အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
Chapter 153
~
အခန်း ၁၅၃ : အေးအေးဆေးဆေး နေချင်သော နတ်ဆိုးအရှင်
~
" အရှင်... ကျွန်တော့်အနေနဲ့ ဒီကမ္ဘာအကြောင်း ပိုပြီး သိချင်ပါတယ်.. အပြင်ထွက်ပြီး စူးစမ်းလေ့လာခွင့် ပြုပါ.. "
" နတ်ဆိုးအရှင်... ကျွန်တော်လည်း အပြင်ထွက်ချင်ပါတယ်.. လေ့ကျင့်ခန်း မလုပ်ရတာ ကြာပြီဆိုတော့ လက်တွေက ယားနေပြီ.. "
" သမီးကတော့ အပြင်မထွက်ချင်ဘူး..ဒါပေမဲ့ ဖုန်းတစ်လုံး လိုချင်တယ်..ကွန်ပျူတာတစ်လုံး လိုချင်တယ်..နတ်ဆိုးအရှင်... သမီးကို ဝယ်ပေးပါနော် .."
ဧည့်ခန်းအတွင်း၌ ယင်းနွီသည် ကြက်တူရွေးလေးကို ပိုက်ကာ ငြိမ်သက်စွာ ထိုင်နေသော်လည်း ကျန်ရှိသော မေ့ကျီနှင့် အခြားသူများမှာမူ လင်းဖန်၏ ဘေးတွင် ဝိုင်းအုံကာ သူတို့၏ လိုလားချက်များကို အပြိုင်အဆိုင် တောင်းဆိုနေကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လင်းဖန်သည် သူတို့ကို အိမ်ထဲ၌သာ ပိတ်ထားခဲ့၏။ အစပိုင်းတွင် အဆင်ပြေသော်လည်း ယခုအခါတွင်မူ သူတို့အားလုံး ပေါက်ကွဲလုနီးပါး ဖြစ်နေကြလေပြီ ။
နတ်ဆိုးစစ်သူကြီး ရှန့်မှာမူ ကြမ်းပြင်ပေါ်သို့ လှဲချကာ နဂါးပူးသလို ဟိုလိမ့်ဒီလိမ့် လုပ်ရင်း သူမအတွက် ဖုန်းနှင့် ကွန်ပျူတာ ဝယ်ပေးရန် အသည်းအသန် ပူဆာနေလေသည်။
သူ့ရှေ့မှ လူလေးယောက်ကို ကြည့်ရင်း လင်းဖန်သည် ရုတ်တရက် ခေါင်းကိုက်လာ၏။
နေ့စဉ်နေ့တိုင်း ဤလူလေးယောက်မှာ ဘာအလုပ်မှ မရှိဘဲ တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံကြခြင်း သို့မဟုတ် သူ၏ နားထဲတွင် နတ်ဆိုးအရှင် ဟု အမြဲတစေ အော်ဟစ်နေကြခြင်းတို့ကြောင့် သူ အေးအေးဆေးဆေး အလုပ်လုပ်ရန်ပင် မဖြစ်နိုင်တော့ပေ။
ကလေး မရသေးသော်လည်း ယခုအခါတွင်မူ အဖေတစ်ဦးကဲ့သို့ ခံစားနေရချေပြီ။
" မေ့ကျီ... ငါ့ဆီမှာ ဒီကမ္ဘာအကြောင်း ရေးထားတဲ့ စာအုပ်တွေ ရှိတယ်.. ခဏနေရင် မင်းအတွက် သွားယူပေးမယ်.. "
" လုံယဲ့... မင်း လေ့ကျင့်ခန်း လုပ်ချင်တယ် မလား..ခဏနေရင် ငါ အွန်လိုင်းကနေ အားကစား ပစ္စည်းတချို့ မှာပေးမယ်.. အိမ်မှာတင် လေ့ကျင့်လို့ ရတယ် .."
" နတ်ဆိုးစစ်သူကြီး ရှန့်... ခဏနေရင် နင့်အတွက် ဖုန်းနဲ့ ကွန်ပျူတာကို တစ်ခါတည်း ဝယ်ပေးမယ်.. အခုလောလောဆယ် ဂိမ်းကစားချင်ရင် ငါ့ကွန်ပျူတာကို သုံးလို့ ရတယ် .."
