အခန်း (၄၆)
Vol. 5 Ch. 46
အခန်း (၄၆) - ရှောင်ချန်ယွီ ချီးကျူးခံရခြင်း။
“လိမ္မာတဲ့ကလေးပဲ ငါက မင်းကို အစရှာဖို့ မလာသေးခင်မှာတင် မင်းက ကိုယ့်ဖာသာကိုယ် ရှေ့ထွက်ရဲတယ်ပေါ့။”
ရှောင်ချန်ယွီ၏ စကားကို ကြားလိုက်ရသောအခါ နဂါးမင်းကြီး မုန့်ရှုမှာလည်း ဒေါသထွက်သွားသည်။
ယွီထျန်းဟန်ကို ရိုက်နှက်နေသော လက်ကိုရပ်လိုက်ပြီး နဂါးမင်းကြီးသည် ရှောင်ချန်ယွီကို ဝါးစားမတတ် စူးရှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်တော့သည်။
ထိုအချိန်တွင် ယွီထျန်းဟန်မှာမူ တစ်ကိုယ်လုံး ဖူးယောင်နေပြီး အသက်ကို လုရှူနေရကာ အစောပိုင်းက ထောင်လွှားခဲ့သမျှ အရိပ်အယောင်ပင် မကျန်တော့ပေ။
သို့သော်လည်း ယခုအချိန်တွင် သူသည် အသက်ပြင်းပြင်းပင် မရှူရဲဘဲ ရှောင်ချန်ယွီကိုသာ ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်နေမိသည်။
“အစ်ကို ချန်ယွီ... ကျေးဇူးအများကြီး တင်ပါတယ်။”
ယွီထျန်းဟန်၏ အခြေအနေကို မြင်သောအခါ ရှောင်ချန်ယွီသည် သူ၏နှာခေါင်းကို အနည်းငယ် ရှက်ကိုးရှက်ကန်း ပွတ်လိုက်ပြီး...
“ကိစ္စမရှိပါဘူး ဒါက ငါလုပ်သင့်လုပ်ထိုက်တာပါ။”
ရှောင်ချန်ယွီမှာ တကယ်ပင် အနေရခက်နေမိသည်။
ဒီယွီထျန်းဟန်က ထန်စန်းတို့ဘက်ကလူ ဖြစ်တဲ့အပြင် စစချင်းမှာတောင် ရှောင်ချန်ယွီကို မလေးမစား လုပ်ခဲ့သေးသည်။
ရှောင်ချန်ယွီ၏ စိတ်ထဲတွင် ယွီထျန်းဟန်အပေါ် အမြင်မှာ သဘာဝအတိုင်းပင် အလွန်ဆိုးရွားလှသည်။
ယွီထျန်းဟန် အရိုက်ခံရခြင်းမှာ ရှောင်ချန်ယွီ၏ တမင်ရည်ရွယ်ပြီး လမ်းကြောင်းလွှဲလိုက်မှုနှင့် ခွဲခြား၍မရပေ။
ဒါ့အပြင် သူက တုကူယန်းကို ဘတ်စကက်ဘော ကစားဖို့ ဖိတ်ခေါ်ခဲ့ပြီး ယွီထျန်းဟန်ကို သိသိသာသာကြီး အစိမ်းရောင်ဦးထုပ်ဆောင်းပေးခဲ့ သေးသည်။
‘ဒါကို ဘာလို့ ဒီယွီထျန်းဟန်က ငါ့ကို ကျေးဇူးတင်တယ်လို့ ပြောနေတာလဲ။’
‘နားမလည်နိုင်တော့ဘူး။ တကယ်ကို နားမလည်နိုင်တော့ဘူး။’
‘ဇာတ်လိုက်ပဲဖြစ်ဖြစ် သူ့ဘေးနားက ဇာတ်ပို့တွေပဲဖြစ်ဖြစ် သူတို့ရဲ့ အတွေးအခေါ်တွေက အရမ်းထူးဆန်းလွန်းတယ်။ ငါ ရှောင်ချန်ယွီ တကယ်ကို နားမလည်နိုင်တော့ဘူး။’
“ရှောင်ချန်ယွီ မင်း ငါ့မြေးမလေးကို အနိုင်ကျင့်ပြီးတော့မှ အခုထိ မာနကြီးနေတုန်းပဲလား။ ဒီအဖွားကြီးက မင်းကို တကယ်မသတ်ရဲဘူးလို့ ထင်နေတာလား။”
မြွေအဖွား ချောင်ထျန်းရှန်းက မျက်လုံးကို မှေးလိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
“မလုပ်ပါနဲ့။”
