← Chapters

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅) - ရှောင်ချန်ယွီ ရှေ့ထွက်လာခြင်း။

“အားရလိုက်တာ တကယ်ကို အားရစရာပဲ လူတစ်ယောက်ကို ရိုက်ရတဲ့ အရသာက တကယ့်ကို ကောင်းလွန်းတယ်။”

နဂါးမင်းကြီး မုန့်ရှု၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေသည်။

တစ်ကိုယ်တော် ဝိညာဉ်သခင်တစ်ဦးအနေဖြင့် နဂါးမင်းကြီး မုန့်ရှုသည် လောကီရေးရာများကို သာမန် ဝိညာဉ်သခင်များထက် ပိုမိုနားလည်သည်။

ဥပမာအားဖြင့် မူရင်းဇာတ်လမ်းထဲတွင် ထန်စန်းက သူတို့၏ ဝိညာဉ်သားရဲကို လုယူသွားပြီးနောက် နဂါးမင်းကြီး မုန့်ရှုသည် ထန်စန်းကို သူ၏ မြေးသားမက်ဖြစ်ရန် ဦးစွာ တောင်းဆိုခဲ့သည်။

သို့သော်ထန်စန်း၏ အစစ်အမှန် နောက်ခံကို သိလိုက်ရသည်နှင့် သူ၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

၎င်းက လိုက်လျောညီထွေရှိမှု ဟူသော အရည်အသွေးကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်၏။

လိုအပ်လျှင် ပြတ်သားပြီး သင့်တော်လျှင် လျှော့ပေးတတ်ခြင်း နဂါးမင်းကြီး မုန့်ရှုသည် သာမန် ဝိညာဉ်သခင်များထက် အများကြီး ပို၍ သိမြင်နားလည်သူ ဖြစ်သည်။

“ကဲပါ တော်လောက်ပြီ ဒီလောက်ရိုက်ရင် ရပါပြီ။ ရှောင်ချန်ယွီလည်း သတိပေးချက် ရသွားလောက်ပါပြီ။ ဒီယွီထျန်းဟန်ကိုတော့ အရမ်းကြီး နာအောင် မလုပ်သင့်ဘူး။”

ဘေးတွင် ရပ်နေသော မြွေအဖွား ချောင်ထျန်းရှန်းကလည်း ဝင်ရောက် ဖျောင်းဖျလိုက်သည်။

သူမ၏ မြေးမလေး မုန့်ယီရန်ကို အနိုင်ကျင့်ခဲ့သော ရှောင်ချန်ယွီနှင့် ပတ်သက်၍ မြွေအဖွားမှာလည်း ကိုယ်တိုင်ကိုယ်ကျ လက်စွမ်းပြချင်နေသည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် လက်ထပ်ပြီးသား သမီးက သွန်ပြီးသား ရေ ဆိုသလိုပင် မြေးမလေးအတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။

သူမ၏ မြေးမလေး မုန့်ယီရန်မှာ ရှောင်ချန်ယွီအပေါ် မည်မျှအထိ ရူးသွပ်နေသည်ကို မြင်ရသဖြင့် အကယ်၍ ရှောင်ချန်ယွီအပေါ် အကြမ်းပတမ်း လုပ်မိပါက သူမ၏ မြေးမလေးက သူမကို ပြန်ပြီး မုန်းတီးသွားမည်ကို စိုးရိမ်နေမိသည်။

ဒါပေမဲ့ ရှောင်ချန်ယွီကို တစ်ချက်လောက်မှ မရိုက်ရရင်လည်း မြွေအဖွား၏ စိတ်ထဲမှာ မကျေနပ်နိုင် ဖြစ်နေသည်။

ထို့အပြင် မြွေအဖွားသည် ရှောင်ချန်ယွီနှင့် သူမ၏ မြေးမလေးတို့၏ ပတ်သက်မှုကို အထင်မကြီးလှပေ။

