အခန်း (၂၉၁-၂၉၂)
Vol. 30 Ch. 291-292
အခန်း။ ၂၉၁
ရှူးကနဲ လေခွဲသံနှင့်အတူ...
ဆင်းအာသည် ပြင်ပနယ်မြေရှိ ဂိုဏ်းငယ်လေးတစ်ခု၏ ကျင့်ကြံသူများကြားထဲမှ ထိုကျောပြင်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူမ၏ ရင်ဘတ်တစ်ခုလုံး တဒိန်းဒိန်းတုန်အောင် ခုန်လှုပ်လာရုံမက အတိုင်းထက်အလွန် ကြောက်ရွံ့ထိတ်လန့်မှုများကလည်း ရင်ဝတည့်တည့်သို့ လှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်လာခဲ့တော့သည်။
ရှေးဟောင်းကျင်းပြည်နယ်ရှိ နယ်မြေကူးပြောင်းခြင်း အစီအရင်ကြီးကို ပြုပြင်ပြီးစီးခဲ့သည့် အချိန်မှစ၍ မြောက်ပိုင်းမြေရိုင်းဒေသမှ ပုံသဏ္ဌာန်မဲ့မျိုးနွယ်စုဝင်များသည် ဤဘက်သို့ တစ်ဖန်ပြန်လည် ကူးသန်းလာနိုင်ခဲ့ကြပြီး ပျောက်ဆုံးနေသော မျိုးနွယ်စုဝင်များကို နေရာအနှံ့ လိုက်လံရှာဖွေခဲ့ကြသည်။
ကံတရား၏ တိုက်ဆိုင်မှုတစ်ခုကြောင့် သူမနှင့် သူမ၏သားဖြစ်သူတို့က ရှာဖွေတွေ့ရှိခြင်းခံခဲ့ရပြီး မျိုးနွယ်စုဆီသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်ကမူ ဤရှေးဟောင်း အစီအရင်ကြီးသည် ကောင်းမွန်ပြည့်စုံနေခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းရင်းအချို့ကြောင့် ပျက်စီးသွားခဲ့ရသည်ဟု ပြောကြသည်။
ထို့ကြောင့် ရှေးဟောင်းမျိုးနွယ်စုဝင် အများအပြား နောက်ဆုတ်ခွာခွင့်မရဘဲ ကျန်ရစ်ခဲ့ရပြီး ပုံသဏ္ဌာန်မဲ့မျိုးနွယ်စု၏ ဆုံးရှုံးမှုများထဲတွင် ထန်ဖန်း၏ ဖခင်လည်း သဘာဝကျကျ ပါဝင်နေခဲ့သည်။
သတိပြုရမည်မှာ ရှေးဟောင်းမျိုးနွယ်စုသည် သွေးမျိုးဆက်ကို မျိုးဆက်တစ်ခုမှတစ်ခုသို့သာ လက်ဆင့်ကမ်း သယ်ဆောင်လေ့ရှိပြီး အရေအတွက်အားဖြင့် ဘယ်သောအခါမှ တိုးပွားလာခြင်းမရှိပေ။
ထို့ကြောင့် လွင့်စင်ကျန်ရစ်ခဲ့သည့် မျိုးနွယ်စုဝင် တစ်ဦးတစ်ယောက်ချင်းစီသည်ပင် အလွန်တရာ အရေးပါသော အာရုံစိုက်မှုကို ရရှိကြသည်။
ထို့ကြောင့် ဆင်းအာသည် သားဖြစ်သူနှင့်အတူ ရှေးဟောင်းမျိုးနွယ်စုဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် သားဖြစ်သူ၏ ရာထူးအရှိန်အဝါကို အမှီပြုကာ ယနေ့တွင် မင်းသမီး ဆင်းအာဟူ၍ ရာထူးအဆင့်အတန်း မြင့်တက်လာခဲ့ရုံမက လုံလောက်လှသော ကျင့်ကြံခြင်း အရင်းအမြစ်များကို သုံးစွဲပြီး ကြက်သွေးရောင်နန်းတော်၏ အလယ်အလတ်အဆင့်သို့ပင် ဖောက်ထွက်နိုင်ခဲ့ပြီဖြစ်သည်။
သူမ၏သားဖြစ်သူ ထန်ယီကမူ သာမန်ထက်ထူးကဲသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ ချူနိုင်ငံတောင်ပိုင်းမြေတွင် သူဖြတ်သန်းခဲ့ရသော အတွေ့အကြုံများသည် သူ့ကို ဖိနှိပ်ချုပ်ချယ်နိုင်ခြင်းမရှိခဲ့သည့်အပြင် သူ၏ဇွဲလုံ့လကို ပိုမိုခိုင်မာလာစေခဲ့သည်။
ယခုအခါတွင်မူ သူသည် ကြက်သွေးရောင်နန်းတော်၏ အမြင့်ဆုံးအထွတ်အထိပ်အဆင့်သို့ပင် ဖောက်ထွက်၍ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။
