အခန်း (၃၀၃-၃၀၄)
Vol. 31 Ch. 303-304
အခန်း ၃၀၃ - နတ်ဘုရား ဥပဒေသ
"ဒါကြောင့်ကိုး... သွေးဝိညာဉ်ဂိုဏ်း ပေါ်လာပြီးနောက်မှာ အထက်ကမ္ဘာ က အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို မချိုးဖောက်နိုင်တော့တာ... အားလုံးက သွေးဝိညာဉ်ဂိုဏ်း ရဲ့ လက်ချက်ပဲ..."
"ဒါဆို... စီနီယာ ဝူ... သွေးဝိညာဉ်ဂိုဏ်း က အထက်ကမ္ဘာ ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလား... ဒါမှမဟုတ် သူတို့က အထက်ကမ္ဘာ ရဲ့ အပြင်ဘက်က အင်အားစု တစ်ခုလား..."
"ဟမ်.. အခု သွေးဝိညာဉ်ဂိုဏ်း ကို ဆန့်ကျင်ဖို့က ကျွန်တော်တို့အတွက် နည်းနည်း အန္တရာယ် မများလွန်းဘူးလား..."
လီဖန်ထျန်း နှင့် အခြားနှစ်ဦးသည် စိုးရိမ်ပူပန်စွာဖြင့် ပြောဆိုလိုက်သော်လည်း ဝူဟောက်က ဂရုမစိုက်သည့်အလား လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
"ကိစ္စမရှိဘူး... လက်ရှိ အခြေအနေအရ ကြည့်ရင် သွေးဝိညာဉ်ဂိုဏ်း က ငါတို့ အထက်ကမ္ဘာ ကို သိမ်းဖို့ အရမ်း အလုပ်များနေလောက်တယ်..... မဟုတ်ရင် သွေးဝိညာဉ်ဂိုဏ်း က ငါတို့ အထက်ကမ္ဘာကို အစောကြီးကတည်းက ကျူးကျော်နေလောက်ပြီ..."
ဝူဟောက် နောက်နေခြင်း မဟုတ်ချေ။ အထက်ကမ္ဘာ သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် ကောင်းကင်နတ်ဘုရား အဆင့် စွမ်းအားသာ လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အထက်ကမ္ဘာ ကောင်းကင်တာအို၏ နယ်ပယ်သည် မြေကမ္ဘာနတ်ဘုရား အထွတ်အထိပ်အဆင့်သာ ဖြစ်၏။
ဤသည်ကို ကြားချိန်တွင် လီဖန်ထျန်း နှင့် အခြားနှစ်ဦးသည် တစ်ခုခုကို တွေးမိသွားပုံရပြီး ဝူဟောက်ကို မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"စီနီယာ ဝူ... စီနီယာ့ ရဲ့ စွမ်းအားနဲ့ဆိုရင် သွေးဝိညာဉ်ဂိုဏ်း ကို ကိုင်တွယ်ဖြေရှင်းနိုင်မလား မသိဘူး..."
" သွေးဝိညာဉ်ဂိုဏ်းလောက်ကတော့... တကယ် လှုပ်ရှားရမယ်ဆိုရင် သွေးဝိညာဉ်ဂိုဏ်းကို အဆုံးသတ်ပေးဖို့က ငါ့အတွက် ပြသနာမရှိဘူး"
ဝူဟောက်သည် ခေါင်းကို ညင်သာစွာ ခါယမ်းကာ ပြောဆိုလိုက်ရာ သူ၏ စကားများတွင် သွေးဝိညာဉ်ဂိုဏ်း အပေါ် လျစ်လျူရှုမှုများ ရှိနေခဲ့၏။
ဝူဟောက်၏ စကားကို ကြားပြီးနောက် လီဖန်ထျန်း နှင့် အခြားနှစ်ဦးမှာ သက်ပြင်းချနိုင်ခဲ့ပြီးနောက် တစ်ခုခုကို သတိရသွားသည့်အလား ထပ်မံပြောလိုက်သည်။
"စီနီယာ ဝူ... စီနီယာ က ကျွန်တော်တို့ကို အထဲဝင်ခွင့်ပေးမှတော့ သွေးဝိညာဉ်ဂိုဏ်း ချန်ထားခဲ့တဲ့ နည်းလမ်းတွေကို ကိုင်တွယ်ဖို့ စီနီယာ့ မှာ နည်းလမ်းရှိလို့ ဖြစ်ရမယ် မဟုတ်လား... စီနီယာ ဝူ... ကျွန်တော်တို့ကို ဘာလုပ်ခိုင်းချင်လို့လဲ..."
"ဟုတ်ပါတယ် စီနီယာ ဝူ... ကျွန်တော်တို့ ကူညီနိုင်တာ တစ်ခုခုရှိရင် ပြောသာပြောလိုက်ပါ.. စီနီယာ နဲ့ ပူးပေါင်းဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်..."
"စီနီယာ ဝူ... ကျေးဇူးပြုပြီး ပြောပါ..."
ဝူဟောက်သည် မတ်တပ်ရပ်ကာ အပြင်ဘက်သို့ ထွက်သွားပြီး အထက်ကမ္ဘာဘက်သို့ လှမ်းကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"ငါက သွေးဝိညာဉ်ဂိုဏ်း ချန်ထားခဲ့တဲ့ နည်းလမ်းတွေကို အလွယ်တကူ ချိုးဖျက်နိုင်ပေမယ့် ငါ မချိုးဖျက်ခဲ့ဘူး... ဘာလို့လဲဆိုတာ မင်းတို့ သိလား..."
ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် လီဖန်ထျန်းနှင့် အခြားနှစ်ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။ စူးချောင်ရန်ပင်လျှင် စပ်စုချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာမိသည်။ ဝူဟောက်သည် မိမိတို့ စူးမိသားစုတစ်ခုလုံးကိုပင် အေးဆေးသက်သာစွာ တားဆီးနိုင်စွမ်း ရှိသူဖြစ်ရာ သူ၏ စွမ်းအားအပေါ် စူးချောင်ရန် မည်သို့မျှ သံသယမရှိခဲ့ပေ။ သို့ဆိုလျှင် ဝူဟောက်အနေဖြင့် အထက်ကမ္ဘာ၏ ချိတ်ပိတ်မှုကို မချိုးဖျက်ရသည့် အဓိကအကြောင်းရင်းမှာ အဘယ်ကြောင့်နည်း။
အတန်ကြာ စဉ်းစားခန်းဖွင့်ပြီးနောက်တွင်မူ လီဖန်ထျန်းနှင့် အခြားနှစ်ဦးတို့မှာ အဖြေရှာမရသဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်ကြတော့သည်။
“ကျွန်တော်တို့ မသိပါဘူး... ဒါပေမဲ့ စီနီယာ ဝူ ဒီလိုလုပ်ရတဲ့ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိမယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိပါတယ်..."
"အင်း... ငါ့ရဲ့ အသုံးမကျတဲ့ မျိုးဆက်သစ် တချို့က မင်းတို့ရဲ့ မြင့်မြတ်နယ်မြေ မှာ သူတော်စင်တွေ ဖြစ်လာကြတယ်... ဒီ သွေးဝိညာဉ်ဂိုဏ်း က သူတို့အတွက် ငါချန်ထားခဲ့တဲ့ စမ်းသပ်မှုတစ်ခုပဲ... ဒါကြောင့် ငါ ဝင်ပါမှာ မဟုတ်ဘူး..."
ဝူဟောက်က သူ၏ ရည်ရွယ်ချက်ကို ပေါ့ပေါ့ပါးပါး ထုတ်ဖော်ပြောဆိုလိုက်၏။
လီဖန်ထျန်းနှင့် အခြားနှစ်ဦးတို့မှာ အခြေအနေအရပ်ရပ်ကို ရုတ်တရက် သဘောပေါက်သွားကြပြီးနောက် အလျင်အမြန် သတိပြန်ဝင်လာကာ တစ်ဦးကိုတစ်ဦး အံ့အားသင့်စွာ ကြည့်ရင်း မေးမြန်းလိုက်ကြသည်။
“မင်းတို့ရဲ့ မြင့်မြတ်နယ်မြေမှာလည်း သူတော်စင် ပေါ်လာတာလား...”
“ဟင်... ‘လည်း’ ဆိုတာ ဘာအဓိပ္ပာယ်လဲ...”
နောက်ဆုံးတွင် အတန်ကြာပြီးနောက် လီဖန်ထျန်းနှင့် အခြားနှစ်ဦးတို့သည် ယခုလေးတင် သိရှိလိုက်ရသော သတင်းအချက်အလက်များကို ချိတ်ဆက်မိသွားကြပြီး ၎င်းတို့၏ မျက်နှာထက်တွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် သရော်ပြုံးတစ်ခု ပေါ်လာခဲ့တော့သည်။
မိမိတို့ မြင့်မြတ်နယ်မြေ၏ သူတော်စင်ကို စွမ်းအားကြီးမားလာသည်အထိ လျှို့ဝှက်ထားပြီးမှ အခြားသော မဟာမြင့်မြတ်နယ်မြေလေးခုကို ခြောက်လှန့်ရန်အတွက် ထိုတည်ရှိမှုကို ထုတ်ဖော်ပြသမည်ဟု ကြံစည်ထားခဲ့သော်လည်း၊ အခြားသူများတွင်လည်း ထိုနည်းတူ သူတော်စင်တစ်ဦးစီ ရှိနေကြလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
‘ငါတို့တစ်တွေ လူရွှင်တော်တွေ ဖြစ်သွားလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး...’
“စီနီယာ ဝူ... မဟာမြင့်မြတ်နယ်မြေငါးခုစလုံးမှာ သူတော်စင် တစ်ယောက်စီ ရှိနေကြတာလား”
ကျွင်းရှောင်ယောင်က ဝူဟောက်ကို ကြည့်ကာ ရိုသေလေးစားသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
ဝူဟောက်က ခဏတာ စဉ်းစားပြီးနောက် ခေါင်းကို ခါယမ်းရင်း ပြောဆိုလိုက်သည်။
“မဟုတ်ဘူး... အမှန်တော့ မြင့်မြတ်နယ်မြေ သုံးခုကပဲ သူတော်စင်ကို မွေးထုတ်ပေးနိုင်ခဲ့တာ ၊ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေနဲ့ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေတို့ကတော့ သူတော်စင်ကို မမွေးထုတ်ပေးနိုင်သေးဘူး...”
ဤသည်ကို ကြားလိုက်ရသောအခါမှ ကျွင်းရှောင်ယောင်နှင့် အခြားနှစ်ဦးတို့မှာ ရင်ထဲက အလုံးကြီးကျကာ သက်ပြင်းချနိုင်ခဲ့ကြတော့သည်။ ကံကောင်းထောက်မစွာဖြင့် အနည်းဆုံးတော့ ၎င်းတို့အနေဖြင့် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ၊ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေတို့၏ ရှေ့တွင် မာနဝင့်ကြွားနိုင်သေးသည် မဟုတ်လော။
သို့သော်လည်း လီဖန်ထျန်းသည် တစ်ခုခုကို အလျင်အမြန်ပင် ရိပ်မိသွားပြီး စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်တော့သည်။
"စီနီယာ ဝူ... စီနီယာက သွေးဝိညာဉ်ဂိုဏ်း ကို ကိုင်တွယ်ဖြေရှင်းဖို့ ဝူယိတောက် နဲ့ တခြားသူတွေကို လွှဲပေးချင်တယ်လို့ ပြောခဲ့တယ်နော်... ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ စွမ်းအားကို လျှော့တွက်လို့ မရဘူး... သူတို့ရဲ့ စွမ်းအားနဲ့ဆိုရင် အချိန်တစ်ခုအထိ သွေးဝိညာဉ်ဂိုဏ်း ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး..."
