အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇)
နောက်နေ့မှာတော့ ကိုရီးယားကို ကျွန်တော်တို့ ပြန်လာခဲ့ကြတယ်။ အထုတ်အပိုးတွေယူပြီး လေယာဉ်ဆိုက်ရောက်ခန်းမထဲကို ဝင်လာတော့ စီမံကိန်းမန်နေဂျာ လီချောဂျင် လွှတ်လိုက်တဲ့ လုံခြုံရေးတွေက စောင့်နေကြပါတယ်။
“ခရီးကနေ ပြန်လာရတာ ပင်ပန်းသွားပြီထင်တယ်”
တက်ဂယူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောတယ်။
“အမေရိကန် သမ္မတနဲ့ တွေ့ပြီးပြန်လာတာဆိုတော့ သတင်းထောက်တွေ အများကြီး ရှိနေရမှာ မဟုတ်ဘူးလား”
“မင်း ဒီနေ့ ပြန်လာမယ်ဆိုတာ သူတို့ မသိကြပုံပဲ”
ရိုနယ်နဲ့ တွေ့ခဲ့တဲ့သတင်းကို CNN မှာ ဖော်ပြပြီးသားဖြစ်ပေမဲ့ ကိုရီးယားမှာတော့ ထူးထူးခြားခြား စိတ်ဝင်စားမှု နည်းနေပါတယ်။
အစိုးရရဲ့ ဖိအားကြောင့် သတင်းဌာနတွေက တမင်မဖော်ပြတာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော့်အတွက်တော့ ဒါက ပိုတောင်ကောင်းပါသေးတယ်။
ကျွန်တော်တို့တွေ လုံခြုံရေးတွေနဲ့အတူ ထွက်လာတော့ အပြင်မှာ Maybach S-Class တစ်စီး စောင့်နေပါတယ်။
“ဟေ့… အဲ့ဒါ ငါ့အစ်မကားပဲ”
အစ်မဟျွန်းဂျူးက လွှတ်လိုက်တာလား။
ကားထဲဝင်ထိုင်လိုက်တော့ ကားမောင်းသူနေရာက လှပတဲ့ အမျိုးသမီးက လှည့်ကြည့်ပြီး ပြောတယ်။
“ခရီးစဉ်က အဆင်ပြေခဲ့ရဲ့လား”
သူ့ကို မြင်လိုက်တော့ ကျွန်တော် အံ့ဩသွားတယ်။
“အယ်လီ၊ ဒီမှာ ဘာလုပ်နေတာလဲ”
“နင်တို့ကို လာကြိုတာလေ”
“ငါ့အစ်မ လွှတ်လိုက်တာလား”
အယ်လီက မျက်လုံးတစ်ဖက် မှိတ်ပြတယ်။
“မဟုတ်ပါဘူး၊ ဂျက်စီကာ မသိအောင် ခိုးထွက်လာတာ”
“……”
ဒါက တကယ်ရော အဆင်ပြေရဲ့လား။
ကျွန်တော် နောက်ခန်းကနေ ရှေ့ခန်းကို ပြောင်းထိုင်ပြီး ထိုင်ခုံခါးပတ် ပတ်လိုက်တယ်။
အယ်လီက ကားကို စမောင်းတယ်။ ဟောင်ကောင်နဲ့ မတူဘဲ ကားမောင်းတဲ့ဘက်က ပြောင်းသွားပေမဲ့ သူကတော့ အသားကျနေပြီ ဖြစ်ပုံရတယ်။
သူ ကားမောင်းနေတာကို ကြည့်ရသလောက် တက်ကြွနေတာပဲ။
“ရိုနယ်နဲ့ အဆင်ပြေပြေ တွေ့ခဲ့ရဲ့လား”
“အင်း။ ခဏပဲ တွေ့လိုက်ရတာပါ”
“အမေရိကန် သမ္မတနဲ့ တိုက်ရိုက်တွေ့ရတာ ဘယ်လို ခံစားရလဲ”
အရင်ကတော့ သမ္မတလောင်းဘဝနဲ့ပဲ တွေ့ဖူးတာဆိုတော့ အခုလို တကယ့်သမ္မတနဲ့ တွေ့ရတာ ဒါ ပထမဆုံးပါပဲ။
