အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
Chapter 157
~
အခန်း ၁၅၇ : အလုပ် ရှာကြစမ်း...
~
' ဒီအရာက... ငါ့ခန္ဓာကိုယ်ထဲက ထွက်လာတာလား... '
အိမ်သာထဲ၌ လုံယဲ့သည် အိမ်သာအိုးရှေ့တွင် ရပ်ကာ ခွက်ထဲရှိ အသစ်စက်စက် စွန့်ထုတ်လိုက်သော အညစ်အကြေးများကို စူးစမ်းသော မျက်လုံးဖြင့် ငုံ့ကြည့်နေလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် လူသားတို့၏ အစားအစာများကို အလွန်အကျူး စားသုံးခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးများကို သန့်စင်ရန် ကျင့်ကြံခြင်းစွမ်းအားကို အသုံးမပြုခဲ့ပေ။ ထို့ကြောင့် စုပုံနေသော အစာအကြွင်းအကျန်များသည် သဘာဝအတိုင်း ပြန်လည်ထွက်လာခဲ့၏။
သူသည် နတ်ဆိုးလောကရှိ ရှေးဟောင်းမြေအောက်လောက ကိုးပါး နဂါး တို့၏ အနွယ်အဖွားဖြစ်ပြီး နတ်ဆိုးနှင့် သားရဲနှစ်မျိုးစပ် သတ္တဝါတစ်ဦး ဖြစ်သည်။ မွေးကတည်းက အင်မော်တယ်ဧကရာဇ် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ သူသည် အခြားနတ်ဆိုးသားရဲများ၊ အင်မော်တယ်သားရဲများ သို့မဟုတ် ကောင်းကင်ရေစင်များကိုပင် စားသုံးသော်လည်း သူ၏ အစွမ်းထက်သော နတ်ဆိုးခန္ဓာကိုယ်က ကျင့်ကြံခြင်းစွမ်းအားအဖြစ် ပြောင်းလဲပေးလေ့ရှိသည်။
တစ်နည်းအားဖြင့်ဆိုရသော် သူ မွေးဖွားလာကတည်းက ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို စွန့်ထုတ်ရန် တစ်ခါမျှ မလိုအပ်ခဲ့ဖူးပေ။ ယခုမှာ သူ၏ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူသည် မစင်ဆိုသည်မှာ မည်ကဲ့သို့ပုံစံရှိသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ထိုအရာက သူကိုယ်တိုင် စွန့်ထုတ်လိုက်ခြင်းလည်း ဖြစ်နေသည်။
ဤမျှလောက် နံစော်သော အရာတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ အမှန်တကယ် ထွက်လာသည်ဆိုသည်ကို သူ မယုံကြည်နိုင်အောင် ဖြစ်နေချေသည်။
" ဒေါက်... ဒေါက်... ဒေါက်... လုံယဲ့... မင်း အထဲမှာ ဘာလုပ်နေတာလဲ... "
" နတ်ဆိုးအရှင်က ငါတို့ကို ခေါ်နေပြီ..မြန်မြန်ထွက်ခဲ့တော့ .."
အိမ်သာအပြင်မှ မေ့ကျီက တံခါးကို ခေါက်ကာ ပြောလိုက်သည်။
မေ့ကျီသည် ဘေးအိမ်သို့ သွားကာ နတ်ဆိုးအရှင်ကို သွားရောက်ရှာဖွေစဉ်ကတည်းက လုံယဲ့မှာ အိမ်သာထဲသို့ ရောက်နေခဲ့ခြင်း ဖြစ်သည်။ ယခု သူ ပြန်ရောက်လာသည့်တိုင်အောင် လုံယဲ့မှာ အပြင်သို့ ထွက်မလာသေးပေ။ အကယ်၍ ကိုယ်လက်သန့်စင်နေသည်ဆိုလျှင်ပင် အလွန် ကြာလွန်းနေလေပြီ ။
" မေ့ကျီ... မင်းလား..မင်း လာတာ အချိန်ကိုက်ပဲ.. "
လုံယဲ့က အိမ်သာတံခါးကို ဖွင့်လိုက်ပြီး လမ်းဖယ်ပေးကာ သူ၏နောက်မှ အိမ်သာအိုးကို ညွှန်ပြလိုက်သည်။
" ခုနက ငါ့ဗိုက် နည်းနည်း မအီမသာ ဖြစ်နေတာနဲ့ အိမ်သာလာလိုက်တာ.. မထင်မှတ်ဘဲ ငါ့ခန္ဓာကိုယ်ထဲကနေ ဒီလို ညစ်ပတ်တဲ့အရာတွေ ထွက်လာတယ်.. "
အိမ်သာထဲတွင် ပျံ့လွင့်နေသော အနံ့ဆိုးကို ရလိုက်သည့်အခါ မေ့ကျီမျက်မှောင်ကြုတ်သွားသော်လည်း အိမ်သာအိုးအနားသို့ ချဉ်းကပ်ကာ ခွက်ထဲရှိ အညစ်အကြေးများကို ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် စိုက်ကြည့်နေသည်။
" ဟမ်... ဒါက ဘာလဲ.. "
" ငါ မမှားဘူးဆိုရင် ဒါက လူသားတွေ ခေါ်ကြတဲ့ မစင် ဆိုတာ ဖြစ်ရမယ်.. "
" မစင် ဟုတ်လား.. မင်း အီးပါလိုက်တာလား.. "
မေ့ကျီ၏ အမူအရာမှာ အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး သူ၏ရှေ့မှ အညစ်အကြေးများကို ပို၍ စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူသည်လည်း မွေးဖွားလာကတည်းက တစ်ခါမျှ အီးမပါခဲ့ဖူးသဖြင့် မစင်ဆိုသည်မှာ အမှန်တကယ် မည်သို့ပုံစံရှိသည်ကို မသိချေ။ လုံယဲ့ကဲ့သို့ပင် မစင်ကို သူ၏ ကိုယ်ပိုင်မျက်လုံးဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
လုံယဲ့က လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ထိုနေရာသို့ ဖြတ်သွားသော ရှန့်သည် မေ့ကျီနှင့် လုံယဲ့တို့ အိမ်သာထဲတွင် ပူးကပ်နေကြသည်ကို မြင်လိုက်ရသဖြင့် စပ်စုလိုစိတ်ဖြင့် ရောက်ရှိလာပြန်သည်။
" ဝါး... ဒါ ဒဏ္ဍာရီထဲက... မစင် ပေါ့လေ.. "
" ဒီလောက် အနီးကပ် မြင်ဖူးတာ ဒါ ပထမဆုံးပဲ.. "
" အနံ့က ဆိုးလိုက်တာ.. ဥပုပ်သီးအတိုင်းပဲ ..."
