အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂)
ကားထုတ်လုပ်တဲ့ ကုမ္ပဏီက အရောင်းကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပြီး အရောင်းပမာဏအပေါ် မူတည်ပြီး အကျိုးခံစားခွင့်တွေ ပေးရပါတယ်။ အကျိုးခံစားခွင့်တွေ တိုးလာရင် ကိုယ်စားလှယ်တွေရဲ့ ဝေစုကလည်း များလာတာပေါ့။ အဲဒီအခါမှာ သူတို့က ကားတစ်စီးတလေ ပိုရောင်းရဖို့အတွက် ပိုပြီး တက်တက်ကြွကြွ ကြိုးစားလာကြပါတယ်။
ဒါကြောင့် အရောင်းပမာဏ ဒါမှမဟုတ် ဈေးကွက်ဝေစု ကျဆင်းလာတဲ့အခါမှာ ကိုယ်စားလှယ် ကုမ္ပဏီတွေကို ပေးတဲ့ အကျိုးခံစားခွင့်တွေကို တိုးပေးတာက ထုံးစံပါပဲ။ ဒါပေမဲ့ အကျိုးခံစားခွင့်တွေ တိုးပေးလိုက်ပါလျက်နဲ့ အရောင်းက ထင်သလောက် တက်မလာဘူးဆိုရင်တော့ အဲဒါက အရှုံးပေါ်စေပါတယ်။ ကိုယ်စားလှယ်တွေရဲ့ ဝေစုကို တိုးပေးလိုက်ရင် ကျွန်တော်တို့ရဲ့ အမြတ်က သဘာဝအတိုင်း လျော့သွားလို့ပါပဲ။
ကားလောကရဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်နှုန်းက တခြားကုန်ထုတ်လုပ်ငန်းတွေနဲ့ ယှဉ်ရင် သိပ်မများလှပါဘူး။ ဂျာမနီက နာမည်ကြီး တံဆိပ်တွေဖြစ်တဲ့ BMW နဲ့ Mercedes တောင်မှ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတာဖြစ်ပြီး ၅ ရာခိုင်နှုန်းအောက် ရောက်နေတဲ့ ကုမ္ပဏီတွေလည်း အများကြီးပါ။ အွန်ဆောင်း မော်တာရဲ့ အမြတ်နှုန်းက အကောင်းဆုံးအချိန်မှာ ၁၀ ရာခိုင်နှုန်းကျော်ခဲ့ဖူးပေမဲ့ အခုတော့ ၆ ရာခိုင်နှုန်းဝန်းကျင်မှာပဲ ရှိပါတော့တယ်။
“တကယ်လို့ ကိုယ်စားလှယ်တွေက ကားမရောင်းဘဲ သပိတ်မှောက်ကြမယ်ဆိုရင် ကျွန်တော်တို့ စက်ရုံလည်ပတ်မှုကို တစ်စိတ်တစ်ပိုင်း ရပ်နားရနိုင်တယ်”
စီးပွားရေးလောကရဲ့ နာမည်ကြီး လိမ်ညာမှုသုံးခုထဲမှာ တစ်ခုကတော့ “အရှုံးခံပြီး ရောင်းနေရပါတယ်” ဆိုတာပါပဲ။ ဒါပေမဲ့ တခါတလေကျတော့လည်း အဲဒါက အမှန်ဖြစ်နေတတ်ပါတယ်။ ကုမ္ပဏီတွေက ပစ္စည်းတွေ ပုံနေတဲ့အခါမှာ ရင်းထားတဲ့ အရင်းအောက် လျှော့ပြီး ရောင်းတတ်ကြပါတယ်။ အဲဒါက ရောင်းမထွက်ဘဲ ပုံထားတာထက်စာရင် ကုမ္ပဏီအတွက် ပိုပြီး အကျိုးရှိလို့ပါ။
ကားကုမ္ပဏီတွေမှာ ပုံသေအသုံးစရိတ်တွေက အများကြီး ရှိပါတယ်။ ကားရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ ဒီအသုံးစရိတ်တွေကတော့ ရှိနေမှာပါ။ ထုတ်လုပ်မှုနှုန်း ကျဆင်းသွားပြီဆိုရင် အရှုံးတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်ပါတယ်။
