← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

Chapter 159

~

အခန်း ၁၅၉ : Gigolo အင်တာဗျူး...

~

​" အင်း... ဒီနေရာပဲ ဖြစ်ရမယ်... "

​စည်ကားလှသော စျေးဝယ်လမ်းမပေါ်တွင် မေ့ကျီသည် သူ၏ရှေ့မှ ဆိုင်ခန်းမျက်နှာစာကို မော့ကြည့်လိုက်သည်။

​ဆိုင်၏ ဆိုင်းဘုတ်တွင် နီယွန်မီးရောင်များဖြင့် House of Serviceဟူသော စာလုံးလေးလုံးကို ထင်ရှားစွာ ဖော်ပြထားသည်။ ရွှေရောင်အနားသတ်ထားသော မှန်တံခါးအမည်းရောင်ပေါ်တွင် ဆူးပင်များနှင့် နှင်းဆီပန်းများ ရောယှက်နေသည့် ပုံစံများကို ထွင်းထုထားပြီး တံခါးလက်ကိုင်မှာ ရွှေအစစ်ကဲ့သို့ တောက်ပနေသည်။

​ဝင်ပေါက်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရုပ်ရည်ချောမောသော အမျိုးသားအမျိုးမျိုး၏ ပိုစတာများကို ကပ်ထားသည်။ ပိုစတာထဲမှ အမျိုးသားတိုင်းသည် လမ်းပေါ်မှ ဖြတ်သွားဖြတ်လာသူတိုင်းကို စိုက်ကြည့်နေသကဲ့သို့ ရှိပြီး တစ်ဦးချင်းစီ၏ အောက်တွင် ထူးခြားသော ကြော်ငြာစာသားများကို ရေးသားထားသည်။

​" မင်းအတွက်သာ... ငါ့အချစ်.. "

​" ငါ့ရဲ့ဘဝက မင်းအတွက်ပဲ ပွင့်လန်းစေရမယ်.. "

​" မင်း ငါ့ကို ချစ်မိသွားအောင် လုပ်ခဲ့တာ ငါ့အပြစ်ပါပဲ.. "

​" မင်းရှိမယ့် ကမ္ဘာတစ်ခုကို ငါ ရှာဖွေနေတယ်... "

​" ... "

​အလားတူ စာသားများမှာ အဆုံးမရှိနိုင်အောင် များပြားလှပြီး ပိုစတာပေါ်မှ အမျိုးသားတိုင်းတွင် ကိုယ်ပိုင် အမည်နှင့် ထူးခြားသော ဆောင်ပုဒ်များ ရှိကြသည်။

​သို့သော်လည်း ထိုပိုစတာများထဲမှ အမျိုးသားများမှာ မည်မျှပင် ချောမောခန့်ညားပြီး ဆွဲဆောင်မှု ရှိနေစေကာမူ မေ့ကျီ ထိုဆိုင်ရှေ့တွင် ရပ်လိုက်သည့်အခါ ပိုစတာထဲမှ အမျိုးသားများမှာ သူနှင့်နှိုင်းယှဉ်လျှင် အရောင်မှိန်သွားကြ၏။

​လမ်းပေါ်မှ ဖြတ်သွားသော အမျိုးသမီးများသည် ပိုစတာထဲမှ အမျိုးသားများကို အာရုံမရကြတော့ဘဲ သူတို့၏ အကြည့်များအားလုံးမှာ မေ့ကျီထံ၌သာ စိုက်ကျနေတော့သည်။

​မေ့ကျီသည် ဘေးပတ်ဝန်းကျင်မှ အမျိုးသမီးများ၏ အကြည့်များကို လျစ်လျူရှုကာ Host Club အတွင်းသို့ လျှောက်ဝင်သွားသည်။

​ကလပ်အတွင်းပိုင်းတွင် မှိန်ဖျော့သော မီးရောင်များက နေရာအနှံ့ လွှမ်းမိုးထားပြီး ချိုအီအီ အရက်နံ့များက လေထုထဲတွင် ပျံ့လွင့်နေသည်။ သာယာငြိမ့်ညောင်းသော ပီယာနိုတီးလုံးသံက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး အတွင်းသို့ ဝင်လာသော ဧည့်သည်တိုင်းမှာ ထိုစိတ်အပန်းပြေစေသည့် ပတ်ဝန်းကျင်တွင် မသိစိတ်ကပင် ယစ်မူးသွားစေကာ ၎င်းနှင့်အတူ ရောယှက်သွားစေသည်။

​သို့သော်လည်း အချိန်မှာ စောနေသေးသဖြင့် ကလပ်အတွင်းတွင် ဧည့်သည် သိပ်မရှိသေးပေ။ ကောင်တာတွင် မှီရပ်ကာ စကားပြောနေကြသော အလုပ်သင် ဝန်ထမ်းအချို့သာ ရှိနေသည်။

​မေ့ကျီ ကလပ်ထဲသို့ ဝင်လာသည်ကို မြင်သည့်အခါ အားလုံး၏ မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လာပြီးနောက် ချက်ချင်းပင် သတိပြန်ဝင်လာကြသည်။

​" ဒီနေ့ အင်တာဗျူးအတွက် လာတာ မလား... "

​" ဟုတ်ပါတယ်... "

​မေ့ကျီက ခေါင်းညိတ်ပြလိုက်သည်။

​" ဒါဆို ငါ့နောက်ကို လိုက်ခဲ့.. အစ်ကိုဟွမ် စောင့်နေတယ်.. "

​ထိုအလုပ်သင် ဝန်ထမ်းက လက်ဝှေ့ယမ်းပြကာ သူ့ကို နောက်ဘက်ရှိ ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။