နတ်ဆိုးလောကရှိ ဟဲဖှာမျိုးနွယ် သည် ရှေးဟောင်းနည်းလမ်း အမျိုးမျိုးကို သုတေသနပြုရန် အစွဲအလမ်းကြီးသူများအဖြစ် လူတိုင်းက အသိအမှတ်ပြုထားကြသည်။
ဟဲဖှာမျိုးနွယ်မှ တစ်စုံတစ်ယောက်အကြောင်းကို ပြောလိုက်သည်နှင့် ရှေးဟောင်းကျင့်ကြံခြင်း နည်းလမ်းများကို လေ့လာရန် စိတ်အားထက်သန်နေကြသော အရူးအုပ်စုတစ်ခုအဖြစ် ပထမဆုံး မြင်ယောင်တတ်ကြသည်။
အမှန်စင်စစ် ဤစကားမှာ လုံးဝဥဿုံ မမှန်ကန်ချေ။ ဟဲဖှာမျိုးနွယ်သည် ရှေးဟောင်းနည်းလမ်းများကို သုတေသနပြုရန် အစွဲအလမ်းကြီးသည်မှာ မှန်သော်လည်း ၎င်းမှာ ကမ္ဘာပေါ်ရှိ လမ်းစဉ်များနှင့် အင်မော်တယ်ကျင့်စဥ်များ အားလုံးကို အလွန်စိတ်ဝင်စားသောကြောင့်သာ ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရသော် တစ်စုံတစ်ခုက သူတို့၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည်နှင့် သူတို့သည် ထိုအပေါ်တွင် အစွဲအလမ်းကြီးသွားတတ်ကြသည်။
အိမ်သာအိုးထဲမှ အညစ်အကြေးများကို ကြည့်ရင်း ရှန့်သည် အနံ့ကို မနှစ်သက်သော်လည်း သူမ၏ လှပသော မျက်နှာလေးတွင် ရွံရှာသော အမူအရာ မရှိ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် မစင်များကို အလေးအနက် စိုက်ကြည့်ကာ စတင် လေ့လာနေတော့သည်။
ထိုသည်ကို မြင်သည့်အခါ ထိုနေရာသို့ ဖြတ်သွားသော ယင်းနွီသည်လည်း အိမ်သာထဲသို့ လျှောက်ဝင်လာပြီး အိမ်သာအိုးထဲမှ အညစ်အကြေးများကို စပ်စုစွာ ကြည့်လိုက်သည်။
ထိုလေးယောက်မှာ အိမ်သာအိုးဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အလေးအနက်ထား၍ ဆွေးနွေးနေကြတော့သည်။
ရှန့် ... " လူသားတွေက သူတို့ခန္ဓာကိုယ်ထဲကနေ ဒီလိုအရာမျိုးကို နေ့တိုင်းနီးပါး စွန့်ထုတ်ကြတယ်လို့ ငါ ကြားဖူးတယ်... "
လုံယဲ့ ..." တစ်နေ့မှာ ဒီလို ညစ်ပတ်တဲ့အရာတွေ ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး ..."