“အင်း၊ အံ့ဩဖို့တော့ ကောင်းပါတယ်”
“CNN ကတော့ သူ့ကို သမိုင်းမှာ အဆိုးဆုံး သမ္မတလို့ သတ်မှတ်ထားတယ် ပြောတယ်”
“စောင့်ကြည့်ရမှာပေါ့”
နတ်မျက်စိက ရိုနယ် သမ္မတဖြစ်လာမယ်ဆိုတာပဲ ပြောတာပါ။ အဲဒီနောက်ပိုင်း ဘာဖြစ်မယ်ဆိုတာကတော့ မသေချာပါဘူး။
ပုံမှန်ဆိုရင် အစိုးရသစ် တက်ခါစမှာ ထောက်ခံမှုနှုန်း မြင့်တတ်ပေမဲ့ ရိုနယ်ကတော့ ရာထူးမယူခင်ကတည်းက ၃၀ ရာခိုင်နှုန်းအထိ ထိုးကျနေပါတယ်။ ဒါက သူ့ကို မဲပေးခဲ့သူတွေတောင် ကျောခိုင်းကုန်ပြီဆိုတဲ့ သဘောပါပဲ။
ပိုဆိုးတာက လွှတ်တော်နှစ်ရပ်လုံးကို ဒီမိုကရက်တစ်ပါတီက စိုးမိုးထားတာပဲ။ အစိုးရက လူနည်းစုဖြစ်နေတော့ တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ်။
လွှတ်တော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မရရင် သူပေးထားတဲ့ ကတိတွေက အလကား ဖြစ်ကုန်မှာပါ။ ဒါကြောင့် နေရာအနှံ့မှာ စိုးရိမ်မှုတွေ ဖြစ်နေကြပါပြီ။
“အစ်မ ရုံးမှာ ရှိလား”
“ရှိတာပေါ့”
“ဒါဆို ရုံးခန်းမှာ အားလုံးကို လူစုထားလိုက်ပါဦး”
ကျွန်တော့်စကားကြောင့် အယ်လီ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုနဲ့ တောက်ပသွားတယ်။
“ဘာဖြစ်လို့လဲ၊ ပျော်စရာ တစ်ခုခု ရှိလို့လား”
“ရောက်မှပဲ ပြောပြမယ်”
ရုံးခန်းကို ရောက်တော့ ကျွန်တော် ပြောထားတဲ့အတိုင်း အစ်မဟျွန်းဂျူးရယ်၊ စီနီယာ ဆန်းယော့ရယ်၊ ဟင်နရီရယ် ရှိနေကြတယ်။
အစ်မဟျွန်းဂျူးက လုပ်လက်စတွေကို ရပ်လိုက်ပြီး အယ်လီ့ကို စိုက်ကြည့်တယ်။
“ငါ့ကားကို ဘယ်တုန်းက ယူပြီးထွက်သွားတာလဲ”
အယ်လီက ကျွန်တော့်နောက်ကို အမြန်ပုန်းလိုက်ပြီး ရှင်းပြတယ်။
“ဂျက်စီကာပဲ လိုတဲ့အချိန် သုံးလို့ရတယ် ပြောထားတာလေ”
အစ်မဟျွန်းဂျူးက ဆိုဖာပေါ်မှာ ထိုင်ပြီး စီးကရက် တစ်လိပ် မီးညှိလိုက်တယ်။
“မီးခြစ်ရှိလား…”
ဟင်နရီက ချက်ချင်းပဲ အိတ်ထဲကနေ မီးခြစ်ထုတ်ပြီး မီးညှိပေးတယ်။
“ဒီမှာပါ”
“ကျေးဇူးပဲ”
စီနီယာ ဆန်းယော့က မေးတယ်။
“ရိုနယ်နဲ့ တွေ့ခဲ့တာ အဆင်ပြေရဲ့လား”
“ဟုတ်ကဲ့”
“အားလုံးကို လူစုခိုင်းတာ ဘာကိစ္စ ရှိလို့လဲ”
ကျွန်တော် ထိုင်လိုက်တာနဲ့ စပြောပြလိုက်တယ်။
