အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
Chapter 155
~
အခန်း ၁၅၅ : တစ်တီတူး ချင်သည့် လင်မယားနှစ်ယောက်
~
" အားလုံး ထွက်သွားကြပြီနော် ..."
ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော လုံယွဲ့၏ မျက်နှာလေးမှာ ချစ်ခင်မြတ်နိုးမှုနှင့်အတူ ရှက်သွေးဖြန်းနေသည်။
မေ့ကျီတို့ လေးယောက် ထွက်သွားပြီးနောက် အိမ်ထဲတွင် ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။ အခန်းထဲ၌ သူမနှင့် လင်းဖန် နှစ်ဦးတည်းသာ ကျန်ရှိတော့သဖြင့် သူမ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
သို့သော် ထိုသို့ စိတ်လှုပ်ရှားနေသည့်ကြားမှပင် စိတ်လှုပ်ရှားဖွယ်ရာ မျှော်လင့်ချက်ကလေးကလည်း ကိန်းအောင်းနေလေသည်။
" ဟုတ်တယ်... သူတို့အားလုံး သွားကြပြီ..အခုတော့ ကိုယ်တို့နှစ်ယောက်တည်း ပြန်ဖြစ်သွားပြီပေါ့.. "
လင်းဖန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ လုံယွဲ့၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်လိုက်၏။
မေ့ကျီနှင့် အခြားသူများ အိမ်၌ ရှိနေစဉ်အတွင်း သူတို့နှစ်ဦးမှာ အတော်ပင် ထိန်းသိမ်းခဲ့ကြရသည်။ သူတို့၏ ရှေ့တွင် နီးနီးကပ်ကပ် ရှိနေသည့် အမူအရာများကို မပြလိုကြပေ။
ယခု သူတို့ကို ပို့ဆောင်ပေးလိုက်နိုင်ပြီဖြစ်ရာ ဆက်လက် ထိန်းသိမ်းထားရန် မလိုအပ်တော့ပေ။
လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲသွားသည်။ လင်းဖန်၏ လက်က သူမ၏ လက်ကို ထိတွေ့လိုက်သည့် တစ်ခဏတွင် သူမ အနည်းငယ် တုန်ယင်သွားသော်လည်း သူမ၏ လက်ဖဝါးကို အသာဖွင့်ကာ သူ၏လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။
သူတို့နှစ်ဦးသည် လက်ချင်းချိတ်၍ ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ အတူထိုင်နေကြသည်။ တိတ်ဆိတ်နေသော အခန်းအတွင်း၌ နွေဦး၏ လေညှင်းလေးက ဖြတ်တိုက်သွားသလိုပင်။
" ယွဲ့အာ... "
လင်းဖန်က လုံယွဲ့ကို ညှင်သာစွာခေါ်လိုက်၏။ လုံယွဲ့က ခေါင်းကို လှည့်ကြည့်လိုက်ရာ အကြည့်ချင်း ဆုံသွားကြပြီး တစ်ဦးကို တစ်ဦး ဆွဲငင်နေသည့်အလား လွဲဖယ်၍ မရတော့ပေ။ ထိုမျက်ဝန်းများထဲတွင် ကြင်နာယုယမှုများဖြင့် ပြည့်နှက်နေပေသည်။
တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြရင်း သူတို့၏ မျက်နှာများမှာ သတိမထားမိဘဲ နီးကပ်လာသည်။
သူတို့၏ နှုတ်ခမ်းများ ထိတွေ့လုနီးပါး ဖြစ်နေသည့်ချိန်၌....
" ဂျောက်..."
တံခါး ရုတ်တရက် ပွင့်လာသည်။
လင်းဖန်နှင့် လုံယွဲ့တို့ လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး မျက်နှာများကို တစ်ဖက်သို့ ချက်ချင်း လွှဲလိုက်ကြကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ကြသည်။
" နတ်ဆိုးအရှင်... ဟမ်.."
နတ်ဆိုးစစ်သူကြီး ရှန့်သည် အခန်းထဲသို့ ခေါင်းပြူကြည့်လိုက်ရာ လင်းဖန်နှင့် လုံယွဲ့တို့ကြားရှိ ထူးခြားသော လေထုကို ချက်ချင်း သတိပြုမိသွား၏။ အထူးသဖြင့် လုံယွဲ့၏ မျက်နှာပေါ်မှ ဖုံးကွယ်မရသော ထိတ်လန့်မှုနှင့် ရှက်သွေးဖြန်းနေမှုတို့ကို မြင်လိုက်ရသည်။
" အရှင်... အရှင်မ.. ခုနက ဘာလုပ်နေကြတာလဲ... "
" အဟွတ်... အဟွတ်... ဘာမှ မဟုတ်ပါဘူး ..."
