အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း (၁၇၃) အကြီးမားဆုံး အခွင့်အရေး
"ခင်ဗျားက တကယ်ပဲ ကျွန်တော့် အဒေါ်လား..."
နန်ကုန်းယွီက ရှန်ကွမ်ယွဲ့ဟွာ၏ လှပသော မျက်နှာလေးပေါ်ရှိ ထိတ်လန့်မှုကို သဘာဝကျကျ သတိပြုမိသွားပြီး အံ့အားသင့်သွားဟန် ဆောင်လိုက်သည်။
ရှန်ကွမ်ယွဲ့ဟွာ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူမက နန်ကုန်းယွီ၏ လက်ထဲမှ သူမ၏ လက်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ လက်ကို နန်ကုန်းယွီက တင်းကျပ်စွာ ကိုင်ထားသဖြင့် ဆွဲထုတ်၍ မရကြောင်း တွေ့ရှိလိုက်ရသည်။
သူမက ခေါင်းငုံ့ကာ တိတ်ဆိတ်နေလိုက်သည်။
သူမက မည်မျှပင် လွတ်လပ်ပေါ့ပါးနေပါစေ ဤအခိုက်အတန့်တွင် နန်ကုန်းယွီကို မကြည့်ရဲခဲ့ချေ။
နန်ကုန်းယွီက ပြုံးကာ ပြောဆိုလိုက်၏။
"ကျွန်တော် အသက်ဆယ့်လေးနှစ် ရှိနေပြီ... အဒေါ်ကို တစ်ခါမှ မမြင်ဖူးသလို သူမရဲ့ နာမည်ကိုတောင် မကြားဖူးဘူး... ဒီလိုလူတစ်ယောက် ရှိတယ်ဆိုတာလောက်ပဲ ကျွန်တော် သိခဲ့တာ... တကယ် ဆုံတွေ့ရလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဘူး..."
"အဒေါ်... ခုနက ဖြစ်သွားတဲ့ ကိစ္စက..."
နန်ကုန်းယွီက ဆက်ပြောရန် ပြင်လိုက်စဉ် ရှန်ကွမ်ယွဲ့ဟွာက လက်လှမ်းကာ သူ၏ ပါးစပ်ကို ပိတ်လိုက်ပြီး ပြောဆိုလာသည်။
"ဆက်မပြောပါနဲ့တော့... ဒါကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်ကြရအောင်... ဟုတ်ပြီလား..."
နန်ကုန်းယွီက ငုံ့ကြည့်လိုက်ရာ သူမ၏ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်နေသော အသွင်အပြင်ကို မြင်လိုက်ရပြီး အနည်းငယ် ရှုပ်ထွေးမသွားဘဲ မနေနိုင်ခဲ့ချေ။
သူတို့နှစ်ဦးက မည်သည့် စည်းကိုမှ မကျော်လွန်ခဲ့ချေရာ ဤအကြောင်းကို ပြောဆိုခြင်းက ဘာမှားနေသနည်း။
သူက ခေါင်းယမ်းကာ ရယ်မောလိုက်၏။
"စိတ်မပူပါနဲ့ အဒေါ်... အဒေါ်နဲ့ အမေက ပုံစံခွက်တစ်ခုတည်းက ထွက်လာသလို အရမ်းကို တူကြတာပဲ... ကျွန်တော်က အရင်က မမြင်ဖူးတာလည်း မဟုတ်ဘူးလေ..."
"မင်း... မင်းက ပြောရဲသေးတယ်ပေါ့..."
ရှန်ကွမ်ယွဲ့ဟွာက အနေရခက်ကာ ဒေါသထွက်သွားသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
"နေဦး... မင်းက ငါ့အစ်မရဲ့ ခန္ဓာကိုယ်ကို မြင်ဖူးတယ်ပေါ့... သားတွေ ကြီးလာရင် အမေတွေကို ရှောင်သင့်တယ်လို့ ပြောကြတာ မဟုတ်ဘူးလား..."
ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်၏။
"ကျွန်တော် အသက်ရှစ်နှစ် မတိုင်ခင်... အမေ မြင့်မြတ်နယ်မြေကို မသွားခင်တုန်းက သူမက ကျွန်တော့်ဆီက ဘာမှ မဖုံးကွယ်ခဲ့ဘူး... သူမက ကျွန်တော့်ကို အရမ်း အလိုလိုက်ခဲ့လို့ ဖြစ်နိုင်ပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော် မွေးတဲ့နေ့ အဖေဆုံးပြီးတဲ့နောက်မှာ သူမက ကျွန်တော်တွက်ရာရာပါပဲ.."
"ခဲအို..."
"ခဲအို သေပြီလား..."
နန်ကုန်းယွီက အနည်းငယ် ခါးသီးနေပုံရသည်။
အမှန်တော့ အကယ်၍ သူသာ နှစ်ရက်၊ သုံးရက်လောက် စောမွေးခဲ့လျှင် ဤအရာက ဖြစ်လာခဲ့မည် မဟုတ်ပေ။
"ဒါပေမဲ့..."