" ယင်းနွီ... အော်... နင်ကတော့ အဆင်ပြေပါတယ်.. အဲ့ဒီအတိုင်းပဲ ဆက်ပြီး ငေးနေလိုက်ပါ.. "
လင်းဖန်သည် မေ့ကျီနှင့် အခြားသူများကို အမည်တပ်ကာ တစ်ဦးချင်းစီ ပြန်လည် ဖြေကြားလိုက်သည်။
" အရှင့်ရဲ့ ကရုဏာတော်ကို ကျေးဇူးတင်ပါတယ် နတ်ဆိုးအရှင်.. "
မေ့ကျီက လက်ကို ရင်ဘတ်ပေါ်တင်ကာ ကျေးဇူးတင်ကြောင်း ဦးညွှတ်ပြလိုက်သည်။
" အရှင်က ဒီလို ပြောမှတော့ ကျွန်တော် နောက်ထပ် ရက်နည်းနည်းလောက် ထပ်ပြီး သည်းခံလိုက်ပါ့မယ်... "
လုံယဲ့က ခေါင်းကို ကုတ်ကာ လင်းဖန်၏ စီစဉ်မှုကို လက်ခံလိုက်သည်။
နတ်ဆိုးစစ်သူကြီး ရှန့်မှာမူ ပျော်ရွှင်စွာဖြင့် လင်းဖန်၏ ခြေထောက်ကို ဖက်ကာ သူမ၏ ပါးပြင်ဖြင့် ပွတ်သပ်နေလေသည်။
" နတ်ဆိုးအရှင်က တကယ်ကို အကြင်နာဆုံးပဲ.. အချောဆုံးပဲ..ဒီ ရှန့် မြင်ဖူးသမျှထဲမှာ ဉာဏ်အရှိဆုံးနဲ့ အစွမ်းအထက်ဆုံး နတ်ဆိုးအရှင်ပဲ .."
" သမီးကတော့ ဒီဘဝမှာ အရှင့်နောက်ကို သေသည်အထိ လိုက်ပါ့မယ်.. အရှင့်အတွက်ဆိုရင် ဓားတောင်ကို ကျော်ရကျော်ရ မီးပင်လယ်ကိုဖြတ်ရဖြတ်ရ.. "
ထိုသို့ ပြောပြီးနောက် သူမ ခဏတာ ရပ်တန့်သွားပြီးမှ ရုတ်တရက် အလေးအနက် ပြန်ပြောလိုက်သည်။
" အော်... ဒါနဲ့ နတ်ဆိုးအရှင် သမီးက အိုင်ဖုန်း နဲ့ Alienware ကွန်ပျူတာကိုမှ အမြင့်ဆုံး ပစ္စည်းတွေ သုံးထားတာမျိုး လိုချင်တာနော်.. "
လင်းဖန် ... " ... "
လင်းဖန်သည် သူ၏ ခြေရင်းမှ နတ်ဆိုးစစ်သူကြီး ရှန့်ကို စိုက်ကြည့်လိုက်ပြီး ကန်ထုတ်ပစ်ချင်သည့် စိတ်များ ရုတ်တရက် ပေါက်လာသည်။
သူမ ဤနေရာသို့ ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း အိုင်ဖုန်းနှင့် Alienware ကွန်ပျူတာအကြောင်းကို သိနေပြီ ဖြစ်၏။
ထို့အပြင် စျေးအကြီးဆုံး အမျိုးအစားကိုမှ လိုချင်နေပေသည်။
သူကိုယ်တိုင်ဖြစ်သော ဂုဏ်သရေရှိ နတ်ဆိုးအရှင်ပင်လျှင် ယွမ်နှစ်ထောင်ကျော်တန် ဖုန်းကိုသာ သုံးနေရချိန်တွင် သူမက ထိုသို့ တောင်းဆိုရဲသည်လော။
" ယွမ်တစ်ထောင်တန် ဖုန်းနဲ့ တစ်ထောင်တန် ကွန်ပျူတာပဲ ရမယ်.. ယူချင်ယူ.. မယူချင်နေ .."
" ဟမ်..တစ်ထောင်တန် ဖုန်းနဲ့ ကွန်ပျူတာက ဘာလုပ်လို့ ရမှာလဲ.. "
ထိုစကားကို ကြားသည်နှင့် နတ်ဆိုးစစ်သူကြီး ရှန့်၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် ညှိုးငယ်သွားပြီး ကြမ်းပြင်ပေါ် တွင် နဂါးပူး၍ ဂျီကျပြန်သည်။
အင်တာနက်ကဖေးတွင် ရှိနေစဉ်က သူမသည် ကွန်ပျူတာများအကြောင်းကို အတော်အတန် နားလည်ခဲ့သည်။ ငွေတစ်ထောင်တန် ကွန်ပျူတာဆိုသည်မှာ ရိုးရှင်းသော ဝက်ဘ်ဂိမ်းများကိုသာ ကစားနိုင်ပေလိမ့်မည်။
" နတ်ဆိုးအရှင်က ဘက်လိုက်တယ်..အရှင်မကျတော့ အကောင်းဆုံးတွေ ပေးပြီး သမီးကျတော့ တစ်ထောင်တန် ပဲ ပေးတယ်ပေါ့..သမီး မလိုချင်ဘူး.. "
" နတ်ဆိုးအရှင်က သမီးကို မချစ်တော့ဘူးလား... "
ထိုသို့ပြောရင်း နတ်ဆိုးစစ်သူကြီး ရှန့်သည် လင်းဖန်၏ ခြေထောက်ကို ဖက်ကာ သနားစဖွယ် မျက်ဝန်းလေးများဖြင့် လင်းဖန်ကို မော့ကြည့်လိုက်သည်။
လင်းဖန်၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူစိမ်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင် အေးစက်လှသည်။
" ဆောရီးပဲ.. တစ်ခါမှ မချစ်ခဲ့ဖူးဘူး.. "
" နတ်ဆိုးအရှင်... ဒီလို စကားမျိုးကို ချက်ချင်းကြီး ပြောလိုက်တာက တော်တော်လေးကို လွန်သွားပြီ.. အဲ့ဒီလို စကားလုံးတွေက ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို နာကျင်စေတယ်ဆိုတာ အရှင် သိရဲ့လား.. "
နတ်ဆိုးစစ်သူကြီး ရှန့်သည် မတ်တပ်ရပ်ကာ မကျေမနပ်ဖြင့် သူ့ကို ငြင်းခုံလိုက်သည်။
" ဟားဟားဟား... အသက်တစ်ထောင်ကျော်နေတဲ့ ကလေးလား... "
လင်းဖန်က နှာခေါင်းရှုံ့လိုက်ပြီး ရယ်လိုက်မိသည်။
နတ်ဆိုးစစ်သူကြီး ရှန့်သည် အသက် ဆယ့်လေး ဆယ့်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် တူသော်လည်း ဤအခန်းထဲရှိ လူခြောက်ယောက်အနက် အသက်အကြီးဆုံးမှာ သူမပင်။
ယနေ့တိုင်အောင် မည်သူမျှ သူမ၏ အသက်အတိအကျကို မသိကြပေ။ သိရှိထားသည်မှာ သူမသည် ရှေးဟောင်း ဂိုဏ်းကြီးများမှ ဘိုးဘွားကြီးများနှင့် အသက်အရွယ် တူညီသည်ဟူ၍သာ ဖြစ်သည်။ သူမကို အသက်တစ်ထောင်ကျော်ဟု ပြောခြင်းမှာ လျှော့ပြောထားခြင်း ဖြစ်ပေလိမ့်မည်။
" ဟီးဟီး ..."
