အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆)
တက်ဂယူက ငါ့ပုခုံးကို ပုတ်ပြီး ပြောတယ်။
“ဟေ့…အဆင်ပြေရဲ့လား”
ကျွန်တော့်ရှေ့က ဟိုလိုဂရမ်က ဘယ်အချိန်က ပျောက်သွားမှန်းတောင် မသိလိုက်ဘူး။
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်မျက်နှာကို ကြည့်ပြီး မေးတယ်။
“အဆင်ပြေရဲ့လား”
“ဪ၊ ခဏလောက် အတွေးထဲ နစ်သွားလို့ပါ”
တက်ဂယူက တစ်ခုခု ထူးဆန်းနေတာကို ရိပ်မိပုံရပေမဲ့ ဘာမှမဟုတ်သလိုပဲ ဝင်ပြောပေးတယ်။
“ဒီကောင်က စကားပြောနေရင်း အတွေးလွန်တတ်တာ အကျင့်ဖြစ်နေလို့ပါ”
ကျွန်တော်က ခဏလေးပဲလို့ ထင်လိုက်ပေမဲ့ အတော်လေး ကြောင်နေခဲ့ပုံရတယ်။
ဘာပဲဖြစ်ဖြစ် စိတ်ကို ပြန်စုစည်းပြီး ဒုဥက္ကဋ္ဌကို မေးလိုက်တယ်။
“ခုနက ဘာအကြောင်း ပြောနေတာလဲ”
“ပူးပေါင်းဆောင်ရွက်ရေးအကြောင်း ပြောနေတာပါ”
ကျွန်တော် ခုနက တွေးမိတာကို ပြန်စဉ်းစားပြီး မေးလိုက်တယ်။
“ဘတ္ထရီ ထောက်ပံ့တဲ့အကြောင်း ပြောနေတာလား”
ဒုဥက္ကဋ္ဌက ခေါင်းညိတ်ပြတယ်။
“ဘတ္ထရီတင် မဟုတ်ဘူး၊ မော်တော်ကားလုပ်ငန်း တစ်ခုလုံးကို ပြောတာ။ အခု ဆိုဆောင်း အီလက်ထရောနစ်က Exalrus Auto ဆိုတဲ့ ကားသုံး AP ကို အမြောက်အမြား ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်”
တက်ဂယူက အံ့ဩသွားပုံပဲ။
“တကယ်လား။ အရင်က ဖုန်းသုံး Exalrus ကိုပဲ ပြုပြင်ပြီး သုံးတာ မဟုတ်ဘူးလား”
“စမတ်ဖုန်းနဲ့ ကားက အသုံးပြုတဲ့ အခြေအနေ၊ သက်တမ်းနဲ့ ဘေးကင်းလုံခြုံမှုအပိုင်းမှာ ကွာခြားချက်တွေ ရှိတယ်လေ”
“Exalrus 8 က Dragoon 5.4 ထက် ပိုစွမ်းဆောင်ရည် ကောင်းတယ်လို့ ကြားဖူးတယ်”
တက်ဂယူက ဒီဘက်မှာတော့ တကယ်နှံ့စပ်တာပဲ။
AP (Application Processor) ဆိုတာ စမတ်ဖုန်းလို အီလက်ထရောနစ် ပစ္စည်းတွေရဲ့ ဦးနှောက်လိုပဲ၊ မရှိမဖြစ် အစိတ်အပိုင်းပေါ့။
ကားတွေမှာ အီလက်ထရောနစ် ပစ္စည်းတွေ ပိုများလာတာနဲ့အညီ APရဲ့ အခန်းကဏ္ဍကလည်း အရမ်းအရေးပါလာတယ်။ အထူးသဖြင့် အလိုအလျောက် မောင်းနှင်တဲ့စနစ် ရဖို့အတွက် စွမ်းဆောင်ရည်မြင့် AP က မရှိမဖြစ်ပါပဲ။
ဒီ AP တွေကို တိုက်ရိုက်ဒီဇိုင်းဆွဲနိုင်တဲ့ စွမ်းရည်က NXP၊ Qualcomm နဲ့ ဆိုဆောင်း အီလက်ထရောနစ်တို့လို ကုမ္ပဏီအနည်းငယ်မှာပဲ ရှိတာပါ။
ကျွန်တော် အေးအေးဆေးဆေး စဉ်းစားကြည့်လိုက်တယ်။