ထန်ယီသည် သူ၏မိခင်နှင့် မတူညီပေ။ သူ၏ ကိုးနန်းတော်သွေးမျိုးဆက်သည် မိခင်ဖြစ်သူထက် များစွာပိုမို အားကောင်းလှသဖြင့် ကျင့်ကြံဆင့်တက်ရန် အလွန်တရာ ခက်ခဲလှသည်။ ယခုအချိန်တွင်မူ သူသည် ခရမ်းရောင်နန်းတော်အဆင့်သို့ မဝင်ရောက်မီ နောက်ဆုံးခြေလှမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤခြေလှမ်းကို မျိုးနွယ်စုရှိ အကြီးအကဲများက ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်စောင့်ရှောက်ပေးကြရမည် ဖြစ်သည်။ အကြောင်းမူကား ခရမ်းရောင်နန်းတော်သို့ ဘယ်လိုဖောက်ထွက်ရမလဲဟူသော လျှို့ဝှက်ချက်သည် ပြင်ပလောကတွင် မည်သူမျှမသိရှိနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့်ပင်။
ထိုအဆင့်သို့မရောက်မီ အကြီးအကဲများ၏ လမ်းညွှန်မှုမပါဘဲ မည်သူမျှ သိရှိနားလည်နိုင်ရန် မျှော်လင့်ချက်မရှိပေ။
ပုံသဏ္ဌာန်မဲ့မျိုးနွယ်စု၏ အကြီးအကဲများက သူမအား ပြောပြဖူးသည်မှာ ခရမ်းရောင်နန်းတော်သို့ ဝင်ရောက်ရန် လွယ်ကူသော်လည်း ထိုအစောပိုင်း အဆင့်အတန်း တည်ငြိမ်ရင့်ကျက်လာစေရန်အတွက် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မည်ဟူ၍ပင်။
အကယ်၍ ထိတ်လန့်ဖွယ်ရာ ပါရမီထူးချွန်သူများ ရှိခဲ့လျှင် ဤလုပ်ငန်းစဉ်ကို မြန်ဆန်အောင် ပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်လိမ့်မည်ဖြစ်သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် နှစ်ပေါင်းတစ်ထောင်မှတစ်ယောက် ပေါ်ထွန်းခဲလှသည့် ပါရမီရှင်မျိုး ဖြစ်သည်။
ထိုဆယ်စုနှစ်ပေါင်းများစွာသော အချိန်ကာလအတွင်း သားဖြစ်သူ ထန်ယီသည် မိခင်ဖြစ်သူနှင့် သေကွဲရှင်ကွဲ ခွဲခွာရမည်ကို အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ ထို့ကြောင့် သူသည် ဤဖုံးကွယ်ထားသော နဂါးအသင်းအဖွဲ့၏ အခွင့်အရေးကို အသုံးချကာ ခြံရံခစားမည့် အခြွေအရံအချို့ကို ရွေးချယ်ရန် မျှော်လင့်ခဲ့ခြင်းပင်။
ပထမအချက်မှာ သူ၏ ကိုယ်ပိုင်အုပ်စုအင်အားကို ခိုင်မာစေရန်နှင့် ဒုတိယအချက်မှာ မဟာချူနိုင်ငံသည် ရှေးဟောင်းကျင်းပြည်နယ်နှင့် ဝေးကွာလှသော်လည်း အဆုံး၌ သူသည် ရှေးဟောင်း နယ်မြေကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရာ ယခုခရီးစဉ်သည် အိမ်အပြန်ခရီးဟု ဆိုနိုင်သည်။
သူဖြတ်သန်းလာခဲ့သော လမ်းကြောင်းဟောင်းကို ပြန်လည်လှည့်ကြည့်ခြင်းဖြင့် ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင်များကို ပိုမိုရရှိနိုင်ကောင်း ရရှိနိုင်လိမ့်မည်။
တတိယအချက်မှာ သူ၏ကိုယ်စား မိခင်ဖြစ်သူအနားတွင် ဖေးမကူညီပေးရင်း မိခင်စိတ်ချမ်းမြေ့စေမည့် ကျင့်ကြံသူအချို့ ရှိမရှိ ရှာဖွေရန် ဖြစ်သည်။
ရှေးဟောင်းမျိုးနွယ်စုသို့ ဝင်ရောက်လာကတည်းက သူသည် မိခင်ဖြစ်သူနှင့် အတူရှိချိန် အလွန်နည်းပါးခဲ့သည်။ မိခင်ဖြစ်သူမှာလည်း သူ မွေးဖွားပြီးကတည်းက ဖခင်ဖြစ်သူ၏ အကြင်နာအဖော်ပြုမှုကို ဆုံးရှုံးခဲ့ရရှာသဖြင့် သနားစရာ အလွန်ကောင်းလှသည်။
ထို့ကြောင့် နှစ်အနည်းငယ်အတွင်း ပြင်ပလောကတွင် မင်းသမီး၏ အပျော်အပါး သတင်းများထွက်ပေါ်နေခဲ့သော်လည်း သူသည် တစ်နားဝင် တစ်နားထွက်သာ သဘောထားခဲ့သည်။ မိခင်ဖြစ်သူ ပျော်ရွှင်နေသရွေ့ အခြားအရာများက အရေးမကြီးပေ။
"အဖေဆိုတဲ့လူကိုတော့... ငါ တစ်ခါမှတောင် မတွေ့ဖူးတာပဲ။ ဘာဖြစ်လို့ ဂရုစိုက်နေရမှာလဲ"
