← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

Ch 95

( အမယုကို နဲနဲလောက် ခံစားစေတာပေါ့)

အတွေးပေါ်လာသည်နှင့် လုယန် ချက်ချင်းပဲ အလင်းအသွင်ပြောင်းကာ ကောင်းကင်ပေါ်ကို ပျံသန်းသွားလိုက်သည်။

ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ဖြန့်လိုက်ပြီး ကြီးမားစေလိုက်သည်။ အဆုံးမှာ ကောင်းကင်ပေါ်က နေမင်းကို လုံးဝပိတ်ပင်လိုက်ပြီး အရိုးတောင်တစ်ခုလုံးကို အမှောင်ရိပ်ချပစ်လိုက်၏။

အထူးသဖြင့် လျှို့ဝှက်နယ်မြေအတွင်းမှာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာသည်။

နယ်​မြေထဲက ဝိညာဥ်တွေအားလုံး ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းမှာ သန့်စင်ခံလိုက်ရသည်။ နောက်ဆုံး အကြီးအကဲရှစ်ဦးနှင့်အတူ တစ္ဆေခန်းမပါ ဝင်ရောက်သွားသည်။

“ အရောင်တောင် ပြောင်းသွားတာပဲ”

လျှို့ဝှက်နယ်မြေထဲက ဝိညာဥ်တွေ ဝင်ရောက်လာသည်နှင့် နဂိုကဖြူဖွေးနေသော စာလိပ်ပင် ခရမ်းပုတ်ရောင် ပြောင်းသွားသည်။

ဤနည်းအတိုင်းဆိုလျှင် သူသာ ဘဝအသစ်စပြီး ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ရွေးချယ်လိုက်သည်နှင့် လျှို့ဝှက်နယ်မြေတစ်ခုလုံး သူ့အပိုင် ဖြစ်လာလိမ့်မည်။ ထို့အပြင် ကံကြမ္မာအကာအကွယ်ပါ ရှိသော အခြေခံတည်ထောင်ခြင်းအဆင့် အစောင့်အရှောက်ဝိညာဥ်ကိုပါ ဘဝအဆက်ဆက် ရရှိနိုင်တော့မည်ပင်။ သူမ၏ ကာကွယ်နိုင်စွမ်းက မူလနတ်ချီမန္တာန်စာရွက်ထက် မနိမ့်ကျသောကြောင့် သူဘဝပြန်စချိန်မှာ ချန်ထိုက်ဟဲ၏ ထောက်လှမ်းမှုကနေပါ လွတ်မြောက်နိုင်သည်။

“ အိုး ဟုတ်သား၊ ငါမင်းကို မေ့တော့မလို့”

လုယန် အတွေးရသည်နှင့် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုတ်ယမ်းလိုက်ကာ ငယ်ရွယ်သော မျက်နှာပေါက်နှင့် ဆံပင်တွေဖြူနေကာ၊ တာအိုဝတ်စုံကို ဝတ်ထားသော ဝိညာဥ်တစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။

ကောင်းကင်ပြုပြင်တောင်ထွတ်သခင် ချန်ထိုက်ဟဲ။

ထိုဝိညာဥ်က ချန်ထိုက်ဟဲအစစ် လွတ်​မြောက်ရန် ကြိုးစားချိန်မှာ ချန်ခဲ့ရသော ဝိညာဥ်တစ်ပိုင်းဖြစ်လေသည်။

ထို့နောက် လုယန် ချန်ရှီနန်ကို ဆင့်ခေါ်လိုက်သည်။

ထိုဝိညာဥ်ကလည်း ချန်ရှီနန်၏ မူရင်းဝိညာဥ်မှ ခွဲထွက်လာသော ဝိညာဥ်တစ်ပိုင်း ဖြစ်သည်။ အပြင်ရောက်သည်နှင့် ဝိညာဥ်နှစ်ကောင်က ​အချင်းချင်းကြည့်မိပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။

“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး” လုယန် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ မင်းတို့နှစ်ကောင်ရဲ့ သားအဖ ဆက်ဆံရေးက ဒီလောက် နက်ရှိုင်းတာ၊ ငါက ကြင်နာတဲ့အနေနဲ့ သူ့ကိုပါ စာလိပ်ထဲခေါ်ပြီး မင်းတို့နှစ်ကောင်ကို ပြန်တွေ့ပေးရတော့တာပေါ့”

ထိုအချိန်မှာ အလွန်စိတ်ဝင်စားစရာကောင်းသော မေးခွန်းတစ်ခုကို ချန်ရှီနန် ရုတ်တရက် တွေးမိသွားသည်။ အခုဆိုလျှင် စာလိပ်ထဲမှာ ချန်ထိုက်ဟဲကော၊ ချန်ရှီနန်ကော၏ ဝိညာဥ်ခွဲတွေ ရှိနေပြီ။ သူသာ ဘဝသစ်ပြန်စချိန်မှာ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ရွေးချယ်လိုက်လျှင် သူတို့တွေ ရှိနေကြအုံးမှာလား။ ဒါဆို ချန်ထိုက်ဟဲအစစ်က ဘာတွေပြောင်းသွားမှာလဲ။

“ စိတ်ဝင်စားစရာပဲ”

လုယန် တွေးလိုက်ချိန်မှာ အလွန်ကောင်းသော အသုံးပြုနည်းများစွာကို တစ်ခါထဲ စဥ်းစားမိလိုက်သည်။ သူ၏နောက်ဘဝမှာ ချန်ထိုက်ဟဲ၏ ဝိညာဥ်ခွဲကိုသုံးပြီး သူ၏နောက်ဆုံးဝှက်ဖဲအဖြစ် ထားလို့ရသည်ပဲ။