​ရုံးခန်းအတွင်း၌ ဆံပင်ကို ဂျယ်လ်ဖြင့် သေသေချာချာ ပြင်ဆင်ထားပြီး ခန့်ညားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးမှာ ဆိုဖာပေါ်တွင် ထိုင်နေသည်။

​မေ့ကျီ အခန်းထဲသို့ ဝင်လာသည်ကို မြင်သည်နှင့် ထိုသူ၏ အမူအရာမှာ အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး ဆိုဖာပေါ်မှ ထရပ်လိုက်မိသည်။

​ကလပ်တွင် ဝန်ထမ်းအင်အား လိုအပ်နေသဖြင့် ကိုယ်ရေးမှတ်တမ်းပုံစံများကို စစ်ဆေးနေစဉ် မေ့ကျီ၏ ဓာတ်ပုံကို သူ တွေ့ရှိခဲ့ပြီး ချက်ချင်းပင် သဘောကျသွားခဲ့ခြင်း ဖြစ်သည်။

​ကိုယ်ရေးမှတ်တမ်းပေါ်မှ ဓာတ်ပုံများမှာ ပြုပြင်ထားနိုင်ခြေ ရှိသော်လည်း သူ၏ စပ်စုလိုစိတ်ကို မထိန်းနိုင်ခဲ့ချေ။ အနည်းဆုံးတော့ တစ်ခါလောက် တွေ့ကြည့်မည်ဟူသော စိတ်ကူးဖြင့် စိတ်ပျက်ရမည်ကို ကြိုတင် ပြင်ဆင်ထားပြီးမှ အင်တာဗျူး ခေါ်စာ ပို့ခဲ့ခြင်း ဖြစ်သည်။

​တကယ်တမ်း လူချင်း တွေ့လိုက်ရသည့်အခါ ဓာတ်ပုံထဲကအတိုင်းပင် ချောမောနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

​ဤကလပ်၏ ပိုင်ရှင်အနေဖြင့် သူကိုယ်တိုင်မှာလည်း တစ်ချိန်က နာမည်ကြီး တစ်ဦး ဖြစ်ခဲ့ဖူးသလို ချောမောခန့်ညားသော လူပေါင်းများစွာနှင့် ဆုံတွေ့ခဲ့ဖူးသည်။ သို့သော်လည်း ဤမျှလောက် ထိတ်လန့်ဖွယ်ကောင်းအောင် ချောမောသော သူမျိုးကိုမူ သူ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။

​အထူးသဖြင့် သူ၏ ညာဘက်မျက်လုံးထောင့်မှ မျက်ရည်ခံမှဲ့လေးမှာ နေရာကျလွန်းလှပြီး သူ၏ ချောမောသော မျက်နှာပေါ်တွင် မြင့်မြတ်သော အမျိုးသမီးတစ်ဦးကဲ့သို့ တင့်တယ်မှုနှင့် တိုင်းပြည်ကိုပင် ပြိုလဲစေနိုင်သော ဆွဲဆောင်မှုတို့ကို ပေါင်းစပ်ပေးထားသကဲ့သို့ ရှိလေသည်။

​အမျိုးသားတစ်ယောက်အနေဖြင့်ပင် သူနှင့် မျက်လုံးချင်းဆုံလိုက်သည်နှင့် သူ၏ နှလုံးခုန်သံမှာ အနည်းငယ် မြန်လာသည်။

​အကယ်၍သာ ဤသူသည် အမျိုးသမီးတစ်ဦး ဖြစ်နေပါက မည်သို့များ တောင့်ခံနိုင်ပါမည်နည်း။

​" အစ်ကိုဟွမ်... ကျွန်တော် သူ့ကို ခေါ်လာပြီ.. အစ်ကိုဟွမ်.. "

​ကလပ်မန်နေဂျာက ငေးကြောင်ကြည့်နေသည်ကို မြင်သဖြင့် အလုပ်သင် ဝန်ထမ်းက သူ၏ရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်သည်။

​ဟွမ်ရှန့် သတိပြန်ဝင်လာပြီး အလုပ်သင် ဝန်ထမ်းကို အပြင်သို့ ထွက်သွားရန် လက်ပြလိုက်၏။

​ထိုသူ ထွက်သွားသည်နှင့် သူသည် မေ့ကျီ၏ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုကာ ကျေနပ်စွာဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်နေတော့သည်။

​" အကောင်းဆုံးပဲ.. မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကလည်း ပြီးပြည့်စုံတယ်.. "

​ထိုသို့ပြောပြီးနောက် သူသည် မေ့ကျီကို ထိုင်ရန် အားတက်သရော အမူအရာပြကာ လက်ကို ဆန့်ထုတ်လိုက်သည်။

​" ငါ့နာမည်က ဟွမ်ရှန့်ပါ.. ဒီကလပ်ရဲ့ ပိုင်ရှင်ပေါ့.. ငါ့ရဲ့ ကုတ်နံမည် ကတော့ ဧကရာဇ် ပဲ.. အခြားသူတွေလိုပဲ အကိုဟွမ်လို့ ခေါ်နိုင်သလို မန်နေဂျာလို့လည်း ခေါ်လို့ရတယ်.. "

​မေ့ကျီသည် ဟွမ်ရှန့်၏ ဆန့်ထုတ်ထားသော လက်ကို တစ်ချက် ကြည့်လိုက်ပြီး ခဏတာ တုံ့ဆိုင်းနေသော်လည်း လက်ဆွဲနှုတ်ဆက်ခြင်းကို ပြန်လည် တုံ့ပြန်လိုက်သည်။