“သမ္မတကျမ်းကျိန်ပွဲ အပြီးမှာ ဆိုဆောင်း အုပ်စုရဲ့ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံ ကျွန်တော့်ဆီ လာခဲ့တယ်”
ကျွန်တော့်စကားကြောင့် အားလုံး အံ့ဩသွားကြတယ်။
“ဆိုဆောင်း အုပ်စုရဲ့ ဒုဥက္ကဋ္ဌလား၊ ဘာလို့လဲ”
“သူက ကျွန်တော့်ကို အကူအညီ လာတောင်းတာပါ”
သူ့ရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် အကျဉ်းချုပ် ရှင်းပြလိုက်တယ်။
စီနီယာ ဆန်းယော့က ခေါင်းညိတ်တယ်။
“ဒါဆို သူက ဆိုဆောင်း SB ရှယ်ယာတွေကို ဝယ်ခိုင်းတာပေါ့”
အစ်မဟျွန်းဂျူးက စီးကရက်ငွေ့ကို မှုတ်ထုတ်ရင်း ပြောတယ်။
“ဘတ္ထရီ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်တာဆိုရင် တခြားနည်းလမ်းတွေ အများကြီး ရှိတာပဲလေ”
“ဘတ္ထရီတင် မဟုတ်ပါဘူး၊ အီလက်ထရောနစ် လုပ်ငန်းတစ်ခုလုံးနဲ့ ပူးပေါင်းဖို့ပါ ကျွန်တော် စဉ်းစားနေတာ။ အစ်မတို့ရော ဘယ်လို ထင်လဲ”
အစ်မဟျွန်းဂျူးက ခဏလောက် စဉ်းစားပြီးမှ ခေါင်းညိတ်ပြတယ်။
“အကြံကောင်းပဲ။ CarOS မှာ ဆော့ဖ်ဝဲလ် ရှိတယ်၊ ဆိုဆောင်း အီလက်ထရောနစ်မှာ ဟတ်ဒ်ဝဲလ် နည်းပညာ ရှိတယ်။ ဒီလို မိတ်ဖက်ကောင်းမျိုး ရှာဖို့ မလွယ်ဘူး။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သက်သက်ပဲလား”
အဓိက အကြောင်းရင်းကတော့…
“ဆိုဆောင်း SBကနေ အွန်ဆောင်း SB ဖြစ်သွားမှာမျိုး အဖြစ်မခံနိုင်ဘူး”
ဆိုဆောင်း SB ကိုသာ ရရှိခဲ့ရင် အွန်ဆောင်း မော်တာက လျှပ်စစ်ကား ထုတ်လုပ်မှုကို အရှိန်မြှင့်နိုင်လိမ့်မယ်။ ဒါပေမဲ့ မအောင်မြင်ရင်တော့ အချိန်အများကြီး ထပ်ပေးရမှာပါ။
“Golden Gate က ဘယ်လောက် ပိုင်ထားလဲ”
“ခဏလေး၊ အချက်အလက်တွေ စစ်ကြည့်လိုက်ဦးမယ်”
အစ်မဟျွန်းဂျူးက ကွန်ပျူတာမှာ စစ်ဆေးကြည့်လိုက်တယ်။
“၁.၈ ရာခိုင်နှုန်း။ လုပ်ငန်းခွဲတွေ ပိုင်တာပါ ပေါင်းရင် ၂.၂ ရာခိုင်နှုန်း ရှိတယ်”
Golden Gate သာ ကျွန်တော်တို့ဘက်က ပါရင် နောက်ထပ် ၁.၅ ရာခိုင်နှုန်းလောက် ဝယ်ရုံနဲ့တင် တစ်ဖက်လူထက် ပိုများသွားပါလိမ့်မယ်။
“ဈေးကွက်ထဲမှာ လည်ပတ်နေတဲ့ ရှယ်ယာက ဘယ်လောက်ရှိလဲ”
“အများဆုံး ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိမှာပေါ့”