တက်ဂယူက ကျွန်တော့်ကို မေးတယ်။
“တခြားကုမ္ပဏီတွေကော အရောင်းကိုယ်စားလှယ်တွေရဲ့ မျက်နှာကို ကြည့်နေရတာပဲလား”
“ခြွင်းချက်တစ်ခုတော့ ရှိတယ်”
“ဘယ်သူလဲ”
“Nikola လေ”
တခြားကားကုမ္ပဏီတွေက ကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပေမဲ့ Nikola ကတော့ မြို့ကြီးတွေမှာ သူတို့ကိုယ်ပိုင် ပြခန်းတွေနဲ့ စမ်းသပ်မောင်းနှင်နိုင်တဲ့ နေရာတွေ ထားရှိပြီး အွန်လိုင်းကနေပဲ တိုက်ရိုက်ရောင်းတာပါ။ ဒါက အကြောင်းရင်း နှစ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။
ပထမအချက်က Nikola က Startup ကုမ္ပဏီ ဖြစ်နေလို့ပါ။ အစကတည်းက ကိုယ်စားလှယ်တွေနဲ့ စာချုပ်မရှိထားတော့ အွန်လိုင်းကနေ ရောင်းတဲ့စနစ်ကို အဆင်ပြေပြေ ကျင့်သုံးနိုင်ခဲ့တာပါ။ ဒုတိယအချက်ကတော့ သူတို့က လျှပ်စစ်ကားဈေးကွက်မှာ ထူးခြားတဲ့ နေရာတစ်ခုကို ရထားလို့ပါပဲ။ စားသုံးသူတွေက သူတို့ဆီမှာ ဝယ်ဖို့အတွက် လာရှာကြတာဆိုတော့ ကိုယ်စားလှယ် ကွန်ရက်တွေကို အားကိုးနေစရာ မလိုပါဘူး။
မကြာခင်ကမှ ထွက်ရှိထားတဲ့ Model TH က အကောင်းဆုံး ဥပမာပါပဲ။ ကားမထွက်ခင် တစ်နှစ်ကတည်းက ကြိုတင်မှာယူမှုတွေ လက်ခံခဲ့တာဖြစ်ပြီး အာမခံကြေး ဒေါ်လာ ၁၀၀၀ ပေးရတာတောင် မှာယူသူ ၅ သိန်းလောက် ရှိခဲ့ပါတယ်။ စဉ်းစားကြည့်ရင် Nikola က အရှုံးတွေ အများကြီးကြားမှာတောင် ဆက်ပြီး ရင်းနှီးမြှုပ်နှံနိုင်တာဟာ ကိုယ်စားလှယ်တွေကို ပေးရတဲ့ အမြတ်ဝေစုတွေ မရှိလို့လည်း ပါတာပေါ့။
တက်ဂယူက ခေါင်းကုပ်ရင်း ပြောတယ်။
“ပိုက်ဆံတွေ ရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ အားလုံး အဆင်ပြေသွားမယ် ထင်နေတာ။ လက်တွေ့က တကယ်ကို ခက်ခဲပါလား”
“ဟုတ်တယ်”
သူက ဒီလောက် ရှုပ်ထွေးတဲ့ အခြေအနေမျိုး ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
“ဒါနဲ့ အရောင်းကျရတဲ့ အကြောင်းရင်းက ဘာလဲ”
အဖြေကတော့ ရှင်းပါတယ်။
“တခြားကုမ္ပဏီတွေရဲ့ ကားတွေက ပိုကောင်းနေလို့ပေါ့”
ကျွန်တော် ဆာဂျေကို မေးလိုက်တယ်။
“အခု ကျွန်တော်တို့ဆီမှာ ငွေသား ဘယ်လောက်ရှိလဲ”
“ဒေါ်လာ သန်း ၁သောင်းအောက်ပဲ ကျန်တော့တယ်”
OTK Company က CarOSမှာ ဒေါ်လာ သန်း ၂သောင်းခွဲ ရင်းနှီးမြှုပ်နှံထားတာပါ။ ကုမ္ပဏီတွေ ဝယ်ယူတာနဲ့ စက်ရုံတွေ ဆောက်လုပ်တဲ့နေရာမှာတင် ဒေါ်လာ သန်း ၁၅၀၀၀ကျော် သုံးထားပြီးပါပြီ။ ရတ်စ်ဘဲမှာ စက်ရုံတွေ ဆောက်နေတာကိုလည်း ရပ်လို့မရပါဘူး။ အမေရိကမှာ ကုန်ထုတ်လုပ်ငန်းတွေ တိုးလာဖို့က ရိုနယ်ရဲ့ အဓိက ကတိကဝတ်ဖြစ်သလို အဲဒါကြောင့်ပဲ သူဟာ သမ္မတ ဖြစ်လာတာလို့ ပြောလို့ရပါတယ်။