​သာမန်လူသားများနှင့် လက်ဆွဲနှုတ်ဆက်ခြင်းကို သူ ရွံရှာသော်လည်း အလုပ်တစ်ခု ရှာတွေ့ရန်နှင့် အရှင်နတ်ဆိုး၏ ဘဏ္ဍာရေး ဖိအားများကို လျှော့ချပေးနိုင်ရန်အတွက် ဤသည်မှာ သည်းခံရမည့် အရာတစ်ခု ဖြစ်သည်။

​" မင်းရဲ့ နာမည်က မေ့ကျီနော်.. ဟုတ်တယ်မလား.. ဒီမှာ ငါတို့တွေ ဘယ်လိုအလုပ်မျိုး လုပ်ကြလဲဆိုတာ မင်း သိထားပြီးသား ဖြစ်မှာပါ.. "

​နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် ဟွမ်ရှန့်က လိုရင်းကို တိုက်ရိုက် မေးလိုက်သည်။

​" သိပါတယ်.. အမျိုးသမီးတွေကို စိတ်ကျေနပ်အောင် လုပ်ပေးရတဲ့ အလုပ်လို့ သိထားပါတယ်.. "

​" အတိအကျပဲ.. ပညာရှင် Host တွေအနေနဲ့ ငါတို့ကလပ်ရဲ့ ဆောင်ပုဒ်ကတော့ ဝန်ဆောင်မှု လမ်းစဉ်ပဲ ဖြစ်တယ်.. လာသမျှ ဧည့်သည်တိုင်းကို အကောင်းဆုံး ဝန်ဆောင်မှု ပေးရမယ်.. သူတို့ကို စိတ်ကျေနပ်စေရမယ်..ပျော်ရွှင်စေရမယ်.. ဒီကို ရောက်လာတဲ့အခါ သူတို့ရဲ့ သောကတွေ အားလုံးကို လုံးဝမေ့သွားစေရမယ်.. "

​" လိုအပ်လာတဲ့အခါမှာတော့ အနစ်နာခံမှု အနည်းငယ်လည်း လိုအပ်လိမ့်မယ်.. "

​ဟွမ်ရှန့်က စိတ်အားထက်သန်စွာ ပြောဆိုရင်း သူ၏ ထက်မြက်သော အကြည့်များဖြင့် မေ့ကျီကို စိုက်ကြည့်နေသည်။

​" ငါတို့အလုပ်ရဲ့ သဘောသဘာဝကို သိရဲ့သားနဲ့ ဘာဖြစ်လို့ host တစ်ယောက် ဖြစ်ချင်ရတာလဲ.. "

​" ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ ပေးတဲ့ လစာက တော်တော်လေး မြင့်နေလို့ပါ .."

​မေ့ကျီက တုံ့ဆိုင်းခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

​သူ ဤမျှအထိ ပွင့်လင်းလိမ့်မည်ဟု ဟွမ်ရှန့် မမျှော်လင့်ထားသဖြင့် ခဏတာ ကြောင်အသွားသည်။

​" မင်း တစ်ခုခု မှားနေပုံရတယ်.. ငါ အွန်လိုင်းမှာ ကြော်ငြာထားတဲ့ လစာက မြင့်ပေမဲ့ hostတစ်ယောက်ရဲ့ ဝင်ငွေက ကိုယ်ပိုင် တန်ဖိုးပေါ်မှာပဲ မူတည်တယ်.. "

​" နာမည်ကြီးတဲ့ host တစ်ယောက်နဲ့ နာမည်မရှိတဲ့ host တစ်ယောက်ရဲ့ လစာက ကွာခြားမှု အရမ်းကြီးတယ်.. "

​" မင်းက မိန်းမတွေကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ရင်.. သူတို့ရဲ့ စိတ်ကို ဖမ်းစားနိုင်ရင်..သူတို့က မင်းအတွက် ငွေသုံးဖို့ ဝန်မလေးဘူးဆိုရင်တော့ မင်း ငွေအများကြီး ရမှာပဲ.. အဲ့လိုမှ မဟုတ်ရင်တော့... "

​" ကျွန်တော် သိပါတယ်.. အမျိုးသမီးတွေကို စိတ်ကျေနပ်အောင် လုပ်ပေးရုံသက်သက် ဆိုရင်တော့ ကျွန်တော် သေချာပေါက် လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်.. "

​မေ့ကျီ၏ မျက်နှာမှာ တည်ငြိမ်နေပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သူ နောက်ပြောင်နေခြင်းလား သို့မဟုတ် အတည်ပြောနေခြင်းလား ဆိုသည်ကို ဟွမ်ရှန့် မခွဲခြားတက်တော့ပေ။

​'ဒီလူက ယုံကြည်မှု ရှိလွန်းတာပဲ..'

​သို့သော်လည်း သူ၏ ရုပ်ရည်နှင့်ဆိုလျှင် ထိုကဲ့သို့ ယုံကြည်မှု ရှိရန်အတွက် အရင်းအနှီး အပြည့်အဝ ရှိနေသည်မှာ အမှန်ပင်။

​" ငါ တစ်ခုလောက် မေးပါရစေ..မင်း ရည်းစား ဘယ်နှစ်ယောက် ထားဖူးလဲ .."

​" တစ်ယောက်မှ မထားဖူးဘူး.. "

​မေ့ကျီက ခေါင်းခါပြလိုက်သည်။

​ဤသည်က ဟွမ်ရှန့် မျှော်လင့်မထားသော အဖြေတစ်ခု ဖြစ်နေသည်။

​'ဒီလောက် ချောတဲ့သူက ငယ်ငယ်ကတည်းက ရည်းစားတစ်ယောက်မှ မရှိဖူးဘူးလား..'