နောက်ဆုံးတွင်တော့ ရှောင်ချန်ယွီသည် ဝိညာဉ်သူတော်စင် တစ်ဦးပင် မရှိသော နယ်စပ်မြို့လေးဖြစ်သည့် နော့တင်းမြို့မှ လာသူ မဟုတ်ပါလား။

ချောင်ထျန်းရှန်းက ရှောင်ချန်ယွီကို အထင်သေးရခြင်းမှာ သဘာဝကျသော အကြောင်းရင်း ရှိပါသည်။

ဝိညာဉ်ကုန်းမြေတွင်အဆင့်မြင့် ဝိညာဉ်သခင်များမှာ လူတွေ ထင်ထားသလို အလွယ်တကူ တွေ့ရသည့်အရာ မဟုတ်ပေ။

ထန်စန်းသည် သူ၏ ခရီးလမ်းတွင် ဝိညာဉ်သူတော်စင်များကို မတော်တဆ တွေ့နေရခြင်း ထိပ်တန်းတုံ့လောများမှာ သူနှင့် ရင်းနှီးခြင်းတို့မှာ ဇာတ်လိုက်ဖြစ်၍သာ ဖြစ်သည်။

ထန်စန်း မွေးဖွားရာ ဝိညာဉ်သူတော်စင် ကျေးရွာဆိုသည်မှာလည်း မူလက ထိုနာမည် မဟုတ်ပေ။

ထိုရွာငယ်လေးမှ တစ်ချိန်က ဝိညာဉ်သူတော်စင် တစ်ဦး ထွက်ပေါ်ခဲ့ဖူးသောကြောင့် ရွာသူကြီးက တစ်ညတည်းနှင့် နာမည်ကို ဝိညာဉ်သူတော်စင် ကျေးရွာဟု ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဝိညာဉ်သူတော်စင် တစ်ဦးဖြစ်သော ချောင်ထျန်းရှန်း၏ ဂုဏ်ပုဒ်မှာ မည်မျှအထိ လေးနက်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ထို့ထက်မက သူမ၏ ခင်ပွန်း နဂါးမင်းကြီး မုန့်ရှုမှာ ဝိညာဉ်တုံ့လော တစ်ဦးဖြစ်ရာ ၎င်းမှာ ပို၍ပင် လေးနက်လှသည်။

“အဖိုးကြီး ရှင် တကယ်ပဲ ရပ်တော့မှာလား။ ဒီရှောင်ချန်ယွီရဲ့ တည်ငြိမ်နေတဲ့ ပုံစံကို ကြည့်ရတာ သူက သတိပေးချက် ရသွားတဲ့ပုံ မပေါ်ဘူး။ အဲဒီအစား သူ့မှာ တစ်ခုခု နောက်ခံရှိနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။”

ထိုအချိန်တွင် မုန့်ရှုသည် ရပ်ရန် ရည်ရွယ်ထားသော်လည်း ခေါင်းလှည့်ကြည့်လိုက်သည့်အခါတွင်မူ...

‘ရှောင်ချန်ယွီ မင်းမှာ နှလုံးသားကော ရှိရဲ့လား မင်းရဲ့ အချစ်ဆုံး သူငယ်ချင်း ယွီထျန်းဟန်က ငါ့ရဲ့ လက်ချက်နဲ့ ရက်ရက်စက်စက် အရိုက်ခံနေရတာလေ။’

‘မင်းက ဘာလို့ တစ်စက်ကလေးမှ မကြောက်တာလဲ။ အဲဒီအစား မင်းက ပွဲကြည့်နေတဲ့သူလို ဖြစ်နေတယ်။’

‘နောက်တစ်ယောက် အရိုက်ခံရမှာက မင်းဖြစ်မယ်ဆိုတာ မသိဘူးလား။’