အခုမှ နောက်ဆုတ်ဖို့ ကြိုးစားရင် ရတ်စ်ဘဲက မဲပေးသူတွေရော၊ ရိုနယ်ရော ငြိမ်နေကြမှာ မဟုတ်ပါဘူး။ စက်ရုံတွေ ပြီးသွားရင် ထုတ်လုပ်မှုက နှစ်ဆကျော် တိုးလာမှာပါ။ ဒါပေမဲ့ အရောင်းက တက်မလာဘူးဆိုရင်တော့ စက်ရုံတွေက ပိုက်ဆံတွေပဲ စုပ်ယူနေမယ့် တွင်းနက်ကြီး ဖြစ်သွားပါလိမ့်မယ်။ ထိန်းသိမ်းစရိတ်တွေက တက်လာပြီး အရှုံးတွေကလည်း နှင်းလုံးကြီးလို တဖြည်းဖြည်း ကြီးလာမှာပါ။
နည်းပညာသစ်တွေ ဖော်ထုတ်တာ၊ ကားသစ်တွေ ထုတ်တာ၊ စက်ရုံဆောက်တာနဲ့ ကုမ္ပဏီတွေ ဝယ်ယူတာတွေအတွက် ပိုက်ဆံသုံးရမယ့်နေရာတွေက အဆုံးမရှိပါဘူး။ တစ်ဖက်မှာလည်း ဝင်လာမယ့် ပိုက်ဆံက ရပ်တန့်လုနီးပါး ဖြစ်နေပါပြီ။ အခြေအနေသာ မကောင်းရင် ကားသစ်တောင် သေသေချာချာ မထုတ်နိုင်ခင်မှာ ကုမ္ပဏီက ပြိုလဲသွားနိုင်ပါတယ်။
ရိုင်ယန်က ပြောတယ်။
“ကားမျက်နှာစာကို ပြောင်းလဲထားတဲ့ မော်ဒယ်ကို ထုတ်ပြီး အရောင်းမြှင့်တင်ရေးကို အားစိုက်ကြည့်ရင်ကော”
“အဲဒါကတော့ လတ်တလော အဆင်ပြေသွားအောင် လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ခံမှာလဲ”
အချိန်မီ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ခဲ့လို့ ကားကိုယ်ထည်ရော အင်ဂျင်ရောက ဟောင်းနေပါပြီ။ ဒီဇိုင်းနဲ့ အတွင်းပိုင်း ပစ္စည်းလေးတွေပဲ ပြောင်းနေတာက အကန့်အသတ် ရှိလာပြီလေ။
ကျွန်တော် တာဝန်ရှိသူတွေကို ဝေ့ကြည့်ပြီး အေးစက်စက်ပဲ ပြောလိုက်တယ်။
“Chrysler က CarOSကို ဝယ်လိုက်တာ မဟုတ်ဘူး။ CarOSက Chrysler ကို ဝယ်လိုက်တာ။ ခင်ဗျားတို့က Chrysler ရဲ့ အရာရှိတွေ မဟုတ်ဘူး၊ CarOSရဲ့ အရာရှိတွေ ဖြစ်သွားပြီ။ ကျွန်တော် ပြောတာကို နားလည်လား”
တာဝန်ရှိသူတွေ အားလုံး ကျွန်တော့်ကို ကြည့်လာကြတယ်။
“အနာဂတ်မှာ Chrysler ဆိုတဲ့ နာမည်က ပျောက်ကွယ်သွားလိမ့်မယ်။ ခင်ဗျားတို့ ဖန်တီးရမှာက Chrysler ကားတွေ မဟုတ်ဘူး၊ CarOSရဲ့ ကားတွေပဲ”
ရိုင်ယန်က ဝင်ပြောတယ်။
“အဲဒီအချိန်အထိ တောင့်ခံနိုင်ပါ့မလားဆိုတာက ပြဿနာပဲ။ ကိုယ်စားလှယ်တွေနဲ့ ဆက်ဆံရေး ပျက်သွားရင် အနာဂတ် အရောင်းကိုလည်း ထိခိုက်နိုင်တယ်”
“ကိုယ်စားလှယ်တွေနဲ့ ပြဿနာဖြစ်မှာကို စိတ်မပူနဲ့။ စားသုံးသူတွေ ဝယ်ချင်စရာကောင်းတဲ့ ကားတွေကိုသာ ဖန်တီးနိုင်ရင် သူတို့က ကျွန်တော်တို့ဆီကို အလိုလို လာကြလိမ့်မယ်”
