← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

Ch 93

( ကျုပ်က လူကောင်းတစ်ယောက်နဲ့ မတူဘူးလား)

ဘုတ်

တစ္ဆေခန်းမထဲ ပြန်ရောက်လာသော ချန်ထိုက်ဟယ်၏.မျက်နှာက သေချာပေါက် ပျော်မနေပါချေ။ သူ၏မြေကြီးခန္ဓာက ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ပြီ။

“ မင်းငါ့ကိုတွန်းအားပေးတာပဲ”

ချန်ထိုက်ဟဲ အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းကာ ခံစားချက်တွေ ထိန်းလိုက်သည်။ နောက်တစ်စက္ကန့်မှာ ကောင်းကင်ပေါ်က ယင်ယန်တာအိုပုံစံက သူ့မျက်ခုံးစပ်ကြား ပြန်ဝင်လာတော့၏။ ထို့နောက် ချန်ထိုက်ဟဲက ပါးစပ်ဖွင့်လိုက်ပိတ်လိုက်ဖြင့် မန္တာန်စရွတ်တော့သည်။

“ ကောင်းကင်ထက်က သတ္ထုဂြိုလ်နဲ့ သတ်ဖြတ်နိုင်စွမ်းနဲ့ သန်မာမှုကို အရယူမယ်။ ရေလိုသန်မာမှုကို ရရှိရင် စွမ်းအင်စီးဆင်းမှု ချောမွေ့ပြီး ရှင်းလင်းမယ်။ မီးလိုသန်မာမှုကို ရရှိရင် သန့်စင်စူးရှတဲ့အစွမ်းကို ရရှိမယ်။ ဒါကအမြင့်ဆုံးအဆင့်ပဲ”

ကျယ်လောင်သော အသံက ကောင်းကင်တစ်ခွင့် ​ပျံ့နှံ့သွားသည်နှင့် ပထဝီမြေကြီးတစ်ခုလုံး တုန်လှုပ်လာသည်။ လုယန် အပေါ်မော့ကြည့်လိုက်ချိန်မှာ အလွန်စူးရှနေသော ရွှေရောင်အလင်းများကြောင့် မျက်လုံးပင် နာသွား၏။ နတ်အာရုံဖြင့် အာရုံခံလိုက်ချိန်မှသာ တောင်ထိပ်မှာထိုင်နေပြီး သူ့ကိုစိုက်ကြည့်နေသာ ကျားဖြူတစ်ကောင်ကို ဝေဝါးဝါး မြင်တွေ့လိုက်ရသည်။

“ ဝေါင်း”

ကျားဟိန်းသံကြီးနှင့်အတူ ကောင်းကင်ပေါ်ကနေ ပေါင်များစွာ အလေးချိန်ရှိသော သဲမှုန်တွေပြုတ်ကျလာပြီး တစ္ဆေခန်းမကို ဖုံးလွှမ်းပါတော့သည်။

အရိုးတောင်တစ်နေရာက ဖေကံကောင်းကတော့ မျက်ခုံးအသာ ပင့်သွားခဲ့သည်။

“ တကယ်ကို တောင်ထိပ်အရှင် အင်းကွက်ပဲ။ ချန်ထိုက်ဟဲက ဘယ်ရွှေအမြုတေတည်နေရာအတွက် ကျင့်ကြံနေတာများလဲ”

“ ဒါပေမဲ့ ဒီဘိုးတော် အခက်ကြုံနေပုံရတယ်။ ဒီလောက်နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ သန်မာမှုအစစ်တွေပါ ထုတ်ပြနေရပြီ”

ကျင့်ကြံရေးလောကအစစ်တွင် အမတသခင်တစ်ယောက်ဖြစ်လာပြီး တာအိုအ​ခြေခံကို ဖန်တီးပြီးမှသာ ထိုသူကို တာအိုလမ်းစဥ်ထဲ စတင်ဝင်ရောက်သူဟု ခေါ်နိုင်ပါသည်။ အခြေခံတည်ဆောက်ပြီးလျှင် ရွှေအမြုတေ ဖွဲ့စည်းနိုင်ဖို့က နောက်ထပ်အလွန်ရှည်လျားသော ခရီးစဥ်တစ်ခုပဲ။

ကမ္ဘာကြီးက ကျယ်ပြောပေမဲ့ ရွှေအမြုတေဖွဲ့စည်းခွင့်ပြုပေးနိုင်သော နေရာများမှာ ကန့်သတ်ချက်ရှိသည်။ ထိုတည်နေရာကို ရောက်ဖို့ရန်ကလည်း လမ်းအရှည်ကြီးကို သွားရအုံးမည်။ ရွှေအမြုတေဖွဲ့စည်းနိုင်သော တည်နေရာတိုင်းက အဖိုးတန်သလို.. ထိုတည်နေရာကို ရောက်ရန်သွားရမည့် လမ်းကြောင်းကလည်း ထိုနည်းလည်းကောင်းပင်။ လမ်း​ကြောင်း ဖော်ထုတ်ခံလိုက်ရသည်နှင့် ကိုယ်က ဘယ်တည်နေရာအတွက် ကျင့်ကြံနေလဲဆိုတာကို သူများတွေ အလွယ်တကူ ခန့်မှန်းနိုင်သွားလိမ့်မည်။

ထို့ကြောင့် အမြုတေလမ်းကြောင်းသည် ကျင့်ကြံသူတွေကြားက ထိပ်သီးလျှို့ဝှက်ချက် တစ်ခု ဖြစ်လာတော့၏။

တစ်ခြားသူတွေ သိသွားလျှင် ကိုယ့်၏ အမြုတေ လမ်းကြောင်းမှာ အနှောက်အယှက်တွေ ချထားလို့ရသည်။ ထိုအခါ ဆက်လက်တိုးတက်ဖို့ အခက်အခဲတွေ အများကြီးကျော်ဖြတ်ရလိမ့်မည်။

ယခင်က ရှေးဟောင်းကဝေဂိုဏ်းခေါင်းဆောင်လည်း ထိုနည်းလမ်းကောင်း တိုက်ခိုက်ခံခဲ့ရဖူးသည်။ သူ့ကို တိုက်ခိုက်ခဲ့သူက ရွှေအမြုတေကျင့်ကြံသူပါ ဖြစ်နေခဲ့သည့်အတွက် ရွှမ်မင်၏ ကျင့်ကြံမှုက လုံးဝ မတိုးတက်နိုင်ခဲ့တော့ချေ။