“ဘုရားရေ တကယ်ပါပဲ ကြည့်ရတာ ဒီရုပ်ချောချောကောင်လေးမှာ တစ်ခုခု ရှိနေပုံပဲ။ ငါ လက်ပါတာ နည်းသွားလို့ ထင်တယ်။ အဖိုးကြီး သူ့ကို ဖိအားနည်းနည်း ထပ်ပေးလိုက်ဦး။”

မြွေအဖွားချောင်ထျန်းရှန်းသည် ရှောင်ချန်ယွီကို ကြည့်လိုက်သောအခါ သူမ၏ မျက်နှာ ပျက်သွားရသည်။

ရှောင်ချန်ယွီက အတော်လေး တည်ငြိမ်လွန်းနေသည်။

‘သတိထားဦး ရှောင်ချန်ယွီ မင်းက အဆင့် (၁၉) ဝိညာဉ်သခင်လေးပဲ ရှိသေးတာ။’

‘ယွီထျန်းဟန်တောင် အဆင့် (၃၂) ရှိပြီ။’

‘အစွမ်းသတ္တိအရ ကြည့်ရင်လည်း မင်းက ယွီထျန်းဟန်ထက် နိမ့်ကျတယ်။’

‘နောက်ခံအရ ကြည့်ရင်လည်း ယွီထျန်းဟန်က အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းကဆိုတော့ မင်းထက် ပိုသာတယ်။’

‘ငါတို့ နဂါးနှင့်မြွေ စုံတွဲက အစွမ်းရော နောက်ခံပါ ပိုသာတဲ့ ယွီထျန်းဟန်ကိုတောင် လက်ရဲဇက်ရဲ ရိုက်နေတာကို မင်း ရှောင်ချန်ယွီက ဘာလို့ အေးဆေး ဖြစ်နေနိုင်ရတာလဲ။’

‘ဒါမှမဟုတ် ငါတို့ ရိုက်နေတာက မင်းအတွက် မထိရောက်လို့လား။’

“အားအားအား တော်ပါတော့ စီနီယာကျွန်တော် ပညာမဖလှယ်ချင်တော့ပါဘူး။”

ဖူးယောင်နေအောင် အရိုက်ခံထားရသော ယွီထျန်းဟန်သည် နဂါးမင်းကြီး၏ လက်ချက်မှာ ပို၍ ပြင်းထန်လာသည်ကို ခံစားလိုက်ရသဖြင့် ပို၍ ကျယ်လောင်စွာ အော်ဟစ်မိတော့သည်။

‘ငါသာ သိခဲ့ရင် ငါသာ သိခဲ့ရင် ငါ ယွီထျန်းဟန် တစ်ယောက် ဟန်မဆောင်ခဲ့ပါဘူး။’

ယွီထျန်းဟန် ကိုယ်တိုင်လည်း နဂါးမင်းကြီးနှင့် မြွေအဖွားတို့သည် အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်း၏ အာဏာကို တစ်စက်ကလေးမှ မကြောက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် ယွီထျန်းဟန် မသိသည်မှာ မူရင်းဇာတ်လမ်းထဲတွင် နဂါးမင်းကြီးနှင့် မြွေအဖွားတို့သည် ဝိညာဉ်နန်းတော်၏ လက်ထဲမှ လူကိုပင် လုယူရဲခဲ့ကြသူများ ဖြစ်သည်။

ဝိညာဉ်နန်းတော်က လူအနည်းငယ် လွှတ်လိုက်ရုံနှင့် ဖျက်ဆီးပစ်နိုင်သည့် အပြာရောင် လျှပ်စစ် နဂါးဘုရင် ဂိုဏ်းလောက်ကို နဂါးမြို့စားနှင့် မြွေအဖွားအိုတို့က ဂရုစိုက်နေမည် မဟုတ်ပေ။

“စီနီယာတို့ ကျေးဇူးပြုပြီး ရပ်ပေးပါ။ ပြဿနာရှိရင် ကျွန်တော် ရှောင်ချန်ယွီ ဆီကိုပဲ လာခဲ့ပါ။ ကျွန်တော့်ရဲ့ လုပ်ရပ်အတွက် ကျွန်တော်ပဲ တာဝန်ယူပါ့မယ်။ ကျွန်တော့် သူငယ်ချင်းကို ဆွဲမထည့်ပါနဲ့။”

ထိုအချိန်တွင် ရှောင်ချန်ယွီသည် တရားမျှတမှုကို လက်ကိုင်ထားသည့်အလား ရှေ့သို့ တက်လှမ်းလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်...”

