← Chapters

အခန်း ၂၄၆

Vol. 22 Ch. 246

အခန်း ၂၄၆

Vol. 22 Ch. 246

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၄၆) - ခင်ဗျားလောက်နဲ့ မလုံလောက်သေးဘူး

ဘာသာပြန် - အားသစ်

နံနက်နေထွက်ချိန် မိုးကုပ်စက်ဝိုင်းမှ ပုစွန်ဆီရောင်သန်းနေသော သူရိန်နေမင်းကြီးက မီးတောက်အလား နီရဲတောက်ပထွန်းလင်းနေသည်။ ဧပြီလသာ ရှိသေးသော်လည်း လေထုက အနည်းငယ် ပူနွေးနေချေပြီ။

“ငါ ရှာပြီးပြီ”

လောင်ဘီသမ်၏ အသံက လင်းဖုန်း၏ စိတ်ထဲတွင် မြည်ဟည်းလာသည်။ လင်းဖုန်း ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။

တစ်ညလုံး စုံစမ်းစစ်ဆေးပြီးနောက် လောင်ဘီသမ် ကျောက်မိသားစု တစ်ခုလုံးနှင့် ပတ်သက်သမျှ အရာအားလုံးကို စုံစမ်းတွေ့ရှိသွားသည်။

“ဘာတွေ တွေ့ခဲ့ရလဲ”

“ဟဲဟဲ... တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ အချက်အလက်တွေမှ အများကြီးပဲ။ မင်းရဲ့ ဆက်သွယ်ရေးကိရိယာထဲကို ငါ ပို့လိုက်မယ်။ အေးအေးဆေးဆေး ဖတ်ကြည့်လိုက်ဦး”

ထိုသို့ပြောပြီးနောက် လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာထံမှ အီးမေးအသိပေးချက်သံ မြည်လာသည်။ သူ ချက်ချင်းပင် အီးမေးထဲသို့ ဝင်ကြည့်လိုက်ရာ လောင်ဘီသမ် ပို့ပေးထားသော အချက်အလက်တပုံတပင်ကြီးကို တွေ့လိုက်ရသည်။

ပထမဆုံးတစ်ခုက ကျောက်ဖိန်နှင့် ပတ်သက်သည့် အချက်အလက်များ ဖြစ်သည်။ ကျောက်ဖိန်သည် ငယ်စဉ်ကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဖြစ်၏။ လင်းချန်၏ ကိစ္စမတိုင်မီကပင် ကျောက်ဖိန်က ကျောင်းသူကိုးဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးကြောင်း သိလိုက်ရသည်။ သူက နည်းမျိုးစုံသုံးကာ ထိုမိန်းကလေးများကို အနိုင်ကျင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ထိုမိန်းကလေးများထဲမှ တချို့မှာ အရှက်တကွဲ ဖြစ်ခဲ့ရသည်ကို အံတုခဲ့ကြရပြီး၊ တချို့က စိတ်ဓာတ်ကျကာ ကျောက်ဖိန်၏ ကစားစရာများ ဖြစ်သွားခဲ့ကြသည်။ တချို့ကမူ ချက်ချင်းပင် ကျောင်းပြောင်းကာ ဗဟိုပင်လယ်မြို့မှ ထွက်ခွာသွားခဲ့ကြသည်။

အတိတ်က ထိုမိန်းကလေးများ၏ မိဘများသည်လည်း ကျောက်ဖိန်ကို အရေးယူနိုင်ရန် ကြိုးစားခဲ့ကြသေးသည်။ သို့သော်လည်း ကျောက်မိသားစုက နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးခဲ့ကြသည်။

ထိုစဉ်က ကျောက်ဖိန်သည် ငယ်ရွယ်သေးသဖြင့် မိုက်မဲသော်လည်း ပြဿနာကြီးကြီးမားမား မဖြစ်စေခဲ့ပေ။ လင်းချန်၏ကိစ္စ ဖြစ်ပြီးနောက်တွင် ကျောက်မိသားစုက ကျောက်ဖိန်ကို ခဏတာ ထိန်းချုပ်ထားခဲ့သဖြင့် ထိုကာလအတွင်း ကျောက်ဖိန် အေးအေးဆေးဆေးနေခဲ့သေးသည်။