ဝူဟောက်က မည်သည့် စိုးရိမ်ပူပန်မှုမျှ မပြသဘဲ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။
"ကိစ္စမရှိပါဘူး... သွေးဝိညာဉ်ဂိုဏ်း အပါအဝင် ဘယ်သူမှ သူတို့ကို မထိခိုက်စေနိုင်ဘူး..."
ဝူဟောက်၏ စကားများတွင် ယုံကြည်မှုများ အပြည့်အဝ ပါဝင်နေသဖြင့် လီဖန်ထျန်းနှင့် အခြားနှစ်ဦးတို့မှာ သူ့ကို အကြွင်းမဲ့ ယုံကြည်ရန် ရွေးချယ်လိုက်ကြတော့သည်။
အတန်ကြာပြီးနောက် လီဖန်ထျန်းသည် မတ်တပ်ရပ်လိုက်ပြီး ဝူဟောက်ကို ကြည့်ကာ တည်ကြည်လေးနက်သော အမူအရာဖြင့် မေးမြန်းလိုက်၏။
“ဒါဆိုရင် စီနီယာ ဝူ... ကျွန်တော်တို့ကို ဘာတွေများ လုပ်ဆောင်ပေးစေချင်သလဲ”
“အင်း... အထက်ကမ္ဘာရဲ့ ချိတ်ပိတ်မှုကို ငါ လောလောဆယ် မဖျက်ဆီးချင်သေးဘူးဆိုပေမယ့်၊ ဒါပေမဲ့လည်း ဒီချိတ်ပိတ်မှု ရှိနေတဲ့ အတောအတွင်းမှာ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ထက် သာလွန်တဲ့ နယ်ပယ်တွေကို ချိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း မဆိုပြန်ဘူး”
အမှန်အားဖြင့် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်နှင့် ၎င်းထက်မြင့်သော နယ်ပယ်များသို့ တက်လှမ်းမရခြင်း၏ အဓိကအကြောင်းရင်းမှာ အထက်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာအကြား ဆက်သွယ်မှု ပြတ်တောက်သွားခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ပြတ်တောက်သွားသဖြင့် အထက်ကမ္ဘာတွင် ကမ္ဘာဦးဥပဒေသ၏ အစိတ်အပိုင်းအချို့ ကင်းမဲ့သွားခဲ့ရပြီး ၎င်းကင်းမဲ့နေသော အစိတ်အပိုင်းမှာ နတ်ဘုရားကမ္ဘာတွင်သာ တည်ရှိသည့် ဥပဒေသများ ဖြစ်ကြသည်။
“ဒါကြောင့်မို့လို့ ကျင့်ကြံသူတွေအနေနဲ့ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်နဲ့ အဲဒီအထက်ကို ချိုးဖောက်ဝင်ရောက်နိုင်စေဖို့အတွက် ငါက အထက်ကမ္ဘာတစ်ခုလုံး လွှမ်းခြုံမယ့် မဟာအစီအရင်ဝင်္ကပါကြီးတစ်ခု တည်ဆောက်ချင်တာ...”
“အဲဒီလို လုပ်နိုင်ဖို့အတွက် အထက်ကမ္ဘာရဲ့ ကမ္ဘာ့ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးဖို့ လိုအပ်သလို၊ နတ်ဘုရားကမ္ဘာရဲ့ ဥပဒေသတစ်စိတ်တစ်ပိုင်းကိုလည်း ဖမ်းယူရရှိဖို့ လိုအပ်လိမ့်မယ်...”
စကားပြောနေစဉ်အတွင်း ဝူဟောက်၏ မျက်နှာအမူအရာမှာ ပိုမိုတည်ကြည်လေးနက်လာခဲ့သည်။
ကမ္ဘာ့ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ရန်မှာ မခက်ခဲလှဘဲ ကမ္ဘာ့မူလရင်းမြစ်ကို ရှာဖွေရုံသာ ဖြစ်သည်။ သို့သော် နတ်ဘုရားကမ္ဘာ၏ ဥပဒေသကို ရယူရန်အတွက်မူ အထက်ကမ္ဘာ၏ အပြင်ဘက်အထိ သွားရောက်ကာ နတ်ဘုရားကမ္ဘာ၏ စွမ်းအားများကို ဖမ်းယူရန် လိုအပ်ပေလိမ့်မည်။
ထိုသို့ လုပ်ဆောင်သည့် အချိန်တွင် ဖရိုဖရဲခေါင်းလောင်း သို့မဟုတ် ဒြပ်စင်ငါးပါးခေါင်းလောင်းတို့၏ အကူအညီကို မလွဲမသွေ လိုအပ်လာမည် ဖြစ်သည်။
ဤသည်ကို ကြားလိုက်ရသောအခါ လီဖန်ထျန်းနှင့် အခြားနှစ်ဦးတို့သည် ဝူဟောက်၏ ဆိုလိုရင်းကို အထူးတလည် နားလည်သွားကြပြီး မိမိတို့ကို အဘယ်ကြောင့် ဤနေရာသို့ ခေါ်ယူတွေ့ဆုံခဲ့သည့် အကြောင်းရင်းကိုလည်း သဘောပေါက်သွားကြတော့သည်။
“ဒါဆို စီနီယာ ဝူ... စီနီယာက မဟာမြင့်မြတ်နယ်မြေငါးခုကို အခြေခံဗဟိုချက်တွေအဖြစ် အသုံးပြုပြီး နယ်မြေငါးခုစလုံးကို ဆက်သွယ်မယ့် မဟာအစီအရင်ဝင်္ကပါကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတာပေါ့ “
“မှန်တယ်... ငါ ဆိုလိုတာ အဲ့တာပဲ ၊ ဒါက ဒီမဟာအစီအရင်ဝင်္ကပါကို တည်ဆောက်မယ့် နည်းလမ်းဖြစ်ပြီး မင်းတို့ရဲ့ အကူအညီလည်း လိုအပ်လိမ့်မယ်...”