Operating system တစ်ခုကို ကောင်းကောင်းသုံးနိုင်ဖို့ဆိုတာ Hardware စွမ်းဆောင်ရည်ကလည်း ထောက်ပံ့ပေးနိုင်ဖို့ လိုပါတယ်။ ကင်မရာတွေ၊ ဆင်ဆာတွေနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေလိုမျိုး အဆင့်မြင့် အီလက်ထရောနစ် အစိတ်အပိုင်းတွေလည်း အများကြီး လိုအပ်တာပေါ့။
ဆိုဆောင်း အီလက်ထရောနစ်က ကမ္ဘာမှာ အကြီးဆုံး IT ထုတ်လုပ်သူပါ။
သူတို့ရဲ့ Semiconductor နည်းပညာက ပြိုင်ဘက်မရှိသလို တခြား အစိတ်အပိုင်းတွေကလည်း စမတ်ဖုန်းတွေကတစ်ဆင့် နည်းပညာပိုင်းမှာ သက်သေပြပြီးသားဖြစ်ပါတယ်။
အတိုချုပ်ပြောရရင် ဆိုဆောင်း အုပ်စုနဲ့ လက်တွဲတာက AP၊ အီလက်ထရောနစ်နဲ့ ဘတ္ထရီ ကဏ္ဍတွေမှာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ခွင့် ရမှာပါပဲ။
ဘတ္ထရီအတွက် ဆိုဆောင်း SD မဟုတ်ရင်တောင် တခြားသူ ရှာလို့ရပေမဲ့ အီလက်ထရောနစ် အပိုင်းမှာတော့ ဆိုဆောင်း အီလက်ထရောနစ်ထက် သာတဲ့ မိတ်ဖက်မျိုး ရှာဖို့ ခက်တယ်။
ဥပမာပြောရရင် NXP တစ်ခုထဲတင် ဆိုဆောင်း အီလက်ထရောနစ်ဆီကနေ တစ်နှစ်ကို ဒေါ်လာ သန်းထောင်နဲ့ချီတဲ့ အစိတ်အပိုင်းတွေ ဝယ်နေတာပါ။
“စဉ်းစားကြည့်မှ Harman လည်း ရှိသေးတာပဲ” လို့ ကျွန်တော်ပြောလိုက်တယ်။
ကျွန်တော့်စကားကြောင့် ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့မျက်မှန်ကို ပြင်လိုက်ရင်း ပြန်ဖြေတယ်။
“အရင်တုန်းက ဆိုဆောင်း အုပ်စုနဲ့ အွန်ဆောင်း အုပ်စုက စီးပွားရေးလောကမှာ ထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်ခဲ့ကြတဲ့ ပြိုင်ဘက်တွေလေ”
အွန်ဆောင်း အုပ်စုက အီလက်ထရောနစ်လောကထဲ ဝင်ဖို့ အွန်ဆောင်း အီလက်ထရောနစ်ကို တည်ထောင်တဲ့အချိန်မှာ ဆိုဆောင်း အုပ်စုကလည်း ကားလောကထဲ ဝင်ဖို့ ဆိုဆောင်း မော်တာကို စတင်ခဲ့ပြီး ပြိုင်ဆိုင်မှုက ပိုပြင်းထန်ခဲ့တယ်။
ဒါပေမဲ့ အွန်ဆောင်း အုပ်စုက ‘ထီးနန်းလုပွဲ’ ကြောင့် တကွဲတပြား ဖြစ်သွားပြီးနောက်မှာ အွန်ဆောင်း အီလက်ထရောနစ်က ဒေဝါလီခံရပြီး ကြွေးရှင်တွေဆီ ရောင်းလိုက်ရတယ်။ ဆိုဆောင်း အုပ်စုလည်း IMF အကြပ်အတည်းမှာ အခက်အခဲတွေ ကြုံခဲ့ရပြီး ဆိုဆောင်း မော်တာရဲ့ ရှယ်ယာ အတော်များများကို ရောင်းချကာ ကားလောကကနေ ထွက်ခဲ့ရတယ်။
အဲဒီနောက်ပိုင်းမှာ သူတို့က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပေမဲ့ မကြာသေးခင် နှစ်တွေမှာတော့ တင်းမာမှုတွေ ပြန်ရှိလာတယ်။
အကြောင်းရင်းတစ်ခုကတော့ ဟန်မင်းဂူနဲ့ ရင်းနှီးတဲ့ ဥက္ကဋ္ဌ လင်အီကွမ်ဟာ စီမံခန့်ခွဲမှုကနေ နားသွားတာကြောင့် ဖြစ်ပေမဲ့လည်း...