သို့သော် ထိုအခြေအနေက ကြာရှည်မခံခဲ့ပေ။ လင်းဖုန်း ဗဟိုပင်လယ်မြို့မှ ထွက်ခွာသွားပြီး သုံးလအကြာတွင် ကျောက်ဖိန်သည် နိုက်ကလပ်တစ်ခုသို့ သွားရောက်ကာ မိန်းကလေးသုံးဦးကို အဓမ္မ ဖမ်းဆီးခဲ့ပြန်သည်။ မိန်းကလေးနှစ်ဦးမှာ ခုခံခဲ့သော်လည်း ကျောက်ဖိန်က ဒေါသတကြီးဖြင့် သူတို့ကို သတ်ပစ်ခဲ့သည်။

နောက်ဆုံးတွင် ကျောက်မိသားစုက နည်းမျိုးစုံအသုံးပြုကာ ထိုကိစ္စကို ထပ်မံဖုံးကွယ်ခဲ့ပြန်သည်။

ကျန်မိန်းကလေးမှာလည်း ရူးသွပ်သွားခဲ့ရသည်။ ကျောက်မိသားစုက ငွေပုံပေးကာ ထိုမိန်းကလေး၏ မိသားစုကို ပါးစပ်ပိတ်ခိုင်းခဲ့သည်။ ထိုအချိန်မှစ၍ သူမသည်လည်း အစအနမကျန် ပျောက်ကွယ်သွားကာ ဗဟိုပင်လယ်မြို့မှ ထွက်ခွာသွားပုံရသည်။

ထိုဖြစ်ရပ်ပြီးနောက် ကျောက်ဖိန်မှာ ပို၍ပင် ရဲတင်းလာခဲ့သည်။ သူ လင်းချန်၏ကိစ္စမှ သင်ခန်းစာယူကာ နောက်ခံအနည်းငယ်ရှိသော မိန်းကလေးများကို မနှောင့်ယှက်ရဲတော့ပေ။ သို့သော် ညတိုင်း နိုက်ကလပ်များ၊ ဘားများနှင့် အခြားနေရာများတွင် ပျော်ပါးကျက်စားနေခဲ့သည်။

သူပျော်ပါးခဲ့သူများထဲတွင် အဓမ္မနည်းလမ်းများကို အသုံးပြုခဲ့သူ များစွာပါဝင်သည်။ သူ၏ မကောင်းမှုများက ရေတွက်၍ပင် မကုန်နိုင်တော့ပေ။ ဤကဲ့သို့သော လူမျိုးမှာ သူ့ပြစ်မှုများအတွက် ဆယ်ကြိမ်မက သေထိုက်သူဖြစ်၏။

ဘုန်း

လင်းဖုန်း စားပွဲကို လက်ဖြင့် ဒေါသတကြီး ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။ သူ့မျက်နှာက အလွန်တည်တင်းနေကာ သူ့မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။ ဒီလိုလူမျိုးက ဒီကမ္ဘာပေါ်မှာ အသက်ရှင်နေသေးတယ်တဲ့လား။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။

“နောက်ပြီးတော့ ကျောက်ပိုင်ရှန်း”

လင်းဖုန်းသည် ကျောက်ပိုင်ရှန်းနှင့် ပတ်သက်သမျှ အရာအားလုံးကိုလည်း ကြည့်လိုက်သည်။ ဤကျောက်ပိုင်ရှန်းက ကျောက်ဖိန်ကဲ့သို့ ရမ်းကားသူ မဟုတ်သော်လည်း ပို၍ အန္တရာယ်များသူဖြစ်သည်။ ကျောက်ပိုင်ရှန်း၏ ထိန်းချုပ်မှုအောက်တွင် အရှေ့ပင်လယ် ကော်ပိုရေးရှင်းသည် အခြားသူများကို အမြတ်ထုတ်ရန် နည်းမျိုးစုံကို အသုံးပြုခဲ့ပြီး စီးပွားရေးပြိုင်ဘက်များကို တိုက်ခိုက်ရန်အတွက် မရိုးသားသော နည်းလမ်းများကို အသုံးပြုခဲ့သည်။ သူက ကုမ္ပဏီများစွာကို ဒေဝါလီခံစေခဲ့ရုံသာမက ကုမ္ပဏီပိုင်ရှင်များကိုပါ အဆောက်အအုံပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် သတ်သေသည်အထိ ဖြစ်စေခဲ့သည်။