သို့ပေမဲ့ ဒါက နောက်ဘဝမှပဲ ဖြစ်သည်။

လုယန် တွေးနေတာရပ်လိုက်ပြီး အရှေ့က ဝိညာဥ်နှစ်ကောင်ကို အကြည့်ပို့လိုက်သည်။

“ ကျုပ် မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကို ကျင့်ကြံဖို့ တွေးထားတယ်။ မင်းတို့နှစ်ယောက်က ကျုပ်ကို ကာကွယ်ပေးရမယ်”

မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းက ချီသန့်စင်ခြင်းနယ်ပယ်မှာတင် နတ်အာရုံ ရစေနိုင်သော ကြီးမြတ်သောနတ်အစွမ်းရှိသည့် သိုင်းတစ်ခုဖြစ်သည်။

ကျင့်ကြံလိုပါက ထိုသူသည် မူရင်းဝိညာဥ်ကို ကိုးခုခွဲရလေသည်.. သိုင်းစာအုပ်အတွင်းရှိ ဖော်ပြချက်အရ၊ ထိုဝိညာဥ်ခွဲကိုးခုက ခံစားချက်တစ်ခုချင်းစီကို ကိုယ်စားပြုပြီး မူရင်းဝိညာဥ်ကို ပြန်တိုက်ခိုက်ကြသည်။

ထို့ကြောင့် ပျော်ရွှင်မှု၊ ဒေါသ၊ နှစ်သက်ခြင်း၊ စမ်းသပ်လိုစိတ်၊ လိုအင်ဆန္ဒ၊ စိုးရိမ်မှု၊ လောဘ၊ အမုန်းတရားနဲ့ ဝေခွဲရခက်ခြင်းဆိုပြီး ခံစားချက်အလိုက် ဝိညာဥ်ကိုးခုမှာ နာမည်အသီးသီးရှိကြသည်။ ထိုကိုးမျိုးကို ဆန္ဒခြောက်ခုနှင့်အဆိပ်သုံးသွယ်ဟု ခေါ်ဆိုလေ့ရှိပြီး မူရင်းကိုယ်က ဆင့်ပွားထွက်ပေါ်လာသော ကိုယ်ပွားတွေ ဖြစ်ကြသည်။

“ ပထမတစ်ကောင်.. ပျော်ရွှင်မှု”

လုယန် စာအုပ်အတွင်းရှိ ဖော်ပြပါနည်းစနစ်အတိုင်း စိတ်ဝိညာဥ်အာရုံကို ဓားသွားတစ်ချောင်းလို ထက်ရှအောင် အာရုံစိုက်လိုက်သည်။ ထို့နောက် စုနီ၏ တွက်ချက်ပေးမှုအတိုင်း ဝိညာဥ်အပိုင်းထဲမှ တစ်ပိုင်းကို အားကုန် ဖြတ်ချလိုက်လေသည်။

လုယန် ချက်ချင်းဆိုသလို ပေါ့ပါးမှုတစ်ခုကို ခံစားလိုက်ရပြီး.. မျက်စိရှေ့ဝင်လာသော အလင်းတစ်ပျောက်ကို တွေ့လိုက်ရသည်။ ထိုအလင်းပျောက်က တဖြည်းဖြည်း အသွင်ပြောင်းရင်း အဆုံးမှာ သူနှင့်တစ်ပုံစံထဲ တူသော အရိပ်တစ်ခု ထွက်ပေါ်လာသည်။

“ ဟားဟားဟားဟား”

ထိုအရိပ်က ထွက်လာလာချင်းမှာ လက်တစ်ဖက်က မျက်လုံးကို အုပ်လိုက်သည်။ နောက်တစ်ဖက်​က ပါးစပ်ကိုကာရင်း ခေါင်းကိုအနောက်ယိမ်းသွားသည်အထိ အင်တိုက်အားတိုက် ရယ်မောပါတော့၏။

တစ်ချိန်ထဲမှာ လုယန်၏ စိတ်ထဲအတင်းဝင်ရောက်လာသော ခံစားချက် အလုံးအရင်းလိုက်ကြီးကို ခံစားမိလိုက်သည်။

ကျင့်ကြံမှုအောင်မြင်၍ ပျော်ရွှင်ခြင်း၊ နှစ်ကိုယ်တွဲကျင့်ကြံမှုမှ ရသော ပျော်ရွှင်ခြင်း၊ အဆင့်တက်၍ ပျော်ရွှင်ခြင်း၊ လှည့်စားမှုအောင်မြင်၍ ပျော်ရွှင်ခြင်း.. စသဖြင့် အတိတ်ကာလများစွာထဲက ပျော်ရွှင်မှုတွေအားလုံးကို သူတဖန် ပြန်ခံစားလိုက်ရသည်။

လုယန် စိတ်ပြင်ဆင်ထားသည့်တိုင်အောင် ရုတ်တရက် ဝင်ရောက်လာသော ပြင်းထန်သည့်ခံစားချက်များကြောင့် သူ့မျက်လုံးတွေ နီစွေးသွားတော့သည်။

ထိုအချိန်မှာပဲ ဘေးမှာအသင့်ရပ်နေကြပြီး ကာကွယ်ပေးဖို့ အမိန့်ရထားသော.ချန်ရှီနန်နှင့် ချန်ထိုက်ဟဲ လှုပ်ရှားလာကြသည်။ သူတို့နှစ်ဦးလုံး အသက်ကိုဝနေအောင် ရှုပြီး မိုးကြိုးသွားတစ်ခုလို ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

“ အာရုံစိုက်စမ်း”