ဤသတင်းကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာက တားမြစ်နယ်မြေနံဘေးတွင် ရပ်နေသော နန်ကုန်းယွီကို မဖက်ထားဘဲ မနေနိုင်ခဲ့ချေ။
ဤအခိုက်အတန့်တွင် သူမ၏ ရှေ့ရှိ လူနှင့် အဘယ်ကြောင့် ဤမျှ နီးကပ်နေကြောင်းကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ခုနက ဖြစ်သွားသော ကိစ္စအပြင် အကြီးမားဆုံး အကြောင်းရင်းမှာ သူက သူမ အစ်မ၏ ကလေးဖြစ်နေသောကြောင့် ဖြစ်နိုင်ပေသည်။
သူမက ရောနှောနေသော ခံစားချက်များကို ခံစားလိုက်ရသော်လည်း ထို့နောက် တစ်စုံတစ်ခုက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး သူမက အလိုအလျောက် ပို၍ သက်သာရာရသွားခဲ့၏။ သူမ၏ မျက်နှာက အနည်းငယ် နီရဲသွားပြီး သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။
‘သူက ငါ့အစ်မရဲ့ ကလေးဖြစ်သလို ငါ့ရဲ့ တူလဲဟုတ်တာပဲ... ငါ့အစ်မက ဖုံးကွယ်မထားမှတော့ ငါက ဘာလို့ ဖုံးကွယ်ထားရမှာလဲ။’
"ငါ့တူ မြင်သွားတော့ရော ဘာဖြစ်လဲ..."
"လုံလောက်ပြီ..."
"ဒါဆို ပြီးသွားပြီပေါ့..."
ရှန်ကွမ်ယွဲ့ဟွာက ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီးနောက် အလျင်အမြန် နားလည်သွားကာ သူမ၏ အစပိုင်းက ရှက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး နန်ကုန်းယွီကို ပွင့်ပွင့်လင်းလင်းနှင့် ယုံကြည်မှုရှိရှိ ဖက်ထားနိုင်စေခဲ့၏။
အနည်းငယ် စိတ်ဓာတ်ကျနေပုံရသော နန်ကုန်းယွီကို ကြည့်ရင်း သူမက သူ့ကို အရင်က နမ်းခဲ့ဖူးသည်ကို ဝေဝါးစွာ မှတ်မိသွားပြီး သူမ၏ လှပသော မျက်နှာလေးက အနည်းငယ် နီရဲသွားသော်လည်း သူမ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုလည်း ပေါ်လာခဲ့သည်။
သို့သော် ထို့နောက် သူမက ပြုံးကာ ပြောဆိုလိုက်၏။
"ဝမ်းမနည်းပါနဲ့... မင်းအမေအပြင် မင်းမှာ အဒေါ် ရှိသေးတယ်လေ..."
"အခုကစပြီး ငါနဲ့ ငါ့အစ်မက မင်းကို အတူတူ မြတ်နိုးပြီး ချစ်ကြမယ်... ငါတို့အားလုံးက မင်းရဲ့ မိသားစု ဖြစ်လာမှာပါ"
ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီက တောက်ပစွာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။
"ကျေးဇူးတင်ပါတယ် အဒေါ်... အဒေါ်က ကျွန်တော့်ကို ဒီလောက်ထိ သဘောကျတယ်ဆိုတာ သိရင် အမေ အရမ်း ပျော်သွားမှာပဲ..."
"အင်း..."
ရှန်ကွမ်ယွဲ့ဟွာက ခေါင်းညိတ်လိုက်သော်လည်း ထို့နောက် အကြောင်းပြချက် တစ်ခုခုကြောင့် သူမ၏ နားရွက်များက နီရဲသွားခဲ့သည်။
"ကောင်းပြီ… ဒီ နေရာကနေ ထွက်ဖို့ နည်းလမ်း အရင်ရှာကြရအောင်... မင်းရဲ့ အသက်ကို ကြည့်ရတာ ငါ ဒီနေရာမှာ အနည်းဆုံး ဆယ့်ငါးနှစ်လောက် ပိတ်မိနေခဲ့ပြီ ထင်တယ်..."
ဤသည်ကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"အဒေါ်... အဒေါ် အဆက်အသွယ် ပြတ်သွားတာ ဆယ်နှစ်ကျော်ပြီ... အမေနဲ့ တခြားသူတွေက အရမ်း စိတ်ပူနေခဲ့ကြတာ... ဒါပေမဲ့ အဒေါ် ဒီနေရာမှာ ပိတ်မိနေလိမ့်မယ်လို့ သူတို့ တစ်ခါမှ မထင်ခဲ့ဘူး..."
"ငါလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး... အဲဒီတုန်းက ငါ ဟင်းလင်းပြင် လှိုင်းဂယက်ထဲကို အမှတ်မထင် ရောက်သွားခဲ့တယ်... ငါ နိုးလာချိန်တွင် လမ်းပျောက်နေခဲ့ပြီး ဆေးလုံးတစ်လုံးကို အမှတ်မထင် မျိုချမိလို့ ဒီနေရာမှာ ပိတ်မိသွားတာပဲ..."