ကျောက်ပိုင်ရှန်းသည် ကျောက်ဖိန်ထက်ပင် လူသေဆုံးမှုများကို ပိုဖြစ်စေခဲ့သူ ဖြစ်၏။ မျှော်လင့်ထားသည့်အတိုင်း တံငါအနားနီးတံငါ မုဆိုးအနားနီးမုဆိုး လူဆိုးအချင်းချင်း ပေါင်းဖက်မိကြခြင်း ဖြစ်ပေသည်။ အဖေနှင့်သား နှစ်ယောက်စလုံး အကျင့်စာရိတ္တ ပျက်ပြားမှုတွင် တူကြ၏။

ကျောက်တုန်ရှန်းကမူ အမှန်တကယ်တော့ သိုင်းပညာကို အရူးအမူး ဝါသနာထုံသူ ဖြစ်သည်။ သူသည် ရှေ့တန်းမထွက်မီ ငယ်စဉ်ကတည်းက သိုင်းပညာကိုသာ တစိုက်မတ်မတ် လေ့ကျင့်ခဲ့သည်။ သာလွန်လူသား ဖြစ်လာသည်အထိ လုံးဝဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားခဲ့သည်။ ယခုအချိန်အထိ သူ အိမ်ထောင်မပြုသေးပေ။ သူ့ဆွေမျိုးသားချင်း မိသားစုဝင်အဖြစ် ကျောက်ဖိန်နှင့် သူ့ဖခင်ကျောက်ပိုင်ရှန်းတို့ နှစ်ယောက်သာရှိသည်။

ဤအချက်ကြောင့်ပင် ကျောက်တုန်ရှန်းသည် ကျောက်ဖိန်အပေါ် အလိုလိုက် အကြိုက်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကျောက်တုန်ရှန်းသည် သာလွန်လူသားဖြစ်သည်နှင့်အညီ ကျောက်မိသားစု၏ အရေးကိစ္စများကို သဘာဝကျကျ သိသော်လည်း မသိချင်ယောင် ဆောင်နေခဲ့သည်။ သူက သိုင်းပညာလေ့ကျင့်ခြင်းကိုသာ အာရုံစိုက်နေခဲ့ပြီး သူ့မိသားစုအပေါ် အတိုင်းထက်အလွန် အလိုလိုက်ခဲ့သည်။ ဤသည်က ကျောက်မိသားစု၏ လွန်လွန်ကဲကဲ လုပ်ရပ်များကို ကျူးလွန်စေခဲ့ခြင်းပင်။

လင်းဖုန်း မတ်တတ်ရပ်လိုက်သည်။ သူ့အကြည့်ထဲတွင် အေးစက်စက်အလင်းတန်းများ တဖျက်ဖျတ် လက်နေသည်။ ဤအချက်အလက်များ သူ့လက်ထဲတွင် ရှိနေသဖြင့် ကျောက်ဖိန်နှင့် သူ့ဖခင်တို့နှစ်ယောက်လုံး သေချာပေါက် အဆုံးသတ်ရပေတော့မည်။

“ဖုန်းအာ... ကျောက်မိသားစုကလူတစ်ယောက် ရောက်နေတယ်”

ရုတ်တရက် အစ်ကိုကြီးလင်းယုံ၏ အသံက လင်းဖုန်း၏ အခန်းတံခါး အပြင်ဘက်မှ ထွက်ပေါ်လာသည်။

လင်းဖုန်း တံခါးဖွင့်လိုက်ကာ ကြည့်လိုက်သည်။ လက်ရှိ လင်းယုံ၏မျက်နှာထက်တွင် တည်ကြည်လေးနက်နေဟန်ရှိသည်ကို တွေ့လိုက်ရသည်။ သူက ခပ်တိုးတိုး ဆက်ပြောလိုက်သည်။

