အခန်း (၃၀၅-၃၀၆)
Vol. 31 Ch. 305-306
အခန်း (၃၀၅) - အထက်ကမ္ဘာ ၏ အပြင်ဘက်
"စီနီယာ... စီနီယာ က အထက်ကမ္ဘာ ရဲ့ ကမ္ဘာ့ ခံနိုင်ရည်အား ကို တိုးမြှင့်ဖို အစီအစဉ် ရှိတာလား..."
ဝူဟောက်၏ စကားကို ကြားချိန်တွင် ကောင်းကင်တာအို၏ အမူအရာ ပြောင်းလဲသွားပြီး မယုံနိုင်စွာဖြင့် မေးမြန်းလိုက်၏။
ဤသည်ကို ကြားချိန်တွင် ဝူဟောက်က ခေါင်းညိတ်လိုက်သည်။
"မှန်တယ်... အထက်ကမ္ဘာ ရဲ့ လက်ရှိ အခြေအနေကို မင်း အခု သိလောက်ပြီ... သွေးဝိညာဉ်ဂိုဏ်း က အထက်ကမ္ဘာ ကို ချိတ်ပိတ် ထားတယ် ၊ သွေးဝိညာဉ်ဂိုဏ်း ရဲ့ ရည်ရွယ်ချက်က အထက်ကမ္ဘာကို သူတိုရဲ့ ကမ္ဘာအဖြစ် သန့်စင်ဖိုပဲ... အဲဒီအချိန်ကျရင် သွေးဝိညာဉ်ဂိုဏ်း က ကောင်းကင်တာအို ဖြစ်တဲ့ မင်းကို ဘာဆက်လုပ်မယ်လို မင်း ထင်လဲ..."
ဝူဟောက်၏ စကားကို ကြားချိန်တွင် ကောင်းကင်တာအို၏ အမူအရာ ကြည့်ရဆိုးသွားခဲ့သည်။ ဝူဟောက် ပြောသည်မှာ မှန်ကန်ကြောင်းကို သူကိုယ်တိုင်လည်း သိသည်။
"စီနီယာ... အခြေအနေကို ကျွန်တော်လည်း သိပါတယ်... ဒါပေမဲ့ စီနီယာလည်း သိမှာပါ...သွေးဝိညာဉ်ဂိုဏ်းက အရမ်းကို စွမ်းအားကြီးတယ်... ကျွန်တော့်ကို ထည့်မပြောခင် ၊ စီနီယာတောင်မှ သူတိုနဲ့ ယှဉ်ရင် ဘာမှမဟုတ်လောက်ဘူး..."
ကောင်းကင်တာအို၏ အသံတွင် ခါးသီးမှုများ ပြည့်နှက်နေပြီး ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောဆိုလိုက်၏။
သိုသော် ဝူဟောက်သည် ၎င်းကို လုံးဝ ဂရုစိုက်ပုံမပေါ်ဘဲ ပြောဆိုလိုက်၏။
"အခု မင်းမှာ တခြား ရွေးချယ်စရာ ရှိလိုလား... ဒါမှမဟုတ် အထက်ကမ္ဘာ က သွေးဝိညာဉ်ဂိုဏ်း ရဲ့ ကမ္ဘာ ဖြစ်သွားတာကို ထိုင်ကြည့်ပြီး သေဖို စောင့်နေမလိုလား... ပြီးတော့ တစ်ချိန်တည်းမှာပဲ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဖျက်ဆီးတာကို ခံမလိုလား..."
ဤသည်ကို ကြားချိန်တွင် ကောင်းကင်တာအို ၏ အမူအရာ တည်ကြည်လေးနက်သွားခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူသည် ဝူဟောက်ကို ကြည့်ကာ လေးလံသော လေသံဖြင့် ပြောဆိုလိုက်၏။
"စီနီယာ... စီနီယာ က တကယ်ပဲ အထက်ကမ္ဘာ ရဲ့ ကမ္ဘာ့ ခံနိုင်ရည်အားကို တိုးမြှင့်ပေးနိုင်လိုလား..."
"ဟုတ်တယ်... အထက်ကမ္ဘာကို နတ်ဘုရားတွေ ခံနိုင်ရည်ရှိတဲ့ အဆင့်အထိ ငါ မြှင့်တင်နိုင်တယ်..."
ဝူဟောက်သည် မည်သည့် တုံဆိုင်းမှုမျှ မရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။
ဝူဟောက် စကားပြောဆိုပြီးသည်နှင့် ကောင်းကင်တာအိုသည် အသက်ပြင်းပြင်း ရှူရှိက်လိုက်ပြီး ၊ သူ၏ အမူအရာသည် တင်းမာသွားကာ နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်၏။
"စီနီယာ လုပ်နိုင်တယ်ဆိုမှတော့ သဘောအတိုင်းပါပဲ..."
"ဟုတ်ပြီ..."
