← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း (၁၁၁)

ကျွန်တော်တို့ အိမ်ပြောင်းလို့ ပြီးသွားပါပြီ။

X-Cop ကနေ အိမ်လုံခြုံရေးအတွက် အစောင့်အရှောက် အသစ်တစ်ယောက် လွှတ်ပေးလိုက်တယ်။

“ပြန်တွေ့ရတာ ဝမ်းသာပါတယ်”

“အခုကစပြီး ကျွန်တော်က လူကြီးမင်းရဲ့ လုံခြုံရေးကို တာဝန်ယူသွားမှာပါ”

“မစ္စတာ လီချောဂျင် … မဟုတ်သေးပါဘူး၊ အဖွဲ့ခေါင်းဆောင်လို့ ခေါ်ရမယ်ထင်တယ်။ အစွမ်းကုန် ကြိုးစားပေးပါဦး။ ဒါနဲ့ခင်ဗျားက ကိုယ်ရံတော်အလုပ်မျိုး မလုပ်ဘူးဆို”

သူ့ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံက X-Cop မှာ တော်တော်လေး နာမည်ကြီးတာကို နောက်မှ ကျွန်တော် သိလိုက်ရတယ်။ သူ့ကို အလုပ်ခန့်ချင်တဲ့သူတွေ အများကြီးရှိပေမဲ့ သူက ကိုယ်ရံတော်အလုပ်တွေကို အမြဲငြင်းခဲ့တာပါ။ သူ့ရဲ့အကြောင်းပြချက်ကတော့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အလိုကျ မနေချင်လို့ပါတဲ့။

အဖွဲ့ခေါင်းဆောင်လီချောဂျင်က ပြုံးရင်းပြောတယ်။

“ဒီတစ်ခါတော့ ကျွန်တော်ကိုယ်တိုင် စိတ်လိုလက်ရ လာခဲ့တာပါ။ လူကြီးမင်းတို့နှစ်ယောက်နဲ့ အလုပ်လုပ်ရတာ ပျော်စရာ ကောင်းမယ်လို့ ထင်လို့လေ”

ဝူဆောင်းအမှုကို ဖြေရှင်းတုန်းက သူက ကျွန်တော်တို့အပေါ် အမြင်ကောင်းသွားပုံရတယ်။ ကျွန်တော်တို့အတွက်လည်း လူစိမ်းထက်စာရင် သိပြီးသားလူဖြစ်နေတာက ပိုပြီး စိတ်အေးရတာပေါ့။

“ကောင်းတာပေါ့။ ခင်ဗျားနဲ့ အလုပ်အတူတွဲလုပ်ရဖို့ကို မျှော်လင့်နေပါတယ်”

အိမ်ထဲဝင်လိုက်တော့ လုံခြုံရေးတွေနဲ့ အိမ်အကူတွေက စောင့်နေကြတယ်။ အခုကစပြီး သူတို့က ကျွန်တော်တို့ကို ကူညီပေးကြမယ့်သူတွေဆိုတော့ တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်တယ်။

ကော်ဖီတစ်ခွက်ဖျော်ပြီး ဧည့်ခန်းထဲ ဝင်ခဲ့လိုက်တယ်။ ဆိုဖာပေါ်မှာ ထိုင်ရင်း ခြံထဲကို ငေးကြည့်နေတုန်း တက်ဂယူက မေးလာတယ်။

“အခုတော့ အသစ်ကနေ ပြန်စရမယ်။ ဒီနှစ်အတွက် မင်းမှာ ဘာအစီအစဉ်တွေ ရှိလဲ”

ကျွန်တော် ရယ်ပြီး ပြန်ပြောလိုက်တယ်။

“အမှန်အတိုင်းပြောရရင် မနှစ်ကလည်း ငါ့မှာ ဘာထူးခြားတဲ့ အစီအစဉ်မှ မရှိခဲ့ပါဘူးကွာ”

Brexit ဖြစ်လာမလား၊ ဒါမှမဟုတ် ရိုနယ် သမ္မတဖြစ်လာမလားဆိုတာ ကျွန်တော် မသိခဲ့ဘူး။ အခြေအနေတွေက တိုက်ဆိုင်ပြီး ဒီအထိ ရောက်လာခဲ့တာပါ။ ဒီနှစ်ကကော ဘယ်လိုဖြစ်လာမလဲ။

