အခန်း (၄၄)
Vol. 5 Ch. 44
အခန်း (၄၄) - သနားစရာကောင်းလှသော ယွီထျန်းဟန်။
“ထျန်းတိုအင်ပါယာ... အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်း... အစ်ကို ချန်ယွီက ဒီလောက်တောင် အင်အားကြီးတဲ့သူတွေနဲ့ သိတာလား။”
တစ်ချိန်တည်းမှာပင် ဘေးမှနေ၍ ယွီထျန်းဟန်၏ မိတ်ဆက်စကားကို နားထောင်နေသော မုန့်ယီရန်သည်လည်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ အရောင်တောက်နေသည်။
မုန့်ယီရန်သည် သေးငယ်သော မိသားစုမှ လာသူဖြစ်ပြီး သူမ၏ အမြင်မှာ အတော်လေး ကျဉ်းမြောင်းလှသည်။
ပုံမှန်အားဖြင့် မုန့်ယီရန် အသွားအလာ အများဆုံးနေရာများမှာ သူမ၏ ကိုယ်ပိုင်မိသားစုနယ်မြေနှင့် ကြယ်သစ်တောသာ ဖြစ်သည်။
မုန့်ယီရန်တွင် အစွမ်းထက်သော ဆွေမျိုးနှစ်ဦးဖြစ်သည့် အဖိုး နဂါးမင်းကြီး မုန့်ရှုနှင့် အဖွား မြွေအဖွား ချောင်ထျန်းရှန်း နဂါးနှင့်မြွေ စုံတွဲ ရှိသောကြောင့် သူမကို အလွန်ကောင်းမွန်စွာ ကာကွယ်ပေးထားကြသည်။
ထို့ကြောင့် မုန့်ယီရန်သည် ထျန်းတိုအင်ပါယာအတွင်းရှိ အင်အားစု အများအပြားအကြောင်းကို အမှန်တကယ်တွင် သိပ်မသိလှပေ။
“ခြင်္သေ့အရေခြုံတဲ့ မြေခွေးပဲ။ ဒီရှောင်ချန်ယွီက နောက်ခံအင်အားတစ်ခု ရှာနိုင်ရုံနဲ့ ဒီအဖွားအိုက သူ့ကို ကြောက်သွားမယ်လို့ ထင်နေတာလား။”
မြွေအဖွားအို ချောင်ထျန်းရှန်း၏ မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ယွီထျန်းဟန် ခုနကပြောသွားသည်မှာ မရည်ရွယ်သော်လည်း သူ၏ စကားထဲတွင် ပါဝင်နေသော မာနထောင်လွှားမှုကို အကဲဆတ်သော မြွေအဖွားအိုက ရိပ်မိလိုက်ခြင်းဖြစ်သည်။
ယွီထျန်းဟန်၏ မာနမှာ အမှန်တော့ နားလည်ပေး၍ ရပါသည်။
ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဟွမ်တောက်အဖွဲ့ရဲ့ ခေါင်းဆောင် ပြီးတော့ အထက်တန်းလွှာ ဂိုဏ်းကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းရဲ့ ဆက်ခံသူ ဖြစ်လာတဲ့သူက ဘယ်သူကကော မာနမကြီးဘဲ နေပါ့မလဲ။
သူ ဘယ်သွားသွား လေလုံးထွားနေမှာ သေချာပါသည်။
သို့သော်လည်း ဆိုရိုးစကားရှိသည်အတိုင်း ဖိနပ်မပါတဲ့သူက ဖိနပ်ပါတဲ့သူကို မကြောက်ဘူးဆိုသလိုပင်။
နဂါးမင်းကြီး မုန့်ရှုနှင့် မြွေအဖွားချောင်ထျန်းရှန်းတို့၏ မိသားစုတွင် အဖွဲ့ဝင် အနည်းငယ်သာ ရှိသည်။
သူတို့သည်တစ်ခါတစ်ရံ ဂိုဏ်းကြီးများကို အားနာတတ်သော်လည်း အကယ်၍ သူတို့က အရာအားလုံးကို ရင်းပြီး တိုက်ခိုက်တော့မည်ဆိုလျှင် ဂိုဏ်းကြီးများပင်လျှင် သတိထားရမည် ဖြစ်သည်။
နောက်ဆုံးတွင်တော့ သူတို့က မင်းနဲ့ အသေအလဲ တိုက်နိုင်သော်လည်း အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခုမှာမူ အလွယ်တကူ လမ်းကြောင်းပြောင်းရန် မဖြစ်နိုင်ပေ။