ဝူဟောက်သည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်၏။
"ကမ္ဘာ့ ခံနိုင်ရည်အားကို တိုးမြှင့်တယ်ဆိုတာ ကမ္ဘာကြီးရဲ့ အခြေခံအုတ်မြစ် ပေါ်မှာ အခြေခံပြီး ကမ္ဘာ့ မူလရင်းမြစ် ရဲ့ စွမ်းအားကို တိုးမြှင့်တာကို ခေါ်တာပဲ..."
ကောင်းကင်တာအိုသည် ဝူဟောက်၏ အကြံအစည်များကို ချက်ချင်း နားလည်သွားခဲ့သည်။
သူ၏ အမူအရာမှာ အခိုက်အတန့်မျှ တုံဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သူ့ လက်ကိုဝှေ့ယမ်းလိုက်ပြီး ဝူဟောက်ကို အခြားကမ္ဘာတစ်ခုသို တိုက်ရိုက် ခေါ်ဆောင်သွားလေ၏။
ဤကမ္ဘာ၏ ဗဟိုတွင် နက်ရှိင်းသော အပြာရောင် အလင်းစက်လုံး တစ်ခု ပေါလောပေါ်နေပြီး ၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပါဝင်နေသည်။
သာမန် ကျင့်ကြံသူ တစ်ဦးသာ အနားကပ်သွားပါက ချက်ချင်း သန့်စင်ခံရနိုင်သည်။
"ဒါက ကမ္ဘာ့မူလရင်းမြစ်ပါ... စီနီယာ က ကမ္ဘာ့ မူလရင်းမြစ် ရဲ့ စွမ်းအားကို မြှင့်တင်ဖို ဘယ်လို နည်းလမ်းတွေ သုံးမလဲတော့ ကျွန်တော် မသိဘူး"
ကောင်းကင်တာအိုသည် ဝူဟောက်ကို လှည့်ကြည့်လိုက်သည်။
ဝူဟောက်သည် သူ၏ လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်ကာ လေထဲရှိ ကမ္ဘာ့ မူလရင်းမြစ် ၏ စွမ်းအားကို ခံစားကြည့်ပြီးနောက် အတန်ကြာမှ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်၏။
"ကမ္ဘာ့ မူလရင်းမြစ် ရဲ့ စွမ်းအားကို ဘယ်လို မြှင့်တင်ရမလဲ ဆိုတာ ငါ အခု သိပြီ..."
ဝူဟောက်က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ဤသည်ကို ကြားချိန်တွင် ကောင်းကင်တာအို ၏ မျက်လုံးများမှာ အရောင်လက်သွားခဲ့သည်။ သူသည် မေးခွန်းတစ်ခု မေးရန် ပြင်လိုက်စဉ် ဝူဟောက်မှာ တိတ်ဆိတ်သွားခဲ့၏။
"ကောင်းပြီ... ငါ အခု အထက်ကမ္ဘာ ကနေ ခဏလောက် ထွက်သွားဖို လိုတယ်... ငါ ပြန်လာနိုင်ဖို အနှစ်ငါးဆယ်လောက် ကြာလိမ့်မယ်လို မျှော်လင့်ရတယ်... ဒီအနှစ်ငါးဆယ် အတွင်းမှာ အထက်ကမ္ဘာ အဆင်ပြေဖို မျှော်လင့်ပါတယ်"
"ကျန်တာတွေ ငါ ပြန်လာမှ ဆက်ပြောကြတာပေါ့..."
ထိုသိုပြောပြီးနောက် ဝူဟောက်သည် ကမ္ဘာ့ မူလရင်းမြစ် ဟင်းလင်းပြင် မှ ပျောက်ကွယ်သွားလေ၏။ ကောင်းကင်တာအို သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ကမ္ဘာ့ မူလရင်းမြစ် ဟင်းလင်းပြင် မှ ထွက်ခွာလာခဲ့တော့သည်။
မည်သိုပင်ဆိုစေကာမူ ၊ ယခုအချိန်တွင် ဝူဟောက်ကို ယုံကြည်ရန်မှလွဲ၍ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။
"သွေးဝိညာဉ်ဂိုဏ်း ရဲ့ စွမ်းအားက ငါ ခုခံနိုင်စွမ်းထက် ကျော်လွန်နေတယ်... စီနီယာ ဝူ အနေနဲ့ သွေးဝိညာဉ်ဂိုဏ်း ကို အနိုင်ယူနိုင်ပါစေလိုပဲ ငါ မျှော်လင့်ပါတယ်..."
တစ်ချိန်တည်းမှာပင် ဝူဟောက်သည် ဖန်လိုင် အင်မော်တယ်ကျွန်း သို ပြန်ရောက်နေပြီဖြစ်သည်။ စူးချောင်ရန်သည် ဝူဟောက် ပြန်လာသည်ကို မြင်တွေ့ရချိန်တွင် ခဏတာ စိတ်လှုပ်ရှားသွားခဲ့သော်လည်း ဝူဟောက် ထွက်သွားတော့မည်ကို သူမ အလျင်အမြန် သဘောပေါက်သွားခဲ့၏။
စူးချောင်ရန် စကားမပြောနိုင်မီ ဝူဟောက်က အရင် ပြောဆိုလိုက်၏။
"ငါ အထက်ကမ္ဘာ ကနေ ခဏလောက် ထွက်သွားတော့မယ်..."