နှစ်သစ်အစမှာပဲ ဝန်ထမ်းအပြောင်းအလဲတွေကို စတင်လုပ်ဆောင်ခဲ့တယ်။

ပထမဆုံးအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန(HR)ရဲ့ အကြီးအကဲ မိုက်ကယ်လီကို ခေါ်ပြီး ဆွေးနွေးခဲ့တယ်။ ကျွန်တော် စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်လိုက်တယ်။

လုံခြုံရေးအဖွဲ့၊ အဆောက်အဦး စီမံခန့်ခွဲမှုအဖွဲ့၊ HR အဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ အထွေထွေစီမံခန့်ခွဲမှုအဖွဲ့၊ ဥပဒေရေးရာအဖွဲ့၊ ပြန်ကြားရေးအဖွဲ့၊ M&A အဖွဲ့၊ စီမံကိန်းနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ စသဖြင့်ပေါ့။

“လုံခြုံရေးနဲ့ အဆောက်အဦး စီမံခန့်ခွဲမှုပိုင်းကိုတော့ X-Cop ကို ဝယ်လိုက်တာနဲ့ ပြေလည်သွားပြီ။ HR အဖွဲ့ကိုတော့ ကျွန်တော် တာဝန်ယူထားပြီး ဘဏ္ဍာရေးနဲ့ အထွေထွေအဖွဲ့တွေကိုလည်း ဖွဲ့စည်းပြီးပြီ။ အခွန်စာရင်းကိုင်တွေနဲ့ စာရင်းကိုင်တွေ ထပ်ခန့်ဖို့တော့ လိုဦးမယ်”

“ဥပဒေရေးရာအဖွဲ့ကော”

“အခုလောလောဆယ်တော့ ပြင်ပကုမ္ပဏီကို ငှားထားတယ်။ ဒါပေမဲ့ ကုမ္ပဏီတွင်းမှာပဲ ကိုယ်ပိုင်အဖွဲ့ ထားတာက ပိုကောင်းမယ်လို့ အကြံပေးချင်ပါတယ်”

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ဥပဒေကုမ္ပဏီတစ်ခုကိုပါ ဝယ်လိုက်ရမလား။

“M&A အဖွဲ့အတွက်ကတော့ အွန်ဆောင်းအုပ်စုမှာ ရှိနေတဲ့ ဆိုဆန်းဝန်က အလုပ်တွေ လက်စသတ်ပြီးတာနဲ့ သူ့အဖွဲ့သားတွေကို ဒီကို ခေါ်လာလိမ့်မယ်”

“ဒါ သတင်းကောင်းပဲ”

OTK Company နဲ့ K Company တို့က ပြည်တွင်းပြည်ပကုမ္ပဏီတွေကို ဆက်ပြီး ဝယ်ယူပေါင်းစပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဆိုဆန်းဝန် ရောက်လာရင် M&A ပိုင်းမှာ လူအင်အား မလုံလောက်တာတွေ ပြေလည်သွားပါလိမ့်မယ်။

“ပြီးတော့ ပြန်ကြားရေးအဖွဲ့လည်း လိုသေးတယ်။ OTK Company ကို လူတိုင်းနီးပါး သိနေကြပြီလေ”

Startup ကုမ္ပဏီတွေက သူတို့နာမည် လူသိများဖို့ အများကြီး ကြိုးစားကြရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အရင်က ဖြစ်ရပ်တွေကြောင့် ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီးနေပြီးသားဆိုတော့ အဲဒီလောက် မခက်ခဲတော့ပါဘူး။

“ကျွန်တော်တို့ နာမည်ကြီးတာမှန်ပေမဲ့ လူတွေရဲ့ အမြင်ကတော့ အပျက်သဘောဆောင်တာ များနေတယ်”

“ငါတို့နိုင်ငံမှာ ရင်းနှီးမြုတ်နှံမှုအင်အားစုတွေအပေါ် ထားတဲ့ အမြင်က သိပ်မကောင်းတာလည်း ပါတာပေါ့”

ကိုရီးယားက စက်မှုလုပ်ငန်း နဲ့ ကြီးထွားလာတာပါ။ တစ်ဖက်မှာလည်း IMF ခေတ်တုန်းက နိုင်ငံခြားငွေကြေးရင်းနှီးမြုတ်နှံမှု အင်အားစုတွေ ဝင်လာပြီး ကိုရီးယားကုမ္ပဏီတွေကို ဝါးမြိုသွားခဲ့ကြတယ်။ အဲဒီထဲမှာ Lone Star အမှုက တော်တော်လေး နာမည်ကြီးခဲ့တာပါ။