သို့ပေမဲ့ အမြုတေလမ်းကြောင်းက အမတသခင်တွေအတွက် အင်အားကြီးလက်နက် တစ်ခုလည်း ဖြစ်သေးသည်။ လမ်းကြောင်းတစ်လျှောက်က အင်းကွက်တွေကို ကမ္ဘာ့စွမ်းအင်ရင်းမြစ်ကို စုပ်ယူရင်း ဖန်တီးထားရသောကြောင့် အင်းကွက်တစ်ခုချင်းစီ၏ အစွမ်းက အံ့မခန်း ဖြစ်နေလို့ပင်။

ကောင်းကင်သည် ပင်စည်ဖြစ်ပြီး မြေကြီးက အကိုင်းအခတ်တွေ ဖြစ်သည်။ ပင်စည်နှင့် အကိုင်းအခတ်တို့ ဆုံမိချိန်မှာ အမြုတေဖွဲ့စည်းနိုင်သော တည်နေရာတစ်ခု ဖြစ်လာ၏။

အမြုတေလမ်းကြောင်းအဆုံးထိ ရောက်ချင်လျှင် ကမ္ဘာ့စွမ်းအင်ရင်းမြစ် ဆယ့်နှစ်ခုကို စုပ်ယူပြီး အင်းကွက်ဆယ်ခု တည်ဆောက်ရသည်။ ထိုမှ ဆေးလုံးကြီးလေးလုံးကို ရရှိပြီး တည်နေရာကို ရောက်ရှိနိုင်မည်။

ဆေးလုံးကြီးတစ်လုံးကို ရလျှင် ထိုသူက အခြေခံတည်ထောင်ခြင်း အလယ်နယ်ပယ်ကို ရောက်လာလိမ့်မည်။ ဆေးလုံးကြီးသုံးလုံးက နှောင်းပိုင်းနယ်ပယ်ကို ရောက်စေနိုင်ပြီး ဆေးလုံးကြီးလေးလုံး လုံး ပြည့်စုံသွားပါက၊ အခြေခံတည်ထောင်ခြင်း ပြီးပြည့်စုံနယ်ပယ်ကို ရောက်ရှိသွားမှာဖြစ်ကာ အမြုတေဖွဲ့စည်းဖို့ ကြိုးစားနိုင်ပြီဖြစ်သည်။

“ တောင်ထိပ်အရှင်အင်းကွက်က ကမ္ဘာ့အပေါ်ပိုင်းစွမ်းအင်ကြောနဲ့ သက်ဆိုင်တယ်။ ချန်ထိုက်ဟဲ ကျင့်ကြံနေတဲ့ အမြုတေလမ်းကြောင်းက ဒီခြောက်ခုအပြင် မဖြစ်နိုင်ဘူး… မြေနီလမ်း၊ ရွှေဆံညှပ်လမ်း၊ ထင်းရှူးလမ်း၊ တလဲသီးလမ်း၊ ဖယောင်းဖြူလမ်း နဲ့ ရေညှိလမ်း.. သေချာပေါက် ဒီခြောက်ခုထဲကပဲ”

ဖေကံကောင်း၏ မျက်လုံးတွေက တွက်ချက်ရင်း.. တွက်ချက်ရင်း ပိုမိုတောက်ပလာသည်။

ထိုအချိန်မှာပဲ မြူခွေးငွေ့တွေ ရုတ်ချည်း ရောက်ရှိလာပြီး လှိုင်းသံတွေကိုပါ ကြားလိုက်ရသည်။ အလယ်ကနေ ထွက်ပေါ်လာတာက အနီရောင်ရေသူထီးတစ်ကောင်..

မျက်နှာက လူမျက်နှာနှင့် ခပ်စူးစူးအော်သံကို ပိုင်ဆိုင်ထားသော ရေသူထီးက အမြှီးတစ်ချက်ယမ်းလိုက်သည်။ လေဟာနယ်ထဲက ရေလှိုင်းလုံးတွေ ရုတ်ချည်းထွက်လာပြီး တစ္ဆေခန်းမကို ရိုက်ချလေတော့၏။ တစ္ဆေခန်းမတစ်ခုလုံး တုန်ယင်သွားပြီး ပြိုကျလုနီးပါး ဖြစ်သွားသည်။ တံခါးစောင့် စစ်သည်တွေအားလုံး အဝေးကို လွင့်စင်သွားလေ၏။

“ ဒါ ကြေးနီခွံအင်းကွက်ပဲ”

ဖေကံကောင်း နောက်ဆုံးတော့ သူ၏တွက်ချက်မှုကို အဆုံးသတ်နိုင်သွားသည်။

“ တောင်ထိပ်အရှင်က သန်မာမှုကို ကိုယ်စားပြုတဲ့အချိန်မှာ ကြေးနီခွံက ရေနဲ့လရဲ့ တည်ငြိမ်မှုကို ကိုယ်စားပြုတယ်။ ဒီနှစ်ခုကို ပေါင်းလိုက်ရင်.. ဒါဆိုသူ့ရဲ့ ကမ္ဘာ့စွမ်းအင်းရင်းမြစ်က လစက်ဝန်းပေါ့”

“ လစက်ဝန်းအစွမ်းနဲ့ အင်းကွက်နှစ်ခု တည်ဆောက်ပြီးပြီဆိုတော့.. သူ့ရဲ့လမ်းကြောင်းက သလဲသီးလမ်းကြောင်းပဲ”

ဝုန်း

ထိုအချိန်မှာပဲ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ချန်ထိုက်ဟဲသည် တစ္ဆေခန်းမကို ဖောက်ထွက်လိုက်ပြီး ရေသူထီး၏ခေါင်းပေါ် စီးနင်းလိုက်သည်။

သို့ပေမဲ့ သူ့မျက်နှာက ရုတ်ချည်းမည်းမှောင်သွားတော့၏။

“ သွားပြီ၊ သေစမ်း”

သူ့၏အမြုတေလမ်းကြောင်းက သလဲသီးလမ်းဆိုပေမဲ့ သူတောက်လျှောက် ဖုံးကွယ်ထားခဲ့တာဖြစ်သည်။ သူနှင့် လမ်းကြောင်းတူသော တစ်ခြားအမတသခင်တွေ ရှာမတွေ့စေရန် အထူးဂရုစိုက်ခဲ့ရ၏။