​host တစ်ယောက်အနေဖြင့် အချက်နှစ်ချက်မှာ အရေးကြီးဆုံးနှင့် အခြေခံကျဆုံး ဖြစ်သည်။

​ပထမအချက်မှာ ရုပ်ရည် ဖြစ်သည်။ ချောမောသော မျက်နှာက အမျိုးသမီး ဧည့်သည်များ၏ အာရုံကို ဆွဲဆောင်နိုင်ပြီး သင့်ကို ရွေးချယ်စေလိမ့်မည်။

​ဒုတိယအချက်မှာ အမျိုးသမီးများနှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်း ဖြစ်သည်။ ချောနေရုံနှင့် မလုံလောက်ပေ။ သင်သည် စကားပြော ကောင်းရမည်။ မိန်းကလေးများကို စိတ်ကျေနပ်အောင် ထားတတ်ရမည်ဖြစ်ပြီး သူတို့အတွက် ခံစားချက်ဆိုင်ရာ တန်ဖိုးတစ်ခုကို ပေးနိုင်ရမည် ဖြစ်သည်။

​ရည်းစားတစ်ခါမျှ မရှိဖူးသူတစ်ဦးအဖို့ အမျိုးသမီးများကို မည်သို့ စိတ်ကျေနပ်အောင် ထားရမည်ဆိုသည်ကို နားလည်ရန် များသောအားဖြင့် ခက်ခဲတတ်သည်။

​ဟွမ်ရှန့်သည် မေ့ကျီကို အလုပ်ခန့်ရန် သင့်၊ မသင့် တုံ့ဆိုင်းစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

​မေ့ကျီ၏ ရုပ်ရည်မှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ချောလွန်းနေသဖြင့် မည်သည့် hostကလပ်အတွက်မဆို အခြေခိုင်သော ကြယ်ပွင့်တစ်ခု အမှန်ပင် ဖြစ်နိုင်သည်။

​သူ့ကလပ်တွင် host အများအပြား ရှိသော်လည်း ကလပ်ကို ဦးဆောင်နိုင်မည့် ကြယ်ပွင့် hostတစ်ယောက်သာ လိုအပ်နေခြင်း ဖြစ်ပြီး ထိုကြောင့်ပင် ကလပ်၏ စီးပွားရေးမှာ ပုံမှန်သာ ရှိနေခြင်း ဖြစ်သည်။

​သို့သော် မေ့ကျီက ရည်းစားတစ်ခါမှ မထားဖူးသဖြင့် အမျိုးသမီးများနှင့် မည်သို့ ဆက်ဆံရမည်ကို သိနိုင်ပါမည်လော။

​ထိုအချိန်တွင် အလုပ်သင် ဝန်ထမ်းတစ်ဦးမှာ ထိတ်လန့်တကြား အမူအရာဖြင့် ရုံးခန်းထဲသို့ ပြေးဝင်လာသည်။

​" အစ်ကိုဟွမ်... ဟို ဧည့်သည်က ထပ်ရောက်လာပြန်ပြီ... "

​" သူ ထပ်ရောက်လာပြန်ပြီလား... "

​ဟွမ်ရှန့်မှာ ဒုက္ခရောက်နေသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

​မကြာသေးမီက သူတို့ကလပ်သို့ ဧည့်သည်တစ်ဦး လာရောက်လေ့ရှိသည်။ သူမ၏ ဝတ်စားဆင်ယင်ပုံအရ သူမမှာ ချမ်းသာကြွယ်ဝသူ တစ်ဦး ဖြစ်သည်မှာ သိသာလှ၏။

​သို့သော် သူမမှာ စိတ်ကြီးသူတစ်ဦး ဖြစ်ပြီး အမြဲတမ်း အဓိပ္ပာယ်မရှိသော တောင်းဆိုချက် အမျိုးမျိုးကို ပြုလုပ်လေ့ရှိသည်။ အကယ်၍ သူမ စိတ်တိုင်းမကျပါက ထိုနေရာတွင်ပင် ဒေါသတကြီး သောင်းကျန်းတတ်သည်။

​ကလပ်ရှိ host အားလုံးနီးပါး သူမကို ဝန်ဆောင်မှု ပေးရန် ကြိုးစားခဲ့ဖူးသော်လည်း မည်သူမှ သူမကို စိတ်ကျေနပ်အောင် မလုပ်နိုင်ခဲ့ချေ။

​ဟွမ်ရှန့်သည် မေ့ကျီကို ကြည့်လိုက်ရာ ရုတ်တရက် အကြံတစ်ခု ရသွားသည်။ သူသည် ချက်ချင်းပင် အစီအစဉ်တစ်ခု ဆွဲလိုက်တော့သည်။

​" အကောင်းဆုံးပဲ..ငါတို့ဆီကို ဧည့်သည်တစ်ယောက် အခုပဲ ရောက်လာတယ်.. မင်း စမ်းကြည့်ချင်လား .."

​လူတစ်ယောက်သည် host အလုပ်နှင့် သင့်တော်ခြင်း ရှိ၊ မရှိ သိရှိရန် အကောင်းဆုံးနည်းလမ်းမှာ လက်တွေ့ စမ်းသပ်စစ်ဆေးခြင်းပင် ဖြစ်သည်။

Chapter 160

~

အခန်း ၁၆၀ : အခြားကမ္ဘာတစ်ခုကို ဖြတ်ကျော်ကာ သခင်အား လာရောက်ရှာဖွေခြင်း...

