← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

Chapter 151

~

အခန်း ၁၅၁ : နင် နည်းနည်းတော့ လွန်သွားပြီ...

~

​" ဝုန်း... "

​တံခါးပွင့်သွားပြီးနောက် နတ်ဆိုးစစ်သူကြီး ရှန့်သည် အမှိုက်တစ်ခုကဲ့သို့ ဧည့်ခန်းထဲသို့ ပစ်ပေါက်ခြင်း ခံလိုက်၏။

​" အား...သေပါပြီ... "

​နတ်ဆိုးစစ်သူကြီး ရှန့်သည် ညည်းတွားရင်း ခွေခွေလေး လဲကျနေရာမှ လင်းဖန်ကို သနားစဖွယ် မော့ကြည့်လိုက်သည်။

​" အရှင်.... သမီးက ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်လေ..ဘယ်လိုဖြစ်လို့ သမီးအပေါ် ဒီလောက်တောင် ကြမ်းတမ်းရတာလဲ.. "

​သူမ စကားဆုံးသည်နှင့် လင်းဖန်၏ ဆိုဒ် ၄၂ အရွယ် ခြေထောက်ကြီးမှာ သူမ၏ ဦးခေါင်းကို နံရံတွင် ကပ်သွားသည်အထိ ဖိနင်းလိုက်သည်။ သူက သူမကို အေးစက်စွာ စိုက်ကြည့်၍ ....

​" ငါ မေ့ကျီကို အဲ့နေရာမှာတင် တစ်ခါတည်း ဆုံးမခိုင်းလိုက်သင့်တယ်... "

​" ...အရှင်... သမီး မှားပါပြီ..... "

​နတ်ဆိုးစစ်သူကြီး ရှန့်သည် နံရံနှင့် ကပ်နေရင်းမှ နှုတ်ခမ်းလေး ဆူကာ အပြစ်ကို ဝန်ခံလိုက်တော့သည်။ ထိုအခါမှ လင်းဖန်သည် သူ၏ ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

​နတ်ဆိုးစစ်သူကြီး ရှန့်သည် ကမန်းကတန်း ပြန်ထကာ သူမ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်မှာ ဧည့်ခန်းထဲတွင် ထိုင်နေသော လုံယွဲ့ထံသို့ ရောက်ရှိသွားပြီး မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

​" အရှင်.. သမီး အမြင်မမှားဘူးဆိုရင် ဒါက ကျိရှန့်ထျန်းကုန်း ရဲ့ ဧကရီ မလား ..."

​" သူ ဘာလို့ ဒီကို ရောက်နေတာလဲ.. သမီးတို့အိမ်ကို အလည်လာတာလား .."

​" ဧကရီက အခု ငါ့ လူဖြစ်သွားပြီ.. ရန်သူ မဟုတ်တော့ဘူး.. အခုကစပြီး နင်တို့အားလုံး သူ့ကို လေးလေးစားစား ဆက်ဆံရမယ်.. "

​လင်းဖန်က လက်အောက်ခံ လေးဦးစလုံး စုံစုံလင်လင် ရှိနေခိုက်တွင် အလေးအနက်ထား၍ တစ်ခါတည်း မှာကြားလိုက်ခြင်း ဖြစ်သည်။

​" မှန်လှပါ.. အရှင်နတ်ဆိုး.. "

​မေ့ကျီနှင့် အခြားသူများက ဦးညွှတ်၍ နာခံကြသော်လည်း နတ်ဆိုးစစ်သူကြီး ရှန့်မှာမူ အံ့သြလွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်နေပေသည်။ ထို့နောက် သူမက လုံယွဲ့ကို ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် စနောက်လိုက်သည်။

​" အို... ဧကရီက အရှင့်ရဲ့ ကြင်ယာတော်ဖြစ်သွားပြီပေါ့.. ဒါ တကယ့်ကို ရှားရှားပါးပါး ဖြစ်ရပ်ပဲ.. "

​" ကြည့်ရတာ သမီးမရှိတဲ့ အချိန်တောအတွင်းမှာ အရှင်နဲ့ ဧကရီတို့ကြား စိတ်ဝင်စားစရာတွေ အများကြီး ဖြစ်ခဲ့ပုံပဲ.. "

​ထိုသို့ပြောရင်း နတ်ဆိုးစစ်သူကြီး ရှန့်က လင်းဖန်၏ အနားသို့ တိုးကပ်သွားကာ သူ၏ လက်မောင်းကို တံတောင်နှင့် အသာတို့၍ နောက်ပြောင်သော အမူအရာဖြင့် မေးလိုက်သည်။

​" အရှင်.. သမီးကို ပြောပြပါဦး.. ဒီလောက် မာနကြီးတဲ့ ဧကရီကို ဘယ်လိုများ အနိုင်ယူလိုက်တာလဲ.. "

​" ကလေးတွေရော ရနေပြီလား.. "

​လင်းဖန် .. " ... "

​လုံယွဲ့ .. " ... "

​" ငါ ပြောပြီးပြီပဲ.. ဒီဧကရီက အနိုင်ယူခံလိုက်ရတာ မဟုတ်ဘူးလို့.. "

​လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲသွားပြီး အားမပါသော်လည်း ပြတ်သားစွာ ပြန်လည် တုံ့ပြန်လိုက်သည်။ လူတိုင်းက သူမကို တွေ့သည်နှင့် နတ်ဆိုးအရှင်၏ အနိုင်ယူခြင်း ခံလိုက်ရသည်ဟုသာ တွေးနေကြသည်မှာ အမှန်ပင် ဒေါသထွက်စရာ ကောင်းလှ၏။ ယခုအခါ သူမ ရှင်းပြရန်ပင် ပျင်းရိလာတော့သည်။

​" နင်တော့ ...စပ်စုတာ နည်းနည်း လွန်နေပြီ.. "

​လင်းဖန်သည် နတ်ဆိုးစစ်သူကြီး ရှန့်၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ညှစ်လိုက်ရာ သူမက နုနယ်သော အသံလေးဖြင့် ချက်ချင်းပင် အသနားခံတော့သည်။

​" အား... အား... နာတယ် အရှင်.. သမီးက အရှင့်ရဲ့ တစ်သက်တာ အရေးကိစ္စကို စိတ်ပူပေးတာပါ.. "

​" သမီးခေါင်း... သမီးခေါင်း ကွဲတော့မယ်.. "

​လင်းဖန်က လက်ကို လွှတ်ပေးလိုက်သည့်အခါ နတ်ဆိုးစစ်သူကြီး ရှန့်သည် ခေါင်းကို ကိုင်ကာ မြေပြင်ပေါ်တွင် ဝမ်းနည်းပက်လက် ထိုင်ချလိုက်သည်။ သူမ၏ မျက်နှာလေးမှာ မကျေမနပ် ဖြစ်နေပုံ ပေါ်နေ၏။

'မမေးစေချင်လည်း မမေးနဲ့ပြောပေါ့.. ဘာလို့ ဒီလောက်အထိ ကြမ်းတမ်းရသလဲ..'

​" ကောင်းပြီ.. လူစုံပြီဆိုတော့ ငါ မင်းတို့ကို မေးစရာ ရှိတယ်.. "

​လင်းဖန်က ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး သူ၏ ရှေ့၌ မတ်တပ်ရပ်နေသော မေ့ကျီနှင့် အခြားသူ လေးဦးကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။

​" မင်းတို့မှာ အခု ကျန်နေတဲ့ ဝိညာဥ်ချီစွမ်းအားက အကြမ်းဖျင်းအားဖြင့် ဘယ်လောက် ရာခိုင်နှုန်းလောက် ရှိသေးလဲ.. "

​မေ့ကျီက မျက်လုံးကို မှိတ်ကာ သူ၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိသော စွမ်းအားကို အာရုံခံကြည့်လိုက်သည်။

​" ၂၀ ရာခိုင်နှုန်းထက် နည်းပါတယ်.. "

​ကျန်ရှိသော လုံယဲ့နှင့် အခြားသူများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။

​" ကျွန်တော်လည်း တူတူပဲ..အလွန်ဆုံး ရှိလှ ၂၀ ရာခိုင်နှုန်းပါပဲ .."

​" ယင်းနွီလည်း အတူတူပဲ.. "

​" သမီးလည်း အတူတူပဲ.. ဒီကမ္ဘာက ဘာဖြစ်နေမှန်း မသိဘူး.. သမီးရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဥ်ချီစွမ်းအားတွေက တဖြည်းဖြည်းနဲ့ ကုန်ခမ်းနေသလိုပဲ.. "

​နတ်ဆိုးစစ်သူကြီး ရှန့်က သူမ၏ လက်ဖဝါးကို ကြည့်ကာ စွမ်းအားများ ဆုံးရှုံးနေရသည်ကို မကျေမနပ် ညည်းတွားလိုက်သည်။

​" အားလုံး ၂၀ ရာခိုင်နှုန်းအောက်ပဲ ရှိကြတာပေါ့ .."

​မေ့ကျီနှင့် အခြားသူများ၏ တင်ပြချက်ကို ကြားပြီးနောက် လင်းဖန်သည် မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်သည်။

​ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး အင်မော်တယ် နတ်ဆိုးတိုက်ကြီး သို့ သွားမည့် လမ်းကြောင်းကို ဖွင့်ရန်အတွက် ကြီးမားသော ဝိညာဥ်ချီစွမ်းအား လိုအပ်ပေသည်။ သူနှင့် လုံယွဲ့တို့၏ တိုက်ပွဲအထွတ်အထိပ်သို့ ရောက်နေချိန်တွင်သာ ထိုသို့ ဖောက်ထွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏ ကျင့်ကြံခြင်း စွမ်းအားမှာ ၃၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး ဧကရီမှာမူ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။