အမှန်စင်စစ် ထန်ယီ၏ အခြွေအရံ ရွေးချယ်မှုသည် ရှေးဟောင်းကျင်းပြည်နယ်တစ်ခုတည်း၌သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။
သူသည် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စု၏ လက်အောက်ခံနိုင်ငံများကို လှည့်လည်ခဲ့ပြီး ဖြစ်ကာ အခြွေအရံအချို့ကိုလည်း စုဆောင်းပြီး ဖြစ်သည်။ ယခုမှတ်တိုင်သို့ ရောက်ရှိချိန်တွင်မူ သူ၏ရွေးချယ်မှုသည် အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်တော့သည်။
ထိုည ညဉ့်နက်သန်းခေါင်ယံအချိန်တွင် မိုဓားဂိုဏ်း၏ နောက်ဘက်တောင်တန်းရှိ ဆိတ်ငြိမ်လှသော တောအုပ်လေးတစ်ခုအတွင်း၌ ဖြစ်သည်။
အလွန်တရာ သိမ်မွေ့လှသော နာမ်ဝိညာဉ်စွမ်းအားကြောင့် ဤတောအုပ်လေးရှိနေသည်ကို ပြင်ပမှ သိရှိနိုင်ရန် ခဲယဉ်းလွန်းလှသည်။
ပြင်ပလောကတွင် မြင့်မြတ်လှပါသည်ဆိုသော မင်းသမီး ဆင်းအာသည် ယခုအခါတွင်မူ ဘိုးဘေးကြီးနှင့် ရင်ဆိုင်နေရသော မိစ္ဆာမလေးတစ်ဦးကဲ့သို့ အလွန်တရာ ရိုကျိုးတုန်လှုပ်နေရှာသည်။
ရာထူးဂုဏ်ရှိန်နှင့် အာဏာစက်ကြောင့် ဖြစ်တည်လာခဲ့သော သူမ၏ မာနတရားများက ရှေ့မှ လူငယ်လေး၏ရှေ့မှောက်တွင် ခဏချင်းပင် အရည်ပျော်ကျသွားခဲ့ရပြီး ခန့်ညားထိတ်လန့်မှုများသာ ကျန်ရစ်တော့သည်။
"သခင်ကြီး... အဲဒီတုန်းက သခင်ကြီးရဲ့ သွေးကျွန်တံဆိပ်တော် အဆက်အသွယ်က သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့လို့... ကျွန်တော်မျိုးမလည်း သခင်ကြီး သံသရာထဲကို ဝင်စားသွားပြီလို့ ထင်ခဲ့မိပါတယ်။ ဒါကြောင့် ယီအာ့ကို သခင်ကြီးရဲ့အကြောင်းတွေ ပြောပြခဲ့မိတာပါ။ ဒါပေမဲ့ ယီအာကတော့ သခင်ကြီး ဆုံးပါးသွားပြီလို့ပဲ တထစ်ချ မှတ်ယူထားခဲ့တာပါ..."
"ဒါဆို မင်းက ကြက်သွေးရောင်နန်းတော်ရဲ့ အလယ်အလတ်အဆင့်ကို ရောက်နေပြီပေါ့"
"ဟုတ် သခင်ကြီး... ဒါပေမဲ့ သခင်ကြီးရဲ့ရှေ့မှာတော့ ကျွန်တော်မျိုးမက အမြဲတမ်း အစေခံတစ်ဦးပါ။ သခင်ကြီး အချိန်မရွေး ခစားစေနိုင်ပါတယ်..."
နောက်ဆုံးစာသားကို ပြောအပြီးတွင် မင်းသမီး ဆင်းအာသည် ခေါင်းကို အသာအယာမော့ကာ ရှေ့မှ လူငယ်လေးကို ခိုးကြည့်လိုက်မိသည်။
ထိုလူငယ်၏ ရုပ်ရည်က ခန့်ညားချောမောလှသော်လည်း ခန္ဓာကိုယ်အတွင်း၌မူ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဘိုးဘေးအိုကြီးတစ်ဦး ကိန်းအောင်းနေခြင်းပင်။
ခဏမျှအတွင်း သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် တွက်ချက်မှုများ စတင်လာခဲ့သည်။ အကယ်၍ သူမအနေဖြင့် ဤမိစ္ဆာအိုကြီးနှင့် အဆင်ပြေအောင် နေထိုင်နိုင်ပြီး သူကတစ်ဆင့် ယီအာ့ကို ကူညီခိုင်းမည်ဆိုလျှင် မဆိုးလှပေ။ သူမသည် ငယ်စဉ်ကတည်းက မိစ္ဆာမလေးတစ်ဦး ဖြစ်ခဲ့ဖူးပြီး လောကဓံ၏ အနိမ့်အမြင့်အတက်အကျများကို ဖြတ်သန်းခဲ့ရသူမို့ စိတ်ထဲတွင် ကိုယ်ပိုင်တွက်ချက်မှုများ ရှိနေသည်မှာ ဓမ္မတာပင်။
ယီအာ့၏ အခြေခံအုတ်မြစ်က အားနည်းလွန်းသဖြင့် ပိုမိုတောင့်တင်းသော စွမ်းအားရှင်များ၏ ထောက်ပံ့မှုကို လိုအပ်နေသည်။
