အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
Ch 99
( နောက်ဘဝကျရင် ကျုပ်မင်းကို သေချာပေါက် သတ်မှာ)
“ မင်းဘိုးအေကိုသာ လက်နက်ချခိုင်းလိုက်”
အသံဆုံးသည်နှင့် လုယန် နေရာကနေ ပျောက်ကွယ်သွားပြီး အရိုးတောင် အလည်တည့်တည့်မှာ ပြန်ပေါ်လာကာ၊ မည်းမှောင်နေသော မျက်နှာနှင့် မြေကြီးကို စတင် တူးပါတော့၏။
ဝုန်း
စွမ်းအင်ကြော ထွက်ပေါ်လာချိန်မှာ ကောင်းကင်နှင့်မြေကြီး တုန်ခါသွားသည်.. ယင်ချီစွမ်းအင်တွေက အမြင့်ဆုံးအထိ ပြင်းထန်လာ၏။ ထိုနေရာမှ စိမ့်ထွက်နေသော စွမ်းအင်တွေက ကောင်းကင်ပေါ်ကို မြစ်တစ်စင်းလို စီးဆင်းသွားသည်။
ကောင်းကင်အလောင်းစွမ်းအင်ကြော။
အရိုးတောင်အောက်က စွမ်းအင်ကြောအတွင်းမှာ တိမ်မြုပ်နေသော ထိုစွမ်းအင်ကြောသေးသေးလေးကို လုယန် အတင်းဆွဲထုတ်လိုက်သည့်အတွက် အရိုးတောင်တစ်ခုလုံး ပြင်းထန်စွာ ငလျင်လှုတ်လာတော့၏။
ထိုအချိန်မှာ ကောင်းကင်ပေါ်က စွမ်းအင်မြစ်ကြီးက လုယန်ကိုလွှမ်းခြုံပစ်လိုက်သည်။ လုယန်ကိုယ်ပေါ်က မီးပွားစတွေ ငြိမ်းသွားလေပြီ။
ပန်းလုံသခင်လည်း မျက်ခုံးတွေတွန့်ပြီး အံ့သြရိပ်သန်းသွားသည်။
“ ကောင်းကင်အလောင်းစွမ်းအင်ကြောလား၊ ဒီနေရာမှာ ရှိနေတာလား”
မီးနဂါး၏ မီးလုံးသည် ယန်ဓာတ်သစ်သားကို ယင်ကမ္ဘာဓာတ်ဖြင့် လောင်ကျွမ်းစေခြင်းမှ အခြေခံဖြစ်ပေါ်သည်။ တစ်နည်းပြောရလျှင် ယင်ကမ္ဘာဓာတ်က လောင်စာတစ်ခုဖြစ်လာ၏။ ထို့ကြောင့် မီးနဂါးမီးတောက်ကို ဖော်ထုတ်ချင်လျှင် နှစ်မျိုးလုံးလိုအပ်သည်။
“ ဒီကောင်းကင်အလောင်းစွမ်းအင်က ကမ္ဘာ့မြေအောက်က အကိုင်းခွဲတွေမှာ ရှိတာမလို့ ယင်ကမ္ဘာဓာတ်ပါဝင််တယ်”
“ ပြီးတော့ ကမ္ဘာဓာတ်က နူးညံ့တယ်.. တစ်ချိန်ထဲမှာ နူးညံ့ပြီး မာကြောတဲ့ သစ်သားစွမ်းအင်နဲ့ အလားသဏ္ဍာန်တူတာမလို့ ဒီကောင်းကင်အလောင်းစွမ်းအင်ကို သစ်သားစွမ်းအင်က အနိုင်မယူနိုင်ဘူး။ ပြီးရင် မြေကြီးကရေကို ထိန်းသိမ်းထားနိုင်စွမ်း ရှိတယ်။ ဒါကြောင့် ဒီစွမ်းအင်က ရေဓာတ်ကိုလဲ မကြောက်ဘူး”
“ ဒီကောင်းကင်အလောင်းစွမ်းအင်က သစ်သားဓာတ်ကိုရော၊ ရေဓာတ်ကိုရော ခံနိုင်ရည်ရှိတာပဲ”
ထိုစွမ်းအင်က မီးနဂါးကို ထိပ်တိုက် မရင်ဆိုင်နိုင်ပေမဲ့ လုယန်ကိုယ်ပေါ်က မီးပွားစအမှုန်အမွှားတွေကိုတော့ ပျောက်ကွယ်အောင် ပြုလုပ်ပေးနိုင်သည်။
ထိုစွမ်းအင်နှစ်မျိုးက အချင်းချင်း ယှဥ်ပြိုင်နိုင်စွမ်း ရှိသွားသောကြောင့် ပေါင်းစပ်လိုက်လျှင် အမြုတေတည်နေရာတစ်ခုကို သွားနိုင်သော လမ်းကြောင်းကို ရရှိနိုင်သည်။ သို့ပေမဲ့ ပန်းလုံသခင်၏ မျက်နှာထက်မှာ လောဘရိပ် တစ်စက်တောင် မရှိပေ။ ထိုအစား သူ အရမ်းသတိထားသော တစ်စုံတစ်ခုကို မတော်တဆ ထိလိုက်မိသလိုမျိုး ဂနာမငြိမ် ဖြစ်နေ၏။
“ ကောင်းကင်အလောင်းစွမ်းအင်က…”