ရှန့် ..." ဒါက လုံယဲ့ ပါလိုက်တဲ့ အီးပေါ့.. ငါတို့တွေရဲ့ အလှည့်ကရော ဘယ်တော့လဲ.. "
မေ့ကျီ ... " လူသားတွေ စွန့်ထုတ်တဲ့ မစင်က အမျိုးအစား အများကြီး ရှိတယ်လို့ ပြောကြတယ်.. တချို့က အရမ်းမာပြီး တချို့ကတော့ ရွှံ့ဗွက်အိုင်လိုပဲ.. အရောင်တွေတောင် ကွဲပြားနိုင်သေးတယ်.. "
" အော်... အဲ့လောက်တောင် အံ့သြဖို့ကောင်းတာလား..အမျိုးအစားတွေ အများကြီး ရှိတာပဲ.. "
မေ့ကျီက ပြောသည်ကို ကြားသည့်အခါ ရှန့်မှာ ပို၍ပင် စိတ်ဝင်စားသွားတော့သည်။
" လူသားတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အတူတူပဲကို ဘာဖြစ်လို့ မတူညီတဲ့ မစင်တွေကို စွန့်ထုတ်နိုင်ကြတာလဲ.. "
" သူတို့ စားတဲ့ အစားအစာတွေ မတူလို့ ဖြစ်နိုင်မလား.. "
" ဒါမှမဟုတ် ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေ ကွဲပြားလို့လား... "
" ငါတော့ နားမလည်တော့ဘူး.. နောက်တစ်ခါ နင်တို့ထဲက ဘယ်သူမဆို အီးပါရင် ငါ့ကို အရင်လာ ပြောနော်.. ငါ သေချာ လေ့လာရမယ်.. "
" ... "
ယင်းနွီမှာမူ ဘေးတွင် ဆောင့်ကြောင့်ထိုင်၍ မေ့ကျီနှင့် အခြားနှစ်ယောက် အပြန်အလှန် ဆွေးနွေးနေသည်ကို စကားတစ်ခွန်းမှ ဝင်မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေသည်။
ထိုအချိန်တွင် လင်းဖန်သည် အိမ်ထဲသို့ လျှောက်ဝင်လာပြီး ခေါင်းလှည့်ကြည့်လိုက်ရာ မေ့ကျီတို့ လေးယောက် အိမ်သာအိုးဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အသည်းအသန် ဆွေးနွေးနေကြသည်ကို မြင်လိုက်ရ၏။
" မင်းတို့ လေးယောက်... ဘာလုပ်နေကြတာလဲ.. "
" အို... အို... နတ်ဆိုးအရှင်.. အရှင် လာတာ အချိန်ကိုက်ပဲ.. ကျွန်တော်တို့တွေ မစင်ကို ကြည့်နေတာ.. အရှင်ရော လာကြည့်ဦးမလား.. "
" ဒါက လုံယဲ့ ခုနက ပါလိုက်တဲ့ အီးပဲ.. အရှင်လည်း ဒါမျိုး တစ်ခါမှ မြင်ဖူးမှာ မဟုတ်ဘူး .."
လင်းဖန် ရောက်လာသည်ကို မြင်သည့်အခါ ရှန့်နှင့် အခြားသူများက အသစ်တွေ့ရှိထားသော ရတနာတစ်ခုကို မျှဝေပြသနေသကဲ့သို့ စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်း ပြလိုက်ကြသည်။
" ... မစင်ကို ကြည့်နေတာ ဟုတ်လား... "
ထိုစကားကို ကြားသည်နှင့် လင်းဖန်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး ဒေါသကြောင့် အသက်ရှူမှားမတတ် ဖြစ်သွားသည်။
သူ ထိုလေးယောက်ကို ခေါ်ထားသော်လည်း အကြာကြီး စောင့်သည့်တိုင်အောင် တစ်ယောက်မှ ရောက်မလာသဖြင့် သူကိုယ်တိုင် လာရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် သူ၏ ကြီးကျယ်လှသော နတ်ဆိုးစစ်သူကြီး လေးဦးမှာ အိမ်သာထဲတွင် ဆောင့်ကြောင့်ထိုင်ကာ အိမ်သာအိုးထဲမှ ချီးတုံးကို အားရပါးရ စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရမည်ဟု လုံးဝလုံးဝ ထင်မထားခဲ့ချေ။
အခြေအနေကို မသိသောသူများသာ မြင်ပါက သူတို့ အိမ်သာထဲတွင် စားသောက်နေကြသည်ဟု ထင်မှတ်သွားပေလိမ့်မည်။
သူ ဒေါသထွက်နေသည့်ကြားမှ ဤမြင်ကွင်းက မီးလောင်ရာ လေပင့်သလို ဖြစ်သွားတော့သည်။
လင်းဖန်သည် အိမ်သာအိုးအနားသို့ အမြန်လျှောက်သွားပြီး ရေဆွဲခလုတ်ကို နှိပ်လိုက်သည်။
' ဝေါးးး... '
အသံနှင့်အတူ အိမ်သာထဲတွင် ရေများ လည်ပတ်သွားပြီး စုပုံနေသော အညစ်အကြေးများ အားလုံးမှာ မျောပါသွားတော့သည်။
" အ..... နတ်ဆိုးအရှင်.. ဘာလုပ်လိုက်တာလဲ.. သမီး သေချာ မလေ့လာရသေးဘူးလေ... "
" အနည်းဆုံးတော့ မှတ်တမ်းတင်ထားဖို့အတွက် နမူနာလေး တစ်ခုလောက်တော့ ယူခွင့်ပေးပါဦး... "
ရှန့်က အိမ်သာအိုးကို နှမြောတသစွာ ကြည့်နေသော်လည်း လင်းဖန်က သူမ၏ ခေါင်းကို တစ်ချက် ထုလိုက်ကာ စိတ်တိုတိုဖြင့် ပြောလိုက်သည်။
" ဒီလို အသုံးမကျတဲ့ အရာတွေကို လေ့လာဖို့ ခွင့်မပြုဘူး ..."
