← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇) - အကျပ်အတည်း။

“စီနီယာ တုကူပိုရဲ့ အရှိန်အဝါကတောင် နဂါးမင်းကြီးနဲ့ မြွေအဖွားအိုကို မတားဆီးနိုင်ဘူးလို့ မထင်ထားခဲ့ဘူး။”

တစ်ချိန်တည်းမှာပင် ရဲ့လင်လင်၏ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုများ အရိပ်ထင်သွားသည်။

အတိတ်ကာလတွင် ရဲ့လင်လင်တို့အဖွဲ့သည် ဝိညာဉ်တုံ့လောတစ်ဦး လက်စွမ်းပြသည်ကို မမြင်ဖူးသဖြင့် ဝိညာဉ်တုံလောတစ်ဦး မည်မျှအစွမ်းထက်သည်ကို မသိကြပေ။

သို့သော် ခုနက ယွီထျန်းဟန် သနားစရာကောင်းအောင် အရိုက်ခံလိုက်ရသည်ကို မြင်လိုက်ရမှ ဝိညာဉ်တုံ့လောတစ်ဦးသည် သူတို့လို လူငယ်များအပေါ်တွင် မည်မျှအထိ အပြတ်အသတ် အသာစီးရနိုင်သည်ကို ရဲ့လင်လင်တို့ သိလိုက်ရသည်။

နဂါးမြို့စား မုန့်ရှုရဲ့ ရှေ့မှာတော့ သူဟာ အရိုက်ခံသက်သက် သဲအိတ်တစ်လုံးထက် မပိုခဲ့ပေ။

ရှောင်ချန်ယွီနဲ့ ပတ်သက်ရင်တော့...

ရှောင်ချန်ယွီရဲ့ အစွမ်းအပေါ် ရဲ့လင်လင်က ယုံကြည်မှုအပြည့် ရှိနေပေမယ့်လည်း နဂါးမင်းကြီး မုန့်ရှုကို ရင်ဆိုင်ဖို့ဆိုတာကတော့ ရှောင်ချန်ယွီအတွက် ပြန်လည်ခုခံနိုင်စွမ်း တစ်စက်ကလေးမှ ရှိမှာမဟုတ်ဘူးဆိုတာ ရှင်းနေပါသည်။

‘အစ်ကို ချန်ယွီတော့ ဒုက္ခတွေ့နေပြီ။ ငါ တာ့မင်နဲ့ အာ့မင်ကို ဒီကို ခေါ်လိုက်ရင် ကောင်းမလား။’

ထိုအချိန်တွင် ရှောင်ဝူသည်လည်း အလားတူ စိုးရိမ်နေမိပြီး သူမ၏ အစစ်အမှန်ဖြစ်သော နှစ်တစ်သိန်း ဝိညာဉ်သားရဲဘဝကိုပင် ထုတ်ဖော်ပြသရန် စဉ်းစားနေမိသည်။

အမှန်အတိုင်းပြောရလျှင် လူသားအသွင်ပြောင်းပြီးနောက် ရှောင်ဝူ၏ အစွမ်းမှာ အရင်ကလို မဟုတ်တော့ပေ။

လက်ရှိ ရှောင်ဝူသည် အဆင့်တူ ဝိညာဉ်သခင်များထက် သာလွန်ကောင်း သာလွန်နိုင်သော်လည်း နဂါးမင်းကြီး မုန့်ရှုနှင့် နှိုင်းယှဉ်ပါက သူမ၏ စွမ်းအားမှာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်သည်။

သို့သော် ရှောင်ဝူတွင် ဝှက်ဖဲတစ်ခု ရှိပါသည်။ ၎င်းမှာ သူမ၏ သူငယ်ချင်းကောင်းများဖြစ်သည့် တာ့မင်နှင့် အာ့မင်တို့ကို ခေါ်ယူနိုင်ခြင်းပင်ဖြစ်၏။

‘ဒါပေမဲ့ ဒီလိုလုပ်ဖို့က အရမ်းကို အန္တရာယ်များပါတယ်။’

ဝိညာဉ်ကုန်းမြေရှိ ထိပ်တန်း ဝိညာဉ်သခင်တွေအတွက် နှစ်တစ်သိန်း ဝိညာဉ်သားရဲဆိုတာ သေလောက်အောင် မက်မောစရာ ကောင်းတဲ့အရာပင်ဖြစ်သည်။

အကယ်၍ သူတို့သာ နှစ်တစ်သိန်း ဝိညာဉ်သားရဲကို သတ်ပြီး ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးကို ရသွားမယ်ဆိုရင် အဲဒီ ဝိညာဉ်သခင်ရဲ့ စွမ်းအားက အဆမတန် မြင့်တက်သွားမှာ ဖြစ်သည်။

