အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
Ch 97
( ဗုဒ္ဓလမ်းစဥ်နဲ့ထိတွေ့ခြင်း)
လုယန် ကြည့်နေတုန်းမှာပဲ မျက်နှာဖြူကတုံးက ခပ်ဖွဖွ ပြုံးလိုက်သည်။ တစ်ဖြည်းဖြည်း ရွှေရောင်လက်လာသော မျက်လုံးများနှင့် လုယန်ကို ကြည့်နေရင်းမှ လက်နှစ်ဖက်ကို ပူးကပ်ပြီး ခပ်တိုးတိုးပြောလာ၏။
“ အော်မီသိုဖော်”
“ ဒကာလေးရဲ့ ပါရမီက အရမ်းထူးခြားတာပဲ။ ကျုပ် တော်တော်လေး အံ့သြမိတယ်”
.. ဘုန်းကြီးလား..
လုယန် မျက်ခုံးတစ်ဖက် ပင့်သွားသည်။ သူ လက်ရှိ နေထိုင်ရာ မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်ပယ်တွင် ဗုဒ္ဓလမ်းစဥ် ကျင့်ကြံသူတွေ မရှိကြဘူးဟု ချန်ရှီနန် တစ်ခါက ပြောဖူးသည်။ ရှိလျှင်တောင်မှ မင်ချန်လို အလွတ်တန်းကျင့်ကြံသူတွေသာ ဖြစ်သည်။
ဘုန်းကြီးအများစုက ကျန်းရှီနယ်မြေမှာ ရှိတတ်ကြပြီး သူတို့ကျင့်ကြံသည့် တာအိုလမ်းစဥ်က ချိန်းသွားပုံတက်လှမ်းခြင်း တာအိုမဟုတ်ဘဲ နိဗ္ဗာန်ပျော်မွေ့ခြင်းတာအိုပဲ။ ထိုတာအိုလမ်းစဥ်က ဆန်းကြယ်မှုတစ်မျိုးကို ပိုင်ဆိုင်ထားသည်လို့ ပြောလို့ရကာ ချိန်းသွားပုံတက်လှမ်းခြင်းတာအိုနှင့် အများကြီး ကွာခြားသည်။
အထူးသဖြင့် မျက်စိရှေ့က ပန်းလုံသခင်ကြီးပဲ။ ထိုသူ၏ ကျင့်ကြံမှုက ချန်ထိုက်ဟဲနှင့် အဆင့်အတူတူ ဖြစ်လောက်သည်။ သို့ပေမဲ့ နဲနဲမှ အားလျော့မနေကာ၊ အကောင်းဆုံးအခြေအနေမှာ ရှိနေ၏။ ထိုသူ၏ အရှိန်အဝါက စကြာဝဏဋ္ဌာတစ်ခွင် ဖြတ်သန်းရင်း ကောင်းကင်ဘုံတစ်ခုလိုမျိုး ကြီးမားဆန်းကြယ်သည် ဆိုသော ခံစားချက်ပါ ပေးစွမ်းနေလေသည်။ ချန်ထိုက်ဟဲ အရင်တုန်းက ဘာကြောင့် ရန်လိုနေခဲ့မှန်း လုယန် ရုတ်တရက် သဘောပေါက်လိုက်သည်။
“ ကျုပ်က ပန်းလုံသခင်ကြီးပဲ”
ထိုသူက တည်ငြိမ်စွာ ဆက်ပြောသည်။
“ ကျုပ်ရဲ့နဂါးက သန့်စင်နယ်မြေမှာ နိဗ္ဗာန်ရှာဖွေဖို့ ထွက်သွားခဲ့တာကြာပြီ။ အတိတ်ကအဖြစ်အပျက်တွေက ကျုပ်နဲ့ မသက်ဆိုင်တော့ပါဘူး။ အခု ကျုပ် တစ်ယောက်ပဲ ကျန်တော့တယ်”
လုယန်၏ မျက်နှာကလည်း တည်ငြိမ်နေသည်။
“ ဒါဆိုရင် သခင်ကြီး ကျုပ်ကို ဘာကြောင့် လာရှာတာလဲ”
လုယန် ပြောနေရင်းမှ အမတအခြေခံကို ဆက်လက်တည်ဆောက်ဖို့ ကြိုးစားလိုက်သည်။ သို့ပေမဲ့ အလွန်လေးလံသော တောင်တစ်တောင်.ပြုတ်ကျလာသည့်နှယ်၊ အစောပိုင်းက အလွန်လွယ်ကူနေခဲ့သော ဖွဲ့စည်းမှုက လုံးဝကို ရုပ်လုံးပေါ်မလာခဲ့တော့။
..ဒီနဂါးကြောင့်လား..