ပြောဆိုပြီးနောက် လင်းဖန်သည် ဧည့်ခန်းထဲတွင် ဒေါသတကြီး ထိုင်လိုက်ပြီး သူ၏ ရှေ့ကို ညွှန်ပြလိုက်သည်။
" မင်းတို့ လေးယောက်စလုံး ဒီကိုလာပြီး သေချာ ရပ်နေစမ်း .."
မေ့ကျီနှင့် အခြားသူများသည် သူ၏ ရှေ့တွင် တစ်တန်းတည်း ရပ်လိုက်ကြပြီး လက်များကို နောက်ပစ်ထားလိုက်ကြသည်။
" မေ့ကျီ... မင်းက ငါ ခန့်အပ်ထားတဲ့ နတ်ဆိုးစစ်သူကြီး လေးဦးထဲက ပထမဆုံး တစ်ယောက်နော်.. မင်းက သူတို့ကို ငါ့ကိုယ်စား သေချာ ထိန်းသိမ်းရမှာ မလား.. အခုတော့ မင်းကပါ သူတို့နဲ့အတူ ရောယောင်ပြီး လုပ်နေတယ်ပေါ့... "
" လုံယဲ့... မင်းကလည်း ဒီရက်ပိုင်း အစားတွေ အရမ်းစားနေတာပဲ.. တကယ် ဗိုက်မဆာဘူးဆိုရင် နောက်ဆို ဒီလောက်အထိ အများကြီး မစားရဘူး.. "
" ပြီးတော့ နင်... ရှန့်..မရယ်နဲ့ဦး.. တစ်နေကုန် အိမ်မှာနေပြီး ဂိမ်းဆော့နေတာပဲ ရှိတယ်..ပြီးတော့ ငါ့ဆီကနေ စကင်ဝယ်ဖို့ ပိုက်ဆံတောင်းရဲသေးတယ်ပေါ့.. "
" ယင်းနွီ... နင်ကတော့... "
ယင်းနွီကို ပြောရန်အလှည့်တွင် လင်းဖန်မှာ ရုတ်တရက် စကားစ ပျောက်သွားတော့သည်။ သူ အကြာကြီး စဉ်းစားသော်လည်း သူမကို ဆူပူစရာ ရှာမတွေ့ချေ။
ယင်းနွီသည် ပုံမှန်အားဖြင့် တိတ်ဆိတ်ပြီး အေးအေးဆေးဆေး နေတတ်သူ ဖြစ်ကာ အတော်ပင် လိမ္မာလှသည်။ ထိုလေးယောက်ထဲတွင် သူမမှာ ပြဿနာ အနည်းဆုံးသူ ဖြစ်ပုံရသည်။
ယင်းနွီသည် သူမ၏ မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး လင်းဖန်၏ စကားကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
လင်းဖန် ခဏ တိတ်ဆိတ်သွားပြီးမှ မှာကြားလိုက်သည်။
" ယင်းနွီ... နင်က အလိမ္မာဆုံးပဲ..ကိစ္စမရှိရင် သူတို့နဲ့ သိပ်ပြီး မပတ်သက်နဲ့.."
" အင်း ..."
ယင်းနွီက နာခံမှုရှိစွာ ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ရှန့်ကမူ မျက်နှာဆူပုပ်လျက် မကျေမနပ် ရှင်းပြလိုက်သည်။
" နတ်ဆိုးအရှင်... သမီးတို့က အခုထိ ပြန်ဖို့ နည်းလမ်း ရှာမတွေ့သေးဘူးလေ.. အဲ့ဒါကြောင့် ပျင်းလို့ ဂိမ်းဆော့ပြီး အပျင်းဖြေနေရတာပါ.. "
သူမ ထိုသို့ ပြောလိုက်သည်နှင့် လုံယဲ့နှင့် မေ့ကျီတို့သည်လည်း ထောက်ခံသောအားဖြင့် ခေါင်းညိတ်ပြကြသည်။
လောလောဆယ်တွင် ပြန်ရန် နည်းလမ်း မရှိသဖြင့် သူတို့ ဘာလုပ်ရမည်ကို မသိကြချေ။ တစ်နေ့ကုန် အိမ်မှာပဲ အောင်းနေရသည်မှာ တကယ့်ကို ပျင်းစရာ ကောင်းလှသည်။
" အလုပ်မရှိဘူး ဟုတ်လား.. ဒါဆိုရင် မင်းတို့ အားလုံး အလုပ်သွားရှာကြစမ်း... "
လင်းဖန်က စိတ်တိုတိုဖြင့် ပြောလိုက်သည်။
ဤရက်ပိုင်းအတွင်း မေ့ကျီနှင့် အခြားသူများသည် ဤကမ္ဘာအကြောင်းကို အခြေခံအားဖြင့် နားလည်လာကြလေပြီ ။
သူတို့ကို နေ့တိုင်း အိမ်မှာ အားယားနေပြီး ချီးတုံးတွေကို လေ့လာနေခိုင်းမည့်အစား အပြင်ထွက်ပြီး အလုပ်လုပ်ခိုင်းခြင်းက ပို၍ ကောင်းပေလိမ့်မည်။ ၎င်းမှာ အချိန်ကုန်စေရုံသာမက အပိုဝင်ငွေလည်း ရရှိနိုင်သဖြင့် အိမ်အသုံးစရိတ် ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချပေးနိုင်မည်ပင်။
Chapter 158
~
အခန်း ၁၅၈ : အလုပ်ရှာရသည်က မလွယ်...