ရှန်ကွမ်ယွဲ့ဟွာ၏ အမူအရာက ရှုပ်ထွေးနေပြီး ရှက်ရွံ့မှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေသည်။
"တကယ်လို့ ငါသာ ရေခဲကုတင်က အဆိပ်ကို ဖိနှိပ်နိုင်တယ်ဆိုတာ မသိခဲ့ရင် ငါ သေတာ ကြာလောက်ပြီ...မဟုတ်ရင် မင်းနဲ့ ဘယ်လိုလုပ် ဆုံတွေ့နိုင်ပါ့မလဲ ယွီအာ..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်၏။
"အဒေါ်... ဒါက ကျွန်တော်တို့ ဆုံတွေ့ဖို့ ရေစက်ပါလာတာလို့ ဆိုလိုတာ မဟုတ်ဘူးလား... မဟုတ်ရင် အဒေါ် ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ဆယ်နှစ်ကျော် ပိတ်မိနေပြီးတော့မှ ကျွန်တော်နဲ့ အမှတ်မထင် လာဆုံနိုင်မှာလဲ..."
"အဲဒါပဲလေ..."
ရှန်ကွမ်ယွဲ့ဟွာက ပြုံးကာ ပြောဆိုလိုက်သည်။
"ငါနဲ့ ငါ့ရဲ့ ယွီအာက တကယ်ပဲ ရေစက် တော်တော် ပါကြတာပဲ..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလိုက်၏။
"အဒေါ် ခဏလောက် ဒုက္ခခံရဦးမယ်... ရက်အနည်းငယ်ကြာရင် ကျွန်တော် မြင့်မြတ်နယ်မြေကို သွားပြီး အဒေါ်ကို အမေနဲ့ တခြားသူတွေဆီ ခေါ်သွားမယ်... သူတို့ အရမ်း ပျော်သွားကြမယ် ထင်တယ်..."
"ကောင်းပြီ... မင်း ပြောသလိုပဲ လုပ်ပါ..."
ရှန်ကွမ်ယွဲ့ဟွာက ပြုံးလိုက်ပြီး ငြင်းဆန်ခြင်း မရှိသလို ထပ်မံ မေးမြန်းခြင်းလည်း မရှိခဲ့ချေ။ ဆွေမျိုးတော်စပ်မှုကြောင့် ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ သူမက နန်ကုန်းယွီကို အစကတည်းက ယုံကြည်ခဲ့ပေသည်။
နန်ကုန်းယွီက သူမကို ဘယ်တော့မှ အန္တရာယ်ပြုမည် မဟုတ်ကြောင်းကို သူမ ယုံကြည်ခဲ့၏။
သူတို့နှစ်ဦးက လက်ချင်းချိတ်ကာ စိတ်ခံစားမှုခုနစ်ပါး နန်းဆောင်မှ ထွက်လာချိန်တွင် နန်းဆောင်အတွင်း သိမ်းဆည်းထားသော ရတနာများ အားလုံးကို ရှဲဒိုးချမ်း(ယင်းမေ့) ၏ အမိန့်အရ အခြား နတ်ဘုရားအရိပ်တမန်တော်များက လုယူသွားခဲ့ကြပြီ ဖြစ်သည်။
လျှို့ဝှက်နယ်မြေအတွင်းရှိ ရတနာများနှင့် ပတ်သက်၍မူ နန်ကုန်းယွီက ထိုပစ္စည်းများကို မထိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မလိုအပ်သောကြောင့်ပင်။
စိတ်ခံစားမှုခုနစ်ပါး နန်းဆောင်မှ ထွက်လာပြီးနောက် နန်ကုန်းယွီက လက်ကို မြှောက်ကာ စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ကို ဆင့်ခေါ်လိုက်ရာ လေထဲတွင် ပျံသန်းလာပြီး မျှော်စင်ငယ်လေးအဖြစ် ပြောင်းလဲကာ သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာခဲ့သည်။
စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်နှင့် ကောင်းကင်နှင့်မြေကြီးကို ပိတ်လှောင်ခြင်း ဝင်္ကပါတို့၏ အထောက်အပံ့ မရှိတော့သဖြင့် အဖြူရောင် နေရာလွတ်က ချက်ချင်း ပြိုကွဲသွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်မှ ပြုတ်ကျလာကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားကြ၏။
အကယ်၍ သူတို့၏ သင့်တင့်လျောက်ပတ်သော ခန္ဓာကိုယ်ကျင့်ကြံမှုသာ မရှိခဲ့လျှင် သူတို့က သေချာပေါက် သေဆုံးပြီး ပျက်စီးသွားလောက်ပေသည်။သို့တိုင်အောင် သူတို့က ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သော်လည်း ထင်ယောင်ထင်မှား ကမ္ဘာထဲတွင် ပိတ်မိနေဆဲဖြစ်ကာ ရုန်းထွက်၍ မရနိုင်ခဲ့ချေ။
သေချာတာပေါ့... ချင်းလင် အပါအဝင် လူငါးယောက်ကလွဲလို့ပေါ့။
သူတို့က နန်ကုန်းယွီထံမှ အထူး ပြုစုစောင့်ရှောက်မှုကို ရရှိခဲ့ပြီး သူ၏ နံဘေးတွင် ဖြည်းညင်းစွာ ဆင်းသက်လာခဲ့ကြသည်။
ဤသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ဟွာက အံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်၏။
"ယွီအာ... ဘာတွေ ဖြစ်နေတာလဲ..."