ဝူဟောက်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ပြီး၊ ဝင်္ကပါတည်ဆောက်ရန် လိုအပ်သည့် နည်းဗျူဟာ ညွှန်ကြားချက်များကို လီဖန်ထျန်းနှင့် အခြားနှစ်ဦး၏ စိတ်အာရုံထဲသို့ ပေါ့ပေါ့ပါးပါးပင် ပို့လွှတ်ပေးလိုက်သည်။
ထိုအစီအရင်ဝင်္ကပါ၏ လျှို့ဝှက်ချက်များကို ကြည့်ရှုပြီးနောက် လီဖန်ထျန်းနှင့် အခြားနှစ်ဦးတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်မိကြပြီး၊ အပြန်အလှန်အားဖြင့် မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုများကို မြင်တွေ့လိုက်ကြရသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး ဆန်းပြားလှသော အစီအရင်ဝင်္ကပါမျိုးကို သူတို့တစ်သက် တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
အထက်ကမ္ဘာကြီးတစ်ခုလုံးကို အခြေခံပြီး ဝင်္ကပါတစ်ခုအဖြစ် အသုံးပြုထားခြင်းဖြစ်ရာ၊ အကယ်၍ ဤအစီအရင်ကို အောင်မြင်စွာ အပြည့်အဝ တည်ဆောက်ပြီးစီးသွားပါက အထက်ကမ္ဘာ၏ ကျင့်ကြံမှုနယ်ပယ် ကန့်သတ်ချက်ကို အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်မှနေ၍ ပိုမိုမြင့်မားသော နယ်ပယ်သစ်တစ်ခုဆီသို့ အမှန်တကယ် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
“ဟူး... ကျွန်တော်တို့ ကောင်းကောင်း နားလည်ပါပြီ စီနီယာ ဝူ၊ ဝင်္ကပါကို အမြန်ဆုံး ပြီးမြောက်အောင် တည်ဆောက်ပါ့မယ်...”
လီဖန်ထျန်းနှင့် အခြားနှစ်ဦးသည် မတ်တပ်ရပ်လိုက်ပြီး ဝူဟောက်ကို ဦးညွှတ်ကာ ကတိပေးလိုက်ကြသည်။ သို့သော်လည်း တစ်ခုခုကို ရုတ်တရက် သတိရသွားသည့်အလား တည်ကြည်လေးနက်သော အမူအရာဖြင့် ထပ်မံ ပြောဆိုလိုက်၏။
“ဒါပေမဲ့ ဒီဝင်္ကပါရဲ့ အရေးကြီးဆုံး ဗဟိုချက်အစိတ်အပိုင်းက နတ်ဘုရားကမ္ဘာရဲ့ ဥပဒေသ ဖြစ်နေတယ်၊ စီနီယာ့ဆီမှာ လက်ရှိ နတ်ဘုရားကမ္ဘာရဲ့ ဥပဒေသ အဆင်သင့် ရှိ၊ မရှိဆိုတာကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး...”
“အဲဒါအတွက် စိတ်မပူပါနဲ့၊ နတ်ဘုရားကမ္ဘာရဲ့ ဥပဒေသ ကိစ္စကိုတော့ ငါကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ် မင်းတို့ကတော့ လုပ်ရမယ့် တာဝန်တွေကိုပဲ အာရုံစိုက်ပြီး သွားလုပ်ကြပါ...”
ဝူဟောက်က လက်ကို အသာအယာ ဝှေ့ယမ်းကာ သူတို့ကို ထွက်ခွာရန် အချက်ပြလိုက်သည်။
ထိုစကားကို ကြားသောအခါ လီဖန်ထျန်းနှင့် အခြားနှစ်ဦးတို့သည် တစ်ဦးကိုတစ်ဦး မျက်နှာရိပ်ပြလိုက်ကြပြီးနောက်၊ ချက်ချင်းပင် ထရပ်ကာ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ၊ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေတို့ဆီသို့ ခရီးဆက်ရန် ထွက်ခွာသွားကြတော့သည်။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စကြီးမှာ မဟာမြင့်မြတ်နယ်မြေငါးခုစလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်မြောက်နိုင်မည်ဖြစ်ပြီး ၎င်းတို့ သုံးဦးတည်းဖြင့် ပြီးမြောက်နိုင်မည့်အရာ မဟုတ်ပေ။
လီဖန်ထျန်းနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ဝူဟောက်တစ်ယောက် တစ်နေရာရာသို့ သွားရန် ပြင်ဆင်နေကြောင်း စူးချောင်ရန် ရိပ်မိသွားပုံရသည်။ ထို့ကြောင့် သူမက စိုးရိမ်တကြီးဖြင့် မတ်တပ်ရပ်ကာ လှမ်းမေးလိုက်၏။
“မောင်... ဒါဆို မောင်က အပြင်ကို ထွက်သွားတော့မလို့လား...”