“ငါတို့က ထျန်းတို အင်ပါယာထဲဝင်ပြီး ဂုဏ်ထူးဆောင် အကြီးအကဲတွေ ဖြစ်ချင်တာ မှန်ပေမဲ့ ငါတို့ရဲ့ အစွမ်းကို မပြရင်တော့ ဘယ်ကမှန်းမသိတဲ့ လူတိုင်းက ငါတို့ခေါင်းပေါ် တက်နင်းပြီး အထင်သေးကြမှာ မဟုတ်ဘူးလား။”
နဂါးမင်းကြီး မုန့်ရှု၏ မျက်လုံးထဲတွင်လည်း ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
နဂါးမင်းကြီး မုန့်ရှုမှာ စိတ်တိုနေနှင့်ပြီးသား ဖြစ်သည်။
ယွီထျန်းဟန်မှာမူကား ထိုဒေါသမီးလျှံထဲသို့ အလိုအလျောက် တိုးဝင်လာခြင်းပင်။
သိက္ခာရှိလှသော ဝိညာဉ်တုံ့လော ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ငါ နဂါးမင်းကြီး မုန့်ရှုက မင်းလို လူငယ်လေးတစ်ယောက်ကို မျက်နှာသာပေးဖို့ လိုအပ်သလား။
ယွီထျန်းဟန် မင်းမှာ ဘယ်လောက်များတဲ့ မျက်နှာရှိလို့လဲ။
“လေထုက ဘာလို့ နည်းနည်း အေးစက်သွားတာလဲ။”
ထိုအချိန်တွင် ယွီထျန်းဟန်သည် ပတ်ဝန်းကျင်မှ လေထုမှာ ရုတ်တရက် အေးစက်လာသည်ကို ခံစားလိုက်ရပြီး တုန်တုန်ယင်ယင် ဖြစ်သွားသည်။
မော့ကြည့်လိုက်ရာ နဂါးမင်းကြီး မုန့်ရှုက ဟန်ဆောင်အပြုံးဖြင့် ပြောနေသည်ကို မြင်လိုက်ရသည် ။
“ငါ မုန့်ရှုက ပါရမီရှိတဲ့ လူငယ်တွေနဲ့ ပညာဖလှယ်ရတာကို အကြိုက်ဆုံးပဲ သခင်လေး ယွီ ငါတို့ အကွက်အနည်းငယ်လောက် ဖလှယ်ကြည့်ကြမလား။”
သူသည် သူ၏ နဂါးခေါင်းတောင်ဝှေးကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆောင့်လိုက်ရာ မုန့်ရှု၏ ခန္ဓာကိုယ်မှ အားကောင်းသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။
ပြင်းထန်သော ဖိအားကြောင့် မြေကြီးပေါ်ရှိ ကျောက်ခဲများနှင့် မြေသားများမှာ အက်ကွဲကုန်တော့သည်။
“ပညာဖလှယ်... ဆွေးနွေး... ဒါ... ဒါကို မလုပ်လို့မရဘူးလား။”
ယွီထျန်းဟန်၏ နှုတ်ခမ်းများမှာ တုန်ယင်နေပြီး ထိုနေရာတွင်ပင် ငိုချင်စိတ် ပေါက်သွားသည်။
‘ငါ ခုနက ဘာတွေ လုပ်မိသွားတာလဲ။’
‘နဂါးမြို့မင်းကြီးခင်ဗျာ ခင်ဗျားက ရှောင်ချန်ယွီကို လာတိုက်တာ မဟုတ်ဘူးလား။’
‘ဒါက ဘာဖြစ်တာလဲ။ ဘာလို့ ရုတ်တရက်ကြီး ငါ့ကို လာတိုက်နေတာလဲ။’
သိက္ခာရှိတဲ့ ဝိညာဉ်တုံ့လောကြီးက အဆင့် (၃၂) ဝိညာဉ်အကြီးအကဲ လေးဖြစ်တဲ့ ငါ့ကို ဝိုင်းရိုက်မယ်ဆိုရင် ဘယ်သူကများ နိုင်မှာလဲ။
ဒါ့အပြင် မုန့်ရှုဆိုတဲ့ အဖိုးကြီးဆီက ထွက်လာတဲ့ အရှိန်အဝါက သူ့နှလုံးသားကို ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားစေသည်။