ဤမိစ္ဆာအိုကြီး၏ လက်ရှိအခြေအနေမှာလည်း ကုန်းပေါ်သို့ ရောက်နေသည့် ကျားနာတစ်ကောင်ကဲ့သို့ ဖြစ်နေနိုင်ပြီး သူမကို ဆင့်ခေါ်ခဲ့သည်မှာလည်း သူမလက်ထဲရှိ အင်အားနှင့် အကူအညီကို လိုအပ်နေ၍သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဤကိစ္စသည် ဘေးဒုက္ခတစ်ခု မဟုတ်ဘဲ အပြန်အလှန် အကျိုးပြုနိုင်မည့် သဘောတူညီချက်တစ်ခု ဖြစ်လာနိုင်သည်။
စုန်ယန်သည် သူမကို မျက်မှောင်ကြုတ်လျက် ကြည့်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။
“ရှေးဟောင်း သွေးကျွန်မန္တန်ပြားက တခြားလူရဲ့ အသက်ကို စိတ်ကူးရုံနဲ့တင် ထိန်းချုပ်နိုင်တယ်ဆိုပေမဲ့... တစ်ဖက်လူက သေရမှာကို လုံးဝဂရုမစိုက်တော့ဘူးဆိုရင် ဘာတတ်နိုင်ဦးမှာလဲ နှစ်ပေါင်းတစ်ထောင် ကြာပြီးတဲ့နောက်မှာ ဆင်းအာလို့ခေါ်တဲ့ ဒီမိစ္ဆာမက ဘယ်လိုလူစားမျိုး ဖြစ်သွားပြီလဲဆိုတာ ဘယ်သူသိမှာလဲ။ အဓမ္မ စေခိုင်းတာက လိုလိုလားလား လုပ်ပေးတာကို မမီပါဘူး။ အကယ်၍ ဒီဆင်းအာက အသက်ရှင်ဖို့ လမ်းစမရှာဘဲ သေကြောင်းကြံစည်ပြီး ငါ့ကိုပါ တစ်ပါတည်း ခြိမ်းခြောက်လာမယ်ဆိုရင် အလုပ်ရှုပ်ကုန်လိမ့်မယ်”
စုန်ယန်သည် သူ၏ မဟာမိတ်များကို အကျပ်အတည်းဖြစ်အောင် တွန်းပို့လေ့ရှိသူ မဟုတ်သလို ဟန်ဆောင်ပန်ဆောင် လုပ်တတ်သူလည်း မဟုတ်ပေ။
မင်းသမီး ဆင်းအာက သူ့ကို ခိုးကြည့်နေသည်ကို မြင်သောအခါ သူက နားလည်မှုရှိရှိဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
မင်းသမီး ဆင်းအာသည် အံ့အားသင့်သွားရပြီး သူမ၏ လှပသောမျက်ဝန်းအစုံက ဝေဝါးလာခဲ့သည်။
စုန်ယန်က ပြုံးလိုက်ပြီး ချီးမွမ်းစကား ပြောလိုက်သည်။
"မင်း တိုးတက်မှုက မဆိုးဘူးပဲ"
မင်းသမီး ဆင်းအာသည် လူငယ်လေး ဆိုလိုသည့်အရာကို ချက်ချင်းပင် သဘောပေါက်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"ဒါတွေအားလုံးက သခင်ကြီးရဲ့ စောင့်ရှောက်မှုကြောင့်ပါ..."
စုန်ယန်က ဆက်ပြောလိုက်သည်။
"ထန်ဖန်းကို ငါသတ်ခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းက ငါ့ကိုယ်ငါတောင် မနည်းလွတ်အောင် ရုန်းခဲ့ရတာမို့ တခြားလူကို ကာကွယ်ပေးဖို့ မတတ်နိုင်ခဲ့ဘူး"
မင်းသမီး ဆင်းအာ၏ စိတ်ထဲတွင် ထန်ဖန်းအပေါ်ထားရှိသော အမှတ်သရုပ်က အစကတည်းက မှေးမှိန်နေခဲ့ပြီး ဖြစ်ကာ နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက်တွင်မူ လုံးဝမေ့ပျောက်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်မျိုးမ သိပါတယ် သခင်ကြီး" ဟု ပြောလိုက်သည်။
စုန်ယန်က ထပ်မံ၍ ကတိစကား ပြောလိုက်သည်။
"မင်း ငါ့စကားကို လိမ္မာယဉ်ကျေးစွာ နားထောင်မယ်ဆိုရင်... ငါကိုယ်တိုင် ထန်ယီကို စောင့်ရှောက်ပေးမယ်"
ဤစကားလုံးများသည် မင်းသမီး ဆင်းအာ၏ ရင်တွင်းတမ်းတချက်ကို ကွက်တိ ထိမှန်သွားခဲ့တော့သည်။ ဤစကားကို ကြားလိုက်ရသောအခါ မိန်းမပျိုလေးသည် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။
သူမသည် ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ရှက်သွေးဖြန်းကာ ဝေဝါးနေသော မျက်ဝန်းအစုံထဲတွင် မထိန်းချုပ်နိုင်သော ပျော်ရွှင်မှုများနှင့်အတူ ရဲဝံ့စွန့်စားလိုသော အရိပ်အယောင်များ ပေါ်လွင်လာခဲ့တော့သည်။