ဒါ့အပြင် ကျွန်တော်က အစိုးရနဲ့ အဆင်မပြေဖြစ်ခဲ့တော့ မီဒီယာတွေနဲ့လည်း ဆက်ဆံရေး သိပ်မကောင်းဘူး။ လက်ယာအုပ်စုတွေက OTK Company ကို သစ္စာဖောက်အဖွဲ့အစည်းလို့ သတ်မှတ်ပြီး ကျွန်တော့်ကို ပစ်မှတ်ထားကြသလို လက်ဝဲအုပ်စုတွေကလည်း ကျွန်တော်တို့ကို သိပ်ပြီး သဘောမကျကြဘူး။ ဘယ်ဘက်ကမှ ကြိုဆိုမခံရတဲ့ အခြေအနေပေါ့။

“OTK Company ကို အခွန်ကင်းလွတ်ခွင့်ရတဲ့ နေရာမှာ တည်ထောင်ထားပြီး ပြည်တွင်းပြည်ပ ငွေကြေးစျေးကွက်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မီဒီယာတွေက ထောက်ပြနေကြတယ်”

“အင်း။ သူတို့ပြောတာလည်း မမှားပါဘူး”

“OTK Company က စားသုံးသူတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ B2C လုပ်ငန်းမျိုး မဟုတ်လို့ အခုလောလောဆယ် ပြဿနာမရှိပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ ပြန်ကြားရေးအဖွဲ့တစ်ခု ရှိသင့်တယ်”

“ဘယ်သူ့ကို အဖွဲ့ခေါင်းဆောင်ခန့်ရင် ကောင်းမလဲ”

မိုက်ကယ်က သူပြင်ဆင်ထားတဲ့ စာရွက်စာတမ်းတွေကို ပေးတယ်။ အကြံပြုထားတဲ့ လူသုံးယောက်ရဲ့ ရင်းနှီးနေတဲ့ မျက်နှာတွေကို မြင်လိုက်ရတော့ ကျွန်တော် ပြုံးမိသွားတယ်။

ပြီးတော့ စီမံကိန်းနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အကြောင်း ဆွေးနွေးဖြစ်ကြတယ်။ စီမံကိန်းအဖွဲ့ဆိုတာ ကုမ္ပဏီရဲ့ အဖွဲ့အစည်းတွေကို စီမံခန့်ခွဲရတဲ့ Control Tower လိုမျိုးပဲ။ လုပ်ငန်းစုကြီးတွေမှာဆိုရင် အုပ်စုရဲ့ လက်အောက်မှာ စီမံကိန်းရုံးခန်းဆိုပြီး ရှိတတ်ကြပါတယ်။ ကုမ္ပဏီရဲ့ အဓိက အဖွဲ့အစည်းဖြစ်လို့ အများအားဖြင့် ယုံကြည်ရဆုံးလူကိုပဲ ခန့်ထားတတ်ကြတာပါ။

မိုက်ကယ်က ကျွန်တော့်ကို မေးတယ်။

“စိတ်ထဲမှာ ရွေးထားတဲ့လူ ရှိလား”

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

“ရှိတယ်”

အလုပ်ကိစ္စတွေ ပြောပြီးတော့ ကျွန်တော်တို့ အေးအေးဆေးဆေး စကားစမြည် ပြောဖြစ်ကြတယ်။

“ကိုရီးယားမှာ နေရတာ အဆင်ပြေရဲ့လား”

“ကျွန်တော်ရော၊ ကျွန်တော့်ဇနီးရော ပျော်ပါတယ်”

မိုက်ကယ် ရောက်လာကတည်းက ကုမ္ပဏီရဲ့ ဝန်ထမ်းအပြောင်းအလဲနဲ့ ဖွဲ့စည်းပုံတွေက မြန်မြန်ဆန်ဆန်ပဲ တည်ငြိမ်သွားခဲ့တယ်။ သူသာ မရှိရင် ကျွန်တော်တို့ တော်တော်လေး ရုန်းကန်ရမှာပါ။

“ကုမ္ပဏီမှာ အလုပ်လုပ်ရတာကော အဆင်ပြေရဲ့လား”

“အခုတော့ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က သဘာဝအရ ငြိမ်ငြိမ်မနေတတ်တော့ စာချုပ်သက်တမ်းကုန်ရင် ပျင်းလာနိုင်တယ်။ အရင်ကုမ္ပဏီက ထွက်တုန်းကလည်း ငြိမ်ငြိမ်မနေတတ်တော့ ဇနီးနဲ့အတူ ခရီးတွေ ထွက်နေခဲ့တာ”