“အဓိက အချိုးအကွေ့က ဆိုဆောင်း အီလက်ထရောနစ်က Harmanကို ဝယ်ယူလိုက်တာပဲ”
Harman က ကားအော်ဒီယို အပါအဝင် ကားသုံး အီလက်ထရောနစ် ပစ္စည်းတွေမှာ ထိပ်တန်းက ကုမ္ပဏီဖြစ်ပြီး ကားထုတ်လုပ်သူ အများကြီးနဲ့ လက်တွဲထားတာပါ။
ပြီးခဲ့တဲ့နှစ်က ဆိုဆောင်း အီလက်ထရောနစ်က ဒေါ်လာ သန်း ၈ထောင် ရင်းနှီးမြှုပ်နှံပြီး Harman တစ်ခုလုံးကို ဝယ်လိုက်တယ်။
ဒီသတင်း ထွက်လာတော့ ဥက္ကဋ္ဌ ဟန်မင်းဂူက တော်တော်လေး တုန်လှုပ်သွားတယ်လို့ သိရတယ်။ ဘာလို့လဲဆိုတော့ Harman က အွန်ဆောင်း မော်တာရဲ့ ပြိုင်ဘက်တွေနဲ့ လက်တွဲနေလို့ပဲ။
“ဪ။ အဲဒါကြောင့် အွန်ဆောင်း မော်တာက Excap ကို ဝယ်ဖို့ ကြိုးစားတာလား”
တက်ဂယူရဲ့ အမေးကို ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်တယ်”
မူလက အွန်ဆောင်း အုပ်စုက လုံခြုံရေးအတွက် ဆိုဆောင်း အုပ်စုရဲ့ လုပ်ငန်းခွဲ DS ကိုပဲ အားကိုးခဲ့တာပါ။ ဒါပေမဲ့ အဲဒီကိစ္စကြောင့် DS နဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီး X-Cop ကို ဝယ်ပြီး လုံခြုံရေး ကုမ္ပဏီတစ်ခုကို ကိုယ်တိုင် ပျိုးထောင်ဖို့ ကြိုးစားခဲ့တာပေါ့။
ကံဆိုးတာက ဒေါ်လာ တစ်သိန်းလောက်ပဲ ကွာခြားတဲ့ ဈေးနဲ့ သူတို့ မျက်စိရှေ့တင် လက်လွှတ်လိုက်ရတယ်။
တစ်ခါ အမှားလုပ်ဖူးတော့ ဒီတစ်ခါတော့ သေချာပေါက် ဝယ်နိုင်ဖို့ ဆုံးဖြတ်ထားပုံရတယ်။ ကြားရသလောက်တော့ သူတို့ ပြင်ဆင်နေတာ တော်တော်ကြာပြီလို့ သိရတယ်။
တက်ဂယူက ဒုဥက္ကဋ္ဌ လင်ဂျင်ယုံကို မေးတယ်။
“ဒါပေမဲ့ ခင်ဗျား ကိုယ်တိုင် ဝယ်လိုက်လို့ မရဘူးလား။ ပိုက်ဆံတွေ အများကြီး ရှိတာပဲကို”
သတင်းတွေအရ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ ပိုင်ဆိုင်မှုက ဝမ် သိန်းပေါင်း ၁၆ကုဋေ ဝန်းကျင် ရှိတာကြောင့် သူ့အဖေ လင်အီကွမ် ပြီးရင် ကိုရီးယားမှာ ဒုတိယ အချမ်းသာဆုံးပါပဲ။ (သူက သူဌေးအသစ် တစ်ယောက်ကြောင့် တတိယနေရာကို ရောက်သွားတာပါ)။
“ဝယ်လို့ရရင် ကောင်းတာပေါ့။ ဒါပေမဲ့ ငါ့ဆီမှာ အခုလောလောဆယ် သုံးလို့ရတဲ့ လက်ငင်းငွေက သိပ်မရှိဘူး”
ချေဘောတွေမှာ ပိုင်ဆိုင်မှုတွေ အများကြီး ရှိတာတော့ ဟုတ်တယ်။
ဒါပေမဲ့ လက်ထဲမှာ ပိုက်ဆံ အများကြီး ရှိတယ်လို့ မဆိုလိုပါဘူး။ (ဒါကြောင့်ပဲ သူတို့က ကုမ္ပဏီပိုက်ဆံတွေကို တရားမဝင် နည်းလမ်းမျိုးစုံနဲ့ ယူပြီး လျှို့ဝှက်ရန်ပုံငွေတွေ လုပ်ကြတာပါ)။ သူ့ရဲ့ ပိုင်ဆိုင်မှု အတော်များများက စီမံခန့်ခွဲမှု အာဏာကို ထိန်းထားဖို့အတွက် ဆိုဆောင်း အုပ်စုရဲ့ လုပ်ငန်းခွဲ ရှယ်ယာတွေထဲမှာပဲ မြှုပ်ထားတာလေ။