~

​" နင်တို့ မန်နေဂျာကို ထွက်လာခိုင်းလိုက်.. ဒါလား နင်တို့ House of Service က ပြောနေတဲ့ ဝန်ဆောင်မှု လမ်းစဉ်ဆိုတာ.. "

​" ဧည့်သည်တွေကိုတောင် စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ဘဲနဲ့ ဝန်ဆောင်မှုအကြောင်း လာပြောမနေနဲ့.. သောက်အဓိပ္ပာယ်မရှိတာ.. "

​" တကယ်လို့ အခုထိ ငါ့ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်သေးရင်တော့ ဘေးကဆိုင်ကိုပဲ သွားတော့မယ်.. "

​ဆိုင်အတွင်းရှိ ဆိုဖာပေါ်တွင် လူကောင်ထွားထွားနှင့် မိတ်ကပ် တစ်ပိဿာခန့် ဖို့ထားသော အမျိုးသမီးတစ်ဦး ထိုင်နေပြီး သူမ၏ရှေ့တွင် မတ်တပ်ရပ်နေကြသော hostအုပ်စုကို ဆဲဆိုကြိမ်းမောင်းနေသည်။

​သူမ၏ လည်ပင်းတွင် တောက်ပသော ပုလဲရတနာများကို ဆွဲထားပြီး လက်ကောက်ဝတ်တွင်လည်း အပြစ်အနာအဆာကင်းသော မြရတနာ လက်ကောက်များကို ဝတ်ဆင်ထားသည်။ သူမ၏ နားကပ်များမှာပင် ငွေသောင်းနှင့်ချီ တန်ဖိုးရှိသော ကျောက်မျက်နားကပ်များ ဖြစ်ကြသည်။ ရွှေငွေ ရတနာများဖြင့် ဆင်ယင်ထားသော သူမ၏ပုံစံမှာ ချမ်းသာကြွယ်ဝမှုကို အတိုင်းသား ဖော်ပြနေပေ၏။

​သို့သော်လည်း သူမ၏ ဝတ်စားဆင်ယင်မှုမှာ အဖိုးတန်လှသော်လည်း ယခုအချိန်တွင်မူ စျေးထဲမှ ရန်တွေ့နေသော ငါးစိမ်းသည်နှင့် တူနေပြီး သူမ၏ အော်ဟစ်သံများမှာ ကလပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေကာ ဆဲဆိုတိုင်းလည်း တံတွေးမိုးများ ရွာကျနေတော့သည်။

​ထိုအမျိုးသမီး၏ ဒေါသတကြီး မကျေနပ်မှုများအောက်တွင် hostများအားလုံး ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြပြီး စကားတစ်ခွန်းမှ ပြန်မပြောရဲကြချေ။

​အကြောင်းမှာ ထိုအမျိုးသမီးသည် သူတို့ဆိုင်၏ ဖောက်သည်ဟောင်းတစ်ဦးဖြစ်ပြီး ငွေသန်းနှင့်ချီ ချမ်းသာကာ လက်ဖွာသူတစ်ဦးလည်း ဖြစ်သောကြောင့်ပင်။ သူမကို မည်သည့်အခါမျှ စိတ်အနှောင့်အယှက် မဖြစ်စေရန် မန်နေဂျာက အထပ်ထပ်အခါခါ သတိပေးထားခဲ့သည်။

​သူတို့သည် သူမကို သိကျွမ်းရန်နှင့် မျက်နှာသာရရန် ကြိုးစားခဲ့ကြသော်လည်း အားလုံးမှာ အဆုံးတွင် ကျရှုံးခဲ့ရသည်။

​သူမ၏ ပေါင်သုံးရာနီးပါးရှိသော ခန္ဓာကိုယ် တည်ဆောက်ပုံနှင့်ပင် hostအများစုကို နောက်တွန့်သွားစေပြီး တစ်ခါတစ်ရံတွင် သူမ ပြုလုပ်တတ်သော အဓိပ္ပာယ်မရှိသည့် တောင်းဆိုချက်များနှင့် ပေါင်းစပ်လိုက်ပါက မည်သူကပ်ရဲပါမည်နည်း၏

​ဥပမာအားဖြင့် သူမသည် ချိုမြိန်သော မင်းသမီးလေးကဲ့သို့ ပွေ့ချီခြင်းခံရသည့် ခံစားချက်ကို လိုချင်ခြင်း၊ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲတွင် အိပ်စက်လိုခြင်း၊ တစ်နေ့လျှင် ၂၄ နာရီပတ်လုံး သူမကို ချီးမွမ်းစကားများ ပြောနေစေလိုခြင်းနှင့် ထိုချီးမွမ်းစကားများမှာလည်း ထပ်မနေရခြင်း စသည့်အချက်များ ဖြစ်သည်။ အချက်တိုင်းက သာမန်လူတစ်ဦး လုပ်ဆောင်နိုင်သည့် အရာများ မဟုတ်ချေ။

​တစ်ခါက တစ်စုံတစ်ယောက်သည် သူမကို အိပ်ပျော်စေရန် ချော့မြှူခဲ့ဖူးသော်လည်း သူမလှည့်လိုက်သည့်အခါ ထိုသူမှာ ကုတင်ပေါ်တွင် ဖိမိပြီး သေလုနီးပါး ဖြစ်သွားခဲ့ရဖူးသည်။