သူမအဖွား၏ အမူအရာကို မြင်လိုက်ရသောအခါ မုန့်ယီရန်မှာ သူမအဖွားက ရှောင်ချန်ယွီကို တကယ်သတ်တော့မည်လားဟု စိုးရိမ်သွားကာ အော်ဟစ်တားဆီးမိတော့သည်။
ယခုအချိန်တွင် မုန့်ယီရန်၏ နှလုံးသားတစ်ခုလုံးမှာ ရှောင်ချန်ယွီဆီသို့ ရောက်နေပြီဖြစ်ရာ သူမချစ်ရသူကို သူမအဖွားက တိုက်ခိုက်မည်ကို မည်သို့ ကြည့်ရက်ပါမည်နည်း။
“ရှင်တို့ မြေးမလေးကို အနိုင်ကျင့်တယ်ဟုတ်လား။ ပြောထွက်လိုက်တာ ကျွန်မထင်တာတော့ ရှင့်မြေးမလေးကမှ အမြတ်ထွက်သွားတာလို့ ထင်တယ်။”
ရှောင်ဝူက ဘေးမှနေ၍ မကျေမနပ်ဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ သူမ၏ စိတ်ထဲတွင်လည်း အနည်းငယ် မနာလို ဖြစ်နေမိသည်။
‘ရှင်းနေတာပဲ ငါ ရှောင်ဝူက အရင်ရောက်တာလေ။’
‘နောက်ဆုံးတော့ ရှင်တို့မြေးမလေးက ရုတ်တရက်ကြီး ကြားဖြတ်ဝင်လာပြီး ငါ ရှောင်ဝူက အစ်ကို ချန်ယွီကို ရှင်တို့နဲ့ ခွဲဝေပေးလိုက်ရသလို ဖြစ်နေတာ။’
‘ဘယ်သူက တကယ် နစ်နာနေတာလဲဆိုတာ တွေးကြည့်ဦး။’
“တောက် ဒါက လွန်လွန်းပြီ ဘယ်လို စကားလုံးမျိုးတွေလဲ။”
ဘေးတွင်ရှိသော နဂါးမင်းကြီး မုန့်ရှုမှာ ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် ထောင်ထွက်မတတ် ဖြစ်နေရသည်။
“စီနီယာ နှစ်ယောက်လုံး အေးအေးဆေးဆေး စကားပြောကြရအောင်ပါ။ တကယ်တော့ ညီမလေး ရှောင်ဝူ ပြောတာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။”
အနီးတွင် ရပ်နေသော ရဲ့လင်လင်ကလည်း ဝင်ရောက် ဖျောင်းဖျပေးသည်။
အမှန်အတိုင်းပြောရလျှင် ရဲ့လင်လင်သည်လည်း မုန့်ယီရန်မှာ အမြတ်ထွက်ပြီးမှ ဂျီကျနေသည်ဟု ခံစားနေရသည်။
‘အကယ်၍ နင် အစ်ကို ချန်ယွီကို မကြိုက်ရင် သူ့ကို ငါတို့ဆီမှာပဲ ထားခဲ့လိုက်လေ။’
‘နင်သာ လှည့်ထွက်သွားမယ်ဆိုရင် ငါတို့ကတော့ နင့်ကို လာနှောင့်ယှက်မှာတောင်မဟုတ်ဘူး။’
‘ဒါပေမဲ့ နင်က အဖိုးနဲ့အဖွားကိုပါ ခေါ်လာတယ်ဆိုတော့ အစ်ကို ချန်ယွီရဲ့ အိမ်ထောင်ဦးစီးနေရာကို ငါတို့လက်ထဲကနေ လုယူချင်နေတာလား။’
ရဲ့လင်လင်သည် စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေမိသည်။
သူမ လာခဲ့သည့် ဟိုင်ထန်ပန်းဝိညာဉ် မိသားစုမှာ အလွန်အင်အားနည်းသော မိသားစုဖြစ်သည်။ မိသားစုဟု ခေါ်ဝေါ်ရန်ပင် ခက်ခဲပြီး လူနှစ်ဦး သုံးဦးခန့်သာ ရှိကာ မိဘမဲ့များနှင့် မခြားပေ။
သူမသည် ဝိညာဉ်တုံ့လောအဖိုးနှင့် ဝိညာဉ်သူတော်စင် အဖွားရှိသော မုန့်ယီရန်နှင့် မတူပေ။
ရဲ့လင်လင်၏ စိတ်ထဲတွင် နော့တင်းမြို့စား၏ သားဖြစ်သော ရှောင်ချန်ယွီမှာ သူမအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နှင့်နေပြီဖြစ်သည်။
