အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း (၁၁၉)
ဥက္ကဋ္ဌ လင်ဆိုယုံက ဒုဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ တော်တော်လေး ဆင်တယ်။ ဆံပင်ပုံစံ တူတာရယ်၊ နှစ်ယောက်လုံး မျက်မှန်တပ်ထားတာရယ်ကြောင့် ပိုပြီးတူနေတာ ဖြစ်နိုင်ပါတယ်။
သူက အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး ဒုဥက္ကဋ္ဌ လင်ဂျင်ယုံက ၄၅ နှစ်ဆိုတော့ သူတို့နှစ်ယောက်က ၁၃ နှစ်လောက် ကွာတာပါ။
“ဟုတ်ကဲ့။ ထိုင်ပါဦး”
လင်ဆိုယုံက ပြောပြောဆိုဆိုနဲ့ ကျွန်တော်တို့ဘေးမှာ ဝင်ထိုင်တယ်။
“လာပေးတာ ကျေးဇူးတင်ပါတယ်။ အဖေလည်း ဝမ်းသာနေမှာပါ”
“ဟုတ်ကဲ့ပါခင်ဗျာ”
လင်ဆိုယုံက ရေသန့်ဘူးကိုဖွင့်ပြီး တစ်ငုံသောက်လိုက်တယ်။ သူ တော်တော်လေး ပင်ပန်းနေပုံပဲ။ အသုဘကိစ္စကြောင့်တင် မဟုတ်ဘဲ အမေဖြစ်သူနားမှာ ဆေးရုံမှာ အချိန်အတော်ကြာ လူနာစောင့်ပေးခဲ့ရတာကြောင့်လည်း ပါမှာပါ။
“စိတ်မကောင်းဖြစ်နေမှာပဲနော်”
“ကြိုတင်ပြင်ဆင်ထားခဲ့တာဆိုပေမဲ့ တကယ်တမ်း ဆုံးသွားပြီဆိုတော့လည်း တော်တော်လေး ဟာတာတာ ဖြစ်သွားတာပဲ”
ကျွန်တော်လည်း ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တယ်။
“နားလည်ပါတယ်ဗျာ”
လင်ဆိုယုံက တစ်ခုခုပြောချင်ပုံရပေမဲ့ ပြန်ထိန်းလိုက်တယ်။ သူက ကျွန်တော့်ရဲ့ မိသားစုကိစ္စတွေအပြင် အွန်ဆောင်း မော်တာနဲ့ ကျွန်တော့်ကြားက မပြေလည်တဲ့ ဆက်ဆံရေးကိုလည်း သိထားပြီးသား ဖြစ်မှာပါ။
ကျွန်တော်ကပဲ စကားလမ်းကြောင်းလွှဲပြီး ပြောလိုက်တယ်။
“ဥက္ကဋ္ဌကြီး မရှိတော့ဘူးဆိုတော့ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံကပဲ ဆိုဆောင်း အုပ်စုကို ဦးဆောင်သွားတော့မှာပေါ့နော်”
လင်ဆိုယုံက ခေါင်းညိတ်တယ်။
“အဲဒီလိုပဲ ဖြစ်လာမှာပါ”
စီးပွားရေးလုပ်ငန်းစုကြီးတွေမှာ စီမံခန့်ခွဲပိုင်ခွင့်က အရေးကြီးဆုံးပဲ။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စီမံခန့်ခွဲခွင့် မရှိရင်တော့ ငွေပုံပေါ်ထိုင်နေတဲ့ သူဌေးတစ်ယောက်ပဲ ဖြစ်မှာပါ။ ဒါပေမဲ့ အစုရှယ်ယာ နည်းနည်းလေးပဲ ရှိရင်တောင် စီမံခန့်ခွဲခွင့်ကို ထိန်းချုပ်ထားနိုင်ရင် ဝမ် သန်းထောင်ပေါင်းများစွာ တန်တဲ့ ကုမ္ပဏီကို စိတ်ကြိုက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
လင်ဆိုယုံကတော့ ဆိုဆောင်း စက်မှုလုပ်ငန်းနဲ့ ဆိုဆောင်း အင်ဂျင်နီယာလုပ်ငန်းကို ဆက်ခံရရှိထားတယ်။ အဲဒီနှစ်ခုကို ပေါင်းလိုက်ရင်တောင် ဈေးကွက်တန်ဖိုးက ဝမ် သိန်းပေါင်း ၇ကုဋေကျော် ရှိပါတယ်။
ဒီလောက်ဆိုရင်တော့ စီးပွားရေးလောကမှာ ယုံကြည်မှုရှိရှိ စကားပြောနိုင်ပါပြီ။ ဒါပေမဲ့ လူတွေက မိမိမှာ ရှိတာထက် မရှိတာကို ပိုပြီး မက်မောတတ်ကြတာပဲလေ။