အခုတော့ အကုန်သွားလေပြီ။ ဤကမ္ဘာပေါ်က သလဲသီးလမ်းစဥ်ကို ရွေးချယ်ထားသော အမတသခင်တွေအားလုံး၏ မျက်လုံးထဲမှာ သူက ဆူးတစ်ချောင်း ဖြစ်လာတော့မည်။ သူတို့က သူ့ထက်ကျင့်ကြံဆင့် ရှေ့ရောက်နေလျှင် ကိစ္စကြီးမှာမဟုတ်ပေမဲ့ သူ့ထက်နိမ့်နေလို့ကတော့ အချိန်ကောင်းကို စောင့်ပြီး သတ်မည့်ရန်သူတွေ ဖြစ်သွားမှာပဲ။

ချန်ထိုက်ဟဲ လူသတ်ချင်စိတ်တွေ ကြီးစိုးသွားတော့သည်။

တစ်ဖက်က လုယန်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းအသာချလိုက်လေကာ..

“ တကယ်ကို အတုက အစစ်ကို မယှဥ်နိုင်ပါလား”

လုယန် အနည်းငယ် သတိကပ်သွားခဲ့သည်။

အခု သူရင်ဆိုင်နေရသော ချန်ထိုက်ဟဲက ဓားချီကြောင့် အစွမ်းတွေ ဆယ်ပုံတစ်ပုံပဲ ကျန်တော့သူတစ်ဦးဖြစ်သည်။ သူ့အခြေအနေက ဒုက္ခတိခွေးကို ထပ်သွားရိုက်နေတာနှင့် မခြားပေ။

သို့တိုင်အောင် ထိုသူကို သူ မသတ်နိုင်သေးဘူး။

သူ အနိုင်ရပြီလို့တွေးလိုက်ချိန်မှာပဲ ချန်ထိုက်ဟဲ ချပြလိုက်သော အင်းကွက်နှစ်ခု၏အစွမ်းက လုယန်၏ အမြင်ကို ဖွင့်လှစ်ပေးလိုက်သည်။

“ ဒါပေမဲ့ သူ့ကိုဒီတိုင်းလွှတ်ပေးလို့ မရဘူး”

လုယန် တစ္ဆေခန်းမကို ပြန်ထိန်းချုပ်လိုက်ကာ တံခါးကို အဖွင့်အပိတ်လုပ်စေလိုက်သည်။ အဝေးရောက်နေပြီဖြစ်သော ချန်ထိုက်ဟဲတစ်ယောက် ပြန်ပိတ်မိလေတော့၏။

ဒါက တစ္ဆေခန်းမ၏ ထူးခြားချက်ပဲ။

အရိုးတောင်၏ မိုင်ရှစ်ရာပိုင်နက်အတွင်းမှာ ရှိနေသရွေ့ ဘယ်ရန်သူမှ လွတ်​မြောက်နိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် ချန်ထိုက်ဟဲက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အကာအကွယ် မရှိတော့သည့်အတွက် ပိုတောင်လွယ်ကူသွားသေးသည်။

ဝုန်း

တံခါးပိတ်သံဆုံးသည်နှင့် ချန်ထိုက်ဟဲ၏ ပတ်ဝန်းကျင်ကို ဖုန်မှုန့်လှိုင်းလုံးကြီး ဝင်ရောက်လာသည်။ နောက်တစ်စက္ကန့်မှာ တစ္ဆေခန်းမ၏ အတွင်းပိုင်းပြင်ဆင်မှုကို မြင်လိုက်ရပြန်သည့်အတွက် ချန်ထိုက်ဟဲ အလွန်ရုပ်ဆိုးသွားတော့သည်။

သူ ချက်ချင်းပဲ လက်ချိုးနှစ်ချောင်းကို အပေါ်ကနေ ရိုက်ချလိုက်၏။

ဗြိ

ကောင်းကင်ထက်မှာ မိုးကြိုးတွေချိန်းလာလေကာ.. ချန်ထိုက်ဟဲ၏ ဝိညာဥ် နှစ်ပိုင်းကွဲသွားသည်။

လုယန်ပင် အံ့သြသွားခဲ့သည်။

“ ဒါက မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်း လား”

သို့ပေမဲ့ ဒါက အဓိပ္ပါယ်ရှိပါသည်။ ထိုသိုင်းက ချန်ရှီနန်ဆီကနေ လုယန် တွေ့ခဲ့ရတာပဲ။ ချန်ရှီနန်၏ အဖေဖြစ်သူ ချန်ထိုက်ဟဲပါ တတ်မြှောက်နေတာက သဘာဝကျသည်မလား။

ချန်ထိုက်ဟဲ၏ ဝိညာဥ်က နှစ်ကိုယ်ကွဲသွားသည်နှင့် တစ်ကိုယ်က တစ္ဆေခန်းမအတွင်းထဲထို ပြေးဝင်ရင်း လုယန်ကို ပိတ်လိုက်သည်။ ပင်မဝိညာဥ်ကတော့ ရေသူထီးကို စီးပြီး အရိုးတောင်၏ ပိုင်နက်အပြင်ကို ထွက်ပြေးလေတော့သည်။

“ အသက်ကယ်ဖို့ ကိုယ့်အမြှီးကိုယ် ဖြတ်ပစ်တယ်.. ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ အမတသခင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါတယ်”

လုယန် မျက်မှောင်ကြုတ်သွားပေမဲ့ သူ့၏လုပ်ရပ်က ပြတ်သားပါသည်။ သူ ချက်ချင်း တစ္ဆေခန်းမကို အသက်သွင်းလိုက်ကာ ချန်ထိုက်ဟဲ လိုလိုလားလား ချန်ပေးခဲ့သော ဝိညာဥ်တစ်ပိုင်းကို သိမ်းဆည်လိုက်တော့သည်။

ထို့နောက် ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲကိုပါ ထည့်ပြီး သန့်စင်ပစ်လိုက်သည်။

အွတ်

နောက်တစ်စက္ကန့်မှာ ချန်ထိုက်ဟဲက အပြင်ရောက်တာနှင့် နတ်အာရုံဖြင့် ဝိညာဥ်တစ်ပိုင်းကို ပြန်ခေါ်ဖို့ ကြိုးစားပါသေးသည်။ သို့သော် သူချက်ချင်း ဝိညာဥ်အဆီအနှစ်တွေ အန်ထုတ်လိုက်ရပြီး အနောက်ကိုသာ မုန်းတီးစွာ လှည့်ကြည့်နိုင်တော့သည်။