ဤ ကမ္ဘာတစ်ခုလုံးမှာ ထိုလမ်းကြောင်းကို ပေါ်ပေါ်ထင်ထင် ပိုင်ဆိုင်ထားသူ တစ်ဦးသာရှိသည်.. ပန်းလုံသခင် စိတ်ကူးတောင် မယဥ်ရဲခဲ့ပေ။
မီးအိမ်ရှင်လမ်းကြောင်း။
‘ ငါဒီပစ္စည်းကို.ယူလိုက်ရင် သေချာပေါက် လူသန်ကြီးချုံကွမ်နဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ အဲ့ဘိုးတော်က သောက်ရမ်းကြမ်းတယ်.. ငါ..ငါ့ကို သန့်စင်နယ်မြေက ဗုဒ္ဓလောင်းတွေတောင် ကယ်နိုင်တော့မှာ မဟုတ်ဘူး”
ပန်းလုံသခင် ချက်ချင်းပဲ မီးနဂါးဖြင့် မီးတွေ အများကြီး မှုတ်ထုတ်လိုက်သည်။ ထိုမီးတန်းက ကောင်းကင်ပေါ်က စွမ်းအင်စီးကြောင်းနှင့် ထိပ်တိုက် ရင်ဆိုင်ပါတော့၏။ မကြာခင်မှာပဲ စွမ်းအင်စီးကြောင်း ခမ်းခြောက်စ ပြုလာသည်။ ဘယ်လိုပင်ဆိုဆို၊ တစ်ဖက်က အခြေခံတည်ထောင်ခြင်းဆရာကြီး ဖြစ်ပြီး ကျန်တစ်ဖက်က ဒီတိုင်းငစနူလေးပဲလေ။
“ ဒကာလေးက ချောင်ပိတ်ခံရတဲ့ ခွေးတစ်ကောင်လို နောက်ဆုံးအချိန်ထိ ကိုက်ချင်တာလား”
ကောင်းကင်အလောင်းစွမ်းအင် ထွက်ပေါ်လာမှုကြောင့် ပန်းလုံသခင်၏ လေသံက အရင်လို မဖော်ရွေတော့ချေ။ သူ လုယန်နှင့် အချိန်မဖြုန်းချင်တော့ဘူး။
ဘုန်း
လုယန်၏ တုံ့ပြန်မှုကတော့ မြေကြီးတစ်ချက် တုန်ခါမှုနှင့်အတူ ဂတုံးခေါင်းကို ဦးတည်လာသော တစ္ဆေခန်းမကြီးပဲ ဖြစ်သည်။
“ ဒီစောက်သုံးမကျတဲ့ အကွက်တွေပဲလာပြန်ပြီ”
ပန်းလုံသခင် ခေါင်းကို ခပ်ဖွဖွယမ်းလိုက်ပြီး အစောကအတိုင်း ပြန်ခုခံလိုက်သည်။ ခေါင်းထက်က ရတနာအလင်းတွေ ထွန်းလင်းလာသည့်နှယ်၊ သူ့ပုံစံက ပိုမို စင်ကြယ်သွား၏။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ သူ့မျက်နှာထားက ပြောင်းလဲသွားလေရဲ့။
“ ပေါက်ကွဲစမ်း”
ထိုသူ မလှုပ်ရှားနိုင်ခင်မှာပဲ လုယန် လက်ဟန်တစ်ခု ဖန်တီးလိုက်သည်။ အလွန်ခမ်းနားသော တစ္ဆေခန်းမကြီးက စတင်ပေါက်ကွဲလာကာ.. မီးပွားတွေ အဘက်ဘက်ကို လွင့်စင်သွားသည်။ ထို့နောက် ပေါက်ကွဲမှုက ကောင်းကင်အလောင်း စွမ်းအင်ကြောထဲ ဆက်ဖြစ်ပွားသည်။
ဝုန်း ဒုန်း ဒုန်း
နောက်တစ်စက္ကန့်မှာ တိမ်မည်းတွေ ရောက်လာမှုနှင့်အတူ မိုးကြိုးသွားတွေ မြွေလိမ်မြွေကောက်လို ထွက်ပေါ်လာတာကို မြင်လိုက်ရ၏။
“ မကောင်းတော့ဘူး”
ပန်းလုံသခင် အရင်လို အေးအေးဆေးဆေး မနေနိုင်တော့ပေ။ သူ့မျက်နှာက ဖြူလျော်သွားတော့၏။ သူ့ကို ကြောက်ရွံ့စေတာက တစ္ဆေခန်းမ၏ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းလဲ မဟုတ်သလို၊ ကောင်းကင်အလောင်းစွမ်းအင်ကြော ပေါက်ကွဲခြင်းလည်း မဟုတ်ပေ။ ကောင်းကင်အလောင်းစွမ်းအင်ကြောက အခုလို ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ သဘောတူလိုက်သည့် ဆိုလိုရင်းက မကြာခင် အရိုးတောင်အောက်က စွမ်းအင်ကြောတွေပါ ပျက်ဆီးကုန်ပြီး တောင်တစ်ခုလုံး ပြိုကျတော့မည်ဆိုတာပဲ။
“ ဒါက ကောင်းကင်ကိုဆန့်ကျင်တဲ့ပြစ်မှု ကြီးပဲ”