နတ်ဆိုးစစ်သူကြီး ရှန့်က ရှက် ရယ်လိုက်ပြီးနောက် သူမ၏ လက်မောင်းများကို ဆန့်ထုတ်ကာ ခန္ဓာကိုယ်ကို ပြသလိုက်သည်။ ထို့နောက် သေးငယ်လှသော သူမ၏ ရင်ဘတ်ကို ကော့ကာ ဂုဏ်ယူစွာ ပြောလိုက်၏။
" အဲ့ဒါက ဘာဖြစ်လဲ.. သမီးက အမြဲတမ်း နုပျိုနေတာပဲလေ.. ထာဝရ ချစ်စရာကောင်းတဲ့ တစ်ဆယ့်လေးနှစ်သမီးလေးပဲ.. "
" ဒီလောက် ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် ဝမ်းနည်းပူဆွေးနေတာကို နတ်ဆိုးအရှင်က တကယ်ပဲ ကြည့်ရက်လို့လား.. "
ထိုသို့ပြောရင်း နတ်ဆိုးစစ်သူကြီး ရှန့်သည် သူမ၏ မျက်နှာကို လက်တစ်ဖက်ဖြင့် တစ်ဝက်ခန့် ဖုံးကာ ငိုတော့မည့်အလား ဟန်ဆောင်လိုက်သည်။
" အင်း... ကြည့်ရက်တယ်... "
လင်းဖန်က စိတ်လှုပ်ရှားမှု မရှိဘဲ ပြန်လည် ဖြေကြားလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
ထိုသည်ကို မြင်သည့်အခါ နတ်ဆိုးစစ်သူကြီး ရှန့်သည် အမြန်ပင် ပြေးဝင်ကာ သူ၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်ပြီး ဇွဲမလျှော့ဘဲ ဂျီကျပြန်တော့သည်။
" နတ်ဆိုးအရှင်လို့... သမီး အရှင့်ဆီက ဘာမှ မတောင်းဆိုဖူးပါဘူး.. ဒီတစ်ခါတော့ ဖုန်းနဲ့ ကွန်ပျူတာလေးကို နည်းနည်းလေး ပိုကောင်းတာလေးပဲ လိုချင်တာပါ .."
လင်းဖန်သည် သက်ပြင်းတစ်ချက်ကို စိတ်ပျက်လက်ပျက် ချလိုက်မိ၏။ သူမ၏ နားမရပ်မနား ပြောဆိုနေမှုနှင့် ဂျီကျနေမှုများကို သူ ထပ်မံ မခံစားနိုင်တော့ပေ။ သူ ခြေလှမ်းများကို ရပ်တန့်ကာ ခေါင်းကို လှည့်လိုက်သည်။
" အမြင့်ဆုံး အမျိုးအစား ဖုန်း ဒါမှမဟုတ် အမြင့်ဆုံး အမျိုးအစား ကွန်ပျူတာ.. တစ်ခုပဲ ရွေး .."
" အင်း... "
နတ်ဆိုးစစ်သူကြီး ရှန့် အလေးအနက် စဥ်းစားလိုက်သည်။ ထို့နောက် သေချာစွာ စဉ်းစားပြီးသည့်အခါ သူမ၏ မျက်ဝန်းများမှာ ပြတ်သားသွားပြီး ပြောလိုက်သည်။
" ဒါဆိုရင် သမီးက အမြင့်ဆုံး အမျိုးအစား ကွန်ပျူတာကိုပဲ ယူမယ် .."
" ကောင်းပြီ .."