လုယန်၏ အကြည့်က ပန်းလုံသခင်လက်ထဲက နဂါးငယ်ပေါ် ရောက်သွားသည်။ ထိုကောင်ကလည်း ရွှေရောင်မျက်လုံးတစ်စုံဖြင့် ခပ်တည်တည် ပြန်ကြည့်နေသေး၏။
ထိုမြင်ကွင်းကြောင့် ပန်းလုံသခင် ခပ်ဖွဖွ ပြုံးသွားတော့သည်။
သူ ခေါ်လာသော နဂါးပေါက်က အသက်ရှိနေပုံထင်ရပေမဲ့ တကယ်တော့ အဆင့်မြင့် စိတ်ဝိညာဥ်ရတနာ နဂါးပိတ်လှောင်စက်ကွင်းပဲ ဖြစ်သည်။ ထိုရတနာ၏ လုပ်ဆောင်မှုကြောင့် စကြာဝဋ္ဌာမျက်လုံးလို့လည်း တင်စားခေါ်ကြသေးသည်။ နာမည်အတိုင်းပင် ထိုနဂါးပေါက်၏ ရွှေရောင်မျက်လုံးတွေအတွင်း အကြည့်ခံလိုက်ရသည်နှင့် တစ်ဖက်သူက လုံးဝကို မလှုပ်နိုင်တော့အောင် ပြုလုပ်ခံလိုက်ရသည်။
လုယန်ကို ပထမဆုံးမြင်လိုက်ချိန်က အမတအခြေခံ မဆောက်ရသေးသည့်အတွက်.. အခု လုယန် ဘယ်လိုမှ မစုဝေးနိုင်တော့တာပင်။
လုယန် သဘောပေါက်လိုက်သည်နှင့် အစွမ်းတွေစုဝေးပြီး ထွက်ပြေးဖို့ ကြိုးစားသော်လည်း၊ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ချေ။
“ ကျုပ်က ဒကာလေးကို အခွင့်အရေး တစ်ခုပေးမလို့ ရောက်လာတာပဲ”
ထိုသူက ဆက်ပြောသည်။
“ ကျုပ်က အဆင့်တက်ပြီးပြီးချင်းမှာပဲ အာဟက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပြီး သန့်စင်နယ်မြေမှာ ပန်းလုံဘုရားကျောင်းကို တည်ဆောက်ခွင့်ရခဲ့တယ်”
“ ဒါပေမဲ့ ကျုပ်ရဲ့ဘုရားကျောင်းက အသစ်ဆိုတော့ လူမရှိသေးဘူးပေါ့ဗျာ”
“ ဒကာလေးရဲ့ အရည်အချင်းက တကယ်ကို အံ့မခန်းပဲ။ ကျုပ်ရဲ့ ဘုရားကျောင်းထဲ ဝင်လိုက်တာနဲ့ မင်း တံခါးစောင့်ဖြစ်လာပြီး ကျုပ်နဲ့အတူ ထူးခြားတဲ့တာအိုကို ကျင့်ကြံခွင့်ရမယ်။.မကောင်းဘူးလား”
ဝုန်း
ပန်းလုံသခင်၏ အသံမဆုံးခင်မှာပဲ လုယန်၏ ပုံရိပ်က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး ထိုနေရာမှာ မှင်သက်နေဟန်ရသော တစ္ဆေတစ်ကောင်ပဲ အစားဝင်ရောက်လာသည်။
လုယန်တစ်ယောက် နဂါးပိတ်လှောင်စက်ကွင်းကနေ လွတ်မြောက်နိုင်မည်ဟု မမျှော်လင့်ထားသောကြောင့် ပန်းလုံသခင် အနည်းငယ် အံ့သြသွားတော့၏။ သို့ပေမဲ့ မကြာခင်မှာပဲ ထိုကတုံး၏ မျက်ခုံးတန်းတွေ ပြေလျော့သွားပြီး စိတ်လိုလက်ရ ရယ်မောပါတော့သည်။
“ ဒကာလေးက ဘာတွေခေါင်းမာနေတာလဲ။ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို လေ့ကျင့်ပြီးထဲက မင်းက ကျုပ်နဲ့ကော၊ သန့်စင်နယ်မြေနဲ့ကော ရေစက်ပါသွားခဲ့ပြီ”
“ချီးကို ရေစက်ပါ့လား”
လုယန် ဆဲရေးနေရင်းမှ အခြေခံတည်ထောင်ခြင်းနယ်မြေအတွင်း မရပ်မနား ပြေးလေတော့သည်။ ပန်းလုံသခင်က သောက်ကျင့်မကောင်းမှတော့ သူကလည်း လွယ်လွယ်အရှုံးပေးစရာလား။