ကျွန်တော်တို့ ကိုယ်စားလှယ်တွေရဲ့ ဆွဲခေါ်ရာကိုပဲ အမြဲ ပါသွားလို့ မရပါဘူး။ ဒီတစ်ခါတော့ Nikola လိုမျိုး တိုက်ရိုက်ရောင်းတာကိုလည်း စဉ်းစားရမယ်။ တကယ့်ပြဿနာက ဆွဲဆောင်မှုရှိတဲ့ ကားတွေကို ဖန်တီးနိုင်မလားဆိုတာပဲ… ဒါပေမဲ့ CarOSရဲ့ နည်းပညာကိုတော့ ကျွန်တော် ယုံကြည်ရပါမယ်။
“အခုထိ ဘယ်သူမှ မဖန်တီးနိုင်သေးတဲ့ ကားတစ်စီးကို ဖန်တီးချင်တဲ့ အိပ်မက်ကြောင့် ကျွန်တော် CarOSမှာ ရင်းနှီးမြှုပ်နှံခဲ့တာ။ ရန်ပုံငွေအတွက် စိတ်မပူနဲ့။ ကျွန်တော့်မှာရှိတဲ့ တခြားကုမ္ပဏီတစ်ခုကို ရောင်းရရောင်းရ၊ ဒါမှမဟုတ် စတော့ဈေးကွက်ထဲ ဝင်ရဝင်ရ၊ ကျွန်တော် ဘယ်လိုနည်းနဲ့မဆို ပံ့ပိုးပေးမယ်။ အဲဒီတော့ ခင်ဗျားတို့ ဖန်တီးချင်တဲ့ ကားတွေကိုပဲ အာရုံစိုက်ပြီး ဖန်တီးကြပါ”
CarOSရဲ့ စီအီးအို ဒါရီလ် ဆီဂန် လည်း ကျမ်းသစ္စာဆိုပွဲ အခမ်းအနားကို ဖိတ်ကြားခံရပါတယ်။ ဝါရှင်တန် ဒီစီ ကို သွားဖို့ ပြင်နေတုန်းမှာ Golden Gate ရဲ့ စီအီးအို ဂျိန်း စီ ဂိုးမန်း ဆီကနေ ဖုန်းဝင်လာတယ်။
“မင်း အမေရိကကို ရောက်နေတယ်လို့ ကြားတယ်။ နေကောင်းရဲ့လား”
“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ နေကောင်းပါတယ်”
မတွေ့ရတာ ကြာပြီဖြစ်တဲ့ ကျွန်တော်တို့နှစ်ယောက် နှုတ်ဆက်စကား ပြောဖြစ်ကြတယ်။
“ဟင်နရီကော အဲဒီမှာ အဆင်ပြေရဲ့လား”
“သူက ကျွန်တော့်ကို အများကြီး ကူညီပေးနေပါတယ်”
ဂျိန်းက ရယ်ရင်း ပြောတယ်။
“ဟားဟား။ ကြားရတာ ဝမ်းသာတယ်ကွာ။ ကျမ်းသစ္စာဆိုပွဲက နောက်နှစ်ရက်နေရင် ကျင်းပတော့မှာ မဟုတ်လား”
“ခင်ဗျားကော တက်ရောက်မှာလား”
သမ္မတရွေးကောက်ပွဲတုန်းက ငွေကြေးလုပ်ငန်းစုတွေ အားလုံးနီးပါးက ဒိုင်ယန်ကို ထောက်ခံခဲ့ကြတာပါ။ တစ်ခုထဲသော ခြွင်းချက်ကတော့ Golden Gate ပါပဲ။ Golden Gate က နောက်ဆုံးမိနစ်မှာ ဒိုင်ယန် ဘက်ကနေ ထွက်ခဲ့ပြီး ရိုနယ် ဘက်ကို ကူးသွားခဲ့တာပါ။ အဲဒါက ဂျိန်းရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်မယ်လို့ယူဆရပါတယ်။
“ငါ့ကိုယ်စား တခြားတစ်ယောက် သွားပါလိမ့်မယ်။ ငါက လူရှုပ်တဲ့နေရာတွေကို သိပ်မကြိုက်လို့လေ”
“ဟုတ်ကဲ့”
နာမည်ကြီး ရင်းနှီးမြှုပ်နှံသူဖြစ်ပေမဲ့ လူမြင်ကွင်းကို သိပ်မထွက်တတ်တဲ့အတိုင်း သူက တရားဝင် အခမ်းအနားတွေကို တက်မှာမဟုတ်ပါဘူး။
“မင်းက ဝါရှင်တန်ကို မသွားခင် ဒီထရိုက်ကို ဝင်မယ်လို့ ကြားလို့ လေဆိပ်မှာ ကိုယ်ပိုင်လေယာဉ်တစ်စီး စီစဉ်ပေးထားပါတယ်”