ဒါရိုက်တာ ယွန်ဆိုဟျွန်း၊ စီအီးအို လင်ဆိုယုံနဲ့ အမျိုးသား ပင်စင်တို့ ပေါင်းရင် ၂၆.၆ ရာခိုင်နှုန်း ရှိပါတယ်။ ဆိုဆောင်း အီလက်ထရောနစ်၊ ကုမ္ပဏီပိုင် ရှယ်ယာနဲ့ Golden Gate တို့ ပေါင်းရင် ၂၅.၂ ရာခိုင်နှုန်း ရှိတယ်။
ဒါနဲ့တင် ၅၀ ရာခိုင်နှုန်း ကျော်နေပါပြီ။ ကျန်တာတွေကတော့ အဖွဲ့အစည်းတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေနဲ့ အသေးစား ရှယ်ယာရှင်တွေဆီမှာပဲ ရှိတာပါ။
ဈေးကွက်ထဲမှာ ဝယ်လို့ရတာက ထက်ဝက်တောင် ရှိမှာ မဟုတ်ဘူး။
အဲဒီထဲက ထက်ဝက်လောက်ကို ဝယ်လိုက်တာနဲ့တင် စတော့ဈေးက နေ့တိုင်း ထိုးတက်သွားမှာပဲ။
အယ်လီက ပြောတယ်။
“ဘယ်ဘက်ကမှ ရှယ်ယာ အများစုကို ရဖို့ မလွယ်ဘူး ထင်တယ်”
အစ်မဟျွန်းဂျူးက ခေါင်းညိတ်တယ်။
“အဓိကက ရှယ်ယာရှင်တွေရဲ့ မဲကို ဘယ်သူ ရမလဲဆိုတာပဲ”
“လင်ဂျင်ယုံနဲ့ လင်ဆိုယုံ၊ ဘယ်သူက ပိုအားသာလဲ”
“အသေးစား ဘတ္ထရီ ကဏ္ဍမှာဆိုရင်တော့ လင်ဂျင်ယုံက ပိုအားသာနိုင်တယ်။ ဆိုဆောင်း SB ရဲ့ အရောင်းအများစုက ဆိုဆောင်း အီလက်ထရောနစ်ကနေ လာတာကိုး။ ဒါပေမဲ့ လျှပ်စစ်ကားသုံး ဘတ္ထရီကြီးတွေ အတွက်ဆိုရင်တော့ လင်ဆိုယုံက ပိုအားသာတယ်။ လင်ဆိုယုံက တာဝန်ယူလိုက်လို့ ဆိုဆောင်း အီလက်ထရောနစ်နဲ့ ဆက်ဆံရေး ပျက်သွားမှာလည်း မဟုတ်ဘူးလေ”
စီနီယာ ဆန်းယော့ကလည်း ဝင်ပြောတယ်။
“လင်ဆိုယုံက အွန်ဆောင်း မော်တာနဲ့ ပူးပေါင်းမယ့် ကိစ္စကို ထုတ်သုံးရင် အစိုးရကလည်း ပွင့်ပွင့်လင်းလင်း ထောက်ခံပေးလိမ့်မယ်။ ကုမ္ပဏီကြီး နှစ်ခုပေါင်းပြီး အနာဂတ် ကားတွေကို ထုတ်လုပ်မှာဆိုတော့ အမျိုးသား ပင်စင်ကလည်း ကန့်ကွက်စရာ အကြောင်း မရှိဘူး”
ဆိုဆောင်း SB နဲ့ အွန်ဆောင်း မော်တာတို့ ဘတ္ထရီ ထောက်ပံ့ဖို့ စာချုပ်ချုပ်တာက စတော့ဈေး တက်စေမယ့် အချက်ပဲ။ ရှယ်ယာရှင်တွေကတော့ ဝမ်းမြောက်ဝမ်းသာ လက်ခံကြမှာပါ။
ဒါပေမဲ့ ဒါက ဆိုဆောင်း SB အတွက် တကယ်ပဲ အကျိုးရှိမလားဆိုတာကတော့ မသေချာဘူး။
လင်ဂျင်ယုံ ပြောခဲ့တာကို ကျွန်တော် ပြန်သတိရလိုက်တယ်၊ ပိုက်ဆံရှေ့မှာ ဘယ်သူ့ကိုမှ ယုံလို့ မရဘူးဆိုတာလေ။
အွန်ဆောင်း မော်တာက လင်ဆိုယုံကို ဘယ်လောက်အထိ ယုံကြည်မှာလဲ။