ဝမ် သိန်းပေါင်း ၄၀ကုဋေထဲက သိန်းပေါင်း ၇ကုဋေ ရတာဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ သိန်းပေါင်း ၄၀၀ကုဋေထဲကမှ သိန်းပေါင်း ၇ကုဋေပဲ ရတာဆိုရင်တော့ အခြေအနေက ပြောင်းသွားပါပြီ။
တစ်ဖက်မှာလည်း အကျိုးအမြတ် အများကြီးရတဲ့ နည်းပညာ၊ အီလက်ထရောနစ်၊ လူမှုသိပ္ပံနဲ့ ဇီဝနည်းပညာ ကဏ္ဍအားလုံးက သူ့အစ်ကိုဆီ ရောက်သွားတာပါ။ အဲဒါနဲ့ ယှဉ်လိုက်ရင် သူရတာက တန်ဖိုးမရှိသလောက်ပါပဲ။
ပိုဆိုးတာက စက်မှုလုပ်ငန်းနဲ့ engineeringပိုင်းက အခြေအနေ သိပ်မကောင်းတာပါပဲ။ Hyundai သင်္ဘောလိုင်း ဒေဝါလီခံလိုက်ရတာကို ကြည့်ရင် သိနိုင်ပါတယ်။ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေကလည်း သင်္ဘောလိုင်းတွေနဲ့အတူ နစ်မြုပ်နေပြီး တရုတ်ရဲ့ ဈေးပေါပေါနဲ့ ထိုးစစ်ဆင်မှုကိုလည်း ရုန်းကန်နေရတာပါ။
ဒါကြောင့်မလို့ပဲ သူက ဆိုဆောင်း SB ကို ရယူချင်နေတာလား။ သူ့အစ်ကိုကို ကျောခိုင်းလိုက်ပြီဆိုတော့ သူ့အတွက် မဟာမိတ်တွေ အများကြီး လိုအပ်လာပါလိမ့်မယ်။
ကိုရီးယား စီးပွားရေးလောကအပေါ် ကျွန်တော့်ရဲ့ သြဇာညောင်းမှုက သိပ်မကြီးပေမဲ့ ကျွန်တော့်မှာ ငွေအများကြီး ရှိနေတာကတော့ အမှန်ပါပဲ။ ဆိုဆောင်း အုပ်စုနဲ့ အွန်ဆောင်း မော်တာကို ဖယ်လိုက်ရင် ကျွန်တော်တို့လောက် ငွေသားပိုင်ဆိုင်တဲ့ ချေဘော ဘယ်နှယောက် ရှိလို့လဲ။
ဒီငွေတွေကို ကျွန်တော် ဘယ်လိုသုံးမလဲဆိုတာအပေါ် မူတည်ပြီး စီးပွားရေးလောကကို လှုပ်ခတ်နိုင်စွမ်း ရှိပါတယ်။ ကိုရီးယားမှာ ကျွန်တော့်ရဲ့ သက်ရောက်မှုက သေးရင်တောင် အမေရိကမှာတော့ အခြေအနေက တစ်မျိုးပါ။ လောလောဆယ် ကျွန်တော်က ရတ်စ်ဘဲ နယ်မြေမှာ လုပ်ငန်းတွေ တိုးချဲ့နေပြီး အိမ်ဖြူတော်နဲ့လည်း တိုက်ရိုက် အဆက်အသွယ် ရှိနေတာပါ။
အဲဒီလိုသာ မဟုတ်ရင် ကျွန်တော် ဒီမှာ ထိုင်နေမှာ မဟုတ်ပါဘူး။
အမှန်အတိုင်းပြောရရင် ဆိုဆောင်း SB ကို ဘယ်သူပဲယူယူ ကျွန်တော် စိတ်မဝင်စားပါဘူး။ အွန်ဆောင်း မော်တာနဲ့ ပတ်သက်နေတာမျိုး မဟုတ်ရင်ပေါ့။
ကျွန်တော် အေးအေးဆေးဆေး စဉ်းစားကြည့်လိုက်တယ်။ ဥက္ကဋ္ဌ လင်အီကွမ်က သူ့အစ်ကိုတွေကို အနိုင်ယူပြီး အုပ်စုကို သိမ်းပိုက်ခဲ့တာပါ။ သူသာ အရည်အချင်းရှိရင် ပြိုင်ဘက်က အသက်ကြီးတာ၊ ငယ်တာကို ဂရုစိုက်မှာ မဟုတ်တာသေချာပါတယ်။
သူ့သားကို စက်မှုလုပ်ငန်းနဲ့ engineeringပိုင်းပဲ ပေးခဲ့တာက သူ့သားရဲ့ အရည်အချင်းက ဒီလောက်ပဲ ရှိတယ်လို့ ယူဆလို့ ဖြစ်နိုင်ပါတယ်။ ဒါတောင်မှ ဒီကောင်က လောဘတက်နေတုန်းပဲ။ လောဘကတော့ ဒုက္ခကို ခေါ်ဆောင်လာတတ်တယ်လေ။
ဒါပေမဲ့ ကျွန်တော်က သူ့ကို အကြံပေးရမယ့် အခြေအနေမှာ ရှိမနေပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ထမင်းစားလို့ ပြီးသွားပါပြီ။ ကျွန်တော် တက်ဂယူနဲ့အတူ မတ်တပ်ရပ်လိုက်တယ်။