ပန်းလုံ သခင် လက်ချိုးကာ အကျိုးဆက်ကို ရေတွက်ပြီးနောက် သူ့မျက်နှာက ထိတ်လန့်မှုနှင့် ဒေါသတွေ ကြီးစိုးသွားတော့သည်။
“ ဒီကောင်က ဘယ်လိုလုပ် ဒီလိုတွေးရဲရတာလဲ။ ဒီကောင်က တကယ်ပဲ ဘယ်သူလဲ”
သူသည် အမွေအနှစ်ကတစ်ဆင့် နဂါးအသွင်ပြောင်းနည်းကိုးသွယ် ကျင့်ကြံသူကို ခြေရာခံကာ လိုက်လာခဲ့ခြင်း ဖြစ်သည်။
လုယန်၏ ကံတရားကို သူအပြည့်အဝ မဖော်ထုတ်နိုင်ခဲ့ပေမဲ့ ဂရုလည်းမစိုက်ခဲ့ချေ။ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူအတွက် ချီသန့်စင်ခြင်းကျင့်ကြံသူကို အနိုင်ကျင့်ရသည်မှာ ထမင်းစားရေသောက်ထက်တောင် လွယ်ကူသေး၏။
သို့ပေမဲ့ လုယန်မှာ အခုလိုနည်းလမ်းတွေ ရှိနေလိမ့်မည်လို့ သူလုံးဝ မထင်ခဲ့မိဘူး။
တကယ်တော့ ထိုလှည့်ကွက်ကို လုယန်သည် ရွှမ်မင်ထံမှ တစ်ဆင့် သိခဲ့ရတာဖြစ်သည်။ ရွှေအမြုတေဓားချီက လျှို့ဝှက်နယ်မြေထဲ နှစ်ပေါင်းထောင်ချီ ရှိနေခဲ့သည့်တိုင်အောင်၊ ရွှမ်မင်ကို တိုက်ခိုက်လို့မရခဲ့ခြင်းမှာ ရွှမ်မင်က အရိုးတောင်အောက်ရှိ စွမ်းအင်ကြောတွေကို အကာအကွယ်အဖြစ် ယူထားလို့သာ ဖြစ်သည်။
လိုအပ်ခဲ့လျှင် ရွှမ်မင်က ထိုစွမ်းအင်ကြောတွေကို ဖောက်ခွဲပစ်လိုက်မည်။ ထိုအခါ ကောင်းကင်အပြစ်ဒဏ်ကို ရရှိကာ၊ ကံကောင်းမှုတွေအားလုံး ဆုတ်ယုတ်ပေမည်။ ထိုသို့သော ဆိုးဝါးသည့်ကံတရားကို ရွှေအမြုတေကျင့်ကြံသူတောင် မလိုချင်ခဲ့ပေ။ ထိုနောက်ဆုံးကောက်ရိုးမျှင်လေး တစ်ခုထဲနှင့် ရွှမ်မင်သည် မုန်တိုင်းအလယ်မှာ နှစ်တစ်ထောင်ကြာ တောင့်ခံနိုင်ခဲ့တာဖြစ်သည်။
အခု လုယန်က သုံးပစ်လိုက်ပြီ..
နောက်တစ်စက္ကန့်မှာ ပန်းလုံသခင် ခြေတစ်လှမ်း အနောက်ဆုတ်လိုက်သည်။ သူ့အနောက်မှာ ပန်းလုံဘုရားကျောင်း ထွက်ပေါ်သော်လည်း၊ ဘုရားကျောင်းထက်က အလင်းက သိသာစွာ မှိန်ဖျော့သွားသည်။
အဆုံးမှာ ဗုဒ္ဓရောင်ခြည်က လုံးဝပိတ်ကျသွားပြီး ပန်းလုံဘုရားကျောင်းလည်း အက်ကွဲကာ ပြိုကျလေတော့၏။
ပန်းလုံသခင်တစ်ယောက် ဒေါသကြောင့် မျက်လုံးတွေ နီရဲသွားသည်။ သူ့ဘာထိခိုက်မှုမှ မရှိသော်လည်း၊ မျက်နှာထက်မှာ ခါးသီးသော မျက်ရည်စီးကြောင်းနှစ်ခု နေရာယူထားသည်။
“ ငါ့ရဲ့ကံတရား၊ ငါ့ရဲ့ကံကြမ္မာ.. အားလုံးသွားပြီ”
အမှန်တိုင်းပြောရလျှင် သူ ဒဏ်ရာရခဲ့လျှင်တောင် ခံသာပါသည်။
ဒဏ်ရာက ကုသလို့ရသည်။ သန့်စင်နယ်မြေ နောက်ခံနှင့် မကုနိုင်သော ရောဂါ မရှိချေ။ သူ ဒဏ်ရာပြင်းလွန်း၍ သေသွားလျှင်တောင် နောက်ဘဝ ပြန်မွေးဖွားလို့ရသည်။
ပြန်မွေးဖွားပြီးလျှင် ပြန်ကျင့်ကြံဖို့ မျှော်လင့်ချက် ရှိပါသေးသည်။
သို့ပေမဲ့ အခုတော့ သူ့ကံတရားတွေ စုန်းစုန်းမြုပ်ပျောက်ကွယ်သွားခဲ့ပြီ.. ဒီဘဝ သေဆုံးသွားလျှင် နောက်ဘဝ လူတောင် ဖြစ်ပါအုံးမလား။ ခွေးအဖြစ် ဆယ်ဘဝ လောက် ဖြတ်သန်းပြီးလျှင်တောင် ဒီကံတရားအတွက် ပေးဆပ်နိုင်ပါ့မလား။
