန်က တောက်ကျွင်းကို အမြန်ခိုင်းလိုက်သည်။ “ရှောင်တောက်. ကုလားထိုင်တွေ ယူလာပေးစမ်း”
“ဟုတ်ကဲ့” တောက်ကျွင်းက ကုလားထိုင် သုံးလုံး ယူလာပေးကာ နားကပ်တစ်ဖက်တို့အဖွဲ့ကို ထိုင်ခိုင်းလိုက်သည်။ သူလည်း သူတို့ဘေးတွင် ထိုင်ကာ အစအဆုံး နားထောင်ရန် ပြင်လိုက်သည်။
ချန်ကွမ်လျန်က မှတ်တမ်းစာအုပ်ကို ထုတ်ကာ မေးလိုက်သည်။ “ဒါက လွန်ခဲ့တဲ့ နှစ်ရက်က ဖြစ်တာဆိုတော့... ဘာလို့ မနေ့ကတို့၊ တစ်နေ့ကတို့ မလာတာလဲ ဘာလို့ ဒီနေ့မှ ရဲတိုင်ဖို့ စဉ်းစားရတာလဲ”
နားကပ်တစ်ဖက်က ဘာမှမပြောဘဲ အေးဆေးစွာ ထိုင်နေသည်။ အားမောင်က ဒေါသတကြီး ပြောသည်။ “ကျွန်တော် အမှန်အတိုင်း ပြောရရင်... အဲဒီကောင်ကို ကလဲ့စားချေဖို့ ကျွန်တော်တို့ အရင် စီစဉ်နေတာ...အဲဒီကောင်ကို ဖမ်းပြီး မိန်းမစိုး ဖြစ်သွားအောင် လုပ်ပစ်မလို့ပဲ”
ချန်ကွမ်လျန်က နှာခေါင်းရှုံ့လိုက်သည်။ “ဒါဆို ဘာလို့ မလုပ်တာလဲ... မင်းတို့က လူမှုရေး ကင်ဆာတွေပဲ.. မင်းတို့မှာ အသိတရား ဝင်လာပြီး ဥပဒေအရ ဖြေရှင်းဖို့ လာတယ်လို့တော့ ငါ့ကို လာမပြောနဲ့”
အားမောင်က ရယ်လိုက်သည်။ “ကပ္ပတိန်ချန်... ကျွန်တော်တို့ကို တကယ် သိတာပဲ ကျွန်တော် တတ်နိုင်ရင်တော့ ထောင်တစ်သက် တစ်ကျွန်း ကျရင်တောင် အဲဒီကောင်ကို မိန်းမစိုး ဖြစ်အောင် လုပ်မှာပါ...ဒါပေမဲ့... ကျွန်တော်တို့မှာ အဲဒီလို လုပ်နိုင်တဲ့ အစွမ်းအစ မရှိလို့ပါ”
“အော်...” ချန်ကွမ်လျန်က အားမောင်ကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်သည်။ “ဒါက ရှီလဲ့များလား”
“ဖူး..” အိုးရန်ရှန်း သောက်လက်စ ကော်ဖီများ သီးသွားသည်။ ကော်ဖီများက မော်နီတာတစ်ခုလုံးကို စိုရွှဲသွားစေသည်။ သူမ စိတ်ထဲတွင် ရယ်နေမိသည်။ ရှီလဲ့က သူမနှင့် တစ်ခန်းတည်း နေခဲ့တာလေ။ ရှီလဲ့က အဲဒီလို လူမျိုးဆိုရင် သူမ မသိဘဲ နေပါမည်လား။
အားမောင်လည်း ချောင်းတစ်ချက် ဟန့်လိုက်သည်။ “ကပ္ပတိန်ချန်... ခင်ဗျားမှာ စိတ်ကူးယဉ်နိုင်စွမ်း ဒီလောက်ပဲ ရှိတာလား”
ချန်ကွမ်လျန်လည်း သူ မှားပြောမိမှန်း သိသွားသဖြင့် အမြန် ရယ်မောလိုက်သည်။ “ဒါဆို... ဘယ်သူလဲဆိုတာ မင်းတို့ သိတယ်ပေါ့”
နားကပ်က ကြားဖြတ်ပြောလိုက်သည်။ “မှန်တယ် သူ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ သိတယ်... သူ ဘယ်သူလဲဆိုတာ သိလို့လည်း ကျွန်တော်တို့ သူ့ကို မကိုင်တွယ်ရဲတာ.. ဒါပေမဲ့ ကပ္ပတိန်ချန်... ခင်ဗျားကော သူ့ကို ဖမ်းရဲမလားဆိုတာ ကျွန်တော်တို့ မသိဘူး”
ချန်ကွမ်လျန်သည် ရိုးသားဖြောင့်မတ်သူ ဖြစ်သည်။ ရွှမ်းဟူရဲစခန်းတွင် သူသည် တင်းမာခက်ထန်သူအဖြစ် နာမည်ကြီးသည်။ ထို့ကြောင့်လည်း သူသည် လူအတော်များများကို အနာလို ဖြစ်စေခဲ့သည်။ ဒုတိယရဲဗျူရိုမှူးသာ ကျောထောက်နောက်ခံ မပေးထားလျှင် သူသည် အမှုကြီးစုံစမ်းစစ်ဆေးရေးဌာနမှူး ရာထူးမှ ပြုတ်သွားသည်မှာ ကြာပြီ ဖြစ်သည်။
“ငါ ဘာလို့ မဖမ်းရဲရမှာလဲ ရှင်ဘုရင် ပြစ်မှုကျူးလွန်ရင်တောင် သာမန်လူလိုပဲ အပြစ်ပေးခံရမှာပဲ” ချန်ကွမ်လျန်က နှာခေါင်းရှုံ့ကာ ပြောသည်။ “ရွှမ်းဟူမြို့ရဲ့ ခေါင်းဆောင် ပြစ်မှုကျူးလွန်ရင်တောင် သူ့ကို စုံစမ်းစစ်ဆေးပိုင်ခွင့် ငါ့မှာ ရှိတယ်”
အာမောက လက်ခုပ်တီးလိုက်သည်။ “သိပ်ကောင်းတယ် ကပ္ပတိန်ချန်က ဖြောင့်မတ်တယ်ဆိုတာ တကယ်ပဲ နာမည်နဲ့ လိုက်ဖက်ပါတယ်...ကပ္ပတိန်ချန်... ကျွန်တော့်ရည်းစားကို စော်ကားခဲ့တဲ့ကောင် နာမည်က ‘ချန်မင်’ ပါ”
ချန်ကွမ်လျန်က တတွတ်တွတ် ရွတ်ကြည့်သည်။ “ချန်မင်... ချန်မင်... နာမည်က ရင်းနှီးနေသလိုပဲ.. အော်... မှတ်မိပြီ သူက ‘လဲ့ယာခွန်း’ ရဲ့ ဝမ်းကွဲညီ မဟုတ်လား”
လဲ့ယာခွန်းသည် အမှုကြီးစုံစမ်းစစ်ဆေးရေးဌာန၏ ဒုတိယဌာနမှူးဟောင်း ဖြစ်သည်။ ယခုအခါ သူသည် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန၏ ဌာနမှူး ဖြစ်နေပြီး သူ၏ အာဏာမှာ ချန်ကွမ်လျန်ထက် မနည်းပေ။
အားမောင်က လှောင်ပြုံး ပြုံးလိုက်သည်။ “သူပဲပေါ့ ကပ္ပတိန်ချန်... ခင်ဗျား သူ့ကို ဖမ်းရဲသလား”