သို့ပေမဲ့ လုယန်ကတော့ အဖက်ကိုမလုပ်ပါချေ။ သူက တစ္ဆေခန်းမ၏ အကြီးဆုံးထိုင်ခုံမှာ ထိုင်လိုက်ပြီး အရိုးတောင်ရှိ စွမ်းအင်ချိတ်ဆက်ကြောကို အသက်သွင်းကာ တစ္ဆေခန်းမကို အားပြန်ဖြည့်လိုက်သည်။ စွမ်းအင်တွေက မိုးရွာသလို ဖြာကျလာသည့်အတွက် တစ္ဆေခန်းမ၏ ပျက်ဆီးမှုတွေက မြန်ဆန်စွာ ကုသခံလိုက်ရသည်။ လအနည်းငယ်အတွင်းမှာပဲ အရင်လို ပြန်ဖြစ်သွားလိမ့်မည်ပင်။ ဒါကလည်း တစ္ဆေခန်းမ၏ နောက်ထပ်ထူးခြားမှု တစ်ခုပဲ။

တစ္ဆေခန်းမကို အရိုးတောင်အောက်က ကမ္ဘာ့စွမ်းအင်ကြောနှင့် ချိတ်ဆက်ထားသောကြောင့် ထိုအစွမ်း၏ အားဖြည့်မှုကို ရရှိနိုင်ကာ ကုသနှုန်းလည်း သိသာစွာ မြင့်မားလာသည်။

လုယန်နှင့် ယှဥ်လျှင် ချန်ထိုက်ဟဲ၏ အခြေအနေက မကောင်းလှပေ။

ပထမ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပျက်ဆီးရပြီး လုယန်နှင့် တိုက်ပွဲကြီးမှာ တာအိုအခြေခံပါထိခိုက်ကုန်ကာ ဝိညာဥ်လဲ ခွဲပေးလိုက်ရသည်။ သူ့အနေနှင့် ပြန်ကုသဖို့ အနည်းဆုံး နှစ်လေးဆယ်လောက် အချိန်ယူရလိမ့်မည်။

“ ချန်ထိုက်ဟဲက ဂိုဏ်းရဲ့ဆရာကြီးပဲ။ ငါသူ့ကိုအ​သေသတ်ဖို့ ဇွတ်လုပ်ရင် ငါလဲ သက်သာမှာမဟုတ်ဘူး။ အခုလို ဝိညာဥ်တစ်ပိုင်းရလိုက်တာ မဆိုးပါဘူး”

“ ငါအဆင့်တက်ပြီးမှ ပြန်တိုက်မယ်ဆိုလဲ နောက်မကျသေးဘူး”

လုယန် တည်ငြိမ်စွာပဲ ထိုင်ခုံကို မှီကာ အပြင်က နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

သို့ပေမဲ့ ဖေကံကောင်း၏မျက်နှာက အနည်းငယ် မူမမှန်နေတာကို ရုတ်တရက် သတိထားမိလိုက်၏။

ဖေကံကောင်း၏.ရုပ်တည်ကြီးနှင့် ကောင်းကင်ကို မော့ကြည့်နေပုံက ပုံမှန်မြင်တွေ့နေကျ ပေါ့ပေါ့ပါးပါးပုံစံနှင့် အလွန်ကွဲပြားနေလေသည်။ သူ၏ပြေလျော့နေသော မျက်ခုံးတန်းများကပင် အမုန်းတရားတွေကို ဖော်ထုတ်နေသည်။

“ တစ်ယောက်ယောက် လာနေတာလား”

နောက်တစ်စက္ကန့်မှာ အနီရောင်တိမ်စိုင်တွေ ရှေ့ပြေးအဖြစ်ရောက်လာသည်။ အရောင်စုံ တိမ်စိုင်တွေအလယ်က သံချပ်ဝတ်အစုံဖြင့် လူကြီးတစ်ယောက် ရောက်လာတော့၏။

ထိုသူက မချောမောသော်လည်း ရှိန်လောက်စရာ ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သတ်လတ်ပိုင်းအရွယ်ရှိပေမဲ့ ခန္ဓာကိုယ်က ဖြတ်လတ်နေမှာကို မေးခွန်းထုတ်စရာ မလိုချေ။ ထိုသူ၏ ခေါင်းထိပ်မှာ ဆန်းကြယ်သော အလင်းတစ်ခုပါ ရှိနေသည်။ ထိုအလင်းက တကယ်တော့ ထိုသူ၏ အမြုတေလမ်းကြောင်းဖြစ်လေသည်။ ထိုသူက အမြုတေလမ်းကြောင်းကို လုံးဝ မဖုံးကွယ်ထားသည့်အပြင် အထဲမှာရှိနေသော ဆေးလုံးကြီးလေးလုံးကိုပါ ရှင်းလင်းစွာ မြင်နေရ၏။

“ ချုံကွမ်”

ဖေကံကောင်း အံတင်းတင်းကြိတ်လိုက်သည်။ ထိုသူက သူ၏အကြီးဆုံးရန်သူ.. သူ၏ မီးအိမ်ရှင်လမ်းကြောင်းကို လုယူခဲ့သော မဟာရန်သူကြီးပင်။

အမြုတေတည်နေရာအတွက် တိုက်ခိုက်သူတွေကြားက ရန်ငြိုးသည် အဆုံးမရှိပါချေ။

ဖေကံကောင်း ပိုဒေါသထွက်နေရခြင်းမှာ သူ့လမ်းကြောင်းက လုယူခံလိုက်ရသည့်အတွက် အခုဆိုလျှင် သူက ထိုသူအရှေ့မှာ ပြိုင်ဘက်အဆင့်တောင် မရှိနေတော့တာကြောင့် ဖြစ်လေ၏။

“ ဟွန့်”

ဖေကံကောင်း မျက်နှာကိုမဲ့ပြီး ချက်ချင်း ထွက်သွားလိုက်တော့သည်။

ထို့အတူ ကောင်းကင်ထက်က လူကလည်း ဖေကံကောင်းကို အစကနေအဆုံးထိ အဖက်ကို မလုပ်ပါချေ။

သူ့အကြည့်က ချန်ထိုက်ဟဲအပေါ် ကျရောက်သွားပြီးမှ အထဲက လုယန်ကိုကြည့်ပြီး ကျေနပ်စွာပြုံးသွားသည်။

နောက်တစ်စက္ကန့်မှာ လုယန် အသံတစ်ခု ကြားလိုက်ရသည်။

“ မိတ်ဆွေလေးက ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ ဘယ်အမတသခင် ပြန်ဝင်စားတာလဲဆိုတာ မေးလို့ရမလား”

လုယန်, “....”