ဆယ်ဘဝလောက် ခွေးဖြစ်ရတာက သာမာန်သူတွေအတွက်တောင် သေချင်စရာ ကိစ္စပဲ။ အရွယ်ကောင်း အချိန်ကောင်းမှာပဲ ရှိသေးသော ပန်းလုံသခင်က ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
“ ဘာလို့လဲ၊ ဘာလို့လဲ”
ဒေါသထွက်နေပဲ့ ပန်းလုံသခင် တစ်ချိန်ထဲမှာ ရှုတ်ထွေးနေ၏။
“ စွမ်းအင်ကြောကို ဖျက်ဆီးတဲ့ကိစ္စမှာ ငါက ကြံရာပါအနေနဲ့ပဲ ဒဏ်ခတ်ခံရမှာ.. မင်းက တကယ့်တရားခံပဲ”
တာအိုလမ်းစဥ်က မျှတသည်။ ကြံရာပါဖြစ်သော သူက ခွေးဆယ်ဘဝ ဖြစ်လျှင် တရားခံက ခွေးဘဝတစ်ရာ ဖြစ်ပြီးလျှင်တောင်မှ အပြစ်မကြေနိုင်ဘူး။ နောက်ဆုံး တရိစ္ဆာန်ဘဝပြီး၍ ပြန်မွေးဖွားနိုင်အခါမှာလည်း သက်တမ်းတစ်ဝက်နှင့် သေဆုံးရအုံးမည်။ ကျင့်ကြံဖို့မပြောနှင့်..ပိုက်ဆံတောင် ရှာနိုင်မှာ မဟုတ်ပေ။
ဒါကစစ်သားတစ်သိန်းကို ရင်းပြီး ရန်သူတစ်ထောင်ကို သတ်လိုက်တာနှင့် ဘာမှမခြားဘူး။
ပန်းလုံသခင် ဒေါသကြောင့် သွေးအန်ထွက်ချင်သွားသည်။
အခုလို အသေခံမည်ဆိုလဲ စောစောပြောပေါ့.. ဒါဆို ညှိနှိုင်းခဲ့အုံးမည်။ ဒီလိုအန္တရာယ်များတဲ့ ဝှက်ဖဲကြီးရှိနေမှန်း သိရင် သူအခုလို ရန်လိုခဲ့မှာကို မဟုတ်ပေ။
“ သားရဲ.. မင်းက သားရဲပဲ”
“ ဟ”
အသည်းအသန် ရင်ကွဲနာကျင်ပြနေသော ပန်းလုံသခင်ကိုကြည့်ပြီး လုယန် အေးစက်စက်သာ ရယ်မောလိုက်သည်။
ကံကြွေးတဲ့လား..သွားစမ်းပါ။ ဘဝသစ်ပြန်စတာနဲ့ အကုန်လုံးပျောက်ကွယ်သွားမှာပဲ။
“ ဒီတစ်ခေါက်က အတိုးနဲနဲ ယူလိုက်ရုံပဲရှိတာ”
လုယန်တစ်ယောက် ပန်းလုံသခင်ကို စူးရှစွာ ကြည့်နေခဲ့သည်။ ကမ္ဘာ့စွမ်းအင်ကြောကို ဖျက်ဆီးခြင်း၏ အကျိုးဆက်က ပြင်းထန်သော်လည်း၊ လက်ရှိပန်းလုံသခင်ကို နည်းနည်းလေးမှ မထိခိုက်စေခဲ့ဘူး။
လုယန်ကတော့ အခြေအနေ မကောင်းတော့ပေ။ သို့ပေမဲ့ သူ့နှလုံးသားက တိုက်ခိုက်လိုစိတ်များဖြင့် တက်ကြွနေခဲ့သည်။
အခြေခံတည်ထောင်ခြင်းကို အဆင့်တက်တာ ကျရှုံးခဲ့ပေမဲ့ သူအများကြီး အလင်းပွင့်ခဲ့သည်။ နောက်ဘဝမှာ သေချာပြင်ဆင်ထားလိုက်ပါက၊ အခြေအနေကို ပြောင်းပြန်လှန်ပြီး ပန်းလုံသခင်ကို ရင်ဆိုင်နိုင်သေးသည်။
ကျင့်ကြံရတာက ကောင်းကင်ပြာပေါ် ခြေဗလာနှင့် တက်ဖို့ကြိုးစားတာထက်တောင် ခက်ခဲသေး၏။ ဘယ်သူကမှ နောက်ဆုံးအချိန်အထိ မရယ်မောနိုင်ကြပေ။ သို့ပေမဲ့ သက်တမ်းတစ်ရာစာအုပ် ရှိနေသရွေ့ လုယန် ရယ်မောနိုင်အုံးမည်ဖြစ်သည်။
“ နောက်ဘဝမှာ ကျုပ် ခင်ဗျားကို သေချာပေါက် သတ်မှာ”
လုယန် ချက်ချင်းပဲ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တော့၏။ သူ၏ ရှင်းလင်းနေသော အသိစိတ်က ကောင်းကင်အနှံ့ ဖြန့်ကျက်သွားကာ၊ စက်ရုပ်သံတစ်ခုသာ ကြားလိုက်ရသည်။
“ သက်တမ်းတစ်ရာစာအုပ်”
Ch 100
( ကျုပ်က ဂိုဏ်းကို အမြဲသစ္စာရှိခဲ့တဲ့သူပဲ)
.. သင်က ကောင်းကင်အပြစ်ဒဏ်ကို ကျူးလွန်ခဲ့တဲ့ အတွက် ကံကောင်းမှုတွေ ပျောက်ဆုံးခဲ့ပြီး အဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်..
