← Chapters

အခန်း ၂၄၅

Vol. 22 Ch. 245

အခန်း ၂၄၅

Vol. 22 Ch. 245

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၄၅) - အစစ်အမှန်နဂါး

ဘာသာပြန် - အားသစ်

“ကျွန်တော်က ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်အသစ်ပါ”

လင်းဖုန်း၏ စကားသံက သူတို့၏နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။ လင်းဇနီးမောင်နှံဖြစ်စေ၊ လင်းယုံဖြစ်စေ၊ လင်းချန်ဖြစ်စေ အားလုံး ကြောင်အမ်းသွားကြသည်။

သိုင်းသမားများအတွက် မူဝါဒအသစ်ကို အကောင်အထည်ဖော်လိုက်ပြီးနောက် သိုင်းသမားများသည်ကား ဆန်းကြယ်နက်နဲပြီး မထင်ရှားသော တည်ရှိမှုများ မဟုတ်ကြတော့ပေ။ ယခုအခါ သာမန်လူများပင်လျှင် သိုင်းသမားများက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် အသွင်ပြောင်းနယ်ပယ်သို့ ရောက်ကြောင်း သိနေကြလေပြီ။

အသွင်ပြောင်းနယ်ပယ်၏ အထက်တွင် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားလှသော နတ်ဘုရားနယ်ပယ် ရှိလေသည်။

ရှေးခေတ်ကဆိုလျှင် နတ်ဘုရားနယ်ပယ်ဆိုသည်မှာ သက်ရှိအားလုံးကို အပေါ်စီးမှ ငုံ့ကြည့်နိုင်သော နတ်ဘုရားများပင် ဖြစ်ကြသည်။

“အစ်ကိုငယ်... အစ်ကို နတ်ဘုရား ဖြစ်သွားတာလား”

လင်းချန် မယုံကြည်နိုင်ဖြစ်နေ၏။ တစ်ဖက်တွင်လည်း အနည်းငယ် အံ့ဩဝမ်းသာဖြစ်နေသည်။

“နတ်ဘုရားရယ်လို့တော့ ဘယ်ဟုတ်မလဲ။ နတ်ဘုရားနယ်ပယ်ကို ပြောတာပါ။ ဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပါပဲ။ အခုဆို အစ်ကိုက ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပြီးမြောက်ပြီးတော့ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်သွားပြီ”

လင်းဖုန်းက တည်တာ်ငြိမ်ငြိမ် ပြောလိုက်သော်လည်း လင်းမိသားစုဝင်များအားလုံးကမူ လုံးဝမတည်ငြိမ်နိုင်ကြတော့ပေ။

နတ်ဘုရားနယ်ပယ်... သူ တကယ်ပဲ နတ်ဘုရားနယ်ပယ်ကို ရောက်သွားခဲ့ပြီပဲ။ လင်းမိသားစုက သိုင်းပညာ အသိုင်းအဝိုင်းမှ မဟုတ်လျှင်တောင် နတ်ဘုရားနယ်ပယ် သိုင်းသမားဆိုသည်က မည်မျှထိ ရှားပါးကြောင်း သူတို့သိကြသည်။ ဤကျယ်ပြောလှသော ‌ဗဟိုပင်လယ်မြို့ကြီးတွင် ဥပဒေစိုးမိုးရေးအဖွဲ့မှ အဖွဲ့ဝင် အရေအတွက်က နည်းပါးလှသည်မဟုတ်ပေ။ သို့သော် နတ်ဘုရားနယ်ပယ် သိုင်းသမားများအတွက်မူ... ကိုယ်စားလှယ်တော် တစ်ယောက်တည်းသာ နတ်ဘုရားနယ်ပယ်တွင် ရှိသည်။

လင်းဖုန်း အသက် ၂၁ နှစ်သာ ရှိသေးသော်လည်း သူ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်နေလေပြီ။ ဤအဖြစ်က လုံးဝယုံနိုင်စရာပင်မရှိ‌ချေ။