"အဒေါ်... ဒီလိုပါ..."
နန်ကုန်းယွီက စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေနှင့် သူ ဝင်ရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ရှင်းပြလိုက်သော်လည်း စိတ်ခံစားမှုခုနစ်ပါး မိစ္ဆာသခင်က ခန္ဓာကိုယ်ကို သိမ်းပိုက်သည့် ကိစ္စကိုမူ ထည့်မပြောခဲ့ချေ။
"ငါ နားလည်ပြီ... ဒါဆို မင်းက တကယ်ပဲ စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေမှာ အကြီးမားဆုံး အခွင့်အရေးကို ရခဲ့တာပေါ့..."
ရှန်ကွမ်ယွဲ့ဟွာက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
သို့သော် နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်၏။
"မဟုတ်ပါဘူး... ကျွန်တော့်အတွက်တော့ စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေရဲ့ အကြီးမားဆုံး အခွင့်အရေးက စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင် မဟုတ်ပါဘူး..."
"အိုး..."
ရှန်ကွမ်ယွဲ့ဟွာက နန်ကုန်းယွီကို အံ့အားသင့်မှုနှင့် သံသယများဖြင့် ကြည့်လိုက်ရာ နန်ကုန်းယွီက ပြုံးကာ ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။
"ကျွန်တော့်အတွက်ကတော့ စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေထဲ ဝင်ပြီး အဒေါ်နဲ့ ဆုံတွေ့ရတာက အကြီးမားဆုံး အခွင့်အရေးပါပဲ..."
"ဟီးဟီး... မင်းက စကားတော်တော် တတ်တာပဲ..."
ရှန်ကွမ်ယွဲ့ဟွာ၏ ငွေရောင် ခေါင်းလောင်းလေးကဲ့သို့ ရယ်မောသံက ထွက်ပေါ်လာပြီး သူမ၏ လှပသော မျက်နှာလေးတွင် အပြုံးများ ပြည့်နှက်နေ၏။ သူမက နန်ကုန်းယွီ၏ လက်ကို တင်းကျပ်စွာ ကိုင်ထားပြီး မလွှတ်ပေးသည့်အပြင် အနည်းငယ်ပင် ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
နန်ကုန်းယွီက ပြုံးလိုက်သည်။ သူ မှန်ပေသည်။ တာအို ရတနာတစ်ခုနှင့် ယှဉ်လျှင် ချစ်ခင်ဂရုစိုက်တတ်သော မိသားစုဝင် တစ်ယောက်ရှိခြင်းက သူ၏ အကြီးမားဆုံး အခွင့်အရေး ဖြစ်သည်မှာ အမှန်ပင်။
ရယ်မောပြီးနောက် ရှန်ကွမ်ယွဲ့ဟွာက သူမ၏ နံဘေးတွင် မှင်သက်စွာ ရပ်နေသော လူငါးယောက်ကို ကြည့်လိုက်၏။
"ယွီအာ... ဒီလူငါးယောက်က တစ်ခုခု ထူးခြားမှု ရှိရမယ် မဟုတ်လား..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"အဒေါ်... ဒီလူငါးယောက်ထဲက နှစ်ယောက်က ကျွန်တော့်ရဲ့ အစေခံမလေးတွေ၊ နှစ်ယောက်က ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲတွေဖြစ်ပြီး ကျန်တစ်ယောက်ကတော့ လောလောဆယ် ကျွန်တော့်ရဲ့ သူငယ်ချင်းပါ..."
ရှန်ကွမ်ယွဲ့ဟွာက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း နားမလည်နိုင်သော အမူအရာဖြင့် မေးမြန်းလိုက်၏။
"ကြည့်ရတာ သူတို့က ထင်ယောင်ထင်မှား ကမ္ဘာထဲကနေ မရုန်းထွက်နိုင်သေးဘူး ထင်တယ်... မင်းက စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ကို ထိန်းချုပ်ထားတာ မဟုတ်ဘူးလား..."
နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်သည်။
"သူတို့ရဲ့ ကျင့်ကြံမှုက အရမ်း မြန်မြန် တိုးတက်လာပေမဲ့ သူတို့ရဲ့ စိတ်နေသဘောထားက အရမ်း အားနည်းလွန်းတယ်... သူတို့ရဲ့ စိတ်နေသဘောထားကို သွေးတိုးစမ်းခွင့် ပြုလိုက်ပါ..."