ဒါရိုက်တာ ယွန်ဆိုဟျွန်းနဲ့ စီအီးအို လင်ဆိုယုံတို့ရဲ့ ရှယ်ယာက ၁၀.၅ ရာခိုင်နှုန်းပဲ ရှိတာပါ။ ကုမ္ပဏီပိုင် ရှယ်ယာတွေကို ရရင် အွန်ဆောင်း မော်တာက ၆.၃ ရာခိုင်နှုန်း ရမယ်၊ အမျိုးသား ပင်စင်ကပါ ရောင်းပေးရင် ၁၅ ရာခိုင်နှုန်းလောက် ရနိုင်ပါတယ်။
“လင်ဆိုယုံကို ခဏ တာဝန်ပေးထားရင်တောင် နောက်ပိုင်းမှာ စီမံခန့်ခွဲမှု အာဏာကို ပြန်သိမ်းပိုက်တာမျိုး ဖြစ်နိုင်တာပဲ မဟုတ်လား”
အယ်လီက ပြန်ဖြေတယ်။
“ဖြစ်နိုင်တာပေါ့။ ယုန်ကို ဖမ်းမိသွားရင် အမဲလိုက်ခွေးက မလိုတော့ဘူးလေ”
အစ်မဟျွန်းဂျူးက စီးကရက်ငွေ့တွေကို မှုတ်ထုတ်ရင်း မေးတယ်။
“နင့်မှာ သီးခြား အစီအစဉ် ရှိလား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်တော်တွေးထားတဲ့ အစီအစဉ်တချို့ ရှိပါတယ်”
“ကောင်းပြီလေ။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို ၅ ရာခိုင်နှုန်းထက် ပိုပိုင်ရင် အများသိအောင် ထုတ်ပြန်ရမယ်ဆိုတာ သတိရပါ။ အခုလောလောဆယ်တော့ ဈေးကွက်ထဲမှာ ရှယ်ယာတွေကို တိတ်တိတ်လေး ဝယ်ထားလိုက်။ ကုမ္ပဏီပိုင် ရှယ်ယာတွေ ရောင်းမယ်လို့ ကြေညာလိုက်တာနဲ့ တစ်ဖက်ကလည်း ငြိမ်နေမှာ မဟုတ်ဘူး။ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက် ရှိထားမှ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်ပြေလိမ့်မယ်”
“ဟုတ်ကဲ့”
ကျွန်တော် ဟင်နရီဘက် လှည့်ပြီး ပြောလိုက်တယ်။
“ဒီအလုပ်ကို မင်းကိုပဲ တာဝန်ပေးမယ်”
ဒီတစ်ခါတော့ Golden Gate ရဲ့ အမွေခံ စွမ်းရည်ကို ကျွန်တော် မြင်ချင်သေးတယ်။
ဟင်နရီက ယုံကြည်မှုရှိရှိ ခေါင်းညိတ်တယ်။
“အကောင့်တွေကို ခွဲထားပြီး စတော့အကျိုးဆောင် ကုမ္ပဏီမျိုးစုံကနေ ဝယ်လိုက်မယ်။ ၅ ရာခိုင်နှုန်း မကျော်မချင်း သူတို့တွေ သတိထားမိလောက်မှာမဟုတ်ဘူး”
ကျွန်တော် ဖုန်းဆက်ပြီး ဒါရီလ်ကို အခြေအနေတွေ ရှင်းပြလိုက်တယ်။
[ဆိုဆောင်း အုပ်စုနဲ့ ပူးပေါင်းတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အရမ်းများသွားမှာကို စိုးရိမ်မိတယ်။ အစီအစဉ်အတိုင်း ဖြစ်မလာရင် အကုန် ပျက်စီးကုန်နိုင်တယ်]
“ဟုတ်ပါတယ်”
ကုန်ထုတ်လုပ်မှုမှာ ဝယ်လိုအား ခန့်မှန်းချက်က အရမ်းအရေးကြီးတယ်။ လျှော့တွက်မိရင် ပစ္စည်းမလောက်ဘဲ ဖြစ်တတ်ပြီး ပိုတွက်မိရင်တော့ စက်ရုံနဲ့ လုပ်သားတွေ အလကား ဖြစ်ကုန်တာပေါ့။