..သက်တမ်းတစ်ရာစာအုပ် လက်ကျန်စာရွက်- ၉၃ ရွက်..
.. ဘဝသစ်ပြန်စချိန်မှာ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ ကျင့်ကြံမှု၊ သက်တမ်း၊ ရတနာ.. သို့မဟုတ် စွမ်းရည်တစ်မျိုးမျိုးကို ကျပန်းရွေးချယ်ပါမည်လား..
“ နာမည်ခေါ်ခဲ့ရတဲ့သူတွေ အရှေ့ထွက်ခဲ့မယ်”
ရင်းနီးသော အသံကိုကြားလိုက်သည်နှင့် လုယန် ခံစားချက်တွေ ဇဝေဇဝါဖြစ်သွားသည်။ သို့ပေမဲ့ သူ လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး သက်တမ်းတစ်ရာစာအုပ်ကို ကြည့်လိုက်၏။
(အမည်- လုယန်)
(သက်တမ်း- ၁၈ နှစ်)
(ကျင့်ကြံခြင်း- ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်)
( စွမ်းရည်- နှစ်ကိုယ်တွဲကျင့်ကြံရေးဝိဇ္ဇာ၊ လှည့်ကွက်စွမ်းရည်)
( ကျင့်စဥ်- နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း- ပြီးပြည့်စုံအဆင့်)
(နတ်စွမ်းရည်- နတ်ဓားထိန်းချုပ်ခြင်းသိုင်း ပြီးပြည့်စုံအဆင့်၊
အစီအမံကျွမ်းကျင်မှုပြီးပြည့်စုံအဆင့်၊
မန္တာန်စာရွက်ကျွမ်းကျင်မှုပြီးပြည့်စုံအဆင့်၊ ကောင်းကင်ကံကြမ္မာဖုံးကွယ်ခြင်း ပြီးပြည့်စုံအဆင့်၊
သူတော်စင်သူခိုးသိုင်း ပြီးပြည့်စုံအဆင့်၊
အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း အသေးစားအောင်မြင်မှုအဆင့်၊
မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်း
အသေးစားအောင်မြင်မှုအဆင့်)
(ရတနာ- သွေးယန်ဓားနဲ့ ဓားဆေးလုံး၊ မူလချီစွမ်းအင်)
(သက်တမ်းတစ်ရာစာအုပ်- စာရွက်၉၃ ရွက်)
ဘဝသစ်ပြန်စသည်နှင့် လုယန်မှာ သူတော်စင်သူခိုးသိုင်း၏ ရွှေစင်ခန္ဓာအဆင့်အတန်းနှင့်အတူ မပြီးမြှောက်သေးသော ကြီးမြတ်သောနတ်စွမ်းအင်ရှိ သိုင်းနှစ်မျိုးသာ ပါလာခဲ့သည်။
“ ရတနာကိုရွေးမယ်”
လုယန် အချိန်မဆွဲရဲစွာ ရွေးချယ်လိုက်သည်။ မကြာခင်မှာပဲ သူ့ဒျန်ထျန်အတွင်းမှာ ထွက်ပေါ်လာသော ခရမ်းပုတ်ရောင် စာလိပ်တစ်ခုကို တွေ့လိုက်ရ၏။
လုယန်၏ အတွေးတစ်ချက်နှင့် ထိုစာလိပ်က တုန်လှုပ်သွားသည်။ ထို့နောက် စာလိပ်ထဲကနေ ကျက်သရေရှိသော ပုံရိပ်တစ်ခု တဖြည်းဖြည်း အရိပ်ထင်လာသည်။ သူမအနောက်မှာ ကြောက်ဖို့ကောင်းသော တစ္ဆေရှစ်ကောင် ရှိနေသည်။ သူမတို့နှင့်အတူ တစ္ဆေခန်းမပါ ထွက်ပေါ်လာပြီး လုယန်ကို ကောင်းမွန်သော ကံတရားတွေ အများကြီး ကျရောက်စေလိုက်သည်။
သို့ပေမဲ့ လက်ရှိ တစ္ဆေခန်းမက အလွန်သေးငယ်နေ၏။
“ ကြည့်ရတာ အရိုးတောင်မှာ မဟုတ်လို့နေမယ်”
လုယန် နားလည်ပါသည်။ အရင်ဘဝတုန်းက တစ္ဆေခန်းမသည် အရိုးတောင်အားကိုးဖြင့် မာန်ထောင်ရဲနေတာဖြစ်ပြီး အခုတော့ ချီဝိညာဥ်တစ်သောင်းစာလိပ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုအတွင်းမှာ နေထိုင်နေရသည်။
လက်ရှိ တစ္ဆေခန်းမက အခြေခံတည်ထောင်ခြင်းအဆင့် အရည်အသွေးတော့ ရှိပါသေးသည်။ သို့ပေမဲ့ အရင်လို ချန်ထိုက်ဟဲ၏ ဝိညာဥ်ကိုတော့ မရင်ဆိုင်နိုင်လောက်ဘူး။ အဆင့်အတန်းလိုအပ်သည့် ကံတရားထောက်လှမ်းခြင်းမျိုးမှာပဲ အကူအညီ ဖြစ်ပေးနိုင်လောက်သည်။
သို့ပေမဲ့ ဒါက ပြဿနာကြီးမဟုတ်ပေ။ အရိုးတောင်က ခြေထောက်ပေါက်ပြီး ထွက်ပြေးနိုင်တာမှ မဟုတ်ဘဲ။ အနာဂတ်မှာ အခွင့်အရေးရလာတာနှင့် ထိုနေရာကို သွားပြီး ပြန်အားဖြည့်လိုက်လို့ ရပါသေးသည်။
“....”