ဤနေရာတွင် နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီး ရှန်ကွမ်ယွဲ့ဟွာကို ကြည့်ကာ ပြုံးရင်း မေးမြန်းလိုက်၏။
"အဒေါ်... အဒေါ်ကရော စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ရဲ့ ထင်ယောင်ထင်မှား ကမ္ဘာထဲကို ဝင်စမ်းကြည့်ချင်လား…’’
အခန်း (၁၇၄) မမျှော်လင့်ထားသော အလှည့်အပြောင်းများ
နန်ကုန်းယွီ၏ စကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ဟွာက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြုံးကာ ပြောဆိုလိုက်၏။
"စမ်းကြည့်ချင်ပါတယ်... ဒါပေမဲ့ ငါတို့ အပြင်ထွက်တော့မှာ မဟုတ်ဘူးလား... အဲဒါက အချိန်ကိုပိုပြီး နှောင့်နှေးသွားစေမှာ မဟုတ်ဘူးလား..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ လက်ကို မြှောက်ကာ စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ကို ညွှန်ပြရင်း ပြုံးကာ ပြောဆိုလိုက်သည်။
"စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ထဲမှာ နေရာလွတ်တစ်ခု ရှိပါသေးတယ်... အဒေါ် စမ်းကြည့်ချင်သရွေ့တော့ စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ထဲမှာ အချိန်အတိုင်းအတာ တစ်ခုအထိ နေလို့ ရပါတယ်..."
"အော်... ငါ နားလည်ပြီ"
ရှန်ကွမ်ယွဲ့ဟွာက ရုတ်တရက် နားလည်သွားပြီး ရယ်မောလိုက်၏။
"ဒါဆို ငါ့လဲ ဝင်မယ်လေ... မင်း မြင့်မြတ်နယ်မြေကို သွားပြီးတဲ့နောက် ဒါမှမဟုတ် ငါ့အစ်မကို တွေ့ပြီးတဲ့အခါမှ ငါ့ကို အပြင်ပေးထွက်... ငါလည်း ဒီထင်ယောင်ထင်မှားကမ္ဘာကို စမ်းသပ်ကြည့်ချင်သေးတယ်..."
"ရတာပေါ့..."
နန်ကုန်းယွီက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
ရှန်ကွမ်ယွဲ့ဟွာက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီ၏ လက်ကို လွှတ်ကာ သူ့ကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
နန်ကုန်းယွီက စိတ်ထဲမှ အနည်းငယ် တွေးတောလိုက်ပြီး စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်၏ စွမ်းရည်ကို တိုက်ရိုက် အသက်သွင်းလိုက်ကာ ရှန်ကွမ်ယွဲ့ဟွာကို ပျော်ရွှင်ခြင်း ထင်ယောင်ထင်မှားကမ္ဘာထဲသို့ ဆွဲသွင်းလိုက်သည်။
ထို့နောက် သူက စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်မှတစ်ဆင့် ရှန်ကွမ်ယွဲ့ဟွာ၏ ထင်ယောင်ထင်မှားကမ္ဘာကို တစ်ချက်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများ တွန့်ကွေးမသွားဘဲ မနေနိုင်ခဲ့ချေ။
"ဒီစိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်က တစ်ခုခုတော့ ကြံစည်နေပြီ..."
"အဒေါ် နိုးလာတဲ့အခါ ကျွန်တော့်ကို အထင်လွဲသွားမှာတော့ မဟုတ်ဘူးမလား..."
နန်ကုန်းယွီက တစ်ခဏမျှ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ထင်ယောင်ထင်မှားကမ္ဘာကို ကိုယ့်သဘောဖြင့် ဝင်ရောက်မပြင်ဆင်တော့ဘဲ သဘာဝအတိုင်း ဆက်လက်ဖြစ်ပေါ်စေလိုက်၏။
သူက ရှန်ကွမ်ယွဲ့ဟွာနှင့် အခြားခြောက်ဦးကို စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်ထဲသို့ ပေါ့ပေါ့ပါးပါးပြန် ထည့်သွင်းလိုက်ပြီး သူတို့၏ စိတ်နေသဘောထားကို စမ်းသပ်ရန် သင့်လျော်သော အခက်အခဲရှိသည့် စိတ်ခံစားမှုခုနစ်ပါး စမ်းသပ်မှုကို ဆက်လက် ခံယူစေလိုက်သည်။
ထို့နောက် သူက လျှို့ဝှက်နယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက တောက်ပသွားခဲ့၏။
"သူတို့အထဲမှာ ချင်းယိုအင်ပါယာက လူ ဒါဇင်ပေါင်းများစွာ ပါဝင်နေတယ်... သူတို့ရဲ့ ထင်ယောင်ထင်မှားကမ္ဘာကို ခွဲဖြတ်လိုက်ပြီး လျှို့ဝှက်နယ်မြေထဲက ရတနာတချို့ကို ရှာဖွေခွင့် ပေးလိုက်တာပေါ့..."