အခန်း။ ၂၉၂
သူမက တိုးညှင်းသောလေသံဖြင့် “ကျွန်တော်မျိုးမ အစွမ်းကုန် ကြိုးစားပါ့မယ်... သခင်ကြီးအတွက်ပဲ အရာရာကို ဦးစားပေး စဉ်းစားပေးသွားပါ့မယ်” ဟု ပြောလိုက်သည်။
စုန်ယန်က လက်ဟန်ဖြင့် ထပ်မံအချက်ပြလိုက်သည်။
မင်းသမီး ဆင်းအာသည်လည်း ထိုင်နေရာမှ ချက်ချင်းထရပ်ကာ သူမ၏ ခန့်ညားထည်ဝါပြီး လုံခြုံလှသော ဝတ်ရုံနက်ကြီးကို အသာအယာ ဖယ်ရှားလိုက်ပြီးနောက် မြင့်မြတ်လှသော သွေးသစ္စာကတိတစ်ခု၌ ပါဝင်ဆင်နွှဲနေသကဲ့သို့ ထိုလူငယ်လေး၏ အထက်တွင် ကျေးငှက်တစ်ကောင်ပမာ နူးညံ့သိမ်မွေ့စွာ နေရာယူလိုက်တော့သည်။
သူမသည် စိုးရိမ်စိတ်နှင့် ရှက်သွေးဖြန်းနေသော စိတ်အစုံကို ထိန်းချုပ်ရင်း ကိုယ်ဟန်
အနေအထားကို ညှိနှိုင်းပြင်ဆင်ကာ နေရာတကျဖြစ်စေပြီးနောက် ဤအပြန်အလှန် အကျိုးပြုမည့် ပေါင်းစည်းခြင်းကို စတင်လိုက်လေတော့သည်။
ညဉ့်သည် ပိုမိုနက်ရှိုင်းလာခဲ့သည်။
သန်းခေါင်ကျော်အချိန်ကိုပင် ကျော်လွန်၍ အလွန်တရာ နက်ရှိုင်းလှသော ညဉ့်ဦးယံအချိန်တစ်ခု ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ဆောင်းရာသီ၏ လမင်းသည် ကောင်းကင်ထက်တွင် မြင့်မားစွာ သာထွန်းနေပြီး နှင်းပွင့်နှင်းခဲများက ဖြူစင်သန့်ရှင်းသော အရောင်အဝါကို ထုတ်လွှတ်နေကြသည်။
မင်းသမီး ဆင်းအာသည် စုန်ယန်၏ ဝတ်စားဆင်ယင်မှုကို သေချာစွာ ပြုပြင်ပေးပြီးနောက် သူမ၏ စည်းစိမ်ရှိပြီး သိက္ခာသမာဓိနှင့် ပြည့်စုံသော ဝတ်ရုံတော်ကြီးကို ပြန်လည်ဝတ်ဆင်လိုက်ရာ သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေတစ်ချက်မျှပင် အပြင်သို့ ပေါ်ထွက်ခြင်းမရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူမသည် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်စုဝင် တစ်ဦး၏ မိခင်ဖြစ်ပြီး လူသားကမ္ဘာသို့ ဆင်းသက်လာချိန်တွင်ပင် သူမ၏ ရာထူးအဆင့်အတန်းသည် နိုင်ငံ့မိဖုရားခေါင်ကြီးထက် များစွာသာလွန်သည်။
ထို့ကြောင့် မည်သည့်သာမန်လူသား သို့မဟုတ် သာမန်ကျင့်ကြံသူမျှ သူမ၏ ဆွဲဆောင်မှုအလှတရားကို စိတ်ကူးယဉ်ကြည့်ရန်ပင် မထိုက်တန်ပေ။
သူမသည် မာနတရားများဖြင့် ခေါင်းကို မော့လိုက်သည့်အခါတွင်မူ မည်သူမျှ မချဉ်းကပ်ရဲသော ရေခဲတောင်ကြီးတစ်ခုကဲ့သို့ ရှိနေပြန်သည်။
အကယ်၍ မည်သူမဆို သူမအပေါ် မရိုသေသေ စကားဆိုရဲလျှင် သူမသည် မျက်မှောင်ကြုတ်ကာ ဖြူစင်သော အပျိုစင်မလေးတစ်ဦးကဲ့သို့ စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း "ရဲတင်းလှချည်လား" ဟု ဒေါသတကြီး ကြိမ်းမောင်းကာ ထိုသူအား မင်းသမီးကို စော်ကားမိတဲ့ နာကျင်ဖွယ်ရာ သင်ခန်းစာကို မပျက်မကွက် ပေးပေလိမ့်မည်။
သူမသည် မင်းသမီး ဖြစ်လာခဲ့ပြီးပြီဖြစ်ကာ မိစ္ဆာမလေးတစ်ဦး မဟုတ်တော့ပေ။
အကယ်၍ မည်သူမဆို သူမ၏ မိစ္ဆာမဆန်သော အပြုအမူကို မြင်တွေ့လိုလျှင် အရင်ဆုံး သူမ၏ မင်းသမီးဆိုသော ဟန်ဆောင်မျက်နှာဖုံးကို ခွာချနိုင်ရပေလိမ့်မည်။
ငြင်းပယ်ရန်မလိုသည်မှာ ရှေ့မှ မိစ္ဆာအိုကြီးသည် ထိုအရာကို အလွယ်တကူပင် ပြုလုပ်နိုင်ခဲ့ခြင်းပင်။