ဘာလို့လူတိုင်းက သူ့ကို ရှေးဦးသူတော်စင်ဂိုဏ်းသားလို့ ထင်နေရတာလဲ။

သူက ဒီလောက်တောင် လူကောင်းပုံ မပေါက်ဘူးလား။

Ch 94

( ငြိမ်းချမ်းရေးစကား)

“ စိတ်မရှိပါနဲ့၊ ကျုပ်က ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်မဟုတ်ဘူး”

ချုံကွမ်ကျန့်ယန်၏ မေးခွန်းကို လုယန် ခေါင်းယမ်းပြလိုက်သည်။

“ ကျုပ်က ကံကောင်းပြီး ​ဒီတစ္ဆေလျှို့ဝှက်နယ်မြေရဲ့ အမွေအနှစ်ကို ဆက်ခံခွင့်ရခဲ့တဲ့ အလွတ်တန်းကျင့်ကြံသူ တစ်ယောက်ပဲ”

“ အိုး ဟုတ်လား”

ချုံကွမ် မျက်မှောင်ကြုတ်သွားကာ၊ သူ့၏ မျက်နှာထားသည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားသည်။

သို့ပေမဲ့ လုယန်က စကားလမ်းကြောင်း လွှဲလိုက်တော့၏။

“ ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ရဲ့ဂိုဏ်းထဲ ဝင်ချင််တယ်။ အစဦးလက်ဆောင်အဖြစ် ကျုပ်ရထားတဲ့အမွေအနှစ် တစ်ချို့ကို ခွဲပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ”

ချုံကွမ်၏ မျက်ခုံးတန်းတွေ ချက်ချင်း ပြေလျော့သွားတော့သည်။

“ဟဟ၊ မိတ်ဆွေလေး ယဥ်ကျေးလွန်းနေပါပြီ”

ကြည့်ရတာ ဒီလူက အရင်ဘဝတုန်းက ရန်သူတွေများလွန်း၍ အတိတ်ဘဝ ကံတရားကနေ လွတ်မြောက်ချင်နေပုံပဲ။

ထိုအတွေးကြောင့် ချုံကွမ် စိတ်ငြိမ်သွားသည်။ ရှေးဦးသူတော်စင်ဂိုဏ်းမှာ အခုလိုမျိုး လူသစ်ဟန်ဆောင်သူတွေက ပုံမှန်တွေ့နေကျ အရာတစ်ခုပဲ။

ချုံကွမ် ရယ်မောကာ စကားစလိုက်သည်။

“ မင်းက ဝင်ချင်မှတော့ ကြိုဆိုတာပေါ့ဗျာ။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ မေးလို့ရမလား”

“ ကျုပ် မြောက်ပိုင်းခံတပ်မှာ စောင့်ပေးချင်တယ်”

လုယန် ချက်ချင်း ပြောလိုက်သည်။

“ ကျုပ်က လူသစ်ဆိုမှတော့ မြောက်ပိုင်းနယ်မြေကို အရိုးတောင်မှာ စောင့်ပေးပါ့မယ်။ ဒီကတာဝန်တွေ ပြီးတာနဲ့ ဂိုဏ်းကိုလာပြီး တင်ပြပေးလို့ရပါတယ်”

“ ကောင်းပြီ”

ချုံကွမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်ကလည်း ပိုမိုနှစ်သက်ဟန် ရလာ၏။

“ ဒီလိုဆိုမှတော့ မင်းပြောသလို လုပ်တာပေါ့”

အမှန်တိုင်းပြောရလျှင် လုယန်က ဘယ်သူလဲဆိုတာ သူ ဂရုမစိုက်ပါချေ။

လုယန်က အမတသခင်တစ်ယောက် ပြန်မွေးဖွားတာ ၉၀ ရာခိုင်နှုန်းအထိ သူ သေချာပေမဲ့ မဟုတ်နေလျှင်လည်း ကိစ္စမရှိပါပေ။ သူ ဂရုစိုက်တာက လုယန် တင်ပြသွားသော အကြောင်းအရာ​ဖြစ်သည်။

သူ့အတွက် အသုံးဝင်နေသရွေ့ ကိစ္စတော်တော်များများကို မျက်စိစုံမှိတ်ပေးလို့ ရပါ၏။

လုယန်၏ မြောက်ပိုင်းခံတပ်ကို စောင့်ပေးမည်ဆိုသော တာဝန်ယူမှုက လုပ်နိုင်စွမ်းကို သက်သေပြလိုက်တာပဲ။ ထို့အပြင် လုယန်၏ ယုံကြည်ချက်မြင့်ပုံကိုလည်း သူ စိတ်ကျေနပ်လေသည်။

‘ ဒီကောင်လေးက သေချာပေါက် ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ အမတသခင်တစ်ယောက် ပြန်မွေးဖွားတာပဲ’

ချုံကွမ် သဘောတူလိုက်တာ မြင်လိုက်မှပဲ လုယန် စိတ်သက်သာစွာ သက်ပြင်းကြိတ်ချလိုက်၏။ သူ့၏လက်ရှိ အခြေအနေနှင့် ရှေးဦးသူတော်စင်ဂိုဏ်းကို မဆန့်ကျင်ရဲသေးပါချေ။

ချန်ထိုက်ဟဲကော ချုံကွမ်ကောက သူ့ကို အမတသခင်တစ်ယောက် ပြန်မွေးဖွားတာလို့ ယုံကြည်နေခဲ့သည့်တိုင်အောင် ထိုသရုပ်က အချိန်အကြာကြီး မလုံခြုံနိုင်မှာကို လုယန် သိသည်။ ဂိုဏ်းထဲက ရွှေအမြုတေကျင့်ကြံသူသာ သတိထားမိသွားပြီး စစ်ဆေးလိုက်တာနှင့် သူချက်ချင်း သေဆုံးပြီး အစက ပြန်စရလိမ့်မည်။

