အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
Ch 91
( ကောင်းကင်ကို ပိုင်းဖြတ်မဲ့ဓားချီ)
အရိုးတောင်ပေါ်ရှိ တစ္ဆေလျှို့ဝှက်နယ်မြေအတွင်း၌..
ဟင်းလင်းပြင်ဝင်ပေါက် ပေါ်လာသည်နှင့် ချန်ထိုက်ဟဲနှင့် ဖေကံကောင်း တစ်ယောက်ချင်း အပြင်ထွက်လာခဲ့သည်။ အပြင်ကိုရောက်ရောက်ချင်းမှာပဲ သူတို့၏ အခြေခံတည်ထောင်ခြင်းအဆင့် မျက်လုံးများက ပတ်ဝန်းကျင်ကို စတင်စစ်ဆေးတော့၏။
ချက်ချင်းဆိုသလို ကြည်ရှင်းနေသော ကောင်းကင်ထက်တွင် တိမ်မည်းများ အစားထိုးဝင်ရောက်လာသည်။ တိမ်မည်းတွေကြားမှာ လျှပ်စီးကြောင်းများက မြွေတစ်ကောင်နှယ် လှုပ်ရှားသွားလာနေ၏။ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေ၏ စစ်ဆေးမှုက တောင်ထဲရှိ အလွတ်တန်းကျင့်ကြံသူများမက၊ သားရိုင်းတွေကိုပါ လန့်ဖြန့်စေခဲ့သည်။
“ ဒီနေရာပဲ”
ချန်ထိုက်ဟဲ မနေနိုင်စွာ ပြုံးလိုက်သည်။ သူ၏ကျင့်ကြံမှုနဲ့တောင်မှ ထိုကောင်လေးကို ရှာဖွေဖို့ရန် အချိန်တစ်ခု အသုံးပြုခဲ့ရသေးသည်ပင်။
ထို့အပြင် ထိုကောင်လေးရှိနေသော နေရာကလည်း မရိုးရှင်းပေ။
“ အဲ့ဒီနေရာက.. လျှို့ဝှက်နယ်မြေများလား”
အခုလို မထင်ထားသော ကြုံတွေ့မှုကြောင့် ချန်ထိုက်ဟဲ အနည်းငယ် တွေးဆဆ ဖြစ်သွားတော့သည်။
သူ ချက်ချင်းပဲ လက်ချိုးရေတွက်ကာ ဒါကဘယ်လိုလျှို့ဝှက်နယ်မြေမျိုးလဲဆိုတာကို ရှာဖွေလိုက်၏။ အဆုံးမှာတော့ ဒါက လူမသိသေးသော လျှို့ဝှက်နယ်မြေ သေးသေးလေးတစ်ခုဆိုတာကို သိလိုက်ရသည်။
“ ထားတော့၊ အထဲဝင်ရင် သိရမှာပဲ”
ချန်ထိုက်ဟဲက အလွန်ယုံကြည်ချက် ရှိနေသည်။ အတွင်းတောင်ထိပ်လေးခု၏ သခင်ဖြစ်သော သူ၏ကျင့်ကြံမှုက အခြေခံတည်ထောင်ခြင်းအလယ်နယ်ပယ်မှာ ရှိနေကာ၊ နောက်တစ်ဆင့် တက်တာနှင့် နှောင်းပိုင်းကို ရောက်တော့မည်ဖြစ်သည်။
ကမ္ဘာတစ်ခုလုံးမှာ သူ့ကိုသတ်နိုင်တဲ့သူဆိုလို့ ရွှေအမြုတေ ကျင့်ကြံသူသာ ရှိနိုင်မည်။
ချန်ထိုက်ဟဲက လက်ဟန်တစ်ခု ဖန်တီးကာ ကောင်းကင်မြေကြီးပိတ်လှောင်ခြင်းသိုင်းဖြင့် လျှို့ဝှက်နယ်မြေဝင်ပေါက်ကို တစ်ခါထဲ ပိတ်ဆို့ထားလိုက်လေ၏။
“ တွေ့ပြီ”
ထို့နောက် ထိုသူက ခပ်မဲ့မဲ့အပြုံးတစ်ခုနှင့် အတွင်းထဲ ဝင်သွားခဲ့သည်။
သို့ပေမဲ့ တစ်ဖက်က ဖေကံကောင်းကတော့ အလျင်စလို မလှုပ်ရှားသေးဘဲ ထူးဆန်းသော မျက်နှာဖြင့် ဝင်ပေါက်ကိုသာ ကြည့်နေခဲ့သည်။
“ ဒီလျှို့ဝှက်နယ်မြေက တစ်ခုခု မူမမှန်ဘူး”
ဖေကံကောင်းဆိုသည့်အတိုင်းပဲ သူက ကံတရားကိုတွက်ချက်ရာမှာ ထူးချွန်သည်။ သူအစောပိုင်းက ချန်ထိုက်ဟဲနှင့်အတူ အထဲဝင်ဖို့ လုပ်လိုက်တုန်းက နှလုံးသားထဲမှာ သတိပေးချက်တစ်ခု ရရှိလိုက်၏။ သူချက်ချင်း ရပ်သွားတော့သည်။ သူ့လိုမျိုး ကျင့်ကြံဆင့်မြင့်တဲ့သူကို အန္တရာယ်အငွေ့အသက် ခံစားရစေနိုင်တာ ဘယ်သူများလဲ။
“ စိတ်ဝင်စားဖို့ကောင်းတယ်”
ဖေကံကောင်း အေးစက်စက် အပြုံးတစ်ခုနှင့် ချန်ထိုက်ဟဲ အထဲအထိ ဝင်သွားတာကိုသာ ကြည့်နေလိုက်သည်.. သူ့မျက်လုံးက မျှော်လင့်ခြင်းရောင်ခြည်များ ဝင်းလက်နေလေ၏။
နောက်တစ်စက္ကန့်မှာပဲ..