“ ငါအရမ်း သတိလွတ်ခဲ့တယ်”
လုယန်၏ နှလုံးသားမှာ နောင်တတွေ ပြည့်နေတော့သည်။ လျိုရှင်းဆီကနေ ပညာရခဲ့ပြီးတာတောင်မှ ပန်းလုံသခင်၏ အမွေအနှစ်ကိုကျ မျက်စိစုံမှိတ် ယုံကြည်ခဲ့မိသည်လေ။
ထိုအရာကလည်း လုယန်က ပန်းလုံသခင်ကို သေသွားပြီလို့ မှတ်ယူထားခဲ့မိလို့ပင်။ ထို့အပြင် လုယန် ပထမတစ်ခေါက် အဆင့်တက်ချိန်တုန်းက ပန်းလုံသခင် ပေါ်မလာခဲ့ဘူး။ ထို့ကြောင့် သူ သတိပေါ့ခဲ့မိသည်။ အခုပြန်စဥ်းစားကြည့်လိုက်တော့ သူ့အရင်ဘဝမှာတုန်းက ရှေးဦးသူတော်စင်ဂိုဏ်းအတွင်းမှာ အဆင့်တက်ဖို့ ကြိုးစားခဲ့လို့ ဖြစ်ရမည်။
“ ချီးပဲ၊ သောက်သူတောင်းစားတွေ၊ တစ်ကောင်မှ သောက်ကျင့်ကောင်းတာ မတွေ့သေးဘူး”
“ ရှေးဦးသူတော်စင််ဂိုဏ်းမှာ အနာဂတ် မျိုးဆက်တွေကို စောင့်ရှောက်ဖို့ အတွေးမရှိဘူးလား။ ပြီးဘာကို တံခါးစောင့်လဲ။ ငါ့ကိုသန့်စင်ပြီး ရုပ်သေးရုပ်လုပ်ခိုင်းမှာ အသိသာကြီးပဲ”
လုယန် အခြေခံတည်ထောင်ခြင်းနယ်မြေအပြင်ကို ရောက်သည်နှင့် ကောင်းကင်အလောင်းစွမ်းအင်ကို ယူပြီး အရိုးတောင်မှ သုတ်ခြေတင် ပြေးပါတော့သည်။ သို့သော် အရိုးတောင်တစ်ခုလုံးက နဂါးတစ်ကောင် ဆွဲယမ်းနေသည့်နှယ် အကြမ်းပတမ်း တုန်လှုပ်လာလေ၏။
“ အခြေခံတည်ထောင်ခြင်းနယ်ပယ်မှာပဲ တိုက်ခိုက်လို့ကတော့ ငါသေချာပေါက် သေမှာပဲ”
အခြေခံတည်ထောင်ခြင်းနယ်ပယ်မှာ အမတအခြေခံကို မတည်ဆောက်ရသရွေ့ မကောင်းသောအတွေးတွေ၏ ကျူးကျော်မှုကို စက္ကန့်တိုင်းမှာ ရင်ဆိုင်ရလိမ့်မည်။ ထိုအခြေအနေနှင့် ဘယ်လိုမှ အနိုင်မရနိုင်ကြောင်း လုယန် ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် ပန်းလုံသခင် မလှုပ်ရှားခင်မှာပဲ လုယန် အခွင့်အရေးယူပြီး သေမျိုးကမ္ဘာကို ထွက်ပြေးလာခဲ့၏။
“ ထွက်ပြေးတာက ကျိုးကြောင်းမသင့်ဘူး။ ငါ ငါ့ရဲ့ကံတရားကို ဖုံးကွယ်ထားတာတောင်မှ အဲ့ကတုံးက လာရှာနိုင်တာကို ကြည့်ရတာ အဲ့ကောင်က ကံတရားကို ကျော်ဖြတ်ပြီး ငါ့ရဲ့ကျင့်ကြံမှုကတစ်ဆင့် တိုက်ရိုက်ခြေရာခံနိုင်ပုံပဲ။ ပြီး ဒီအရိုးတောင်က ငါ့ရဲ့အိမ်ကွင်းလို့ ပြောလို့ရတယ်။ ဒီကထွက်လိုက်ရင် ပိုအန္တရာယ်များသွားမှာ”
လုယန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
“ ဒါဆိုလဲ ချတာပေါ့ကွာ”
သူ့မှာ သက်တမ်းတစ်ရာစာအုပ် ရှိတာမှန်ပေမဲ့ ထိုစာအုပ်မှာ ကန့်သတ်ချက်ရှိသည်။ သူ့ဘဝက နောက်ဆုံးအကန့်အသတ်ကို ရောက်နေ၍ မဖြစ်မနေ အသုံးပြုရတာမျိုး မဟုတ်လျှင် အလကားအသစ် ပြန်မစချင်ပါချေ။
ထို့အပြင် အသစ်ပြန်စရမည်ဆိုလျှင်တောင်မှ နောက်ဘဝအတွက် ပန်းလုံသခင်၏အစွမ်းကို စမ်းသပ်ထားတာ ပိုကောင်းသည်။.