လင်းဖန်က သဘောတူလိုက်သည်။
တစ်ဖက်တွင်မူ နတ်ဆိုးစစ်သူကြီး ရှန့် သူ့ကို ထပ်မံ မနှောင့်ယှက်စေချင်တော့ဘဲ အခြားတစ်ဖက်တွင်လည်း သူမကို ဆုလာဘ် တစ်ခုခု ပေးချင်မိသည်။ မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးစစ်သူကြီး ရှန့်သည် သူ့နောက်သို့ နှစ်ပေါင်း ရာနှင့်ချီ၍ လိုက်ပါခဲ့ပြီး ဘာမှ မတောင်းဆိုခဲ့ဖူးချေ။ ယခုတစ်ကြိမ်တွင်မူ သူမသည် ဟင်းလင်းပြင်ကိုပင် ဖြတ်ကျော်ကာ သူ့ကို လာရှာခဲ့သဖြင့် သူမ၏ ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးလိုက်ခြင်းမှာ ပြဿနာ မရှိပေ။
" နတ်ဆိုးအရှင်က တကယ်ကို သဘောကောင်းတာပဲ ..."
နတ်ဆိုးစစ်သူကြီး ရှန့်၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး အိပ်ခန်းထဲသို့ ပြေးဝင်သွားတော့သည်။ သူမက ကွန်ပျူတာရှေ့တွင် ထိုင်ကာ ကျွမ်းကျင်စွာပင် စက်ကို ဖွင့်လိုက်ပြီး သူမ၏ ဂိမ်းအကောင့်ထဲသို့ ဝင်လိုက်၏။
" ဟေး... ဂိမ်းပြန်ကစားလို့ ရပြီကွ ..."
လင်းဖန်နှင့် လုံယွဲ့တို့သည် ဘေးတွင် ရပ်နေကြသည်။ တစ်ခါတစ်ရံတွင် ဧည့်ခန်းထဲ၌ ပရိဘောဂ အမျိုးမျိုးကို အားကစား ပစ္စည်းများသဖွယ် အသုံးပြုနေသော လုံယဲ့ကို ကြည့်လိုက်၊ တစ်ခါတစ်ရံတွင် ကွန်ပျူတာ စားပွဲ၌ ထိုင်နေသော နတ်ဆိုးစစ်သူကြီး ရှန့်ကို ကြည့်လိုက်နှင့် သူတို့နှစ်ဦးစလုံးမှာ စိတ်ပျက်အားငယ်မှုနှင့်အတူ ခေါင်းကိုက်လာကြသည်။
" ဟင်း..အိမ်ထဲမှာ ရုတ်တရက်ကြီး စည်ကားသွားတာပဲ ..."
လုံယွဲ့က သက်ပြင်းချပြီး ပြောလိုက်သည်။
" ဟုတ်ပါ့.. ငါတို့အတွက် သီးသန့် အချိန်တောင် မရှိတော့ဘူး... "
လင်းဖန်က စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
မေ့ကျီနှင့် အခြားသူများ ရောက်မလာခင်က ဤအိမ်လေးမှာ သူတို့နှစ်ဦးတည်း၏ ကမ္ဘာလေး ဖြစ်ခဲ့ပြီး နေ့စဉ်နေ့တိုင်း အတူတူ ရှိခဲ့ကြသည်။ သို့သော် ယခု သူတို့ ရောက်လာသည့်အခါတွင်မူ သူတို့နှစ်ဦးအတွက် သီးသန့် အချိန်နှင့် နေရာများ ဆုံးရှုံးသွားရုံသာမက နီးနီးကပ်ကပ် နေထိုင်ရန်ပင် ခက်ခဲလာတော့သည်။
'သူတို့ကို အပြင်ထုတ်ပစ်ဖို့ အကြောင်းပြချက် တစ်ခုခု ရှာရမလား ...'
သို့သော်လည်း သူ သူတို့၏ ဘေးတွင် မရှိပါက အပြင်ဘက်တွင် ထိုလေးယောက်မှာ တစ်စုံတစ်ခုသော ပြဿနာကို ဖြစ်ပေါ်စေမည်ကို သူ စိုးရိမ်နေမိသည်။
အပြင်မှာ ပြဿနာ မတက်စေဘဲ သူတို့ကို အပြင်ထုတ်နိုင်မယ့် နည်းလမ်း ရှိမည်လော။
လင်းဖန်သည် စဥ်းစားနေရင်း သတိမထားမိဘဲ ဝရန်တာသို့ ရောက်သွားကာ အပေါ်သို့ မော့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင် ဝရန်တာနှင့် အနီးနားရှိ အခြားသော အိမ်များကို မြင်လိုက်ရသည်။ ထိုအခါ သူ၏ စိတ်ထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
ဤအိမ်မှာ လူခြောက်ယောက် နေထိုင်ရန်အတွက် အလွန် သေးငယ်ပြီး ဆူညံလွန်းလှ၏။ ထို့ကြောင့် သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ထိုလေးယောက်ကို အခြား အိမ်တစ်လုံးသို့ ပြောင်းရွှေ့ပေးရန်သာ ဖြစ်သည်။
ဤရပ်ကွက်အတွင်း၌ အားလပ်နေသော အခန်းများစွာ ရှိနေသေး၏။ သူတို့အတွက် အနီးနားရှိ အခန်းတစ်ခန်းကို ငှားပေးလိုက်ရုံသာ ဖြစ်သည်။ ဤနည်းဖြင့် သူတို့ အပြင်ဘက်တွင် ပြဿနာ ရှာမည်ကို စိုးရိမ်စရာ မလိုတော့သလို သူနှင့်လည်း အလွန် ဝေးကွာနေမည် မဟုတ်ပေ။
Chapter 154
~
အခန်း ၁၅၄ : အိမ်ငှားခြင်း
~
" အခုကစပြီး ဒီအိမ်က မင်းတို့နေဖို့ပဲ .."