လင်းဖန်သည် ဟန်ဆောင်၍ ချောင်းနှစ်ချက် ဆိုးလိုက်ပြီးမှ စကားလမ်းကြောင်းကို လွှဲလိုက်သည်။
" နင်ကရော... ဘာဖြစ်လို့လဲ... "
" အော်... နတ်ဆိုးအရှင် သမီးက အဲ့ဒီ ကွန်ပျူတာကို ဘယ်လို ဆင်ရမလဲ မသိလို့ အရှင့်ဆီက လမ်းညွှန်မှု လာတောင်းတာပါ.. "
နတ်ဆိုးစစ်သူကြီး ရှန့်၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး သူမသည် လင်းဖန်နှင့် လုံယွဲ့တို့၏ ခုနက အခြေအနေကို ချက်ချင်းပင် မေ့သွားတော့သည်။
သူမအနေဖြင့် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံး ရတော့မည် ဖြစ်ရာ ထိုသည်ထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်မှာ ဘာမှမရှိချေ။
" ကွန်ပျူတာ တပ်ဆင်နည်း သင်ခန်းစာ ဗီဒီယိုကို နင့်ဆီ ပို့ပေးလိုက်မယ်.. အဲ့ဒါကို ကြည့်ပြီး သင်လိုက်..ငါ အလုပ်ရှိသေးတယ်.. "
လင်းဖန်က စားပွဲပေါ်မှ ဖုန်းကို ကောက်ကိုင်ကာ သိမ်းဆည်းထားသော ဗီဒီယိုကို နတ်ဆိုးစစ်သူကြီး ရှန့်ထံသို့ ပို့ပေးလိုက်သည်။
ကွန်ပျူတာအကြောင်း မသိသောသူတစ်ဦး ပထမဆုံးအကြိမ် တပ်ဆင်မည်ဆိုပါက အနည်းဆုံး တစ်နေ့ဝက်ခန့် ကြာပေလိမ့်မည်။ ထိုအချိန်အတွင်း သူမ ငြိမ်သက်သွားပြီး သူ့ကို လာရောက် နှောင့်ယှက်နိုင်တော့မည် မဟုတ်ချေ။
" မှန်လှပါ... အရှင်... "
နတ်ဆိုးစစ်သူကြီး ရှန့်သည် ဗီဒီယိုကို လက်ခံရရှိသွားပြီး စိတ်လှုပ်ရှားစွာဖြင့် တံခါးနောက်သို့ ပြန်လည် ဆုတ်ခွာသွားကာ တံခါးကို ပိတ်လိုက်သည်။
သူမ ထွက်သွားသည့်အခါ အခန်းထဲတွင် ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
လင်းဖန်သည် လုံယွဲ့၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သော်လည်း သူနှင့် လုံယွဲ့တို့ နောက်တစ်ဆင့်သို့ မတက်လှမ်းနိုင်သေးခင်မှာပင် တံခါးလက်ကိုင်မှာ ထပ်မံ လှည့်လာပြန်သည်။
လုံယွဲ့သည် လျှပ်စီးလက်သကဲ့သို့ပင် လင်းဖန်၏ လက်ထဲမှ သူမ၏လက်ကို ဆွဲထုတ်လိုက်ပြီး ရှက်လာသဖြင့် ခေါင်းငုံ့လိုက်သည်။
မေ့ကျီက တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လာသည်။
" နတ်ဆိုးအရှင်.. "
" ပြော... "
လင်းဖန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး စိတ်တိုတိုဖြင့် ပြန်ထူးလိုက်သည်။
' အရှင် အရမ်း စိတ်တိုနေပုံရတယ်.. ဘာဖြစ်လို့ပါလိမ့်.. '
စိတ်တိုနေပုံရသော လင်းဖန်ကို ကြည့်ရင်း မေ့ကျီမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း သူ လာရသည့် အကြောင်းအရင်းကို ပြောလိုက်သည်။
" နတ်ဆိုးအရှင်... ကျွန်တော်တို့အခန်းကို သန့်ရှင်းရေး လုပ်ချင်လို့ပါ.. ဒါပေမဲ့ ဆေးရည်နဲ့ အဝတ်စတွေ မရှိလို့ အရှင့်ဆီက ခဏ လာငှားတာပါ.. "
" ဆေးရည်က မီးဖိုချောင်ထဲမှာ ရှိတယ်.. အဝတ်စတွေ.. ကြမ်းတိုက်တံတွေနဲ့ ပုံးတွေကတော့ ဝရန်တာမှာ ရှိတယ်... "
လင်းဖန်က မီးဖိုချောင်နှင့် ဝရန်တာဘက်သို့ ညွှန်ပြလိုက်သည်။ သူ၏ တစ်ခုတည်းသော အတွေးမှာ မေ့ကျီကို အမြန်ဆုံး ထွက်သွားစေရန်ပင် ဖြစ်သည်။
" သဘောကောင်းလှတဲ့ နတ်ဆိုးအရှင်ကို ကျေးဇူးတင်ပါတယ်... "
မေ့ကျီက လင်းဖန်ကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ပြီးမှ ဆေးရည်နှင့် သန့်ရှင်းရေး ပစ္စည်းများကို ယူဆောင်ကာ ထွက်သွားတော့သည်။
သူ ထွက်သွားသည်နှင့် တစ်ဆက်တည်းမှာပင် လုံယဲ့က အခန်းထဲသို့ ဝင်လာပြန်သည်။
" နတ်ဆိုးအရှင်... ဟိုလေ... ခုနက အရှင်ဝယ်ပေးတဲ့ အလေးတုံးက ကျွန်တော့်လက်ထဲမှာ မတော်တဆ ပျက်သွားလို့ပါ... "
လုံယဲ့က အခြားအခန်းကို ညွှန်ပြကာ ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုအလေးတုံးမှာ အတော်လေး မာသည်ဟု သူ တွေးလိုက်မိပြီး စပ်စုလိုစိတ်ဖြင့် အားစိုက်ညှစ်ကြည့်လိုက်ရာ ရုတ်တရက် ကျိုးသွားခြင်း ဖြစ်သည်။
လင်းဖန်သည် သူ၏ရင်ထဲမှ ဒေါသများကို ငြိမ်သက်သွားအောင် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရ၏။
" နောက်မှ တစ်ခု ပြန်ဝယ်ပေးမယ်..အခုတော့... ထွက်သွား .."