ဤမိစ္ဆာအိုကြီးသည် လက်ရှိတွင် ထူးကဲချီသန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသည်ဟု ထင်ရသော်လည်း သူမအနေဖြင့် သူ့ကို အထင်သေးရဲခြင်း လုံးဝမရှိပေ။
ဤအချိန်တွင် မင်းသမီး ဆင်းအာသည် သူမ၏ ဂါဝန်အနားသတ်များကို ပြုပြင်ရင်း တိုးညှင်းစွာ မေးမြန်းလိုက်သည်။
"သခင်ကြီး... ကျွန်တော်မျိုးမအနေနဲ့ သခင်ကြီးကို ဘယ်လိုမျိုး ကူညီပေးရမလဲဟင်"
ယခုအချိန်တွင် သူမသည် ရှေးဟောင်း သွေးကျွန်မန္တန်ပြား၏ ထိန်းချုပ်မှုကို ခံထားရရုံတင်မကဘဲ သူမ၏ နှလုံးသားကိုပါ စုန်ယန်ထံ အပ်နှံထားပြီး ဖြစ်သည်။ စုန်ယန်အနေဖြင့် ကတိသစ္စာကို မဖောက်ဖျက်သရွေ့ ဤနှလုံးသား၏ သစ္စာစောင့်သိမှုက အလွန်တရာ ခိုင်မာနေပေလိမ့်မည်။
စုန်ယန်က “ဖုံးကွယ်ထားတဲ့ နဂါးအသင်းအဖွဲ့အကြောင်း ငါ့ကို အသေးစိတ်ပြောပြပါ။ မင်းတို့က သာမန်တပည့်တွေထဲကတင်မကဘဲ ကြက်သွေးရောင်နန်းတော်အဆင့် အကြီးအကဲတွေထဲကပါ ပါရမီရှင်တွေကို ရွေးချယ်နေတာ မဟုတ်ဘူးလား” ဟု ပြောလိုက်သည်။
မင်းသမီး ဆင်းအာက ခေါင်းညိတ်လိုက်ပြီးနောက် အဆင်ပြေချောမွေ့စွာ ရှင်းပြတော့သည်။
ခဏမျှကြာပြီးနောက် စုန်ယန်လည်း အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။
သာမန်တပည့်များအတွက်မူ သူတို့၏ သိုင်းပညာစွမ်းရည်ကို ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် ပါရမီရှင်များကို ရွေးချယ်ခြင်းပင်။
ရွေးချယ်ခံရသူများသည် အောင်နိုင်သူများ ဖြစ်ချင်မှဖြစ်လိမ့်မည်ဖြစ်သော်လည်း သူတို့၏ အသက်အရွယ်၊ ကျင့်ကြံမှုသက်တမ်း၊ ပါရမီနှင့် အခြားသောအချက်အလက်များကို ဘက်စုံထည့်သွင်း စဉ်းစားခြင်းပင်။
သို့သော် ကြက်သွေးရောင်နန်းတော်အဆင့် အကြီးအကဲများအတွက်မူ ရှေးဟောင်းမျိုးနွယ်စုသည် နာမ်ဝိညာဉ်ဦးတည်ချက်ကို အထူးတလည် တန်ဖိုးထား စစ်ဆေးလေ့ရှိသည်။
အကယ်၍ ကြက်သွေးရောင်နန်းတော်အဆင့် အကြီးအကဲတစ်ဦး၏ နာမ်ဝိညာဉ်အတွင်း ထူးခြားသော အရာတစ်ခုခု ရှိနေပါက သတိပြုမိခြင်း ခံရနိုင်သည်။
စုံစမ်းစစ်ဆေးသည့် နည်းလမ်းမှာမူ နတ်ဘုရားကျောက်စိမ်းပေလွှာကို အသုံးပြုခြင်းပင်။
ထိုနတ်ဘုရားကျောက်စိမ်းပေလွှာကို ကိုင်ဆောင်ထားခြင်းဖြင့် နာမ်ဝိညာဉ်အတွင်းရှိ စွမ်းအားများကို များစွာ လှုံ့ဆော်ပေးနိုင်ကာ ရှေးဟောင်းမျိုးနွယ်စုဝင်များအနေဖြင့် ထိုအထဲရှိ အားသာချက်နှင့် အားနည်းချက်များကို အလွယ်တကူ ခွဲခြားသိမြင်နိုင်စေသည်။
စုန်ယန်သည် သေချာစွာ မေးမြန်းပြီးနောက် ချက်ချင်းပင် အတွေးနက်သွားခဲ့သည်။
မင်းသမီး ဆင်းအာက သူမ၏ ဘေးမှနေ၍ တိုးညှင်းစွာ ပြောလိုက်သည်။
"အကယ်၍ သခင်ကြီးမှာ အကြံအစည်တစ်ခုခု ရှိတယ်ဆိုရင် ကျွန်တော်မျိုးမကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်နော်။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်မျိုးမလည်း အလဟဿ အသက်ရှင်နေခဲ့တာ မဟုတ်ပါဘူး... ကိုယ်ပိုင်နည်းလမ်းအချို့ကိုလည်း ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်"