“အင်း... ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတချို့ ရှိနေလို့ပါ...”
ဝူဟောက်က သက်ပြင်းတစ်ချက် ချကာ မတ်တပ်ရပ်လိုက်ပြီးနောက် ထိုနေရာမှတင် ရုတ်တရက် အစအနဖျောက်ကာ ပျောက်ကွယ်သွားလေတော့သည်။ သူသည် ကောင်းကင်တာအိုနှင့် သွားရောက်ညှိနှိုင်းရန်အတွက် ထွက်ခွာသွားခြင်း ဖြစ်ပေသည်။
အခန်း ၃၀၄ - ဝူဟောက် နှင့် ကောင်းကင်တာအို
တစ်ချိန်တည်းမှာပင် ကျယ်ပြောလှပြီး ထူးဆန်းသော ဟင်းလင်းပြင် တစ်ခုတွင် ပုံရိပ်ယောင် တစ်ခုသည် လေထဲတွင် တင်ပျဉ်ခွေထိုင်ကာ အိပ်ပျော်နေပုံရသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဝူဟောက် ရောက်လာသည်နှင့် ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ ဝူဟောက်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"လူသား... ထွက်သွားတော့..."
"လူသားလား... ငါက အခု နတ်ဘုရား တစ်ပါး ဖြစ်နေပြီ မဟုတ်ဘူးလား..."
ဝူဟောက်သည် အနည်းငယ် အံ့အားသင့်စွာဖြင့် သူ့ကိုယ်သူ တွေးတောလိုက်၏။
ကောင်းကင်တာအို ၏ စကားကို ကြားပြီးနောက် ဝူဟောက်မှာ အခိုက်အတန့်မျှသာ မှင်သက်သွားသော်လည်း သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။ သူသည် ကောင်းကင်တာအို ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"ငါက မင်းနဲ့ အပေးအယူ လုပ်ဖို့ လာခဲ့တာ..."
ဤသည်ကို ကြားချိန်တွင် ကောင်းကင်တာအို သည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဝူဟောက်ကို ချက်ချင်း တိုက်ခိုက်လိုက်၏။ ကောင်းကင်တာအို သည် ဘက်လိုက်မှုမရှိဘဲ ကိုယ်ကျိုးမဖက်သော တည်ရှိမှုတစ်ခုဖြစ်ပြီး အထက်ကမ္ဘာ ၏ တည်ရှိမှုကို ထိန်းသိမ်းရန် ရည်ရွယ်ထားသော အစီအစဉ်တစ်ခုသာ ဖြစ်သည်။
အလွန်နည်းပါးသော ကောင်းကင်တာအိုများသာ ကိုယ်ပိုင် ဉာဏ်ရည်ကို ဖွံ့ဖြိုးလာနိုင်ကြသည်။ သို့သော် သူ၏ရှေ့ရှိ ကောင်းကင်တာအိုသည် ကိုယ်ပိုင် ဉာဏ်ရည် ဖွံ့ဖြိုးလာခြင်း ရှိမရှိ ဆိုသည်ကို ဝူဟောက် မသိပေ။
သို့သော် ယခုအချိန်တွင် ထိုအကြောင်းကို စိတ်ပူနေရန် ဝူဟောက်တွင် အချိန်မရှိချေ။ ကောင်းကင်တာအို က လှုပ်ရှားလိုက်ပြီဖြစ်ရာ သူသည် ထိုနေရာတွင် ရပ်ပြီး အရိုက်ခံရလောက်အောင် မိုက်မဲမည် မဟုတ်ချေ။
ထို့ကြောင့် ကောင်းကင်တာအိုသည် ဝူဟောက်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ဝူဟောက်၏ လက်ထဲတွင် အင်မော်တယ်ဓားတစ်လက် ရုတ်တရက် ပေါ်ပေါက်လာပြီး ကောင်းကင်တာအို၏ လက်သီးချက်ကို တိုက်ရိုက် ခုခံပိတ်ဆို့လိုက်လေသည်။
ထိုသို့ တားဆီးနိုင်ခဲ့သော်လည်း ကောင်းကင်တာအို၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ဝူဟောက်ကို ခဏတာ ဆွံ့အမှင်သက်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် သာမန်ကျင့်ကြံသူမဟုတ်ဘဲ မြေကမ္ဘာနတ်ဘုရား ကျင့်ကြံဆင့်ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ သူ၏ ကျင့်ကြံမှုမှာ ကနဦးအဆင့်မျှသာ ရှိသေးသည်ဆိုသော်ငြားလည်း ၊ ကောင်းကင်တာအို၏ အစွမ်းထက်မှုကိုမူ အံ့ဩတုန်လှုပ်နေဆဲဖြစ်ရာ ထိုကောင်းကင်တာအိုသည် မည်မျှအထိ စွမ်းအားကြီးမားသည်ကို ကောင်းစွာ သက်သေပြနေသည်။
ဝူဟောက်သည် မိမိ၏ လက်သီးချက်ကို တားဆီးနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ ကောင်းကင်တာအိုလည်း အံ့အားသင့်သွားရသည်။ နောက်တစ်စက္ကန့်တွင် သူသည် အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားပြီး၊ လက်ထဲ၌ စွမ်းအင်လှံရှည်တစ်လက်ကို ဖန်တီးကာ ဝူဟောက်ထံသို့ ထပ်မံ ထိုးနှက်တိုက်ခိုက်လိုက်ပြန်သည်။