နန်ကုန်းယွီက စကားပြောရင်း ဟင်းလင်းပြင်နယ်ပယ်ထဲသို့ ပျောက်ကွယ်သွားချိန်တွင် ချင်းယိုအင်ပါယာ တော်ဝင်မိသားစုမှ အဖွဲ့ဝင်များက တစ်ယောက်ပြီး တစ်ယောက် နိုးထလာကြသည်။
အခြားသူများနှင့် ပတ်သက်၍မူ သူတို့က ထင်ယောင်ထင်မှားကမ္ဘာထဲတွင် ရှိနေဆဲပင်။
စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်၏ ဆက်လက်ထိန်းချုပ်မှု မရှိဘဲနှင့် နန်ကုန်းယွီ၏ ဝင်ရောက်စွက်ဖက်မှု မရှိသော်လည်း သူတို့အတွင်းရှိ ထင်ယောင်ထင်မှား စွမ်းအားများက စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ ပိတ်သွားသည်အထိ ဆက်လက် ထိန်းသိမ်းထားနိုင်ပေသည်။
နန်ကုန်းယွီသည် ဟင်းလင်းပြင်နယ်ပယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ရှေ့တွင် စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်က လည်ပတ်နေကာ လျှို့ဝှက်နယ်မြေအတွင်းရှိ ကျင့်ကြံသူများထံမှ ထွက်ပေါ်လာသော စိတ်ခံစားမှုခုနစ်ပါး၏ စွမ်းအားများကို စုပ်ယူနေခဲ့၏။
သူက အရင်က ရရှိထားသော စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်၏ မူလစွမ်းအင် ၃၀ ရာခိုင်နှုန်းကို စုပ်ယူရန် ပစ်ထည့်လိုက်ပြီးနောက် လောကနိယာမကို ဆက်လက် နားလည်သဘောပေါက်ရန် နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။
သူက လျှို့ဝှက်နယ်မြေထဲမှ အတင်းအကျပ် ထွက်သွားနိုင်သလို ဟင်းလင်းပြင် လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုနိုင်သော်လည်း ယခုအချိန်တွင် မလိုအပ်ချေ။
‘ဒီနေရာမှာပဲ နေပြီး လောကနိယာမကို ရက်အနည်းငယ်ကြာ တိတ်ဆိတ်စွာ တွေးတောဆင်ခြင်လိုက်မယ်။ စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ ပိတ်သွားမယ့်အချိန်နဲ့ စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင် ပြန်ပွင့်လာမယ့်အချိန်ကို စောင့်တာပေါ့... အပြင်ထွက်ဖို့ အလျင်စလို လုပ်နေစရာ မလိုဘူး…’
စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ။
ချင်းယို ဧကရာဇ်မိသားစုမှ ခေါ်ဆောင်လာသော လူအားလုံးက နိုးထလာကြပြီး စိမ်းသက်နေသော လျှို့ဝှက်နယ်မြေကို အံ့အားသင့်မှုနှင့် သံသယများဖြင့် ကြည့်လိုက်ကြ၏။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ..."
"စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေမှာ စမ်းသပ်မှု ခုနစ်ခု ရှိတယ်လို့ ကောလာဟလ ထွက်နေတာလေ... ငါက ပထမဆုံး စမ်းသပ်မှုကိုတောင် မအောင်မြင်သေးဘူး မဟုတ်လား... ဘာလို့ မြင်ကွင်းက ရုတ်တရက် ပြောင်းသွားတာလဲ... စမ်းသပ်မှုတွေက ပြောင်းလဲသွားလို့များလား..."
"နေဦး... အဝေးက လူတွေက ဘယ်သူတွေလဲ..."
လူစုက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မကြာမီ နိုးထလာသော အခြားသူများကို တွေ့လိုက်ရပြီး သူတို့အားလုံးက အတူတကွ စုဝေးသွားကြသည်။
"စတုတ္ထမြောက် ဦးရီးတော်… ဦးရီးတော် လည်း နိုးနေတာလား..."
"အင်း... ဘာတွေဖြစ်သွားလဲဆိုတာ ငါ သိချင်မိတယ်... ကြည့်ရတာ ငါတို့အားလုံး ထင်ယောင်ထင်မှား စမ်းသပ်မှုကနေ လွတ်မြောက်လာပြီး အခု အစစ်အမှန် စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေထဲကို ရောက်နေတာ ဖြစ်ရမယ်..."
"ငါတို့ အခု ဘာလုပ်ကြမလဲ... တကယ်လို့ စမ်းသပ်မှုကို ကျရှုံးရင် အခွင့်အရေးရတနာတွေကို လက်လွတ်ရမှာလား..."
"ငါ မသိဘူး... စမ်းသပ်မှုကို အောင်မြင်သူအားလုံးက ငါတို့ ချင်းယိုအင်ပါယာက လူတွေချည်းပဲ ဖြစ်နေပုံရတယ်... ဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး..."
"ငါ တွေးကြည့်တာ... တစ်ယောက်ယောက်ကို သတ်ပြီး ရတနာကို လုယူလိုက်ရင်ရော ဘယ်လိုလဲ..."