အကယ်၍ ရှောင်ဝူသာ တာ့မင်နဲ့ အာ့မင်ကို တကယ်ခေါ်လိုက်ရင် ရှောင်ချန်ယွီရဲ့ လက်ရှိပြဿနာ ပြေလည်သွားနိုင်ပေမယ့် ပိုကြီးမားတဲ့ ဒုက္ခတွေကို ဆွဲခေါ်လာသလို ဖြစ်ပါလိမ့်မည်။

အဲဒီအချိန်ကျရင် အဆင့် ၉၉ ရှိတဲ့ ထိပ်တန်းတုံ့လောတွေတောင် ဒါမင်းနဲ့ အာမင်းကို လာရောက် အမဲလိုက်ကြပါလိမ့်မည်။

ဒါဆိုရင် ရှောင်ချန်ယွီလည်း ပိုပြီး ဒုက္ခရောက်ကုန်မည်ဖြစ်၏။

“ရှောင်ချန်ယွီကတကယ့် ယောက်ျားကောင်းပဲ ဘေးကင်းပါစေလို့ပဲ ဆုတောင်းပေးရတော့မယ်။”

ယွီထျန်းဟန်သည် ဘေးမှနေ၍ သက်ပြင်းချကာ ရေရွတ်မိသည်။

အမှန်တော့ ယွီထျန်းဟန်သည် စိတ်ထဲတွင် အနည်းငယ် ဝမ်းသာအားရဖြစ်နေမိသည်။

သူကိုယ်တိုင် ခုနတင် နဂါးမင်းကြီးဆီမှာ အရှက်တကွဲ အရိုက်ခံခဲ့ရပြီး မိန်းကလေးတွေရှေ့မှာ မျက်နှာပျက်ခဲ့ရသည်။

အခု ရှောင်ချန်ယွီလည်း အလားတူ အရှက်ကွဲမှသာ ယွီထျန်းဟန်ရဲ့ အရှက်ရမှုက အနည်းငယ် သက်သာစေလိမ့်မည်။

ရှောင်ချန်ယွီရဲ့ ခုနက စကားတွေက ယွီထျန်းဟန်ကို ကယ်တင်ပေးခဲ့တာ မှန်ပေမယ့်လည်းကျေးဇူးတင်တာက တစ်ပိုင်း ဒီလိုအချိန်မျိုးမှာ ရှောင်ချန်ယွီအတွက်နဲ့ မီးထဲကိုတော့ ယွီထျန်းဟန် ခုန်ဆင်းမှာ မဟုတ်ပေ။

‘ငါတို့က ညီအစ်ကိုတွေပဲ ကောင်းတာရော ဆိုးတာရော အတူတူ ခံစားရမှာပေါ့။ မင်းလည်း အရိုက်ခံရမှ ငါ့စိတ်ထဲမှာ မျှတသွားမှာ ရှောင်ချန်ယွီ။’

“စီနီယာတို့ ကျွန်တော် ရှောင်ချန်ယွီကို အပိုင်တွက်ထားပြီလို့ တကယ်ပဲ ထင်နေတာလား။”

နဂါးမင်းကြီး မုန့်ရှု၏ စူးရှသော အကြည့်များကို ရင်ဆိုင်ရင်း ရှောင်ချန်ယွီက အသာအယာ ပြုံးလိုက်ပြီး ပြတ်သားသော အကြည့်များဖြင့် ရှေ့သို့ တစ်လှမ်း တက်လိုက်သည်။

“ကျွန်တော် ရှောင်ချန်ယွီက မိန်းမတွေရဲ့ နောက်ကွယ်မှာ ပုန်းနေတတ်တဲ့ ယောင်္ကျားမျိုး မဟုတ်ဘူး။”

ဤအလွန် အားကောင်းမောင်းသန်လှသော စကားလုံးများကြောင့် အနီးရှိ မိန်းကလေးများ၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။

“ဒီငတုံး သူက တကယ်ပဲ နဂါးမင်းကြီး မုန့်ရှုကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ကြံနေတာလား။ သူကတော့ ရှုံးမှာ သေချာနေပြီ။”

တုကူယန်း၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီး ရှောင်ချန်ယွီကို ကြည့်လိုက်သော သူမ၏ အကြည့်များမှာ သူ၏ အရှိန်အဝါကြောင့် အနည်းငယ် ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူမသည် ရုတ်တရက် ရှောင်ချန်ယွီမှာ တကယ်တော့ ထင်သလောက် မဆိုးဘူးဟု ခံစားလိုက်ရသည်။