"နတ်ဘုရားကမ္ဘာ ကို သွားကြမလိုလား... ကျွန်မ လိုက်ခဲ့လို ရမလား..."
စူးချောင်ရန်၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သိုသော် ဝူဟောက်က လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
"လောလောဆယ်တော့ မင်း အထက်ကမ္ဘာ မှာပဲ နေသင့်တယ်... စူးမိသားစု က မင်းကို ရှာနေတယ် ဆိုတာ မင်း သိသင့်တယ်... ပြီးတော့ နတ်ဘုရားကမ္ဘာ က အရမ်း အန္တရာယ်များတယ်... တကယ်လို ငါ မင်းကို အဲဒီကို ခေါ်သွားရင် မင်းရဲ့ လုံခြုံရေးကို ငါ အာမခံနိုင်မှာ မဟုတ်ဘူး..."
ဝူဟောက်၏ အမူအရာမှာ ကူကယ်ရာမဲ့နေဟန် ရသည်။
ဤသည်ကို ကြားချိန်တွင် စူးချောင်ရန်မှာ မလိုလားသော်လည်း သူမ၏စိတ်ကို မျိုသိပ်ကာ ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် နေ၍ ဝူဟောက် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ တတ်နိုင်တော့သည်။
"ဒီလိုဆိုမှတော့ ရှင် အိမ်ပြန်လာမယ့် အချိန်ကို ကျွန်မ စောင့်နေပါ့မယ်... ကျေးဇူးပြုပြီး ဘေးကင်းလုံခြုံစွာ ပြန်လာခဲ့ပါ..."
"အင်း... ငါ ပြန်လာခဲ့ပါ့မယ်... နတ်ဘုရားကမ္ဘာ မှာ ငါ့ကို ထိခိုက်အောင် လုပ်နိုင်တဲ့သူ သိပ်မရှိပါဘူး..."
ဝူဟောက် က ပြုံးလိုက်၏။ သူ၏ ကိုယ်ပိုင် လုံခြုံရေးအတွက် သူ အာမခံနိုင်သော်လည်း စူးချောင်ရန်၏ လုံခြုံရေးကိုမူ သူ အာမ မခံနိုင်ချေ။
"အင်း..."
စူးချောင်ရန်သည် ခေါင်းညိတ်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားသည့်အလား ဝူဟောက်ထံသို သွားကာ ဝူဟောက်၏ နှုတ်ခမ်းသားများကို နမ်းရှုတ်လိုက်သည်။
ထိုနောက် စူးချောင်ရန်သည် မေးမြန်းလိုက်သည်။
" ရှင် ထွက်သွားမယ့်အကြောင်း ကလေးတွေကို ရှင်းပြဖို လိုသေးလား..."
"မလိုပါဘူး... အနှစ်ငါးဆယ်လောက်နေရင် ငါ ပြန်လာမှာပါ..."
ဝူဟောက်က လက်ကိုဝှေ့ယမ်းလိုက်၏။ အနှစ်ငါးဆယ်ဆိုသည်မှာ အထက်ကမ္ဘာ မှ သက်ရှိများအတွက် မျက်တောင်တစ်ခတ်မျှသာ ဖြစ်ပေသည်။
ထိုအပြင် ဝူဟောက်သည် သွေးဝိညာဉ်ဂိုဏ်း နှင့် ကံကြမ္မာရွေးချယ်ခံရသူတို၏ တိုက်ပွဲကို စောင့်ကြည့်ရန် ပြန်လာရန်လည်း စီစဉ်ထားသဖြင့် ထိုအခွင့်အရေးကို သူ သေချာပေါက် လက်လွတ်ခံမည် မဟုတ်ချေ။
မကြာမီ စူးချောင်ရန်သည် ဝူဟောက် ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သိုသော်လည်း သူမတွင် အခြားရွေးချယ်စရာ မရှိချေ။ သူမအနေဖြင့် ခင်ပွန်းဖြစ်သူကို ဒုက္ခမပေးလိုပေ။
"ငါ့ယောကျ်ားကို ကူညီဖို ငါက အားနည်းလွန်းနေသေးတယ်... တကယ်လို ငါသာ အင်မော်တယ် မဟာဧကရာဇ် ဒါမှမဟုတ် အင်မော်တယ် မဟာဧကရာဇ် ထက် သာလွန်တဲ့သူ တစ်ယောက် ဖြစ်ခဲ့ရင် ငါ့ယောကျ်ားလည်း ငါ့အတွက် ဒီလောက် စိတ်ပူနေစရာ မလိုတော့ဘူး..."