​မေ့ကျီနှင့် အခြားသူများမှာ အကောင်းဆုံး အခြေအနေတွင်ပင် ဧကရီကို ယှဥ်နိုင်မည် မဟုတ်ပေ။ ယခုကဲ့သို့ ၂၀ ရာခိုင်နှုန်းစီသာ ကျန်ရှိသော အခြေအနေတွင်မူ သူတို့အားလုံး အင်အားစုပေါင်းလျှင်ပင် ဟင်းလင်းပြင်ကို ဖောက်ထွင်းနိုင်လိမ့်မည် မဟုတ်ဘဲ အဖိုးတန်သော ဝိညာဥ်ချီစွမ်းအားများကိုသာ အချည်းနှီး ဖြုန်းတီးပစ်ရာ ရောက်ပေလိမ့်မည်။

​မေ့ကျီသည် လင်းဖန် စိုးရိမ်နေသည်ကို သိသဖြင့် သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် ကျောက်စိမ်းပုလင်းငယ်လေးများစွာ ပေါ်လာသည်။

​" အရှင်... ကျွန်တော့်ဆီမှာ စိတ်ဝိညာဥ်ရည် နည်းနည်း ပါပါသေးတယ်..အကုန်လုံးကို သုံးလိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်း စွမ်းအားကို ၅၀ ရာခိုင်နှုန်းလောက်အထိ ပြန်ရောက်အောင် လုပ်နိုင်ပါတယ်.. "

​" ကျွန်တော့်ဆီမှာလည်း ကျန်ပါသေးတယ်.. "

​" သမီးမှာလည်း ကျင့်ကြံခြင်း စွမ်းအားကို အချိန်ခဏ မြှင့်တင်နိုင်တဲ့ နည်းလမ်း ရှိပါတယ် .."

​လုံယဲ့နှင့် အခြားသူများကလည်း အသီးသီး ပြောဆိုကြသည်။ လိုအပ်လာပါက သူတို့၏ စွမ်းအား ထက်ဝက်နီးပါးကို အချိန်မရွေး ပြန်လည် ပြည့်ဝလာအောင် လုပ်နိုင်ကြ၏။

​လင်းဖန်သည် သူ၏ရှေ့ရှိ စိတ်ဝိညာဥ်ရည်များကို ကြည့်ကာ ခေါင်းကို ခါလိုက်သည်။

​" မလောပါနဲ့ဦး.. ပြန်ဖို့ဆိုတာက ရေရှည်စီမံကိန်းပဲ.. အခုလောလောဆယ်တော့ ဒါတွေကို သိမ်းထားကြ.. မလိုအပ်ဘဲနဲ့ လုံးဝ မသုံးကြနဲ့.. "

​ယခု အခြေအနေတွင် မေ့ကျီနှင့် အခြားသူများ စွမ်းအား ထက်ဝက်ခန့် ပြန်ပြည့်လာလျှင်ပင် သူနှင့် ပူးပေါင်း၍ ဟင်းလင်းပြင်ကို ဖောက်ထွင်းရန် ခက်ခဲဦးမည် ဖြစ်သည်။ ကျင့်ကြံခြင်း စွမ်းအား ပြန်လည် ပြည့်ဝလာရန်အတွက် အဓိက သော့ချက်မှာ သူတို့ လေးဦး မဟုတ်ဘဲ လုံယွဲ့သာ ဖြစ်သည်။ အကယ်၍ လုံယွဲ့၏ စွမ်းအားများ ပြန်မပြည့်လာပါက မေ့ကျီတို့၏ စွမ်းအားများ အပြည့်အဝ ရှိနေလျှင်ပင် အရာထင်လိမ့်မည် မဟုတ်ဘဲ အဖိုးတန်သော စိတ်ဂိညာဥ်ရည်များကိုသာ ဖြုန်းတီးပစ်ရာ ရောက်ပေမည်။

​ပြဿနာမှာ သူတို့ ယူဆောင်လာသော စိတ်ဝိညာဥ်ရည်မှာ နတ်ဆိုးစွမ်းအားမှ သန့်စင်ထားသော နတ်ဆိုးအဆီအနှစ် များ ဖြစ်နေခြင်းပင်။ ဤသည်က သာမန်စိတ်ဝိညာဥ်ရည် သို့မဟုတ် အင်မော်တယ်အဆီအနှစ် မဟုတ်သဖြင့် လုံယွဲ့အနေဖြင့် အသုံးမပြုနိုင်ပေ။ မဟုတ်လျှင် သူ၏ သိုလှောင်လက်စွပ်ထဲရှိ စိတ်ဝိညာဥ်ရည်များကို သူမအား ပေးသုံးပြီးသား ဖြစ်ပေလိမ့်မည်။

​ထို့အပြင် ဟင်းလင်းပြင် အက်ကြောင်းလေးတစ်ခုကို ဖောက်ထွင်းနိုင်ခဲ့လျှင်ပင် ပန်ထျန်းလက်နက် မရှိဘဲနှင့် အင်မော်တယ် နတ်ဆိုးတိုက်ကြီး၏ တည်နေရာကို အတိအကျ ရှာဖွေနိုင်မည် မဟုတ်ချေ။ ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ဥမင်ထဲသို့ ဝင်လိုက်သည်နှင့် ဘယ်နေရာသို့ ရောက်သွားမည်ကို မည်သူမျှ မသိနိုင်။ မည်သို့ပင်ဆို​စေကာမူ ယခုအချိန်သည် ဟင်းလင်းပြင်ကို ဖောက်ထွင်းရန် ကြိုးစားသင့်သည့် အချိန်မဟုတ်သေးပေ။