~
" ငါတို့ ဘာလုပ်ကြမလဲ..နတ်ဆိုးအရှင်က ငါတို့ကို အလုပ်ရှာခိုင်းနေပြီ.. "
ဧည့်ခန်းထဲတွင် လင်းဖန်က အားလုံးကို ဆူပူကြိမ်းမောင်း၍ ထွက်သွားပြီးနောက် မေ့ကျီနှင့် အခြားသူများသည် ချက်ချင်း အစည်းအဝေးထိုင်ကာ တိုင်ပင်ကြတော့သည်။
မေ့ကျီသည် ဆပ်ကျူးဘတ်စ် မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ပြီး လုံယဲ့မှာ မြေအောက်လောကကိုးပါးနဂါး၏ အနွယ်အဖွားဖြစ်သည်။ နတ်ဆိုးစစ်သူကြီး ရှန့်မှာမူ ဟဲဖှာမျိုးနွယ်တွင် သက်တမ်းအရှည်ဆုံး ရှင်သန်နေသည့် ပြိုင်ဘက်ကင်း ပါရမီရှင်မလေးဖြစ်ကာ ယင်းနွီမှာလည်း အရိပ်မျိုးနွယ် မှ မွေးဖွားလာသည့် ထူးခြားဆန်းပြားသော မိန်းကလေးတစ်ဦးဖြစ်သည်။
သူတို့လေးဦး၏ မိသားစုနောက်ခံများမှာ ထူးခြားလွန်းလှပြီး မွေးကတည်းက ရွှေဇွန်းကိုက်လာသူများဟု ပြောလျှင်ပင် မှားမည်မထင်။ အင်မော်တယ်နတ်ဆိုးတိုက်ကြီး ပေါ်တွင် သူတို့တစ်ဦးချင်းစီမှာ နယ်မြေတစ်ခုကို စိုးမိုးထားနိုင်သည့် ပြိုင်ဘက်ကင်း ပညာရှင်များ ဖြစ်ကြလေသည်။
သူတို့ မွေးဖွားလာကတည်းက ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းမှလွဲ၍ အခြားမည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ဖူးသလို အလုပ်အကိုင်တစ်ခုကိုလည်း ရှာဖွေရန် စိတ်မကူးဖူးကြပေ။
အထူးသဖြင့် ကျင့်ကြံခြင်းစွမ်းအား မရှိသော ဤကမ္ဘာတွင် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြနိုင်သလို စွမ်းအားများကိုလည်း အသုံးမပြုနိုင်ချေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အလုပ်လုပ်ရန် ခိုင်းစေခြင်းမှာ သူတို့ကို လမ်းစပျောက်စေပြီး များစွာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် သူတို့သည် ဤကမ္ဘာတွင် အလုပ်တစ်ခုကို မည်သို့ရှာရမည်ကိုပင် မသိကြချေ။
အားလုံးက ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် မေ့ကျီမှာမူ တိတ်ဆိတ်နေပြီး သူ၏ လက်ချောင်းများက ဖုန်းမျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေသည်။
" မေ့ကျီ... မင်း အကြံတစ်ခုခု ရနေပြီလား... "
လုံယဲ့က မေးလိုက်သည်။
ကျန်ရှိနေသော သုံးဦးမှာလည်း သူ့ထံသို့ သိချင်သောအကြည့်များဖြင့် လှည့်ကြည့်လိုက်ကြ၏။
နတ်ဆိုးအရှင်၏ အမိန့်နှင့် ပတ်သက်လာလျှင် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပထမဆုံး အကောင်အထည်ဖော်တတ်သူ ဖြစ်သည်။ တိုက်ပွဲထဲသို့ ပြေးဝင်ရမည်ဆိုလျှင်ပင် သူ အနည်းငယ်မျှ တွန့်ဆုတ်မည် မဟုတ်ပေ။
နတ်ဆိုးအရှင် အမိန့်ပေးတိုင်း သူသည် အမြန်ဆုံးနှင့် အကောင်းဆုံး အကောင်အထည်ဖော်နိုင်သူ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် နတ်ဆိုးအရှင်က အလုပ်ရှာရန် အမိန့်ပေးထားသဖြင့် သူသည် အကြံတစ်ခုခု ရရှိထားပြီး ဖြစ်ကာ စတင် လုပ်ဆောင်နေပြီ ဖြစ်ရမည်ဟု အားလုံးက မျှော်လင့်နေကြသည်။
အားလုံး မျှော်လင့်ထားသည့်အတိုင်းပင် မေ့ကျီသည် သူ၏ ဖုန်းကို မြှောက်ပြလိုက်ပြီး မျက်နှာပြင်ကို လုံယဲ့နှင့် အခြားသူများဘက်သို့ လှည့်လိုက်သည်။
" ငါ ကိုယ်ရေးမှတ်တမ်း ရေးနေတာ... "
" ကိုယ်ရေးမှတ်တမ်း ဟုတ်လား.. "
လုံယဲ့နှင့် အခြားသူများမှာ ကိုယ်ရေးမှတ်တမ်းဆိုသည်မှာ ဘာမှန်း လုံးဝမသိသဖြင့် ဇဝေဇဝါ ဖြစ်သွားကြသည်။
ထိုသည်ကို မြင်သည့်အခါ မေ့ကျီက အတိုချုံ့ ရှင်းပြလိုက်သည်။
" ကိုယ်ရေးမှတ်တမ်းဆိုတာက ဒီကမ္ဘာက လူသားတွေ အလုပ်ရှာတဲ့အခါ ဖြည့်စွက်ရတဲ့ ကိုယ်ရေးအချက်အလက်တွေပဲ..ဒီကမ္ဘာမှာ အပြင်ထွက်စရာ မလိုဘူး.. အွန်လိုင်းကနေ ကိုယ်ရေးမှတ်တမ်း ဖြည့်ပြီး ကုမ္ပဏီတွေကို ပို့လိုက်ရုံနဲ့ အလုပ်ရှာလို့ရတယ်.. "
" အို... ဒီကမ္ဘာက လူသားတွေက အဲ့လောက်တောင် အံ့သြဖို့ကောင်းတာလား.. အိမ်ကနေ မထွက်ဘဲနဲ့ အလုပ်ရှာနိုင်တယ်ပေါ့.. "
လုံယဲ့နှင့် အခြားသူများမှာ အံ့အားသင့်သွားကြပြီးနောက် ချက်ချင်းပင် ထရပ်ကာ မေ့ကျီ၏ ဘေးသို့ ဝိုင်းလာကြသည်။
" မြန်မြန်... ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ ဒီအရှင်ကို သင်ပေးစမ်း ..."