နောက်တစ်စက္ကန့်မှာ လုယန်၏ မျက်စိရှေ့ကို ပန်းလုံသခင် ထွက်လာတော့၏။ သို့ပေမဲ့ ထိုသူ၏ ထွက်ပေါ်လာပုံက လုယန်ထက် အများကြီးခမ်းနားသည်။
ပန်းလုံသခင်က အပြင်ရောက်သည်နှင့် အရိုးတောင်တစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ တစ်ချိန်ထဲမှာ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတစ်ယောက်၏ ပြင်းထန်သော ဖိအားကို အရိုးတောင်ကလူတိုင်း ခံစားလိုက်ရတော့သည်။
ချီသန့်စင်ခြင်း ပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူတွေသာ ဒဏ်ရာအပြင်းအထန် မရကြတာ ဖြစ်သည်။ သို့သော် သူတို့တွေ ချက်ချင်းပဲ လက်နှစ်ပူးယှက်ကာ ထွင်းစာတွေ စတင်ရွတ်ဖတ်တော့သည်။
တစ်ချိန်ထဲမှာပဲ လုယန်က ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုပ်ယမ်းလိုက်သောကြောင့် စုနီ အပြင်ရောက်လာသည်။ သူမက တစ်ခါထဲ အကြီးအကဲရှစ်ဦးကိုပါ ခေါ်ကာ တစ္ဆေခန်းမကို ကြီးမားစေလိုက်၏။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ကြီးမားလာခဲ့သော တစ္ဆေခန်းမက အရိုးတောင်အောက်က ချိတ်ဆက်လိုင်းတွေကို အသက်သွင်းပြီး အစွမ်းတိုးမြှင့်လိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် ပန်းလုံသခင် လေးစားစွာ ကျွတ်သပ်လိုက်လေကာ
“ ဒကာလေးသာ ကျုပ်ရဲ့ဘုရားကျောင်း တံခါးစောင့် ဖြစ်လာရင်၊ ဒီကောင်မလေးက ကိုးကွယ်သူ ဖြစ်လာလိမ့်မယ်။ ဒါကလုံးဝကို ရေစက်ပဲ”
ဝုန်း
လုယန်က အဖက်ကိုမလုပ်ပါချေ။ တစ္ဆေခန်းမ အဆင်သင့်ဖြစ်သည်နှင့် လုယန်က ဆွဲမကာ ထိုကတုံး၏ ခေါင်းတည့်တည့်ကို ရိုက်ချလိုက်သည်။
ပန်းလုံသခင်က တစ်ချက်တောင် မရှောင်ခဲ့ဘူး။ ထိုအစား သူ့ခေါင်းထက်က ရတနာအလင်းကို.ရိုးရှင်းစွာ အပေါ်တက်စေလိုက်ပြီး ပြုတ်ကျလာသော တစ္ဆေခန်းမကို ရင်ဆိုင်စေလိုက်သည်။ အင်အားနှစ်ခုက အချိန်အကြာကြီး ထိတွေ့နေကြပြီး မီးပွားစတွေတောင် ပတ်ဝန်းကျင်ကို လွင့်စင်လာတော့သည်။ မကြာခင်မှာပဲ ပြေလျော့နေတော့ ပန်းလုံသခင် အနည်းငယ် မျက်မှောင်ကြုတ်လာ၏။
“ ကြည့်ရတာ ဒကာလေးကို သာမာန်နည်းလမ်းတွေနဲ့ ရင်ဆိုင်လို့ မရတော့ဘူးပဲ”
သို့ပေမဲ့ ပန်းလုံသခင် စိတ်ထဲမှာ အလွန်ပျော်နေသည်။ သူ ချန်ထားခဲ့သော ငါးစာကနေ အခုလို ငါးကြီးကြီးတစ်ကောင် မိလိမ့်မည်လို့ မထင်ထားခဲ့ပါချေ။
ချန်ထိုက်ဟဲက သူ့အကြောင်း သိထားခဲ့တာမလို့ သူ့အမွေအနှစ်ကို အခြေခံတည်ထောင်ခြင်းမျိုးစေ့ လက်ထဲ ဘယ်လိုမှ မရောက်စေမှာ သိနေခဲ့သည်။ ထို့ကြောင့် ပန်းလုံသခင် အများကြီး မမျှော်လင့်ရဲခဲ့ချေ။ အဆင့်တက်ဖို့ ဆယ်ရာခိုင်နှုန်းလောက်ပဲ အခွင့်အရေးရှိသူဆိုလျှင်တောင်မှ သူ စိတ်ထဲမထားဖို့အထိ စိတ်လျော့ထားခဲ့သည်။
အခုတော့ လုယန်က သူ၏မျှော်လင့်ချက်ကို အများကြီး ကျော်လွန်နေသည်။
ထိုကောင်လေးက အခြေခံတည်ထောင်ခြင်းမျိုးစေ့တွေ ကြားထဲမှာတောင်မှ ထူးချွန်သူတစ်ဦးဖြစ်ရမည်.. သူသာ သိမ်းသွင်းနိုင်လို့ကတော့ အများကြီး အထောက်အကူဖြစ်မှာပဲ။