တစ်စုံတစ်ယောက်က အကြံပြုလိုက်သော်လည်း သူက ဝေဝါးနေဆဲဖြစ်သော အဝေးမှ လူများကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် လောဘနှင့် သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
"ဒါက နည်းနည်း မသင့်တော်ဘူး မဟုတ်လား..."
"ကိစ္စကြီးတစ်ခုလို့တော့ ငါ မထင်ဘူး... ဒါပေမဲ့ သူတို့အားလုံးကို ငါတို့ သတ်ပစ်လို့ မရနိုင်ဘူးလေ... ဟုတ်တယ်မလား..."
"အဲဒီလို မလုပ်တာ အကောင်းဆုံးပဲ... တကယ်လို့ အထဲမှာ ရန်သူတွေ ရှိနေရင်တော့ သူတို့ကို သတ်ပြီး ရှင်းရှင်းလင်းလင်း ဖြေရှင်းလိုက်လို့ ရတယ်..."
"အဲဒါ ကောင်းပါတယ်... ဒါပေမဲ့ နည်းနည်းတော့ လျှော့သင့်တယ်... လောဘကြောင့် မျက်ကန်း မဖြစ်စေနဲ့..."
"မှန်တယ်... ပြီးတော့ မင်းတို့ သတိမထားမိကြဘူးလား... ဒီ လျှို့ဝှက်နယ်မြေထဲမှာ သက်ရှိသတ္တဝါတွေ မရှိပေမဲ့ ဝိညာဉ်ဆေးပင်တွေ အတော်များများ ရှိနေတယ်... နေရာတိုင်းမှာ ရှိနေတယ်လို့တောင် ပြောလို့ရတယ်... ဒီအရာတွေကလည်း ငါတို့ရဲ့ အခွင့်အရေးတွေ မဟုတ်ဘူးလား..."
"ကောင်းပြီ... သတ်ဖြတ်တာတွေ တော်လောက်ပြီ... ဝိညာဉ်ဆေးပင်တွေကို သွားရှာပြီး တတ်နိုင်သလောက် အများကြီး ရအောင် ကြိုးစားကြစို့..."
"ကောင်းပြီ..."
"နားလည်ပါပြီ စတုတ္ထမြောက်ဦးရီးတော်.."
"ကျွန်တော်တို့ နားလည်ပါပြီ..."
...
ကောင်းကင်ထက်တွင် နန်ကုန်းယွီ၏ အသိစိတ်တစ်စက ဤမြင်ကွင်းကို သတိပြုမိသွားပြီး အနည်းငယ် ခေါင်းညိတ်လိုက်၏။
"သွေးဆောင်ဖြားယောင်းမှုတွေကို တွန်းလှန်နိုင်စွမ်းရှိတဲ့ စိတ်နေသဘောထားက အတော်လေး ကောင်းမွန်တာပဲ..."
သူက ကိုယ့်ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်ပြီး သူ၏ အာရုံစိုက်မှုကို ရုတ်သိမ်းကာ ချင်းလင်နှင့် အခြားခြောက်ဦး ပါဝင်နေသော ထင်ယောင်ထင်မှား စမ်းသပ်မှုအပေါ်သို့ အာရုံစိုက်လိုက်သည်။
သို့သော် သူ့ကို စိတ်ပျက်စေသည်မှာ ရှန်ကွမ်ယွဲ့ဟွာက သိသာထင်ရှားသော ဤထင်ယောင်ထင်မှားကမ္ဘာထဲတွင် ပိတ်မိနေဆဲဖြစ်ရာ အတော်လေး အဓိပ္ပာယ်မဲ့လွန်းလှပေသည်။
ထင်ယောင်ထင်မှားကမ္ဘာအတွင်း သူမ၏ မှတ်ဉာဏ်တစ်ခု ဖယ်ရှားခံလိုက်ရလို့များလား...မဟုတ်ရင် သူမက ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် အရှုံးပေးလိုက်ရတာလဲ…
နန်ကုန်းယွီက ခေါင်းယမ်းလိုက်ပြီး အခြားလူငါးယောက်ကို ကြည့်လိုက်ရာ သူတို့အားလုံးက ပျော်ရွှင်ခြင်း ထင်ယောင်ထင်မှားကမ္ဘာမှ လွတ်မြောက်သွားကြပြီး ဒေါသ ထင်ယောင်ထင်မှားကမ္ဘာထဲသို့ ဝင်ရောက်သွားကြသည်ကို တွေ့လိုက်ရ၏။
"အဲဒီတော့... သူတို့တွေ အားလုံးက ဒါ အတုမှန်း သိနေကြတာပေါ့လေ... တကယ်ပဲ..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်ရာ သူ၏ အမူအရာက အနည်းငယ် ရှုပ်ထွေးနေပြီး ဘာပြောရမည်ကိုပင် မသိဖြစ်နေခဲ့သည်။
"ထားလိုက်ပါတော့... သူတို့ကို ဆက်လုပ်ခိုင်းလိုက်..."