ဤသည်ကို မြင်လိုက်ရသောအခါ ဝူဟောက်၏ ရင်ထဲ၌လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်အဟုန်များ ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
“အချိန်ကိုက်ပဲ... ငါ့ရဲ့ လက်ရှိစွမ်းအားက ဘယ်လောက်အထိ သန်မာနေပြီလဲ၊ ပြီးတော့ ဘယ်လိုအဆင့်ရှိတဲ့ တည်ရှိမှုကိုမဆို ငါ ယှဉ်ပြိုင်နိုင်စွမ်း ရှိ၊ မရှိဆိုတာ ဒီနေ့ တစ်ခါတည်း စမ်းသပ်ကြည့်ရတာပေါ့”
ထိုသို့ ပြောဆိုပြီးနောက် ဝူဟောက်သည် ကောင်းကင်တာအိုထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေတော့သည်။ နောက်တစ်စက္ကန့်တွင် သူတို့နှစ်ဦး အကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်ကြရာ၊ ယှဉ်ပြိုင်မှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအင်ဂယက်ရိုက်ခတ်မှုများသည် အင်မော်တယ် မဟာဧကရာဇ်များကိုပင် မဆိုနှင့် ၊ စစ်မှန်နတ်ဘုရားတစ်ပါးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ပြင်းထန်လှပေသည်။
ကံကောင်းထောက်မစွာဖြင့် ဤတိုက်ပွဲဖြစ်ပွားရာနေရာမှာ သာမန်အထက်ကမ္ဘာနှင့် မတူဘဲ အဆင့်အတန်း လုံးဝကွဲပြားခြားနားသည့် ကောင်းကင်တာအို ဟင်းလင်းပြင်ဖြစ်နေ၍ တော်သေးသည်။ သို့မဟုတ်ပါက အထက်ကမ္ဘာအတွင်း၌သာ ဤမျှပြင်းထန်စွာ တိုက်ခိုက်မိပါက တစ်ကမ္ဘာလုံး ပျက်စီးပြုန်းတီးသွားရန် မိနစ်အနည်းငယ်မျှသာ အချိန်ယူရပေလိမ့်မည်။
ထိုသို့ပင် ဖြစ်လင့်ကစား၊ အထက်ကမ္ဘာအတွင်းရှိ အစွမ်းအထက်ဆုံးနှင့် အာရုံခံစားမှုတွင် အကဲဆက်သော ထိပ်တန်း ပုဂ္ဂိုလ်များမှာ တစ်စုံတစ်ခုကို ကောင်းစွာအာရုံခံမိလိုက်ကြပြီး၊ ဆိုးရွားလှသော ကပ်ဘေးတစ်ခုခု ကျရောက်တော့မည့်အလား ရင်ထဲ၌ အလွန်အမင်း မသက်မသာ ခံစားလိုက်ရတော့သည်။
“ငါတို့အားလုံးကို ဒီလောက်တောင် ရင်တထိတ်ထိတ်ဖြစ်သွားစေအောင် အထက်မှာ အတိအကျ ဘာတွေများ ဖြစ်ပျက်နေတာလဲ...”
ချင်ဇီကျွင်းက တည်ကြည်လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။ ဤသည်ကို ကြားလိုက်ရသောအခါ လီဖန်ထျန်းနှင့် ကျွင်းရှောင်ယောင်တို့သည် သူ့ကို မသိမသာ လှမ်းကြည့်လိုက်မိကြသည်။ အထက်ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားလောက်အောင် ဤမျှကြီးမားသော စွမ်းအင်ဂယက်မျိုးကို ဖန်တီးနိုင်သူဟူ၍ သွေးဧကရာဇ် သို့မဟုတ် စီနီယာဝူ သာလျှင် ရှိနိုင်ကြောင်း ၎င်းတို့အားလုံး ကောင်းစွာ သဘောပေါက်သွားကြသည်။
သို့သော် ယခုအချိန်တွင် သွေးဧကရာဇ်ဘက်က လှုပ်ရှားနေခြင်း မဟုတ်သည်မှာ ထင်ရှားနေသဖြင့် စီနီယာဝူ တစ်ယောက်သာလျှင် ရှိပေသည်။
“ကောင်းပြီ... ငါတို့ စီနီယာဝူကိုပဲ အကြွင်းမဲ့ ယုံကြည်ရမယ် ဒါပေမဲ့ အခုလောလောဆယ် ငါတို့ရဲ့ အရေးကြီးဆုံး တာဝန်က စီနီယာဝူ မှာကြားခဲ့တဲ့အတိုင်း အစီအရင်ဝင်္ကပါကို အရင်ဆုံး ပြီးမြောက်အောင် လုပ်ဖို့ပဲ ၊ လုရန် နဲ့ ကျန်းကျဲ တို့ဆီ သွားပြီး အကျိုးအကြောင်း အရင် ဆွေးနွေးကြရအောင်...”
ထိုသို့ ပြောဆိုပြီးနောက် လီဖန်ထျန်းသည် သူ၏ရှေ့မှောက်တွင် ရှိနေသော နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေကို ကြည့်ကာ တိုက်ရိုက် ဝင်ရောက်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင် သွေးဝိညာဉ်ဂိုဏ်းရှိ သွေးဧကရာဇ်သည်လည်း တစ်ခုခု ထူးဆန်းနေကြောင်း သတိပြုမိသွားပြီး သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန်တရာ တည်ကြည်လေးနက်သွားခဲ့သည်။
“အဖေ... ဘာဖြစ်လို့လဲ ဟင်...”
“ဘာမှမဖြစ်ပါဘူး... ငါ အလွန်အကျွံ တွေးတောပူပန်နေမိတာပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ...”