စူးချောင်ရန်၏ အမူအရာ တည်ကြည်လေးနက်သွားပြီး သူမကိုယ်သူမ တွေးတောလိုက်၏။ ထိုနောက် သူမသည် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ အင်မော်တယ် မဟာဧကရာဇ် အဆင့် သိုမဟုတ် အင်မော်တယ် မဟာဧကရာဇ်အထက် အဆင့်သို အမြန်ဆုံး ရောက်ရှိလိုခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း ဝူဟောက်သည် ကမ္ဘာ့အတားအဆီးသို ရောက်ရှိလာခဲ့သည်။ သူ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်တာအိုသည် သူ၏ရှေ့၌ ပေါ်ထွက်လာပြီး ဝူဟောက်ကို တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။
"စီနီယာ ဝူ... အကယ်၍ စီနီယာသာ အထက်ကမ္ဘာ ကနေ ထွက်သွားရင် ပြန်လာတဲ့အခါ အခက်အခဲလေးတွေ ရှိနိုင်တယ်..."
ဝူဟောက်နှင့် ရင်ဆိုင်ရစဉ်အတွင်း ၊ ကောင်းကင်တာအိုသည် ဝူဟောက်၏ နယ်ပယ်မှာ မြေကမ္ဘာနတ်ဘုရား ဖြစ်ကြောင်း သိရှိခဲ့ရသည်။
သိုသော် ဝူဟောက် လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
"ကိစ္စမရှိဘူး... ငါ့မှာ နည်းလမ်း ရှိတယ်..."
နှစ်ပေါင်းငါးဆယ်ပင် ကြာမြင့်သွားခဲ့ပြီဖြစ်ရာ ထိုအတောအတွင်း ဘာများဖြစ်လာမည်ကို သူ သိချင်မိသည်။ ဝူယီဖန်နှင့် အခြားသူများ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်သို ချိုးဖောက်တက်လှမ်းနိုင်ခြင်း ရှိ၊ မရှိမှာမူ အရေးကြီးလှသည်မဟုတ်ပေ။
ကောင်းကင်ဘုံဧကရာဇ် မဟာတာအိုကျမ်းစာ၏ စွမ်းအားကြောင့် သူသည် အထက်ကမ္ဘာသို ဝင်ရောက်သည့်တိုင်အောင် အထက်ကမ္ဘာမှ လူများမှာ သတိပြုမိလိမ့်မည် မဟုတ်ချေ။
ဤသည်ကို ကြားချိန်တွင် ကောင်းကင်တာအိုမှာ သဘောတူရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ ဝူဟောက်သည် အင်အား အနည်းငယ် ထုတ်သုံးလိုက်ရာ သူ့ရှေ့က ကမ္ဘာ့ အတားအဆီးတွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် လေပြင်းများသည် အက်ကွဲကြောင်းထဲမှ တိုက်ခတ်လာသော်လည်း ၊ ၎င်းတိုသည် ဝူဟောက်နှင့် ကောင်းကင်တာအို အပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။
ဝူဟောက်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို ဝင်ရောက်သွားသည်နှင့် အက်ကွဲကြောင်းသည် ဖြည်းညင်းစွာ ပြန်ပိတ်သွားခဲ့သည်။
"စီနီယာ ဝူ... ခရီးလမ်း ဘေးကင်းပါစေ"
အခန်း (၃၀၆) - တာအိုပုလင်း ၏ အသုံးဝင်မှု
"ဒါက နတ်ဘုရားကမ္ဘာ လား..."
သူ့ရှေ့က နတ်ဘုရားကမ္ဘာ ကို ကြည့်ကာ ဝူဟောက်၏ အမူအရာမှာ အလွန်တည်ကြည်လေးနက်သွားခဲ့သည်။
တိုက်ကြီး တစ်တိုက်တည်းဖြင့် ဖွဲ့စည်းထားသော အထက်ကမ္ဘာ သို့မဟုတ် အောက်ကမ္ဘာ နှင့် မတူဘဲ နတ်ဘုရားကမ္ဘာ သည် သူ၏ ယခင်ဘဝက မြင်တွေ့ခဲ့ရသော ကျယ်ပြောလှသည့် ကြယ်တာရာ ကောင်းကင်ယံ နှင့် ဆင်တူပေသည်။ အထက်ကမ္ဘာ ကို ပြန်ကြည့်လိုက်ပါက၊ ၎င်းသည် အလုံပိတ်ထားသော ဧရာမ စက်လုံးကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး အတွင်း၌ ဘာရှိသည်ကို မြင်နိုင်ရန် နည်းလမ်းမရှိကြောင်း သူ မြင်တွေ့လိုက်ရ၏။
"ထားလိုက်ပါတော့... နတ်ဘုရားကမ္ဘာ ကို အရင် စုဆောင်းကြတာပေါ့...ဥပဒေသ အကြောင်း နောက်မှ ပြောကြတာပေါ့...”