ထို့အပြင် အစောင့်အရှောက်နတ်ဘုရားမကိုပါ ရအုံးမည်။
အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ အတု ဆိုပေမဲ့ မဆိုးဘူးလို့ပြောလို့ရသည်။ နှစ်ယောက်လုံးကို ပန်းလုံဘုရားကျောင်းထဲ ထည့်ပြီးတာနှင့် သူ့ကျင့်ကြံမှုလည်း အများကြီး တိုးတက်လာလိမ့်မည်။
“ ကောင်းပြီ။ ဒါဆိုငါအစွမ်းတွေ ထုတ်ပြရတော့မှာပေါ့”
ပန်းလုံသခင် ရုပ်တည်ကြီးနှင့် လက်နှစ်ဖက်ကို အားသုံးကာ ပူးယှက်လိုက်သည်။ ခြေထောက်အောက်မှ အရင်းခံလာသော ရွှေရောင်အလင်းတွေက ကောင်းကင်တစ်ဝက်လောက်ကို ဖုံးလွှမ်းသွား၏။
နောက်တစ်စက္ကန့်မှာ ယင်ချီစွမ်းအင်တွေ ပြင်းထန်နေသော အရိုးတောင်ကြီးက ရွှေရောင်နယ်မြေအဖြစ် ပြောင်းသွားသည်။
ရွှေရောင်နယ်မြေ၏ အလယ်တည့်တည့်မှာ တောင်တွေနှင့်တန်းတူ မြင့်မားသော ဘုရားကျောင်းတစ်ခု ပေါ်ထွက်လာသည်။ ကျယ်လောင်စွာဖွင့်ထားသော တံခါးနှစ်ချပ်ကြောင့် အထဲက ခမ်းနားသော အပြင်အဆင်ကို.အထင်းသားမြင်နေရသည်။ ဘုရားကျောင်းခန်းမ၏ ထိပ်တည့်တည့်မှာ ကြာပန်းကြီးတစ်ခု ထည်ဝါစွာ နေရာယူထားလေသည်။
ချက်ချင်းပဲ ပန်းလုံသခင်က နေရာမှ ပျောက်ကွယ်သွားပြီး ကြာပန်းပေါ်မှာ ပြန်ပေါ်လာသည်။
ပန်းလုံသခင်က ကြာပန်းပေါ် ထိုင်ချလိုက်ပြီး ညာလက်တစ်ဖက်ကို ဒူးပေါ်တင်ကာ လက်ချောင်းထိပ်တွေကို မြေကြီးအား ထိတွေ့စေလိုက်သည်။ ချက်ချင်းပဲ ထောင်ချီသော အလင်းတန်းတွေ ဖြာထွက်လာ၏။
ထိုအလွန်နမိတ်ကောင်းသော အလင်းတန်းတွေ ထိတွေ့ခံရသည့် နေရာတိုင်းမှာ အညစ်အကြေးတွေ ပျောက်ကွယ်သွားကာ ပျက်ဆီးရသည်။
အရိုးတောင်တစ်လျှောက်က ယင်စွမ်းအင်တွေ ဖယ်ထုတ်ခံလိုက်ရပြီး.. တစ္ဆေခန်းမသည်လည်း နေရောင်အောက်က ရေခဲတုံးလေးတစ်လုံးလို လျှင်မြန်စွာ ပြိုကျသွားတော့သည်။
Ch 98
(မဟာယနအလင်းပွင့်ခြင်းအခြေခံသိုင်း)
ကျန်းရှီနယ်မြေ၏ ဘုန်းကြီးများက နိဗ္ဗာန်ပျော်မွေ့ခြင်းတာအိုကို ကျင့်ကြံကြပြီး ကမ္ဘာမြေ၏ ထောင့်တစ်ထောင့်မှာ နေထိုင်ကာ သက်တမ်းကို ဆွဲဆန့်နိုင်ကြသည်။ ထိုအရာက သူတို့၏ အသန်မာဆုံးအခြေအနေပဲ။
သို့ပေမဲ့ သူတို့တွေက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းနှင့် ရှေးဦးသူတော်စင်ဂိုဏ်းလိုမျိုး မှော်အစွမ်းတွေ အများကြီးကို မကျင့်ကြံနိုင်ကြဘူး။
ကျန်းရှီနယ်မြေက ဘုန်းကြီးများက သိုင်းတစ်ခုထဲကိုပဲ ကျင့်ကြံကြသည်.. ထိုသိုင်းထဲမှာ နတ်စွမ်းအင်ကိုပါ တစ်ခါထဲ ရရှိနိုင်သည်။ မဟာယနအလင်းပွင့်မှုအခြေခံဆိုသော ထိုသိုင်းကို နိဗ္ဗာန်ပျော်မွေ့ခြင်းတာအို၏ ပထမဆုံးဗုဒ္ဓက ဖန်တီးခဲ့တာဖြစ်သည်။ ထိုသိုင်း၏ ရည်ရွယ်ချက်က လူသားတွေကို ကောင်းမွန်မှုဆီ လမ်းပြပေးရန်နှင့် စစ်မှန်သောပုံစံကို ရှာတွေ့စေရန် ဖြစ်သည်။
ဤနေရာမှာ စစ်မှန်သော ပုံစံက ဗုဒ္ဓဖြစ်သွားတာကို ဆိုလိုသည်။ နိဗ္ဗာန်ပျော်မွေ့ခြင်းတာအိုကို ကျင့်ကြံနေရင်းမှ ထိုသူသည်… ငါက ဗုဒ္ဓဖြစ်လာပြီး ငါ့ရဲ့အောင်မြင်မှုတွေက ပထမဆုံးဗုဒ္ဓနဲ့ ဘာမှမကွာခြားတော့ဘူး.. ဆိုသော အမှန်တရားကို အလင်းပွင့်လာကြသည်။