" ဒီကိုယ်ရေးမှတ်တမ်းကို ဘယ်မှာ ရေးရမှာလဲ... "
" ... ငါလည်း သိချင်တယ်.. "
အားလုံး၏ အသည်းအသန် မေးမြန်းမှုများအောက်တွင် မေ့ကျီမှာ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
" ငါလည်း ကိုယ့်ဘာသာကိုယ် ရှာနေတုန်းပဲဟ.. ကိုယ်ရေးမှတ်တမ်း ပုံစံထဲမှာ ဘယ်လို ဖြည့်ရမလဲ မသိတဲ့ အချက်တွေ အများကြီး ရှိနေသေးတယ်.. နတ်ဆိုးအရှင်နဲ့ အရှင်မကို တိုင်ပင်ဖို့ လိုလိမ့်မယ် ထင်တယ်.. "
ထိုသို့ပြောပြီးနောက် မေ့ကျီသည် ထရပ်လိုက်ပြီး လုံယဲ့နှင့် အခြားသူများ၏ အကြည့်များအောက်တွင် အခန်းထဲမှ ထွက်ခွာသွားကာ လင်းဖန်၏ တံခါးဝသို့ ရောက်ရှိလာပြီး တံခါးကို အသာအယာ ခေါက်လိုက်သည်။
" နတ်ဆိုးအရှင်... ကျွန်တော် တိုင်ပင်စရာလေး ရှိလို့ပါ.. "
" ဝင်ခဲ့.. "
လင်းဖန်၏ အသံက အိမ်ထဲမှ ထွက်ပေါ်လာသည်။
မေ့ကျီက တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။
" ဘာဖြစ်ပြန်တာလဲ.. "
ဘေးအိမ်မှ တစ်စုံတစ်ယောက်က ပြဿနာ ထပ်ရှာနေသည်ဟု လင်းဖန်က ထင်မှတ်ကာ စိတ်မရှည်စွာ မေးလိုက်ခြင်း ဖြစ်သည်။
" နတ်ဆိုးအရှင်... တကယ်တော့ ဒါက အရှင်နဲ့ တိုင်ပင်ချင်တဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကိစ္စလေးပါ.. အရှင်နဲ့ အရှင်မကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်.. "
မေ့ကျီက တောင်းပန်သောအားဖြင့် ဦးညွှတ်လိုက်သည်။
ဘေးအိမ်မှ ပြဿနာမဟုတ်သည်ကို သိလိုက်ရသည့်အခါ လင်းဖန်၏ မျက်မှောင်က ပြေလျော့သွားပြီး သူ၏ လေသံမှာလည်း ချက်ချင်းပင် နူးညံ့သွားတော့သည်။
" ကိုယ်ပိုင်ကိစ္စ ဟုတ်လား... ဘာဖြစ်လို့လဲ.. "
" အရှင်က ကျွန်တော်တို့ကို အလုပ်ရှာခိုင်းထားတဲ့အတွက် အွန်လိုင်းကနေ ကိုယ်ရေးမှတ်တမ်း တင်ချင်လို့ပါ.. ဒါပေမဲ့ အခက်အခဲလေး တစ်ခုနဲ့ ကြုံနေရပြီး ကိုယ်ရေးမှတ်တမ်းကို ဘယ်လို ဖြည့်ရမလဲ မသိလို့ပါ.. "
မေ့ကျီသည် သူ၏ ဖုန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး မပြီးပြတ်သေးသော ကိုယ်ရေးမှတ်တမ်း ပုံစံကို လင်းဖန်ထံသို့ ကမ်းပေးလိုက်သည်။
ကိုယ်ရေးမှတ်တမ်းအကြောင်း ကြားလိုက်သည့်အခါ လုံယွဲ့သည် သူမကိုယ်တိုင် ပထမဆုံးအကြိမ် ကိုယ်ရေးမှတ်တမ်း ဖြည့်ခဲ့စဉ်က အခြေအနေကို ပြန်လည်သတိရသွားကာ စပ်စုလိုစိတ်ဖြင့် အနားသို့ တိုးကပ်လာသည်။