ဝူဟောက်သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီးနောက် တာအိုပုလင်း တစ်လုံးကို ထုတ်ယူလိုက်ရာ ဤအချိန်တွင် တာအိုပုလင်း သည် နောက်ဆုံး၌ အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။
တာအိုပုလင်းကို ထုတ်ယူပြီးနောက် ဝူဟောက်သည် ၎င်းကို မိမိ၏ရှေ့မှောက်၌ ဝဲပျံနေစေရန် ထိန်းချုပ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ စေခိုင်းမှုအောက်၌ တာအိုပုလင်းသည် ဟင်းလင်းပြင်အတွင်းသို့ အလွန်ပြင်းထန်သော စုပ်ယူအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး နတ်ဘုရားကမ္ဘာ၏ ဥပဒေသစွမ်းအင်များကို စတင်စုဆောင်းလိုက်သည်။
‘တာအိုပုလင်းရဲ့ စွမ်းအားကို အခြေခံပြီး နတ်ဘုရားကမ္ဘာရဲ့ ဥပဒေသတွေကို အတိုင်းအတာတစ်ခုအထိ စုဆောင်းလို့ရပြီ ၊ ဥပဒေသတွေကို အလုံအလောက်ရပြီးရင် တာအိုပုလင်းကို ဗဟိုချက်အဖြစ် အသုံးပြုပြီး မဟာအစီအရင်ဝင်္ကပါကြီးကို တည်ဆောက်မယ် ပြီးရင် နတ်ဘုရားကမ္ဘာရဲ့ ဥပဒေသစွမ်းအားနဲ့ အထက်ကမ္ဘာရဲ့ ကျင့်ကြံမှုနယ်ပယ် ချိုးဖောက်ဝင်ရောက်နိုင်မှုကို အမြင့်ဆုံးကန့်သတ်ချက်ထိရောက်အောင် မြှင့်တင်ပစ်မယ်...’
ဝူဟောက်သည် စိတ်ထဲကနေ တိတ်တဆိတ် စီမံကိန်းချလိုက်သည်။ ထို့နောက် မလုံလောက်သေးဘူးဟု တွေးကာ လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ နောက်ထပ် သူတော်စင်ပုလင်း လေးလုံး ထွက်ပေါ်လာပြီး နတ်ဘုရားကမ္ဘာ၏ ဥပဒေသစွမ်းအင်များကို အပြိုင်အဆိုင် စုပ်ယူကြတော့သည်။
မည်သို့ပင်ဆိုစေကာမူ ဝူဟောက်၏ အကြံအစည်မှာ မဟာမြင့်မြတ်နယ်မြေငါးခုတွင် အစီအရင်ဝင်္ကပါတစ်ခုစီ တည်ဆောက်ရန်ဖြစ်ပြီး၊ ထိုသေးငယ်သော ဝင်္ကပါငါးခုကို ပေါင်းစပ်ကာ မဟာဝင်္ကပါကြီးတစ်ခုအဖြစ် အသွင်ပြောင်းပြီး နတ်ဘုရားကမ္ဘာ၏ ဥပဒေသစွမ်းအားများကို အထက်ကမ္ဘာကြီးတစ်ခုလုံးအပေါ် သက်ရောက်ပျံ့နှံ့သွားစေရန် ဖြစ်သည်။
ထိုအရာအားလုံးကို အောင်မြင်စွာ လုပ်ဆောင်ပြီးနောက်တွင် ဝူဟောက်သည် သူတော်စင်ပုလင်းများကို သာမန်ရန်သူများ ဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက် မိမိ၏ နတ်ဘုရားစွမ်းအားအချို့ဖြင့် အကာအကွယ်အတားအဆီးများ ချန်ထားခဲ့ပြီးနောက် အဝေးသို့ ထွက်ခွာသွားလေသည်။ သူ၏ စီမံကိန်းအရ လုပ်ဆောင်ရမည့် နောက်ထပ်အရေးကြီးကိစ္စတစ်ခု ကျန်ရှိနေသေးသောကြောင့် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် အထက်ကမ္ဘာရှိ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေအတွင်း၌ လီဖန်ထျန်းတို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို ကြားသိရပြီးနောက် ကျန်းကျဲ၏ မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်သွားခဲ့သည်။
“အဲဒီစီနီယာ ပြောတဲ့စကားက တကယ်ပဲ သေချာလို့လား...”
“သေချာတာပေါ့။ ဒီလို ကြီးမားတဲ့ ကိစ္စမျိုးနဲ့ ပတ်သက်ပြီး မင်းကို လိမ်ညာလှည့်ဖြားစရာ အကြောင်းမှ မရှိတာ။ ဒီအစီအရင်ဝင်္ကပါကြီးကို တည်ဆောက်ပြီးတာနဲ့ စီနီယာက ကျန်တဲ့ပြဿနာတွေ အားလုံးကို သူ့အလိုလို ဖြေရှင်းပေးလိမ့်မယ် အဲဒီအချိန်ကျရင် ငါတို့အားလုံး အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ဒါမှမဟုတ် အဲဒီအဆင့်ထက် သာလွန်တဲ့ နယ်ပယ်အသစ်တွေဆီပါ ချိုးဖောက်ဝင်ရောက်နိုင်ကြလိမ့်မယ်...”