​သူမ စိတ်တိုင်းမကျဖြစ်သွားသည်နှင့် အလွန်အမင်း ဒေါသထွက်ကာ တိုင်တန်းမှု အမျိုးမျိုး ပြုလုပ်တတ်သဖြင့် သူမမှာ ဆိုင်တွင် ကိုင်တွယ်ရ အခက်ခဲဆုံး ဧည့်သည်တစ်ဦး ဖြစ်နေသည်။

​" အခြေအနေ ဘယ်လိုလဲ..ဘာတွေ ထပ်ဖြစ်ပြန်ပြီလဲ.. "

​ဟွမ်ရှန့်သည် မေ့ကျီကို ခေါ်ဆောင်ကာ ရုံးခန်းနောက်ဘက်မှနေ၍ ခန်းမ၏ ထောင့်တစ်နေရာသို့ တိတ်တဆိတ် လာခဲ့ပြီး hostလူငယ်တစ်ဦးကို ဆွဲခေါ်ကာ အခြေအနေကို စုံစမ်းလိုက်သည်။

​hostလူငယ်က အနားသို့ တိုးကပ်လာကာ တိုးတိုးလေး ပြောပြသည်။

​" အစ်ကိုဟွမ်... အဲ့ဒီဧည့်သည်က ဒီတစ်ခါတော့ ပထမဆုံး အချစ် ခံစားချက်မျိုးကို လိုချင်တယ်လို့ ပြောတယ်.. အားလုံးက တစ်ယောက်ပြီးတစ်ယောက် လုပ်ပေးကြပေမဲ့ သူ စိတ်တိုင်းမကျဘူးဆိုပြီး ဒေါသထွက်နေတာ.. "

​အခြေအနေကို သိရှိပြီးနောက် ဟွမ်ရှန့်က သူ၏ဘေးမှ မေ့ကျီကို လှည့်ကြည့်လိုက်သည်။

​" မင်း ကြားတဲ့အတိုင်းပဲ.. ငါတို့က hostတွေဖြစ်တဲ့အတွက် ထူးဆန်းတဲ့ ဧည့်သည်မျိုးစုံနဲ့ တွေ့ရတတ်တယ်.. ဒါပေမဲ့ ဘယ်လိုဧည့်သည်မျိုးပဲ ဖြစ်ဖြစ် ငါတို့ဆီကို ရောက်လာပြီဆိုရင်တော့ သခင်တစ်ယောက်လို သဘောထားပြီး စိတ်ရင်းနဲ့ ဝန်ဆောင်မှု ပေးရမယ်.. "

​" ဘယ်လိုလဲ.. မင်း သွားပြီး စမ်းကြည့်ရဲလား .."

​" သခင်တစ်ယောက်လို ဝန်ဆောင်မှု ပေးရမယ် ဟုတ်လား... "

​မေ့ကျီက ဟွမ်ရှန့်၏ စကားကို တိုးတိုးလေး လိုက်ဆိုရင်း စဉ်းစားဟန် ပြုလိုက်သည်။ ထို့နောက် ဒေါသထွက်နေသော အမျိုးသမီးရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

​အကယ်၍ သူမကို သခင်တစ်ယောက်လို ဆက်ဆံရမည်ဆိုလျှင် သူမကို နတ်ဆိုးအရှင်ကဲ့သို့ သဘောထားပြီး ဆက်ဆံလိုက်ရုံသာ မဟုတ်ပါလော။

​" မြင့်မြတ်လှတဲ့ သခင်မ... ဘာအကြောင်းကြောင့်များ ဒီလောက်အထိ အမျက်ထွက်နေရတာလဲ .. "

​မေ့ကျီသည် ထိုအမျိုးသမီး၏ အနားသို့ ချဉ်းကပ်သွားပြီး သူ၏လက်ကို ရင်ဘတ်ပေါ်သို့ တင်ကာ အနည်းငယ် ဦးညွှတ်လိုက်ရင်း ယဉ်ကျေးသော လူကြီးလူကောင်းတစ်ဦးကဲ့သို့ နှုတ်ဆက်လိုက်သည်။

​ထိုအမျိုးသမီးသည် ဒေါသထွက်နေသဖြင့် ဆဲဆိုရန် ပြင်လိုက်သော်လည်း မေ့ကျီ ခေါင်းမော့လိုက်သည့် အခါတွင်မူ သူမ ချက်ချင်းပင် မှင်တက်သွားပြီး အကြည့်မလွှဲနိုင်တော့ပေ။

'​ဒီလူက... ဘယ်လောက်တောင် ချောလိုက်တာလဲ...'

​ထိုအချိန်တွင် အမျိုးသမီး၏ ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားသည်။ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ရင်ထဲ၌ သမင်ငယ်တစ်ကောင် ပြေးလွှားနေသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။

​ပထမဆုံး အချစ် ခံစားချက်ဆိုသည်မှာ မိမိနှစ်သက်ရသူကို မြင်လိုက်ရသည့်အခါ ထိန်းချုပ်မရဘဲ ရင်ခုန်သွားရခြင်းကို ဆိုလိုခြင်း မဟုတ်ပါလော။

​'ဒါ ငါ ရှာဖွေနေခဲ့တဲ့ ပထမဆုံး အချစ် ခံစားချက်ပဲ..'

​" မဟုတ်ပါဘူး.. တကယ်တော့ ဘာမှမဟုတ်ပါဘူး.. မမ ခဏလေး စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်သွားလို့ပါ.. တကယ်တော့ မမက ပုံမှန်ဆိုရင် ဒီလိုမျိုး မဟုတ်ပါဘူး ..."