ကျွန်တော်က ဝယ်လိုအား တက်လာမယ်လို့ တွက်ပြီး စက်ရုံတွေ ဆောက်ဖို့ ရင်းနှီးမြှုပ်နှံထားတာပါ။ တကယ်လို့ မျှော်လင့်သလို ဖြစ်မလာရင် အရှုံးအကြီးအကျယ် ပေါ်နိုင်ပါတယ်။
စထားတဲ့ အလုပ်တွေတောင် မတည်ငြိမ်သေးခင် ဘတ္ထရီဘက်မှာ ရင်းနှီးမြှုပ်နှံတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါ့မလား။
ကျွန်တော် နတ်မျက်စိကို ပြန်စဉ်းစားကြည့်တယ်။
နတ်မျက်စိက CarOS ကားတွေမှာ ဆိုဆောင်း SB ဘတ္ထရီတွေ သုံးမယ်လို့ပဲ ပြောခဲ့တာ၊ ရောင်းအား ကောင်းမကောင်းတော့ မပြောခဲ့ဘူး။
ဒါပေမဲ့ မြားကတော့ ပစ်လိုက်ပြီလေ။
“အဲဒီအတွက် မစိုးရိမ်ပါနဲ့။ အခုလောလောဆယ် ထုတ်လုပ်ရေးကိုပဲ အာရုံစိုက်ထားပါ။ အခုချက်ချင်း အမြတ်မရနိုင်ပေမဲ့ စက်သုံးဆီအင်ဂျင်တွေက အဆုံးမှာတော့ လျှပ်စစ်ကားဘက်ကို ကူးပြောင်းရမှာပဲ”
တခြားသူတွေ နောက်က လိုက်နေတာက အဓိပ္ပာယ် မရှိပါဘူး။
ကျွန်တော်တို့က တခြားသူတွေထက် ပိုမြန်ပြီး မတူညီတဲ့ လမ်းကြောင်းကို သွားရမယ်။
ဥက္ကဋ္ဌ လင်အီကွမ် သတိလစ်လဲကျသွားပြီးနောက်မှာ ဆောင်ပါခရိုင်က ဆိုဆောင်း ဆေးရုံ ၂၅ ထပ်က VIP အခန်းမှာ တက်နေခဲ့တယ်။
အဲဒီအခန်းကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကလွဲရင် ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး။
သတင်းထောက်တွေက စုံစမ်းဖို့ ကြိုးစားပေမဲ့ လူနာရဲ့ ကိုယ်ရေးကိုယ်တာမလို့ ဘယ်သူမှ မပြောပြကြဘူး။
သူ လူလုံးမပြတာ ကြာလာတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေ အမျိုးမျိုး ထွက်လာတယ်။
တချို့က လင်ဂျင်ယုံကို ဆက်ခံသူဖြစ်အောင် ဟန်ဆောင်နေတာလို့ ပြောကြသလို တချို့ကလည်း သူ စိတ်ဖောက်ပြန်နေပြီ၊ သတိမေ့မြောနေပြီ၊ ဒါမှမဟုတ် သေတောင် သေနေပြီလို့ ပြောကြတယ်။
ဒါပေမဲ့ ဆိုဆောင်း အုပ်စုဘက်က ဘာမှ ထုတ်မပြောတော့ အကုန်လုံးက ခန့်မှန်းချက်တွေပဲ ဖြစ်နေတာပါ။
ဒါပေမဲ့ မကြာသေးခင်က ဥက္ကဋ္ဌရဲ့ အခြေအနေ ပိုဆိုးလာတယ်ဆိုတဲ့ သတင်းတွေ ထပ်ထွက်လာတယ်။
အရင်လိုပဲ ကောလာဟလလို့ ထင်ခဲ့ပေမဲ့ အခြေအနေက ထူးခြားလာတယ်။ ဆီလွန်ဟိုတယ်ရဲ့ စီအီးအို လင်ဆိုမီနဲ့ Neverlandရဲ့ စီအီးအို လင်ဆိုကျောင်းတို့က ရုံးမသွားဘဲ ဆေးရုံကိုပဲ နေ့တိုင်း သွားနေကြသလို ဒါရိုက်တာ ယွန်ဆိုဟျွန်းနဲ့ စီအီးအို လင်ဆိုယုံတို့လည်း ဆေးရုံခန်းထဲမှာပဲ ရှိနေကြတယ်။