စုန်ယန်က “ဒီကိစ္စမှာ မင်းနဲ့ငါ့ကြား ဆက်ဆံရေးက ပိုပြီးတော့ အဆင်မပြေလေလေ... အားနည်းချက် သဲလွန်စတွေ ပိုနည်းလေလေ ဖြစ်လိမ့်မယ်။ ငါ့အတွက်နဲ့ မင်းရဲ့ သွေးကျွန်ကိစ္စသာ လူသိရှင်ကြား ပေါက်ကြားသွားရင်... မင်းကော၊ ငါကော၊ ယီအာပါ ဘယ်သူမှ ရုန်းထွက်နိုင်မှာမဟုတ်ဘဲ ကြေကွဲစရာ ဇာတ်သိမ်းနဲ့ ကြုံရလိမ့်မယ်။ ငါ့ကို စဉ်းစားချိန် နည်းနည်းပေးပါဦး...” ဟု ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ မင်းသမီး ဆင်းအာသည် ထပ်မံမေးမြန်းခြင်းကို ချက်ချင်း ရပ်တန့်လိုက်တော့သည်။
သူမသည် မင်းသမီး ဖြစ်လာပြီးကတည်းက တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်၏ အဓိက မန္တန်အတတ်ပညာရပ်များနှင့် ပတ်သက်သော ကိစ္စကြီးများကို လေ့လာခွင့်ရခဲ့ပြီး ဘိုးဘေးကြီး ကျန်းဟန်နှင့် ထန်ဖန်းတို့ နှစ်ဦးစလုံးသည် ချုံဘုရင်၏ နာမ်ဝိညာဉ်တံခါးခုံအတွင်း၌ ကျဆုံးသွားခဲ့ရခြင်း ဖြစ်ရမည်ဟု ဗေဒင်သဖွယ် ခန့်မှန်းမိခဲ့သည်။
ထို့အပြင် ချုံဘုရင်၏ နာမ်ဝိညာဉ်တံခါးခုံကိစ္စသည် တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်အတွင်း ကြီးမားသော တုန်လှုပ်ချောက်ချားမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အာဏာဖွဲ့စည်းပုံ အပြောင်းအလဲများစွာကိုလည်း ယူဆောင်လာခဲ့သည်။
ထိုကဲ့သို့သော မဟာဗျူဟာမြောက် သွေးချောင်းစီး သတ်ဖြတ်မှု အဆင့်အတန်းများက သူမ၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီး သူမ၏နည်းလမ်းများကို အတော်အတန် အစွမ်းထက်သည်ဟု ယူဆထားသော်လည်း သွေးပျက်စရာ ကောက်ကျစ်မှုများနှင့် ပူးပေါင်းကြံစည်မှုများ၏ ဗဟိုချက်မမှ ရုန်းထွက်ရှင်သန်လာခဲ့သည့် ရှေ့မှ သခင်ကြီးနှင့် ယှဉ်နိုင်လိမ့်မည်ဟု ဘယ်သောအခါမျှ မတွေးဝံ့ခဲ့ပေ။
ဤအချိန်တွင် စုန်ယန်သည် မျက်လုံးများကို အသာအယာ မှိတ်ထားလိုက်သည်။
အတွေးပေါင်းစုံက သူ့ဦးနှောက်ထဲတွင် လျှပ်စီးပမာ ဖြတ်ပြေးနေသည်။
အကယ်၍ သူသည် ရှေးဟောင်း နယ်မြေကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် မြောက်ပိုင်းမြေရိုင်းဒေသသို့ ထွက်ပြေးမည်ဆိုပါက ယခုပင် "ဆင်းအာကို နေထိုင်မကောင်းဟု အကြောင်းပြခိုင်းကာ၊ ရှေးဟောင်း အစီအရင်ကြီးဆီသို့ တန်းတန်းမတ်မတ် သွားရောက်စေပြီး သူ့ကိုပါ မြောက်ပိုင်းသို့ အလျင်အမြန် ကူးပြောင်းခေါ်ဆောင်သွားစေရန်" ပြုလုပ်နိုင်သည်။
အဲ့လိုလုပ်လိုက်ရင် ဘာဆက်ဖြစ်လာမလဲ။
ဦးနှောက်ရှိသူ မည်သူမဆို စစ်ဆေးကြည့်လိုက်သည်နှင့် မင်းသမီး ဆင်းအာ ခေါ်ဆောင်သွားသော ကျင့်ကြံသူ၏ အမည်မှာ စုန်ဟန် ဖြစ်ကြောင်း သိရှိသွားကြပေလိမ့်မည်။
မင်းသမီး ဆင်းအာက သူ့ကို ဘာလို့ ခေါ်ဆောင်သွားးတာလဲ။
ဤအချက်သည် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများကြားတွင် ကြီးမားသော သံသယကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သူ ပုန်းအောင်းနေထိုင်ရန် နေရာရှိတော့မည် မဟုတ်ပေ။
မိစ္ဆာရဟန်းကြီးသည် တွေးတောနေရန်ပင် လိုအပ်မည်မဟုတ်ဘဲ စုန်ဟန်သည် စုန်ယန် ဖြစ်ကြောင်း တိုက်ရိုက် ကောက်ချက်ချလိုက်ပေလိမ့်မည်။ ဤနည်းဖြင့် သူကော၊ ဆင်းအာနှင့် ထန်ယီတို့ပါ အသက်ရှင်လျက် ပစ်မှတ်များ ဖြစ်လာကြပေလိမ့်မည်။