ထို့ကြောင့် ဗုဒ္ဓဖြစ်ခြင်းလမ်းကြောင်းလို့လဲ ခေါ်ကြသေးသည်။
သက်ရှိအားလုံးက ဗုဒ္ဓဖြစ်လာနိုင်သည်.. ကျင့်ကြံမှုအဆုံးသတ်ကို ရောက်သွားလျှင် ဗုဒ္ဓဖြစ်လာနိုင်လိမ့်မည်ဆိုသော အမှန်တရားကို နားလည်သွားလျှင် မဟာအလင်းပွင့်မှုကို ရရှိလိမ့်မည်။
ထို့အပြင် ထိုသိုင်းထဲမှာ ပထမဆုံးဗုဒ္ဓ ဖန်တီးပေးခဲ့သော မဟာထွင်းစွာ ၈၁ ခုရှိသည်။ ထိုထွင်းစာတစ်ခုချင်းစီက ရှေးဦးသူတော်စင်ဂိုဏ်းနှင့် ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ ကြီးမြတ်သောနတ်အစွမ်းတစ်မျိုးနှင့် ညီမျှသည်။
ထွင်းစာတစ်ခုကို ရရှိလျှင် ထိုသူက ဗုဒ္ဓဖြစ်ဖို့ နီးစပ်လာသည်ဟု ပြောလို့ရသည်။
အခု ပန်းလုံသခင်သည် တိုင်းပြည်ထဲကဆိုးယုတ်မှုတွေ ဖယ်ရှားခြင်း အမည်ရ ထွင်းစာကို အသုံးပြုခဲ့တာဖြစ်သည်။
“ ကျုပ် ဗုဒ္ဓတစ်ပါးဖြစ်လာရင် ကျုပ်ရဲ့နယ်မြေထဲမှာ ဆာလောင်နေတဲ့သားရဲ၊ တစ္ဆေတွေ မရှိစေရဘူး။ ဒီလိုမှမဟုတ်ရင် ကျုပ်က မဟာယန အလင်းပွင့်မှုကို ရရှိဖို့ မထိုက်တန်သေးဘူး”
ပန်းလုံသခင်၏ မန္တာန်ရွတ်သံက အလင်းမှုန်များနှင့်အတူ ပျံ့နှံ့သွားသည်။
ဤထွင်းစာက မေတ္တာတရားကိုအခြေခံသော ထွင်းစာဆိုပေမဲ့ နည်းနည်းမှ အထင်သေးလို့ မရပါချေ။ တစ္ဆေတွေကို မရှိစေရဆိုတာက.. သူတို့ကို သတ်ပစ်ခိုင်းလိုက်တာပဲ မဟုတ်ဘူးလား။
ထိုထွင်းစာက ယင်ချီကို အထူးတိုက်ခိုက်နိုင်စွမ်းရှိသည်။
နမိတ်ကောင်းသော အလင်းတန်းတွေ ထွက်ပေါ်လာသည်နှင့် တစ်လက်မချင်း ပြိုကျနေသော တစ္ဆေခန်းမနှင့်အတူ အထဲမှာ နာကျင်စွာအော်ဟစ်နေသော စုနီကိုပါ လုယန် တွေ့လိုက်ရသည်။
ဒါက အခြေခံတည်ထောင်ခြင်းအလယ်နယ်ပယ် ကျင့်ကြံသူ၏ အစွမ်းအစစ်ပါလား။
လုယန် နှလုံးသားထဲ အေးစိမ့်သွားတော့သည်။ သူ၏တစ္ဆေခန်းမက ချန်ထိုက်ဟဲကို အများကြီး တိုက်ခိုက်နိုင်ခဲ့သည်။ သို့ပေမဲ့ ထိုအရာက ချန်ထိုက်ဟဲသည် ဓားချီကြောင့် အစွမ်းဆယ်ပုံတစ်ပုံသာ ရှိတော့သော ဝိညာဥ်တစ်ကောင် ဖြစ်နေလို့ပင်။
အခုတော့ ရုပ်ခန္ဓာပြီးပြည့်စုံထားသော အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ.. အထူးသဖြင့် ပန်းလုံသခင်နှင့် ရင်ဆိုင်ရချိန်မှာ သူ၏တစ္ဆေခန်းမက တုတ်တုတ်တောင် မလှုပ်နိုင်တော့ပေ။ အရိုးတောင်အောက်က ကမ္ဘာ့စွမ်းအင်ကြော၏ အဆက်မပြတ် ထောက်ပံ့မှုသာ မရှိတော့လျှင် အခုချိန်ထိတောင် တောင့်ခံနိုင်မှာ မဟုတ်ချေ။
“ အော်မီသိုဖော်”
ပန်းလုံသခင်က တည်ငြိမ်သော မျက်နှာနှင့်ပဲ လက်ထဲမှာကိုင်ထားသော ကွင်းကိုးကွင်းတုတ်ချောင်းကို လေပေါ် ပစ်လိုက်သည်။ ချက်ချင်းပဲ သတ္ထုအချင်းချင်း ရိုက်ခတ်သံတွေက မိုးကြိုးသွားတစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
‘ မကောင်းတော့ဘူး'
လုယန် မျက်ဆံတွေ ကျဥ်းမြှောင်းသွားသည်။ အခု တစ္ဆေခန်းမက ထွင်းစာအစွမ်းနှင့် ရင်ဆိုင်နေရပြီး.. ပြိုကျခါနီးဖြစ်နေသည့်အတွက် သူ့ကို မကာကွယ်နိုင်တော့ချေ။