တကယ်လို့ သူ ထွက်သွားမယ်ဆိုရင် လစာ ဒေါ်လာ တစ်သန်းကျော် ပေးထားရင်တောင် ဆွဲထားဖို့ ခက်ပါလိမ့်မယ်။

“စိတ်မပူပါနဲ့။ နောက်ပိုင်းမှာ ဒီထက် ပိုပြီး ပျော်စရာကောင်းအောင် လုပ်ပေးပါ့မယ်”

ကျွန်တော့်စကားကြောင့် မိုက်ကယ်က ပြုံးပြီး ပြောတယ်။

“မျှော်လင့်နေပါ့မယ်”

မိုက်ကယ်လီ ထွက်သွားပြီးနောက်မှာ နောက်ထပ် ဝန်ထမ်းတစ်ယောက်ကို ခေါ်လိုက်တယ်။ ခဏနေတော့ စီနီယာ မန်နေဂျာ ကီဟုမ်က စီအီးအိုရုံးခန်းထဲ ဝင်လာပါတယ်။

“ကျွန်တော် အဖွဲ့ခေါင်းဆောင်ဂျောင်ကီဟုမ်ပါ”

“ထိုင်ပါဦး”

စီနီယာ ကီဟုမ် ထိုင်လိုက်တော့ အတွင်းရေးမှူးက ကော်ဖီလာချပေးတယ်။ သူက တစ်ခုခု မှားလုပ်ထားမိလို့ ခေါ်တာလားဆိုပြီး တော်တော်လေး စိတ်လှုပ်ရှားနေပုံပဲ။

“အခု ဝန်ထမ်းသစ်တွေကို သင်တန်းပေးနေတယ် မဟုတ်လား”

“ဟုတ်ကဲ့၊ ဟုတ်ပါတယ်”

ကျွန်တော် တိုက်ရိုက်ပဲ ပြောလိုက်တယ်။

“ကျွန်တော်တို့ အရောင်းမြှင့်တင်ရေးအဖွဲ့တစ်ခု ဖွဲ့တော့မယ်။ ခင်ဗျား အဲဒီမှာ တာဝန်ယူပေးမလား။ OTK Company နဲ့ K Company ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့က အဓိက တာဝန်ပဲ”

ကီဟုမ်က သဘာဝအရ ပျော်ပျော်နေတတ်ပြီး လူတွေနဲ့ တွေ့ရတာ ဝါသနာပါတဲ့သူပါ။ ဒီတာဝန်က သူနဲ့ အကိုက်ညီဆုံး ဖြစ်ပါလိမ့်မယ်။

“ခင်ဗျားသိတဲ့အတိုင်း အရောင်းမြှင့်တင်ရေးအဖွဲ့က အရေးကြီးတဲ့ အဖွဲ့အစည်းလေ။ ဒါကြောင့် ယုံကြည်ရတဲ့သူကိုပဲ ကိုင်စေချင်တာ။ ခင်ဗျားထက် သင့်တော်တဲ့သူ မရှိဘူးလို့ ထင်တယ်”

ကျွန်တော့်စကားကြောင့် စီနီယာကီဟုမ်ရဲ့ မျက်နှာ ဝင်းပသွားတယ်။

“အစွမ်းကုန် ကြိုးစားပါ့မယ်”

“ဒီတာဝန်နဲ့ သင့်တော်မယ့် အဖွဲ့ဝင်တွေကိုလည်း ခင်ဗျားကိုယ်တိုင် ရွေးလိုက်ပါ။ စာရင်းရရင် ကျွန်တော် ပြန်စစ်ပေးမယ်”

“ဟုတ်ကဲ့”

အဲဒီနောက် နောက်ထပ် ဝန်ထမ်းတစ်ယောက်ကို ခေါ်လိုက်တယ်။ ဆံပင်ရွှေရောင်နဲ့ မျက်လုံးပြာပြာ၊ ဟောလိဝုဒ်မင်းသား တစ်ယောက်လို ရုပ်မျိုးနဲ့ လူငယ်တစ်ယောက် ဝင်လာတယ်။ သူက ကုမ္ပဏီထဲက အမျိုးသမီးဝန်ထမ်းတွေကြားမှာ တော်တော်လေး ရေပန်းစားတယ်လို့ ကြားပါတယ်။