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံကလည်း အမေရိကန်မှာ စီးပွားရေးသမားတွေနဲ့ တွေ့ဖို့ ရှိပေမဲ့ သမ္မတကျမ်းကျိန်ပွဲ အပြီးမှာ အမြန် ပြန်လာခဲ့တယ်။
ရက်အနည်းငယ်အကြာမှာတော့ ထိတ်လန့်စရာ သတင်း ထွက်လာတယ်။
[ဥက္ကဋ္ဌ လင်အီကွမ် ကွယ်လွန်သွားပြီ]
[စီးပွားရေးလောက တစ်ခုလုံး တုန်လှုပ်နေ]
[ဆိုဆောင်း အုပ်စုရဲ့ အနာဂတ်က ဘာဖြစ်လာမလဲ]
[သမ္မတ ပက်ဆီဟျွန်းက ကိုရီးယား စီးပွားရေး သမိုင်းက ကြယ်တစ်ပွင့် ကြွေလွင့်သွားပြီလို့ ဝမ်းနည်းစကား ဆိုခဲ့…]
ဥက္ကဋ္ဌ လင်အီကွမ်ရဲ့ ဘဝက ဆိုဆောင်း အုပ်စုနဲ့ ကိုရီးယား စက်မှုတော်လှန်ရေး သမိုင်းနဲ့ ထပ်တူကျနေတာပါ။
တခြား အုပ်စုကြီးတွေလိုပဲ သူတို့က နိုင်ငံရေး၊ စီးပွားရေး အဆက်အသွယ်တွေနဲ့ ကြီးထွားလာခဲ့ပြီး အခွန်ရှောင်တာ၊ ငွေအလွဲသုံးစားလုပ်တာ၊ ယုံကြည်မှု ဖောက်ဖျက်တာ၊ လျှို့ဝှက်ရန်ပုံငွေတွေနဲ့ တရားမဝင် ဆက်ခံမှုတွေ စတဲ့ အမှုတွေ အများကြီး ရှိခဲ့တယ်။
ဒါကြောင့် သူ ထောင်ဒဏ် ၃ နှစ်နဲ့ ဆိုင်းငံ့ပြစ်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပေမဲ့ မကြာခင်မှာပဲ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တယ်။
သူ့အပေါ် ဝေဖန်မှုတွေ ရှိပေမဲ့ ကိုရီးယား စီးပွားရေးအတွက် သူဟာ အများကြီး အကျိုးပြုခဲ့တာကိုတော့ ဘယ်သူမှ ငြင်းလို့ မရဘူး။
ဒါကြောင့် သူ့ရဲ့ သေဆုံးမှုက အကြီးအကျယ် တုန်လှုပ်စရာ ဖြစ်ခဲ့တယ်။
ဆိုဆောင်း အီလက်ထရောနစ် အပါအဝင် ဆိုဆောင်း အုပ်စုရဲ့ ရှယ်ယာတွေက စတော့ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒီသတင်း ထွက်လာတာနဲ့ KOSPI အညွှန်းကိန်းက ၁ ရာခိုင်နှုန်းလောက် ချက်ချင်း ထိုးကျသွားတယ်။
ဆိုဆောင်း အုပ်စုက ချက်ချင်းပဲ တရားဝင် ထုတ်ပြန်ချက် ထုတ်ပြီး ဥက္ကဋ္ဌ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းနဲ့ လင်ဂျင်ယုံရဲ့ ဦးဆောင်မှုအောက်မှာ တည်ငြိမ်စွာ ဆက်လက် စီမံသွားမယ်လို့ ကြေညာလိုက်တယ်။