ကျွန်တော့်အတွက် ကိုယ်ပိုင်လေယာဉ်တောင် စီစဉ်ပေးထားတာလား။ အားနာစရာ ကောင်းပေမဲ့ ဒီလောက် စေတနာထားတာကို ငြင်းလိုက်ရင်လည်း ယဉ်ကျေးမှု မရှိရာ ကျပါလိမ့်မယ်။
“စီစဉ်ပေးလို့ ကျေးဇူးတင်ပါတယ်”
“ဒါဆိုရင် မကြာခင် ပြန်တွေ့ကြတာပေါ့”
ကျွန်တော် နှုတ်ဆက်ပြီး ဖုန်းချလိုက်တယ်။
တက်ဂယူက “ဂျိန်းက ဘာပြောလဲ” လို့ မေးတယ်။
“လေယာဉ်လက်မှတ်ကို ဖျက်လိုက်တော့တဲ့”
လေဆိပ်မှာ Gulfstream လေယာဉ်တစ်စီးက စောင့်နေပါတယ်။
ဒါရီလ်က အံ့သြသလိုမျိုးနဲ့ ပြောတယ်။
“ခင်ဗျားကြောင့် ကျွန်တော်ပါ ကိုယ်ပိုင်လေယာဉ် စီးရတော့မယ်”
ကျွန်တော်တို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။ ကျွန်တော် အရင်ကလည်း စီးဖူးပေမဲ့ ထိုင်ခုံတွေက ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိလှပါတယ်။
“ကျွန်တော် ကိုရီးယားမှာတောင် သမ္မတ ကျမ်းသစ္စာဆိုပွဲ မတက်ဖူးဘူး၊ အခုတော့ အမေရိကန် သမ္မတပွဲကို ဖိတ်ခံရတယ်”
“ဟုတ်တယ်နော်။ တကယ့်ကို အံ့သြစရာပဲ”
စဉ်းစားကြည့်ရင် ဒါက တကယ်ကို ထူးခြားတဲ့ အတွေ့အကြုံပါပဲ။
တက်ဂယူက ရေခဲသေတ္တာထဲက ဘီယာတစ်လုံး ထုတ်ပြီး ကျွန်တော့်ကို လှမ်းပေးတယ်။
“ငါတို့ ဂျပန်သွားတုန်းက ခရီးစဉ်မှာ ပိတ်မိခဲ့တာ မှတ်မိလား”
“အင်း”
အဲဒီတုန်းက ဘတ်ဂျက် လေယာဉ်တွေရဲ့ Economy ထိုင်ခုံတွေ ဘယ်လောက် ကျဉ်းသလဲဆိုတာ ကျွန်တော် ပထမဆုံး သိခဲ့ရတာပါ။
“အဲဒီခရီးစဉ်က ပျော်စရာကောင်းခဲ့ပါတယ်လေ”
“……ငါကတော့ သိပ်မပျော်ခဲ့ပါဘူး”
လေးရက်လုံးလုံး လည်ပတ်စရာ နေရာတွေဆီ သိပ်မရောက်ဘဲ အာကီဟာဘာရာ၊ ကောမစ်ကတ် နဲ့ တခြားနေရာတွေဆီပဲ ရောက်ခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်တော့် ခရီးဆောင်အိတ်ထဲမှာ မန်ဂါစာအုပ်တွေနဲ့ ဂိမ်းစီဒီတွေပဲ ပြည့်သွားပြီး ကိုယ့်အတွက် ဘာမှ မဝယ်လိုက်ရဘူး။
သူတို့က တည်းခိုစရိတ် အခမဲ့ ပေးမယ်ဆိုကတည်းက ဒါမျိုး ဖြစ်မယ်ဆိုတာ ကျွန်တော် ကြိုသိသင့်တာပါ။ ဒါပေမဲ့ တက်ဂယူအတွက်ကတော့ အဲဒါက အမှတ်တရကောင်း ဖြစ်ခဲ့ပုံရပါတယ်။
ကျွန်တော် ဒါရီလ်ကို မေးလိုက်တယ်။
“အခု ရိုနယ်အပေါ် လူထုရဲ့ အမြင်က ဘယ်လိုရှိလဲ”
သူက ခပ်နွမ်းနွမ်းလေး ပြုံးပြီး “ရတ်စ်ဘဲမှာတော့ သူ့ကို ထောက်ခံမှုက မြင့်နေတုန်းပဲ” လို့ ပြောတယ်။
“ဒါကတော့ ဝမ်းသာစရာပဲ”
“ဒါပေမဲ့ တခြားဒေသတွေမှာတော့ အဲဒီလို မဟုတ်ဘူး”
“…….”