“ငါတို့လင်းမိသားစုကနေ အစစ်အမှန်နဂါးတစ်ကောင် မွေးဖွားလာပြီပဲကွ”

အဖေလင်း၏ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။ သူ အမှန်တကယ် စိတ်လှုပ်ရှားနေခြင်း ဖြစ်၏။ ယခင်က လင်းမိသားစုသည် ကြီးမားလှသော ချမ်းသာကြွယ်ဝမှုများရှိပြီး လင်းကော်ပိုရေးရှင်းကလည်း ဘဏ္ဍာရေးအင်အား ခိုင်ခိုင်မာမာရှိသည်။ သို့သော်လည်း သူတို့ကို ကြီးကြပ်ပေးမည့် သာလွန်လူသားတစ်ဦးမျှ မရှိသဖြင့် သူတို့၏ တိုးတက်မှုကို များစွာကန့်သတ်ခံခဲ့ရသည်။

လင်းဖုန်း သာလွန်လူသားတစ်ဦး ဖြစ်လာပြီးနောက်မှသာ ထိုအခြေအနေက တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားနယ်ပယ်အတွက်မူ... လင်းမိသားစုအနေဖြင့ ဘယ်သောအခါကမှ မစဉ်းစားခဲ့ဖူးသလို ဘယ်သောအခါကမှလည်း မျှော်လင့်မထားခဲ့ဖူးပေ။ ရှေးခေတ်ကဆိုလျှင် နတ်ဘုရားနယ်ပယ်ဆိုသည်မှာ နတ်ဘုရားများနှင့် တန်းတူဖြစ်ပေသည်။ နည်းပညာများ ထွန်းကားပြီး သိုင်းတာအို ဖွံ့ဖြိုးတိုးတက်နေသော ခေတ်သစ်တွင်ပင် နတ်ဘုရားနယ်ပယ် သိုင်းသမားများက အလွန်ရှားပါးလှ၏။

ဗဟိုပင်လယ်မြို့၏ ကိုယ်စားလှယ်တော်ဆိုသည့် ရားထူးက အလွန့်အလွန်မြင့်မားသည့် အဆင့်အတန်းရှိပေသည်။ ထိုရာထူးက ဗဟိုပင်လယ်မြို့တွင် အာဏာအရှိဆုံး ထိပ်တန်းငါးဦးစာရင်းဝင်လောက်နီးပါး ဖြစ်နိုင်သည်။ သိုင်းသမားများကို စီမံခန့်ခွဲသည့် ကိစ္စများတွင် ထိုရာထူးရှင်ကသာ အမြင့်ဆုံးအာဏာပိုင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဗဟိုပင်လယ်မြို့ကြီး၏ ထိပ်ဆုံးတွင် ရုတ်ချည်းဆိုသလို ရပ်တည်နိုင်ခြင်းက အကြီးအကျယ် ခုန်ပျံကျော်လွှားတိုးတက်လာခြင်းပင်။ ဒါက အစစ်အမှန်နဂါး မဟုတ်ရင် ဘာလဲ။

လင်းယုံသည်လည်း အလွန် စိတ်လှုပ်ရှားနေမိသည်။ ယခုလက်ရှိတွင် သူသည် လင်းကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်နေပြီး ကော်ပိုရေးရှင်း၏ သီးခြားလုပ်ငန်းများကို တာဝန်ယူထားရသည်။ သူ၏ အမြော်အမြင်ဖြင့်ဆိုလျှင် နတ်ဘုရားနယ်ပယ်ဆိုသည်က ဘာကိုဆိုလိုကြောင်း သဘာဝကျကျ သိသည်။