လီဖန်ထျန်းက အလွန်လေးနက်သော အမူအရာဖြင့် ရှင်းပြလိုက်ရာ၊ သူ၏ဘေးတွင် ရှိနေသည့် ကျွင်းရှောင်ယောင်နှင့် ချင်ဇီကျွင်းတို့ကလည်း ထောက်ခံသည့်အနေဖြင့် အသီးသီး ခေါင်းညိတ်ပြကြသည်။
“မှန်တယ်၊ ငါတို့ သုံးယောက်စလုံးလည်း ကိုယ်ပိုင်မြင့်မြတ်နယ်မြေတွေမှာ ဝင်္ကပါ တည်ဆောက်ဖို့ ပြင်ဆင်နေကြပြီ ၊ အဲ့တာ မင်းကိုပါ လာပြီး အသိပေးတာ ပြီးတော့ အဲဒီစီနီယာက မင်းရဲ့ သဘောတူညီချက်ကို တောင်းခံနေမှာ မဟုတ်ဘူး။ သူ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဒီအထက်ကမ္ဘာက ဘယ်အင်အားစုကမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး...”
ထိုစကားကို ကြားသောအခါ ကျန်းကျဲတစ်ယောက် မှင်သက်ကာ တိတ်ဆိတ်သွားခဲ့ရသည်။ လီဖန်ထျန်းတို့ တင်ပြလာသော အစီအစဉ်မှာ အမှန်တကယ်ပင် ကြီးမားကျယ်ပြန့်လွန်းလှသည်ကို ဝန်ခံရမည်ဖြစ်သည်။
သို့သော် အတန်ကြာ စဉ်းစားပြီးနောက်တွင်မူ ကျန်းကျဲက ပြတ်သားသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“ငါ နားလည်ပြီ ငါတို့ဘက်က ဝင်္ကပါအပိုင်းကို ငါကိုယ်တိုင် အမြန်ဆုံး စီမံမယ်...”
“ကောင်းပြီ... ဒါကတော့ အစီအရင်ဝင်္ကပါရဲ့ ပုံစံကားချပ်ပဲ...”
လီဖန်ထျန်းက ပြောပြောဆိုဆိုဖြင့် လက်ကို ဆန့်ထုတ်လိုက်ကာ ဝင်္ကပါပုံစံကားချပ်၏ လျှို့ဝှက်ချက်များကို ကျန်းကျဲ၏ စိတ်အာရုံထဲသို့ တိုက်ရိုက် ပို့လွှတ်ပေးလိုက်သည်။ ထိုဝင်္ကပါပုံစံကားချပ်၏ ဆန်းပြားလှသော တည်ဆောက်ပုံကို မြင်တွေ့လိုက်ရချိန်တွင် ကျန်းကျဲတစ်ယောက် ရင်သပ်ရှုမောဖြစ်ကာ အသက်ရှူနှုန်းပင် မြန်ဆန်လာခဲ့ရသည်။
အကယ်၍ ယခင်က သူ၏ရင်ထဲ၌ သံသယအနည်းငယ် ရှိခဲ့ဦးမည်ဆိုလျှင်ပင်၊ ယခု ဤဝင်္ကပါပုံစံကားချပ်ကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ မည်သည့်သံသယမျှ ရှိမနေတော့ပေ။ ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး နက်နဲဆန်းပြားလှသော မဟာအစီအရင်မျိုးမှာ ၎င်းတို့ မဟာမြင့်မြတ်နယ်မြေငါးခု၏ အစွမ်းအစဖြင့် ဖန်တီးနိုင်သော အရာမျိုး မဟုတ်သောကြောင့် ဖြစ်သည်။
မိမိတို့တစ်တွေ မကြာမီအချိန်အတွင်း အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်တော့မည်ဟူသော အသိကြောင့် ကျန်းကျဲသည် ဆက်လက်တွေဝေမနေတော့ဘဲ၊ လီဖန်ထျန်းတို့နှင့်အတူ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေဆီသို့ အလျင်အမြန် လိုက်ပါသွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအတွင်း၌ လုရန်သည် တစ်ခုခု ထူးခြားတော့မည့်အလား ရင်ထဲ၌ မသက်မသာ ခံစားနေရ၏။
သူ ဘာဖြစ်သည်ကို အာရုံမခံနိုင်သေးမီမှာပင် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ၏ အထက်ကောင်းကင်ယံမှနေ၍ အားကောင်းလှသော တာအိုအရှိန်အဝါ လေးခု၏ ဖိအားများ ရုတ်တရက် သက်ရောက်ကျဆင်းလာသည်ကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားမိသည်။
“ဒီကောင်လေးယောက် ငါ့ဆီ အလုံးအရင်းနဲ့ ရောက်လာကြပါလား... ဘာအရေးကြီးကိစ္စ ရှိလို့လဲ...”