ဆိုဆောင်း အီလက်ထရောနစ်မှာ ဝမ် သိန်းပေါင်း ၇၀ ကုဋေလောက် အရန်ငွေ ရှိပေမဲ့ ဒီပိုက်ဆံကို မောင်နှမတွေကြားက စီမံခန့်ခွဲမှု အငြင်းပွားမှုမှာ ကိုယ်ကျိုးအတွက် သုံးမယ်ဆိုရင် ရှယ်ယာရှင်တွေနဲ့ အစိုးရ (ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အကြီးဆုံး ရှယ်ယာရှင်က အမျိုးသား ပင်စင် ရန်ပုံငွေ အဖွဲ့) က ငြိမ်နေမှာ မဟုတ်ပါဘူး။
“အမွေရထားတဲ့ လျှို့ဝှက်ရန်ပုံငွေတွေ မရှိဘူးလား။ ဥက္ကဋ္ဌ လင်အီကွမ်မှာ နာမည်ခံ အကောင့် ၁,၃၀၀ လောက် ရှိတယ်လို့ သတင်းမှာ ဖတ်လိုက်ရတယ်”
တက်ဂယူရဲ့ အမေးကို ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ခါးခါးသီးသီး ပြုံးပြတယ်။
“အဲဒါတော့ ငါ မသိဘူး”
လျှို့ဝှက်ရန်ပုံငွေက သိန်းပေါင်း ကုဋေနဲ့ချီပြီး ရှိနိုင်ပေမဲ့ အဲဒီငွေတွေရဲ့ အရင်းအမြစ်က ပြဿနာ ဖြစ်နိုင်တာကြောင့် ဒီလိုနေရာမျိုးမှာ သုံးဖို့ ထုတ်ယူဖို့ ခက်ပါလိမ့်မယ်။
ဒီတစ်ခါတော့ ကျွန်တော်က မေးလိုက်တယ်။
“အုပ်စုတွင်း ကုမ္ပဏီတွေကြားမှာ ရှယ်ယာ အပြန်အလှန် လဲလှယ်တာမျိုးကို ကန့်သတ်ထားတာ ရှိလား”
“မရှိပါဘူး။ ဒါပေမဲ့ သစ္စာရှိမှုကိုတော့ အာမခံချက် မပေးနိုင်ဘူး”
ပိုက်ဆံရှေ့မှာ မိဘ၊ မောင်နှမ၊ သူငယ်ချင်း မရှိဘူး။ အမြတ်နဲ့ အရှုံးပဲ ရှိတာပါ။ ဥက္ကဋ္ဌ လင်ဆိုယုံရဲ့ နောက်ကွယ်မှာ အွန်ဆောင်း အုပ်စု ရှိနေသလို သူတို့ရဲ့ နောက်ကွယ်မှာ သမ္မတ ပက်ဆီဟျွန်းနဲ့ အာဏာရပါတီ ရှိနေပါတယ်။
အခြေအနေ အပြောင်းအလဲ နည်းနည်းရှိတာနဲ့ သူတို့က အောင်နိုင်မယ့်ဘက်ကို ချက်ချင်း ပြောင်းသွားကြမှာပါ။
“ဒါဆို ကျွန်တော့်ကိုကျ ဘာလို့ ယုံတာလဲ”
သူက ကျွန်တော့်မေးခွန်းကို အရိုးရှင်းဆုံးပဲ ဖြေတယ်။
“မင်းက အွန်ဆောင်း မော်တာနဲ့ ဆက်ဆံရေး မကောင်းဘူး မဟုတ်လား”
တက်ဂယူက ခေါင်းညိတ်လိုက်တယ်။
“ဒါကတော့ အမှန်ပဲ”
ကျွန်တော်ကတော့ အွန်ဆောင်း မော်တာဘက် ပါမယ့်အစား ဘေးကနေပဲ ကြည့်နေမှာပါ။
ကျွန်တော် ပြန်ပြီး တွက်ချက်ကြည့်လိုက်တယ်။
ဒါရိုက်တာ ယွန်ဆိုဟျွန်း၊ စီအီးအို လင်ဆိုယုံနဲ့ အမျိုးသား ပင်စင်ရဲ့ ရှယ်ယာတွေ ပေါင်းလိုက်ရင် ၂၆.၆ ရာခိုင်နှုန်း ရှိတယ်။ တစ်ဖက်မှာ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံ၊ ဆိုဆောင်း အီလက်ထရောနစ်နဲ့ ဆိုဆောင်း SB ရဲ့ ကိုယ်ပိုင် ရှယ်ယာတွေ ပေါင်းရင် ၂၃ ရာခိုင်နှုန်း ရှိတယ်။
အဲဒါအပြင်...