ကိုယ်ရေးမှတ်တမ်း ဖြည့်သည့် အပိုင်းတွင် သူမအား အတွေ့အကြုံရှိသူဟု ခေါ်ဆိုနိုင်သည် မဟုတ်ပါလော။
လင်းဖန်က ဖတ်ကြည့်လိုက်ပြီးချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
မေ့ကျီ၏ ကိုယ်ရေးမှတ်တမ်းထဲတွင် ပါဝင်သော အချက်အလက်များမှာ လုံယွဲ့၏ ပထမဆုံး ကိုယ်ရေးမှတ်တမ်းနှင့် ထပ်တူနီးပါး ဖြစ်နေသည်။ အသက်မှာ နှစ်ပေါင်း ရာချီရှိနေခြင်း၊ ပညာအရည်အချင်းမှာ မူလတန်းအဆင့်ပင် မရှိခြင်းနှင့် နတ်ဆိုးလောကတွင် နတ်ဆိုးစစ်သူကြီး လေးဦးအဖြစ် တာဝန်ထမ်းဆောင်ကာ စစ်သည်တော် သောင်းနှင့်ချီ၍ ကွပ်ကဲခဲ့ခြင်း စသည့် အလုပ်အကိုင် အတွေ့အကြုံများ ဖြစ်သည်။
" မေ့ကျီ... ဒါကို ဒီလို ရေးလို့ မရဘူးလေ.. "
" မှန်ပါတယ် နတ်ဆိုးအရှင်... အရှင်လည်း ဒီအတိုင်းပဲ ထင်တယ်ပေါ့.. ဒီလို ရေးတာက မသင့်တော်ဘူးလို့ ကျွန်တော်လည်း ယူဆပါတယ်.. ဒီလိုရေးရင် ကျွန်တော့်ရဲ့ နတ်ဆိုးဖြစ်တည်မှုကို ထုတ်ဖော်ပြသလို ဖြစ်သွားပြီး အရှင့်ရဲ့ အမိန့်ကို ချိုးဖောက်မိသလို ဖြစ်သွားမှာပါ.. "
မေ့ကျီက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
လင်းဖန် ဘာပြန်ပြောရမှန်းကို မသိတော့။
သူ စိုးရိမ်သည်မှာ ဤသို့ရေးခြင်းကြောင့် နတ်ဆိုးဖြစ်တည်မှု ပေါ်ပေါက်သွားသည်ထက် အရူးထင်ကာ အလုပ်မခန့်မည်ကိုပင် ။ ဤသို့သော အကြောင်းအရာများအား မည်သူ ယုံကြည်နိုင်ပါမည်နည်း။
" မေ့ကျီ... နတ်ဆိုးလောကမှာ ရခဲ့တဲ့ အတွေ့အကြုံတွေ အားလုံးကို ကျောင်းက အတွေ့အကြုံတွေအဖြစ် ပြောင်းလိုက်.. ဥပမာ... နတ်ဆိုးလောကမှာ စစ်သည် တစ်သိန်းကို ကွပ်ကဲခဲ့တယ်ဆိုတာကို ကျောင်းအတွင်းမှာ လူပေါင်း သောင်းနဲ့ချီတဲ့ အကြီးစား အဖွဲ့လိုက် လှုပ်ရှားမှုတစ်ခုကို စီစဉ်ခဲ့တယ်လို့ ပြောင်းလိုက်.. "
လင်းဖန်က ကိုယ်ရေးမှတ်တမ်း၏ ကျောင်းအတွေ့အကြုံအပိုင်းရှိ အချက်အလက်များကို ပြင်ဆင်ရန် အကြံပြုလိုက်သည်။
မေ့ကျီသည် ထိုစကားကို ကြားသည့်အခါ သူ၏ မျက်နှာတွင် အလွန်အမင်း အထင်ကြီး လေးစားသော အရိပ်အယောင်များ ပေါ်လာသည်။
" ဪ... ဒါကြောင့်..အရှင်က နတ်ဆိုးအရှင် ဖြစ်နေတာကိုး..."
" နတ်ဆိုးလောကက ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ဒီကမ္ဘာက အတွေ့အကြုံတွေအဖြစ် အသွင်ပြောင်းဖို့ကို တွေးမိတယ်ပေါ့ .."
" ဒီနည်းလမ်းဆိုရင် ကျွန်တော့်ကို ဘယ်သူမှ သံသယဝင်မှာ မဟုတ်တော့ဘူး ..."