ရှောင်ချန်ယွီက သူမကို ဘတ်စကက်ဘော အတင်းကစားခိုင်းခဲ့ပေမယ့်လည်း သူမ တကယ် ပျော်ခဲ့ရသည်။

ရှောင်ချန်ယွီက သူမကို အရမ်းချစ်လွန်းလို့ အစွန်းရောက်တဲ့ နည်းလမ်းတွေကို သုံးမိတာ ဖြစ်မှာပါ။

ရှောင်ချန်ယွီလို ဖြူစင်တဲ့သူက ဘယ်လိုလုပ် မကောင်းတာတွေ လုပ်နိုင်မှာလဲ။

“ချန်ယွီရဲ့ ချောမောတဲ့ မျက်နှာလေး... အရိုက်မခံရပါစေနဲ့။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ငါ့နှလုံးသားလေး ကြေကွဲရလိမ့်မယ်။”

ရဲ့လင်လင်၏ မျက်ဝန်းလေးများမှာ အရည်လဲ့နေပြီး ရှောင်ချန်ယွီကို ကြည့်လိုက်သောအခါ သူမ၏ နားရွက်ဖျားလေးများမှာ အနည်းငယ် ပူရှိန်းသွားသည်။

သူမသည် အကယ်၍ ရှောင်ချန်ယွီ အရိုက်ခံရပြီး အိပ်ရာထဲက မထနိုင်ဖြစ်သွားရင် သူ့ကို ဘယ်လိုနည်းနဲ့ နှစ်သိမ့်ပေးရမလဲဆိုတာကိုတောင် တွေးနေမိသည်။

“ဒါက လွန်လွန်းတယ် ဒီနဂါးမင်းကြီး မုန့်ရှုက တကယ်ကို လွန်လွန်းနေပြီ။ ငါ့ရဲ့ အစွမ်းသာ ပြန်ရလာရင် သူ့ကို ဘယ်လို ပညာပေးမလဲဆိုတာ ကြည့်ထားလိုက်။”

ရှောင်ဝူသည်လည်း ဒေါသကြောင့် တုန်ရီနေသော်လည်း ဘာမှမတတ်နိုင်ပေ။

လက်ရှိအခြေအနေအရ ရှောင်ချန်ယွီနှင့် နဂါးမင်းကြီး တိုက်ခိုက်ကြလျှင် ရှောင်ချန်ယွီသည် သေချာပေါက် ရှုံးနိမ့်ပြီး သနားစရာကောင်းအောင် အရိုက်ခံရပေလိမ့်မည်။

ယွီထျန်းဟန်မှာ နဂါးမင်းကြီးနှင့် ရန်ငြိုးမရှိသော်လည်း မျက်နှာတစ်ခုလုံး ဖူးယောင်ကာ ထွက်ပြေးရသည်အထိ အရိုက်ခံခဲ့ရသည်။

ရှောင်ချန်ယွီကတော့ သူ့မြေးမလေးကို အနိုင်ကျင့်ထားတာဆိုတော့ နဂါးမြို့စားက လက်လျှော့ပေးဖို့ဆိုတာ အံ့ဩစရာပဲ ဖြစ်ပါလိမ့်မည်။

“အဖိုး ကျေးဇူးပြုပြီး မလုပ်ပါနဲ့။”

မုန့်ယီရန်၏ မျက်နှာပေါ်တွင်လည်း အလွန်အမင်း စိုးရိမ်ပူပန်မှုများ အရိပ်ထင်သွားသည်။

သို့သော်လည်း မုန့်ယီရန်မှာ ဝင်ပြောခွင့် မရှိပေ။

နဂါးမင်းကြီး မုန့်ရှုက သူ့မြေးမလေးကို အလွန်အမင်း အလိုလိုက်သည်မှာ မှန်သော်လည်း မုန့်ယီရန်သည် ကလေးတစ်ယောက်သာ ဖြစ်နေသေးသဖြင့် သူမ ဆုံးဖြတ်၍မရသော ကိစ္စများစွာ ရှိနေသည်။

မဟုတ်လျှင် နဂါးမင်းကြီီးနှင့် မြွေအဖွားအိုတို့သည် ရှောင်ချန်ယွီကို လိုက်ရှာနေမည် မဟုတ်သလို ဤပြဿနာလည်း ဖြစ်လာမည် မဟုတ်ပေ။

“လိမ္မာတဲ့ကလေးပဲ မင်းမှာ သတ္တိတော့ရှိသားပဲ။”