ထိုကြောင့် ဒီနေရာ နေခဲ့လိုက်တာက အားလုံးအတွက် ကောင်းပါသည်။

ထိုအချိန်မှာပဲ ချုံကွမ်၏ဘေးက ဟင်းလင်းပြင်ဝင်ပေါက် ပွင့်သွားပြီး အထဲကနေ အမဲရောင်ဝတ်ရုံနှင့်လူငယ်တစ်ဦး အပြင်ထွက်လာသည်။ ထိုသူကတော့ လုယန် ရင်းနီးနေသော ယန်ရှန်းကျန့်ယန် ပင်။

“ ယန်ရှန်း” ချုံကွမ် အံ့သြစွာ မေးလိုက်သည်။

“ မင်း ဘာလာလုပ်တာလဲ”

“ ကျုပ်အလောတကြီး ရောက်လာမိတာ တောင်းပန်ပါတယ် အကိုကြီး”

ယန်ရှန်းက လုယန်ကို တစ်ချက်ကြည့်ပြီးမှ လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်သည်။

“ မိတ်ဆွေ၊ ကျုပ်နာမည်က ယန်ရှန်းပါ။ ကျုပ်ဒီကို တောင်းဆိုမှုတစ်ခု ပြုချင်လို့ ရောက်လာခဲ့တာပဲ”

“ ဒီအရိုးတောင်ကို အရင်က ရှေးဟောင်းကဝေဂိုဏ်းက အုပ်စိုးခဲ့တာဖြစ်ပြီး အရိုးတောင်အောက်မှာ ကမ္ဘာ့စွမ်းအင်ကြော ရှိနေတယ်။ အဲ့ဒီစွမ်းအင်ကြောက လျှို့ဝှက်နယ်မြေနဲ့ ချိတ်ဆက်နေပြီး အထဲက တစ္ဆေတွေရဲ့ နှစ်ပေါင်းထောင်ချီ အားဖြည့်ခြင်းကို ရရှိထားတယ်။ အခုလောက်ဆို ကောင်းကင်အလောင်းစွမ်းအင်ကြော အဖြစ် အသွင်ပြောင်းနေလောက်ပြီ။ ဒီစွမ်းအင်ကြောက ကျုပ်ရဲ့အမြုတေလမ်းကြောင်းနဲ့ သက်ဆိုင်နေတာမလို့ ဒီကညီနောင်ကို ဒီနေရာက ထွက်သွားဖို့ တောင်းဆိုချင်တယ်”

ထိုစကားကြောင့် ဘေးက ချုံကွမ်လည်း အနည်းငယ် မျက်နှာပြောင်းသွားသည်။

လုယန်လည်း ခဏတာမှင်သက်သွားကာ.. အတိတ်ဘဝ​က ယန်ရှန်းကျန့်ယန်၏ ကြိုးစားအားထုတ်မှုကို နောက်ဆုံးတော့ သဘောပေါက်သွားသည်။

ဒါက အခြေခံတည်ထောင်ခြင်းနယ်ပယ်ရဲ့ ဆက်လက်ကျင်ကြံမှုနဲ့ သက်ဆိုင်နေတာပဲ။

လုယန် ချက်ချင်းပဲ တောင်အောက်က စွမ်းအင်ကြောကို အာရုံခံကြည့်လိုက်သည်။ အထဲမှာ ရှိနေသော အဝါဖျော့ရောင် နူးညံ့သည့် ချီစွမ်းအင်တစ်မျိုးကို တကယ်ပဲ တွေ့လိုက်ရ၏။

'ဒါက ကောင်းကင်အလောင်းစွမ်းအင်ပေါ့လေ’

အ​ခြေခံတည်ထောင်ခြင်းနယ်ပယ်၏ ကျင့်ကြံမှုပုံစံကို ရွှမ်မင်၏ မှတ်ဉာဏ်ထဲမှာ မှတ်တမ်းတင်ထားပေမဲ့ များပြားလွန်းသော အချက်တွေကြောင့် လုယန် မကြည့်အားခဲ့ပေ။

လုယန် ထိုနာမည်ကို တိတ်တဆိတ် မှတ်သားထားလိုက်ပြီး.အပြုံးတစ်ခုနှင့် ပြောလိုက်တော့သည်။

“ ရပါတယ်၊ ကျုပ်ပေးလိုက်လို့ ရတာပေါ့။ ဒါပေမဲ့ ဒီစွမ်းအင်က စွမ်းအင်ကြောထဲမှာ နက်နက်ရှိုင်းရှိုင်းကြီး အမြစ်တွယ်နေသေးတယ်။ လွယ်လွယ် ပြောင်းရွှေ့လို့မရဘူး။ ကျုပ် ဖြေးဖြေးချင်း ခွဲထုတ်ပေးမှ ရလိမ့်မယ်.. အနည်းဆုံး နှစ်သုံးဆယ်လောက် ကြာမှာပဲ”

“ အဆင်ပြေတယ်” ယန်ရှန်း စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

နှစ်သုံးဆယ်ဆိုတာ မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားမှာပင်။ နှစ်သုံးဆယ်ပြီးသည်နှင့် ကောင်းကင်အလောင်းစွမ်းအင်ကို ရရှိပြီး ဆေးလုံးကြီးတစ်လုံး ဖန်တီးနိုင်ခဲ့လျှင် သူ့ကျင့်ကြံဆင့်လည်း အလယ်နယ်ပယ်ကို အဆင့်တက်သွားလိမ့်မည်။

“ ကောင်းတယ်”

ချုံကွမ်လည်း ပျော်ရွှင်သွားပြီး လုယန်ကို သီးသန့်ဆက်သွယ်လိုက်သည်။

“ ယန်ရှန်းကို ကူညီတဲ့အတွက် ကျေးဇူးပါ။ မင်း ချန်ထိုက်ဟဲကို စိတ်မပူနဲ့တော့”

ချုံကွမ်၏ ဆိုလိုရင်းက ရိုးရှင်းသည်..သူက လုယန်ကိုယ်စား ချန်ထိုက်ဟဲကို ထိန်းထားပေးမည်ဟု ပြောလိုက်တာပဲ။