​" မှန်လှပါ... အရှင့်ရဲ့ အမိန့်အတိုင်း နာခံပါ့မယ်.. "

​မေ့ကျီသည် လက်ကို ဝှေ့ယမ်းကာ စားပွဲပေါ်မှ စိတ်ဝိညာဥ်ရည်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထိုအခါ လုံယဲ့က မေးလိုက်သည်။

​" ဒါဆိုရင် နောက်ထပ် ဘာဆက်လုပ်ကြမလဲ နတ်ဆိုးအရှင်.. "

​ထိုစကားကြောင့် မေ့ကျီနှင့် အခြားသူများမှာလည်း လင်းဖန်ကို ဝိုင်းကြည့်လိုက်ကြသည်။ သူတို့ လာခဲ့ရသည့် ရည်ရွယ်ချက်မှာ နတ်ဆိုးအရှင်ကို ရှာရန်သာ ဖြစ်သည်။ ယခု ရှာတွေ့ခဲ့ပြီဖြစ်သော်လည်း ပြန်၍ မရသေးသဖြင့် သူတို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။

​" လွတ်လွတ်လပ်လပ် နေကြရင်ရော... ဘယ်လိုလဲ.. "

​နတ်ဆိုးစစ်သူကြီး ရှန့်က မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းလေးများဖြင့် အကြံပြုလိုက်၏။ လင်းဖန်သည် ဘာမှမပြောဘဲ သူမ၏ ရှေ့သို့ လျှောက်သွားကာ လက်သီးဖြင့် သူမ၏ ခေါင်းကို အသာထုလိုက်သည်။

​သူမအနေဖြင့် အင်တာနက်ကဖေးသို့ ပြေးပြီး ဂိမ်းပြန်ဆော့ရန် ကြံစည်နေသည်မှာ သိသာလှချေသည်။

​" အား... နာတယ်... "

​နတ်ဆိုးစစ်သူကြီး ရှန့်သည် ခေါင်းကို ကိုင်ကာ နာကျင်စွာဖြင့် ထိုင်ချလိုက်၏။ လင်းဖန်သည် ကျန်ရှိသော မေ့ကျီနှင့် အခြားသူများကို ကြည့်ကာ ညွှန်ကြားလိုက်လေသည်။

​" အခုလောလောဆယ်တော့ မင်းတို့ ဒီမှာပဲ နေကြ..တစ်ခုခု လိုအပ်ရင် ငါ့ကို ပြော.. လူတွေ သတိမထားမိအောင် အပြင်ကို အကြောင်းမရှိဘဲ မထွက်ကြနဲ့.. "

​ယခုအချိန်တွင် နတ်ဆိုးမြို့တော်အတွင်း၌ 'ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ကောင်ချောလေး' 'ခေါင်မိုးပေါ်ကနေ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ လူမည်းကြီး' နှင့် 'ညဘက် အဝေးပြေးလမ်းမပေါ်တွင် ကားကိုဝင်တိုက် သွားသော လျှို့ဝှက်ဆန်းကြယ်သည့် လူ' စသည့် ကောလာဟလများ ပျံ့နှံ့နေလေပြီ။

​မေ့ကျီနှင့် အခြားသူများ အပြင်သို့ ထွက်ကာ နောက်ထပ် သတင်းကြီးများ ဖြစ်အောင် လုပ်မည်ကို သူ တကယ်ပင် စိုးရိမ်နေမိသည်။ ယခုတင် မြို့ပြဒဏ္ဍာရီများက လုံလောက်နေပြီဖြစ်ရာ နောက်ထပ် တိုးမလာချင်တော့ပေ။ အကယ်၍ ထပ်တိုးလာပါက လူသားများအနေဖြင့် သဘာဝလွန် ဖြစ်ရပ်များကို အမှန်တကယ် ယုံကြည်သွားကြပေလိမ့်မည်။

Chapter 152

~

အခန်း ၁၅၂ : ကျွန်တော်တို့က သခင်လေးရဲ့ သစ္စာရှိ အစေခံတွေပါ

~

​" လင်းဖန်က ဒီရက်ပိုင်းမှာလည်း တစ်ခုခုနဲ့ အလုပ်ရှုပ်နေပြန်ပြီ ထင်တယ်.. အမြဲတမ်း အိမ်မှာ မရှိဘူး.. "

​စင်္ကြံလမ်းတစ်လျှောက်တွင် ကျိုးယန်သည် သူ၏နောက်မှ လိုက်လာသော လုကျိုက်ကို လှည့်မကြည့်ဘဲ လှေကားထစ်များပေါ်သို့ တက်ရင်း ညည်းတွားလိုက်သည်။

​လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ လင်းဖန်ထံသို့ စာပို့သည့်အခါတိုင်း ပြန်လာသော အဖြေများမှာ အလုပ်ရှုပ်နေသည်၊ အချိန်မရှိသေးပါ၊ လာမရှာပါနှင့် ဟူ၍သာ ဖြစ်၏။