ဘုန်း
လျှို့ဝှက်နယ်မြေအတွင်းက အော်သံကျယ်ကြီးတစ်ခုကို ကြားလိုက်ရကာ၊ အလွန်စူးရှသော အလင်းတစ်ခုက ကောင်းကင်ကို ဖောက်ထွင်းသွားသည်။ ထို့နောက် အရိုးတောင်တစ်လျှောက်က အချိတ်အဆက်နေရာများနှင့် ဆက်စပ်လိုက်ပြီး သရုပ်မှန်ကို ဖော်ထုတ်ပြသလာ၏။
ချန်ထိုက်ဟဲ၏ အတင်းအကျပ် ဝင်ရောက်မှုမှာ လျှို့ဝှက်နယ်မြေကြီးတစ်ခုလုံး ကိုယ်ထင်ပြရတော့သည်။ တစ်ချိန်ထဲမှာ လျှို့ဝှက်နယ်မြေ၏ အပေါ်တည့်တည့်၌ ကမ္ဘာတစ်ခုလုံး တုန်လှုတ်စေသည့် ဓားချီတစ်ခု ထွက်ပေါ်လာပြီး တောင်တန်းတွေအပေါ် ဖိနှိပ်သက်ရောက်လိုက်သည်။
ဓားချီအောက်တွင် အသက်လုပြေးနေသော ချန်ထိုက်ဟဲကို မြင်ရပေမည်။
“ သောက်သူတောင်းစား”
ထိုသူက ပြေးနေရင်းမှ ကျယ်လောင်စွာ ဆဲဆိုနေသေးသည်။ သူ၏နဂိုတည်ငြိမ်သော ပုံရိပ်လည်း ပျောက်ကွယ်ကုန်ပြီး ခုခံမှုမဲ့နေသောအနေအထားဖြင့် ခွေးပြေးဝက်ပြေး ပြေးနေရတော့သည်။
ရွှေအမြုတေဓားချီ။
သူ သာမာန်လိုမျိုး ဖမ်းဆုတ်ပစ်လိုက်လို့ရသည့် သေးငယ်လှသော လျှို့ဝှက်နယ်မြေတစ်ခု အတွင်းမှာ ရွှေအမြုတေဓားချီ ရှိနေမည်ဟု ချန်ထိုက်ဟဲ ယောင်လို့တောင် မတွေးခဲ့ဖူးဘူး။
ဒါက ငါးကန်သေးသေးလေးထဲကို ငါးမန်တစ်ကောင် ရောက်နေသလိုမျိုးပဲ။
“ လုယန်.. မင်းကဘာကောင်လဲ”
လုယန်သည် လျှို့ဝှက်နယ်မြေကို မူလနတ်ချီမန္တာန်စာရွက် ပေးခဲ့သည့်အတွက် သူ၏ အကြောင်းအရာအားလုံး ဖော်ထုတ်ခံလိုက်ရသည်။
သို့တိုင်အောင် ချန်ထိုက်ဟဲ ဇဝေဇဝါ ဖြစ်နေဆဲပင်။
သူ၏တွက်ချက်မှုအရဆိုလျှင် လုယန်က စတင်ကျင့်ကြံတာ တစ်နှစ်တောင် မပြည့်သေးပေ။ ထိုသို့သော သူက ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်နေသည့်အပြင် သူတော်စင်သူခိုးသိုင်းမှ ရွှေစင်ခန္ဓာပါ ရှိနေသေးသည်။
လျှို့ဝှက်သိုင်းတွေဖြစ်သော အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၊ မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းနှင့် စစ်မှန်တပည့်တွေပဲ ရရှိမည့် တစ်ခြားသိုင်းကောင်းတွေပါ တတ်နေသေးသည်။
သို့ပေမဲ့ လက်တွေ့မှာ လုယန်က လူသစ်ကလေးတစ်ဦးသာသာပဲ။ သူ ဘယ်လိုလုပ် ယုံကြည်ရတော့မှာလဲ။ ဒါကအတုပဲ.. သူ ထပ်ပြီးလှည့်စားခံနေတာပဲ ဖြစ်ရမည်။
လုယန်က အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ ပြန်မွေးဖွားတာလို့ပင် ချန်ထိုက်ဟဲ သံသယ ဝင်သွားခဲ့သည်။
“ ဒီကောင့်ရဲ့ ရက်စက်တဲ့နည်းလမ်းနဲ့ စရိုက်ကို ကြည့်ရသလောက်.. ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ တစ်ယောက်ယောက် ပြန်မွေးဖွားတာပဲ ဖြစ်ရမယ်”
ချန်ထိုက်ဟဲ အတွေးလွန်နေတော့သည်။ သို့ပေမဲ့ သူ့ခေါင်းထက်မှာ တဝဲဝဲ ဖြစ်နေသော ဓားချီက သူ့အာရုံကို အတင်းပြန်ဆွဲယူလိုက်သည့်အတွက် အသက်လုပြေးရပြန်တော့၏။
သို့ပေမဲ့ အကုန်အချည်းနှီးပေ။
နောက်တစ်စက္ကန့်မှာ ချန်ထိုက်ဟဲ အလွန်မည်းမှောင်နေသော မျက်နှာနှင့် ရပ်လိုက်လေ၏။ ဓားချီကသူ့ကံတရားကို ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည့်အတွက် ထွက်ပြေးလဲ အသုံးမဝင်ပါချေ။
ထိုအချိန်မှာ ကောင်းကင်ထက်က ရှင်းလင်းသော အသံတစ်ခုနှင့်အတူ
“ နတ်ဆိုးလမ်းစဥ်ဆိုတာ ပျက်ဆီးသင့်တယ်”
အသံဆုံးသည်နှင့် ဓားချီက ကောင်းကင်ထက်က လှုပ်ရှားလာတော့၏။
ချန်ထိုက်ဟဲ လုံးဝ အကာအကွယ်မဲ့သွားခဲ့သည်။ သို့ပေမဲ့ သူ့ခါးမှာချိတ်ထားသော ကျောက်စိမ်းပြားတစ်ခုက အလိုလိုပျံဝဲလာပြီး ဓားချီကို ပိတ်ဆို့လိုက်လေရဲ့။