" ဟုတ်ကဲ့... "
လင်းဖန်၏ ကိုယ်မှ ထွက်ပေါ်နေသော ဒေါသ အငွေ့အသက်များကို လုံယဲ့ ခံစားလိုက်ရသဖြင့် အမြန်ပင် အခန်းထဲမှ ဆုတ်ခွာသွားပြီး တံခါးကို ပြန်ပိတ်လိုက်တော့သည်။
လင်းဖန်က ရှေ့သို့ အမြန်လျှောက်သွားပြီး တံခါးကို ချက်ချလိုက်သည်။ ယခုတစ်ကြိမ်တော့ ဘယ်သူမှ မနှောင့်ယှက်နိုင်တော့ဟု သူ တွေးလိုက်သည်။ သို့သော် သူ လှည့်အပြန်မှာပင် တံခါးမှာ ထပ်မံ အခေါက်ခံရပြန်သည်။
" ဒေါက်... ဒေါက်... ဒေါက် .."
'အခုက ဘယ်သူလဲ..'
လင်းဖန်သည် အောင့်ထားသော ဒေါသများဖြင့် တံခါးကို ဖွင့်လိုက်ရာ ဝေခွဲမရ ဖြစ်နေသော အူတူတူယင်းနွီသည် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူမက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
" ယင်းနွီ.. ဘာဖြစ်လို့လဲ.. "
" ဘာမှ မဟုတ်ပါဘူး.. အရှင့်ကို လာကြည့်တာပါ.. "
ယင်းနွီက တည်ငြိမ်သော မျက်ဝန်းများဖြင့် လင်းဖန်ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းဖန်၏ အောင့်ထားသော ဒေါသများမှာ ချက်ချင်းပင် လျော့ကျသွားပြီး စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက်သာ ချလိုက်မိတော့သည်။
" ကြည့်လို့ ဝပြီလား.. "
" အင်း... "
ယင်းနွီက ခေါင်းညိတ်ပြလိုက်ပြီးမှ အခြားအခန်းသို့ ပြန်ရန် လှည့်ထွက်သွားသည်။
လင်းဖန် တံခါးကို ပြန်ပိတ်ကာ ချက်ထပ်ချလိုက်သည်။ ထို့နောက် စိတ်မရှည်စွာဖြင့် လုံယွဲ့၏ အနားသို့ ပြန်သွားကာ သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲသွား၏။ သူမသည် သူ၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာ မှီနေပြီး ရှားပါးလှသော နုညံ့သည့် အခိုက်အတန့်ကို ခံစားနေမိသည်။
" ယွဲ့အာ... "
လင်းဖန်သည် လုံယွဲ့၏ ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်ပြီး သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း သူ၏ မျက်နှာကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်သည်။
လုံယွဲ့က မျက်လုံးလေးများကို မှိတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းလွှာများကို ပေးအပ်ရန် အဆင်သင့် ဖြစ်နေလေပြီ။
သူတို့၏ နှုတ်ခမ်းများ ထိတွေ့လုနီးပါး ဖြစ်နေချိန်မှာပင် နတ်ဆိုးစစ်သူကြီး ရှန့်၏ ခေါင်းက ဝရန်တာ အပြင်ဘက်မှ ပြူထွက်လာပြန်သည်။ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေသည်။
" ဧကရီ.. သမီး ကွန်ပျူတာ ဆင်ပြီးသွားပြီ.. ဂိမ်းတူတူ ဆော့ကြမလား.. "
လင်းဖန် .. " ... "
လုံယွဲ့ .." ... "
လင်းဖန်နှင့် လုံယွဲ့တို့မှာ ရှက်အမ်းအမ်း ဖြစ်သွားကြပြီး ကြောင်အသွားကြသည်။ အခန်းတစ်ခုလုံးမှာလည်း ရှက်စရာကောင်းသော တိတ်ဆိတ်မှုက ဖုံးလွှမ်းသွား၏။
လုံယွဲ့မှာ ရှက်လွန်းလှသဖြင့် သူမ၏ ခေါင်းကို လင်းဖန်၏ ရင်ခွင်ထဲတွင်သာ မြှုပ်ထားလိုက်တော့သည်။
သူတို့ နမ်းတော့မည့် အချိန်၌ အမြင်ခံလိုက်ရပြီး အနှောင့်အယှက် ခံလိုက်ရခြင်း ဖြစ်သည်။ ဤသည်က သူမ၏ ကျင့်ကြံခြင်း နှစ်ပေါင်း ထောင်ချီအတွင်း အရှက်ရဆုံးသော အခိုက်အတန့် ဖြစ်ပေလိမ့်မည်။
လင်းဖန်မှာ ဒေါသထွက်လွန်းသဖြင့် သူ၏ လက်သီးများကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ဤကမ္ဘာသို့ ပြန်ရောက်လာပြီးကတည်းက သတ်ဖြတ်လိုသော စိတ်ဆန္ဒ ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်းပင်။
အနှောင့်အယှက် မခံရစေရန် သူ တံခါးကိုပင် ချက်ချထားခဲ့သော်လည်း ဂရုစိုက်နေသည့်ကြားမှ နတ်ဆိုးစစ်သူကြီး ရှန့်က ဝရန်တာမှတစ်ဆင့် လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
'သူ ကွန်ပျူတာ ဆင်တာက တော်တော်လေးကို မြန်လွန်းနေတာ မဟုတ်ဘူးလား..'