လင်းဖန်က အခန်းတံခါးကို ဖွင့်လိုက်ပြီး သူ၏နောက်မှ လိုက်လာသော မေ့ကျီနှင့် အခြားသူများကို လှည့်ပြောလိုက်သည်။
သူ၏အိမ်ကို ယခင်ကထက် ပိုမိုတိတ်ဆိတ်စေရန်နှင့် လုံယွဲ့နှင့်အတူ သီးသန့်အချိန်များ ရရှိစေရန်အတွက် သေချာစွာ စဉ်းစားပြီးနောက် မေ့ကျီအပါအဝင် လေးယောက်စလုံးအတွက် သီးခြားအိမ်တစ်လုံး ငှားပေးရန် သူ ဆုံးဖြတ်ခဲ့၏။ ဤသည်အတွက် ငွေအမြောက်အမြား အကုန်အကျခံခဲ့ရပေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ဘေးအိမ်မှ အိမ်နီးချင်းဖြစ်သူမှာ သူ၏အိမ်ကို တစ်လလျှင် ငွေခြောက်ထောင်ဖြင့် ငှားရမ်းနေခဲ့သည်။ ထိုအိမ်တွင် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်း ပါဝင်သဖြင့် သူတို့လေးယောက် နေထိုင်ရန် အတော်ပင် အဆင်ပြေပေသည်။
" ဒါက အရှင် သမီးတို့အတွက် ရှာပေးထားတဲ့ အိမ်ပေါ့ .."
နတ်ဆိုးစစ်သူကြီး ရှန့်သည် လင်းဖန်၏ ဘေးမှနေ၍ အိမ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားပြီး ပတ်ဝန်းကျင်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ရှုလိုက်သည်။ ထို့နောက် သူမသည် အိပ်ခန်းနှစ်ခန်းလုံးကို သီးခြားစီ ကြည့်ရှုစစ်ဆေးပြီးနောက် ပို၍ကျယ်ဝန်းသော အိပ်ခန်းမကြီး ကို ပြတ်သားစွာ ရွေးချယ်လိုက်၏။
" ဒါဆိုရင် ဒီအခန်းက ငါ့အခန်းပဲ... "
ထိုသို့ပြောပြီး သူမသည် မွေ့ရာပေါ်သို့ စိတ်လှုပ်ရှားစွာဖြင့် ခုန်တက်လိုက်ပြီး လူးလိမ့် နေတော့သည်။
" အခန်းက နှစ်ခန်းပဲ ရှိတာ.. ဒီအခန်းမှာ နင် နေလို့ရပေမယ့် ယင်းနွီနဲ့ အတူတူ နေရမှာ .."
လင်းဖန်က အခန်းထဲသို့ လျှောက်ဝင်လာပြီး အိပ်ရာပေါ်တွင် လှဲနေသော နတ်ဆိုးစစ်သူကြီး ရှန့်ကို ပြောလိုက်သည်။
" အမ်... ယင်းနွီနဲ့ အတူတူ နေရမှာလား.. "
ထိုစကားကို ကြားသည်နှင့် နတ်ဆိုးစစ်သူကြီး ရှန့်၏ မျက်နှာလေးမှာ ချက်ချင်းပင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူမသည် သနားစဖွယ် အမူအရာဖြင့် မျက်ဝန်းလေးများကို ဝိုင်းစက်အောင် ပြုလုပ်လိုက်သည်။
" အရှင်င်င်င်...... သမီးက မိန်းကလေးတစ်ယောက်လေ.. ညဘက်ဆိုရင် သီးသန့် နေချင်တာပေါ့.. သမီး တစ်ယောက်တည်း အခန်းတစ်ခန်း မရနိုင်ဘူးလား.. "
" မရဘူး .."