ချက်ချင်းဆိုသလို ကောင်းကင်နှင့်မြေကြီး၏ လည်ပတ်မှုပါ နှေးကွေးသွားခဲ့သည်။ ဓားချီထံကနေ တာအိုဝတ်ရုံကိုဝတ်ဆင်ထားသော ငယ်ရွယ်ချောမောသည့် လူရွယ်တစ်ယောက် အရိပ်ထင်လာချိန်မှာ တစ်ဖက် ကျောက်စိမ်းပြားမှ ခပ်ညစ်ညစ်အပြုံးနှင့် လူအိုကြီးတစ်ယောက်၏မျက်မှာ ထွက်ပေါ်လာခဲ့သည်။ ထိုမျက်နှာနှစ်ခု မျက်နှာချင်းဆိုင်မိသည်နှင့် မမြင်နိုင်သော စွမ်းအင်တွေလည်း အချင်းချင်း ရိုက်ခတ်ကုန်တော့သည်။
ဂွက်
မကြာခင်မှာ ကျောက်စိမ်းပြား တစ်ခုလုံး အပိုင်းပိုင်းကွဲကြေသွားလေသည်။
ထို့အတူ ဓားချီ၏ ကိုးဆယ်ရာခိုင်နှုန်းလောက်လည်း ပျက်ဆီးသွားခဲ့သည်။ ဖျော့တော့သော စွမ်းအင်လှိုင်းတစ်ချို့သာ ကွဲကြေသွားသော ကျောက်စိမ်းပြားကို ကျော်ဖြတ်ပြီး ချန်ထိုက်ဟဲရှိရာကို ဆက်တိုးလာခဲ့သည်။
သို့တိုင်အောင် ချန်ထိုက်ဟဲ တစ်ယောက် မခုခံနိုင်ဘဲ ပေါက်ကွဲသွားလေ၏။
အဘက်ဘက်ကို လွင့်စင်သွားသော အသားစိုင်နှင့် သွေးတွေကြားမှာ ချန်ထိုက်ဟဲ၏ အားကောင်းသော ဝိညာဥ်သာ ရှိနေခဲ့သည်။ ထိုသူက မကောင်းဆိုးဝါတစ်ကောင်လိုမျိုး လျှို့ဝှက်နယ်မြေကို ဒေါသတကြီး ကြည့်နေလေ၏။
ထိုမြင်ကွင်းကြောင့် လုယန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တော့သည်။
“ ထင်တဲ့အတိုင်း မသတ်နိုင်လိုက်ဘူးကွာ”
သူ တွက်ချက်ခဲ့သည့်အတိုင်းပင် ချန်ထိုက်ဟဲမှာ ရွှေအမြုတေအဆင့် အသက်ကယ်ရတနာတစ်ခု ရှိနေခဲ့ပြီး ထိုရတနာက အချိန်မှီကာကွယ်လိုက်နိုင်ခဲ့၏။
“ ကံကောင်းလို့ ငါ့ဒီဘက်က အောင်မြင်သွားလို့ပေါ့”
ဓားချီ၏ တိုက်ခိုက်မှုကြောင့် ချန်ထိုက်ဟဲ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပျက်ဆီးပြီး ဝိညာဥ်သာ ကျန်တော့သည့်အတွက် ဒဏ်ရာအပြင်းအထန် ရသွားသည်လို့ ပြောနိုင်ပါသည်။ ထိုမြင်ကွင်းကို ဖေကံကောင်းလည်း အဝေးမှ ကြည့်နေခဲ့သည်။
ဓားချီ အချိန်ဆွဲပေးနေချိန်မှာ တစ်ဖက်က လုယန်သည်လည်း တစ္ဆေခန်းမကို အဆင်သင့်ထုတ်လိုက်သည်။ လုယန် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုပ်ယမ်းလိုက်သောအခါ အကြီးအကဲရှစ်ယောက်လုံး ထွက်လာပြီး အသီးသီးနေရာယူလိုက်ကြသည်။ မကြာခင် တစ္ဆေခန်းမက ကောင်းကင်ပေါ် မြှောက်သွားပြီး အစောင့်အရှောက်နတ်ဘုရားမ စုနီအပေါ် အလင်းတွေ ဖြာကျစေလိုက်သည်။
“ သခင်”
စုနီက လုယန်၏ဘေးကို ရောက်လာပြီး လေးစားစွာ အရိုအသေပေးလိုက်သည်။ သူမခေါင်းထဲမှာ ပုန်ကန်လိုစိတ်လေး နည်းနည်းတောင် မရှိတော့ပေ။
သူမ၏ မျက်လုံးလှလှလေးတွေကတောင် လုယန်ကို ကြောက်ရွံ့စွာ ကြည့်နေခဲ့သည်။
လုယန် ကိုယ်တိုင် သူမကို သန့်စင်ပြီး အစောင့်အရှောက်နတ်ဘုရားမအဖြစ် ဖန်တီးပေးခဲ့သည့်အတွက် စုနီသည် သခင်၏စရိုက်ကို ကောင်းကောင်း နားလည်သည်။
သူမ၏သခင်ကို စကားလေးလုံးနဲ့သာ ဖော်ပြနိုင်ပါ၏.. အပ်တစ်ချောင်းလို ရက်စက်တယ်..
သခင့်ကို သူမ လုံးဝ မဆန့်ကျင်ရဲပါချေ။
စုနီ၏ လေးစားသောအပြုအမူကြောင့် လုယန် ကျေနပ်စွာခေါင်းညိတ်လိုက်သည်.
“ လာခဲ့”.
အသံဆုံးသည်နှင့် စုနီက နာခံစွာပဲ လုယန်၏ ဒျန်ထျန်အတွင်း ဝင်လိုက်ကာ သူမပိုင်ဆိုင်သမျှ ပေးလိုက်တော့သည်။
နောက်တစ်စက္ကန့်မှာ လုယန်၏ အရှိန်အဝါတွေ ထိုးတက်လာတော့၏။
သူ့မျက်လုံးကို ပြန်ဖွင့်လိုက်သည်နှင့် နေမင်းကြီး ထွက်ပေါ်လာသည့်နှယ် အလင်းတွေ ယိုဖိတ်လာသည်။ ထိုအလင်းမျက်လုံးထဲမှာ နဂါးနဲ့ဖီးနှစ်၏ ထွင်းစာခြောက်ခု ပါဝင်နေခဲ့သည်။
.. ရွှမ်မင်တစ္ဆေထိန်းချုပ်အရှင်..