တင်းတင်းကျပ်ကျပ် ဖက်ထားကြသော လင်းဖန်နှင့် လုံယွဲ့တို့ကို ကြည့်ရင်း နတ်ဆိုးစစ်သူကြီး ရှန့်သည် အခြေအနေ မကောင်းသည်ကို တဖြည်းဖြည်း သတိပြုမိသွားသည်။ လင်းဖန်၏ ကိုယ်မှ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များကိုပင် သူမ ခံစားလိုက်မိ၏။ သူမ၏ လှပသော မျက်နှာလေးတွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာသည်။
" သမီး လာတာ မသင့်တော်တဲ့အချိန် ဖြစ်သွားပုံရတယ်... အဲ့ဒါဆိုရင် အရှင်တို့ လုပ်စရာ ရှိတာကို ဆက်လုပ်ကြပါဦး ..."
" အရှင်တို့ အလုပ်ပြီးမှ သမီး ပြန်လာရမလား... "
" ထားလိုက်ပါတော့.. နင် ဘာကစားချင်လို့လဲ.. "
အကြိမ်ကြိမ် အနှောင့်အယှက် ခံလိုက်ရပြီးနောက် လုံယွဲ့သည်လည်း စိတ်မပါတော့ပေ။ သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် မေးလိုက်သည်။
" ဧကရီက Riftမှာ အရမ်းကျွမ်းကျင်တယ်လို့ သမီး ကြားဖူးတယ်.. တူတူဆော့ကြရအောင်လေ.. သမီးရဲ့ Yasuoက တော်တော်လေး ကောင်းတာနော်... "
နတ်ဆိုးစစ်သူကြီး ရှန့်က စိတ်လှုပ်ရှားစွာ အကြံပြုလိုက်သည်။
ဤနေရာသို့ ရောက်လာသည့် ရက်အနည်းငယ်အတွင်း လုံယွဲ့သည် Virtual Streamerတစ်ဦး ဖြစ်သည်ကိုလည်းကောင်း၊ အွန်လိုင်းတွင် ဂိမ်းမျိုးစုံ ကစားတတ်သည်ကိုလည်းကောင်း သူမ သိရှိခဲ့ရသဖြင့် ချက်ချင်းပင် ရင်းနှီးသွားခြင်း ဖြစ်သည်။
ထို့ကြောင့် ကွန်ပျူတာ တပ်ဆင်ပြီးသည်နှင့် သူမ အောင့်မထားနိုင်ဘဲ ဝရန်တာမှတစ်ဆင့် မရမက လာရောက် ရှာဖွေခြင်းပင်။
" ကောင်းပြီလေ..အကောင့်ထဲ ဝင်လိုက်တော့.. "
နတ်ဆိုးစစ်သူကြီး ရှန့်၏ စိတ်အားထက်သန်သော ဖိတ်ခေါ်မှုကို မြင်လိုက်ရသည့်အခါ လုံယွဲ့က ချိုသာစွာ ပြုံးလိုက်ပြီး ကွန်ပျူတာ စားပွဲတွင် ထိုင်ကာ သူမ၏ အကောင့်ထဲသို့ ဝင်လိုက်သည်။
သူမအနေဖြင့် မေ့ကျီနှင့် အခြားသူများ၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး ဖြစ်သော်လည်း အားလုံးနှင့် ဆက်ဆံရေးမှာ အနည်းငယ် ဝေးကွာနေသေးသည်။
အကယ်၍ သူတို့ အတူတူ ဂိမ်းကစားနိုင်ကြမည်ဆိုပါက သူတို့၏ ဆက်ဆံရေးမှာ ပိုမို နီးကပ်လာနိုင်ပေလိမ့်မည်။
" နတ်ဆိုးအရှင်ရော... အတူတူ ဆော့မလား.. သမီး အရှင့်ကို Carry ပေးမယ်လေ.. "
နတ်ဆိုးစစ်သူကြီး ရှန့်က ခေါင်းလှည့်ကာ လင်းဖန်ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" ဟူး... ငါ့ကိုလည်း ထည့်လိုက်... "
လင်းဖန်က သက်ပြင်းတစ်ချက်ကို အားမလိုအားမရ ချလိုက်ပြီးနောက် အိပ်ခန်းထဲသို့ ပြန်လှည့်ဝင်ကာ ကွန်ပျူတာ ရှေ့တွင် ထိုင်လိုက်တော့သည်။
နတ်ဆိုးစစ်သူကြီး ရှန့်၏ အနှောင့်အယှက်ကြောင့် နီးနီးကပ်ကပ် နေထိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူ ဘာဆက်လုပ်နိုင်ပါဦးမည်နည်း။ သူတို့နှင့်အတူ ဝင်ရောက် ကစားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
Chapter 156
~
အခန်း ၁၅၆ : နေ့စဥ်အသုံးစရိတ် အလွန်များပြားခြင်း...