“ပင်ပန်းနေမှာဆိုတော့ ကျွန်တော်တို့ သွားတော့မယ်ဗျာ။ နောက်တစ်ခါ ထပ်ပြီး ဝမ်းနည်းကြောင်း ပြောချင်ပါတယ်”
“ကျေးဇူးတင်ပါတယ်”
ကျွန်တော်တို့ နှုတ်ဆက်ပြီး နာရေးအခန်းကနေ ထွက်လာခဲ့တယ်။ စင်္ကြံလမ်းအတိုင်း လျှောက်လာတုန်းမှာ တစ်ဖက်ကနေ လျှောက်လာတဲ့ လူလတ်ပိုင်း အမျိုးသားနှစ်ယောက်ကို တွေ့လိုက်တယ်။ ကျွန်တော်တို့ကို မြင်တော့ သူတို့အချင်းချင်း တီးတိုး ပြောပြီး တစ်ယောက်က ကျွန်တော့်ဆီ လျှောက်လာတယ်။
“OTK ကုမ္ပဏီက ကိုယ်စားလှယ် ကန်ဂျင်ဟူ လားဗျ”
“ဟုတ်ကဲ့။ ဟုတ်ပါတယ်”
ဆံပင်ဖြူ နည်းနည်းနှောနေတဲ့သူက ဘေးက မျက်မှန်နဲ့လူကို တို့ပြီး ပြောလိုက်တယ်။
“တွေ့လား။ ငါပြောသားပဲ”
ပြီးတော့ သူက ကျွန်တော့်ကို လက်ကမ်းပေးတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ရူချောဂယွန် ပါ”
ကျွန်တော် အံ့သြသွားပြီး သူ့လက်ကို ပြန်ဆွဲလိုက်တယ်။
“မင်္ဂလာပါ။ ကျွန်တော်က ကန်ဂျင်ဟူ ပါ။ ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး”
ကျွန်တော့်စကားကြောင့် သူ့မျက်နှာ ဝင်းပသွားတယ်။
“ကျွန်တော့်ကို သိတာလား”
“သိတာပေါ့ဗျာ။ RCK Bros ရဲ့ ဥက္ကဋ္ဌကို ဘယ်သူက မသိဘဲ နေမှာလဲ”
သူက လူသိ သိပ်မများပေမဲ့ ငွေကြေးလောကမှာတော့ အရေးပါတဲ့သူ တစ်ယောက်ပါ။ စီးပွားရေးစီမံခန့်ခွဲမှုဌာန စတက်ကတည်းက သူ့ရဲ့ အောင်မြင်မှုတွေအကြောင်း ကျွန်တော် အများကြီး ကြားခဲ့ဖူးတယ်။ သူ့ကြောင့်ပဲ စီနီယာတွေ အများကြီးက ရင်းနှီးမြှုပ်နှံမှုဘဏ်ထက်စာရင် private equity ဘက်ကို ပိုပြီး စိတ်ဝင်စားလာကြတာပါ။
“ဒါကတော့…”
မျက်မှန်နဲ့ လူက ဝင်ပြောတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ရှင်ဗြောင်ဒူ ပါ”
သူ့ကို ဥက္ကဋ္ဌရူနဲ့အတူ တွေ့လိုက်ရတော့ သူ ဘယ်သူလဲဆိုတာ ကျွန်တော် ရိပ်မိလိုက်တယ်။
“သမီး ပြောပြတာတွေ အများကြီး ကြားဖူးပါတယ်။ ကျောင်းက စီနီယာတစ်ယောက်က OTK ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ရှင်ယူရီရဲ့အဖေဖြစ်နေမယ်လို့ ကျွန်တော်လည်း မထင်ထားခဲ့ပါဘူး”
ဒုဥက္ကဋ္ဌရှင်က လူလတ်ပိုင်းအရွယ် ဖြစ်နေပြီဆိုပေမဲ့ ငယ်ငယ်တုန်းက တော်တော်လေး ချောမယ့်ပုံပါပဲ။ သေချာကြည့်ရင် ရှင်ယူရီ နဲ့လည်း တော်တော်လေး ဆင်ပါတယ်။
တက်ဂယူကို သူတို့နဲ့ မိတ်ဆက်ပေးလိုက်တယ်။
“ဒါကတော့ ကျွန်တော့်သူငယ်ချင်း… OTK ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ အိုတက်ဂယူ ပါ”
“မင်္ဂလာပါ”
တက်ဂယူလည်း သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်တယ်။ ဥက္ကဋ္ဌ ရူချောဂယွန် က ကျွန်တော်တို့ကို လက်မထောင်ပြတယ်။