သွေးဧကရာဇ်သည် မိမိ၏ စိုးရိမ်စိတ်များကို ထုတ်မပြောဘဲ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။ တစ်ခုခု ဆိုးရွားလွန်းသောအရာ ကျရောက်တော့မည့်အလား သူ၏ နတ်ဘုရားအာရုံက တားဆီးမရ ထိတ်လန့်နေမိသည်။
သို့သော်ငြားလည်း သူ့ထံတွင် သွေးနတ်ဘုရားကိုယ်တိုင် ပေးသနားထားသော အစွမ်းထက် နတ်ဘုရားမှော်လက်နက် ရှိနေသဖြင့် ဤအထက်ကမ္ဘာတွင် မည်သူကမျှ သူ့ကို ဒုက္ခပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် သွေးနတ်ဘုရားသည် ကျယ်ပြောလှသော နတ်ဘုရားကမ္ဘာကြီးတွင်ပင် အထက်တန်းကျလှသော အထွတ်အထိပ်တည်ရှိမှုတစ်ခု ဖြစ်ရာ၊ သွေးနတ်ဘုရား၏ အရှိန်အဝါကို ရန်စပြီး မိမိကို လာရောက်တိုက်ခိုက်ဝံ့မည့်သူ ရှိလိမ့်မည်ဟု သူ မယုံကြည်ချေ။
တစ်ချိန်တည်းမှာပင် ကောင်းကင်တာအိုဟင်းလင်းပြင်အတွင်း၌ ဝူဟောက်နှင့် ကောင်းကင်တာအိုတို့၏ တိုက်ပွဲမှာ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ‘ကောင်းကင်ဘုံဧကရာဇ် မဟာတာအိုကျမ်းစာ’ ၏ ကောင်းချီးပေးမှု ရှိနေပါလျက်နှင့် မြေကမ္ဘာနတ်ဘုရား အထွတ်အထိပ်အဆင့်ရှိသော ကောင်းကင်တာအိုကို ဤမျှအထိ ခက်ခက်ခဲခဲ ယှဉ်ပြိုင်တိုက်ခိုက်ရလိမ့်မည်ဟု ဝူဟောက် မထင်မှတ်ထားခဲ့မိပေ။
သို့သော်လည်း ကောင်းကင်တာအိုသာ ဝူဟောက်၏ အတွေးကို သိရှိသွားပါက ရင်ထဲ၌ တိတ်တဆိတ် သွေးပျက်ကာ ကျိန်ဆဲနေလောက်ပြီ ဖြစ်သည်။ ဝူဟောက်သည် မြေကမ္ဘာနတ်ဘုရား ကနဦးအဆင့်မျှသာ ရှိသေးသော်လည်း မြေကမ္ဘာနတ်ဘုရား အထွတ်အထိပ်အဆင့်အထိ ရောက်ရှိနေသည့် မိမိကို တန်ပြန်တိုက်ခိုက်နိုင်ရုံတင်မက၊ အသာစီးပင် ရယူထားနိုင်ကာ ကောင်းကင်တာအိုနှင့် ယှဉ်ပြိုင်နိုင်နေခြင်းကပင် မယုံနိုင်စရာကောင်းလောက်အောင် အံ့ဩစရာ ဖြစ်နေ၏။
ကောင်းကင်တာအိုဆိုသည်မှာ မိမိ၏ကိုယ်ပိုင်ကမ္ဘာအတွင်း၌ အမြင့်မားဆုံးသော အချုပ်အခြာအာဏာပိုင် တည်ရှိမှု ဖြစ်သည်။ သူ၏ အခြေခံကမ္ဘာကြီးသာ ပျက်စီးမသွားသရွေ့ ၊ ကမ္ဘာကြီးသည် ကောင်းကင်တာအိုအတွက် အဆုံးမရှိသော စွမ်းအင်အရင်းအမြစ်များကို အဆက်မပြတ် ပံ့ပိုးပေးနေမည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ကောင်းကင်တာအို၏ နယ်မြေအတွင်း၌ ကောင်းကင်တာအိုနှင့် ရေရှည်စစ်ပွဲဆင်နွှဲခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် အလားတူပေသည်။
သို့သော်လည်း အချိန်အတော်ကြာ အကြိတ်အနယ် တိုက်ခိုက်ပြီးသည့်တိုင် ဝူဟောက်၏ နတ်ဘုရားစွမ်းအင်များမှာ ကုန်ခမ်းသွားမည့် အရိပ်အယောင်မျှ မပြသသဖြင့် ကောင်းကင်တာအိုမှာ အလွန်အမင်း ထိတ်လန့်အံ့အားသင့်နေရသည်။
ကောင်းကင်တာအိုတစ်ယောက် အံ့ဩမှင်တက်နေစဉ်အတွင်း ဝူဟောက်သည် တစ်ဖက်လူ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ဆတ်ခနဲ လှုပ်ရှားလိုက်ပြီး ဓားတစ်ချက်တည်းဖြင့် ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ကို ပိုင်းဖြတ်ပစ်လိုက်လေသည်။ ဤဒဏ်ရာကြောင့် ကောင်းကင်တာအိုသည် မျက်မှောင်ကြုတ်သွားပြီး၊ သူ၏ အစီအရင်အတားအဆီးစွမ်းအားကို အသုံးပြုကာ ဝူဟောက်နှင့် အဝေးသို့ အမြန်ဆုံး နောက်ဆုတ်ခွာလိုက်ရသည်။
တခဏချင်းမှာပင် ကောင်းကင်တာအို၏ ပြတ်တောက်သွားသော ခန္ဓာကိုယ်အောက်ပိုင်းမှာ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ သို့သော်ငြားလည်း သူ၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့ကာ အသက်မဲ့နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဝူဟောက်၏ စောစောက ဓားချက်မှာ သူ၏ ကမ္ဘာဦးမူလရင်းမြစ်ကို တိုက်ရိုက် ထိမှန်သွားခဲ့ခြင်းကြောင့် ဖြစ်ပြီး၊ ယခုကဲ့သို့ အတင်းအဓမ္မ ပြန်လည်ကုစားလိုက်ရခြင်းက သူ၏ မူလချီစွမ်းအင်ကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားစေသောကြောင့် ဖြစ်သည်။