~
" ဟူးးးး... "
မနက်စောစောအချိန်တွင် လင်းဖန်သည် ဧည့်ခန်းထဲ၌ ထိုင်နေလေသည်။ စားပွဲပေါ်တွင် စာရွက်နှင့် ဘောပင်ရှိနေပြီး ဘေးတွင်လည်း ဂဏန်းပေါင်းစက်တစ်ခု ချထားသည်။ သူ၏ မျက်ဝန်းများက မှတ်စုစာရွက်ပေါ်တွင် စိုက်ကြည့်နေပြီး မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပေ၏။
" ဘာဖြစ်လို့လဲ... "
လုံယွဲ့ နိုးလာသည်နှင့် လင်းဖန်၏ သက်ပြင်းချသံကို ကြားလိုက်ရသဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
ပုံမှန်အားဖြင့် မနက်စောစောတွင် ဤနေရာ၌ ထိုင်ကာ စိုးရိမ်ပူပန်တတ်သူမှာ သူမသာ ဖြစ်သော်လည်း ယနေ့တွင်မူ မည်သည့်အတွက်ကြောင့် လင်းဖန် ဖြစ်နေရသနည်း။
" ဘာမှမဟုတ်ပါဘူး .."
လင်းဖန်က စာရွက်နှင့် ဘောပင်ကို သိမ်းလိုက်ပြီး အားတင်း၍ ပြုံးပြလိုက်သည်။
ဤသည်ကို မြင်သည့်အခါ လုံယွဲ့သည် သူမ၏ လှပသော မျက်ခုံးလေးကို တွန့်လိုက်ပြီး မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ရှေ့သို့ တိုးလာကာ သူ၏လက်ထဲမှ စာရွက်ကို လုယူလိုက်သည်။
" ငါတို့နှစ်ယောက်ကြားမှာ ဖုံးကွယ်ထားစရာ ဘာရှိလို့လဲ.. ပြောစမ်းပါ.. ဒီဧကရီက အကြံဉာဏ်တစ်ခုခု ပေးနိုင်ရင် ပေးနိုင်မှာပေါ့.. "
ထိုသို့ပြောပြီးနောက် သူမက လက်ထဲမှ စာရွက်ပေါ်ရှိ ရေးမှတ်ထားသည်များကို ကြည့်လိုက်ရာ ဇဝေဇဝါ ဖြစ်သွားသည်။
မှတ်စုစာရွက်ပေါ်တွင် ကိန်းဂဏန်းပေါင်းစပ်မှု အမျိုးမျိုးကို ရေးထားပြီး ကြည့်ရသည်မှာ ရှုပ်ထွေးလွန်းလှသဖြင့် ဘာအကြောင်းအရာမှန်း ခွဲခြားရခက်နေသည်။
" ဒါ တစ်ခုခုကို မှတ်တမ်းတင်ထားတာလား .."
" ဟုတ်တယ်.. "
လင်းဖန်က ခေါင်းအသာညိတ်လိုက်သည်။
" တကယ်တော့ ဘာမှမဟုတ်ပါဘူး..မေ့ကျီတို့ လေးယောက် ရောက်လာပြီးကတည်းက သုံးလိုက်ရတဲ့ နေ့စဉ်အသုံးစရိတ်တွေကို တွက်ကြည့်နေတာပါ.. "
" နေ့စဉ်အသုံးစရိတ် ဟုတ်လား.. "
ထိုစကားကို ကြားသည့်အခါ လုံယွဲ့သည် လက်ထဲမှ စာရွက်ပေါ်ရှိ ကိန်းဂဏန်းများကို ထပ်မံကြည့်ရှုလိုက်ရာ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ သူမ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီးနောက် တဖြည်းဖြည်းနှင့် အံ့အားသင့်သွားကာ မျက်လုံးများ ဝိုင်းစက်လာလေသည်။
" ခု... ဆယ်... ရာ... ထောင်... သောင်း... သိန်း... "
" ဒီရက်ပိုင်းအတွင်းမှာကို စုစုပေါင်း နှစ်သိန်းကျော်တောင် ကုန်သွားတာလား... "
လုံယွဲ့က စာရွက်ကို ကိုင်ထားရင်း လင်းဖန်ကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။
လင်းဖန်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလိုက်၏။