​အမျိုးသမီး၏ မျက်နှာမှာ ရှက်သွေးဖြာကာ နီရဲသွားပြီး သူမ၏ လေသံမှာလည်း အချစ်ဦးနှင့် တွေ့နေရသော မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ နူးညံ့သွားတော့သည်။

​ဘေးနားရှိ အခြားသော hostများမှာ ချက်ချင်းပင် ဆွံ့အသွားကြသည်။

​ဆိုင်တွင် ကိုင်တွယ်ရ အခက်ခဲဆုံးနှင့် တောင်းဆိုမှု အများဆုံးဟု နာမည်ကြီးသော ဤဧည့်သည်က ယခုကဲ့သို့ နူးညံ့သော အမူအရာ ပြုလုပ်သည်ကို သူတို့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

​သူမ၏ အမူအရာမှာ စောစောကနှင့် မိုးနှင့်မြေလို ကွာခြားသွားခဲ့ချေပြီ။

​' သောက်ကျိုးနည်း... ရုပ်နဲ့မလိုက် နူးညံ့ပြနေလိုက်တာ..'

​" သခင်မ... ဒေါသထွက်နေရင် သခင်မရဲ့ အလှတရားကို ပျက်စီးစေပါလိမ့်မယ်.. သခင်မ လုပ်သင့်တာက ပြုံးနေဖို့ပါပဲ.. သခင်မရဲ့ အပြုံးက ကမ္ဘာပေါ်မှာ အလှပဆုံးအရာပါပဲ.. "

​မေ့ကျီက လက်ကို ဆန့်ထုတ်လိုက်ပြီး အမျိုးသမီး၏ မျက်နှာပေါ်မှ ဆံပင်လေးများကို အသာအယာ ဖယ်ရှားပေးလိုက်သည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် နူးညံ့မှုများ ပြည့်နှက်နေပြီး မြှောက်ပင့်လိုသော အရိပ်အယောင် လုံးဝမရှိဘဲ စိတ်ရင်းအတိုင်း ခံစားနေရသကဲ့သို့ ရှိနေချေသည်။

​အမျိုးသမီး၏ နှလုံးခုန်သံမှာ ရုတ်တရက် မြန်လာပြီး ကြောင်အစွာ ငေးကြည့်နေမိသည်။ အဆီများအောက်တွင် ကြာမြင့်စွာ ဖုံးကွယ်နေခဲ့သော သူမ၏ ပါးပြင်များမှာ ပထမဆုံးအကြိမ်အဖြစ် ရှက်ရွံ့မှုကြောင့် နီမြန်းလာသည်။

​သူမသည် ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံရှိပြီး ငယ်စဉ်ကတည်းက လူကောင်ထွားခဲ့သူ ဖြစ်သဖြင့် အလွန်အမင်း စိတ်ထိခိုက်လွယ်ကာ မိမိကိုယ်ကို ယုံကြည်မှု မရှိသူ ဖြစ်သည်။

​ယခင်က hostများစွာမှာ သူမကို ချီးမွမ်းခဲ့ဖူးသော်လည်း သူတို့၏ လေသံနှင့် မျက်လုံးများထဲတွင် ဟန်ဆောင်မှုများ၊ မြှောက်ပင့်မှုများနှင့် အထင်သေးမှုများကိုသာ သူမ မြင်ခဲ့ရသည်။ သူတို့မှာ သူမ၏ ငွေကိုသာ လိုချင်ကြခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

​သို့သော် မေ့ကျီ၏ မျက်လုံးများထဲတွင်မူ ထိုကဲ့သို့သော လိမ်လည်ချီးမွမ်းမှုများကို သူမ လုံးဝ မခံစားရချေ။

​" မမလား... မမက ဘယ်မှာ လှလို့လဲ.. မမက ရုပ်ဆိုးပြီး ဝတုတ်နေတဲ့ မိန်းမတစ်ယောက်ပါ.. "

​အမျိုးသမီးသည် အားငယ်စွာဖြင့် ခေါင်းငုံ့လိုက်ပြီး မေ့ကျီ၏ တောက်ပလွန်းသော အကြည့်များကို ရင်မဆိုင်ရဲပေ။

​" အဲ့လို မပြောပါနဲ့.. သခင်မက ကျွန်တော့်ရဲ့ သခင်မပါ..အခြားသူတွေက ဘယ်လိုပဲ မြင်မြင် ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့ သခင်မက ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးပဲ... "

​" ကျေးဇူးပြုပြီး သတ္တိမွေးပြီး ခေါင်းမော့လိုက်ပါ.. သခင်မရဲ့ အလှတရားတွေကို ဒီလိုမျိုး ဖုံးကွယ်မထားသင့်ပါဘူး .."

​မေ့ကျီသည် အမျိုးသမီး၏ မေးစေ့ကို အသာအယာ ပင့်တင်လိုက်ပြီး သူမကို ပြန်လည် ခေါင်းမော့စေလိုက်သည်။

​အမျိုးသမီးသည် သူ့ကို ငေးကြည့်နေမိပြီး သူမ၏ တုန်လှုပ်နေသော နှလုံးသားမှာ တစ်ဖန် ခံစားချက်များဖြင့် ပြည့်နှက်သွားပြန်သည်။

​ကျွန်တော် မြင်ဖူးသမျှထဲမှာ သခင်မက အလှဆုံးပဲဟူသော လိမ်လည်ချီးမွမ်းစကားများကို ပြောတတ်သူများနှင့် နှိုင်းယှဉ်လျှင် မေ့ကျီ၏ စကားလုံးများက သူမကို ပို၍ စိတ်လှုပ်ရှားစေသည်။

​ဘာကြောင့်မှန်းမသိဘဲ သူ့ကို ပထမဆုံး မြင်လိုက်ရသည့် အချိန်မှစ၍ သူမ၏ ရင်ခုန်သံများအပြင် ဖော်ပြမရနိုင်သော ရင်းနှီးမှုနှင့် သူ့အနားသို့ တိုးကပ်လိုသော ဆန္ဒတစ်ခုကိုလည်း သူမ ခံစားလိုက်ရသည်။

​'ဒါ ဒဏ္ဍာရီထဲက အချစ်စိတ်ရဲ့ တွန်းအားပဲ ဖြစ်ရမယ်...'