လုရန်သည် လီဖန်ထျန်းနှင့် သူ၏အဖွဲ့ကို သဘာဝကျကျပင် ကောင်းစွာ ရင်းနှီးကျွမ်းဝင်သူဖြစ်သဖြင့် ၎င်းတို့ ရောက်ရှိလာသည်နှင့် ချက်ချင်း ထွက်ကြိုဆိုခဲ့သည်။ ထို့နောက် ကျန်းကျဲနည်းတူပင် အကျိုးအကြောင်း သတင်းစကားကို ကြားသိရချိန်တွင် သူ၏မျက်နှာထက်၌ မယုံကြည်နိုင်လောက်အောင် အံ့ဩမှင်သက်သွားသည့် အမူအရာတစ်ခု ထင်ဟပ်လာခဲ့သည်။
“ဘိုးဘေး ဝူ မှာ ဒီလောက်အထိ ကြီးမားကျယ်ပြန့်တဲ့ စီမံကိန်းကြီး ရှိနေတာ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...”
လုရန်၏ အမူအရာမှာ တည်ကြည်လေးနက်နေသော်လည်း၊ သူသည် လီဖန်ထျန်းနှင့် အခြားသူများထက် ဝူဟောက်၏အကြောင်းကို ပိုမိုသိရှိထားသူ ဖြစ်သဖြင့် ဤကိစ္စအပေါ် မည်သို့မျှ သံသယမရှိခဲ့ပေ။ ဝူဟောက်၏ စွမ်းအားနှင့် တာအိုတရားအပေါ် နားလည်တတ်ကျွမ်းမှုမှာ သာမန်မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားသည် ။
“ငါ နားလည်ပါပြီ ၊ ဒီအတောအတွင်းမှာ ငါတို့ မဟာမြင့်မြတ်နယ်မြေငါးခုက အစီအရင်ဝင်္ကပါကို အမြန်ဆုံး တည်ဆောက်ထားကြမယ် ဒါမှ ဘိုးဘေး ဝူ ပြန်ရောက်လာတဲ့အခါ ဝင်္ကပါကို ချက်ချင်း အသက်သွင်းနိုင်မှာ...”
လုရန်က လီဖန်ထျန်းနှင့် အခြားသူများကို ကြည့်ကာ ပြတ်သားစွာ ပြောဆိုလိုက်ရာ၊ လီဖန်ထျန်းတို့အဖွဲ့ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြကြသည်။
ဤသို့ဖြင့် မဟာမြင့်မြတ်နယ်မြေငါးခုစလုံးသည် မဟာအစီအရင်ဝင်္ကပါကြီးကို တစ်ချိန်တည်းမှာပင် ပြိုင်တူ စတင်တည်ဆောက်ခဲ့ကြသည်။ သို့သော်လည်း အခြားသော အင်အားစုများ ရိပ်မိသွားခြင်း မရှိစေရန်အတွက် အလွန် လျှို့ဝှက်စွာဖြင့်သာ လုပ်ဆောင်ခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ...
အောက်ကမ္ဘာ၏ ချင်းလျန် မြင့်မြတ်နယ်မြေအတွင်း၌ လီထိုက်ပိုင်နှင့် ဝူရွှယ်ယင်းတို့သည် လူသားအင်မော်တယ်အဆင့်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက်၊ အထက်ကမ္ဘာသို့ တက်လှမ်းလာခဲ့ကြသည်။
၎င်းတို့နှစ်ဦး အထက်ကမ္ဘာသို့ ခြေချမိလိုက်သည့် အချိန်တွင် ဝူမိသားစုဝင်များက ၎င်းတို့ကို ကြိုဆိုရန်အတွက် အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ကြသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရတော့သည်။
"ညီမလေး... နောက်ဆုံးတော့ မင်း ဒီကို ရောက်လာပြီပဲ ငါတို့ မင်းကို အရမ်း လွမ်းနေတာ"
ဝူချီကွန်း နှင့် အခြားသူများသည် ဝူရွှယ်ယင်း ကို မြင်သည်နှင့် ပြုံးပြီး ဝူရွှယ်ယင်း ကို တင်းကျပ်စွာ ဖက်ထားကြရာ လီထိုက်ပိုင်ခမျာ ဘေးနားလေးတွင်သာ ရပ်နေခဲ့ရ၏။
"အစ်ကို... တော်လောက်ပြီ... ကျွန်မ ယောကျ်ား ဒီမှာ ရှိသေးတယ်..."
"အဟမ်း... ယောက်ဖ... ငါတို့နဲ့ လိုက်ခဲ့မှာလား..."
ဝူရွှမ်ယွမ် သည် လီထိုက်ပိုင် ကို ကြည့်ကာ မေးခွန်းထုတ်သည့် လေသံဖြင့် မေးမြန်းလိုက်၏။
လီထိုက်ပိုင် ခေါင်းခါကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ကျွန်တော်က ချင်းလျန် မြင့်မြတ်နယ်မြေ ရဲ့ မြင့်မြတ်အရှင်သခင် ဖြစ်နေတော့ အထက်ကမ္ဘာ မှာ ချင်းလျန် မြင့်မြတ်နယ်မြေ ကို မြှင့်တင်ဖို့ တာဝန်ရှိတယ်... ဒါကြောင့် အထက်ကမ္ဘာ မှာ ချင်းလျန် မြင့်မြတ်နယ်မြေ ကို တည်ထောင်ဖို့ ကျွန်တော် စီစဉ်ထားတယ်..."