လင်းဖုန်း မကျရှုံးသရွေ့ လင်းမိသားစုသည် ဗဟိုပင်လယ်မြို့တွင် ထိပ်တန်းမိသားစုတစ်စု ဖြစ်လာမည်ကို သူ ကောင်းကောင်းသိသည်။ သူတို့အနေဖြင့် မည်သူမည်ဝါကိုမျှ ကြောက်နေစရာ မလိုတော့ပေ။ မည်သည့်အဖွဲ့အစည်းကိုမှလည်း အောက်ကျနောက်ကျခံစရာမလိုတော့ပေ။

“လင်းဖုန်း... မင်းက တကယ်ပဲ ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်တော်အသစ် ဖြစ်လာတာလား”

“တကယ်ပါဆို”

အဖေလင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ လင်းဖုန်း ဗဟိုပင်လယ်မြို့၏ ကိုယ်စားလှယ်တော် ဖြစ်လာသည်နှင့် ဗဟိုပင်လယ်မြို့ရှိ လင်းမိသားစု၏ အဆင့်အတန်းကလည်း လက်ရှိနှင့် လုံးဝနီးပါး မတူကွဲပြားသွားပေလိမ့်မည်။

“လင်းဖုန်း... ကျောက်မိသားစုနဲ့ ပတ်သက်ပြီး မင်းကို သေချာအသေးစိတ် မပြောရသေးတဲ့ ကိစ္စတစ်ခု ရှိတယ်”

“ကျောက်မိသားစုလား။ သူတို့က အခုထိ လင်းကော်ပိုရေးရှင်းကို ပစ်မှတ်ထားနေတုန်းပဲလား”

လင်းဖုန်း၏ မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထိုစဉ်က ကျောက်ဖိန် သူ့ညီမလေး လင်းချန်ကို ဘယ်လိုလုပ်ခဲ့သည်ကို သူ မမေ့သေးပေ။ ကျောက်မိသားစုက တစ်ဖက်သားကို ဖိနှိပ်ရန်အတွက် အာဏာကို အသုံးပြုကာ လင်းမိသားစုကို မကျေမချမ်း ခံစားရစေခဲ့သည်ကိုလည်း သူ မမေ့သေးပေ။

သူ့မိသားစုနှင့် ပြန်လည်ဆုံဆည်းခြင်းအပြင် ဤတစ်ကြိမ် ပြန်လာချိန်တွင် ကျောက်မိသားစုနှင့် ကိစ္စကိုလည်း ပြတ်ပြတ်သားသား ဖြေရှင်းရန် သူ ရည်ရွယ်ထားသည်။

“အဲလို မဟုတ်ပါဘူး။ မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသားတစ်ယောက် ဖြစ်လာကတည်းက ကျောက်မိသားစုက လင်းကော်ပိုရေးရှင်းကို ပစ်မှတ်ထားတာ ရပ်သွားတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကျောက်မိသားစုက ကျောက်ပိုင်ရှန်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ငါတို့အိမ်ကို ကိုယ်တိုင်လာခဲ့တယ်။ ဒါပေမဲ့ မင်း အိမ်ပြန်မလာသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငါတို့ သူ့ကို လက်မခံဘဲ ပြန်လွှတ်လိုက်တယ်”

“ငြိမ်းချမ်းရေးဆွေးနွေးဖို့လား”

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ ကျောက်မိသားစုက ဒီအတိုင်း အလျှော့ပေးလိုက်တာလား။

“အဖေ... ကျောက်မိသားစုက အခုမှ ဘယ်လိုလုပ် ငြိမ်းချမ်းရေးဆွေးနွေးချင်ရတာလဲ။ အဓိကကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲမှာ တတိယညီရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကို မြင်ပြီး သူတို့ ကြောက်သွားလို့ အခု ငြိမ်းချမ်းရေး လာလုပ်ချင်နေတာ ရှင်းပါတယ်။ ပြီးတော့ ကျောက်ပိုင်ရှန်းက ကျွန်တော်တို့ဆီကို နေ့တိုင်းလာနေတယ်။ သူ့သဘောထားက အရမ်းနှိမ့်ချနေပေမဲ့ တကယ်တန်းဆို သူက ကျွန်တော်တို့ကို လာအနှောင့်အယှက်ပေးနေတာပဲ။ သူတို့က ဘယ်လိုလုပ် ရိုးရိုးသားသား ငြိမ်းချမ်းရေးဆွေးနွေးချင်တာ ဖြစ်နိုင်မှာလဲ”