“Golden Gate က ဘယ်လောက် ကိုင်ထားလဲ”
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ဒါကို ကြိုစဉ်းစားထားပုံရပြီး ချက်ချင်း ဖြေတယ်။
“၁.၈ ရာခိုင်နှုန်း”
အဲဒါက ဝမ် သန်း ၄သောင်း ဝန်းကျင်လောက် ရှိတာပေါ့။
ကျွန်တော် မျှော်လင့်ထားသလောက်တော့ မများဘူး။
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။
“ဘယ်တော့လောက် အဖြေပေးနိုင်မလဲ”
ကျွန်တော် အကြာကြီး စဉ်းစားမနေပါဘူး။
တကယ်တော့ နတ်မျက်စိနဲ့ မြင်လိုက်ရကတည်းက အဖြေက ထွက်ပြီးသားပဲ။
နတ်မျက်စိက တကယ်ကို အံ့ဩစရာကောင်းတဲ့ စွမ်းရည်ပါ။ အနာဂတ်ရဲ့ အရိပ်အယောင်လေး တစ်ခုရရုံနဲ့ ကျွန်တော်သွားရမယ့် လမ်းကို ဆုံးဖြတ်နိုင်တယ်လေ။
ကျွန်တော် သူ့ကို ပြန်ဖြေလိုက်တယ်။
“ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါ့မယ်။ စီနီယာ”
အဲဒီတော့မှ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ကျေနပ်သလို ပြုံးလိုက်တယ်။
“တော်သေးတာပေါ့။ ငါတို့ အတတ်နိုင်ဆုံး တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားရမယ်”
ကျွန်တော်က ရှယ်ယာတွေ ဝယ်ဖို့ ဆိုဆောင်း အုပ်စုနဲ့ လက်တွဲနေတယ်ဆိုတာ သိသွားရင် အွန်ဆောင်း မော်တာနဲ့ အစိုးရက ငြိမ်နေမှာ မဟုတ်ပါဘူး။
“ဟုတ်တာပေါ့၊ သူတို့လည်း စပြီး ဝယ်ကြမှာပဲ၊ အဲဒီအခါကျရင် စတော့ဈေးက ထိုးတက်သွားပြီး ဝယ်စရာ ရှယ်ယာလည်း ကျန်မှာ မဟုတ်တော့ဘူး။
လူတွေ သတိမထားမိအောင် ဒီကို ဘာလို့ လာခဲ့ရသလဲဆိုတာ အခုမှ နားလည်သွားပြီ။
‘မင်းကို အားကိုးပါတယ်။ ဂျူနီယာ’ ”
Stamper Hotel ကနေ ထွက်လာပြီး လင်ဂျင်ယုံက စောင့်နေတဲ့ ကားထဲ ဝင်ထိုင်လိုက်တယ်။ ကားထဲမှာ အသက် ခြောက်ဆယ်ဝန်းကျင် လူတစ်ယောက် ထိုင်နေပါတယ်။
သူက ဆိုဆောင်း အုပ်စုရဲ့ အဓိက အဖွဲ့အစည်းဖြစ်တဲ့ အနာဂတ် မဟာဗျူဟာရုံးရဲ့ အကြီးအကဲ ကင်မြောင်ဆူးပါ။
“ကိုယ်တိုင် တွေ့ကြည့်ပြီးတော့ ဘယ်လို ထင်လဲ”
သူ့ရဲ့ အမေးကို လင်ဂျင်ယုံက ခေါင်း အသာအယာ ခါလိုက်တယ်။
“ကောင်းကောင်းတော့ မသိသေးဘူး”
စီးပွားရေးလောကမှာ ကန်ဂျင်ဟူနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြတယ်။
တချို့က သူ့ကို တကယ့် ရင်းနှီးမြှုပ်နှံသူကြီးလို့ မြင်ကြသလို တချို့ကလည်း ကံကောင်းတဲ့ လောင်းကစားသမား တစ်ယောက်လို့ပဲ သတ်မှတ်ကြတယ်။
ဒုတိယ အမြင်က ပိုများပုံရပါတယ်။
ကိုရီးယား စီးပွားရေးနဲ့အတူ ကြီးပြင်းလာတဲ့ ချေဘောတွေက မျိုးဆက်အလိုက် သူတို့ရဲ့ ကိုယ်ပိုင် ခံတပ်တွေကို တည်ဆောက်ခဲ့ကြတာပါ။ အဲဒီထဲမှာ သူတို့က တခြားသူတွေနဲ့ မတူဘူးဆိုတဲ့ အထင်နဲ့ နေထိုင်ကြတာလေ။