မေ့ကျီတို့ လေးယောက် ဤကမ္ဘာသို့ ရောက်လာသည့်အခါ သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ရှေးကျလွန်းလှပြီး အပြင်ထွက်ရန် မသင့်တော်သဖြင့် သူတို့အတွက် အဝတ်အစားသစ် များကို ဝယ်ပေးခဲ့ရသည်။
ဤကမ္ဘာသို့ ရောက်လာပြီဖြစ်ရာ အချိန်မရွေး ဆက်သွယ်နိုင်ရန် လက်ကိုင်ဖုန်း တစ်လုံးစီ ရှိသင့်သဖြင့် တစ်ဦးလျှင် ငွေတစ်ထောင်တန် ဖုန်းတစ်လုံးစီ ဝယ်ပေးခဲ့ရ၏။
ထို့အပြင် နတ်ဆိုးစစ်သူကြီး ရှန့်က အမြင့်ဆုံး အမျိုးအစား ကွန်ပျူတာ လိုချင်သည်ဟု ဆိုသဖြင့် သူ ကတိပေးထားခဲ့သည့်အတိုင်း ဝယ်ပေးလိုက်သည်။
အမြင့်ဆုံး အမျိုးအစား ဒက်စတော့ ကွန်ပျူတာ တစ်စုံတည်းပင် ငွေသောင်းနှင့်ချီ၍ ကုန်ကျခဲ့သည်။
လုံယဲ့က လေ့ကျင့်ခန်း လုပ်ရန်အတွက် အားကစား ပစ္စည်းများ လိုချင်သဖြင့် လင်းဖန်သည် အွန်လိုင်းမှ အားကစား ပစ္စည်းမျိုးစုံ မှာယူပေးခဲ့သည်။ ပစ္စည်းတစ်စုံတည်းတင် ငွေထောင်နှင့်ချီ ကုန်ကျပြီး အစုံလိုက် ဝယ်ယူသည့်အခါ ငွေသောင်းနှင့်ချီ ကုန်ကျသွားပြန်သည်။
ထို့အပြင် သူ၏ နေ့စဉ် အစားအသောက် စားသုံးမှုမှာလည်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် များပြားလှသည်။
လုံယွဲ့မှာ အစားအလွန်စားသူဟု သူ ထင်ခဲ့သော်လည်း လုံယဲ့၏ အစာအိမ်မှာမူ သူမထက်ပင် ပို၍ လွန်ကဲလှသည်။
သူသည် ဤကမ္ဘာမှ အရသာရှိသော အသားများကို မြည်းစမ်းကြည့်ပြီးကတည်းက တစ်နေ့တည်းတွင်ပင် အသား ပိဿာပေါင်း ခြောက်ဆယ်ကျော်ခန့်ကို စားနိုင်နေသည်။
ထိုသည်က ဗိုက်ဆာလွန်း၍ မဟုတ်ဘဲ သူ၏ စားချင်စိတ်ကို ဖြည့်ဆည်းရန်နှင့် အရသာရှိသော အသားဟင်းများကို ခံစားရန်အတွက် သက်သက်သာ ဖြစ်သည်။
တစ်နေ့တာ စားစရိတ် သူတစ်ယောက်တည်းအတွက်ပင် ယွမ်ထောင်နှင့်ချီ၍ ကုန်ကျနိုင်ခြေဖွယ် ရှိသည်။
ဤအထဲတွင် မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံ၊ စောင်နှင့် ခေါင်းအုံး စသည့် မရှိမဖြစ် လိုအပ်သော နေ့စဉ်သုံး ပစ္စည်းများ မပါဝင်သေးချေ။
ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်က ကျန်းရှောက်ဟောင်ထံမှ ငွေအချို့ ရရှိခဲ့၏။ သို့မဟုတ်ပါက မေ့ကျီတို့ လေးယောက်ကို ထောက်ပံ့ရန်ပင် တက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုနှုန်းထားအတိုင်းဆိုပါက ကျန်ရှိနေသော စုဆောင်းငွေများမှာ မည်မျှအထိ ခံမည်ကို ပြောရန် ခက်ခဲလှသည်။
မူလက ဤငွေများကို နောင်တစ်ချိန်တွင် လုံယွဲ့နှင့်အတူ အိမ်အသစ်တစ်လုံး ဝယ်ရန်အတွက် သူ စုဆောင်းထားခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏ အိမ်မက်လေးမှာ...