အဓိကကတော့ ဥက္ကဋ္ဌ ကွယ်လွန်တာက လုပ်ငန်းတွေအပေါ် သက်ရောက်မှု မရှိဘူးဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ဈေးကွက်ကလည်း ချက်ချင်း ပြန်တည်ငြိမ်သွားတယ်။
စီးပွားရေးလောက တစ်ခုလုံး ဝမ်းနည်းနေကြပြီး တချို့ပွဲတွေကိုတောင် ဖျက်လိုက်ကြတယ်။
တစ်ဖက်မှာတော့ ကျွန်တော်တို့အတွက် ပိုအလုပ်ရှုပ်လာတယ်။
ဥက္ကဋ္ဌ နေရာနဲ့ ဆိုဆောင်း SB ရဲ့ စီအီးအို နေရာအပါအဝင် နေရာတချို့ လစ်လပ်သွားတာကြောင့် နာရေးပွဲအပြီး အခြေအနေ တည်ငြိမ်သွားတာနဲ့ အုပ်စုတွင်း ကုမ္ပဏီတွေက စီအီးအို အသစ်တွေကို ခန့်အပ်ကြမှာပါ။
အဲဒီအချိန်ကျမှ တကယ့် ပြိုင်ပွဲက စမှာပါ။
ကျွန်တော် ဒုဥက္ကဋ္ဌ လင်ဂျင်ယုံဆီ ဖုန်းဆက်ပြီး အရင်ဆုံး ဝမ်းနည်းစကား ပြောလိုက်တယ်။
“စိတ်မကောင်းပါဘူးဗျာ။ ဥက္ကဋ္ဌကြီး ကောင်းရာသုဂတိ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်”
[ကျေးဇူးတင်ပါတယ်]
‘လုပ်ငန်းရှင်’ လင်အီကွမ်ကို ကျွန်တော်လေးစားပါတယ်။ သူနဲ့ တွေ့ပြီး စကားပြောချင်ခဲ့ပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူးပေါ့။
“ဒါပေမဲ့ ကုမ္ပဏီ ရှယ်ယာတွေ ရောင်းမယ်လို့ ကြေညာလိုက်ရင်တော့ သတင်းဌာနတွေနဲ့ အစိုးရက ငြိမ်နေမှာ မဟုတ်ဘူး”
ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်စကားကို သဘောတူတယ်။
[ဂျောင်အီဘို ကတော့ အရင်ဆုံး စတိုက်ခိုက်မှာပဲ]
အခုထိတော့ ဂျောင်အီဘို က ဆိုဆောင်း အုပ်စုဘက်ကပဲ ရှိခဲ့တာပါ။ လင်ဂျင်ယုံရဲ့ ဆက်ခံမှု ပြဿနာတွေကို တခြားသူတွေ ဝေဖန်နေချိန်မှာတောင် သူတို့က ငြိမ်နေခဲ့တယ်။
ဒါပေမဲ့ အခုက ဒါရိုက်တာ ယွန်ဆိုဟျွန်းက တစ်ဖက်မှာ ရှိနေတော့ အခြေအနေက ပြောင်းသွားပါပြီ။
“ရှယ်ယာတွေ ဘယ်လောက်ပဲ ရှိရှိ၊ အသေးစား ရှယ်ယာရှင်တွေက ကျွန်တော်တို့ဘက်မှာ မရှိရင် မဲခွဲတဲ့အခါ ရှုံးသွားလိမ့်မယ်”
[ရှယ်ယာရှင်တွေအတွက် အကျိုးခံစားခွင့် မူဝါဒတွေ ထုတ်ပြန်ပြီး အီလက်ထရောနစ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဖို့ စီစဉ်ထားပါတယ်]
“ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်ဘူး။ လင်ဆိုယုံကလည်း ဒါမျိုးပဲ ပြောမှာပဲလေ”
[ဟုတ်ပါတယ်]
“ကျွန်တော် တစ်ခု စဉ်းစားထားတာ ရှိတယ်…”