ကိုရီးယားကို ရောက်ကတည်းက ဟင်နရီက 'ဟင်နရီ စမစ်' ဆိုတဲ့ နာမည်ဝှက်ကို သုံးနေတာ။ ဂိုးမန်း ဆိုတဲ့ နာမည်က သိပ်မရှိတော့ လူတွေ သတိထားမိသွားမှာ စိုးလို့လေ။ ဟင်နရီက ဂျိန်းရဲ့ အရိုက်အရာကို ဆက်ခံပြီး Golden Gate ကို ဦးဆောင်ရမယ့်သူပါ။

ဂျိန်းက သူ့သားကို Golden Gate မှာ မထားဘဲ OTK Company ကို လွှတ်လိုက်တာက အတွေ့အကြုံမျိုးစုံ ရစေချင်လို့ ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း သူ့ကို စိတ်ကြိုက် လုပ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“အရောင်းမြှင့်တင်ရေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပေးပါ”

ဟင်နရီက အံ့သြသွားပုံရတယ်။

“ငါ့ကို ပြောတာလား”

သူက တစ်နေ့ကျရင် Golden Gate ကို ပြန်သွားမယ့်သူဆိုတော့ ဒီလောက် အရေးကြီးတဲ့ အလုပ်ကို သူ့ကို ယုံကြည်လို့ ရပါ့မလားလို့ တွေးနေတာ ဖြစ်မယ်။

“မင်းရဲ့ အဖိုးက တရားဝင် အနားမယူသေးဘူးလေ။ အဲဒါ ဘယ်တော့ ဖြစ်မလဲ မသိပေမဲ့ အဲဒီအချိန်အထိတော့ ဒီအဖွဲ့ကို ကောင်းကောင်း ကိုင်တွယ်ပေးပါ”

ဟင်နရီက ပြုံးပြီး ခေါင်းညိတ်တယ်။

“ကောင်းပါပြီ”

ကျွန်တော် တက်ဂယူနဲ့ စီနီယာ ဆန်းယော့တို့နဲ့အတူ အပြင်ထွက်ခဲ့တယ်။

“ကော်ဖီတစ်ခွက်လောက် သောက်ရအောင်” လို့ တက်ဂယူက အကြံပေးတယ်။

နောက်ဖေးတံခါးနားက အပြင်ဘက် နားနေဆောင်မှာ ခုံတန်းရှည်တွေနဲ့ ကော်ဖီစက်တစ်ခု ရှိပါတယ်။ တကယ်တော့ အဲဒါက ဝန်ထမ်းတွေ ဆေးလိပ်သောက်တဲ့ နေရာပေါ့။ နေလည်စာစားပြီးချိန်ဆိုတော့ ဝန်ထမ်းတချို့က ဆေးလိပ်သောက်ရင်း ကော်ဖီသောက်နေကြတယ်။ ကျွန်တော်တို့ ဖြတ်သွားတော့ သူတို့က နှုတ်ဆက်ကြတယ်။

တက်ဂယူက “သူတို့ကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေး သောက်ရအောင်” လို့ ပြောတယ်။

စီနီယာ ဆန်းယော့က အကြွေစေ့ထည့်ပြီး ကော်ဖီထုတ်လိုက်တယ်။

“ဘာသောက်မလဲ”

“ကော်ဖီ”

“ငါကတော့ ချောကလက်ပူပူလေးပဲ သောက်တော့မယ်”

အများအားဖြင့် ကျွန်တော်တို့က Americano ပဲ သောက်ဖြစ်တာဆိုတော့ အကြွေစေ့ထည့်သောက်ရတဲ့ ကော်ဖီနဲ့ ဝေးနေတာ ကြာပါပြီ။

“ကျောင်းတုန်းကတော့ ခဏခဏ သောက်ဖြစ်တာနော်”

“အဲဒီတုန်းက အချိန်တွေကို သတိရမိသား”

ကျွန်တော်တို့ ခုံတန်းပေါ်မှာ ဘေးချင်းယှဉ်ထိုင်ပြီး ကော်ဖီသောက်နေကြတယ်။ အေးနေသေးပေမဲ့ ရာသီဥတုက တဖြည်းဖြည်း သာယာလာပါပြီ။

“ဒီဇင်ဘာတုန်းက တော်တော်ရှုပ်ခဲ့တော့ ဇန်နဝါရီကျရင် အဆင်ပြေသွားမယ် ထင်တာ၊ အခုတော့ ပိုတောင် ရှုပ်နေသေးတယ်” လို့ စီနီယာဆန်းယော့က ညည်းပြတယ်။