ကျွန်တော် ထင်ထားတဲ့အတိုင်းပါပဲ။ ပုံမှန်ဆိုရင် အစိုးရသစ် တက်လာတဲ့အခါမှာ မျှော်လင့်ချက်တွေကြောင့် ထောက်ခံမှုနှုန်းက တက်လေ့ရှိပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက ရိုနယ်ရဲ့ ထောက်ခံမှုနှုန်းက အရွေးခံရပြီးကတည်းက ကျဆင်းနေတာပါ။ အခုဆိုရင် သူ့ကို ထောက်ခံတဲ့နှုန်းက သူရခဲ့တဲ့ မဲရာခိုင်နှုန်းထက်တောင် နည်းနေပါပြီ။
အမေရိကန် အပါအဝင် ကမ္ဘာတစ်ဝန်းမှာလည်း ရိုနယ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေတယ်။ စီးပွားရေး အောင်မြင်ဖို့ဆိုရင် ရိုနယ်အနေနဲ့ ဒီအခြေအနေကို တကယ်ပဲ ပြောင်းလဲဖို့ လိုနေပါပြီ။
ကျွန်တော် ဒါရီလ်နဲ့ အနာဂတ် အခြေအနေတွေအကြောင်း ဆက်ပြောဖြစ်ကြတယ်။
“ကျွန်တော်တို့ မြန်မြန်လုပ်မယ်ဆိုရင် အလိုအလျောက် မောင်းနှင်တဲ့ နည်းပညာပါတဲ့ စက်သုံးဆီကားကို ဒီနှစ်ထဲမှာ ထုတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အနာဂတ်ကားတွေက အလိုအလျောက် မောင်းနှင်တဲ့ နည်းပညာပါတဲ့ လျှပ်စစ်ကား ဒါမှမဟုတ် ဟိုက်ဒရိုဂျင်ကားတွေပဲ ဖြစ်လိမ့်မယ်။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ဆီမှာ ဆော့ဖ်ဝဲလ် နည်းပညာပဲ ရှိသေးတာလေ”
Operating System ဘယ်လောက်ကောင်းကောင်း အဲဒါကို မောင်းနှင်ဖို့ CPU၊ Semiconductorsနဲ့ Motherboardတွေ လိုအပ်ပါတယ်။
“ပြဿနာက ဘတ္ထရီမှာပဲ”
လျှပ်စစ်ကားတွေမှာ ဆီတိုင်ကီအစား ပမာဏကြီးမားတဲ့ ဘတ္ထရီတွေ လိုအပ်ပါတယ်။ ဒါပေမဲ့ ကားသုံးဘတ္ထရီတွေကို အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီက အကန့်အသတ်ပဲ ရှိတာပါ။ ဒါကြောင့် လျှပ်စစ်ကားတွေ ထုတ်ဖို့ဆိုရင် ဘတ္ထရီ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့က မဖြစ်မနေ လိုအပ်ပါတယ်။
ကားထုတ်လုပ်သူတွေရဲ့ အမြင်မှာတော့ လျှပ်စစ်ကား ရောင်းရရင် ဘတ္ထရီ ကုမ္ပဏီတွေနဲ့ အမြတ်ကို ခွဲဝေရမှာပါ။ ဒီလို ဝေခွဲမရဖြစ်နေတာက လျှပ်စစ်ကားဈေးကွက် ကျယ်ပြန့်လာမှုကို နှေးကွေးစေခဲ့ပါတယ်။ ဒါပေမဲ့ ပြောင်းလဲမှုဆိုတာကို ခေတ္တဆိုင်းငံ့ထားလို့ ရပေမဲ့ ရပ်တန့်ထားလို့တော့ မရပါဘူး။
နာမည်ကြီး ကားထုတ်လုပ်သူတွေ တွန့်ဆုတ်နေကြတုန်းမှာ Startup ကုမ္ပဏီဖြစ်တဲ့ Nikola က ဂျပန်က ဘတ္ထရီ ကုမ္ပဏီ Technics နဲ့ ပူးပေါင်းပြီး ဈေးကွက်ထဲကို အမြန်ဆုံး ဝင်ရောက်ခဲ့ပါတယ်။ Nikolaက လျှပ်စစ်ကားဈေးကွက်ကို ဦးဆောင်လာတဲ့အခါမှာတော့ ငြိမ်နေခဲ့တဲ့ နာမည်ကြီး ကုမ္ပဏီတွေလည်း လျှပ်စစ်ကားတွေ စပြီး ထုတ်လာကြပါတော့တယ်။ ဒါပေမဲ့ အခုတော့ သူတို့က Nikola ကို မနည်း လိုက်နေရတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။
“Kodak က ဖလင်ကင်မရာတွေကိုပဲ ဖက်တွယ်ထားရင်းနဲ့ ဒစ်ဂျစ်တယ် ကင်မရာခေတ်ကို လွဲချော်သွားသလိုမျိုးပေါ့”