လုယန် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ ဤတစ်ခေါက်မှာ ဘယ်လိုမှ စုံစမ်းလို့မရတော့သော ချန်ထိုက်ဟဲတစ်ယောက် နောက်ဆုံးတော့ ဒေါသတကြီး လက်လျော့လိုက်လေ၏။
လုယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။ သူ့မျက်နှာကလည်း တည်ငြိမ်သွားသည်။
“ ထင်တဲ့အတိုင်း ဒီချီဝိညာဥ်တစ်သောင်းစာလိပ်ကို သက်တမ်းတစ်ရာစာအုပ်မှာ ရွေးချယ်လိုက်တာနဲ့ ကံတရားတွေအားလုံး ရှင်းလင်းခံလိုက်ရတာပဲ”
လုယန်သည် ထိုရွှေအမြုတေကျင့်ကြံသူကို.ဘယ်လိုမှ အာရုံခံလို့ မရတော့ပေ။ ထို့အပြင် အထဲမှာ ရှိနေသော စာလိပ်ဝိညာဥ်တွေနှင့် ပတ်သတ်ပြီးပါ အာရုံခံလို့မရမှန်း တွေ့လိုက်ရသည်။
မကြာခင် လုယန် အတွေးတွေ ရုတ်သိမ်းလိုက်ပြီး စင်ပေါ်က လျိုရှင်းကို ကြည့်လိုက်သည်။ သူသည် ဒီဘဝမှာ အရင်ဘဝအတိုင်း ဆက်သွားဖို့ စီစဥ်ထားခဲ့သည်။
“ အရင်တစ်ခေါက်တုန်းက ပန်းလုံသခင် ငါ့ကို ပြဿနာရှာရဲတာက ငါက ရှေးဦးသူတော်စင်ဂိုဏ်းကို မဝင်ရသေးလို့ပဲ။ ငါ့မှာနောက်ခံမရှိသေးလို့”
ဘယ်လိုပင်ဆိုဆို နတ်ဆိုးဂိုဏ်းဆိုပြီး လူတိုင်းက ကြောက်ကြသည့် ရှေးဦးသူတော်စင်ဂိုဏ်းက အားနည်းစရာလား။
သူကသာ ရှေးဦးသူတော်စင်ဂိုဏ်း၏ စစ်မှန်တပည့် ဖြစ်လာလျှင် ပန်းလုံသခင်လည်း သတ္တိတွေဆယ်ဆလောက် မရှိလာဘဲနဲ့ သူ့ကို ဗုဒ္ဓလမ်းစဥ်ထဲ အတင်းဝင်ရောက်ဖို့ ကျန်းရှီကို ဆွဲမခေါ်ရဲတော့ဘူး။
ထို့ကြောင့် လုယန်သည် စစ်မှန်တပည့်ဆိုသော အထောက်အပံ့ကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် မြစ်သုံးသွယ်အဖွဲ့ကိုပဲ ရွေးချယ်ခဲ့လိုက်၏။
“ အနည်းဆုံးတော့ ယန်ရှန်းကော၊ ချုံကွမ်ကောက အကျိုးအကြောင်း သင့်ကြတယ်။ ကောင်းကင်အလောင်းစွမ်းအင်ကြောကို ငါ့ကို သတ်ပြီး ယူလိုက်လဲ ရတာပဲ”
တစ်ဖက်သူတွေက သူ့ကိုသတ်လို့ရရက်နှင့် မသတ်ခဲ့တာလို့ပဲ လုယန်ထင်သည်။
ထိုသို့သော သူတွေက ဂိုဏ်းထဲမှာ အလွန်ရှားသည်။ ထို့အပြင် ထိပ်သီးအခြေခံတည်ထောင်ခြင်းနယ်ပယ် ချုံကွမ်က အလွန်မာကြောသော နောက်ခံတစ်ခု ဖြစ်လာလိမ့်မည်။
“ တကယ်တော့ ငါက ဂိုဏ်းကို အရမ်းသစ္စာရှိတာပဲ”
“ ဂိုဏ်းမှာက ပါရမီရှင်တွေပဲလေ.. ငါဒီနေရာကို အရမ်းကြိုက်တယ်။ ငါ့အရင်ဘဝမှာ လျှောက်သွားခဲ့ပေမဲ့ တကယ်တော့ ငါ့ရဲ့စိတ်က ဂိုဏ်းမှာပဲရောက်နေတာ”
မကြာခင် မိတ်ဆက်ပွဲပြီးသွားပြီး လုယန်တစ်ယောက် ထုံးစံအတိုင်း ဖျော်ဖြေရေးခန်းမမှာ တာဝန်ပေးခံလိုက်ရကာ၊ ယုစုကျန်း၏ ရွေးချယ်မှုနှင့်အတူ ဂူတစ်ခုအတွင်း ရောက်ရှိလာခဲ့သည်။