“သခင်လေး ယွီ ဒါက ကိစ္စမရှိပါဘူး။ဆွေးနွေးဖလှယ်မှ တိုးတက်မှု ရှိမှာပေါ့။ ငါက နိမ့်ပါးတဲ့ နောက်ခံက လာတာပါ။ အခုလို ဝေးလံတဲ့ နေရာမျိုးမှာ သခင်လေး ယွီလို ထူးချွန်တဲ့ လူငယ်နဲ့ ဆုံရတာ တကယ်ကို ရှားပါးပါတယ်။”
“ဒီလို ပါရမီမျိုးကို မြင်ရတော့ ငါ့ရဲ့ စွမ်းရည်ကို စမ်းသပ်ချင်စိတ်တွေ တားမရတော့ဘူး။ ငါ့ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ။”
ပြောပြောဆိုဆိုဖြင့် မုန့်ရှု၏ နဂါးခေါင်းတောင်ဝှေးမှာ ရုတ်တရက် ကြီးထွားလာပြီး တောင်ဝှေးတစ်ခုလုံးမှာ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာကာ အရွယ်အစားမှာ သုံးဆထက်မက ကြီးလာသည်။
နောက်တစ်ခဏတွင် မုန့်ရှုသည် ထိုတောင်ဝှေးကို ထိန်းချုပ်ပြီး ယွီထျန်းဟန်၏ ခေါင်းပေါ်သို့ ရိုက်ချလိုက်တော့သည်။
“အား”
“နာတယ်”
“ကျွန်တော် မှားပါပြီ”
“စီနီယာ ကျေးဇူးပြုပြီး လွှတ်ပေးပါဦး။”
“ထျန်းတို အင်ပါယာ...လူငယ်ပါရမီရှင်ဆိုတာဒါပဲလား။”
ဘေးမှ ကြည့်နေသော မုန့်ယီရန်မှာ ဤမြင်ကွင်းကြောင့် မှင်သက်သွားသည်။
ယွီထျန်းဟန်ဆိုသည်မှာ အစ်ကို ရှောင်ချန်ယွီက ချီးကျူးပြောဆိုခဲ့သော သူ၏ သူငယ်ချင်းကောင်း ဖြစ်သည်။
မုန့်ယီရန်၏ မျက်လုံးထဲတွင်မူ သူသည် အလွန်အမင်း အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်သည်။
သို့သော် သူမရှေ့မှ နဂါးမင်းကြီး မုန့်ရှု၏ အရိုက်ခံရပြီး သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသည့် ဤလူငယ်မှာ တကယ်ပဲ လူငယ်ပါရမီရှင်ဟု ခေါ်သောသူ ဟုတ်ပါသလား။
‘ဘယ်လို ပါရမီရှင်မျိုးကများ တစ်ကိုယ်လုံး ဖူးယောင်နေအောင် အရိုက်ခံရပြီး ကြွက်စုတ်လေးတစ်ကောင်လို ထွက်ပြေးနေရတာလဲ။’
ကြည့်ရတာထျန်းတို အင်ပါယာရဲ့ လူငယ်ပါရမီရှင်ဆိုတာတွေက ဒီလောက်ပဲလား။
အစ်ကို ရှောင်ချန်ယွီနဲ့ နှိုင်းယှဉ်ရင်တော့ သူက တကယ်ကို အဝေးကြီးမှာ ကျန်နေခဲ့တာပဲ။
“ရှက်ဖို့ကောင်းလိုက်တာ... ငါက ဘာလို့ သူ့ကို ငါ့ရည်းစားလို့ ပြောမိပါလိမ့်။”
ဘေးတွင် ရပ်နေသော တုကူယန်းသည်လည်း လက်ဖြင့် နဖူးကို အုပ်ထားမိတော့သည်။
သူမ ခုနက ယွီထျန်းဟန်ကို သူမ၏ ရည်းစားဟု တမင်ပြောလိုက်ခြင်းမှာ အဓိကအားဖြင့် သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသောကြောင့် ဖြစ်သည်။
ရှောင်ချန်ယွီအပေါ် သူမ၏ ခံစားချက်များ ပိုမို နက်ရှိုင်းလာသည်ကို သူမ တွေ့ရှိခဲ့သော်လည်း သူမနှင့် ရှောင်ချန်ယွီမှာ လမ်းကြောင်းချင်း မတူကြပေ။
ရှောင်ချန်ယွီ၏ နော့တင်းမြို့မှာ ဝိညာဉ်နန်းတော်၏ လက်အောက်တွင် ဖြစ်သည်။
တုကူယန်းကမူ ထျန်းတို အင်ပါယာ၏ ထျန်းတို တော်ဝင်အကယ်ဒမီမှ ဖြစ်သည်။