အရှင်းလင်းဆုံးနှင့် အတိုဆုံးလမ်းကြောင်းက အမှန်တကယ်တွင်မူ အဆုံးမရှိသော ဘေးထွက်ဆိုးကျိုးများကို သယ်ဆောင်ထားခြင်းပင်။
အခြားသော နည်းလမ်းအားလုံးသည်လည်း ကြီးမားသော စွန့်စားရမှုများနှင့် များစွာသော သဲလွန်စများ ပါရှိနေသည်။
စုန်ယန်သည် ခဏမျှ အတွေးနက်သွားပြီးနောက် ရုတ်တရက် စိတ်ကို ဒုံးဒုံးချလိုက်ပြီး “မင်းသမီးအနေနဲ့ ဘာမှလုပ်စရာမလိုပါဘူး။
နတ်ဘုရားကျောက်စိမ်းပေလွှာရဲ့ စစ်ဆေးမယ့် နေရာတွေ၊ အချိန်တွေနဲ့ ဂိုဏ်းတစ်ခုချင်းစီရဲ့ စစ်ဆေးမယ့် အစီအစဉ်ကိုပဲ ငါ့ကို ကြိုတင်အကြောင်းကြားပေးပါ။
အဲဒီနောက်ပိုင်းမှာတော့... မင်းသမီးက ငါ့ကို အလိုအလျောက် ပြန်တွေ့ရပါလိမ့်မယ်” ဟု ပြောလိုက်သည်။
သူမ၏ သခင်ကြီးထံမှ ရိုသေလေးစားသော ခေါ်ဝေါ်သံကို ကြားလိုက်ရသောအခါ မင်းသမီး ဆင်းအာသည် ချက်ချင်းပင် မျက်နှာတစ်ခုလုံး ဝင်းပသွားပြီး ပန်းတစ်ပွင့်ပမာ ဖူးပွင့်လန်းဆန်းသွားခဲ့တော့သည်။
သူမသည် စုန်ယန်၏ ရင်ခွင်ထဲသို့ ငှက်ငယ်လေးတစ်ကောင်ပမာ တိုးဝှေ့ဝင်ရောက်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"ဆင်းအာက ဒီနေ့ကစပြီး သခင်ကြီးရဲ့ အမျိုးသမီး ဖြစ်ပါပြီ"
သူမသည် မိန်းမပျိုလေးတစ်ဦးကဲ့သို့ ထိုလူငယ်၏ ရင်ခွင်ထဲတွင် ခိုလှုံရင်း ရှေးဟောင်း နယ်မြေကူးပြောင်းခြင်း အစီအရင်ကို ဖြတ်ကျော်ပြီးသည်နှင့် တပြိုင်နက် သူမ၏ အခြွေအရံ အမတ်များအားလုံးကို သတ်ဖြတ်ပစ်ရန် စိတ်ထဲမှ ကြံစည်နေမိသည်။
ထို့နောက်တွင်မူ သူမအနေဖြင့် "သခင်ကြီးသာ သူမရဲ့ ဘဝမှာ ဒုတိယမြောက် အမျိုးသားဖြစ်သလို အရေးအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်" ဟု ရဲရဲဝံ့ဝံ့ ကြွေးကြော်နိုင်မည်ပင်။
...
...
ရက်အနည်းငယ် ကြာပြီးနောက် ဆောင်းရာသီ၏ ဆီးနှင်းများက နူးညံ့စွာ ကပြအလှဆင်နေကြပြီး ဖြူစင်သန့်ရှင်းကာ ကြည်လင်တောက်ပနေသည်။
စုန်ယန်သည် ဆီးနှင်းပွင့်တစ်ပွင့်ကို ဖမ်းယူရန် လက်ကို မြှောက်လိုက်ပြီး ထိုနှင်းပွင့်လေးသည် သူ၏လက်ဖဝါးထက်တွင် တဖြည်းဖြည်း အရည်ပျော်သွားသည်ကို စောင့်ကြည့်နေမိသည်။
အေးစက်လှသော အအေးဓာတ်သည် သူ၏ လက်ဖဝါးနွေးထွေးမှုကြောင့် နွေးထွေးသော ရေစက်တစ်စက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
လူငယ်လေးသည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏ အကြည့်ကို ရုပ်သိမ်းကာ ဟာလာဟင်းလင်း ပြင်ပလောကထဲမှ ဝါကျင့်ကျင့် ဘူးသီးခြောက်ဝိုင်ကြီးကို ထုတ်ယူပြီး မော့သောက်လိုက်တော့သည်။
ဘာကြောင့်ရယ်မလဲမသိပေ။ ဒုက္ခပင်လယ်ဝေထဲမှ ရုန်းထွက်လာနိုင်ခဲ့ပြီးကတည်းက သူသည် အရက်သောက်ခြင်းကို တကယ်ကို စွဲစွဲလန်းလန်း နှစ်သက်မိလာခဲ့သည်။
သူသည် သူ့ကိုယ်သူ ရေပြင်ထက်တွင် လွင့်မျောနေသော သစ်ရွက်ခြောက်တစ်ရွက်၊ လေထဲတွင် လွင့်ပါးနေသော ကနဖော့ပင်ဖတ်လေးတစ်ခု သို့မဟုတ် အမြစ်မရှိဘဲ လှည့်လည်သွားလာနေရသော လေလွင့်ခရီးသည်တစ်ဦးကဲ့သို့ ခံစားနေရသည်။
လေလွင့်ခရီးသည်တစ်ဦးအတွက် အကောင်းဆုံး အဖော်မွန်ကမူ ငြင်းပယ်ရန်မလိုဘဲ ဝိုင်သာ ဖြစ်ပေတော့သည်။