သူသည် ဤဖြစ်စဥ်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပေမဲ့.. အကြိမ်တိုင်းမှာ နှလုံးသားကို မာကြောအောင် လုပ်ရသည်။ တာအိုလမ်းစဥ်မှာ လျှောက်နေတဲ့သူက ဘယ်လိုလုပ် စိတ်ဓာတ်ပျော့ညံ့လို့ ရမှာလဲ။
မကြာခင်မှာပဲ ယုစုကျန်း၏ ခန္ဓာကိုယ်က မြေပြင်မှာပက်လက်ကြီး လှဲနေကာ၊ မျက်လုံးပွင့်ကြီးနှင့် အသက်ထွက်သွားလေသည်။ ရုတ်တရက် အတွေးတစ်ချက် ရလာပြီး လုယန် စုနီကို ဆင့်ခေါ်လိုက်တော့သည်။
“ သခင့်ကို အရိုအသေပေးပါတယ်”
စုနီက အပြင်ရောက်သည်နှင့် လုယန်ကို လေးစားစွာ အရိုအသေပေးလိုက်သည်။ သူမက ခါးလေးကို အသာညွတ်ပြီး ကိုယ်ကို အောက်ကိုင်းချလိုက်သော်လည်း အစကနေ အဆုံးထိ မြေပြင်ပေါ်က အလောင်းကို တစ်ချက်တောင် မကြည့်ခဲ့ချေ။
“ မင်း သူမကို မှတ်မိလား”
လုယန် မြေပြင်ပေါ်က ယုစုကျန်းကို လက်ညိုးထိုးပြလိုက်သည်။ ထိုအချိန်မှပဲ စုနီက လှည့်ကြည့်လိုက်သည်။ လုယန် ချက်ချင်းပဲ စိတ်အာရုံဖြင့် စုနီ၏ အတွေးနှင့် ခံစားချက်ကို အာရုံခံလိုက်သည်။.
နောက်တစ်စက္ကန့်မှာ စုနီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူမနှင့် တစ်ပုံစံထဲတူသော မျက်နှာလှလှကြောင့် ရှုတ်ထွေးသွားဟန်ပဲ။ သူမက မျက်မှောင်ကြုတ်သွားခဲ့သော်လည်း၊ မကြာခင်မှာ ပြေလျော့လာပြီး ပြန်ဖြေလိုက်သည်။
“ သခင့်ကို ဖြေပါတယ်၊ ဒါက ဒီအစေခံ အသက်ရှိတုန်းကပါ။ သခင်သူ့ကို ဖြေရှင်းလိုပါလား”
လုယန်၏ မျက်နှာက ချက်ချင်း ခက်ထန်သွားတော့သည်။
“ အဓိပ္ပါယ်မရှိတာ၊ ငါက ကျင့်ကြံသူတစ်ယောက်ပဲ”
လောကမှာ စုနီနှစ်ယောက်ဖြစ်သွားလျှင် ဘာတွေဖြစ်လာမလဲ သူသိချင်သည်လေ။ ယုစုကျန်းကို သတ်ပစ်ဖို့လား.. ဒါဘယ်လိုတောင် ကျိုးကြောင်းမသင့်လိုက်သလဲ။
“ သက်တမ်းတစ်ရာစာအုပ်က ငါ့ကိုကြိုတင်ပြီး ဖြေရှင်းပေးခဲ့တာပဲ”
ဘဝသစ်ပြန်စချိန်မှာ ချီဝိညာဥ်တစ်သောင်း စာလိပ်ဝိညာဥ်တွေကတော့ အတိတ်ဘဝ ဖြစ်ရပ်တွေကို မှတ်မိနေသေးဟန်ရှိသည်။ သို့ပေမဲ့ ကံတရားဆက်နွယ်မှု ပြတ်သွားသောကြောင့် ကိုယ့်ကိုယ်ကို ခံယူချက်လည်း ဆုံးရှုံးလိုက်ရသည်။
စုနီက သူမကိုယ်သူမ မှတ်မိပေမဲ့ ယုစုကျန်းလို့ မစဥ်းစားတော့ဘဲ မူရင်းကိုယ်၏ အရိပ်တစ်ခု အဖြစ်သာ ခံယူထားဟန်ရှိသည်။
လုယန် စဥ်းစားနေတုန်းမှာပဲ စုနီလက်တစ်ဖက် ယမ်းတာကို မြင်လိုက်ရသည်။ ယုစုကျန်း၏ အလောင်းကို မကောင်းသော အငွေ့တွေ ချက်ချင်း ဝန်းရံသွား၏။
“ မင်းဘာလုပ်နေတာလဲ”
လုယန် မော့ကြည့်လိုက်ချိန်မှာ စိတ်ရှုတ်နေပုံရသော စုနီ၏မျက်နှာကို မြင်ရပြန်သည်။ သူမက ယုစုကျန်း၏ ခန္ဓာကိုယ်ပေါ်ကို လက်တစ်ဖက် တင်ထားသည်။
နောက်တစ်စက္ကန့်မှာပဲ…
“ ဟမ်”
လုယန် မျက်စံတွေ ကျဥ်းမြှောင်းသွားသည်။