လင်းယုံက သူ့ညီမလေး လင်းချန်ကြောင့်သာမက ထိုစဉ်က လင်းကော်ပိုရေးရှင်းကို သူတစ်ယောက်တည်း ထိန်းကျောင်းခဲ့ရခြင်းကြောင့်လည်း ကျောက်မိသားစုကို အလွန် မကျေမချမ်းဖြစ်နေသည်။ ကျောက်မိသားစုက လင်းကော်ပိုရေးရှင်းကို ဖိအားပေးလွန်းသဖြင့် သူ တောင့်မခံနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။

“အခုမှ သူတို့က နှိမ့်ချလိုက်ရုံနဲ့ သူတို့ကို ငါ အလွယ်လေး လွှတ်ပေးလိမ့်မယ်လို့ ကျောက်မိသားစုက ထင်နေတာလား”

လင်းဖုန်း လှောင်ပြုံးပြုံးလိုက်သည်။ ကျောက်မိသားစုကို အလွယ်တကူ အလွတ်ပေးရန် သူ အစီအစဉ် မရှိပေ။

“လင်းဖုန်း... မင်းက ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်တော်ဖြစ်ပေမဲ့ အနာဂါတ်မှာလည်း ကြီးမားတဲ့ အလားအလာတွေ ရှိသေးတယ်။ မဆင်မခြင် မလုပ်ပါနဲ့။ သိုင်းသမားတွေအတွက် မူဝါဒအသစ် ထုတ်ပြန်ပြီးတဲ့နောက်မှာ သိုင်းသမားတွေအပေါ် ကန့်သတ်ချက်တွေ ရှိပေမဲ့ ကာကွယ်ရေး အစီအမံတွေကလည်း ပိုများလာတယ်။ မင်းက ကိုယ်စားလှယ်တော် ဖြစ်ရင်တောင်မှ သာလွန်လူသားတစ်ယောက်ကို လက်လွတ်စပယ် တိုက်ခိုက်လို့ မရဘူး”

အဖေလင်းက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ယခုလင်းဖုန်းက နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ မလိုလားသူတိုင်းကို ဆန္ဒရှိသလို ရှင်းပစ်၍မရပေ။

“အဖေ၊ အမေ... စိတ်မပူပါနဲ့။ ကျောက်မိသားစုလို အသေးအဖွဲ ကိစ္စလေးအတွက်နဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အန္တရာယ်အရောက်မခံပါဘူး။ ပြီးတော့ ကျောက်မိသားစုကို ကိုင်တွယ်ဖို့ကခွန်အားသုံးစရာ မလိုပါဘူး။ အာဏာနဲ့ဖိနှိပ်တာက ဘယ်လိုမျိုးလဲဆိုတာ သူတို့ကို ခံစားကြည့်ခွင့် ပေးရမယ်”

လင်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ ထိုစဉ်အချိန်က ကျောက်မိသားစုသည်လည်း ထိုသို့ပင် လုပ်ခဲ့သည်။ သူတို့ တစ်ဖက်သားကို ဖိနှိပ်ရန်အတွက် သူတို့၏အာဏာပါဝါကို အသုံးပြုခဲ့သည်။ ထို့ကြောင့် လင်းမိသားစုလည်း ဒုက္ခအတိ ရောက်ခဲ့ရသည်။ နောက်ဆုံးတွင် သူတို့ ကျောက်မိသားစုနှင့် ညှိနှိုင်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

“ဒါနဲ့ ကျောက်ပိုင်ရှန်းက သူတို့ နောက်နေ့ ပြန်လာမယ်လို့လည်း ပြောသွားတယ်”