ထိုသို့ပြောပြီးနောက် မေ့ကျီသည် လင်းဖန်၏ ရှေ့မှောက်တွင်ပင် သူ၏ ကိုယ်ရေးမှတ်တမ်းကို ပြင်ဆင်လိုက်သည်။
မကြာမီမှာပင် သူ ပြင်ဆင်ပြီးသော ကိုယ်ရေးမှတ်တမ်းကို လင်းဖန်ထံသို့ ကမ်းပေးလိုက်၏။
လင်းဖန်က ကြည့်ရှုပြီးနောက် ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။
" အင်း... မဆိုးဘူး..အများကြီး ပိုကောင်းသွားပြီ.. "
ပြင်ဆင်ပြီးနောက်တွင် အစောပိုင်းက ကလေးဆန်သော စိတ်ကူးယဉ်သမားတစ်ဦး ရေးထားသကဲ့သို့ ဖြစ်နေသော ကိုယ်ရေးမှတ်တမ်းမှာ အတော်ပင် ကြည့်ကောင်းသွားတော့သည်။
သူ၏ အသက် သို့မဟုတ် ကျောင်းအတွေ့အကြုံ ဖြစ်စေ၊ အရာရာကို အွန်လိုင်းမှ တွေ့ရှိသော ကိုယ်ရေးမှတ်တမ်း ပုံစံများနှင့်အညီ ပြုပြင် မွမ်းမံထားပြီး နတ်ဆိုးလောကမှ နတ်ဆိုးစစ်သူကြီးအဖြစ် သူ ရရှိခဲ့သော အတွေ့အကြုံများနှင့် ပေါင်းစပ်ထားသည်။ ယခုအခါတွင်မူ ဤသည်က သာမန် လူသစ် တစ်ဦး၏ ကိုယ်ရေးမှတ်တမ်းနှင့် ဘာမှ မခြားတော့ချေ။
" နတ်ဆိုးအရှင်ရဲ့ ချီးကျူးမှုကို ရရှိတဲ့အတွက် ကျွန်တော် အလွန် ဂုဏ်ယူမိပါတယ်.. "
မေ့ကျီ၏ နှုတ်ခမ်းဖျားတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာပြီးနောက် သူက ချက်ချင်းပင် ထပ်မံ မေးလိုက်သည်။
" နတ်ဆိုးအရှင်... ဒါဆိုရင် ဒါကို အခု တင်လိုက်လို့ ရပြီလား .."
" စမ်းကြည့်လေ .."
လင်းဖန်က အတည်ပြုချက် ပေးလိုက်သည့်အခါ လုံယွဲ့သည်လည်း ထိုအချိန်တွင် စီနီယာတစ်ဦး၏ အမူအရာဖြင့် ကြားဝင် ပြောလိုက်သည်။
" ဒီဧကရီလည်း အခု နင်လုပ်သလိုမျိုး ကိုယ်ရေးမှတ်တမ်း တင်ပြီးတော့မှ အလုပ်ရှာတွေ့ခဲ့တာပဲ.. နင့် စိတ်ကိုတော့ ကြိုတင် ပြင်ဆင်ထားရမယ်..ဒီကမ္ဘာမှာ အလုပ်ရှာရတာက ထင်သလောက်မလွယ်ကူဘူး.."
" ဘယ်သူ့ဆီကမှ အကြောင်းပြန်တာ ဒါမှမဟုတ် အင်တာဗျူး ခေါ်တာမျိုး မရခင်အထိ အချိန်အကြာကြီး စောင့်ရနိုင်တယ်.. "
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မေ့ကျီက ခေါင်းမော့လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျွန်တော့်ဆီကို အင်တာဗျူး ခေါ်စာ ရောက်လာပုံရတယ် .."
" အမ်... "
လုံယွဲ့၏ အမူအရာမှာ ချက်ချင်းပင် အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။
'နင်...အရမ်း မြန်လွန်းမနေဘူးလား..'
သူမ တုန်းကဆိုလျှင် အင်တာဗျူး ခေါ်စာ ရရှိရန်အတွက် ဘာသတင်းမှ မကြားဘဲ ရက်ပေါင်းများစွာ စောင့်ခဲ့ရသည်ကို ပြန်လည် သတိရသွားသည်။
ထိုသည်နှင့် နှိုင်းယှဉ်လျှင် ဧကရီဖြစ်သော သူမသည် မည်သူမှ မလိုချင်သောသူကဲ့သို့ ဖြစ်နေချေသည်။
ထိုအချိန်တွင် လုံယွဲ့မှာ ပြင်းထန်သော စိတ်ဒဏ်ရာကို ခံစားလိုက်ရပြီး မိမိကိုယ်ကို သံသယဝင်လာတော့သည်။
'ဘာလို့ သူက အင်တာဗျူး ခေါ်စာကို ဒီလောက် မြန်မြန် ရရတာလဲ... ဘာကြောင့်လဲ...'
" အင်တာဗျူး ခေါ်စာက ဘယ်လို အလုပ်မျိုးအတွက်လဲ.. "
လင်းဖန်က မေးလိုက်သည်။
မေ့ကျီက အင်တာဗျူး ခေါ်စာကို အလွန် မြန်ဆန်စွာ ရရှိလိုက်သဖြင့် လင်းဖန်အနေဖြင့် သူ မည်သို့သော အလုပ်မျိုးအတွက် ကိုယ်ရေးမှတ်တမ်း တင်ခဲ့သည်ကို စပ်စုချင်သွားသည်။
" ကျွန်တော်လည်း မသိဘူး..ရေးထားတာကတော့... Gigoloတဲ့... "
" Gigolo ဟုတ်လား .."
လင်းဖန်နှင့် လုံယွဲ့တို့၏ အမူအရာမှာ အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားကြသည်။
ထိုသည်က ဒဏ္ဍာရီများထဲတွင် ခေါ်ကြသည့် ထမင်းပျော့စားသူများကို ခေါ်ခြင်း မဟုတ်ပါလော။