ဝိညာဉ်ကုန်းမြေပေါ်တွင်ပိုကောင်းသော နောက်ခံရှိသည့် မိသားစုများ ရှိသော်လည်း ထိုလူများက ရဲ့လင်လင်ကို လှည့်ကြည့်ချင်မှ ကြည့်မည် ဖြစ်သည်။
ထို့ထက်မက ရဲ့လင်လင်သည် သူမ၏ မိသားစုဂုဏ်ပုဒ်ကို အသုံးချပြီး အကျင့်မကောင်းသော ထိုချမ်းသာသည့် ဒုတိယမျိုးဆက်များကိုလည်း မနှစ်သက်ပေ။
ရှောင်ချန်ယွီ တစ်ယောက်တည်းသာ သူနှင့် အတူကုန်ဆုံးခဲ့သော အချိန်များအတွင်း ရဲ့လင်လင်သည် ရှောင်ချန်ယွီကို အမှန်တကယ်ပင် သဘောကျလာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူမ၏ အချစ်ပြိုင်ဘက် ဖြစ်လာနိုင်သော မုန့်ယီရန်ကို ရင်ဆိုင်ရာတွင် သူမက ထိုမိန်းကလေးကို မြန်မြန် ထွက်သွားစေချင်နေမိသည်။
“စီနီယာ နှစ်ယောက်က လူငယ်တွေကို အနိုင်ကျင့်ဖို့ ကြံနေတာလား။ ကျွန်မအဖိုး တုကူပိုကတော့ ထျန်းတိုအင်ပါယာမှာ မျက်နှာပန်း တော်တော်လှပါတယ်။”
တုကူယန်း၏ မျက်နှာမှာ တည်ငြိမ်နေပြီး အကြည့်များက အေးစက်နေသော်လည်း၊း သူမ၏ စကားလုံးများက နဂါးမင်းကြီး မုန့်ရှုနှင့် မြွေအဖွားအို ချောင်ထျန်းရှန်းတို့ကို ထိတ်လန့်သွားစေသည်မှာ အမှန်ပင်။
“ဒီမိန်းကလေးက တုကူပိုရဲ့ မြေးမလေးလား။ တုကူပိုဆိုတာ အဆိပ်တုံ့လောပဲ။”
ထိပ်တန်းတုံ့လောတစ်ဦးဖြစ်သော အဆိပ်တုံ့လော တုကူပို၏ အမည်ကို ကြားလိုက်ရသောအခါ နဂါးမင်းကြီး မုန့်ရှုပင်လျှင် တစ်ချက် တုန်လှုပ်သွားသည်။
ဝိညာဥ်ကုန်းမြေတွင် အဆင့် ၉၀ အထက်ရှိသူများကို ထိပ်တန်းတုံ့လောများဟု ခေါ်ကြသည်။
အဆိပ်တုံ့လော တုကူပိုသည် အဆင့် ၉၁ သာရှိပြီး ထိပ်တန်းတုံ့လောများထဲတွင် အနိမ့်ဆုံးအဆင့်ဟု ယူဆရသော်လည်း သူ၏ အဆိပ်အသုံးပြုမှုမှာ သဘာဝလွန်စွမ်းအားဖြစ်ပြီး မည်သူမျှ မကာကွယ်နိုင်ပေ။
နဂါးမင်းကြီးနှင့် မြွေအဖွားအိုတို့ပင်လျှင် ထိုကဲ့သို့သော မြွေဆိုးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို မခံချင်ကြပေ။
ဒါ့အပြင် အဆိပ်တုံ့လောက အောက်ခြေမှာပဲ ရှိနေပါစေ သူက ထိပ်တန်းတုံ့လောတစ်ယောက် ဖြစ်နေဆဲပင်။
နဂါးမင်းကြီးနှင့် မြွေအဖွားတို့ကတော့ ထိပ်တန်းတုံ့လောအဆင့်သို့ပင် မရောက်သေးပေ။
သူတို့နှစ်ဦးသည် ဝိညာဉ်ပေါင်းစပ်မှုစွမ်းရည်ဖြစ်သော နဂါးနှင့်မြွေ ပူးပေါင်းတိုက်ကွက်ကို အသုံးပြုပြီး ထိပ်တန်းတုံ့လော တစ်ဦးနှင့် ခဏတာ ယှဉ်ပြိုင်နိုင်သော်လည်း ၎င်းမှာ ထိပ်တန်းတုံ့လော တစ်ဦးကို စိတ်တိုင်းကျ ရန်စရဲသည်ဟု မဆိုလိုပေ။