တကယ်တော့ လုယန်က ချန်ထိုက်ဟဲကို အများကြီးစိတ်မပူခဲ့ပါချေ။ ချန်ထိုက်ဟဲ ဒဏ်ရာတွေ ပြန်ကောင်းလာချိန်ကျ သူကလည်း အခြေခံတည်ထောင်ခြင်းကို အောင်မြင်စွာ အဆင့်တက်ပြီးလောက်ပြီ ဖြစ်သည်။

သို့ပေမဲ့ ချုံကွမ်၏ မျက်နှာသာပေးမှုကိုလည်း ငြင်းဆိုလို့မဖြစ်ပါချေ။ သူ ချက်ချင်းပဲ အရိုအသေပေးကာ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။

အချိန်တစ်ခုကြာသည်အထိ သူတို့သုံးဦး ပျော်ရွှင်စွာ စကားပြောခဲ့ကြပြီး.. နောက်တော့ ချုံကွမ်က ချန်ထိုက်ဟဲကို ခေါ်ကာ ထွက်သွားခဲ့သည်။ လုယန်ကတော့ သူ့၏ သစ္စာရှိ အရိုးဈေးထဲ ခြေဦးပြင်လိုက်တော့၏။

“ ရင်းနီး​နေတဲ့ နေရာပဲ”

လုယန် အလင်းတန်းအသွင်ဖြင့် အရိုးဈေးထဲ ရောက်သည်နှင့် အရင်သွားနေကျ သွေးတာဝါကို ရွေးချယ်လိုက်ကာ အရိုးဈေးတစ်လျှောက်လုံးမှာ အစွမ်းတွေ ဖြန့်ကျပ်လိုက်ပြီး တံခါးပိတ်ကျင့်ကြံဖို့ ပြင်လိုက်သည်။

လုယန်၏ နတ်အာရုံကို အာရုံခံမိသောကြောင့် အရိုးဈေးတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

“ သခင်ကြီးကို နှုတ်ဆက်ပါတယ်”

လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လာကြသော အသံတွေအတွင်းမှ လုယန်တစ်ယောက် တော်တော်လှသော မိန်းမတစ်​ယောက်ကို သတိပြုမိလိုက်သည်။

“ သူမကော ရောက်နေတာလား။ အစောကြီးပဲ”

လူအုပ်ကြားထဲမှာ ထင်းနေသော မိန်းမလှလေးက သူနှင့်အတိတ်ဘဝမှာတုန်းက ရင်းနီးကျွမ်းဝင်ခဲ့ဖူးသော ဖေးရှ ပင်။

သူမ၏ ပုံစံက လူတိုင်းနှင့် ကွဲပြားစွာ အေးစက်သော အရောင်အဝါများ ဖော်ထုတ်နေလေသည်။

သို့ပေမဲ့ လုယန် ကောင်းစွာသိသည်။ ထိုအေးစက်စက် အပေါ်ယံမျက်နှာဖုံးကို ခွာချလိုက်တာနှင့် သူမ၏အတွင်းပိုင်းက ဘယ်လောက်နွေးထွေးနူးညံ့လဲ ဆိုတာကိုပေါ့။

“...”

လုယန် အကြည့်လွှဲလိုက်တော့သည်။ အရင်အချိန်တွေက မီးတောက်ကို ပြန်ဆွဲခေါ်ဖို့ရန် သူ့မှာ ရည်ရွယ်ချက် မရှိပါချေ။ ထို့အပြင် သူတို့နှစ်ဦး၏ ပတ်သတ်မှုကလည်း အပြန်အလှန် အကျိုးအမြတ် ထုတ်ခဲ့ကြခြင်းသာ။

ဒီဘဝမှာ သူ့အတွက် ပိုအရေးကြီးသော ကိစ္စတွေ ရှိ​နေပါသေးသည်။

လုယန် ချက်ချင်းပဲ အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး တိတ်ဆိတ်သော အခန်းတစ်ခုထဲ ဝင်သွားလိုက်ပြီး ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုပ်ယမ်းကာ စုနီကို ဆင့်ခေါ်လိုက်သည်။

“ သခင့်ကို အရိုအသေပေးပါတယ်”

“ ဒူးထောက်”

လုယန်၏ အမိန့်ကိုကြားသည်နှင့် စုနီက ခန္ဓာကိုယ်ကို ကွေးချလိုက်ပြီး ဒူးနှစ်ဖက်ကို မြေပြင်နှင့် ထိလိုက်သည်။ သွယ်လျသော ပေါင်နှစ်ဖက်ကို ဖော်ထုတ်လိုက်သည့်အခါ သူမပုံစံက တော်တော်လေး ဆွဲဆောင်မှု ပြင်းသွား၏။ သို့ပေမဲ့ လုယန်မှာ အလှတရားကို ခံစားနေဖို့ အစီအစဥ်မရှိပါချေ။ ထိုအစား သူက စုနီကို အသေးစိတ်လေ့လာလိုက်သည်။

သူမကို ဖန်တီးပြီးပြီးချင်းမှာ တိုက်ခိုက်ခဲ့ရသည့်အတွက် သူ့မှာ လေ့လာချိန် မရှိခဲ့ပေ။ သူ သေချာလေ့လာရအုံးမည်ပင်။

“ အစောင့်အရှောက်နတ်ဘုရားက ကံတရားကိုပါ ယူပေးနိုင်တယ်”

လုယန် အတွေးတွေကို သိမ်းဆည်းလိုက်ပြီး ရွှမ်မင်ဆီက ရထားသော အမွေအနှစ်အားလုံးကို စုနီအပေါ် ပစ်ပေးလိုက်ပါတော့သည်။

နောက်တစ်စက္ကန့်မှာ လုယန် အပေါ်မော့ကြည့်လိုက်သည်။

သူ အစောပိုင်းက အမွေအနှစ်ကို လက်ခံထားစဥ်မှာ ရှေးဟောင်းကဝေဂိုဏ်းနှင့် ချိတ်ဆက်မှုတစ်ခုကို အမြဲခံစားနေရကာ၊ ဟိုးအဝေးမှာရှိနေသေးသော ရွှေအမြုတေကျင့်ကြံသူကိုပါ အာရုံခံလို့ ရနေသည်။