လုယန်ကလည်း သတိလွတ်နေခဲ့မိသည်။ ထိုအခွင့်အရေးကို အမိအရယူပြီး ပန်းလုံသခင်က ကွင်းကိုးကွင်းတုတ်ချောင်းနှင့် တစ္ဆေခန်းမကို ထပ်ရိုက်ချလိုက်ပြန်ကာ၊ လုယန်ကို ခုခံဖို့ရန် အချိန်တစ်စက္ကန့်တောင် မပေးခဲ့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကွင်းကိုးကွင်းတုတ်ချောင်းက လုယန်၏ မျက်လုံးရှေ့ ပေါ်လာတော့သည်။
လုယန် အလင်းအလျှင်ဖြင့် စုနီကို ဆွဲထုတ်ဖို့ ကြိုးစားပါသော်လည်း
ဝုန်း
စုနီတစ်ယောက် အော်ချိန်တောင်မရဘဲ ပေါက်ကွဲထွက်သွားသည်။ အခြေခံတည်ထောင်ခြင်းအဆင့်ကို ယာယီ ရထားသောကြောင့်သာ သူမ မသေသွားတာ ဖြစ်သည်။
“ ဒီတိုင်းဆက်သွားလို့ မရတော့ဘူး”
လုယန် ချက်ချင်းပဲ သူမကို ဒျန်ထျန်အတွင်းမှာ သိမ်းဆည်းလိုက်သည်။ သူ ထိပ်တိုက်ရင်ဆိုင်နေလျှင် အချိန်ခဏအတွင်း သေဆုံးသွားမှာကို နားလည်သွားသည်။
လုယန် ပြန်တိုက်ဖို့ စဥ်းစားနေတုန်း ပန်းလုံသခင်ကလည်း အခွင့်အရေး တစ်ချက်မှ မပေးပါချေ။
ကွင်းကိုးကွင်းတုတ်ချောင်းက လေပေါ်ပြန်မြှောက်လာပြီး စတင်လည်ပတ်လာသည်။ သတ္ထုချင်း တိုက်သံတွေက ပိုကျယ်လောင်လာပြီး ဝိညာဥ်ကို ဖြိုခွဲလုနီးပါး ပြင်းထန်နေ၏။
သို့ပေမဲ့ လုယန်က မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကြောင့် နတ်အာရုံကို ကြိုတင်ရထားသည်။ သူ့၏ အခြေခံတည်ထောင်ခြင်းအဆင့် နတ်အာရုံကြောင့် စိတ်အာရုံကို အပြည့် စုစည်းနိုင်ထားသည်။ ထို့ကြောင့် စုနီ၏ အဆင့်အတန်းကို အားကိုးပြီး လက်ကွက်တစ်ခု ဖော်လိုက်သည်။
မကြာခင်မှာပဲ ကွင်းကိုးကွင်းတုတ်ချောင်းက ကျလာပါတော့၏။
“ အလောင်းအသွင်ပြောင်းခြင်းဆိုတာ ဖြိုခွဲပြီး ပြန်ဆောက်တာပဲ။ တကယ့်ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဆိုတာ အဆီအနှစ်တစ်ခုသာ ဖြစ်တယ်”
လုယန် မခုခံဘဲ ထိုတုတ်ချောင်းကို ရိုက်ချခွင့် ပြုထားကာ၊ မကြာခင်မှာပဲ သွေးမြူတွေနှင့် အသားစတွေ လေပေါ်မှာ ပျံ့ကျဲသွားတော့၏။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ သွေးမြူတွေ ပြန်စုဝေးလာကာ..
မီတာပေါင်းများစွာ အဝေးက အရိုးတောင်ထိပ်မှာ လုယန်၏ ပုံရိပ် ပြန်ထွက်ပေါ်လာခဲ့သည်။
တကယ်တော့ လုယန်က အလောင်းအသွင်ပြောင်းခြင်း နည်းကို သုံးလိုက်ကာ ပန်းလုံသခင်၏ ချုပ်နှောင်မှုကနေ ရအောင်ထွက်ပြေးသွားခဲ့သည်။ ထို့အပြင် အစောပိုင်းက ရခဲ့သော ဒဏ်ရာတွေကိုပါ ပေါက်ကွဲမှုနှင့်အတူ ပျောက်ကွယ်စေခဲ့၏။ ထိုသို့သော စွမ်းဆောင်မှုက ပန်းလုံသခင်ထံမှ ချီးကျူးသော အကြည့်တစ်ချက်ကို ရဖို့ ထိုက်တန်ပါသည်။
“ ဒကာလေးက တုနှိုင်းမမှီတဲ့ ပါရမီရှင်ပဲ”
ဤ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ စွမ်းရည်က တိုက်ခိုက်တာထက် ထွက်ပြေးခြင်းမှာ ပိုအားကောင်းသည်။ အထူးသဖြင့် အခြေခံတည်ထောင်ခြင်းအဆင့်အတန်းကို ရလိုက်တော့ ပိုတောင် အင်အားကြီးသွားတော့၏။
“ နောက်ထပ် နည်းနည်းလောက်ပဲ”