တက်ဂယူက ခေါင်းညိတ်တယ်။
“ROM Cartridges တွေကိုပဲ သုံးခဲ့တဲ့ Nintendo က စီဒီတွေကို ရွေးချယ်ခဲ့တဲ့ Sony PlayStation ကို ရှုံးသွားသလိုမျိုးလား”
အဲဒါက တကယ့်ကို ကွက်တိကျတဲ့ ဥပမာပါပဲ။ CarOSက ဖန်တီးထားတဲ့ Operating Systemက အလိုအလျောက် မောင်းနှင်တာတင်မကဘဲ ကားတစ်စီးလုံးကို ထိန်းချုပ်နိုင်တဲ့ စနစ်မျိုးပါ။ အဲဒီအတွက်ကြောင့် CarOSဟာ စက်သုံးဆီကားတွေထက် လျှပ်စစ်ကားတွေနဲ့ ပိုပြီး ကိုက်ညီပါတယ်။
“ကျွန်တော်တို့ ဘတ္ထရီ ကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့ ဒါမှမဟုတ် ပူးပေါင်းဖို့ စဉ်းစားရမယ်”
နောက်ဆုံးတော့ ပြဿနာက ပိုက်ဆံပဲလား။
ကျွန်တော်တို့ စကားပြောနေကြရင်းနဲ့ ကိုယ်ပိုင်လေယာဉ်က ဝါရှင်တန် ဒီစီ ဆီကို ပျံသန်းသွားပါတယ်။
သမ္မတ ကျမ်းသစ္စာဆိုပွဲကို လွှတ်တော်အဆောက်အဦးရှေ့က Capitol Hill မှာ ကျင်းပပါတယ်။
လုံခြုံရေးကတော့ တကယ်ကို တင်းကျပ်လှပါတယ်။ ဖိတ်စာတွေကို စစ်ဆေးတယ်။ တက်ရောက်လာသူတွေကို လေယာဉ်ပေါ် တက်ခါနီးမှာ လုပ်သလိုမျိုး ကိုယ်ခန္ဓာကို သေသေချာချာ စစ်ဆေးပါတယ်။ ဒီလောက်အထိ စစ်နေတာက နည်းနည်းတော့ လွန်တယ်လို့ ခံစားရပေမဲ့ ဘယ်သူမှတော့ မကန့်ကွက်ကြပါဘူး။ 9/11 တိုက်ခိုက်မှု နောက်ပိုင်းမှာ ဒီလို လုံခြုံရေးအဆင့်အတန်းက အမေရိကန်တွေအတွက် နေ့စဉ်ဘဝလို ဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရာသီဥတုက သိပ်မကောင်းခဲ့ဘဲ အခုလည်း မိုးရွာတော့မယ့်ပုံ ဖြစ်နေပါတယ်။ ဒါပေမဲ့ လုံခြုံရေးအရ ထီးယူဆောင်ခွင့်ကိုတော့ ပိတ်ထားပါတယ်။
ကျမ်းသစ္စာဆိုပွဲ ကျင်းပတဲ့ နေရာရဲ့ အပြင်ဘက်မှာတော့ ရိုနယ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲက အရှိန်အဟုန်နဲ့ ဖြစ်နေပါတယ်။ လူပေါင်း ရာနဲ့ချီပြီး ဆိုင်းဘုတ်တွေ ကိုင်ကာ အလစ်အငိုက် ဆန္ဒပြနေကြပြီး ရဲတွေကတော့ အတင်းအဓမ္မ လူစုခွဲကာ ဖမ်းဆီးနေကြတယ်။ ဒါတောင်မှ အခမ်းအနား ကျင်းပတဲ့ နေရာမှာတော့ ပရိသတ်တွေနဲ့ ပြည့်နှက်နေတာပါပဲ။ နိုင်ငံပေါင်း ၉၂ နိုင်ငံက ကိုယ်စားလှယ်တွေကလည်း ရိုနယ်ကို ဂုဏ်ပြုဖို့ တက်ရောက်လာကြပါတယ်။
တက်ဂယူက “ဟိုမှာ ငါတို့နိုင်ငံက ဝန်ကြီးချုပ် မဟုတ်လား” လို့ ပြောတယ်။
လှည့်ကြည့်လိုက်တော့ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ ဝန်ကြီးချုပ် ဟွမ်ဂျုဆန် ကို တွေ့လိုက်ရတယ်။ အဝေးကနေကြည့်တာဆိုတော့ မျက်နှာတွေကိုတော့ သေသေချာချာ မမြင်ရပါဘူး။
ကျွန်တော်က ဟိုကြည့်ဒီကြည့်နဲ့ စိတ်လှုပ်ရှားနေတဲ့ တက်ဂယူကို “လျှောက်ကြည့်မနေနဲ့ဦး၊ လူမြင်မကောင်းဘူး” လို့ လှမ်းပြောလိုက်တယ်။
“ဘာဖြစ်လဲ၊ စိတ်ဝင်စားဖို့ ကောင်းတာကိုကွ”
“…”
အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း စိတ်လှုပ်ရှားနေတာပါပဲ။