ယွီထျန်းဟန်သည် ရှောင်ချန်ယွီကို ကြည့်လိုက်သောအခါ သူ၏ မျက်လုံးထဲတွင် အလွန်တရာ ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေသည်။

သူ့အပေါ်သို့ ပြဿနာများ လွှဲချခဲ့ပြီး အသေအလဲ အရိုက်ခံရအောင် လုပ်ခဲ့သူမှာ ရှောင်ချန်ယွီ ဖြစ်နေသော်လည်း ယခုအချိန်တွင်မူ ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်နေသကဲ့သို့ ယွီထျန်းဟန် ခံစားနေရသည်။

“အစ်ကို ချန်ယွီက တကယ်ကို အရှိန်အဝါ ရှိတာပဲ။ သူက တကယ့်ကို တာဝန်ယူတတ်တဲ့ ယောက်ျားကောင်းပဲ။”

မုန့်ယီရန်၏ မျက်လုံးထဲတွင်လည်း အထင်ကြီး လေးစားမှုများ ဖြတ်ပြေးသွားသည်။

အကယ်၍ လူတွေသာ ဒီလောက် မများရင် မုန့်ယီရန်ဟာ ရှောင်ချန်ယွီရဲ့ ရင်ခွင်ထဲကို အခုပဲ ပြေးဝင်သွားမိမှာဖြစ်၏။

သူမသည် သူမ၏ အဖိုးနှင့် အဖွား၏ ကြောက်မက်ဖွယ်ကောင်းသော အပြုအမူများကို မြင်ပြီး ရှောင်ချန်ယွီ ကြောက်လန့်ကာ စကားမပြောရဲဘဲ နေမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့ ရှောင်ချန်ယွီက တစ်စက်ကလေးမှ မကြောက်တာကို မြင်တော့ ငါ မျက်စိကျတဲ့ ယောက်ျားပဲကို ဟု သူမ ဂုဏ်ယူနေမိသည်။

“အစ်ကို ချန်ယွီက အရမ်း ရိုးသားလွန်းတာပဲ။ သူက ဘာလို့ ရှေ့ထွက်လာတာလဲ။ ဒီယွီထျန်းဟန်ရဲ့ ပုံစံက ကြည့်ရတာ စိတ်ပျက်ဖို့ ကောင်းလိုက်တာ သူ့ကိုပဲ ဆက်အရိုက်ခံခိုင်းထားရင် ပိုမကောင်းဘူးလား။”

ရှောင်ဝူ၏ မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားသည်။ ရှောင်ဝူသည် ယွီထျန်းဟန်အပေါ် ပထမဆုံး မြင်တွေ့ရသည့် ခံစားချက်မှာ မကောင်းပေ။

သူသည် ရှောင်ချန်ယွီကို သတ်မည် ဖြတ်မည်နှင့် ဆူညံစွာ အော်ဟစ်ခဲ့သူ မဟုတ်ပါလား။ ရှောင်ဝူသည် ထိုကဲ့သို့သော အမျိုးသားများကို မြင်သည်နှင့် မုန်းတီးတတ်သူ ဖြစ်သည်။

ရှောင်ချန်ယွီလည်း ယွီထျန်းဟန်အပေါ် အထင်ကြီးမည် မဟုတ်ဟု သူမ ယုံကြည်ထားသည်။

နောက်ဆုံးတွင်တော့ ဆုံဆုံချင်း တိုက်ခိုက်မည်ဟု စိန်ခေါ်သည့်သူကို မည်သူက ကြိုက်ပါမည်နည်း။