​သူ လုံးဝ နားမလည်နိုင်ပေ။ အိမ်မှာနေပြီး ဝတ္ထုရေးနေသည့်၊ အပြင်အလုပ်သွားစရာ မလိုသည့် လူတစ်ယောက်က ဘာများ ဤမျှလောက်အထိ အလုပ်ရှုပ်နေနိုင်မည်နည်း။

​ကမ္ဘာကြီးကို ကယ်တင်ဖို့ရန် အလုပ်ရှုပ်နေသည်များလော။

​ယနေ့တော့ ဘာတွေဖြစ်နေသလဲဆိုသည်ကို သူ အရောက်သွားကြည့်ရန် ဆုံးဖြတ်ထားသည်။

​" ဒေါက်... ဒေါက်... ဒေါက်... "

​ကျိုးယန် တံခါးဝသို့ ရောက်ရှိသွားပြီး ခေါက်လိုက်သည်။

​" ဂျောက်... "

​တံခါးပွင့်သွားသည့်အခါ ပေါင်မုန့်ရှစ်လုံး ဝမ်းဗိုက်ကြွက်သားကြီးများနှင့် အကျီဗလာဖြစ်နေသော လုံယဲ့သည် ကျိုးယန်နှင့် လုကျိုက်တို့၏ ရှေ့တွင် ပေါ်လာတော့သည်။

​" ဘယ်သူ့ကို ရှာတာလဲ... "

​" ... "

​လုံယဲ့၏ သန်မာလှသော ကြွက်သားကြီးများနှင့် ခန္ဓာကိုယ်အနှံ့ရှိ နဂါးတက်တူးများကို ကြည့်ပြီး ကျိုးယန်နှင့် လုကျိုက်တို့မှာ တံတွေးကို ခိုးမြိုချလိုက်မိကာ ထိုနေရာတွင်ပင် ကြောင်အသွားကြသည်။

​'နေပါဦး... ငါတို့ ခေါက်လိုက်တာ လင်းဖန်ရဲ့ တံခါး မဟုတ်လား.. ဒီလူက ဘယ်သူလဲ..'

​'သူ့ကြွက်သားတွေက ဖုထစ်နေတာပဲ ကြည့်ရတာ လူဆိုးဂိုဏ်း ခေါင်းဆောင်နဲ့ တူတယ်..'

​'သူ့လက်တစ်ဖက်တည်းနဲ့တင် ငါတို့ခေါင်းတွေကို ရိုက်ခွဲပစ်နိုင်သလို ခံစားနေရတယ်..'

​" ဟို... ဟိုလေ... အားနာပါတယ်ဗျ... ကျွန်တော်တို့ အိမ်မှားသွားတယ် ထင်တယ်... "

​ကျိုးယန်က ရှက်ဟန်ဖြင့် ရယ်မောလိုက်ပြီး အမြန်ပင် ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။ ထို့နောက် လုကျိုက်ကို ဆွဲကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

​လမ်းတစ်ဝက်ရောက်မှ သူ ရပ်လိုက်ပြီး လှေကားထစ်တွင် ရေးထားသော အထပ်နံပါတ်ကို ပြန်ကြည့်လိုက်၏။

​" မဟုတ်ဘူး... ခြောက်ထပ်ပဲ.. "

​ကျိုးယန်က မျက်မှောင်ကြုတ်၍ ပါးပြင်ကို ကုတ်ကာ ဇဝေဇဝါ ဖြစ်သွားသည်။

​သူသည် လင်းဖန်၏ အိမ်ကို သူ၏ကိုယ်ပိုင်အိမ်ကဲ့သို့ ရင်းနှီးပြီးသားဖြစ်ရာ မျက်စိမှိတ်သွားလျှင်ပင် ရောက်နိုင်သဖြင့် မှားစရာ အကြောင်းမရှိချေ။

​ကျိုးယန်သည် တံခါးကို ပြန်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော တံခါးဟောင်းမှာ မရှိတော့ဘဲ တံခါးအသစ်တစ်ခုနှင့် အစားထိုးထားသည်ကို တွေ့လိုက်ရသည်။

​ဤသည်က သူ့ကို ဝေခွဲမရ ဖြစ်သွားစေသည်။

​'အထပ်လည်း မမှားဘူး..တည်နေရာလည်း မမှားဘူး..ဒါပေမဲ့ တံခါးကတော့ မတူဘူး..'

​'ဒါ လင်းဖန်ရဲ့ အိမ် ဟုတ်ရော ဟုတ်ရဲ့လား..'