​" မင်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ..မင်းကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး .."

အမျိုးသမီးက စိတ်အားထက်သန်စွာ မေးလိုက်သည်။

​မေ့ကျီက အနည်းငယ် ပြုံးလိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ သူ၏ ဘယ်ဘက်လက်ကို ရင်ဘတ်ပေါ်တင်၍ ဦးညွတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် ညာဘက်လက်ကို ဆန့်ထုတ်ကာ ယဉ်ကျေးသိမ်မွေ့စွာဖြင့် မိမိကိုယ်ကို မိတ်ဆက်လိုက်၏။

​" ကျွန်တော့်နာမည်က မေ့ကျီ ပါ.. ကျွန်တော်က သခင်မကို လာရောက်ရှာဖွေဖို့အတွက် ကမ္ဘာလောကတွေကို ဖြတ်ကျော်ပြီး အခုမှပဲ ဒီကို ရောက်လာခဲ့တာ .."

​ဤအပြုအမူများနှင့် မိတ်ဆက်စကားများကြားပြီးနောက် ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် ဘေးပတ်လည်မှ အခြားhostများကို မမြင်တော့ဘဲ မေ့ကျီ တစ်ဦးတည်းသာ ရှိတော့သည်။

​ချောမောသည်၊ နူးညံ့သည်၊ စကားပြော ကောင်းသည်၊ ထို့အပြင် သူမကို ပထမဆုံးအကြိမ်အဖြစ် ရင်ခုန်အောင် လုပ်နိုင်ခဲ့သည် ။

​ဒီအမျိုးသားလေး... တကယ်ကို ပြည့်စုံလွန်းပေ၏။

​အဝေးမှ စောင့်ကြည့်နေသော ဟွမ်ရှန့်မှာ မှင်သက်သွားပြီး သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

​'ဒီကောင်လေး တကယ်ကြီး တစ်ခါမှ ရည်စားမထားဖူးတာ ဟုတ်ရဲ့လား..'

​'သူ့ရဲ့ ချိုသာတဲ့ စကားလုံးတွေက တကယ်ကို အစွမ်းထက်လွန်းတယ်..'

​'အထူးသဖြင့် သခင်မကို လာရှာဖို့ ကမ္ဘာလောကတွေကို ဖြတ်ကျော်လာခဲ့တယ် ဆိုတဲ့ စကားက ငါကြားဖူးသမျှထဲမှာ အထူးခြားဆုံး အချစ်ဖွင့်ဟချက်ပဲ..'

​'သူ့ရဲ့ ပါးစပ်က ထွက်လာတဲ့ ဒီစကားကို ဘယ်မိန်းမမှ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ငါ ယုံတယ်..'

​'ဆုံးဖြတ်လိုက်ပြီ.. ဒီစကားလုံးက နောက်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင် ကြော်ငြာဆောင်ပုဒ် ဖြစ်လာစေရမယ်..'

​'ဒီကောင်လေးက နောက်ဆိုရင် ငါ့ဆိုင်ရဲ့ အဓိက ဆွဲဆောင်မှု ကြယ်ပွင့် ဖြစ်လာမှာ အသေအချာပဲ..'

​" ဟားဟားး... လှပတဲ့ မစ္စဝမ် ခင်ဗျာ.. သူက ကျွန်တော်တို့ဆိုင်ကို အခုမှ ရောက်လာတဲ့သူပါ.. House of Serviceကနေ အဓိက မြှင့်တင်ပေးမယ့် ကြယ်ပွင့်သစ်လေးလည်း ဖြစ်ပါတယ်.. "

​ဟွမ်ရှန့်သည် အခွင့်အရေးကို လက်လွတ်မခံဘဲ ထိုအမျိုးသမီးရှိရာသို့ လျှောက်သွားလိုက်သည်။

​သူ စကားပင် မဆုံးသေးမီမှာပင် အမျိုးသမီးသည် သူမ၏ ကိုယ်ပေါ်မှ ဘဏ်ကတ်တစ်ခုကို ထုတ်ယူကာ သူ့ထံသို့ ကမ်းပေးလိုက်သည်။ ထိုအချိန်အတွင်း သူမသည် သူ့ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ချေ။သူမ၏ အကြည့်ကို မေ့ကျီထံမှ မခွာရက်နိုင်ပေ။

​" ကတ်ကို စိတ်ကြိုက် ဖြတ်လိုက်.. ဒီနေ့တော့ သူနဲ့ ငါ့ကြားမှာ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးစေချင်ဘူး .."

​" ကောင်းပါပြီ ခင်ဗျာ .."

​ဟွမ်ရှန့်သည် ဘဏ်ကတ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး သူ၏ နှုတ်ခမ်းပေါ်မှ အပြုံးကို မထိန်းနိုင်ဖြစ်နေသည်။ သူ မေ့ကျီကို တိတ်တဆိတ် လက်မထောင်ပြလိုက်၏။

​အလုပ်ရသွားပြီ..

All Chapters