သို့သော်လည်း ရှောင်ချန်ယွီက အတိတ်က ကိစ္စတွေကို ဘေးဖယ်ထားပြီး ယွီထျန်းဟန်အတွက် စကားပြောပေးလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

အစ်ကို ရှောင်ချန်ယွီက တကယ့်ကို အရှိန်အဝါ ကြီးမားလှသည်ဟု သူမ ဝန်ခံရပေမည်။

“အထင်ကြီးစရာပဲ ဒါတွေက ဝိညာဉ်သူတော်စင်နဲ့ ဝိညာဉ်တုံ့လော တွေလေ။အစ်ကို ချန်ယွီက တရားမျှတမှုအတွက် စကားပြောရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလိုယောက်ျားမျိုးက တကယ်ကို ရှားပါးတယ်။”

ရဲ့လင်လင်၏ လှပသော မျက်ဝန်းလေးများတွင် အရည်လဲ့လာပြီး ရှောင်ချန်ယွီကို ကြည့်လိုက်သော အကြည့်ထဲ၌ ရမ္မက်ဆန်သော အပူရှိန်တစ်ခု ဖြတ်ပြေးသွားသည်။

မူလက ရဲ့လင်လင်သည် ရှောင်ချန်ယွီက ပြဿနာများကို ယွီထျန်းဟန်ပေါ်သို့ လွှဲချပြီး နဂါးနှင့်မြွေ စုံတွဲ၏ ဒေါသကို ခံခိုင်းထားသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

ယခုမူ အစ်ကို ချန်ယွီသည် ပွင့်လင်းမြင်သာပြီး ဖြောင့်မတ်သူတစ်ဦး ဖြစ်နေသည်။ သူမ ထင်ထားသလို မဟုတ်ပါလား။

ယွီထျန်းဟန်ကသာ အစွမ်းမရှိဘဲ ဟန်ဆောင်ချင်သဖြင့် အရိုက်ခံရခြင်းဖြစ်ရာ အစ်ကို ချန်ယွီနှင့် ဘာမှမဆိုင်ပေ။

ဒါပေမဲ့ တစ်ခုခုကြောင့် အစ်ကို ချန်ယွီက အခုအချိန်မှာ ပိုပြီးတော့တောင် ချောလာသလို သူမ ခံစားနေရသည်။

“ဒီရှောင်ချန်ယွီက အကျင့်စာရိတ္တ မကောင်းဘူးလို့ ထင်ထားတာ။ သူ့မှာလည်း အားသာချက်တွေ ရှိတာပဲ။ ဒီလိုအချိန်မှာ ရှေ့ထွက်ရဲတာ တကယ်ကို တာဝန်ယူတတ်တာပဲ...”

တုကူယန်း၏ ရှောင်ချန်ယွီအပေါ် အထင်အမြင်မှာလည်း စတင် ပြောင်းလဲလာတော့သည်။

ရှောင်ချန်ယွီအပေါ် မူလက ထားရှိခဲ့သော မကျေနပ်မှုများမှာ မသိစိတ်ထဲတွင် အနည်းငယ် လျော့ပါးသွားသည်။

အဓိကအားဖြင့် ယွီထျန်းဟန်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို အရှက်ရစရာ ကောင်းလွန်းနေတာကြောင့်ပင်ဖြစ်၏။

‘ငါက ခုနတင်ပဲ ယွီထျန်းဟန်ရဲ့ ရည်းစားပါလို့ ပြောလိုက်တာလေ။ ဘုရားရေ...ငါ တုကူယန်းတော့ မြေကြီးထဲမှာပဲ ကျင်းတူးပြီး ပုန်းနေချင်တော့တာပဲ။ တကယ်ကို အရှက်ရဖို့ ကောင်းလိုက်တာ။’

All Chapters