ထို့အပြင် အရိုးတောင်ရှိ ချိတ်ဆက်အမှတ်တွေပါ ပွင့်သွားပြီး မမြင်ရသော စွမ်းအင်လှိုင်းတွေ ဝင်ရောက်လာပြန်ကာ လုယန်၏ မျက်လုံးထဲကို နောက်ထပ် ထွင်းစာသုံးမျိုး ပေါင်းထည့်ပေးလိုက်ပြန်သည်။
ကောင်းကင်တစ္ဆေပေါင်းစည်းခြင်း ပြည့်စုံပြီး လုယန် နောက်ဆုံးမှာ ကောင်းကင်တစ္ဆေထိန်းချုပ်အရှင် ဖြစ်လာခဲ့သည်။
လုယန်တစ်ယောက် သူ့ခန္ဓာကိုယ်ထဲ အနွေးစီးကြောင်းတစ်ခု လည်ပတ်နေတာကို ခံစားမိ၏။ စုနီက မနက်ခင်းနှင်းစက်လေးလိုမျိုး သူ့ဒျန်ထျန်ကို အဆက်မပြတ် အားဖြည့်ပေးနေသည်။
အစောင့်အရှောက်နတ်ဘုရားကို ခန္ဓာကိုယ်အတွင်း ထည့်ထားလိုက်ပါက၊ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးလျှင်တောင်မှ ကြိုတင်ပြီး အကျိုးကျေးဇူး ခံစားခွင့် ရှိသွားသည်။ ထို့ကြောင့် အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ နောက်ဆုံးအဆင့်သည်ပင် ပြီးမြှောက်နှုန်း မြန်ဆန်သွားသည်။ အခြေခံတည်ထောင်ခြင်း အဆင့်အတန်းနှင့်ဆိုလျှင် ကြီးမြတ်သော နတ်အစွမ်းက တိုးတက်မှု မြန်ဆန်သောကြော့င်ဖြစ်လေ၏။
လုယန်၏ နှလုံးသားထဲမှာ နွေဦးကာလ ရောက်နေသည့်တိုင်အောင် တစ်ဖက်က ချန်ထိုက်ဟဲကတော့ ဆန့်ကျင်ဘက်ပင်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”
တက်ကြွနေသော လုယန်ကို ကြည့်နေရင်းမှ သူ ကိုယ့်မျက်လုံးကိုယ်တောင်.မယုံနိုင်တော့ပေ။
“ ကျန်းဒုံနယ်မြေရဲ့ သိုင်းမလား.. မဟုတ်ဘူး ဒါကကွဲပြားတယ်”
သူ အဖြေမထုတ်နိုင်သေးခင်မှာပဲ လုယန်က ဖြတ်ခနဲကြည့်လာတာကို မြင်လိုက်ရ၏။
ချန်ထိုက်ဟဲ ကြက်သီးတွေပင် ထသွားသည်။ သူကလက်ရှိမှာ ဝိညာဥ်သာ ကျန်တော့သည့်အပြင် အများကြီး ထိခိုက်ထားသေးသည်။ ဤအခြေအနေမှာ အခြေခံတည်ထောင်ခြင်းရန်သူကို ရင်ဆိုင်ရတာက ကပ်ဘေးပဲ.. ကပ်ဘေး။
“.. သွား”
ချန်ထိုက်ဟဲ အလျင်စလို ဆုံးဖြတ်ချက် ချလိုက်သည်။ ရန်သူ အမြင်မှားစေရန် ဝိညာဥ်အပိုင်းတွေခွဲပြီး ထွက်ပြေးပါတော့၏။
သို့ပေမဲ့ လုယန်က ရိုးရှင်းစွာ လက်ကွက်တစ်ခုပဲ ဖော်လိုက်သည်။
လုယန် တစ်နေရာကို လက်ညိုးထိုးလိုက်သည်။ နောက်တစ်စက္ကန့်မှာ အနက်ရောင်အလင်းတစ်ခု ထွက်လာပါတော့သည်.. ထိုအလင်းတွေက မကောင်းဆိုးဝါးတစ်ကောင်လို ခြောက်ခြားစရာ ကောင်းလှသည်။
မကြာခင်မှာ အနက်ရောင်တစ္ဆေဝိညာဥ်တွေအဖြစ် အသွင်ပြောင်းသွားကြသည်။ ထိုတစ္ဆေတွေက ကြီးမားသော တစ္ဆေခန်းမအရှေ့မှာ ပိတ်ရပ်လိုက်ကြသည်။ ထိုအချိန်မှာ ရွှေချိန်းကြိုး၊ ငွေသော့ခလောက်နှင့် ပူဇော်ပသမှုဆိုင်ရာ ပစ္စည်းတွေ အသီးသီးကိုကိုင်ထားသော တစ္ဆေရှစ်ကောင်က တစ္ဆေအုပ်အရှေ့မှာ ရပ်လိုက်ကြသည်။
ဝင်ပေါက်မှာရှိနေသော လုယန် စိတ်လိုလက်ရ ရယ်မောလိုက်လေကာ
“ သခင်ကြီးက အခုမှရောက်တာကို ဘာလို့ ထွက်သွားဖို့ အလျင်လိုနေရတာလဲ”
နောက်တစ်စက္ကန့်မှာ တစ္ဆေခန်းမ၏ တံခါးချပ်ကြီး ပွင့်ပြီးချက်ချင်း ပြန်ပိတ်သွားသည်။
“ ကျုပ်ပိုင်နက်ထဲလာခဲ့လေ၊ ဧည့်ခံပေးမယ်”
အသံဆုံးသည်နှင့် ချန်ထိုက်ဟဲတစ်ယောက် ရှောင်ချိန်တောင် မရလိုက်ပေ။ သူ၏အမြင်တွေအာရုံတွေ ဝေဝါးသွားတာကိုသာ ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်မှာ တစ္ဆေခန်းမအတွင်း ပိတ်မိသွားတော့၏။
Ch 92
( အမတသခင်တွေကြားက တိုက်ပွဲ)