​ကျိုးယန်က လုကျိုက်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ လုကျိုက်က ပတ်ဝန်းကျင်ကို သေချာစွာ စူးစမ်းကြည့်ပြီးနောက် ခေါင်းကို အလေးအနက် ညိတ်ပြလိုက်သည်။

​" မှန်တယ်ဟ.. ဒါ လင်းဖန်ရဲ့ အိမ်ပဲ ဖြစ်ရမယ်.. "

​ထိုသို့ဆိုလျှင် တံခါးဖွင့်ပေးသူက မည်သူနည်း။

​ကျိုးယန်နှင့် လုကျိုက်တို့မှာ သံသယများဖြင့် တံခါးဝသို့ ဂရုတစိုက် ပြန်လျှောက်သွားကာ ထပ်မံ ခေါက်လိုက်ကြပြန်သည်။

​" ဒေါက်... ဒေါက်... ဒေါက် "

​တံခါး ပြန်ပွင့်လာ၏။ ယခုတစ်ကြိမ်တွင်မူ မေ့ကျီက တံခါးဖွင့်ပေးခြင်း ဖြစ်သည်။

​မေ့ကျီ၏ ယုံကြည်နိုင်လောက်အောင် ချောမောလှပသော ရုပ်ရည်ကို မြင်လိုက်ရသည့်အခါ ကျိုးယန်နှင့် လုကျိုက်တို့မှာ ထပ်မံ၍ လန့်သွားကြပြန်သည်။

​'ဒီလူက ဘယ်သူလဲ..သောက်ကျိုးနည်းအောင် ချောလိုက်တာ..'

​" မင်း... မင်းက... သတင်းတွေထဲမှာ ပါနေတဲ့ အဲ့ဒီ... ကမ္ဘာ့အချောဆုံးလူ မှတ်လား..'

​သေချာကြည့်ပြီးနောက် ကျိုးယန်က ရုတ်တရက် သတိထားမိသွားပြီး သူ၏ရှေ့မှ မေ့ကျီကို မှတ်မိသွားသည်။

​လွန်ခဲ့သောတစ်ခေါက်က ဖုန်းထဲမှ သတင်းများတွင် သူ၏ ဓာတ်ပုံကို မြင်ဖူးခဲ့ပြီး အပြင်လူမှာ ဓာတ်ပုံထဲကအတိုင်း ထပ်တူပင် ဖြစ်သည်။

​" မင်းတို့က ဘယ်သူလဲ .."

​မေ့ကျီက မျက်မှောင်ကြုတ်ကာ​ အေးစက်စက် မေးလိုက်သည်။

​ကျိုးယန်နှင့် လုကျိုက်တို့ ပြန်မဖြေရသေးခင်မှာပင် အိမ်ထဲမှ လင်းဖန်၏ အသံ ထွက်ပေါ်လာသည်။

​" သူတို့က ငါ့သူငယ်ချင်းတွေပဲ..ဝင်ခိုင်းလိုက်ပါ.. "

​" နတ်... သခင်လေးရဲ့ သူငယ်ချင်းတွေလား.. "

​မေ့ကျီ၏ အမူအရာမှာ အံ့သြသွားသော အမူအရာသို့ ပြောင်းလဲသွားပြီးနောက် ချက်ချင်းပင် ရိုသေလေးစားသော အမူအရာ ပြုလုပ်လိုက်သည်။ သူ ဘေးသို့ ဖယ်ပေးကာ ဦးညွှတ်၍ ကြိုဆိုလိုက်၏။

​" ကျွန်တော့်ရဲ့ မယဉ်ကျေးမှုကို ခွင့်လွှတ်ပါ.. သခင်လေးရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့အတွက်ကြောင့် ကျေးဇူးပြုပြီး အထဲကို ကြွပါ.. "

​ဤရုတ်တရက် ပြောင်းလဲသွားသော ရိုသေမှုနှင့် ကြိုဆိုမှုတို့မှာ ကျိုးယန်နှင့် လုကျိုက်တို့ကို ကြောင်အသွားစေသည်။

​'အမူအရာ ပြောင်းလဲတာကလည်း မြန်လွန်းမနေဘူးလား..'

​'ပြီးတော့ သခင်လေးဆိုတာက ဘာကို ဆိုလိုတာလဲ..'

'​ငါတို့ မလာတာ ရက်နည်းနည်းပဲ ရှိသေးတယ်... ဘာလို့ အရာအားလုံးက ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ..'

​ကျိုးယန်နှင့် လုကျိုက်တို့သည် အိမ်ထဲသို့ ဝင်လာကြသည့်အခါ အရင် တွေ့ခဲ့သော လုံယဲ့သည် ဆိုဖာကို လက်တစ်ဖက်တည်းဖြင့် မကာ လေ့ကျင့်ခန်း လုပ်နေသည်ကို ချက်ချင်း မြင်လိုက်ရသည်။

​ဆိုဖာပေါ်တွင်မူ အသားဖြူဖြူ နုနုနယ်နယ် မိန်းကလေးတစ်ဦးသည် ရေဖန်ခွက်ကို ကိုင်ကာ ငေးငေးလေး ထိုင်နေလေ၏။

​တံခါးဝတွင် ရပ်နေရင်းမှပင် အိပ်ခန်းအတွင်းမှ ကီးဘုတ်နှင့် မောက်စ်တို့ကို ဒေါသတကြီး နှိပ်နေသော အသံများကိုလည်း သူတို့ အတိုင်းသား ကြားနေရသည်။