သူလည်း တစ်ချိန်က အဲဒီလိုပဲ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ IT လောကက ထုတ်လုပ်ရေး ဒါမှမဟုတ် ဖြန့်ချိရေးလောကထက် အောင်မြင်မှုနဲ့ ကျဆုံးမှုက ပိုမြန်ပါတယ်။
Nokia နဲ့ Sony လို ထိပ်တန်း ကုမ္ပဏီတွေ ပြုတ်ကျတာကို သူ မြင်ခဲ့ဖူးသလို Google၊ AMZ၊ Facebook Note နဲ့ Alijini တို့လို ကုမ္ပဏီသစ်တွေ မျိုးဆက်တစ်ခုအတွင်း ကမ္ဘာ့အဆင့်မီ ဖြစ်လာတာကိုလည်း သူ မြင်ဖူးတယ်။
Silicon Valley မှာ Startup တွေနဲ့ လူငယ် စွန့်ဦးတီထွင်သူတွေ အများကြီးပဲ။ အဲဒီထဲမှာ သူ အမွေရထားတာထက် ပိုချမ်းသာတဲ့ လူတွေလည်း ရှိပါတယ်။
အဲဒါနဲ့ ယှဉ်ရင် ကိုရီးယား စီးပွားရေးလောကက ရပ်တန့်နေသလိုပါပဲ။ ဒါကြောင့် ရုတ်တရက် ပေါ်လာတဲ့ ကန်ဂျင်ဟူကို အားလုံးက သတိထားနေကြတာပါ။
“ခင်ဗျား မျက်နှာကို ကြည့်ရတာ အဆင်ပြေသွားပုံရတယ်”
“ဟုတ်တယ်”
“ဒါပေမဲ့ စိတ်အေးဖို့တော့ စောသေးတယ်။ ကိုယ်စားလှယ်ကန်က ရှယ်ယာတွေ အများကြီး ဝယ်ပေးရင်တောင် ဟိုဘက်ကလည်း သူတို့ဘက်က ရပ်တည်မယ့် ရှယ်ယာတွေ ထပ်ရှာနိုင်သေးတယ်”
လင်ဂျင်ယုံက သက်ပြင်းချရင်း ပြောတယ်။
“အမေနဲ့ ဆိုယုံတို့ အခုလောက်နဲ့ ရပ်လိုက်ရင် ကောင်းမှာပဲ”
ကင်မြောင်ဆူးက ခေါင်းခါပြတယ်။
“ပိုက်ဆံနဲ့ အာဏာက မူးယစ်ဆေးလိုပဲ။ ဥက္ကဋ္ဌက အဲဒါတွေကို အကုန် တွေ့ကြုံပြီးသားပါ”
သူက လင်အီကွမ်ဆီမှာ ကြာကြာ အမှုထမ်းခဲ့တာကြောင့် အုပ်စုရဲ့ ဥက္ကဋ္ဌ ရာထူး လွှဲပြောင်းတုန်းက အခြေအနေတွေကို ကောင်းကောင်း သိတယ်။
လင်ဂျင်ယုံနဲ့ မတူဘဲ လင်အီကွမ်က တတိယသားပါ။ သူ ဆက်ခံသူအဖြစ် သတ်မှတ်ခံရတုန်းက သူ့အစ်ကိုတွေဆီကနေ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ကြုံခဲ့ရတယ်။ လင်အီကွမ်က သူ့နေရာကို လိုချင်တဲ့လူမှန်သမျှကို ဖြတ်ထုတ်ဖို့အတွက် လိုအပ်တဲ့ နည်းလမ်းအားလုံးကို သုံးခဲ့တယ်။
သွေးထွက်သံယို မရှိပေမဲ့ ဒါက မောင်နှမချင်းကြားက ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်ခဲ့တာပါ။
“စက်မှုလုပ်ငန်းနဲ့ engineeringပိုင်း ရှိနေရင် လုံလောက်ပြီလို့ ထင်ခဲ့တာ”
အာမခံ ဒါမှမဟုတ် ကတ်လုပ်ငန်းတွေကို လိုချင်တယ်ဆိုရင် ညှိနှိုင်းပေးဖို့တောင် လင်ဂျင်ယုံဘက်က အဆင့်သင့်ပါပဲ။ ဒါပေမဲ့ ဆိုဆောင်း SB က ရှေ့က လုပ်ငန်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေသလို ဘတ္ထရီကလည်း အနာဂတ်ရဲ့ အဓိက လုပ်ငန်းဖြစ်နေတာလေ။
စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့၊ ဒရုန်းနဲ့ လျှပ်စစ်ကားတွေ အပါအဝင် လျှပ်စစ်နဲ့ သုံးတဲ့ ပစ္စည်းမှန်သမျှက ဘတ္ထရီကို အားကိုးရတာပါ။ ဒါကြောင့် စီမံခန့်ခွဲမှု အာဏာကို ဘယ်လို အခြေအနေမျိုးမှာမှ လက်လွှတ်လို့ မရပါဘူး။