ဝိညာဉ်နန်းတော်နှင့် ထျန်းတိုအင်ပါယာတို့အကြားတွင် ဖြေဖျောက်၍မရသော ပဋိပက္ခများ ရှိနေသည်။
သူတို့နှစ်ဦး၏ အနာဂတ်မှာ ဘယ်တော့မှ ပေါင်းစည်းနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် တုကူယန်းက ယွီထျန်းဟန်အကြောင်း ပြောလိုက်ခြင်းမှာ အမှန်တော့ မမှားပေ။
ယွီထျန်းဟန်မှာ တကယ်ပင် တုကူယန်း၏ ရည်းစားဖြစ်သောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ ထျန်းတိုအကယ်ဒမီတွင် လူတိုင်းက ထိုသို့ပင် ထင်ကြသည်။
သို့သော် ယွီထျန်းဟန် ဝက်ခေါင်းဖြစ်အောင် အရိုက်ခံရသည်ကို မြင်ရသည်မှာ အလွန်ပင် အရှက်ရစရာ ကောင်းလှသည်။
ကံကောင်းသည်မှာ ဤနေရာသည် ကြယ်သစ်တော ဖြစ်နေခြင်းဖြစ်သည်။ ကံကောင်းသည်မှာ ဤမြင်ကွင်းကို မြင်တွေ့မည့်သူ များများစားစား မရှိခြင်းပင်။
မဟုတ်လျှင်တော့ တုကူယန်းမှာ အရှက်လွန်ပြီး သေသွားနိုင်ပေသည်။
“ဒါ... ဒါက ဘာဖြစ်နေတာလဲ အခုခေတ် စီနီယာတွေက လူငယ်တွေကို လမ်းညွှန်ပြသပေးရတာကို ဒီလောက်တောင် ဝါသနာပါကြတာလား။”
ထိုအချိန်တွင် ရှောင်ဝူသည်လည်း ဘာဖြစ်နေသည်ကို မသိဘဲ လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေသည်။
ယွီထျန်းဟန်၊ နဂါးမင်းကြီး မုန့်ရှုနှင့် မြွေအဖွားချောင်ထျန်းရှန်းတို့မှာ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း မဟုတ်ပါလား။
သူတို့ ပထမဆုံး ဆုံတွေ့ချိန်မှာတင် ဒီလောက်တောင် အချိတ်အဆက် မိနေကြတာလား။
မဟုတ်ရင် ဘာလို့ အစွမ်းထက်လှတဲ့ ဝိညာဉ်တုံ့လောကြီး မုန့်ရှုက သူ့ရဲ့ ဂုဏ်ဒြပ်ကို နှိမ့်ချပြီး ယွီထျန်းဟန်ကို ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးနေရမှာလဲ။
ယွီထျန်းဟန်ကတော့ တကယ်ကို အထင်ကြီးစရာပဲ။
“ခေါင်းဆောင်ဟန်တော့ အတော်လေး အရိုက်ခံနေရပြီ... ကြည့်ရတာ စီနီယာ နဂါးမြို့စားက မျောက်ကို ကြောက်အောင် ကြက်ကို သတ်ပြနေတာထင်တယ်။”
ရဲ့လင်လင်မှာ တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင် အကဲခတ် အလွန်တော်သူ ဖြစ်သည်။
ရှောင်ချန်ယွီက ယွီထျန်းဟန်ဟာ သူ့ရဲ့ သူငယ်ချင်းကောင်းပါလို့ ပြောလိုက်တာနဲ့နောက်တစ်ခဏမှာပဲ ယွီထျန်းဟန်ဟာ နဂါးမင်းကြီးရဲ့ လက်ချက်နဲ့ ဖူးယောင်နေအောင် အရိုက်ခံလိုက်ရသည်။
‘ရှင်းနေတာပဲ ဒါဟာ နဂါးမြို့စားက ရှောင်ချန်ယွီကို သတိပေးနေတာပဲ။’
‘ငါ့မြေးမလေးကို အနိုင်ကျင့်ရဲရင် ယွီထျန်းဟန်က မင်းရဲ့ သူငယ်ချင်းဖြစ်နေပါစေ။ ယွီထျန်းဟန်ရဲ့ နောက်ကွယ်မှာ အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းဆိုတဲ့ အင်အားကြီး ရှိနေပါစေ ငါ နဂါးမင်းကြီး မုန့်ရှုကတော့ မင်းကို ရိုက်မှာပဲ။’