တစ္ဆေခန်းမကြီး ကြီးမားလာသည်နှင့် မီတာရှစ်ရာကျယ်ဝန်းသော အရိုးတောင်တစ်ခုလုံးမှာ တစ္ဆေညည်းသံတွေ အဆုံးမဲ့အောင်.ထွက်ပေါ်လာခဲ့ပြီး လေစိမ်းတွေ တိုက်ခတ်လာခဲ့သည်။ မသိလျှင် အရိုးတောင်တစ်ခုလုံးက သင်္ချိုင်းကုန်းနယ်မြေကြီးတစ်ခု ဖြစ်သွားသည့်အတိုင်း ခြောက်ခြားဖွယ် ကောင်းနေ၏။
ချန်ထိုက်ဟဲ၏ မျက်နှာက အလွန်မည်းမှောင်နေတော့သည်။
“ ဒီနည်းလမ်းတွေလောက်နဲ့ ငါ့ကိုသတ်နိုင်မယ် ထင်နေလား”
သူ ဒေါသထွက်လွန်း၍ ရယ်ချင်လာသည်။ လုယန်က အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ ပြန်မွေးဖွားတာပဲဖြစ်ဖြစ်.. ဒီလို အစုတ်ပလုတ် နည်းလမ်းများဖြင့် သူ့ကိုသတ်ဖို့ကြိုးစားနေခြင်းက သေချာပေါက် လူကိုအထင်လာသေးနေတာပဲ။
တစ်ဖက်က လုယန်ကတော့ တည်ငြိမ်နေသည်။ သူ့ခန္ဓာကိုယ်ထဲက စုနီသည် ချွေးတွေရွှဲနစ်နေသည့်တိုင်အောင် သူမ၏ကိုယ်ပိုင်အစွမ်းတွေဖြင့် အဆက်မပြတ် ထောက်ပံ့နေသည့်အတွက် လုယန် ပိုမိုယုံကြည်ချက်မြင့်မားလာကာ၊ ကိုယ့်ကိုယ်ကို အရိုးတောင်၏.ဗဟိုချက်မှာ ရှိနေသော အဖိုးတန်ရတနာတစ်ခုလိုမျိုး ခံစားနေရ၏။
“ တိုက်ကြည့်ရအောင်၊ ခင်ဗျားရဲ့ အံ့ဖွယ်အရည်အချင်းတွေကို ကျုပ်ကြည့်ချင်တယ်”
ချန်ထိုက်ဟဲက လုယန်ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီလေ.. မင်းက ဘာကောင်လဲဆိုတာ အဖြေထုတ်ရသေးတာပေါ့”
သေချာပေါက်ပင် ချန်ထိုက်ဟဲက လုယန်ကို အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ ပြန်မွေးဖွားသူဟု ထင်မှတ်နေခဲ့သည်။
အခုထိ မဖော်ထုတ်ရသေးသည့် အကြောင်းအရင်းမှာ ရိုးရှင်းပါသည်။ ရှေးဦးသူတော်စင်ဂိုဏ်းထဲက အမတသခင်တိုင်းမှာ တစ်ချို့သော ဝန်ထုတ်ဝန်ပိုးတွေကို ကိုယ်စီထမ်းထားကြရသည်.. ဥပမာပြောရလျှင် ရန်သူပေါင်းများစွာပေါ့။
အခုလိုမျိုး ပြန်မွေးဖွားလိုက်ခြင်းက အတိတ်က ကံတရားတွေကနေ လွတ်မြောက်ဖို့ရန်အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ဘယ်သူကများ ကိုယ့်ကိုယ်ကို ဖော်ထုတ်ပြီး အတိတ်က ရန်သူတွေကို ပြန်ဖိတ်ခေါ်မှာလဲ။
ချန်ထိုက်ဟဲက စကားဆုံးသည်နှင့် မြေပေါ်က မြေကြီးကို လက်တစ်ဆုတ် ကုန်းယူလိုက်သည်။ ထို့နောက် မန္တာန်တစ်ချို့ ရွတ်ဆိုပြီး မြေပေါ်ဖြူးချလိုက်သည်။ ထိုရွှေဝါရောင်မြေကြီးများက ချက်ချင်းပင် အချပ်ပြားတစ်ခုအသွင်ပြောင်းသွားသည်။ ထိုအထဲကို ချန်ထိုက်ဟဲ၏ဝိညာဥ် ဝင်သွားလိုက်သည်နှင့် ချန်ထိုက်ဟဲအသွင်ပြောင်းသွားလေသည်။
“ ဒါကမြေကြီးနဲ့ဖန်တီးထားတာ ဆိုပေမဲ့ လုံလောက်ပါတယ်”
ချန်ထိုက်ဟဲ စကားပြောလိုက်ချိန်မှာ မြေမှုန်တစ်ချို့ အနည်းငယ် ပြုတ်ကျသွားတာကို သတိထားမိလိုက်ပြီး ပါးစပ်ကြီးပြန်ပိတ်သွားသည်။ သို့ပေမဲ့ သူ့ဝိညာဥ်ကို အခုလိုယာယီနေစရာတစ်ခု ပေးလိုက်တာက ပိုအဆင်ပြေပါ၏။
ဝုန်း
တစ်ဖက်က လုယန်ကလည်း ဖြစ်စဥ်တစ်ခုလုံးမှာ ဒီတိုင်း စောင့်ကြည့်မနေပါချေ။ တစ္ဆေခန်းမအတွင်း၌ လူသတ်အရိပ်အငွေ့တွေ ပြင်းထန်လာပြီး လုယန်အနောက်မှာ နတ်ဆိုးဝိညာဥ်တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာ၏။
ချပ်ဝတ်တန်ဆာအပြည့်နဲ့ လက်ထဲမှာ လက်နက်ကိုယ်စီ ကိုင်ထားကြသော အပြာရောင်နတ်ဆိုးဝိညာဥ်တစ်ယောက် ချင်းစီက ကြောက်ဖို့ကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ တဖြည်းဖြည်း ကြီးမားလာသော ဝိညာဥ်စစ်တပ်က စစ်သူကြီးများဖြင့် စနစ်တကျ ဖန်တီးထားလေ၏။ လုယန် အတွေးဖြင့် အမိန့်ပေးလိုက်သည်နှင့် ဝိညာဥ်အုပ်လိုက်ကြီးက ချန်ထိုက်ဟဲရှိရာကို ချီတက်ကြတော့သည်။