“တစ်ခုပေးလိုက်ရင် နောက်ထပ် တစ်ခုကို ထပ်လိုချင်ကြမှာပဲ။ ခင်ဗျား ခိုင်ခိုင်မာမာ ဆုံးဖြတ်ရမယ်”
လင်ဂျင်ယုံက ခေါင်းညိတ်လိုက်တယ်။
“နားလည်ပါပြီ”
သူ အမွေရထားတဲ့ ထီးနန်းကိုတောင် မကာကွယ်နိုင်ရင် သူက အဲဒီနေရာမှာ နေဖို့ အရည်အချင်း မရှိဘူးလို့ပဲ ဆိုရမှာပေါ့။
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံ ထွက်သွားပြီးနောက်မှာ တက်ဂယူက ကျွန်တော့်ကို ချက်ချင်း မေးတယ်။
“ခုနက ဘာမြင်လိုက်တာလဲ”
ကျွန်တော် သူ့ကို အမှန်အတိုင်းပဲ ပြောလိုက်တယ်။
“ဆိုဆောင်း SB က Carosမှာ ဘတ္ထရီတွေ သုံးတော့မှာ”
“တကယ်လား။ နတ်မျက်စိပေါ်မလာတာ ကြာပြီနော်”
နတ်မျက်စိမှာပြထားတဲ့အတိုင်းဖြစ်ဖို့ဆိုရင် ဆိုဆောင်း SB က အွန်ဆောင်း မော်တာ လက်ထဲ မရောက်သွားဖို့ လိုပါတယ်။
“ဒါပေမဲ့ ငါတို့က ချေဘော(ခရိုနီမိသားစုကြီး)နဲ့ တကယ်ပဲ လက်တွဲလို့ ဖြစ်ပါ့မလား”
“ဘာဖြစ်လို့လဲ”
“မင်းက ချေဘောတွေကို မကြိုက်ဘူး မဟုတ်လား”
“ငါလား။ အဲဒီလို မဟုတ်ပါဘူး”
ကျွန်တော်က သူတို့ကို အထူးတလည် မုန်းနေတာ မဟုတ်ပါဘူး။
တကယ်တော့ ချေဘောစနစ် ဆက်ရှိနေတဲ့ အကြောင်းရင်း တစ်ခုက ပိုင်ရှင်ကိုယ်တိုင် တာဝန်ယူ စီမံခန့်ခွဲတဲ့ စနစ်ကြောင့်ပါပဲ။ အဲဒီလိုသာ မဟုတ်ရင် ချေဘောတွေ ပြိုလဲသွားတာ ကြာလှပါပြီ။
ရှယ်ယာရှင်တွေ မျက်နှာကြည့်ပြီး ရေတို ရလဒ်တွေအပေါ်ပဲ အာရုံစိုက်တဲ့ ငှားရမ်းထားတဲ့ စီအီးအိုတွေနဲ့ မတူဘဲ ချေဘောတွေက သူတို့ လုပ်ငန်းတွေကို ရေရှည် အမြင်နဲ့ စီမံခန့်ခွဲနိုင်ကြတယ်။
လင်ယောင်ချောနဲ့ လင်အီကွမ်တို့သာ တည်ထောင်သူ မိသားစုဝင်တွေ မဟုတ်ရင် ရှယ်ယာရှင်တွေ ကန့်ကွက်နေတဲ့ ကြားက Semiconductorလောကမှာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့မှာ မဟုတ်လောက်ပါဘူး။ (အဲဒီလိုပဲ ရှယ်ယာရှင်တွေ ကန့်ကွက်တာကို ဂရုမစိုက်ဘဲ လုပ်ခဲ့တဲ့ ဆိုဆောင်း မော်တာကတော့ အကြီးအကျယ် ရှုံးခဲ့တာပေါ့)။
“ငါက ချေဘောတွေကို ဖျက်သိမ်းမှာလည်း မဟုတ်သလို စီးပွားရေးစနစ်ကို ပြုပြင်ပြောင်းလဲမှာလည်း မဟုတ်ဘူး”
ကျွန်တော့်မှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည်လည်း မရှိပါဘူး။ အဲဒါ မရှိရင်တောင် ကိုရီးယား စီးပွားရေးက အဆင်ပြေပြေ လည်ပတ်နေတာပဲလေ။
“ချေဘော အုပ်စုတွေရဲ့ ပြဿနာက ဘာလဲ သိလား”
“ပြဿနာတွေက အများကြီးပဲ၊ ဘယ်ကနေ စပြောရမှန်းတောင် မသိဘူး”
“……”
အင်း၊ အဲဒါလည်း ဟုတ်တာပါပဲ။
ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပဲ ဖြေလိုက်တယ်။
“သူတို့က အရာအားလုံးကို ကိုယ်တိုင်ပဲ လုပ်ချင်ကြတာ”