ရှောင်ချန်ယွီ၏ ပုံစံကို ကြည့်ပြီး နဂါးမင်းကြီး မုန့်ရှုက ချီးကျူးသည့် အမူအရာကို မပြဘဲ မနေနိုင်တော့ပေ။

“ဒီတိုက်ပွဲမှာတော့ ငါ အဖိုးကြီးက လက်လျှော့ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲ ပြီးသွားရင်တော့ မင်းကို နောက်ထပ် ဒုက္ခမပေးတော့ဘူးလို့ ငါ ကတိပေးတယ်။”

နဂါးမင်းကြီး မုန့်ရှုသည် ဝိညာဉ်တုံ့လောအဆင့်အစွမ်းထက်သူတစ်ဦး ဖြစ်သဖြင့် သူ၏ ကတိကို လွယ်လွယ်နှင့် ဖျက်မည့်သူ မဟုတ်ပေ။

အမှန်တော့ နဂါးမင်းကြီးသည် ရှောင်ချန်ယွီအပေါ် ထားရှိသော သဘောထားမှာ အတော်လေး ပြောင်းလဲသွားပြီး အထင်ကြီးလေးစားမှုပင် ဖြစ်လာသည်။

အင်အားကြီးသော ရန်သူကို ရင်ဆိုင်ရာတွင် ရှောင်ချန်ယွီသည် မတုန်မလှုပ်ဘဲ ရင်ဆိုင်ရဲခြင်းမှာ အစွမ်းထက်သူကို မြင်သည်နှင့် ထွက်ပြေးတတ်သော လူညံ့များနှင့် နှိုင်းယှဉ်ပါက အများကြီး ပို၍ အားကိုးထိုက်သောကြောင့် ဖြစ်သည်။

အကယ်၍ ရှောင်ချန်ယွီ၏ နောက်ခံသာ အလွန်နိမ့်ကျမနေဘဲ သူ၏မြေးမလေးနှင့် တကယ်တန်း တော်စပ်နိုင်မည်ဆိုလျှင် မုန့်ရှုအနေဖြင့် သူ၏မြေးမလေးကို ရှောင်ချန်ယွီနှင့် ပေးစားရခြင်းမှာ နစ်နာစရာ မရှိဟု ခံစားမိသည်။

ကံမကောင်းစွာဖြင့် ဝိညာဉ်ကုန်းမြေ၏ လောကတွင် ဂုဏ်ဒြပ်နှင့် နောက်ခံကို ထည့်သွင်းစဉ်းစားနေရဆဲ ဖြစ်သည်။

အချစ်အကြောင်းတွေ ခံစားချက်အကြောင်းတွေ ဆိုတာကတော့ အပိုတွေပါပဲ။

“ဒီကလေးက တကယ်ကို မဆိုးဘူး။ တချို့ ဝိညာဉ်သခင် အညံ့စားတွေထက် အများကြီး ပိုစွမ်းတယ်။”

မြွေအဖွား ချောင်ထျန်းရှန်းကလည်း ယွီထျန်းဟန်ကို တစ်ချက်နှိပ်ကွပ်ရင်း ရှောင်ချန်ယွီကို ခေါင်းညိတ် ချီးကျူးလိုက်သည်။

ယွီထျန်းဟန်: “...

‘ငါ အရိုက်ခံရပြီး ငိုယိုခဲ့တာက ငါ့အပြစ်လား။’

‘ငါ့အပြစ် မဟုတ်ဘူးလေ။ ခင်ဗျားက ဝိညာဉ်တုံ့လောကြီးလေ။’

‘အဆင့် ၃၂ ရှိတဲ့ ဝိညာဉ်အကြီးအကဲလေးကို အနိုင်ကျင့်နေတာ ကိုယ်ကျင့်တရား မရှိဘူး။’

‘ပြီးတော့ အဲဒီ နဂါးတောင်ဝှေးက ရိုးရိုးတိုက်ခိုက်တာမှ မဟုတ်တာ နာကျင်မှုကို လှုံ့ဆော်ပေးတဲ့ အဆိပ်တွေ ပါတာလေ။’

‘ငါ ယွီထျန်းဟန် ငိုမိတာက အရှက်ရစရာ မဟုတ်ပါဘူး။’

‘ဒါ့အပြင် ရှောင်ချန်ယွီကလည်း အစမို့လို့လေလုံးထွားနေတာပါ။’

‘သူ အရိုက်ခံရတဲ့အခါကျရင်လည်း သူလည်း ငိုမှာပါပဲ။’

ယွီထျန်းဟန်သည် ရှောင်ချန်ယွီ အရိုက်ခံရမည်ကို စတင် မျှော်လင့်နေမိတော့သည်။

All Chapters