ထိုကျယ်လောင်သောအသံက လုယန်၏ နှလုံးသားထဲရှိ ဆန်တက်နေသော ပျော်ရွှင်မှုတွေကို ကြည်ရှင်းသောစမ်းချောင်းရေတွေ ချောမွေ့စွာ စီးဆင်းသွားသည့်အတိုင်း အလွယ်တကူ တိုက်စားသွားသောကြောင့် လုယန် မကြာခင်မှာ ပြန်လည်တည်ငြိမ်သွားသည်။

“ ဝိညာဥ်ခွဲတဲ့ပညာက.. တကယ် ကြောက်ဖို့ကောင်းတာပဲ”

လုယန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဒါက ယာယီဖြေရှင်းနည်းတစ်ခုပဲ ဆိုတာ သူနားလည်ပါ၏။ ဝိညာဥ်ခွဲခြင်း၏ လွှမ်းမိုးမှုက ခဏတာပဲသက်သာနိုင်ပြီး နောက်ကျပိုမိုကြမ်းတမ်းသော အရှိန်ဖြင့် ထကြွသောင်းကြမ်းတော့မှာ သူကြိုမြင်နေပါသည်။

ဒါကလဲ အကြီးဆုံးအခက်အခဲတစ်ခုပင်.. ဝိညာဥ်ခွဲတစ်ခုစီက ခံစားချက်တွေကို စုဆောင်းပြီး သိမ်းဆည်းထားသည်။ ထိုမတူညီသော ခံစားချက်တွေအားလုံးကို အ​ပြီးတိုင် ချိုးနှိမ်နိုင်ပြီးမှပဲ ထိုသူက ရေခဲလိုကြည်ရှင်းသော နှလုံးသားအဆင့်ကို ရောက်ကာ သိုင်းကို တတ်မြှောက်သွားသည်။

“ ဒီခံစားချက်တွေက တော်တော် ဒုက္ခပေးတာပဲ”

လုယန် မျက်မှောင်တင်းတင်း ကြုတ်လိုက်တော့သည်။ သူနှင့် ဝိညာဥ်ခွဲတွေကြားမှာ ကံကြမ္မာ ဆက်နွယ်မှု ရှိနေသေးသည့်အတွက် သူ့အနေနှင့် ချိုးနှိမ်လိုက်လျှင်တောင် အပြီးတိုင် ပျောက်ကွယ်သွားမှာ မဟုတ်ချေ။

“ဟမ်.. ကံတရားဆက်နွယ်မှုဟုတ်လား”

ခဏတာတိတ်ဆိတ်သွားပြီးနောက် လုယန်သည် အနောက်မှာအသင့်ရှိနေသော စုနီကို လှည့်ကြည့်လိုက်သည်။ သူ သိတာ မမှားလျှင် အစောင့်အရှောက်နတ်ဘုရားတွေမှာ ကံတရားကို ကူးပြောင်းလက်ခံနိုင်သော အစွမ်းရှိကြသည်မလား။

လုယန် ကြိုးစားကြည့်လိုက်ချိန်မှာ ကံတရားက ချက်ချင်းပြောင်းလဲသွားတာကို ​မြင်လိုက်ရတော့သည်။

စုနီတစ်ယောက် နှုတ်ခမ်းတွေ တွန့်လာပြီး မနေနိုင်စွာ ခပ်ကျယ်ကျယ် ပြုံးလာလေ၏။ သို့သော် သူမကချက်ချင်း ပြန်ထိန်းလိုက်ပြီး ကြောက်ရွံ့စွာ မေးလာသည်။

“ သခင်..ဒါက”

“ တောင့်ခံလိုက်၊ အဲ့ဒါကိုလုံးဝ ခွင့်မပြုနဲ့”

လုယန် မာထန်စွာပြောလိုက်ပြီး.. ပျော်ရွှင်မှုနှင့်သက်ဆိုင်သော ကံတရားတွေအားလုံးကို စုနီထံ ပို့ပေးလိုက်တော့သည်။

“ ဆက်လုပ်မယ်”

ပြီးတာနှင့် လုယန်က အချိန်မဆွဲဘဲ ကျန်ဝိညာဥ်ရှစ်ခုကို ပိုင်းဖြတ်ပစ်လိုက်သည်။ ထို့နောက် စုနီဆီကို ပြွတ်သိပ်ထည့်ပေးလိုက်၏။

ချက်ချင်းဆိုသလို စုနီတစ်ယောက် ချွေးတွေရွှဲနှစ်ကာ မြေပြင်ပေါ် လဲကျသွားပါတော့သည်။ သူမ၏ ဆံနွယ်ရှည်တွေမှာပါ ချွေးတွေရွှဲနေပြီး မျက်နှာလှလှလေးကို လာကပ်နေလေရဲ့။ သူမ၏ နတ်ဘုရားမတစ်ပါးလို တည်ကြည်သော ဟန်ပန်တွေ ပျောက်ကွယ်သွားပြီး အနည်းငယ် အားဖျော့နေသော မျက်လုံးများက စိတ်ရှုတ်​နေကာ.. ဇဝေဇဝါ ဖြစ်နေတော့သည်။

သူမပုံစံက မြေပြင်ပေါ်မှာ ကွေးကွေးလေး ဖြစ်နေ၏။

ခံစားချက်ပေါင်းစုံကို အလူးအလဲတောင့်ခံနေသော စုနီကို ကြည့်ပြီး လုယန် ရုတ်တရက် ခံစားချက်ကောင်းသွားသည်။

“ အစောင့်အရှောက်နတ်ဘုရားဆိုတာဒါပဲ”

“ မဟုတ်ရင် ဘယ်မှာအသုံးဝင်တော့မှာလဲ”