"ဒါပေမဲ့ အထက်ကမ္ဘာ မှာ မြင့်မြတ်နယ်မြေ တွေ ရှိနှင့်ပြီးသားပဲလေ..."
ဝူဝမ်ကူက ခဏမျှ တွန့်ဆုတ်နေပြီးမှ စကားဆိုလိုက်သော်လည်း၊ လီထိုက်ပိုင်ကမူ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှု၊ တည်ကြည်လေးနက်မှုတို့ဖြင့် ပြတ်သားစွာ ပြန်လည်ပြောဆိုလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ... တကယ်လို့ ကျွန်တော့်မှာ မြင့်မြတ်နယ်မြေတစ်ခုကို ချက်ချင်းတည်ထောင်ဖို့ လုံလောက်တဲ့ အင်အားမရှိသေးဘူးဆိုရင်လည်း၊ ချင်းလျန်ဂိုဏ်းကနေပဲ အစပျိုးပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင် ချင်းလျန်မြင့်မြတ်နယ်မြေ ဖြစ်လာအောင် တည်ဆောက်ပြမယ် ဒီလိုလုပ်နိုင်မှသာ ကျွန်တော့်ရဲ့ ရွှယ်ယွမ်နဲ့ ထိုက်တန်မှာပါ...”
သူ စကားပြောနေစဉ် လီထိုက်ပိုင်သည် ဝူရွှယ်ယင်းကို နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာ အရိပ်အယောင်များဖြင့် စိုက်ကြည့်လိုက်ရာ၊ ဝူရွှယ်ယင်းကို အလွန်အမင်း ရင်ခုန်ကြည်နူးသွားစေသော်လည်း အနီးနားရှိ ဝူချီကွန်းနှင့် အခြားသူများမှာ လီထိုက်ပိုင်အား ဓားဖြင့် ထိုးပစ်ချင်စိတ် ပေါက်သွားကြသည်။
“ထိုက်ပိုင်... ကျွန်မနဲ့အတူ အိမ်ကို အရင်လိုက်ခဲ့ပါဦး ကျွန်မ မိဘတွေကို မတွေ့ရတာလည်း ကြာပြီလေ၊ သူတို့ကို တွေ့ပြီးရင် ချင်းလျန်ဂိုဏ်း တည်ထောင်ဖို့အတွက် ရှင့်နောက်ကို ကျွန်မ တောက်လျှောက် လိုက်ခဲ့ပါ့မယ်”
ဝူရွှယ်ယင်းက လီထိုက်ပိုင်ကို ကြည့်ကာ မဆိုင်းမတွပင် ဖေးဖေးမမ ပြောဆိုလိုက်သည်။
သို့သော်လည်း လီထိုက်ပိုင်၏ မျက်နှာတွင် အခက်တွေ့နေသည့် အမူအရာ ဖြစ်ပေါ်လာခဲ့သည်။
“ဒါပေမဲ့ မင်းကို ငါနဲ့အတူ လိုက်ပြီး ဒုက္ခမရောက်စေချင်ဘူး...”
“မဟုတ်တာ... မိန်းမဆိုတာ လင်သားသွားရာ နောက်ကို လိုက်ရမှာပဲ၊ ကျွန်မ ဝူရွှယ်ယင်းက ရှင့်ရဲ့ ဇနီးလောင်းလေ ရှင်နဲ့ လက်ထပ်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေအားလုံးကိုလည်း ကျွန်မ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးပြီ ပြီးတော့ ကျွန်မက အရှုံးပေးမယ့်သူလည်း မဟုတ်ဘူး...”
ဝူရွှယ်ယင်းက ခေါင်းကို ခါယမ်းရင်း ခိုင်မာပြတ်သားစွာ ပြောဆိုလိုက်သည်။
ဤသည်ကို မြင်လိုက်ရသောအခါ လီထိုက်ပိုင်လည်း ဘာမှ ထပ်မပြောနိုင်တော့ဘဲ သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။ သို့သော် ၎င်းတို့ ထွက်ခွာပြီး ဖန်လိုင်အင်မော်တယ်ကျွန်းသို့ ပြန်ရန် ပြင်လိုက်စဉ်မှာပင်၊ လီထိုက်ပိုင်နှင့် ဝူရွှယ်ယင်းတို့သည် တစ်ခုခုကို အာရုံခံမိသွားပြီး ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အောက်ကမ္ဘာမှ တက်လှမ်းလာသည့် ဟင်းလင်းပြင်ဝင်ပေါက်မှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ရာ၊ ၎င်းမှာ လီထျန်းရှဲ့ဖြစ်နေကြောင်း တွေ့ရှိလိုက်ရတော့သည်။
“ထျန်းရှဲ့... မင်းလည်း အထက်ကမ္ဘာကို တက်လှမ်းလာခဲ့တာလား...”