“X-Cop ကို သိမ်းလိုက်တာ တော်တော်လေးကို အထင်ကြီးစရာ ကောင်းတယ်ဗျာ။ ကျွန်တော်တို့တောင် ခံလိုက်ရတယ်”
တကယ့် ပညာရှင်ကြီးဆီက အခုလို အချီးမွမ်းခံရတော့ ကျွန်တော် နည်းနည်း ရှက်သွားတယ်။ ကျွန်တော်က အစ်မဟျွန်းဂျူး ကိုပဲ ပုံချပေးလိုက်တယ်။
“ဒါရိုက်တာ အိုဟျွန်းဂျူး က အစအဆုံး အကုန်လုပ်သွားတာပါ။ ကျွန်တော်ကတော့ ဘာမှ သိပ်မလုပ်ဖြစ်ပါဘူး”
ဒုဥက္ကဋ္ဌ ရှင်ဗြောင်ဒူ က မေးတယ်။
“အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က OTK ကုမ္ပဏီကို ရောက်လာတော့မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ အဲဒါ တကယ်လား”
“သတင်းတွေက တော်တော်လေး ပျံ့နေပြီပေါ့”
“အဲဒါ ကောင်းတဲ့ကိစ္စပဲလေ”
စာရင်းစစ်အဖွဲ့က ဘာမှ ထူးခြားတာ မတွေ့ခဲ့သလို အွန်ဆောင်း အုပ်စုဆီ တင်ထားတဲ့ နှုတ်ထွက်စာကလည်း ပြဿနာမရှိဘဲ အတည်ပြုပြီးသွားပါပြီ။ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က သူ့အဖွဲ့နဲ့အတူ နောက်ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ဆီ ရောက်လာတော့မှာပါ။ သူတို့အတွက် ရုံးခန်းနေရာတွေလည်း ကျွန်တော်တို့ အကုန်ပြင်ဆင်ပေးထားပြီးနေပါပြီ။
“အဲဒါက သိပ်ကောင်းတဲ့ သတင်းမဟုတ်ဘူး ထင်နေတာ”
ဥက္ကဋ္ဌရူက လက်ခါပြီး ပြောတယ်။
“သတင်းတွေကို ဂရုမစိုက်ပါနဲ့။ သူ့ကို Redstone မှာ ရှိကတည်းက သိတာ။ သူက အဲဒီလိုလူမျိုး မဟုတ်ဘူး”
ကျွန်တော်လည်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်တယ်။
“ဟုတ်ပါတယ်ဗျာ။ သူသာ အဲဒီလိုလူမျိုးဆိုရင် ကျွန်တော်လည်း သူ့ကို ခေါ်ဖို့ ကမ်းလှမ်းမှာ မဟုတ်ဘူး”
တစ်ခါ သစ္စာဖောက်ဖူးတဲ့သူက ဘယ်အချိန်မဆို ထပ်ပြီး သစ္စာဖောက်နိုင်တာပဲ။ တခြားကုမ္ပဏီရဲ့ သတင်းတွေကို ရောင်းစားတဲ့သူက ကျွန်တော်တို့ကုမ္ပဏီ သတင်းတွေကိုလည်း နောင်မှာ မရောင်းဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။
သူက ခပ်ဖွဖွ ရယ်လိုက်တယ်။
“အွန်ဆောင်း အုပ်စုကပဲ မိုက်မဲတာပါ။ X-Copကိစ္စပြီးတာနဲ့ အရည်အချင်းရှိတဲ့ လူတွေကို ထပ်ပြီး ဆုံးရှုံးရတာက နှမြောစရာပဲ”
သတင်းစာတွေ ဒါမှမဟုတ် ဆောင်းပါးတွေထဲမှာ ပါတဲ့ သူ့ရဲ့ပုံစံက တော်တော်လေး တိကျပြတ်သားပြီး ထက်မြက်ပုံရပေမဲ့ လူချင်းတွေ့လိုက်တော့မှ တော်တော်လေး နောက်ပြောင်တတ်ပြီး ဖော်ရွေတဲ့ပုံစံ ဖြစ်နေပါတယ်။ အလုပ်ထဲမှာပဲ တစ်မျိုး ဖြစ်နေတာ ထင်ပါရဲ့။
“ကျွန်တော်တို့ကတော့ အခုမှ ဂါရဝပြုဖို့ လာတာ။ ခင်ဗျားတို့က ပြန်တော့မလို့လား”
“ဟုတ်ကဲ့။ ပြန်တော့မလို့ပါ”
ဥက္ကဋ္ဌ ရူချောဂယွန် က နှမြောတသသနဲ့ ပြောတယ်။