​လင်းဖန်နှင့် လုံယွဲ့တို့မှာ ဧည့်ခန်းထဲတွင် ထိုင်နေကြသဖြင့် အိပ်ခန်းထဲမှ လူမှာ သူတို့ သိသောသူ မဟုတ်သည်မှာ သေချာလှပေ၏။

​ကျိုးယန်က စပ်စုလိုစိတ်ဖြင့် အိပ်ခန်းထဲသို့ ခေါင်းပြူကြည့်လိုက်ရာ ကွန်ပျူတာစားပွဲတွင် ထိုင်ကာ ဂိမ်းကို အသည်းအသန် ကစားနေသော ချစ်စရာ ကောင်မလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ ခြေတံတိုလေးများမှာ ကြမ်းပြင်ကိုပင် မထိချေ။သို့သော် သူမ၏ ဂိမ်းကစားပုံမှာမူ အလွန်ပင် ချောမွေ့နေကာ ပရိုဆန်လှသည်။

​" လင်းဖန်... သူတို့က ဘယ်သူတွေလဲ.. "

​ကျိုးယန်နှင့် လုကျိုက်တို့က နားမလည်နိုင်စွာဖြင့် လင်းဖန်ကို လှည့်မေးလိုက်ကြသည်။

​" ကျွန်တော်တို့က သခင်လေးရဲ့ သစ္စာရှိ အစေခံတွေပါ... "

​လင်းဖန်က ကျိုးယန်နှင့် လုကျိုက်ကို ဘယ်လို အကြောင်းပြချက်မျိုးပေးပြီး လိမ်ရမလဲဟု စဉ်းစားနေစဉ်မှာပင် မေ့ကျီက အရှေ့သို့ လှမ်းတက်လိုက်ကာ လက်ကို ရင်ဘတ်ပေါ် တင်၍ ရိုသေစွာ ဖြေလိုက်သည်။

​" သစ္စာရှိ... အစေခံတွေ... ဟုတ်လား.. "

​ထိုစကားကို ကြားသည့်အခါ ကျိုးယန်နှင့် လုကျိုက်တို့မှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားကြပြီး အတည်ပြုချက် ရယူရန် လင်းဖန်ကို စိုက်ကြည့်လိုက်ကြသည်။

​" ဟုတ်တယ်... အဲ့ဒီအတိုင်းပဲ... "

​ဤအခြေအနေသို့ ရောက်မှတော့ လင်းဖန်လည်း မေ့ကျီ၏ စကားအတိုင်း လိုက်ပြောပြီး ဝန်ခံလိုက်ရတော့သည်။

​သူ စကားဆုံးသည်နှင့် ကျိုးယန်နှင့် လုကျိုက်တို့က သူ့ကို သံသယ အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

​ဤလိမ်လည်မှုမှာ အခြားသူများကို လှည့်ဖြားနိုင်သော်လည်း သူတို့ကိုတော့ လှည့်ဖြားနိုင်မည် မဟုတ်။

​ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြသော သူငယ်ချင်းအရင်းခေါက်ခေါက်များ ဖြစ်ကြရာ သူ ဘာအရောင် အတွင်းခံ ဝတ်ထားသည်ကိုပင် သူတို့ သိကြပေသည်။

'​မင်း ငယ်ငယ်ကတည်းက မိဘမဲ့ တစ်ယောက်လေ..အစေခံတွေက ဘယ်ကနေ ရောက်လာမှာလဲ..'

​" ဒီတစ်ယောက်ကရော... "

​ကျိုးယန်က အိပ်ခန်းထဲတွင် ဂိမ်းထဲ၌ အာရုံနစ်ဝင်နေသော နတ်ဆိုးစစ်သူကြီး ရှန့်ကို ညွှန်ပြကာ မေးလိုက်သည်။

​'အခြား သုံးယောက်က ထားပါတော့.. အလယ်တန်း မပြီးလောက်သေးတဲ့ ကလေးကရော အစေခံ ဖြစ်နေတာလား..'

'​အစေခံက သခင်ဖြစ်သူရဲ့ အိမ်မှာ ထိုင်ပြီး ဂိမ်းဆော့လို့ ရသလား..'

​" အော်... အဲ့ဒါက အမျိုးထဲက ကလေးတစ်ယောက်ပါ.. "

​လင်းဖန်က အကြောင်းပြချက်တစ်ခုကို အလွယ်တကူ လုပ်ကြံပြောဆိုလိုက်သည်။

​ထိုအခါ ကျိုးယန်နှင့် လုကျိုက်တို့က မျက်မှောင်ကြုတ်ပြီး မကျေမနပ်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

'​နေပါဦး... မင်းက မိဘမဲ့လေ..မင်းနဲ့ အနီးစပ်ဆုံး လူတွေက ငါတို့ ညီအစ်ကိုတွေပဲ ရှိတာ.. အမျိုးတွေ ဘယ်ကနေ ပေါ်လာတာလဲ..'

​'ခဏလေး..'

​'မိဘမဲ့..'