“ နတ်ဆိုးကောင်တွေ.. ငါ့ရဲ့မွန်မြတ်တဲ့ ကိုယ်ခန္ဓာအနား ဘယ်လိုသတ္တိနဲ့ လာရဲတာလဲ”
ချန်ထိုက်ဟဲက မျက်နှာကို မဲ့လိုက်၏။ ချက်ချင်းပဲ သူ့ခေါင်းထိပ်ကနေ အလင်းတန်းတစ်ခု ထွက်လာပြီး ထိုအလင်းတန်းက.ယင်နဲ့ယန်အဖြစ် အဖြူအမည်းကွဲသွားသည်။
သေချာကြည့်လိုက်လျှင် ထိုအလင်းရောင်နှစ်ခုက လှပစွာ ပေါင်းယှက်ထားတာကို မြင်နိုင်ပေမည်။
သူသည် စစ်မှန်သိုင်းတစ်ခုဖြင့် ယင်ယန်တာအိုပုံစံကို ဖော်ထုတ်လိုက်သည်။ ထိုပုံစံမှာ ယင်အပိုင်းနဲ့ ယန်အပိုင်းနှစ်ခုပါပြီး ကောင်းကင်နဲ့မြေကြီးကြားက ဆန်းကြယ်မှုကို ရှင်းပြနိုင်သည်။ တစ်ဖက်ရန်သူ၏ အစွမ်းက ဘယ်လောက်အင်အားကြီးနေပါစေ ယင်ယန်တာအိုပုံစံအတွင်း ဝင်ရောက်မိတာနှင့် ပြိုကွဲပြီးသန့်စင်ခံလိုက်ရကာ၊ ထိုအစွမ်းကို ကိုယ်က ပြန်အသုံးပြုနိုင်လိမ့်မည်။
အခုချိန်မှာ ချန်ထိုက်ဟဲက ယင်ယန်တာအိုပုံစံမှာ ယန်အပိုင်းကို အပေါ်မှာ ထားလိုက်သည်။
လုယန်၏ တစ္ဆေခန်းမသည် မူလအခြေခံအားဖြင့် ယင်ဓာတ်ပေါ်များသည်။ ထို့အတူ အထဲက အရင်းအမြစ်တွေနှင့် ဝိညာဥ်တွေက ယင်ဓာတ်ရှိသောကြောင့် ယင်ယန်တာအိုပုံစံအတွင်းမှာ အကုန်ထိန်းချုပ်ခံ လိုက်ရတော့သည်။
နောက်တစ်စက္ကန့်မှာ ချန်ထိုက်ဟဲက ယင်ယန်တာအိုပုံစံကို အပေါ်အောက် ပြောင်းလိုက်ပြန်သည်။
ယင်အပိုင်း အသက်ဝင်တာနှင့် အလွန်ကျယ်ပြောသော အလင်းတန်းတွေက ကောင်းကင်မှတစ်ဆင့် တစ္ဆေခန်းမတစ်ခုလုံးပေါ် ဖြာကျသွားသည်။ လုယန်၏ ဝိညာဥ်စစ်တပ်တစ်ခုလုံး နေရာမှာတင် ပြာကျသွားတော့၏။
သို့ပေမဲ့ ထိုအချိန်မှာပဲ မိုးကြိုးသွားသဏ္ဍာန်ရှိသော အနက်ရောင် အပျောက်များစွာက ယင်ယန်တာအိုပုံစံထဲ စီးဝင်သွားကြသည်။ ချက်ချင်းဆိုသလို ချန်ထိုက်ဟဲ၏ မြေကြီးခန္ဓာ အက်ကြောင်းထသွားတော့သည်။
ဘုံကိုးဆင့်နတ်ဆိုးမိုးကြိုး..။
ရွှမ်မင်အသုံးပြုခဲ့သော နည်းလမ်းအတိုင်းပဲ လုယန်တစ်ယောက် အခွင့်အရေးကို စောင့်ဆိုင်းပြီး ထောင်ချောက်ဆင်လိုက်သည်။
“ မင်းက တကယ် အရည်အချင်းရှိတာပဲ”
ချန်ထိုက်ဟဲ၏ မျက်နှာကြီး မဲမှောင်နေတော့သည်။ အစောက တိုက်ပွဲမှာ လုယန်က သေချာပေါက် အထိနာခဲ့တယ် ဆိုပေမဲ့ သူလည်းပဲ ဒဏ်ရာအနည်းငယ်.ရရှိခဲ့သည်။
အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေ ကြားက တိုက်ပွဲက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေနဲ့ မတူညီပါချေ။
အမတသခင်တွေ၏ တိုက်ပွဲတွေမှာ တစ်ယောက်က ကောင်းကင်ဘုံ၏အစွမ်းကို အငှားသုံးပြီး သက်ဆိုင်သော အခြေခံတည်ဆောက်မှုတစ်ခုကို ဖန်တီးရသည်။ အခြေခံရှိလာပြီးလျှင် များစွာသော စွမ်းအင်များဖြင့် စက္ကန့်တိုင်းမှာ တိုက်ခိုက်နိုင်သည်။
ထို့ကြောင့် နှစ်ဖက်လုံး၏ အခြေခံကိုတည်ဆောက်ပြီး၍ ထိပ်တိုက်တွေ့ကြသည့်အချိန်မျိုးက တိုင်းပြည်တွေကြားက စစ်ပွဲကြီးတွေ ရင်ဆိုင်ရသလိုမျိုးနှင့် ဆင်သည်။ စစ်သားတစ်ယောက်ချင်းစီနေရာမှာ မရေမတွက်နိုင်သော အစွမ်းတွေက နေရာယူထားသည်။ ထိပ်တိုက်တွေ့သော အကြိမ်တိုင်းက နှစ်ဖက်စစ်တပ်ကြီး ရင်ဆိုင်တွေ့ကြသလိုမျိုး အစွမ်းချင်း အားပြိုင်ကြသည်။ ထိုသို့သော တိုက်ပွဲမှာ စစ်သားတွေဆုံးရှုံးပြီး အထိနာခဲ့၍ အခြေခံပျက်ဆီးသူသည် ရှုံးနိမ့်လိမ့်မည်။
တစ်နည်းပြောရလျှင် ဒါက လူတစ်ဦး၏ ဉာဏ်ရည်ကို စမ်းသပ်တာမျိုးပင်။