“ ပြီးတော့ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းရဲ့ နောက်ဆုံးအဆင့်ကို သူမရဲ့ အ​ခြေခံတည်ထောင်ခြင်းအဆင့်အတန်းကို ယူသုံးပြီး ပိုမြန်အောင် လုပ်လို့ရမလားပဲ။ ငါတို့အမကြီးယုတော့ ပင်ပန်းသွားပြီ”

စုနီ၏ အကူအညီနှင့်ဆိုလျှင် နှစ်ဆယ်ချီ ကြာမြင့်မည့် အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းကော၊ မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကောကို သုံးလအတွင်း တတ်​မြှောက်နိုင်မည်ဟု လုယန် ယုံကြည်နေတော့သည်။ ထိုသို့ဆိုလျှင် သူ၏အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ခွင့်သည်လဲ မကြာခင် ရောက်လာနိုင်ပါသည်။

“ အော် ပြီးတော့ ကောင်းကင်အလောင်းစွမ်းအင်ကို သုံးပြီး ယန်ရှန်းကျန့်ယန်ဆီက အဆင့်တက်ခြင်းတံဆိပ်ပြားကိုလဲ တောင်းလို့ရပြီ”

“ အဲ့ကျရင် ငါ့ရဲ့အဆင့်တက်နိုင်စွမ်းက ရှစ်ဆယ်ရာခိုင်နှုန်းတောင် ရှိပြီ”

“ မဆိုးပါဘူး”

လုယန် အနည်းငယ် စိတ်လှုပ်ရှားသွားတော့သည်။ သူက ပြီးပြည့်စုံသည့် အနေအထားကို စောင့်ဖို့ မရွေးချယ်ထားတာမလို့.. ရှစ်ဆယ်ရာခိုင်နှုန်းက သူ့အတွက် လုံလောက်ပြီပင်။

…..

ရှေးဦးသူတော်စင်ဂိုဏ်း၏ တိမ်ပင်လယ်အတွင်းတွင်..

ချန်ထိုက်ဟဲ ကောင်းကင်ပြုပြင်တောင်ထွတ်ကို ရောက်သည်နှင့် တောင်အစီအမံကို အသက်သွင်းပြီး ခန္ဓာအသစ်ပြန်ဖန်တီးရန် မြေကြီးတစ်ဆုပ် ယူလိုက်သည်။

သို့သော် ထိုအချိန်မှာပဲ ချိုမြမြ အသံတစ်ခုကို ရုတ်တရက် ကြားလို​က်ရလေသည်။

“ အဖေ လူသွားဖမ်းတာ မဟုတ်ဘူးလား။ ဘာလို့ လက်ဗလာနဲ့ ပြန်ရောက်လာတာလဲ”

“.....”

ထိုမေးခွန်းကြောင့် ချန်ထိုက်ဟဲ၏ တစ်ကိုယ်လုံး တောင့်တင်းသွားကာ သမီးဖြစ်သူကို ကူကယ်ရာမဲ့စွာ လှည့်ကြည့်လိုက်ပါတော့၏။

“ အဖေ အာရုံခဏပျံ့သွားလို့ မမိခဲ့လိုက်ဘူး”

ချန်ရွှေချင် အနည်းငယ် အံ့သြသွားပြီးမှ ရုတ်တရက် မျက်မှောင်ကြုတ်သွားလေကာ

“ အဖေ ရှုံးသွားတာလား”

“ အဖေမရှုံးဘူး”

ချန်ထိုက်ဟဲ ခပ်ပြတ်ပြတ် တစ်ခွန်းသာပြောပြီး တိတ်ဆိတ်သွားသည်။.

အချိန်တစ်ချို့နေပြီးနောက်မှသာ ရုပ်တည်ကြီးနှင့် ဆက်ရှင်းပြလာသည်။

“ ဒီတိုင်း… ဒီတစ်ခေါက်ရန်သူက အဖေ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ပြီး အစွမ်းတွေဆယ်ရာခိုင်နှုန်းအောက်ပဲ ကျန်တော့အောင် လုပ်သွားခဲ့ရုံတင်”

“ အဖေ..ရှုံးသွားခဲ့တာပါ။ ဟုတ်တယ်မလား”

“ အဖေမရှုံးဘူးလို့”

ချန်ထိုက်ဟဲ အံတင်းတင်းကြိတ်လိုက်တော့သည်။

“ အဲ့ကောင်ကို ဒီရက်ပိုင်း လွှတ်ထားပေးလိုက််မယ်။ သူကောင်းကောင်း ရှင်သန်ရမယ် ထင်သလား။ ဒီကောင်ကိုယ်တိုင် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ချိန်မှပဲ အဲ့ဒါက ဘယ်လောက်ခက်ခဲလဲဆိုတာ နားလည်သွားလိမ့်မယ်”

“ ဒီကောင် အကုန်လုံးကို တွက်ချက်နိုင်ခဲ့ပေမဲ့ အဆင့်သုံးနဂါးချီကို လောဘကြီးပြီး ရွေးချယ်ခဲ့တာ ဘယ်လောက်မှားလဲ အဲ့ကျမှ သိလိမ့်မယ်”

ချန်ထိုက်ဟဲက မျက်နှာကိုမဲ့လိုက်ပြီး ဆက်ပြောသည်။

“ ချင်အာ၊ သမီးကငယ်သေးတော့ လူသားတွေ ဘယ်လောက်ယုတ်ညံ့လဲဆိုတာ နားမလည်သေးဘူး။ ဒီလောကမှာ အလကားရတဲ့အခွင့်အရေးဆိုတာ မရှိဘူးသမီး”.