“အဲဒီလိုမှန်းသိရင် နည်းနည်းစောစော လာခဲ့ပါတယ်ကွာ။ တရုတ်ကနေ လေယာဉ်နဲ့ ဆင်းဆင်းချင်း ဒီကို တန်းလာခဲ့တာဆိုတော့ နည်းနည်းနောက်ကျသွားတယ်”
ဒါကြောင့်မလို့ သူ အခုမှ ရောက်လာတာကိုး။
“အချိန်ရရင် နောက်မှ လာလည်ပါဦးမယ်”
“အမြဲတမ်း ကြိုဆိုပါတယ်ဗျာ”
ကျွန်တော်တို့အချင်းချင်း လိပ်စာကတ်တွေ ဖလှယ်လိုက်ကြတယ်။ ဥက္ကဋ္ဌရူက ဒုဥက္ကဋ္ဌ ရှင်ဗြောင်ဒူ ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်။
“အလုပ်ပြီးရင် အနားမှာ ဘီယာသွားသောက်ရအောင်။ ဂန်နမ် မှာ ကျွန်တော် ခဏခဏသွားနေကျ ဆိုင်ရှိတယ်”
“ဟုတ်ကဲ့။ ဆက်သွယ်လိုက်ပါမယ်”
သူတို့နှစ်ယောက် ခန်းမထဲ ဝင်သွားကြပြီး ကျွန်တော်တို့လည်း အသုဘအိမ်ကနေ ထွက်လာခဲ့တယ်။
ကျွန်တော် မယုံနိုင်သလိုမျိုး ပြောလိုက်တယ်။
“သူတို့နှစ်ယောက်ကို ဒီမှာ လူချင်းတွေ့ရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
တက်ဂယူက ကျွန်တော့်မျက်နှာကိုကြည့်ပြီး မေးတယ်။
“သူတို့က အဲဒီလောက်တောင် အထင်ကြီးဖို့ ကောင်းတာလား”
“ဂိမ်းလောကနဲ့ ပြောရရင်တော့ သူတို့က Lost Fantasy ဂိမ်းကို တီထွင်ခဲ့တဲ့ အိချီကာဝါ နဲ့ ရှီဂဲရု လို လူမျိုးတွေပေါ့”
တက်ဂယူ ချက်ချင်း နားလည်သွားတယ်။
“ဒဏ္ဍာရီဆန်တဲ့လူတွေပေါ့လေ။ ဟုတ်လား”
ဒီအလုပ်ကို လုပ်ရတဲ့ အားသာချက်တစ်ခုကတော့ ဒဏ္ဍာရီလို့ ကျွန်တော်သတ်မှတ်ထားတဲ့ လူတွေကို လူချင်း တွေ့ဆုံခွင့်ရတာပါပဲ။ ချေ့ ဆောက်ဝဲ နဲ့ ဂျိန်း စီ ဂိုးမန်း တို့ကနေ အခုဆိုရင် ဥက္ကဋ္ဌ ရူချောဂယွန် နဲ့ ဒုဥက္ကဋ္ဌ ရှင်ဗြောင်ဒူ တို့အထိပေါ့။ ဒီအတိုင်းဆိုရင် တစ်နေ့ကျရင် ဝါရင် ဘတ်ဖတ် နဲ့တောင် တွေ့ရနိုင်ပါတယ်။
လင်အီကွမ် က ယွန်ဆိုဟျွန်း နဲ့ လက်ထပ်တုန်းက ချေဘော တွေဟာ လူထုရဲ့ အကြည့်အောက်မှာ သတိထားနေထိုင်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တွေ ကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လုံးရဲ့ အခြေအနေက အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။
ဆိုဆောင်း အုပ်စုက ကမ္ဘာ့အဆင့်မီ လုပ်ငန်းစုကြီး ဖြစ်လာပေမဲ့ ဂျောင်အီဘို သတင်းစာကတော့ အတွင်းရော၊ အပြင်မှာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
မီဒီယာရဲ့ အာဏာက သတင်းစာတွေဆီကနေ Portal Siteတွေဆီကို ကူးပြောင်းသွားတာ ကြာပါပြီ။ လူတွေက သတင်းစာတွေကို ဝယ်မဖတ်ကြတော့ဘဲ အင်တာနက် စာမျက်နှာပေါ်မှာ တက်လာတဲ့ သတင်းတွေကိုပဲ ကလစ်နှိပ်ပြီး ဖတ်ကြတော့တယ်။
အမြတ်ဝေစု ခွဲဝေပေးဖို့တောင် ခက်ခဲနေတဲ့ ကေဘယ်လ် ရုပ်သံလိုင်း နှစ်ခုကလည်း အခုဆိုရင် အရှုံးပေါ်နေပါပြီ။ ကုမ္ပဏီကြီးတွေဆီက ကြော်ငြာတွေသာ မရတော့ရင် သူတို့ ဆက်လက်ရပ်တည်ဖို့တောင် ခက်ခဲသွားမှာပါ။