နန်ကုန်းယွီက ကိုယ့်ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်ပြီး ရှန်ကွမ်ယွဲ့ဟွာနှင့် အခြားခြောက်ဦး၏ ထင်ယောင်ထင်မှားကမ္ဘာပေါ်သို့ သူ၏ အသိစိတ်တစ်စကို အာရုံစိုက်ထားလိုက်ကာ ကျန်ရှိနေသော အာရုံစိုက်မှုအားလုံးကို လောကနိယာမအား နားလည်သဘောပေါက်ခြင်းအပေါ်တွင် စုစည်းထားလိုက်၏။
ဝိညာဉ်မြေခွေး မျိုးနွယ်စု၏ နယ်မြေတွင် ရှိနေစဉ်အတွင်း သူသည် အရိပ် နှင့် လေမိုးကြိုး နိယာမများကို ရာခိုင်နှုန်းပြည့် အထိ နားလည်သဘောပေါက်ခဲ့ပြီး ဤနိယာမသုံးခုကို လုံးဝ ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။
အခု သူက ဖြစ်ပေါ်ခြင်း နိယာမကို အရင်ဆုံး နားလည်သဘောပေါက်ရန် စီစဉ်နေခဲ့သည်။
သူ၏ တာအိုယန်နတ်ဆိုးမျက်လုံး၏ ကောက်ချက်ချနိုင်စွမ်းက ဖြစ်ပေါ်ခြင်း နိယာမ၏ အထောက်အပံ့ဖြင့် ပိုမိုအားကောင်းလာနိုင်မည်လားဆိုသည်ကို သူက သိမြင်ချင်နေခဲ့၏။ ထို့ပြင် ဤနိယာမက တာအိုယန်နတ်ဆိုးမျက်လုံးကို ပိုင်ဆိုင်ထားသော သူ့အတွက် နားလည်သဘောပေါက်ရန် ပို၍လွယ်ကူမည် ဖြစ်သည်။
"မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်..."
နန်ကုန်းယွီက တစ်စုံတစ်ခုကို တိုးတိတ်စွာ ရေရွတ်လိုက်ပြီး လောကနိယာမကို နားလည်သဘောပေါက်ခြင်း လုပ်ငန်းစဉ်တွင် စတင် နစ်မျောသွားခဲ့သည်။
...
တောင်တစ်သိန်း တောင်တန်းကြီး။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မည်သည့် ခြေရာမျှ ချန်ရစ်မထားခဲ့ချေ။
စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် လျှို့ဝှက်နယ်မြေ တံခါးပေါက်က ခရမ်းရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် နန်ကုန်းရိုရွှယ်က သုံးရက်တိုင်တိုင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
သူမက ပင်ပန်းနွမ်းနယ်ကာ စိုးရိမ်နေပုံရ၏။
"ပြီးတော့မှာပဲ... ရှောင်ယွီ ဘယ်လိုနေလဲဆိုတာ ငါ သိချင်မိတယ်..."
သူမ၏ ဘေးတွင် ချင်ဝူဟွေ့ကလည်း လျှို့ဝှက်နယ်မြေ တံခါးပေါက်ကို စူးစိုက်ကြည့်နေခဲ့သည်။
"မင်းသားက ကောင်းကင်ရဲ့ ကောင်းချီးပေးမှုကို ခံရတာပါ... အရာအားလုံး အဆင်ပြေသွားမှာပါ..."
သို့သော် သူက ထိုသို့ပြောလိုက်သော်လည်း သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေ၏။ မင်းသားကို ကာကွယ်ပေးရန်အတွက် လျှို့ဝှက်နယ်မြေထဲတွင် လျှို့ဝှက်ဆန်းကြယ်သူ မရှိဘူးလေ။
“အင်း... အဆင်ပြေမှာပါ…”
နန်ကုန်းရိုရွှယ်က ချင်ဝူဟွေ့ကို ဖြေကြားနေသည့်အလား၊ သို့မဟုတ် သူမကိုယ်သူမ ပြောနေသည့်အလား ခေါင်းညိတ်လိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် နန်ကုန်းယွီ ဝင်သွားသည်ကို မတားဆီးခဲ့မိသည့်အတွက် သူမ နောင်တရနေမိ၏။ သူမ တားဆီးခဲ့သင့်တာ။
သူတို့နှစ်ဦး စကားပြောနေစဉ် လျှို့ဝှက်နယ်မြေ တံခါးပေါက်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ရာ စောင့်ဆိုင်းနေသူများ၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။
"ဘာဖြစ်တာလဲ..."
"လျှို့ဝှက်နယ်မြေထဲမှာ ဘာဖြစ်သွားတာလဲ... လျှို့ဝှက်နယ်မြေ တံခါးပေါက်ရဲ့ အရောင်က ဘာလို့ ပြောင်းသွားတာလဲ..."
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
လျှို့ဝှက်နယ်မြေထဲမှာ အတိအကျ ဘာတွေဖြစ်သွားတာလဲ။
အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ကြသော မရေမတွက်နိုင်သည့် လူများက မတ်တတ်ရပ်လိုက်ကြပြီး လျှို့ဝှက်နယ်မြေ တံခါးပေါက်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြပေသည်။