“ ပန်းလုံသခင်ရဲ့ အမွေအနှစ်ကသာ ဒီလောက်ကောင်းနေရင် အဖေက ကိုယ့်သားသမီးကို မပေးဘဲ တစ်ခြားကောင်ကို ထိခွင့်ပေးမှာလား။ ပန်းလုံသခင်​က ဒီသိုင်းကို ဖန်တီးတုန်းက အခြေခံတည်ထောင်ခြင်းနယ်ပယ် အလွတ်တန်းကျင့်ကြံသူတစ်​ယောက်ပဲ ရှိသေးတယ်။ အဲ့လိုလူဖန်တီးထားတဲ့ သိုင်းက ရွှေအမြုတေနယ်ပယ်အထိ ခွင့်ပြုပေးနိုင်တဲ့ အဆင့်သုံးချီစွမ်းအင်ကို တကယ်ထုတ်ပေးနိုင်မယ် ထင်လား”

Ch 96

( အဆင့်တက်ဖို့ထပ်မံကြိုးစားခြင်းနဲ့ ပန်းလုံသခင် ထွက်ပေါ်လာခြင်း)

သုံးလဆိုသောအချိန်က မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့တွင် လုယန်သည် အရိုးတောင်ထိပ်တည့်တည့်၌ ကြာပန်းပုံ ထိုင်နေခဲ့သည်။ ထိုအချိန်မှာ သူ ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ မျက်နှာကလည်း ဝမ်းပန်းတသာ ဖြစ်သွား၏။ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အသွင်ပြောင်းခြင်း ပြီးမြှောက်လေပြီ။

လုယန် ချက်ချင်းပဲ အရိုးတောင်မှ ပျောက်ကွယ်သွားခဲ့သည်။

ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းရှိ သီးခြားနေရာတစ်ခုတွင်…

သွေးနီ​ရောင် အရိုးစုများဖြင့် ဆောက်ထားသော နန်းတော်တစ်ခုက ခမ်းနားစွာရှိနေပြီး ဘေးနှစ်ဖက်နှစ်ချပ်မှာ သွေးနွယ်ပင်များက ခွေခေါက်ပြီး နေရာယူထားသည်။

ထိုသွေးနွယ်ပင်များက နန်းတော်၏ အနက်ရှိုင်းဆုံးနေရာက ထွက်ပေါ်လာတာပင်။ အထဲဝင်ကြည့်လိုက်မည်ဆိုလျှင် နံရံတွေဖြစ်စေ၊ ကြမ်းခင်းတွေဖြစ်စေ.. အကုန်လုံးက အရိုးများဖြင့် ဆောက်လုပ်ထားမှန်း မြင်သာသည်။ အရိုးတွေကြားမှာ သွေးနွယ်ပင်တွေ၏ ယှက်နွယ်နေမှုက အသက်ဝင်နေသော မကောင်းဆိုးဝါးတစ်ကောင်လိုမျိုး.. တစ်ချိန်ထဲမှာ ကြောက်ရွံ့မှု၊ ခြောက်ခြားမှုနှင့် မဖြစ်နိုင်မှုတွေကို ခံစားရစေလိမ့်မည်။

တကယ်​တော့ ဒီနန်းတော်ကြီးတစ်ခုလုံးက အသွင်ပြောင်းပြီးသော လုယန်၏ ခန္ဓာကိုယ်ဖြစ်သည်။ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ နောက်ဆုံးအဆင့်ကို ပြီးမြှောက်သည်နှင့် ရုပ်ခန္ဓာသည် တစ်ချိန်ထဲမှာ အသွင်မျိုးစုံ ပြောင်းလဲနိုင်သွားသည်။ အခုတော့ နန်းတော်ကြီးအနေနှင့် ပြောင်းလဲနေပြီး တစ်ချို့နေရာတွေမှာ.အရိုး၊ တစ်ချို့နေရာတွေမှာ အသားစတွေ အဖြစ် အစီအစဥ်မကျ ဖြစ်နေတော့သည်။

“ ဒါကြီးက နောက်ဆုံးတစ်ဆင့် ထပ်လုပ်စရာ လိုအုံးမယ်လို့ မထင်ထားမိဘူး”

လုယန် အံ့သြစွာ လှည့်ပတ်ကြည့်နေမိတာပင်။ အခု သူ၏ ရုပ်ခန္ဓာက မပြီးပြည့်စုံသေးဘဲ အသား၊ အရိုးနှင့်သွေးကို အစီအစဥ်တကျ ဖြစ်အောင် နေရာပြန်တည်ဆောက်ဖို့ လိုအပ်နေသေးသည်။

ရုပ်ခန္ဓာပြန်တည်ဆောက်ခြင်း ကျရှုံးသွားလို့ကတော့ အရိုးနှင့်အသား တစ်ခြားစီ ဖြစ်သွားပြီး မကောင်းဆိုးဝါး တစ်ကောင် အဖြစ် ပြောင်းလဲသွားလိမ့်မည်။

သို့ပေမဲ့ ဤနေရာမှာလည်း ကျင့်ကြံသူများအနေနဲ့ နောက်ထပ် ​ပြဿနာတစ်ခုကို ရင်ဆိုင်ရပြန်သေးသည်။ အချိန်အကြာကြီး သေဆုံးခဲ့ရပြီးမှ ရုတ်တရက် ပြန်နိုးလာရသည့်အတွက် စိတ်အာရုံသည် နောက်ကျိရှုတ်ထွေးနေမည်မှာ မလွဲဧကန်ဖြစ်သည်။ ထိုသို့သော စိတ်အခြေအနေနှင့် ခန္ဓာကိုယ်ကို အဘယ်မှာ ပြန်တည်ဆောက်နိုင်မည်နည်း။