စာရွက်ပေါ်မှ ကိန်းဂဏန်းများကို ကြည့်ရင်း လုံယွဲ့သည်လည်း နှမြောလာ၏။
ယခုအခါ သူမသည် တစ်လလျှင် လစာ ယွမ်တစ်သိန်းကျော် ရရှိနေပြီ ဖြစ်သော်လည်း ငွေကို စည်းမဲ့ကမ်းမဲ့ မသုံးစွဲရန် ထိန်းသိမ်းနေဆဲ ဖြစ်ပြီး လင်းဖန်နှင့်အတူ တစ်ခါတစ်ရံမှသာ ကောင်းမွန်သော အစားအစာတစ်ခုကို မှာစားတတ်သည်။
သို့သော်လည်း မေ့ကျီတို့ ရောက်လာသည်နှင့် ငွေနှစ်သိန်းကျော်မှာ ရေစီးသလိုမျိုး ကုန်သွားခဲ့လေပြီ။
ယခင်ကဆိုလျှင် လင်းဖန်၏ ငွေဖြစ်သဖြင့် သူမ ဤမျှအထိ ခံစားရမည် မဟုတ်သော်လည်း ယခုမူ အခြေအနေက မတူတော့ချေ။
လင်းဖန်၏ ငွေသည် သူမ၏ ငွေပင် မဟုတ်ပါလော။
ငွေနှစ်သိန်းကျော် ကုန်သွားခြင်းမှာ သူမ၏ ဘဏ်အကောင့်ထဲမှ ငွေများကို အတင်းလုယူခံလိုက်ရသလို ခံစားနေရသော်လည်း အများစုမှာ လိုအပ်သော အသုံးစရိတ်များ ဖြစ်သဖြင့် ဘာများ တက်နိုင်တော့မည်နည်း။
" ဒီဧကရီရဲ့ ဘဏ်ကတ်ထဲမှာ အခုမှ ရထားတဲ့ လစာ ယွမ်တစ်သိန်းကျော် ရှိသေးတယ်.. တကယ်လို့ နင် လိုအပ်မယ်ဆိုရင် ဒီဧကရီက နင့်ဆီကို လွှဲပေးမယ်လေ... "
နှမြောနေသည့်ကြားမှပင် မေ့ကျီနှင့် အခြားသူများမှာ လင်းဖန်၏ ယုံကြည်ရဆုံးနှင့် အစွမ်းထက်ဆုံး လက်အောက်ခံ လေးဦး ဖြစ်သဖြင့် သူ၏ဇနီးအနေဖြင့် သူမ သူတို့ကို ထောက်ပံ့ပေးရမည် ဖြစ်သည်။
လင်းဖန်က ကျေးဇူးတင်ဟန်ဖြင့် ပြုံးလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ လုံယွဲ့ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
" မလိုပါဘူး.. နောက်ဆိုရင် တို့တွေ နေ့တိုင်း ဒီလောက်အထိ ငွေကုန်ဖို့ မလိုတော့ဘူး .."
" အင်း... တကယ်လို့ တစ်ခုခု လိုအပ်လာရင် ဒီဧကရီကို သေချာပျောက် ပြောရမယ်နော်.. "
လုံယွဲ့က လင်းဖန်၏ ရင်ခွင်ထဲတွင် မှီနေရင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ဧကရီတစ်ပါးအနေဖြင့် လူများက သူမထံမှ အရာရာကို ဖုံးကွယ်ထားခြင်းကို အမုန်းဆုံး ဖြစ်ပြီး အထူးသဖြင့် သူမနှင့် အနီးစပ်ဆုံးသူများက ဖုံးကွယ်ခြင်းကို ပို၍ပင် မုန်းတီးသည်။
တစ်ခုခု ဖြစ်လာပါက တစ်ဦးကိုတစ်ဦး ပြောပြကာ အတူတူ ရင်ဆိုင်ဖြေရှင်းခြင်းသည်သာ ဇနီးမောင်နှံတို့ ပြုလုပ်ရမည့် အရာ ဖြစ်သည်။
" ကောင်းပါပြီ.. တကယ် လိုအပ်လာရင် ဒီအရှင်က မင်းကို ဘယ်တော့မှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး.. "
လုံယွဲ့၏ အလေးအနက်ထားပြီး စိတ်တိုချင်နေသော အမူအရာလေးကို ကြည့်ရင်း လင်းဖန်က ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။
သူ့ကို အခြေအနေမရွေး ထောက်ပံ့ပေးမည့် ဇနီးတစ်ယောက် ရှိနေခြင်းမှာ ခင်ပွန်းတစ်ယောက်အတွက် ထပ်ပြီး ဘာများ တောင်းဆိုစရာ လိုပါဦးမည်နည်း။
" ဒေါက်... ဒေါက်... ဒေါက်... နတ်ဆိုးအရှင်... "
ထိုအခိုက် မေ့ကျီ၏ အသံက တံခါးအပြင်မှ ထွက်ပေါ်လာသည်။
" တံခါးက ဂျက်မထိုးထားဘူး.. ဝင်လာခဲ့... "
လင်းဖန်က ပြောလိုက်သည်။
" အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါ နတ်ဆိုးအရှင် နဲ့ ဧကရီ..."