လင်းဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ အေးစက်စွာ ငြင်းဆိုလိုက်ပြီးနောက် သူ၏နောက်မှ မေ့ကျီနှင့် လုံယဲ့တို့ကို ညွှန်ပြလိုက်သည်။
" အကယ်၍ နင်က ယင်းနွီနဲ့ အတူမနေချင်ဘူးဆိုရင်တော့ မေ့ကျီ ဒါမှမဟုတ် လုံယဲ့တို့နဲ့ တစ်ခန်းတည်း အတူအိပ်ပေါ့.. နင် ကြိုက်ရာရွေး.. "
နတ်ဆိုးစစ်သူကြီး ရှန့် .. " ... "
နတ်ဆိုးစစ်သူကြီး ရှန့်သည် မျက်မှောင်ကြုတ်၍ မေ့ကျီနှင့် လုံယဲ့တို့ကို မလိုလားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
တစ်ယောက်က စည်းကမ်းတွေ အရမ်းများပြီး လူကြီးလုပ်ချင်နေသည့်သူ ဖြစ်ကာ နောက်တစ်ယောက်သည်တော့ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းမှလွဲ၍ ဘာမှမသိသော ကြွက်သားတုံးကြီး ဖြစ်သည်။ ယင်းနွီနှင့် နေရသည်ကမှ ပို၍ တော်ဦးမည်၊။အနည်းဆုံးတော့ ယင်းနွီက အနိုင်ကျင့်ရလွယ်သည် မဟုတ်ပါလော။
" ဒါဆိုလည်း ယင်းနွီနဲ့ပဲ တစ်ခန်းတည်း နေပါ့မယ်... "
နတ်ဆိုးစစ်သူကြီး ရှန့်သည် သူမ၏ ကံကြမ္မာကို မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။ ထို့နောက် သူမက ယင်းနွီဘက်သို့ လှည့်ကာ အခန်းထဲရှိ တစ်ခုတည်းသော စားပွဲကို ညွှန်ပြပြီး အစ်မကြီး လေသံဖြင့် ...
" ယင်းနွီ.. ဒီစားပွဲက ငါ့စားပွဲပဲ..အရှင် ဝယ်ပေးမယ့် ကွန်ပျူတာကို ဒီပေါ်မှာ တင်မှာ .."
" ဒါက ငါ့ရဲ့ ဂိမ်းကစားမယ့် စားပွဲနော်.. နင် ငါ့ဆီကနေ လာလုလို့ မရဘူး.. "
" အင်း .."
ယင်းနွီက အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြလိုက်သည်။
လင်းဖန်က အနိုင်ကျင့်တတ်သော နတ်ဆိုးစစ်သူကြီး ရှန့်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်မိ၏။
သူမသည် ယင်းနွီက စကားပြောရလွယ်ကူသောကြောင့်သာ ဤကဲ့သို့ အနိုင်ကျင့်ရဲခြင်း ဖြစ်ပေလိမ့်မည်။
" အရှင်... ကျွန်တော်တို့အတွက် သီးသန့် ငှားပေးတာက တကယ်ပဲ အဆင်ပြေရဲ့လား .."
မေ့ကျီသည် အိမ်အတွင်းပိုင်းကို လှည့်ပတ်ကြည့်ရှုရင်း သူ၏ မျက်နှာတွင် ကျေးဇူးတင်မှုနှင့် အားနာမှုတို့ဖြင့် ပြည့်နှက်နေသည်။
ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက လက်အောက်ခံများ ဖြစ်ကြသည့် သူတို့သည် နတ်ဆိုးအရှင်အတွက် အသုံးမဝင်ရုံသာမက အမြဲတမ်း ပြဿနာများသာ ပေးခဲ့ကြသည်။
ယခုအခါ နတ်ဆိုးအရှင်သည် သူတို့လေးယောက်ကို ဧည့်ခန်းထဲတွင် ပြည့်ကျပ်စွာ နေထိုင်ပြီး ကြမ်းပြင်ပေါ်၌ အိပ်နေသည်ကို မကြည့်ရက်သဖြင့် ငွေအကုန်အကျခံကာ အိမ်အသစ်တစ်လုံးကို သီးသန့် ရှာဖွေပေးခဲ့၏။
ဤအိမ်သည် နတ်ဆိုးအရှင် နေထိုင်သော အိမ်ထက်ပင် ပို၍ ကျယ်ဝန်းနေလေသည်။
နတ်ဆိုးအရှင်သည် သူကိုယ်တိုင် သေးငယ်သော အခန်းထဲတွင် နေထိုင်ရန် ဝန်မလေးသော်လည်း သူတို့အတွက်မူ အခန်းကြီးကို သီးသန့် ပေးအပ်ခဲ့သည်။ ဤကမ္ဘာပေါ်ရှိ မည်သည့် ဘုရင်ကမှ ဤမျှအထိ မြင့်မြတ်သော နှလုံးသားမျိုး ရှိလိမ့်မည်မထင်။
" အရှင်.. အရှင့်ရဲ့ကြင်ယာတော် နဲ့အတူ ဒီအိမ်ကို ပြောင်းနေပါလား.. ကျွန်တော်တို့ လက်အောက်ခံတွေပဲ ဟိုအိမ်အသေးလေးမှာ နေပါ့မယ်.. "
" မလိုပါဘူး..ငါက အဲ့ဒီမှာ နေရတာ ကျင့်သားရနေပြီ.. ဒီအိမ်က မင်းတို့ လေးယောက်အတွက်ပဲ.. "
" ငါ ပိုက်ဆံ ပေးပြီးသွားပြီ.. မင်းတို့ အိမ်ကို သေချာ သန့်ရှင်းရေးလုပ်ပြီး ပြောင်းနေလိုက်ကြတော့ .."
လင်းဖန်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
သူတို့ စကားပြောနေစဉ် လုံယဲ့သည် ဧည့်ခန်းထဲသို့ တစ်ယောက်တည်း လျှောက်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စားပွဲပေါ်တွင် တင်ထားသော လက်ညှစ်အား စမ်းသပ်သည့် ကိရိယာ တစ်ခုကို ကောက်ကိုင်လိုက်သည်။
" အရှင်... ဒါက ဘာလဲ ..."