“ ဒီသိုင်းရဲ့လိုအပ်ချက်တွေက အရမ်းခက်တာပဲ။ တော်သေးတယ် ငါတောက်လျှောက်သတိရနေခဲ့လို့”

လုယန်သည် စုနီ၏ အကူအညီကြောင့် မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကို လွန်ခဲ့သောတစ်လမှာ တတ်​မြှောက်ခဲ့ကာ နတ်အာရုံကို ရရှိခဲ့သည်။

နတ်အာရုံဖြင့် ထိန်းချုပ်လိုက်ပါက၊ ရုပ်ခန္ဓာတည်ဆောက်ခြင်းက သူ့အတွက် အသေးအဖွဲ့တစ်ခုသာ ​ဖြစ်လာလိမ့်မည်။

လုယန် တွေးလိုက်သည်နှင့် ဧရာမ နန်းတော်ကြီးက တဖြည်းဖြည်း ပြိုကျသွားသည်။ လုယန်၏ အမိန့်အောက်မှာ ထိုအစိတ်အပိုင်းတွေက ရှုတ်ထွေးစွာ လည်ပတ်နေကြပြီး…

အဆုံးမှာ တာအိုဝတ်စုံကို ဝတ်ထားသော ချောမောခန့်ညားသည့် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

​ဖြူစွတ်စွတ်ဝတ်စုံ၊ နက်မှောင်ဖြောင့်စင်းနေသော ဆံပင်ရှည်များအပြင် သိမ်မွေ့သော ခံစားချက်များ ထုတ်ပေးနေသည်မှာ ကောင်းကင်မှ နတ်သားတစ်ပါး ဆင်းသက်လာသည့်နှယ်။

“ အောင်မြင်ပြီ”

လုယန် ရုပ်ခန္ဓာအတွင်း ဝင်ပြီးပြီးချင်းမှာပဲ သူ၏ ဝိညာဥ်နှင့် ခန္ဓာက ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။ မထင်ထားသော အခြေအနေအထိ မြင့်တက်သွားပြန်သော အဆင့်အတန်းကြောင့် လုယန် ခပ်ဖွဖွ ပြုံးလိုက်တော့သည်။

လုယန် ကောင်းကင်ပေါ်မော့ကြည့်လိုက်တာနှင့် အင်အားကြီးအရောင်အဝါတွေ ဖြာထွက်နေသော အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မြင်နိုင်သွားပြီပင်။ သူနှင့် ထိုနယ်ပယ်ကြားမှာ ခြေလှမ်းတစ်ရာလောက်ပဲ ကွာခြားတော့သည်ဟု ခံစားရသည်။

သို့ပေမဲ့ အပေါ်မှ ထုတ်လွှတ်နေသော ဖိအားများက သူ့ကို ခံစားချက်အပြည့်ဖြင့် သက်ပြင်းချစေလေသည်။

နီးကပ်နေပြီဆိုတာနှင့် ထိုနေရာကို ရောက်နေပြီလို့ မဆိုလိုသေးပေ။

ထိုနယ်ပယ်ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့လျှင်တောင်မှ အထဲထိဝင်ပြီး အမတအခြေခံကို မတည်ဆောက်နိုင်သေးသရွေ့ တကယ့်သန်မာမှုကို ရရှိအုံးမှာ မဟုတ်ပေ။ သေမျိုးနှင့် အမတတစ်ယောက်လိုမျိုး ကွာခြားနေအုံးမှာပဲ။

ထိုအချိန်မှာပဲ ရုတ်တရက် ပျံသန်းလာသော အလင်းတစ်ခုကို လုယန် သတိထားမိလိုက်သည်။ ထိုအလင်းက ရှေးဦးသူတော်စင်ဂိုဏ်း၏ ဦးတည်ရာမှ လာနေခဲ့တာပင်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် လုယန် မျက်စိရှေ့မှာ တံဆိပ်ပြားတစ်ခု ပေါ်ထွက်လာသည်။

အဆင့်တက်ခြင်းတံဆိပ်ပြား။

ထင်သည့်အတိုင်းပင် ကောင်းကင်အလောင်းစွမ်းအင်ကြောနှင့် အပေးအယူလုပ်လိုက်သောအခါ ယန်ရှန်းကျန့်ယန်က ဦးစွာ လက်ဆောင်တစ်ခု ထုတ်ပေးလာခဲ့သည်။ ထိုသူက အခြေခံတည်ထောင်ခြင်းအဆင့် ရတနာတစ်ခုကို ထုတ်ပေးဖို့ မတွန့်ဆုတ်နေခဲ့ပါချေ။

“ အကုန် အဆင်သင့်ဖြစ်ပြီ”

လုယန် စိတ်ပိုင်းဖြတ်ထားလိုက်ပြီ.. အချိန်မရှိတော့ပါချေ။ သူချက်ချင်းပဲ အခြေခံတည်ထောင်ခြင်းကို အဆင့်တက်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။

အတွေးတစ်ချက်နှင့် လုယန် လျှင်မြန်စွာ ခုန်တက်လိုက်ပြီး နောက်တစ်စက္ကန့်မှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်အတွင်း လမ်းလျှောက်ဝင်သွားလိုက်သည်။ သူ၏ အမြင့်ကိုတက်လှမ်းခြင်းက ခြေတစ်လှမ်းသာ ယူခဲ့ရသည်လေ။

“ ငါ့အရင်ဘဝနဲ့ယှဥ်ရင် စောက်ရမ်း လွယ်သွားတာပဲ”