“ဟုတ်ပါပြီ... သူတို့ သေချာပေါက် လာချင်လည်း လာပါစေ”

လင်းဖုန်း ပြုံးလိုက်သည်။ ကျောက်မိသားစုဆိုသည်မှာ သူ့အတွက် အရေးမကြီးတော့ပေ။ ယင်းက အသေးအဖွဲ ကိစ္စတစ်ခုမျှသာဖြစ်ပြီး သူ့မိသားစုနှင့် စကားစမြည်ပြောရခြင်းလောက်ပင် အရေးမကြီးပေ။

လင်းဖုန်း၏ ဖခင်၊ အစ်ကိုကြီး လင်းယုံနှင့် ညီမငယ် လင်းချန်တို့အားလုံး လွန်ခဲ့သော တစ်နှစ်ခန့်မှစ၍ လင်းဖုန်း၏ တက်လှမ်းလာမှုနှင့်ပတ်သက်၍ အလွန်သိချင်နေကြသည်။ သူတို့က သူ့အတွေ့အကြုံများကို စိတ်ဝင်တစား အတင်းမေးမြန်းနေကြတော့သည်။

လင်းဖုန်းလည်း အတိုချုံး ရှင်းပြလိုက်သည်။ သူရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များက များလွန်းလှသည်။ အကဲဆတ်သော ကိစ္စများစွာကို သူ တမင်တကာ ဖုံးကွယ်ထားသော်လည်း နားထောင်ရသူများအဖို့ စိတ်လှုပ်ရှားစရာ ကောင်းနေဆဲပင်။

လင်းဖုန်း၏ အတွေ့အကြုံများကို ကြားပြီးနောက် လင်းဖုန်းက နတ်ဘုရားနယ်ပယ်သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာခြင်း မဟုတ်ကြောင်း သူတို့ သိလိုက်ရသည်။ နောက်ပြီးတော့ လင်းဖုန်၏ ခရီလမ်းက သူတို့ ထင်ထားသလောက် မလွယ်ကူလှချေ။ လင်းဖုန်း၏ အတွေ့အကြုံများကို ကြားသိလိုက်ရပြီးနောက် လင်းမိသားစု သက်ပြင်းချလိုက်မိကြသည်။

တစ်နှစ်ကျော်ကာလအတွင်း လင်းဖုန်း၏ အတွေ့အကြုံများက အခြားသိုင်းသမားများ၏ ဆယ်စုနှစ်များစွာ အတွေ့အကြုံထက်ပင် သာလွန်ပေလိမ့်မည်။

...

ညဉ့်နက်ချိန်တွင် မိသားစုဝင်များအားလုံး အိပ်မောကျနေကြပြီ ဖြစ်သည်။

လင်းဖုန်း အခန်းထဲတွင် တစ်ယောက်တည်း ရှိနေသည်။ ပြတင်းပေါက်အပြင်ဘက်မှ မှောင်မိုက်နေသော ကောင်းကင်ယံကို ကြည့်နေပြီး သူ့အကြည့်များက ကြယ်ရောင်စုံ ကောင်းကင်ကြီးကဲ့သို့ နက်ရှိုင်းကာ တည်ငြိမ်နေသည်။

မိသားစုနှင့် ပြန်လည်ဆုံဆည်းခြင်းက လင်းဖုန်း၏ စိတ်ကို အေးချမ်းသွားစေသည်။ အပြင်တွင် သူ မည်မျှပင် ခမ်းနားနေခဲ့ပါစေ၊ အိမ်ပြန်ရောက်ချိန်တွင် သူ့စိတ်က အအေးချမ်းဆုံး ဖြစ်သည်။

သူက ဤငြိမ်းချမ်းမှုကို မည်သူ့ကိုမျှ လာရောက်နှောင့်ယှက်ခွင့် မပြုချင်သလို မည်သူ့ကိုမျှလည်း ဖျက်ဆီးခွင့်ပြုမည် မဟုတ်ပေ။

“ကျောက်မိသားစုနဲ့ ကိစ္စကို အဆုံးသတ်ရမယ့် အချိန်တန်ပြီ...”