နောက်တစ်စက္ကန့်မှာ သက်တမ်းတစ်ရာစာအုပ်ဖြင့် ရှင်းလင်းခံထားရသော စုနီ၏ကိုယ်ပေါ်ကို ကံကြမ္မာအလွှာတစ်မျှင် ဝင်ရောက်လာတာ မြင်လိုက်ရသည်။
ထိုအရာက ယုစုကျန်း၏ ကံကြမ္မာပဲ။
“ ဒီလိုလဲရတာလား”
လုယန် ချက်ချင်းပဲ မျက်လုံးတွေ တောက်ပသွားသည်။ လက်ရှိမှာ မူရင်းကိုယ် ရှိနေသေးသော စာလိပ်ဝိညာဥ်တွေက မူရင်းကိုယ်၏ ကံတရားကို မျှဝေနိုင်ခွင့် ရှိသည်လား။
လုယန် ချက်ချင်းပဲ စုနီကို မေးလိုက်တော့သည်။
“ မင်း ဘယ်လိုလုပ်လိုက်တာလဲ။ မင်း ဘယ်လိုလုပ် မူရင်းကိုယ်ရဲ့ ကံကြမ္မာကို ယူလိုက်တာလဲ”
စုနီ အံ့သြသွားပြီးမှ အချိန်တစ်ချို့ကြာသည်အထိ သေသေချာချာ ပြန်စဥ်းစားပြီး ပြန်ဖြေလာ၏။
“ အကွာအဝေး..အရမ်းဝေးနေရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ တစ်ခြားလိုအပ်ချက် မရှိဘူး။ ဒီတိုင်း ထိလိုက်ရင် ရပြီ။ အဲ့ဒီလူသေသွားရင် ကံတရားကို အပိုင်ယူလိုက်လ်ို့ရတယ်”
“ စိတ်ဝင်စားစရာပဲ”
လုယန် ၏ အတွေးတစ်ချို့ ပါဝင်နေသော အကြည့်က စာလိပ်ထဲရှိ တစ်ခြားဝိညာဥ် နှစ်ကောင်အပေါ် ကျရောက်သွားသည်။ ချန်ရှီနန်နှင့် ချန်ထိုက်ဟဲ၏ ဝိညာဥ်တွေကကော ထိုအရည်အချင်းမျိုး ရှိနေမလား သိချင်မိ၏.. ထိုအရည်အချင်းကိုသာ ကောင်းမွန်စွာ အသုံးချလိုက်လျှင် ကဒ်ကောင်းတစ်ခု ဖြစ်လာနိုင်သည်။
တစ်ဖက်သူ၏ ကံကြမ္မာကို ယူနိုင်ခြင်း၏ ဆိုလိုရင်းက ထိုသူသာ တကယ်သေသွားလျှင် ကံကြမ္မာကို အပိုင်ရသွားပြီး စာလိပ်ဝိညာဥ်ကပဲ အစစ်ဖြစ်သွားလိမ့်မည်။
ထို့အပြင် မသေခင်မှာလဲ ကံကြမ္မာကို အငှားယူပြီး လုပ်ချင်တာလုပ်လို့ရသည်။ အပြစ်အားလုံးကို မူရင်းကိုယ်ကို အပြစ်ပုံချလိုက်ရုံပဲ။
“.. ဒီလိုမထင်ထားတဲ့ အလှည့်အပြောင်းကိုတော့ မမျှော််လင့်ထားမိဘူး”
ထို့နောက် လုယန်သည် အပြင်မှာအသင့်စောင့်နေသော လျိုရှင်းအနောက်ကို လိုက်သွားလိုက်သည်။.
ထိုအချိန်မှာ ရုတ်တရက် အကြံတစ်ခု ရသွားလေ၏။
“ ချန်ရှီနန်”
အရင်ဆုံး ချန်ရှီနန်၏ မူရင်းကိုယ်ကို သွားရှာပြီး စာလိပ်ဝိညာဥ်ဖြင့် အစားထိုးရမည်။ ပြီးလျှင် ချန်ထိုက်ဟဲနှင့် တွေ့ခွင့်ပေးပြီး အဖေနှင့်သားကို ပြန်ပေါင်းခိုင်းလို့ ရသွားပြီ။
ထိုသို့ဆိုလျှင် ချန်ထိုက်ဟဲအနားမှာ လူယုံတစ်ယောက် ထားလိုက်တာနှင့် အတူတူပဲ။
ထို့အပြင် တောင်ထိပ်သခင်၏ တိုက်ရိုက် ဆက်ခံသူလည်းဖြစ်၊ စစ်မှန်တပည့်လည်း ဖြစ်သော ချန်ရှီနန်က ဂိုဏ်းမှာ အများကြီး အကျိုးခံစားခွင့်ရမှာပင်။
သူသာ အခြေခံတည်ထောင်ခြင်းကို အဆင့်တက်ပြီးတာနှင့် ချန်ထိုက်ဟဲကိုပါ ချန်ရှီနန်နှင့် သားအဖဆက်ဆံရေးကိုသုံးပြီး အပြင်မြှားခေါ်ကာ သတ်လို့ရသွားပေမည်။ ပြီးလျှင် ချန်ထိုက်ဟဲကိုပါ စာလိပ်ဝိညာဥ်နှင့် အစားထိုးပစ်လိုက်မည်။