“ဝိုး။ ဒိုင်ယန် လည်း ရောက်နေတယ်”
သူ ရောက်လာတော့ အခမ်းအနား တစ်ခုလုံး အနည်းငယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ ဒါက သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက်ပိုင်း သူ ပထမဆုံးအကြိမ် လူမြင်ကွင်းကို ထွက်လာတာပါ။ သူက လူအချို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ပြီး လက်ဆွဲနှုတ်ဆက်နေပါတယ်။
“သူ ကြည့်ရတာ ပျော်နေပုံပဲ”
“စိတ်ထဲမှာတော့ ဘယ်လိုရှိမလဲ မသိဘူး”
ဒိုင်ယန် က နာမည်ကြီး နိုင်ငံရေးမိသားစုဖြစ်တဲ့ အန်ဒါဝုဒ် မိသားစုကနေ လာတာဖြစ်ပြီး အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ အထက်တန်းလွှာ နိုင်ငံရေးသမားတစ်ယောက်ပါ။ နိုင်ငံရေးလောကမှာ ထူးခြားတဲ့သူဖြစ်တဲ့ ရိုနယ် စတန်ပါ က သူ့ရဲ့ ပြိုင်ဘက်ပေါ့။
ဒါပေမဲ့ ရလဒ်ကတော့ မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့တယ်။ မဲရလဒ်မှာ ဒိုင်ယန် က ရိုနယ် ထက် မဲပေါင်း ၃ သန်းကျော် ပိုရခဲ့ပေမဲ့ ကိုယ်စားလှယ်မဲမှာတော့ တော်တော်လေး နောက်ကနေ ကျန်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက်မှာတော့ သူ့ရဲ့ နိုင်ငံရေးခရီးလမ်းက အဆုံးသတ်သွားပြီလို့တောင် ပြောလို့ရပါတယ်။
ဒိုင်ယန် က ဘေးနားက လူတွေကို လက်ဆွဲနှုတ်ဆက်နေရင်းကနေ ရုတ်တရက် ကျွန်တော်တို့ရှိတဲ့ ဘက်ကို လျှောက်လာတယ်။ တက်ဂယူက ကျွန်တော့်နံဘေးကို လာတို့တယ်။
“သူ မင်းဆီကို လာနေတာလား”
“မဖြစ်နိုင်တာ……”
ဒါပေမဲ့ တကယ်ပဲ ဒိုင်ယန် က ကျွန်တော့်ရှေ့မှာ ရပ်လိုက်ပြီး လက်ကို ကမ်းပေးတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက ဒိုင်ယန် အန်ဒါဝုဒ် ပါ”
သူ့ရဲ့ မျက်နှာအမူအရာနဲ့ အသံမှာ သဘာဝကျတဲ့ ဂုဏ်သိက္ခာတွေ ရှိနေတယ်။ ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ သူ့လက်ကို ပြန်ဆွဲလိုက်မိတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူ ပါ”
သူက ကျွန်တော့်ကို ထိထိမိမိ စကားတစ်ခွန်း ပြောလိုက်တယ်။
“ကျွန်မတို့ အရင်က တွေ့ဖို့ အခွင့်အရေး ရှိခဲ့ပေမဲ့ အခုမှပဲ ဒီမှာ ပထမဆုံးအကြိမ် တွေ့ကြရတာပဲနော်”
ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျွန်တော် တွေ့ဆုံဖို့ တောင်းဆိုခဲ့တာကို သူ မှတ်မိနေပုံရတယ်။ အဲဒီတုန်းက ဒိုင်ယန် က ငြင်းခဲ့လို့ ကျွန်တော်လည်း ရိုနယ် ဆီကို တိုက်ရိုက် သွားခဲ့တာလေ။
“တွေ့ရတာ ဂုဏ်ယူမိပါတယ်”
ကျွန်တော့်စကားကြောင့် သူက ပြုံးလိုက်တယ်။
“ဒီထက် နည်းနည်းလောက် ပိုစောစော တွေ့ခဲ့ကြရင် ကောင်းမှာပဲ”
တကယ်လို့သာ အဲဒီလို ဖြစ်ခဲ့ရင် ဒီနေ့ ကျမ်းသစ္စာဆိုမယ့်သူက ရိုနယ် အစား ဒိုင်ယန် ဖြစ်နေမလား။ ဘာပဲဖြစ်ဖြစ် သမိုင်းမှာ “တကယ်လို့သာ” ဆိုတဲ့ အယူအဆတွေက အဓိပ္ပာယ် မရှိတာ များပါတယ်။