“ဝန်ထမ်းသစ်တွေ အလုပ်ထဲ အသားကျသွားရင်တော့ သက်သာသွားမှာပါ”

ကျွန်တော့်စကားကို စီနီယာဆန်းယော့က သက်ပြင်းချရင်း ပြန်ပြောတယ်။

“သူတို့ကို သင်တန်းပေးဖို့ လအနည်းငယ်တော့ ကြာဦးမှာပဲ။ အဲဒီအချိန်အထိတော့ တောင်တက်နေရသလိုပဲ ပင်ပန်းဦးမှာ”

“အဲဒါတော့ ဟုတ်တယ်”

“အမေရိကကို ဘယ်တော့သွားမှာလဲ”

“မနက်ဖြန်”

“ရုတ်တရက်ကြီးပါလား”

“အလုပ်တွေ ကြိုကိုင်ထားရမှာမလို့”

ဇန်နဝါရီလမှာ အမေရိကမှာ နိုင်ငံတကာ အခမ်းအနားတစ်ခု ရှိတယ်။ အဲဒါကတော့ သမ္မတ ကျမ်းသစ္စာဆိုပွဲပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ အရွေးခံထားရတဲ့ ရိုနယ်က မကြာခင်မှာ အမေရိကန်ရဲ့ တကယ့်သမ္မတ ဖြစ်လာတော့မယ်လေ။ ကျမ်းသစ္စာဆိုပွဲကို လွှတ်တော်အဆောက်အဦးရှေ့က Capitol Hill မှာ ကျင်းပမှာဖြစ်ပြီး ကျွန်တော်တို့လည်း ဖိတ်ကြားခံထားရတယ်။

တက်ဂယူက ပေါ့ပေါ့ပါးပါးပဲ ပြောတယ်။

“ငါ နည်းနည်း နေမကောင်းချင်သလိုပဲ။ အိမ်မှာပဲ နားနေမှာမလို့ မင်းတစ်ယောက်တည်း သွားလို့ မရဘူးလား”

“မရဘူး။ လိုက်ခဲ့ရမယ်”

“ဘာလို့လဲ”

“ငါတစ်ယောက်ထဲ သွားရင် ပျင်းစရာကြီးလေ”

နောက်တစ်နေ့မှာတော့ ကျွန်တော်တို့ ဒီထရိုက်ကို သွားမယ့် လေယာဉ်ပေါ် တက်ခဲ့ကြတယ်။ လေယာဉ်ပေါ်မှာ တစ်ရေးအိပ်လိုက်တော့ ခဏချင်းပဲ လေဆိပ်ကို ရောက်သွားတယ်။ လေဆိပ်ကနေ ထွက်လာတော့ လုံခြုံရေးတွေနဲ့ ကားက အဆင်သင့် စောင့်နေပါတယ်။

ကားစီးပြီး CarOS ရုံးချုပ်ကို ထွက်ခဲ့ကြတယ်။ CarOS က Chrysler နဲ့ ပေါင်းလိုက်ပြီးနောက်မှာ ရုံးချုပ်ကို ဒီထရိုက်ကို ပြောင်းလိုက်ပြီး Silicon Valley က ရုံးကိုတော့ သုတေသနဌာနအဖြစ်ပဲ ထားလိုက်တော့တယ်။ အစည်းအဝေးခန်းထဲမှာ ဒါရီလ် အပါအဝင် တာဝန်ရှိသူတွေ စုနေကြတယ်။

ဒါရီလ်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။

“မတွေ့ရတာ ကြာပြီနော်။ လာပေးလို့ ကျေးဇူးတင်ပါတယ်”

“တွေ့ရတာ ဝမ်းသာပါတယ်”

နှုတ်ဆက်ပြီးတော့ နေရာယူလိုက်ကြတယ်။ လက်ရှိမှာ CarOS ရဲ့ ရှယ်ယာ ၉၆ ရာခိုင်နှုန်းကို OTK Company က ပိုင်ထားတာပါ။ ကျွန်တော်တို့ပိုင်တဲ့ တခြားကုမ္ပဏီတွေအားလုံး ပေါင်းလိုက်ရင်တောင် CarOS ကို မမီပါဘူး။ ဆိုလိုတာက ဒါဟာ ကျွန်တော်တို့ရဲ့ အဓိက လုပ်ငန်းပါပဲ။

စီအိုအို ရိုင်ယန်က ထပြီး ပြောတယ်။

“စီမံခန့်ခွဲမှု အစီရင်ခံစာကို စတင်ပါ့မယ်”