ယွန်ဆိုဟျွန်း အတွက်တော့ ဂျောင်အီဘိုသတင်းစာက အဖေဖြစ်သူ ဦးစီးခဲ့ပြီး အခုတော့ အစ်ကိုဖြစ်သူက စီမံခန့်ခွဲနေတဲ့ မိသားစု စီးပွားရေးတစ်ခုပါ။ ဒါပေမဲ့ အဲဒီစီးပွားရေးက တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။
သူ့ယောင်္ကျားက ဝင်ကူညီပေးလိမ့်မယ်လို့ သူ မျှော်လင့်ခဲ့ပေမဲ့ လင်အီကွမ် က ကြော်ငြာတွေပဲ ချပေးပြီး တခြားအကူအညီတွေကိုတော့ စည်းခြားထားခဲ့တယ်။
သူ့ယောင်္ကျား ကျန်းမာရေး ဆိုးရွားလာပြီး သားအကြီးဆုံးက စီမံခန့်ခွဲမှုကို လွှဲယူလိုက်တဲ့အခါမှာတော့ သူဟာ နောက်တစ်ကြိမ် အကူအညီရဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက သူ့ရဲ့ အထင်မှားမှုပဲ ဖြစ်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူ့သားက သူ့အဖေနဲ့ တထပ်တည်း တူနေတာပါ။ တစ်နည်းအားဖြင့်ပြောရရင် သူက မိမိကိုယ်ကိုနဲ့ ဆိုဆောင်း အုပ်စုကိုပဲ ဦးစားပေးတဲ့သူမျိုးပေါ့။
သူ့သားကို အကြိမ်ကြိမ် နားချဖို့ ကြိုးစားပေမဲ့ ငြင်းပယ်ခံရတဲ့အခါမှာတော့ သူတို့ကြားက သံယောဇဉ်က ပိုပြီး ကွာဟလာခဲ့ပြီး ယွန်ဆိုဟျွန်း ဟာ သူ့သားအကြီးဆုံးအပေါ် မျှော်လင့်ချက် ဖြတ်လိုက်ပါတော့တယ်။
သူ့မှာ စီမံခန့်ခွဲခွင့် မရှိပေမဲ့ လက်အောက်ခံ ကုမ္ပဏီရဲ့ အစုရှယ်ယာအချို့ကိုတော့ သူ ပိုင်ဆိုင်ထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ညီမ ယွန်ဆိုဂျင် က အွန်ဆောင်း မော်တာ ကနေ ကမ်းလှမ်းချက်တစ်ခု သယ်လာပေးခဲ့တယ်။ အဆင်ပြေသွားရင် အကျိုးအမြတ်တွေက ဂျောင်အီဘိုသတင်းစာ ဆီကို ရောက်လာမှာ ဖြစ်ပါတယ်။
လင်ဂျင်ယုံ သာ ဥက္ကဋ္ဌရာထူးကို တရားဝင် ရယူလိုက်ပြီဆိုရင် လက်အောက်ခံ ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲခွင့်ကို ပြန်လုဖို့က လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဒါဟာ နောက်ဆုံးအခွင့်အရေးပါပဲ။ သူက သားအငယ်ဆုံးကို ပါးပါးနပ်နပ်နဲ့ မြှောက်ပင့်ပေးလိုက်တယ်။ ကံကောင်းစွာနဲ့ပဲ လင်ဆိုယုံ က အမေဖြစ်သူ ဖြစ်စေချင်တဲ့အတိုင်း လှုပ်ရှားလာခဲ့ပါတယ်။
သူ့မှာ အရာအားလုံးကို ယူသွားတဲ့ သူ့အစ်ကိုအပေါ် အငြိုးအတေးတွေ အများကြီး ရှိနေတာပါ။ ရလဒ်အနေနဲ့ သူ ပိုပြီး ရပိုင်ခွင့်ရှိဖို့အတွက် မရှက်မကြောက်ဘဲ ကြိုးစားလာခဲ့ပါတော့တယ်။
လင်ဆိုယုံ က သူ့ရဲ့ ရှယ်ယာတွေ၊ အမေဖြစ်သူရဲ့ ရှယ်ယာတွေနဲ့ အမျိုးသားပင်စင် ရန်ပုံငွေအဖွဲ့ရဲ့ ထောက်ပံ့မှုတွေနဲ့ဆိုရင် ဆိုဆောင်း SB ကို ရယူဖို့ လုံလောက်တယ်လို့ ယုံကြည်နေခဲ့တာပါ။
နှစ်သစ်ကူးပြီးတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။ အခုဆိုရင် ပြက္ခဒိန်က ဖေဖော်ဝါရီလကို ရောက်နေပါပြီ။
ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ရိုနယ် ရဲ့ သမ္မတကျမ်းကျိန်ပွဲနဲ့ ဥက္ကဋ္ဌ လင်အီကွမ် ရဲ့ ဈာပနကလည်း အတိတ်က ကိစ္စတွေ ဖြစ်သွားပါပြီ။
အမွေတွေကို သေတမ်းစာအတိုင်း မိသားစုကို ခွဲဝေပေးလိုက်ကြတယ်။ ကလေး လေးယောက်လုံးက သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို ရရှိကြပြီး ဇနီးဖြစ်သူ ဒါရိုက်တာ ယွန်ဆိုဟျွန်း ကတော့ အိမ်ခြံမြေတွေ၊ ငွေတိုက်စာချုပ်တွေနဲ့ ငွေသားတွေကို ရရှိခဲ့ပါတယ်။
အမွေခွန်ကတော့ စံချိန်တင်လောက်ပါပဲ။ အစိုးရအနေနဲ့ ဒီနှစ်အတွက် အခွန်ဝင်ငွေအတွက် စိတ်ပူနေစရာ လိုမှာ မဟုတ်တော့ဘူး။
ဈာပနအပြီးမှာ ဒုဥက္ကဋ္ဌ လင်ဂျင်ယုံ က စီမံခန့်ခွဲမှုကို တည်ငြိမ်အောင် လုပ်ဖို့အတွက် အလုပ်တွေ တော်တော်လေး ရှုပ်နေခဲ့တယ်။ ဥက္ကဋ္ဌ လင်အီကွမ် သတိမေ့မြောသွားကတည်းက သူကပဲ ဒီရာထူးကနေ လုပ်ဆောင်နေခဲ့တာဆိုတော့ သိပ်ပြီးတော့ ပရမ်းပတာ မဖြစ်ခဲ့ပါဘူး။
သူဟာ တရားဝင် ရာထူးမယူရသေးပေမဲ့ ကိစ္စတွေ အားလုံး အခြေကျသွားရင် သူပဲ ဥက္ကဋ္ဌ ဖြစ်လာမှာကတော့ သေချာသလောက်ပါ။
လက်အောက်ခံ ကုမ္ပဏီတွေက ဘုတ်အဖွဲ့အသစ်တွေ ဖွဲ့စည်းပြီး ပြန်လည် ပြင်ဆင်ခဲ့ကြတယ်။ ဥက္ကဋ္ဌ လင်အီကွမ် က စီအီးအို အဖြစ် တာဝန်ယူခဲ့တဲ့ ကုမ္ပဏီတွေကလည်း စီအီးအို အသစ်တွေကို ရွေးချယ်ဖို့အတွက် အထွေထွေ အစည်းအဝေးတွေကို ကျင်းပခဲ့ကြတယ်။ အဲဒီထဲမှာ ဆိုဆောင်း SB လည်း ပါဝင်ပါတယ်။
ကျွန်တော်တို့က ဈာပန မတိုင်ခင်ကတည်းက ဆိုဆောင်း SB ရဲ့ အစုရှယ်ယာတွေကို တောက်လျှောက် ဝယ်ယူနေခဲ့တာပါ။ ရှယ်ယာ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းလောက်က ဈေးကွက်ထဲမှာ အရောင်းအဝယ် ဖြစ်နေပါတယ်။
တစ်ခါတုန်းက ဝမ် ၃၂၀,၀၀၀ အထိ ရှိခဲ့တဲ့ ရှယ်ယာဈေးဟာ တရုတ်မှာ ကားဘတ္ထရီ စစ်ဆေးမှု ကျရှုံးသွားတာနဲ့ အွန်ဆောင်း မော်တာ နဲ့ စာချုပ်တွေ ပျက်ပြားသွားပြီးတဲ့နောက်မှာတော့ ဝမ် ၁၇၀,၀၀၀ ဝန်းကျင်အထိ ကျဆင်းသွားခဲ့ပါတယ်။
ဟင်နရီ က နိုင်ငံခြား ရှယ်ယာအရောင်းအဝယ် ကုမ္ပဏီတချို့ဆီကနေ အော်ဒါတွေကို ခွဲပြီး တင်လိုက်တယ်။ ပြောရရင်တော့ လွယ်သလိုရှိပေမဲ့ တကယ်တမ်းမှာတော့ ဒါက တော်တော်လေး ပျင်းစရာကောင်းပြီး အချိန်ပေးရတဲ့ အလုပ်ပါ။
အများကြီးကို တစ်ပြိုင်ထဲ ဝယ်လိုက်ရင် ရှယ်ယာဈေးက ချက်ချင်း တက်သွားပါလိမ့်မယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့က ရောင်းတဲ့သူတွေရဲ့ ပမာဏနဲ့ ကိုက်ညီအောင် အော်ဒါအသေးလေးတွေကိုပဲ တောက်လျှောက် တင်နေရတာပါ။
ဒါပေမဲ့ ဘယ်လောက်ပဲ တိတ်တိတ်ဆိတ်ဆိတ် ဝယ်နေပါစေဦး၊ လည်ပတ်နေတဲ့ ရှယ်ယာပမာဏ နည်းလာရင်တော့ ရှယ်ယာဈေး တက်လာမှာက မလွှဲမရှောင်သာပါပဲ။