အခုတော့ ကံတရားဆက်နွယ်မှုက ကူးပြောင်းခံလိုက်ရကာ.. လုယန် လွတ်လပ်သွားသည်။

“ ဒါပေမဲ့ အမှန်တိုင်းပြောရရင် ဒါကအဲ့လောက် ကြောက်ဖို့လဲ မကောင်းပါဘူး။ မဟုတ်ရင် ရွှေအမြုတေကျင့်ကြံသူက ငါ့ကို သတ်ပြီးတာ ကြာရောပေါ့”

လုယန် စဥ်းစားလိုက်သည်။

“ ဒါလဲအဓိပ္ပါယ်ရှိပါတယ်။ ရှေးဟောင်းကဝေဂိုဏ်းက တကယ်တော့ မြေစာပင်ဖြစ်ခဲ့တာ၊ ရွှေအမြုတေကျင့်ကြံသူ တကယ်ကြောက်ခဲ့တဲ့သူက ရွှမ်မင်ပဲ။ အခု ရွှမ်မင်လဲ သေခဲ့ပြီ။ သူ့အမွေအနှစ်ကို ယူထားတဲ့ ငါ့အစောင့်အရှောက် စုနီကလည်း ကျင့်ကြံမှုပိုင်း မတိုးတက်နိုင်တော့ဘူး။ ဘယ်လိုလုပ် အဲ့ဒီလူ အာရုံစိုက်တော့မှာလဲ”

အဆိုးဆုံးမှ လျှို့ဝှက်နယ်မြေထဲက ဓားချီကပဲ တိုက်ခိုက်လာနိုင်သည်။ သို့ပေမဲ့ အခု ဓားချီလည်း ပျက်ဆီးခဲ့ပြီ။ သူ့အနေနှင့် ဤကံတရားကြောင့် ဓားချီကို ဆွဲဆောင်မိလျှင်တောင် နောက်ဘဝ ပြန်မွေးဖွားမှပဲ ဆွဲဆောင်မိဖို့ ဖြစ်နိုင်လိမ့်မည်။

ထိုသို့ဖြစ်လာလျှင်လည်း သူ့မှာ ဖြေရှင်းချက် ရှိပါသည်။

“ သက်တမ်းတစ်ရာစာအုပ်နဲ့ ဘဝသစ်ပြန်စချိန်မှာ ရွေးချယ်ခဲ့တဲ့ အရာက ဘာကြီးပဲဖြစ်နေနေ အတိတ်ဘဝရဲ့ ဆက်နွယ်မှုကို ဖြတ်တောက်ပေးတယ်”

လုယန် ကိုယ်တိုင် စမ်းသပ်ဖူးပြီးသားဖြစ်သည်။ သူ၏ ပထမဘဝမှာ လျိုရှင်းထံမှ ရရှိခဲ့သော မူလနတ်ချီအစွမ်းကို ဒုတိယဘဝမှာ ရွေးချယ်လိုက်သောအခါ ဘယ်သူကမှ ထိုအစွမ်းနှင့်ပတ်သတ်ပြီး အဖြေမထုတ်နိုင်ခဲ့တာကို ရှာတွေ့ခဲ့သည်။ သက်တမ်းတစ်ရာ စာအုပ်မှတစ်ဆင့် ရွေးချယ်လိုက်လျှင် အကျိုးဆက်အဆင့်ဆင့်ကိုပါ ဖြတ်တောက် ခံလိုက်ရဟန်ရှိ၏။

သို့ပေမဲ့ ထိုအရာက ရွေးချယ်မှုပြုမှပဲ ဖြစ်သည်။

ဥပမာပြောရလျှင် သူသည် လက်ရှိဘဝမှာ ကျင့်ကြံဆင့်ကို ရွေးချယ်ခဲ့မိသည်။ သို့ပေမဲ့ ပြန်မွေးဖွားပြီးပြီးချင်းမှာပဲ သူ့မှာရှိနေသော နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကြောင့် ချန်ထိုက်ဟဲဆီမှာ ဖော်ထုတ်ခံလိုက်ရသည်လေ။ ထို့ကြောင့် ကံတရားဆက်နွယ်မှု ပြတ်ချင်လျှင် ထိုအရာကို သီးသန့်ရွေးချယ်ဖို့တော့ လိုအပ်သည်။

“ ငါ အခြေခံတည်ထောင်ခြင်းကို အဆင့်တက်နိုင်ခဲ့ရင် ထားတော့။ ဒါပေမဲ့ မတတ်နိုင်ဘူးဆိုရင်တော့ ငါ ဒီဘဝမှာ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ရွေးပစ်မှာပဲ”

လုယန် သူ့လက်ထဲက စာလိပ်ကို ငုံ့ကြည့်လိုက်သည်။ သူသည် တစ္ဆေလျှို့ဝှက်နယ်မြေမှ ရခဲ့သော ဝိညာဥ်တွေအားလုံးသာမက၊ အစောင့်အရှောက် နတ်ဘုရားမ စုနီကိုပါ ဤစာလိပ်အတွင်းမှာ သန့်စင်ဖို့ ကြံစည်ထားတာပင်။

ထို့အပြင် စာလိပ်ထဲမှာ နဂိုတည်းက ဝိညာဥ်တစ်သောင်း ရှိနေပြီးသားလည်း ဖြစ်သည်။

ထို့ကြောင့် သက်တမ်းတစ်ရာစာအုပ်အစွမ်းဖြင့် ချီဝိညာဥ်တစ်သောင်းစာလိပ်ကိုသာ ရွေးချယ်လိုက်ပါက၊ တစ္ဆေလျှို့ဝှက်နယ်မြေနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး တစ္ဆေခန်းမကိုပါ အဆုံးမှာ အပိုင်ရနိုင်လိမ့်မည်။ ထိုအခါ အဝေးက ရွှေအမြုတေကျင့်ကြံသူလဲ သူ့ကို အာရုံခံနိုင်တော့မှာ မဟုတ်ပေ။

“ အရင်စမ်းကြည့်တာပေါ့”.

“ အကယ်လို့ မအောင်မြင်ရင်လဲ ငါနောက်ဘဝစတာနဲ့ ဂိုဏ်းအပြင်ကို တစ်လှမ်းမှ မထွက်ဘူးကွာ။ လျှို့ဝှက်နယ်မြေထဲက ရွှေအမြုတေဓားချီက တိမ်ပင်လယ်ကိုခွင်းပြီး ရှေးဦးသူတော်စင်ဂိုဏ်းကို ဖျက်ဆီးနိုင်မလား ကြည့်ရသေးတာပေါ့”

All Chapters