လုံယဲ့က နားမလည်ဟန်ဖြင့် လင်းဖန်ကို လှည့်မေးလိုက်သည်။
" အဲ့ဒါက လက်ညှစ်အားကို စမ်းသပ်တဲ့ ကိရိယာပဲ.. အိမ်ရှင် မေ့ကျန်ခဲ့တာ ဖြစ်ရမယ်..မင်း အဲ့ဒါကို မပျက်... စီး..ဂျောက်.... "
လင်းဖန် စကားမဆုံးသေးခင်မှာပင် ဂျောက် ခနဲ အသံနှင့်အတူ လက်ညှစ်ကိရိယာမှာ လုံယဲ့၏ လက်ထဲ၌ ကြေမွသွားတော့သည်။
သူ၏လက်ထဲ၌ ကျန်ရှိနေသော အပိုင်းအစများကို ကြည့်ရင်း လုံယဲ့သည် လင်းဖန်ကို ရှက်ရွံ့ဟန်ဖြင့် မော့ကြည့်လိုက်သည်။
" နတ်ဆိုးအရှင်... ကျွန်တော် တောင်းပန်ပါတယ်.. ဒီပစ္စည်းက ဒီလောက်အထိ အားနည်းပြီး ပျက်စီးလွယ်လိမ့်မယ်လို့ မထင်ထားမိလို့ပါ.. "
လက်ညှစ်အား စမ်းသပ်သည့် ပစ္စည်းဟု ကြားလိုက်ရသဖြင့် သူ စိတ်ဝင်စားသွားပြီး အားနည်းနည်း စိုက်လိုက်မိ၏။ ဤမျှလောက်သော အားဖြင့်ပင် အလွယ်တကူ ကြေမွသွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
" ထားလိုက်ပါတော့..လက်ညှစ်ကိရိယာ တစ်ခုပဲလေ..နောက်မှ နောက်တစ်ခု ပြန်ဝယ်ပေးလိုက်မယ်..ပြဿနာ မရှိဘူး .."
လုံယဲ့ တမင်တကာ လုပ်ခြင်း မဟုတ်သည်ကို လင်းဖန် သိသဖြင့် ဘာမှ ထပ်မပြောတော့ဘဲ လိုအပ်သည်ကိုသာ မှာကြားလိုက်သည်။
" ဒါပေမဲ့ မှတ်ထားရမှာက ဒီအိမ်က ငှားထားတာ ဖြစ်တဲ့အတွက် အိမ်ထဲက ပစ္စည်းတွေကို စိတ်ကြိုက် ဖျက်ဆီးလို့ မရဘူး .."
" အထူးသဖြင့် လုံယဲ့... မင်းပဲ "
ပြောဆိုရင်း လင်းဖန်က လုံယဲ့ကို စိုက်ကြည့်လိုက်သည်။
သူ၏ စကားများမှာ လုံယဲ့ကို ရည်ရွယ်ပြောဆိုနေခြင်း ဖြစ်သည်မှာ သိသာလှသည်။
မေ့ကျီနှင့် အခြားသူများမှာ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများကို ချိတ်ပိတ်ထားကြသဖြင့် သူတို့၏ အားအင်မှာ သာမန်ထက် မပိုချေ။ ထို့ကြောင့် ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်။
သို့သော် လုံယဲ့မှာမူ ကွာခြား၏။ သူသည် နတ်ဆိုးသားရဲ တစ်ဦးဖြစ်သကဲ့သို့ နတ်ဆိုးသားရဲများ၏ ဘုရင်ဖြစ်သော နဂါးတစ်ဦးလည်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သာမန်လူသားများထက် များစွာ သာလွန်လှသည်။ ထို့အပြင် သူသည် ခန္ဓာကိုယ်ကို ကျင့်ကြံသောသူ တစ်ဦးလည်း ဖြစ်ရာ ဝိညာဥ်ချီစွမ်းအားများ မသုံးလျှင်ပင် သူ၏ ခန္ဓာကိုယ်အင်အားမှာ သာမန်ထက် များစွာ ကျော်လွန်နေဆဲ ဖြစ်သည်။
အကယ်၍ သူသာ အလိုရှိပါက ဤအဆောက်အဦး တစ်ခုလုံးကို လက်ဗလာဖြင့် ဖြိုချပစ်ရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ချေ။
" ဒီးး... "
ထိုအချိန်တွင် လင်းဖန်၏ ဖုန်းထဲသို့ ကုန်ပစ္စည်းများ ရောက်ရှိနေပြီဖြစ်ကြောင်း အကြောင်းကြားစာ ရောက်လာသည်။
" မင်းတို့ တောင်းဆိုထားတဲ့ ပစ္စည်းတချို့ ရောက်နေပြီ.. "
" အို... ဒီလောက် မြန်တာလား.. ဒါဆိုရင် သမီးရဲ့ ကွန်ပျူတာလည်း ရောက်ပြီပေါ့ .."