​မိဘမဲ့ဆိုသည်ကို တွေးလိုက်မိသည်နှင့် ကျိုးယန်၏ မျက်ဝန်းများမှာ ရုတ်တရက် တုန်လှုပ်သွားသည်။

​မိဘမဲ့ဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံသမိုင်းကြောင်း ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

​" လင်းဖန်... ဒါဆိုရင် မင်းက... "

​" ဘာဖြစ်လို့လဲ... "

​လင်းဖန်က မေးလိုက်ပြီး သူ၏ စိတ်ထဲတွင်လည်း စိုးရိမ်မှုများ မြင့်တက်လာသည်။

​'ဒီကောင် ကျိုးယန်က ငါ့ရဲ့ တကယ့် အထောက်အထားကို သိသွားတာများလား..'

​'တကယ်လို့ အဲ့ဒီလိုသာ ဆိုရင်တော့ ငါ မှတ်ဉာဏ် ဖျက်ပစ်ခြင်းအစွမ်းကို သုံးရတော့မယ် ထင်တယ်..'

​လင်းဖန်နှင့် လုံယွဲ့တို့၏ စိုးရိမ်တကြီး စောင့်ကြည့်နေမှုအောက်တွင် ကျိုးယန်က လက်ကို မြှောက်ကာ လင်းဖန်ကို ညွှန်ပြလျက် အလေးအနက် ခန့်မှန်းလိုက်သည်။

​" လင်းဖန်... မင်းရဲ့ တကယ့် အထောက်အထားက တကယ်တော့ အင်အားကြီးတဲ့ မာဖီးယား ဂိုဏ်းချုပ်ကြီးရဲ့ သား မလား .."

​တစ်နှစ်လောက် ပျောက်ကွယ်သွားပြီးနောက် သူ၏ စရိုက်နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံတို့မှာ ရုတ်တရက် ကြီးမားစွာ ပြောင်းလဲသွားသည်။ ပထမဆုံးအနေဖြင့် အလွန်လှပသော မိန်းကလေးတစ်ဦး သူ၏ ဘေးနားတွင် ပေါ်လာသည်။ ထို့နောက် အစေခံအချို့က သူ့ကို သခင်လေးဟု ရိုသေစွာ ခေါ်၍ အလုပ်အကျွေး ပြုနေကြသည်။

​သူတို့ထဲမှ တစ်ယောက်မှာ ကြောက်စရာကောင်းသော နဂါးတက်တူးများ ရှိနေပြီး သူ၏ အငွေ့အသက်အရ အစေခံနှင့် လုံးဝမတူဘဲ ကျွမ်းကျင်သော သက်တော်စောင့် သို့မဟုတ် လူသတ်သမားတစ်ဦးနှင့် ပိုတူနေ၏။

'​ လင်းဖန် ပျောက်ကွယ်သွားတဲ့ တစ်နှစ်အတွင်းမှာ သူက မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်း ခံခဲ့ရတာ မဟုတ်ဘဲ သူ့ရဲ့ ဂိုဏ်းချုပ်အဖေကြီးက သူ့ကို ပြန်ရှာတွေ့သွားပြီး ဂိုဏ်းရဲ့ သခင်လေး ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တာပဲ ဖြစ်ရမယ်..'

​'သူ့အဖေက သူ့ကို မိသားစု စီးပွားရေး လုပ်ငန်းတွေကို ဆက်ခံစေချင်ပေမယ့် သူက မလုပ်ချင်တဲ့အတွက် သူ့ရဲ့ မိန်းမနဲ့အတူ မိသားစုဆီကနေ ထွက်ပြေးလာပြီး ဒီမှာ အထောက်အထား ဖျောက်ပြီး ပုန်းနေတာပဲ..'

​'အခုတော့ အဲ့ဒီ အစေခံဆိုတဲ့ လူတွေက သူ့ကို မိသားစုဆီ ပြန်ခေါ်ဖို့နဲ့ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံဖို့အတွက် လာရှာကြတာ..'

​'မှန်တယ်... ဒီအကြောင်းပြချက်က တကယ်ကို ယုတ္တိရှိတယ် ..တော်လိုက်တဲ့ ငါလေး...'

​" သတိထားဦး... ငါတို့ နိုင်ငံမှာ ဂိုဏ်းတွေက တရားမဝင်ဘူးလေ.. "

​လင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည် တုံ့ပြန်လိုက်ရာ သူ၏ ရင်ထဲမှ အပူလုံးကြီးမှာလည်း ကျဆင်းသွားတော့သည်။

​ကံကောင်းထောက်မစွာဖြင့် ကျိုးယန်က သူ့ကို ဂိုဏ်းသခင်လေးတစ်ယောက်ဟုသာ ထင်မှတ်နေပြီး နတ်ဆိုးအရှင် ဖြစ်နေသည်ကိုတော့ သံသယ မဝင်သေးချေ။

'​မိဘမဲ့ တစ်ယောက်ကနေ ဂိုဏ်းသခင်လေး ဖြစ်သွားတယ်ဆိုတော့ ဒီကောင်က မြို့ပြ ဝတ္ထုတွေ အများကြီး ဖတ်ထားတာများလား..'

All Chapters