အချက်အလက်တွေကို ကျွန်တော် ကြိုသိထားပေမဲ့ သေချာ နားထောင်နေလိုက်တယ်။ ကျွန်တော်တို့ မဝယ်ခင်က Chrysler ဟာ မနည်းရုန်းကန်နေရတဲ့ အခြေအနေမှာ ရှိခဲ့တာပါ။

၂၀၀၈ စီးပွားရေးပျက်ကပ်တုန်းက အမေရိကန်ရဲ့ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး သုံးခုဖြစ်တဲ့ GM၊ Ford နဲ့ Chrysler တို့ဟာ အစိုးရရဲ့ ကယ်ဆယ်ရေး ရန်ပုံငွေကြောင့် မနည်း အသက်ဆက်ခဲ့ရတယ်။ တချို့ကုမ္ပဏီတွေက ပြန်ပြီး နလန်ထူလာနိုင်ပေမဲ့ Chrysler ကတော့ အဲဒီထဲမှာ မပါခဲ့ဘူး။

အရောင်းကျလာတော့ ရန်ပုံငွေ နည်းလာပြီး အင်ဂျင်အသစ်တွေ ထုတ်ဖို့ အခက်အခဲ ဖြစ်လာတယ်။ သူတို့ရဲ့ မော်ဒယ်အသစ်တွေက အပြင်ပန်းကိုပဲ နည်းနည်းပါးပါး ပြောင်းထားတာပါ။ အနှစ်သာရကို မပြောင်းဘဲ မိတ်ကပ်လိမ်းထားသလို ဖြစ်နေတာပေါ့။ ဒါကြောင့် အရည်အသွေးနဲ့ ဆီစားနှုန်းတွေက ညံ့လာပြီး စားသုံးသူတွေက မကျေမနပ် ဖြစ်လာကြတယ်။

၉၀ ခုနှစ်တွေမှာဆိုရင်တော့ ဒီအခြေအနေနဲ့ တောင့်ခံနိုင်ဦးမှာ ဖြစ်ပေမဲ့ အနာဂတ်က ထင်ထားတာထက် ပိုမြန်မြန် ရောက်လာတယ်လေ။ အလိုအလျောက် မောင်းနှင်တဲ့ နည်းပညာတွေ ပေါ်လာပြီး လမ်းမပေါ်မှာ လျှပ်စစ်ကားတွေကို မြင်နေရပြီ။ ဒီလို အခြေအနေမှာ နည်းပညာမရှိတဲ့ ကုမ္ပဏီက တဖြည်းဖြည်း သေသွားဖို့ပဲ ရှိတော့တယ်။ ဒါကြောင့်လည်း FCA Group က အမြန်ဆုံး ပြန်ရောင်းထုတ်ချင်နေခဲ့တာပါ။

ဒါတွေက ကျွန်တော် သိပြီးသား အချက်အလက်တွေပါပဲ။ အရောင်းကျရင်တောင်မှ အရည်အသွေး မြှင့်တင်ဖို့နဲ့ ကားအသစ်တွေ ထုတ်ဖို့ ကျွန်တော် ညွှန်ကြားထားတယ်။ ဒါပေမဲ့ အဲဒီကနေ နောက်ထပ် ပြဿနာတစ်ခု ထပ်တက်လာတယ်။

ဒါရီလ်က ပြောတယ်။

“ကားအရောင်းကိုယ်စားလှယ်တွေဆီကနေ ကန့်ကွက်မှုတွေ တက်နေတယ်”

“ဘာတွေကန့်ကွက်ကြတာလဲ”

“အရောင်းကျလို့ ဝင်ငွေ လျော့သွားတဲ့အတွက် သူတို့ကို ပေးတဲ့ အကျိုးခံစားခွင့်တွေကို တိုးပေးဖို့ တောင်းဆိုနေကြတာပါ။ တချို့ဆိုရင် သူတို့ တောင်းဆိုတာကို မလိုက်လျောရင် ကားမရောင်းဘဲ သပိတ်မှောက်မယ်လို့တောင် ခြိမ်းခြောက်နေကြတယ်”

ကားလောကရဲ့ ဖွဲ့စည်းပုံက ထင်ထားတာထက် ပိုရှုပ်ထွေးပါတယ်။ ကားထုတ်ပြီးရင် စားသုံးသူတွေဆီ ရောက်ဖို့ ရောင်းရမယ်၊ ရောင်းပြီးရင်လည်း ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်ပေးရဦးမယ်။ စားသုံးသူက ကားတစ်စီးကို သိန်း ၃၀၀ နဲ့ ဝယ်တယ်ဆိုရင် အဲဒီပိုက်ဆံအားလုံးက ကားကုမ္ပဏီ အိတ်ထဲ ရောက်သွားတာ မဟုတ်ပါဘူး။