ကျွန်တော်တို့က ဈေးတွေ ပိုပြီး မတက်ခင်မှာ ရှယ်ယာတွေ ပြန်ဝယ်ဖို့အတွက် ညှိနှိုင်းမှုတွေ စတင်ခဲ့တယ်။ အဲဒီလို ကိစ္စမျိုးတွေကိုတော့ ကျွန်တော့်ကိုယ်စား ကျွမ်းကျင်သူတွေကိုပဲ ကိုင်တွယ်ခိုင်းရမှာပေါ့။
အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် က ညှိနှိုင်းဖို့အတွက် တစ်ဖက်လူနဲ့ လျှို့ဝှက် အဆက်အသွယ် လုပ်ခဲ့တယ်။
ကျွန်တော်တို့ ပိုင်ဆိုင်ထားတာက အခုဆိုရင် ၄ ရာခိုင်နှုန်းကျော်သွားပါပြီ။ ဒီအတောအတွင်းမှာ ရှယ်ယာဈေးကလည်း ၁၅ ရာခိုင်နှုန်းကျော် တက်လာပြီး ၂၀၀,၀၀၀ နီးပါး ဖြစ်လာခဲ့တယ်။
ရုတ်တရက်ဆိုသလို တစ်နေရာရာကနေ အတင်းအဓမ္မ ဝယ်ယူမှုတွေ ဝင်လာခဲ့တယ်။ ချက်ချင်းဆိုသလိုပဲ ရှယ်ယာဈေးက မြင့်တက်သွားပြီး သတင်းဘုတ်ပေါ်မှာလည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ပါတော့တယ်။
ဆိုဆောင်း SB ဘာတွေ ဖြစ်နေတာလဲ
ဘာလို့ ရုတ်တရက်ကြီး တက်လာတာလဲ
တစ်ခုခု ကောင်းတဲ့သတင်း ရှိနေပုံပဲ
နိုင်ငံခြားသားတွေက ရှယ်ယာတွေကို တောက်လျှောက် ဝယ်နေကြတာ
သတင်းကောင်းတွေ ထွက်လာတော့မှာမလို့ ရှယ်ယာတွေကို မရောင်းကြနဲ့ဦး၊ မြဲမြဲကိုင်ထားကြ
ကျွန်တော် သက်ပြင်းချလိုက်တယ်။
“သူတို့ သတိထားမိသွားပြီ ထင်တယ်”
တက်ဂယူက မေးတယ်။
“ငါတို့ ဝယ်နေတာကိုလား”
“ဘယ်သူလဲဆိုတာတော့ မသိနိုင်ပေမဲ့ တစ်ယောက်ယောက်က ရှယ်ယာတွေကို တစိုက်မတ်မတ် စုနေတယ်ဆိုတာတော့ သူတို့ ရိပ်မိသွားပုံရတယ်။ ဒါကြောင့် သူတို့ရဲ့ ရှယ်ယာပမာဏကို မြှင့်ဖို့အတွက် လိုက်ဝယ်နေကြတာ ဖြစ်နိုင်တယ်”
“အခု ငါတို့ ဘာလုပ်ကြမလဲ”
“ငါကလည်း ရပ်ဖို့ စဉ်းစားနေတာပါပဲ”
လောလောဆယ် ငါတို့ ပိုင်ဆိုင်ထားတာက ၄.၇ ရာခိုင်နှုန်း ရှိနေပါပြီ။ ၅ ရာခိုင်နှုန်း ကျော်သွားတာနဲ့ စည်းမျဉ်းတွေအရ လူသိရှင်ကြား ထုတ်ပြန်ရတော့မှာပါ။
ကျွန်တော်တို့သာ အခုအချိန်မှာ ထုတ်ပြန်လိုက်ရင် လူတွေက OTK ကုမ္ပဏီက ဘာလို့ ဆိုဆောင်း SB ရှယ်ယာတွေကို ဝယ်နေတာလဲဆိုတာကို တွေးတောလာကြပြီး အကြောင်းရင်းကို မသိခင်မှာပဲ လိုက်ဝယ်ကြတော့မှာပါ။
သိတဲ့အတိုင်းပဲ OTK ကုမ္ပဏီက လုပ်သမျှ အောင်မြင်နေတာဆိုတော့ လူတွေက အတင်းလိုက်ဝယ်ကြမှာကတော့ မဆန်းပါဘူး။
ကျွန်တော်တို့ ဝယ်တာကို ရပ်လိုက်တဲ့အချိန်မှာပဲ ဆိုဆောင်း SB က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ လက်ကျန်ရှယ်ယာ ၆.၃ ရာခိုင်နှုန်းလုံးကို OTK ကုမ္ပဏီဆီ ရောင်းချပေးမယ်လို့ ကြေညာလိုက်တာပါ။
OTK ကုမ္ပဏီကလည်း လက်ကျန်ရှယ်ယာတွေ အပါအဝင် ဆိုဆောင်း SB ရဲ့ ရှယ်ယာ စုစုပေါင်း ၁၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
သတင်းတွေ ထွက်လာတာနဲ့အမျှ ဆိုဆောင်း SB ရဲ့ ရှယ်ယာဈေးဟာ တရိပ်ရိပ်နဲ့ ပြောင်းလဲသွားပါတော့တယ်။