လုယန် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။ သူသည် အစောပိုင်းကတင် ပိတ်သိမ်းထားသော ကံကြမ္မာကြိုးမျှင်များကို လွတ်မြောက်စေလိုက်သည့်အတွက် သူနှင့် အဆက်အသွယ်ရှိခဲ့သူတိုင်းသည် သူ့လက်ရှိ အခြေအနေကို အာရုံခံနိုင်သွားပေမည်။
လုယန် မျှော်လင့်မိတာက.. ချုံကွမ်နှင့် ယန်ရှန်းပဲ။
သူ့လက်ထဲမှာ ကောင်းကင်အလောင်းစွမ်းအင်ကြော ရှိနေသေးသည်။ သေချာပေါက် ယန်ရှန်းကျန့်ယန်က သူ့ကိုကယ်ဖို့လာမှာပဲ။ အချိန်အနည်းငယ်နေရင် သူ့၏ စစ်ကူတွေ ရောက်လာတော့မည်။
သို့ပေမဲ့ ထိုအချိန်မှာပဲ ပန်းလုံသခင်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သံကို ကြားလိုက်ရ၏။
“ စိတ်မကောင်းစရာပဲ။ ငါကမင်းရဲ့ ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားပေးမလို့ လုပ်ထားခဲ့တာကို”
အသံမဆုံးခင်မှာပဲ ပန်းလုံသခင်က လက်နှစ်ဖက် ပူးယှက်လိုက်သည်။
“ အော်မီသိုဖော်”
နောက်တစ်စက္ကန့်မှာ သူ့ခေါင်းထိပ်ကနေ အလင်းတစ်မျိုးထွက်ပေါ်လာပြီး စကြာဝဋ္ဌာတစ်ခွင်ကို ဖြန့်ကျပ်လိုက်သည်။ တစ်ချိန်ထဲမှာ ဘုရားကျောင်းခေါင်းလောင်းကလဲ ကျယ်လောင်စွာ မြည်သံပေးလာသည်။
မကြာခင်မှာပဲ အလင်းတန်းတွေကြားထဲကို နဂါးတစ်ကောင်.ထွက်ပေါ်လာသည်။ မီးတွေဝန်းရံထားသော ထိုနဂါးက ကောင်းကင်မှာလှည့်ပတ်နေရင်းမှ ခေါင်းကြီးအောက်ကျလာသည်။ နောက်တစ်စက္ကန့်မှာ ပန်းလုံသခင်၏ခေါင်းနှင့် ပူးပေါင်းသွားပြီး.. မီးတွေမှုတ်ထုတ်တော့သည်။
ဝုန်း
မြှားတစ်စင်းပစ်လိုက်သည့်နှယ် အရှိန်ပြင်းပြင်း ထွက်လာသော မီးတန်းကြီးက လုယန်ကို တိုက်ခိုက်လိုက်၏.. အလွန်ပြင်းထန်သော အပူက ချက်ချင်းပဲ လုယန်၏ ခန္ဓာကိုယ်ကို ပြာချလိုက်ပါတော့သည်။
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ ထိုပြာမှုန့်တွေ ပျံဝဲလာပြီး နောက်ထပ်မီတာတစ်ရာ အကွာမှာ လုယန် ပြန်ထွက်ပေါ်လာသည်။
သို့ပေမဲ့ လုယန်၏ကိုယ်မှာ မီးစတစ်ချို့ ကပ်ညှိနေသေးပြီး အချိန်မရွေး ပြန်ပြာချပစ်နိုင်သကဲ့သို့ ခံစားရစေသည်။
“ ဒါက.. မီးနဂါးလား”
ချန်ထိုက်ဟဲနှင့် တိုက်ပွဲပြီးသည်မှာ လတစ်ချို့ ကြာခဲ့ပြီပဲ။ လုယန်လည်း အခြေခံတည်ထောင်ခြင်းနယ်ပယ် အကြောင်းကို တစ္ဆေလျှို့ဝှက်နယ်မြေ၏ အမွေအနှစ်ထဲမှ လေ့လာထားခဲ့သည်။
ထို့ကြောင့် တစ်ချက်ကြည့်လိုက်တာနှင့် ပန်းလုံသခင်၏.တာအိုလမ်းကြောင်းကို သိလိုက်သည်။
“ မီးနဂါးအင်းကွက်က သစ်သားစွမ်းအင်ကို အခြေခံတယ်။ သစ်သားစွမ်းအင်ကို လောင်ကျွမ်းစေပြီး မီးကိုတောက်လျှောက် ထိန်းထားတာပဲ”
တစ်နည်းပြောရလျှင် မီးနဂါး၏ မီးတောက်က အပြင်ပန်းသာ မီးတောက်တစ်ခု ဖြစ်သည်။ သို့ပေမဲ့ အဆက်မပြတ်ရရှိနေသော သစ်သားစွမ်းအင်ကြောင့် ဘယ်လို နတ်အစွမ်းကမှ ထိုမီးတောက်ကို မတောင့်ခံနိုင်ပေ။
“ ဒီအစွမ်းကိုဖြတ်ချင်ရင်.. သတ္ထုကို သုံးရင်သုံး၊ ဒါမှမဟုတ်”
လုယန် အတွေးလွန်နေစဥ်မှာပဲ ပန်းလုံသခင်က ယုံကြည်ချက်ရှိသော အပြုံးတစ်ခုနှင့် လမ်းလျှောက်လာတာကို မြင်လိုက်ရပြန်၏။
“ ဒကာလေး လက်နက်ချချင်ပြီလား”