ကားတစ်စီးမှာ အစိတ်အပိုင်းပေါင်း ၃ သောင်းလောက် ပါဝင်ပါတယ်။ ကုမ္ပဏီတစ်ခုထဲက အဲဒါတွေ အားလုံးကို မထုတ်နိုင်ဘူးလေ။ ဒါကြောင့် တခြားမိတ်ဖက် ကုမ္ပဏီတွေဆီကနေ ဝယ်ရတယ်၊ အဲဒီအတွက် ပေးရတယ်။ ပြီးတော့ ကားထုတ်လုပ်သူက တိုက်ရိုက်ရောင်းတာထက် အရောင်းကိုယ်စားလှယ်တွေကနေ တစ်ဆင့် ဖြန့်ဖြူးရတာ များပါတယ်။ သူတို့က ကြော်ငြာပေးတယ်၊ ရောင်းပေးတယ်၊ အဲဒီအတွက် ကော်မရှင် ယူတယ်။ ပြီးတော့ ပြုပြင်ရေးနဲ့ ငွေကြေးဝန်ဆောင်မှုတွေကိုလည်း သူတို့ပဲ လုပ်တာပါ။

နောက်ဆုံးတော့ ကားတစ်စီးရောင်းရတဲ့ ဝင်ငွေကို ကားထုတ်လုပ်သူ၊ အစိတ်အပိုင်း ထုတ်လုပ်သူနဲ့ အရောင်းကိုယ်စားလှယ်တွေကြားမှာ ခွဲဝေယူကြရတာပါ။ ဝမ် သိန်း ၃၀၀ နဲ့ ရောင်းရရင်တောင် ကားထုတ်လုပ်သူ လက်ထဲ ရောက်တာက ထက်ဝက်တောင် မရှိတတ်ဘူး။

BMW၊ Mercedes-Benz လို နာမည်ကြီး တံဆိပ်တွေမှာတောင် အရောင်းကိုယ်စားလှယ်တွေ အများကြီး ရှိပါတယ်။ အဲဒီတော့ သူတို့နဲ့ လမ်းခွဲပြီး အင်တာနက်ကနေပဲ တိုက်ရိုက်ရောင်းမလား ဆိုတော့လည်း မလွယ်ပါဘူး။ ကားဆိုတာက ဝယ်မယ့်သူက ကိုယ်တိုင် စမ်းကြည့်ချင်ကြတာဆိုတော့ အရောင်းကွန်ရက်က အရေးကြီးတယ်လေ။

ကိုရီးယားမှာတော့ အွန်ဆောင်းလို ကုမ္ပဏီတွေက ကိုယ်ပိုင်အရောင်းဆိုင်တွေနဲ့ ကိုယ်စားလှယ်ဆိုင်တွေကို တွဲပြီး သုံးကြတယ်။ ဘယ်မှာ ဝယ်လဲအပေါ် မူတည်ပြီး ခံစားခွင့်တွေ ကွာသွားတတ်တယ်။ အွန်ဆောင်းကတော့ သူတို့ ကိုယ်ပိုင်ဆိုင်တွေမှာပဲ ပိုရောင်းစေချင်တာပေါ့။ ဒါကြောင့် ပြည်တွင်းမှာ ကိုယ်ပိုင်ဆိုင်တွေ တိုးလာနေပေမဲ့ ပြည်ပစျေးကွက်မှာတော့ အဲဒီနိုင်ငံက အရောင်းကိုယ်စားလှယ်တွေကိုပဲ အားကိုးနေရတာပါ။

တက်ဂယူက မေးတယ်။

“ငါတို့က စာချုပ်ဖျက်လိုက်ရင် သူတို့လည်း နစ်နာမှာ မဟုတ်ဘူးလား”

“ဟုတ်တယ်”

ဒါပေမဲ့ သူတို့ကလည်း အဖြစ်ခံမှာ မဟုတ်ဘူး၊ တခြား ကားကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပြီး သူတို့ကားတွေကိုပဲ ရောင်းပေးတော့မှာပါ။

ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်။ အခုတော့ အရောင်းကိုယ်စားလှယ်တွေကပါ ပြဿနာ လာရှာနေပြီပေါ့။

All Chapters