“ဒီရှောင်ချန်ယွီကတော့ မိန်းမကံ တကယ်ကောင်းတာပဲ။ ဒါပေမဲ့ ဒီမိန်းကလေးက ယွီထျန်းဟန်ရဲ့ ရည်းစား မဟုတ်ဘူးလား။ ယွီထျန်းဟန် အရိုက်ခံနေရတုန်းကတော့ သူမက အဖိုးအကြောင်းကို ထုတ်မပြောဘဲ ရှောင်ချန်ယွီ အန္တရာယ်ရှိမှ တုကူပိုကို ထုတ်သုံးတယ်ပေါ့? တစ်ခုခုတော့ မှားနေပြီ။”
မြွေအဖွားချောင်ထျန်းရှန်းသည် အမျိုးသမီးတစ်ဦး၏ ထူးခြားသော အာရုံခံစားမှုဖြင့် တစ်ခုခု မမှန်သည်ကို ရိပ်မိလိုက်သည်။
သို့သော်လည်း ဒါက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေတာကြောင့် သူမက ဝင်စွက်ဖက်လို့ မရပေ။
“ဟွန့် အဆိပ်တုံ့လော တုကူပို အဲဒီ အဆိပ်အဖိုးကြီးက တကယ်ပဲ အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ငါ နဂါးမင်းကြီး မုန့်ရှုမှာလည်း နာမည်တစ်လုံးတော့ ရှိပါသေးတယ်။ အဲဒီ အဆိပ်အဖိုးကြီးက ဒီကောင်လေး ရှောင်ချန်ယွီကို ငါ သင်ခန်းစာပေးတာလောက်နဲ့တော့ ငါ့ကို အခက်တွေ့အောင် လုပ်လိမ့်မယ်လို့ မထင်ဘူး။”
နဂါးမင်းကြီး မုန့်ရှုသည် ရှောင်ချန်ယွီကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ရာ သူ၏ အကြည့်ထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
နဂါးမင်းကြီး မုန့်ရှု ပြောသည်မှာ မမှားပေ။
အကယ်၍ သူသာ တုကူယန်းကို တိုက်ခိုက်မည်ဆိုပါက မြေးမလေးကို အလိုလိုက်သော တုကူးပေါ်က ငြိမ်နေမည် မဟုတ်ပေ။
ဒါပေမဲ့ ရှောင်ချန်ယွီ အတွက်လား။
စိတ်မကောင်းပါဘူး။ နဂါးမင်းကြီး မုန့်ရှုသည်လည်း တုကူပိုကဲ့သို့ပင် မြေးမလေးကို အလွန်အမင်း အလိုလိုက်သူ ဖြစ်သည်။
သူကထိုစိတ်ဓာတ်ကို အလွန်နားလည်သည်။
အကယ်၍ သူက ရှောင်ချန်ယွီကို သင်ခန်းစာပေးမည်ဆိုလျှင် တုကူပိုက တားဆီးဖို့နေနေသာသာ စိတ်ထဲကနေတောင် ကြိတ်ပြီး သဘောတူနေဦးမည် ဖြစ်သည်။
နောက်ဆုံးတော့ ဘာလို့ ရှောင်ချန်ယွီလို ဝက်တစ်ကောင်ကို သူ့မိသားစုရဲ့ လှပတဲ့ မုန်လာဥဖြူလေးတွေကို လာပြီး တူးဆွခွင့် ပေးရမည်နည်း။
နဂါးမင်းကြီး၏ စကားကို ကြားရသောအခါ တုကူယန်း၏ မျက်နှာမှာ ပျက်သွားတော့သည်။
တုကူယန်းသည် ရှောင်ချန်ယွီကို အားကိုးရာမဲ့သော အမူအရာဖြင့် ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ စတင်လာတော့သည်။
‘စောစောက ယွီထျန်းဟန်ကို သူက သနားစရာကောင်းအောင် ရိုက်နှက်ခဲ့တာ။ ဝိညာဉ်တုံ့လော တစ်ယောက်အတွက် လူငယ်တစ်ယောက်ကို နှိပ်ကွပ်ဖို့ဆိုတာ လက်ဖျောက်တစ်ချက် တီးလိုက်ရသလို လွယ်ကူတဲ့ကိစ္စပဲ။’
‘ရှောင်ချန်ယွီအနေနဲ့ သူ့ကို ရင်ဆိုင်ပြီး တကယ်ပဲ အသာစီး ရနိုင်ပါ့မလား။’