ထိုစကားကို ကြားသည်နှင့် နတ်ဆိုးစစ်သူကြီး ရှန့်သည် လင်းဖန်၏ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး သူမ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
လင်းဖန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
" ဟေး... ပျော်စရာကြီး... "
နတ်ဆိုးစစ်သူကြီး ရှန့်သည် ဝမ်းသာအားရဖြင့် ခုန်ပေါက်လိုက်ပြီးနောက် လှည့်ပင်မကြည့်ဘဲ တံခါးအပြင်သို့ ပြေးထွက်သွားတော့သည်။
" နတ်ဆိုးအရှင်.. သမီး သွားယူလိုက်ပါ့မယ်... "
သူမ၏ စိတ်အားထက်သန်မှုကို ကြည့်ပြီး လင်းဖန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်မိသည်။
အင်မော်တယ် နတ်ဆိုးတိုက်ကြီးတွင် ရှိစဉ်က သူမ ဤမျှအထိ စိတ်အားထက်သန်နေသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
'ဒီကို ရောက်လာမှ ဘယ်လိုဖြစ်ပြီး ဂိမ်းစွဲနေတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတာလဲ..'
" လုံယဲ့... မင်း ငါနဲ့ လိုက်ခဲ့ဦး.. နတ်ဆိုးစစ်သူကြီး ရှန့်ကို ပစ္စည်းတွေ သယ်ဖို့ ကူညီပေးရမယ်.. "
လင်းဖန်သည် လုံယဲ့ကို ခေါ်ကာ အိမ်ပြင်သို့ ထွက်လာခဲ့ပြီး ရပ်ကွက်အတွင်းရှိ ပစ္စည်းလက်ခံသည့် နေရာသို့ လျှောက်လာခဲ့သည်။
သူက နတ်ဆိုးစစ်သူကြီး ရှန့်အတွက် ကွန်ပျူတာ အစိတ်အပိုင်း အစုံအလင်ကို ဝယ်ပေးထားခြင်း ဖြစ်ရာ အလေးချိန်မှာ မသေးလှချေ။
လုံယဲ့အတွက်လည်း အားကစား ပစ္စည်းမျိုးစုံကို ဝယ်ပေးထားသဖြင့် အလွန် လေးလံလှသည်။ နတ်ဆိုးစစ်သူကြီး ရှန့်၏ သေးငယ်သော ခန္ဓာကိုယ်ဖြင့် စွမ်းအားများ မသုံးဘဲ သယ်ယူရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
မကြာမီတွင် လင်းဖန်နှင့် လုံယဲ့တို့သည် အရွယ်အစားမျိုးစုံရှိသော ပါဆယ်ထုပ်ကြီးများကို သယ်ဆောင်၍ အိမ်သို့ ပြန်ရောက်လာကြသည်။
လုံယဲ့သည် သေတ္တာအကြီးကြီးများကို ပခုံးပေါ်တွင် ထမ်းထားသော်လည်း သူ၏ ခြေလှမ်းများမှာ တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်စွာဖြင့် လှေကားပေါ်သို့ တက်လှမ်းနေသည်။
ဆန့်ကျင်ဘက်အနေဖြင့် နတ်ဆိုးစစ်သူကြီး ရှန့်မှာမူ ၅၀၉၀ ဂရပ်ဖစ်ကတ် တစ်ခုကိုသာ ရင်ခွင်ထဲ၌ ပိုက်ထားပြီး ကျန်ရှိသော ပစ္စည်းအားလုံးကို လုံယဲ့အား သယ်ခိုင်းထား၏။
" ဝုန်း... "
အိမ်သို့ ပြန်ရောက်သည့်အခါ လုံယဲ့သည် သူ၏ ပခုံးပေါ်မှ ပါဆယ်ထုပ်အားလုံးကို အသာအယာ ချလိုက်သည်။ ထိုအထုပ်များ ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည့် ခဏတွင် မြေပြင်မှာ အနည်းငယ် တုန်ခါသွားသည်ကို သိသာစွာ ခံစားလိုက်ရ၏။
" ပစ္စည်းတွေ အကုန်ရောက်ပြီ.. နင်တို့ဘာသာ နင်တို့ အထုပ်တွေ ဖြေပြီး နေရာချလိုက်ကြတော့ .."
လင်းဖန်က ကြမ်းပြင်ပေါ်ရှိ အထုပ်များကို ညွှန်ပြလိုက်ပြီးနောက် အိမ်ထဲမှ ထွက်ခွာကာ သူ၏ အိမ်သို့ အမြန် ပြန်လာခဲ့သည်။
နောက်ပိုင်းတွင် မေ့ကျီနှင့် အခြားသူများမှာ သူတို့၏ အခန်းများကို နေရာချရန် အလုပ်ရှုပ်နေကြပေလိမ့်မည်။ သူတို့၏ နှောင့်ယှက်မှု မရှိတော့သဖြင့် သူ၏အိမ်၌ ပိုလျှံနေသည့် မီးသီးကြီးများ ကင်းစင်သွားလေပြီ။
ဤသည်က သူသည် ဧကရီနှင့်အတူ စောင့်မျှော်နေခဲ့ရသော နှစ်ယောက်ကမ္ဘာလေးကို နောက်ဆုံးတွင် ခံစားနိုင်တော့မည်ဟု ဆိုလိုခြင်းပင် မဟုတ်ပေလော။