သူ့အရင်ဘဝက ရွှေစင်ခန္ဓာအားကိုးနှင့်ပဲ အဆင့်တက်ခဲ့ရသည်။ အပေါ်ရောက်တော့ ချီစွမ်းအင် ငါးဆယ်ရာခိုင်နှုန်းလောက် ကုန်ဆုံးသွားကာ လူလဲ ဖတ်ဖတ်မောနေခဲ့၏။

သို့ပေမဲ့ အခုတစ်ခေါက်တော့ အဆင့်သုံးနဂါးချီကိုသုံးပြီး ရွှေစင်ခန္ဓာနှင့်အလောင်းအသွင်ပြောင်းခန္ဓာ နှစ်ခု ပေါင်းစပ်ထားသော ခန္ဓာကိုယ်ဖြင့် နတ်အာရုံကိုသုံးခဲ့သည်။ ထို့အပြင် ကောင်းကင်တံခါးကိုးခုကို အလွယ်တကူ ဖြေရှင်းနိုင်သော အဆင့်တက်ခြင်းတံဆိပ်ပြားပါ ရှိနေလေရာ၊ လုယန် ကြိုးကိုမကြိုးစားလိုက်ရပေ။ ထို့ကြောင့် အရင်တစ်ခေါက်ကလို မဟုတ်ဘဲ အဆင့်သုံးနဂါးချီနှင့် အမတအခြေခံကို တည်ဆောက်လို့ ရသွားခဲ့၏။

“ နောက်တစ်ဆင့်က မကောင်းတဲ့အတွေးတွေ ကျူးကျော်ခံရတာပဲ”

လုယန် အလွန်လျှင်မြန်သော အရှိန်နှင့် စုနီကို ဆင့်ခေါ်လိုက်သည်။ တစ္ဆေခန်းမ ထွက်ပေါ်လာကာ ပြင်းထန်သော စွမ်းအင်လှိုင်းက ပတ်ဝန်းကျင်ကို သက်ရောက်လိုက်၏။

အစောင့်အရှောက်နတ်ဘုရားမ စုနီ…

သူမ ရောက်ရှိလာခြင်းက လုယန်ကို အခြေခံတည်ထောင်ခြင်း အဆင့်အတန်းတစ်ခု ကြိုတင်ချီးမြင့်လိုက်လေသည်။ ထိုအဆင်အတန်းဖြင့် နယ်ပယ်အတွင်းက မကောင်းသောအတွေးအများစုကို ခုခံနိုင်သွားသည်။

“ ရှစ်ဆယ်ရာခိုင်နှုန်းနဲ့ အဆင့်တက်ရတာ အများကြီး လွယ်သွားတာပဲ”

လုယန် အလျင်မလိုပဲ တည်တည်ငြိမ်ငြိမ် ဆက်လက်လှုပ်ရှားသည်။ အဆင့်သုံးနဂါးချီတွေက ဒျန်ထျန်မှတစ်ဆင့် အပြင်ထွက်လာကာ၊ အဆုံးမှာ ​ခြေထောက်နား၌ ရစ်ခွေနေပြီး တိမ်စိုင်အဖြစ် စုဝေးသွားသည်။ တိမ်စိုင်တွေအထက်မှာ နဂါးတစ်ကောင် ပေါ်ထွက်လာ၏။

နဂါးအသွင်ပြောင်းနည်းကိုးသွယ် သိုင်းပြီးလျှင် စစ်နဂါးတစ်သောင်းဖိတ်ခေါ်ခြင်း သိုင်းကို ကျင့်ကြံနိုင်သည်။ ထိုသိုင်းနှင့် အမတအ​​ခြေခံကို အဆင်သင့်တည်ဆောက်လိုက်လို့ ရပြီး အများကြီး အကျိုးထူးသည်။

ထိုနဂါးက နဂါးတစ်သောင်းကိုဖိတ်ခေါ်ပြီး အမြင့်ကို စတင်ဆန်တက်လေသည်။

ရထားလုံးကြီးတစ်ခု တိမ်စိုင်တွေကြားမှာ ထွက်ပေါ်လာပြီး တော်ဝင်နဂါးက နဂါးငယ်တစ်သောင်းကို ရထားလုံးထဲထည့်ကာ၊ တိမ်စိုင်တွေအတွင်း လှည့်ပတ်နေချိန်မှာပဲ လုယန်၏ အရှိန်အဝါသည်လည်း သိသာစွာမြင့်တက်လာပြီး နက်ရှိုင်းဆန်းကြယ်သွားသည်။

သို့ပေမဲ့ လုယန် တဖြည်းဖြည်း မျက်မှောင် ကြုတ်လာလေကာ

“ တစ်ခုခု မှားနေပြီ”

သူ၏ ကံတရားတွက်ချက်နိုင်စွမ်းက အလွန်စူးရှသည်။ ထို့ကြောင့် အောင်မြင်ခါနီးလေလေ၊ နှလုံးသားက ပိုမိုလှုပ်ရှားလာပြီး.. နှလုံးသားအတွင်းပိုင်းကနေ အရိပ်တစ်ခု အရိ​ပ်ထင်လာတာကို ခံစားမိလိုက်သည်။

သူ အရင်က အာရုံမခံခဲ့မိသော ကံတရားတစ်ခုက တဖြည်းဖြည်း ရုပ်လုံးပေါ်လာကာ အပ်ချည်ကြိုးမျှင်တွေလို သူ့ကို တစ်ရစ်ချင်း ပတ်တော့သည်။ သူ ရှေ့ဆက်တိုးဖို့ ကြိုးစားလေလေ၊ မီးကိုးတိုးနေသော ပိုးဖလံလိုမျိုး အန္တရာယ်အငွေ့အသက်ကို ခံစားလာရ၏။ လုယန်၏ မျက်နှာသည်လည်း တစ်စတစ်စ မည်းမှောင်လာတော့သည်။ သူ့နှလုံးသားထဲမှာ ရုတ်တရက် သဘောပေါက်သွားလို့ပင်။