မူလက အွန်ဆောင်း အုပ်စုကနေ ခွဲထွက်ခဲ့တဲ့ အွန်ဆောင်း မော်တာက အခုဆိုရင် ကော်ပိုရေးရှင်းကြီး တစ်ခု ပြန်ဖြစ်နေပါပြီ။ အရင်ဆုံး အွန်ဆောင်း မော်တာက ကားအပြီးသတ် ထုတ်လုပ်တယ်။ Glomasက သယ်ယူပို့ဆောင်ရေး လုပ်တယ်၊ Linotion က ကြော်ငြာနဲ့ မားကတ်တင်း လုပ်တယ်။
အွန်ဆောင်း စတီးလ်က သံမဏိပြားတွေကို တိုက်ရိုက် ထုတ်လုပ်ပြီး ပေးသွင်းတယ်၊ အွန်ဆောင်း MD က အစိတ်အပိုင်းတွေ ထုတ်လုပ်တာနဲ့ ဝန်ဆောင်မှု ပေးတာတွေကို တာဝန်ယူတယ်။
သံရည်ကျိုတာကနေ ဖြန့်ဖြူးရောင်းချတာနဲ့ ဝန်ဆောင်မှုပေးတဲ့အထိ အကုန်လုံးကို သူတို့ပဲ လုပ်တာပါ။
သူတို့က အဆင့် ၁၊ ၂၊ ၃ ပေးသွင်းသူတွေဆီကနေ အစိတ်အပိုင်းတွေ ဝယ်တယ် ဆိုပေမဲ့ ဒါက လက်အောက်ခံ လုပ်ခိုင်းတာပဲ ရှိတယ်၊ ပူးပေါင်းဆောင်ရွက်တာ မဟုတ်ဘူး။
အွန်ဆောင်း မော်တာကသာ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့ရင် ဆိုဆောင်း SB က ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါပဲ။ ဒါပေမဲ့ ဥက္ကဋ္ဌ ဟန်မင်းဂူကတော့ ဝယ်ယူ သိမ်းပိုက်မယ့် လမ်းစဉ်ကိုပဲ ရွေးခဲ့တယ်။
ဒါက အရင်တုန်းကတော့ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ခုခေတ်က ပြောင်းသွားပါပြီ။ ကမ္ဘာကြီးက မတူတော့သလို ချေဘောတွေတောင် အရာအားလုံးကို တစ်ယောက်ထဲ မလုပ်နိုင်တော့ဘူးလေ။
အွန်ဆောင်း မော်တာက လျှပ်စစ်ကား ဈေးကွက်ထဲ သေချာ ဝင်ဖို့အတွက် ဆိုဆောင်း SB ကို ဝယ်ဖို့ စီစဉ်နေတာပါ။ ဒါပေမဲ့ အဲဒီ ဝယ်ယူမှုသာ မအောင်မြင်ရင် ဘာဖြစ်မလဲ။
“တခြား ကုမ္ပဏီ ရှာလို့ မရဘူးလား”
“ဆိုဆောင်း SB လို နည်းပညာနဲ့ ထုတ်လုပ်မှု စွမ်းအားရှိတဲ့ ကုမ္ပဏီက ကမ္ဘာမှာ အနည်းငယ်ပဲ ရှိတာ။ ပြီးတော့ စက်ပစ္စည်းတွေက အားမနေရင် ဘတ္ထရီ ထုတ်လုပ်မှုကို ချက်ချင်း တိုးမြှင့်ဖို့ဆိုတာ မလွယ်ဘူး”
အဆုံးမှာတော့ လုပ်ငန်း အစီအစဉ် အမျိုးမျိုးက အခက်အခဲတွေ ကြုံရမှာပါပဲ။
စီနီယာ ဆန်းယော့ဆီကို ဖုန်းဆက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
[သမ္မတကျမ်းကျိန်ပွဲ အခမ်းအနားကို ကြည့်လိုက်တယ်။ မင်းမျက်နှာလည်း ပါတယ်နော်]
“အဲဒါထက် ပိုအရေးကြီးတဲ့ကိစ္စရှိလို့”
[ဘာလဲဟ]
“ဆိုဆောင်း SB ရဲ့ ရှယ်ယာတွေကို ချက်ချင်းဝယ်လိုက်တော့။ လူတွေ သတိမထားမိအောင် တိတ်တိတ်လေး လုပ်နော်။ ပြီးတော့ Golden Gate မဟုတ်တဲ့ တခြား ကုမ္ပဏီတစ်ခုကနေ တစ်ဆင့် ဝယ်လိုက်”
OTK Company နဲ့ Golden Gate ကြားက ဆက်ဆံရေးကို အားလုံး သိကြတာလေ။ ဒါကြောင့် Golden Gate ကနေ တစ်ဆင့် မှာလိုက်ရင် ကျွန်တော်တို့ဆိုတာ ပေါ်သွားနိုင်တယ်။
[ဘာတွေ ဖြစ်နေတာလဲ]
“ပြန်တွေ့မှ ရှင်းပြမယ်”
[အေး။ အေး]
စီနီယာဆန်းယော့က ထပ်မမေးတော့ဘဲ ဖုန်းချလိုက်တယ်။