စစ်ပွဲထဲမှာ ဗျူဟာချသလိုမျိုးပေါ့… ဘယ်နေရာမှာ ပင်မစစ်တပ်ကို ထားမည်၊ ဘယ်နေရာမှာ အရောင်ပြတိုက်မည်၊ ဘယ်နေရာမှာ ချုံခိုတိုက်ခိုက်မည်.. စသဖြင့် အဘက်ဘက်က စဥ်းစားပြီး ကစားပွဲကို ထိန်းချုပ်နိုင်ဖို့ လိုအပ်သည်။
အရည်အချင်းရှိသူတွေကကျ ရန်သူ၏ လှုပ်ရှားမှုကို ကြိုခန့်မှန်းနိုင်ကြသဖြင့် တိုက်ပွဲအခြေအနေကို စိတ်တိုင်းကျ ပြောင်းလဲနိုင်သွားသည်.. တစ်နည်းပြောရလျှင် လွှမ်းမိုးနိုင်စွမ်း မြင့်သူတွေပေါ့။
ထို့ကြောင့် ကြီးကြီးမားမား ဉာဏ်အရည်အချင်း ကွာဟချက်မရှိသရွေ့ တိုက်ပွဲ၏အဆုံးသတ်ရလဒ်ကို အချိန်တိုအတွင်း ဆုံးဖြတ်ဖို့ မလွယ်ကူချေ။ သူသေကိုယ်သေ တိုက်ခိုက်ဖို့ဆိုလျှင် ပိုတောင် ခက်ခဲသေး၏။
လုယန်သည် ကျင့်ကြံမှုအားဖြင့် ချန်ထိုက်ဟဲကို ဘယ်လိုမှ မယှဥ်နိုင်ပါချေ။
သို့ပေမဲ့ သူက အကွက်စုံသည်။
လက်ရှိမှာ ချန်ထိုက်ဟဲက ခန္ဓာပျောက်နေသော ဝိညာဥ်တစ်ကောင်သာ.ဖြစ်သည်။ ထိုသူ၏ အခြေခံက မတည်ငြိမ်နေချိန်မှာ လုယန်၏ တစ္ဆေခန်းမက သံတစ်ချောင်းလို မာတောင့်နေ၏။
လုယန်ဘက်မှာ စစ်သားတစ်သိန်းရှိနေပြီး ချန်ထိုက်ဟဲက လက်ရွေးစင်တပ်သား တစ်သောင်းထဲနှင့် ခုခံနေရသလိုမျိုးပေါ့။ အရေအတွက်အားကိုးကြောင့် လုယန် အများကြီး ဉာဏ်ဆင်နေစရာ.မလိုအပ်ခဲ့ချေ။ သူ့အနေနှင့် တစ်ကောင်၊တစ်ကောင်ချင်း ချခိုင်းလို့ရသည်။ ထိုအတိုင်းဆိုလျှင် မကြာခင်မှာပဲ ချန်ထိုက်ဟဲ ရှုံးနိမ့်သွားလိမ့်မည်။
ဝုန်း
လုယန်က ချန်ထိုက်ဟဲကို အသက်ရှုခွင့်တောင် မပေးချေ။ တစ္ဆေခန်းမ၏ ဝိညာဥ်တပ်က ချက်ချင်းပြန်ရှင်သန်လာပြီး ချန်ထိုက်ဟဲရှိရာကို ချီတက်ကြပြန်လေ၏။
အရိုးတောင်တစ်ခုလုံးမှာ မိုးကြိုးတိမ်တွေ ဝန်းရံနေခဲ့သည်။
ချန်ထိုက်ဟဲ မျက်နှာကြီးပိုမိုမည်းမှောင် လာသလို သူ့မြေကြီးခန္ဓာပေါ်က အက်ကြောင်းများကလည်း အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အတိုင်း များပျားလာသည်။
“ မင်းက နှစ်ဖက်လုံး အထိနာရအောင် လုပ်နေတာပဲ”
ချန်ထိုက်ဟဲ လုယန်ကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်သည်။ လုယန်က သူနှင့်ယှဥ်လျှင် တော်တော်လေး ဒဏ်ရာနည်းပါးနေ၏။
တကယ့်အကြောင်းအရင်းကတော့…
“ ဘာနေနေ ငါထိခိုက်တာမှ မဟုတ်တာ”
လုယန်၏ ဒျန်ထျန်အတွင်းမှာ ဒဏ်ရာဗလပွနှင့် မိန်းမလှတစ်ယောက်ရှိနေသည်။ သူမ၏ အက်ကွဲနေသော ကိုယ်ခန္ဓာက ချန်ထိုက်ဟဲထက်ပင် အခြေအနေဆိုးနေ၏။
“ ပြဿနာကြီးမဟုတ်ပါဘူး”
လုယန် တည်ငြိမ်စွာပဲ စုနီ၏.အစွမ်းတွေကို ဆက်လက်စုပ်ယူသည်။ သူမ မသေခင်အထိ အကျိုးရှိအောင်.အသုံးချပေးရမည်မလား။
ဤအစွမ်းတိုက်ပွဲက အန္တရာယ်များလွန်းသည့်အတွက် တစ်စုံတစ်ယောက်ကို အစားခံစားခိုင်းလိုက်တာပဲ ပိုကောင်းသည်။
အဆုံးမှာ ချန်ထိုက်ဟဲ မခံနိုင်တော့ပေ။
လုယန်လိုမျိုး ငယ်ရွယ်သည့် လူငယ်တစ်ယောက်က တာအိုအခြေခံကို တန်ဖိုးထားလိမ့်မည်ဟု ယူဆခဲ့ပေမဲ့ လုယန်က သူ့ကိုပါ အတူဆွဲချဖို့ လုပ်နေမှန်း ချန်ထိုက်ဟဲ နားလည်သွားလို့ပင်။
“ အချိန်ဆွဲလို့မရတော့ဘူး”
ထိုအတွေးကြောင့် ချန်ထိုက်ဟဲ ချက်ချင်းပဲ စိတ်ပြောင်းလိုက်ပြီး.ယင်ယန်တာအိုပုံစံကို အတင်းပေါင်းစပ်လိုက်သည်။ ယင်အပိုင်းနဲ့ယန်အပိုင်းတွေ ဖောက်လွဲဖောက်ပြန်ဖြစ်ကုန်ကာ အသွင်ကွဲတစ်ခု မွေးဖွားလာ၏။