“ ငါ့ကို အကွက်ချထားတဲ့သူ ရှိ​နေတယ်”

“ ဘယ်သူလဲ”

လူသန်ကြီး ချုံကွမ်၊ ယန်ရှန်းကျန့်ယန်၊ ချန်ထိုက်ဟဲ၊ ဖေကံကောင်း၊ ရွှမ်မင်.. လုယန် သိသမျှသူတိုင်းကို စတင်စဥ်းစားတော့သည်။

“ သူတို့မဟုတ်ဘူး”

“ ရွှမ်မင်ကို ရွှေအမြုတေဓားချီက သတ်သွားတာ ကြာပြီ။ သူ ဘယ်လိုမှ ပြန်မရှင်လာနိုင်တော့ဘူး။ ပြီးချန်ထိုက်ဟဲက ဒဏ်ရာဒီလောက်ရထားတာ ဘယ်လိုလုပ် ငါ့ကို အကွက်ချနိုင်မှာလဲ”

“ ယန်ရှန်းနဲ့ ချုံကွမ်ကလည်း ပိုလို့တောင် မဖြစ်နိုင်ဘူး”

နောက်တစ်စက္ကန့်မှာ လုယန်၏ နှလုံးသားထဲက နာမည်တစ်ခု ထွက်လာသည်။ ထိုသူက အရမ်းကို အရေးမပါလွန်းလို့ သူ တောက်လျှောက် မေ့လျောနေမိခဲ့တာပင်။

လုယန် အသက်ဝဝ ရှုသွင်းလိုက်ပြီး တွေးနေတာ ရပ်လိုက်တော့သည်။ သူ မစူးစမ်းလိုတော့၍ လက်လျော့လိုက်တာ မဟုတ်ပါချေ။ ဒီအခြေအနေမှတော့ နောက်ကျသွားပြီဆိုတာ သိလိုက်ရသောကြောင့်ပဲ။

လုယန် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ချိန်မှာ ကျယ်ပြောသော အခြေခံတည်ထောင်ခြင်းနယ်ပယ်၏ တစ်ဖက်ခြမ်းကနေ သူ့ဆီကို ​ခပ်ဖြည်းဖြည်း လျှောက်လာနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထိုသူ၏ ပုံစံက အင်အားကြီးကာ၊ ခြေလှမ်းတိုင်းက တည်ငြိမ်သည်။ ခြေတစ်လှမ်းချင်းဆီမှာ နဂါးတစ်ကောင် ဟိန်းသံက နယ်ပယ်တခွင် ပဲ့တင်ထပ်နေ၏။

လုယန် ပထမဆုံးကြည့်လိုက်တုန်းကအထိ ထိုသူက အရမ်းဝေးနေသေးသော်လည်း၊ အချိန်တိုအတွင်းမှာ သူ့မျက်စိရှေ့ ရောက်လာခဲ့သည်။ ထိုသူ လျှောက်သွားသော လမ်းတစ်လျှောက်မှာ ကြာပန်းတွေ ပွင့်လန်းလာသည်။ လုယန်တစ်ယောက် အင်အားကြီးလွန်းသော အရောင်အဝါကြောင့် မျက်စိမလွှဲနိုင် ဖြစ်လာရ၏။

“ ခင်ဗျား ပေါ့လေ”

လုယန် ထိုသူကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ရွှေရောင်ဝတ်စုံနှင့် နဖူးအလွန်ပြောင်သော ထိုလူက လက်ထဲမှာ ကွင်းကိုးကွင်းပါသော တုတ်တစ်ချောင်းကို ကိုင်ထားပြီး နောက်တစ်ဖက်မှာ နဂါးတစ်ကောင်ကို တင်ထား၏။ ငယ်ရွယ်သောမျက်နှာနှင့် တောက်ပသောနှုတ်ခမ်းကြောင့် အလွန်ကြင်နာတ်သလို ထင်မှတ်ရစေသည်။

သို့ပေမဲ့ လက်ထဲက နဂါးပေါက်ကတော့ မာန်တွေဖြီကာ လက်သည်းတယမ်းယမ်းဖြင့် အလွန်ရန်လိုနေသည်။ ထိုရွှေရောင်မျက်လုံးတွေမှာလည်း လူသတ် အရိပ်အငွေ့ အပြည့်ပင်။

လုယန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

နောက်တစ်စက္ကန့်မှာ နဂါးပေါက်က ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး ရွှေရောင်မျက်လုံးတွေအတွင်း လုယန်၏ မှတ်ဉာဏ်တွေကို မြင်ယောင်စေလိုက်ကာ လုယန်ကို ပိတ်လှောင်လိုက်သည်။

နဂါးမျက်လုံးအတွင်းမှာ ကမ္ဘာကြီးကို ဘောင်ခတ်ပစ်သည်…

ထိုအတွေးကြောင့် လုယန် လှုပ်ရှားမရတော့သည့်ကြားမှ အေးစက်စက် ပြောလိုက်တော့၏။

“ ပန်းလုံသခင်”

ပန်းလုံသခင်နှင့်အတူ နက်ရှိုင်းစွာ ဖုံးကွယ်ခံထားရသော ကံတရား ပေါ်ထွက်လာသည်နှင့် ထိုသူက တကယ်မသေသေးမှန်း လုယန် နားလည်လိုက်ရတော့သည်။

All Chapters