ကျောက်ဖိန် လင်းချန်ကို ဘယ်လိုလုပ်ခဲ့သည်နှင့် ကျောက်မိသားစုက လင်းမိသားစုကို ဘယ်လို ဆက်ဆံခဲ့သည်ကို လင်းဖုန်း ဘယ်တော့မှ မမေ့ပေ။ အကယ်၍ သူ၏ ဒုတိယအစ်ကိုကသာ ဗိုလ်ချုပ်လုံကို မဖိတ်ခေါ်ခဲ့ပါက လင်းမိသားစုမှာ ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည်။

လင်းမိသားစုက အလျှော့ပေးလိုက်ပြီးနောက်တွင်ပင် ကျောက်မိသားစုက ရန်လိုနေဆဲပင်။ သူတို့က လင်းကော်ပိုရေးရှင်းကို စီးပွားရေးအရ ဖိနှိပ်ရန် ကျောက်တုန်ရှန်း၏ ဩဇာကို အသုံးပြုခဲ့ကြသည်။

ထိုကိစ္စရပ်အားလုံးကို လင်းဖုန်း မမေ့သေးပေ။ သို့သော် အဖေလင်း ပြောခဲ့သလိုပင် ကျောက်မိသားစုမှ လူတိုင်းကို သူ တကယ်သတ်ပစ်ဖို့ မဖြစ်နိုင်ပေ။ သို့သော် သူ၏ အဆင့်အတန်းဖြင့် တိုက်ရိုက်သတ်ပစ်ရန် လိုသေးပါသလော။

“လောင်ဘီသမ်... ကျောက်ဖိန် ငယ်ငယ်ကတည်းက လုပ်ခဲ့သမျှ အကြောင်းအရာတွေ အားလုံးကို စုံစမ်းပေးပါ။ နောက်ပြီးတော့ ကျောက်ပိုင်ရှန်း၊ ကျောက်တုန်ရှန်းနဲ့ အရှေ့ပင်လယ် ကော်ပိုရေးရှင်းအကြောင်း အားလုံးကိုလည်း စေ့စေ့စပ်စပ် စုံစမ်းပေးပါ”

လင်းဖုန်း၏ လက်ရှိအဆင့်အတန်းအရ ကျောက်မိသားစုကို စုံစမ်းရန်အတွက် စကားတစ်ခွန်းဖြင့် လူမရေမတွက်နိုင်အောင် ခိုင်းစေနိုင်ပေလိမ့်မည်။ သို့သော် လောင်ဘီသမ်ထက် မည်သူက ပိုမိုတိကျသေချာစွာ စုံစမ်းနိုင်မည်နည်း။

လင်းဖုန်း ဤကိစ္စရပ်များကို ကိုင်တွယ်ရာတွင် လောင်ဘီသမ်၏လုပ်နိုင်စွမ်းကို သူ ယုံသည်။

ကျောက်ဖိန်မှာ ငယ်ငယ်ကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး အရှေ့ပင်လယ် ကော်ပိုရေးရှင်း၏ ချမ်းသာကြွယ်ဝမှုက သေချာပေါက် အပြစ်ကင်းမည် မဟုတ်ပေ။ စုံစမ်းစစ်ဆေးပါက သူလိုချင်သည့်ရလဒ်များ သေချာပေါက် ထွက်လာလိမ့်မည်။ ထိုအခါ လင်းဖုန်း၏ လက်ရှိအဆင့်အတန်းဖြင့် သူ ကျောက်မိသားစုကို ကိုင်တွယ်နိုင်မလားဆိုသည်က မေးခွန်းထုတ်စရာ မလိုတော့ပေ။

All Chapters