ဝူဟောက်သည် တိုက်ခိုက်ရသည်ကို အားမရသေးဘဲ ကောင်းကင်တာအိုထံသို့ ထပ်မံ ပြေးဝင်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်၊ ကောင်းကင်တာအိုသည် သူ၏ လှံရှည်ကို အလျင်အမြန် ရုပ်သိမ်းလိုက်ပြီး လက်ကို ကပြာကယာ ဝှေ့ယမ်းကာ လှမ်းအော်ပြောလိုက်တော့သည်။
“မတိုက်ပါနဲ့တော့... မတိုက်ပါနဲ့တော့။ မင်းသာ ဆက်ပြီး တိုက်နေရင် ငါ တကယ် သေသွားလိမ့်မယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ ဝူဟောက်တစ်ယောက် ခဏမျှ မှင်တက်သွားရသည်။ လျှို့ဝှက်ဆန်းကြယ်လှသော ကောင်းကင်တာအိုထံမှ ဤကဲ့သို့ အညံခံတောင်းပန်စကားမျိုး ကြားရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့သော်လည်း၊ သူသည် ရှေ့ဆက်မတိုးတော့ဘဲ လက်ရှိတိုက်ကွက်ကို ရပ်တန့်ပေးလိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ ၊ ဝူဟောက်သည် ကောင်းကင်တာအို ကို ဖျက်ဆီးပြီး ကောင်းကင်တာအို အသစ်တစ်ခု ဖန်တီးရန် ရည်ရွယ်ချက် မရှိချေ။ ၎င်းမှာ အလွန် ဒုက္ခများပေလိမ့်မည်။ ထို့ကြောင့် လုံးဝ မလိုအပ်ဘဲနှင့် ဝူဟောက်သည် ကောင်းကင်တာအို ကို ဖျက်ဆီးပစ်မည် မဟုတ်ချေ။
ထို့အပြင် ကောင်းကင်တာအို ၏ စကားများအရ ကောင်းကင်တာအို တွင် ကိုယ်ပိုင် အသိစိတ် ရှိနေပုံရသဖြင့် နောက်ဆက်တွဲ ညှိနှိုင်းမှုများမှာ များစွာ ပိုမို ချောမွေ့စွာ အဆင်ပြေသင့်ပေသည်။
ကောင်းကင်တာအို နှင့် တိုက်ပွဲများအရ ဝူဟောက်သည် သူ၏ လက်ရှိ စွမ်းအားအကြောင်းကို ပိုမို ပြည့်စုံစွာ နားလည်သွားခဲ့သည်။ မဟာနယ်ပယ် ကြီးတစ်ခု ကွာဟနေသော ရန်သူနှင့် မကြုံတွေ့ရသရွေ့ သူသည် ပြိုင်ဘက်ကင်း ဖြစ်ပေသည်။
ဝူဟောက် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိသည်ကို မြင်ပြီးနောက် ကောင်းကင်တာအို သည် သက်ပြင်းချနိုင်ခဲ့ပြီးနောက် ဝူဟောက်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။
"စီနီယာ... ငါ့ဆီကို ဘာကိစ္စနဲ့ လာတာလဲ..."
ဝူဟောက်ကို အထင်ကြီးသွားပြီးနောက် ကောင်းကင်တာအို သည် သူ၏ လေသံကို ချက်ချင်း ပြောင်းလဲလိုက်ပြီး မျက်နှာချိုသွေးသော အမူအရာဖြင့် ဝူဟောက်ထံသို့ ချဉ်းကပ်ကာ ပြောဆိုလိုက်၏။
ကောင်းကင်တာအို၏ အပြောင်းအလဲကြောင့် ဝူဟောက်မှာ အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့ပြီး အထင်အမြင်သေးသော လေသံဖြင့် ပြောဆိုလိုက်၏။
"ငါက မင်းရဲ့ အရင်က စည်းကမ်းမရှိတဲ့ ပုံစံကိုပဲ ပိုသဘောကျတယ်... မင်းရဲ့ အရင်ပုံစံကို ပြန်ပြောင်းဖို့ ကြိုးစားသင့်တယ်..."
ဤသည်ကို ကြားချိန်တွင် ကောင်းကင်တာအိုမှာ ချောင်းဟန့်လိုက်ပြီးနောက် ဝူဟောက်ကို ကြည့်လိုက်ရာ သူ၏ အငွေ့အသက်သည်လည်း ၎င်းနှင့်အညီ ပြောင်းလဲသွားခဲ့၏။
"စီနီယာ က အဲ့လိုဆိုမှတော့ သဘောပါပဲ......စီနီယာ ငါ့ဆီက ဘာလိုချင်လို့လဲ...
ကောင်းကင်တာအိုသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်ကို မြင်ပြီးနောက် ဝူဟောက်မှာ သက်ပြင်းချနိုင်ခဲ့ပြီးနောက် သူလာရသည့် ရည်ရွယ်ချက်ကို ရှင်းပြလေ၏။
ဝူဟောက်၏ ရည်ရွယ်ချက်ကို ကြားချိန်တွင် ကောင်းကင်တာအို၏ အမူအရာမှာ တည်ကြည်လေးနက်သွားခဲ့သည်။