အစက ထိုအလင်းသည် အလွန်ဖျော့တော့သည်။ သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ ချန်ထိုက်ဟဲက အစွမ်းတွေ ပေါင်းထည့်ပေးလိုက်သောကြောင့် အဆုံးမရှိသော.အလင်းများဖြင့် တောက်ပလာတော့သည်။ ထိုအလင်းတန်း ဖြတ်သွားတဲ့နေရာတိုင်းက ပျောက်ကွယ်ရသည်။ ဝိညာဥ်တွေသာမက၊ ဘုံကိုးဆင့်နတ်ဆိုးမိုးကြိုးပါ ပျောက်ကွယ်ရသည်။ အဆုံးမှာ ထိုအလင်းက တစ္ဆေခန်းမကို ဖောက်ထွင်းလိုက်၏။
ဝုန်း
ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံး အရိုင်းဆန်သွားပြီး အဖြူနှင့်အမည်းက ခွဲခြားမရနိုင်လောက်အောင်.ပေါင်းစပ် သွားကြသည်။ ပွက်ပွက်ဆူနေသော ယင်စွမ်းအင်တွေအားလုံး လျော့ပါးသွားကြ၏။
ချန်ထိုက်ဟဲ အချိန်မဆွဲရဲပါချေ။
သူ အခုအသုံးပြုခဲ့သော သိုင်းက သူ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ဖို့ အားကိုးခဲ့ရသော ယင်ယန်အသွင်ကွဲနတ်အလင်းသိုင်းပဲ ဖြစ်သည်။
အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်လာပြီးနောက်မှာ မြင့်မားလာသော အဆင့်အတန်းကြောင့် ထိုနတ်အစွမ်းကလည်း ပြောင်းလဲမှုအများကြီး ဖြစ်ပေါ်လာသည်။ ဥပမာပြောရလျှင် အရင်က ချီစွမ်းအင်စုပ်ယူဖို့ အသုံးပြုခဲ့သော အဖြူအမည်းပေါင်းစပ် အလင်းသည် အခုဆိုလျှင် ပတ်ဝန်းကျင်၏.အရာအားလုံးကို စုပ်ယူပြီး သန့်စင်ပစ်နိုင်သည်အထိ သန်မာလာခဲ့ပြီ။
သို့ပေမဲ့ လောကမှာအလကားရတာမရှိဘူးလေ.. ဒါကလည်း သေချာပေါက် ပြန်ပေးဆပ်ရသည်။
သူ့အရင်တုန်းက အခြေအနေမှာဆိုလျှင် ကိစ္စမရှိပေမဲ့ လက်ရှိဝိညာဥ်အနေအထားနှင့် သုံးကြိမ်လောက်သုံးလိုက်မိလို့ကတော့ ဝိညာဥ်ခမ်းခြောက်သွားလိမ့်မည်။
ထို့ကြောင့် သေခါနီးအချိန်မှာပဲ သုံးပေးလို့ ရတော့တာပင်။
အခု လုယန်၏ တစ္ဆေခန်းမက လွတ်မြောက်သွားသောကြောင့် ချန်ထိုက်ဟဲ ပြေးစရာ မြေကွင်းကျယ်ကြီး ရသွားသည်။ ရှေ့တိုးမလား ထွက်ပြေးမလားက သူ့ထိန်းချုပ်မှုအောက်ကို ရောက်သွား၏။
သို့သော် နောက်တစ်စက္ကန့်မှာပဲ တစ္ဆေခန်းမ အပြင်ဘက်မှာ လုယန်၏ပုံရိပ် ပြန်ပေါ်လာခဲ့သည်။ သို့ပေမဲ့ စုနီကတော့ အရင်နေရာမှာပဲ နေခဲ့၏။
“ လူနှစ်ယောက်လား”
ချန်ထိုက်ဟဲ ချက်ချင်း သဘောပေါက်သွားကာ မျက်စံတွေ ကျဥ်းမြှောင်းသွားပါတော့၏။
“ ပုံရိပ်ခွဲပဲ။ မင်းက အခြေခံတည်ထောင်ခြင်းကို မရောက်သေးဘူး။ အခြေခံတည်ထောင်ခြင်း ပုံရိပ်ခွဲကိုပဲ ဖန်တီးထားတာမလား”
လုယန် အဖက်မလုပ်စွာ လက်ညိုးကို အပြင်ဆန့်လိုက်သည်။
ပုံမှန်အားဖြင့် ပြောရလျှင် သူက စုနီကို ဝါးမြိုထားမှပဲ ချန်ထိုက်ဟဲကို တိုက်ခိုက်နိုင်စွမ်း ရှိတာဖြစ်သည်။ သို့ပေမဲ့ သူ့မှာ စုနီတစ်ယောက်ထဲ အားကိုးစရာ ရှိတာမဟုတ်ပါချေ။
သူ၏ လက်ရှိနည်းလမ်းက ရွှမ်မင် သင်ပေးထားတာဖြစ်သည်။
နောက်တစ်စက္ကန့်မှာ လုယန် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို တက်လှမ်းလိုက်ပြီး စတင်ပြုတ်ကျပါတော့သည်။
လုယန် တည်တည်ငြိမ်ငြိမ်လေးပဲ သူ၏ ကောင်းကင်တံခါးကိုးခု အပေါ်က အဆင့်ဆင့်ပြုတ်ကျသော အရှိန်ကို ချန်ထိုက်ဟဲအပေါ် သက်ရောက်ခွင့် ပြုပေးလိုက်ပါသည်။
ချန်ထိုက်ဟဲ, “....”
“ ကောင်းကင်ပြိုကျခြင်း”
လုယန်၏ လုပ်ရပ်က ချန်ထိုက်ဟဲကို သတိလွတ်စေခဲ့သည်။ ထိုအချိန်မှာ တစ္ဆေခန်းမတံခါးက ရုတ်ချည်းပွင့်ပြီး ပြန်ပိတ်သွား၏။
ဝုန်း
အချိန်ကိုက်ဆိုသလိုပင် လုယန်၏ လက်ညိုးတောက်ချမှုအားကြောင့် ချန်ထိုက်ဟဲတစ်ယောက် တစ္ဆေခန်းမရှိရာတည့်တည့်ကို ပြုတ်ကျလေတော့သည်။