မေ့ကျီသည် ဧည့်ခန်းထဲသို့ ဝင်လာပြီး လင်းဖန်နှင့် လုံယွဲ့တို့ကို ဦးစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် စာရင်းတစ်ခုကို ထုတ်ယူကာ လင်းဖန်ထံသို့ ကမ်းပေးလိုက်၏။
" နတ်ဆိုးအရှင်... ဒါက ကျွန်တော် ပြုစုထားတဲ့ ဝယ်ယူဖို့ လိုအပ်တဲ့ ပစ္စည်းစာရင်းပါ.. အဲ့ဒီထဲမှာ ရှန့်နဲ့ လုံယဲ့တို့ လိုချင်တဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်.. "
လင်းဖန်က စာရင်းကို ယူကြည့်လိုက်ပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ သူသည် စာရင်းပေါ်မှ စာကြောင်းတစ်ကြောင်းကို မယုံကြည်နိုင်သလို ညွှန်ပြလိုက်သည်။
" ကြမ်းတိုက်တံတွေနဲ့ ပုံးတွေကတော့ ထားပါတော့.. ဒါပေမဲ့ တင့်ကားတွေနဲ့ လေယာဉ်ပျံတွေဆိုတာက ဘာလဲ.. "
" အော်... အဲ့ဒါတွေက ကျွန်တော်ရုပ်မြင်သံကြားထဲကနေ သင်ယူခဲ့တဲ့ အရာတွေပါ.. ဒီကမ္ဘာက လူသားတွေရဲ့ လက်နက်တွေလို့ သိရပါတယ်.. "
" အရှင်က ကျွန်တော်တို့ကို ကျင့်ကြံခြင်း စွမ်းအားတွေကို တတ်နိုင်သမျှ ထိန်းသိမ်းထားဖို့ မှာထားတဲ့အတွက် ဒီကမ္ဘာက လူသားလက်နက်တွေကို ဝယ်ပြီး အသုံးပြုရင် ကောင်းမလားလို့ ကျွန်တော်တွေးမိတာပါ.. လေယာဉ်ပျံ တစ်စင်း ရှိထားရင်လည်း အရှင် ဘယ်အချိန်မဆို ခရီးသွားဖို့အတွက် အဆင်ပြေမှာလေ ..."
မေ့ကျီက အလေးအနက်ထား၍ ရှင်းပြလိုက်သည်။
" ... "
လင်းဖန်နှင့် လုံယွဲ့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဆွံ့အသွားချေသည်။
'ဒီကောင် အတည်ကြီး ပြောနေတာပဲ...'
" မေ့ကျီ... မင်းပြောတဲ့ အဲ့ဒီအရာတွေက စိတ်ကြိုက် ဝယ်လို့ရတဲ့ အရာတွေ မဟုတ်ဘူး.. ပယ်ချတယ်.. "
လင်းဖန်သည် သူ၏ ဘောပင်ကို ယူကာ လေယာဉ်ပျံနှင့် တင့်ကားဟူသော စာကြောင်းကို သနားညှာတာမှုမရှိဘဲ ခြစ်ထုတ်ပစ်လိုက်သည်။ ထို့နောက် သူ အောက်ဘက်သို့ ဆက်လက် ကြည့်ရှုရာ ထပ်မံ၍ မျက်မှောင်ကြုတ်သွားပြန်သည်။
" ငါ လုံယဲ့အတွက် အလေးတုံးအသစ်တွေ ဝယ်ပေးထားပြီးပြီ မလား..ဘာလို့ ထပ်လိုချင်နေရတာလဲ .."
" နတ်ဆိုးအရှင်... အဲ့ဒီ အလေးတုံး နှစ်ခုက အရမ်းပေါ့လွန်းတယ်လို့ လုံယဲ့က ပြောပါတယ်.. သူက အလေးချိန် တိုးဖို့အတွက် နောက်ထပ် နှစ်ခု ထပ်ဝယ်ချင်နေတာပါ.. "
" ... "
" ဒါဆို ဒီစာကြောင်းကရော ဘာလဲ.. စကင် ဝယ်ဖို့အတွက် ၆၄၈ ဖြည့်ချင်တယ် ဟုတ်လား.. "
လင်းဖန်က စာရင်း၏ အောက်ခြေနားရှိ အခြားစာကြောင်းတစ်ခုကို ညွှန်ပြကာ မကျေမနပ် မေးလိုက်သည်။
" အဲ့ဒါက နတ်ဆိုးစစ်သူကြီး ရှန့်က ထည့်ပေးဖို့ တောင်းဆိုထားတာပါ... "
" နတ်ဆိုးစစ်သူကြီး ရှန့်... "
'ဖြောက် ...'
အသံနှင့်အတူ လင်းဖန်၏ လက်ထဲမှ ဘောပင်မှာ နှစ်ပိုင်း ကျိုးသွားသည်။
ထိုစာကြောင်းကို မြင်သည်နှင့် မည်သူ တောင်းဆိုသည်ကို သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။ နတ်ဆိုးစစ်သူကြီး ရှန့်မှလွဲ၍ အခြားသူ မဖြစ်နိုင်ချေ။
သူတို့အားလုံးမှာ အလုပ်မရှိဘဲ နေ့တိုင်း အိမ်မှာနေပြီး ဂိမ်းကစားခြင်း သို့မဟုတ် လေ့ကျင့်ခန်း လုပ်ခြင်းတို့ကိုသာ ပြုလုပ်နေကြကာ သူ့ဆီကိုလည်း အကြောင်းပြချက်မရှိ အမြဲ လာနေကြသည်။
လင်းဖန်က သူ၏ လက်ထဲမှ စာရင်းကို ပြာဖြစ်သွားအောင် ချေမွပစ်လိုက်သည်။
" မေ့ကျီ.. သူတို့ အားလုံးကို ဒီအရှင်ဆီ ခေါ်ခဲ့စမ်း... "
" မှန်လှပါ နတ်ဆိုးအရှင်.. "
မေ့ကျီက အမိန့်ကို နာခံလိုက်ပြီး တံခါးအပြင်ဘက်သို့ ဂရုတစိုက် ဆုတ်ခွာသွားတော့သည်။