“လင်းဖုန်း... ကျောက်မိသားစုကလူတွေ ရောက်နေပြီ။ ကျောက်ဖိန်၊ သူ့အဖေနဲ့ ကျောက်တုန်ရှန်းအပြင် ဂုဏ်မောက်နေတဲ့ပုံစံနဲ့ လူစိမ်းတစ်ယောက်လည်း ပါလာတယ်”

“အင်းပါ... ကျွန်တော် သိပါပြီ။ အောက်ဆင်းပြီး သွားကြည့်ကြရအောင်”

လင်းဖုန်း စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။ ကျောက်မိသားစုက နောက်ထပ်ဘာတွေများ ကြံစည်ထားသေးလဲဆိုသည်ကို သူ သိချင်လှပြီ။

...

ဗီလာဧည့်ခန်းထဲတွင် လင်းဇနီးမောင်နှံနှစ်ယောက် ခပ်မတ်မတ်ထိုင်နေကြပြီး သူတို့၏ အမူအရာများက အနည်းငယ်ပျက်ယွင်းနေကြသည်။

ကျောက်တုန်ရှန်း၊ ကျောက်ပိုင်ရှန်းနှင့် ကျောက်ဖိန်တို့ အားလုံး ဤနေရာတွင် ရှိနေကြသည်။ ထို့ပြင် ပုံမှန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထူးခြားနက်နဲသော အရှိန်အဝါရှိသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ရှိနေသည်။ ထိုသူက ဆိုဖာပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူနေသည့်နှယ် ကိုယ့်အိမ်ကိုယ့်ယာအလား ပေါ့ပေါ့ပါးပါးထိုင်နေသည်။

လင်းဖုန်း အောက်ထပ်သို့ ဆင်းလာကာ ကျောက်မိသားစုကို၊ အထူးသဖြင့် ကျောက်ဖိန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ယခုလက်ရှိ လင်းဖုန်း၏ အရှိန်အဝါက မည်မျှထိ ပြင်းထန်လှသနည်း။ သူ့အကြည့်တစ်ချက်ကပင် ဗိုလ်ကျစီးမိုးလွန်းလှကာ ဩဇာတိက္ကမ ကြီးမားပြည့်နှက်နေသည်။ ကျောက်ဖိန်လည်း ကြောင်ရှေ့ရောက် ကြွက်ကလေးနှယ် ကြောက်ရွံ့တွန့်ဆုတ်သွားကာ ခေါင်းငုံ့ထားပြီး ဘာစကားမှ မပြောရဲတော့ပေ။ လက်ရှိကျောက်ဖိန်မှာ အထက်တန်းလွှာလူပေါ်ကြော့ ကျောက်သခင်လေးနှင့် လုံးလုံးမတူတော့ပေ။ (ပြားပြားတူတာ😆။ စတာ)

“ရှားရှားပါးပါး ဧည့်သည်တော်တွေပါလား” လင်းဖုန်းက အေးစက်စက် ပြောလိုက်သည်။ သူ ကျောက်မိသားစုအပေါ် အမြင်ကောင်း မရှိပေ။

“လင်းဖုန်း”

ကျောက်ပိုင်ရှန်းက အရင်ဆုံး စကားစပြောလာသည်။ “မင်း တစ်ကမ္ဘာလုံးသိုင်းပြိုင်ပွဲမှာ အံ့မခန်း စွမ်းဆောင်နိုင်ခဲ့တာကို ငါ ဂုဏ်မပြုရသေးဘူးနော်။ မင်းက ငါတို့လို ဗဟိုပင်လယ်မြို့သားတွေကို တကယ်ပဲ ဂုဏ်တက်စေခဲ့တာပဲကွ။ မင်းက တကယ်ကို ငါတို့ ဗဟိုပင်လယ်မြို့ရဲ့ ဂုဏ်ဆောင်ပဲ”

“မစ္စတာကျောက်... ခင်ဗျားဆီက ဒီလိုချီးကျူးစကားတွေကို ကျုပ်လက်မခံနိုင်ပါဘူး”

ကျောက်ပိုင်ရှန်း၏ မျက်နှာက အနည်းငယ်ပျက်သွားသော်လည်း သူ ဆက်ပြောလိုက်သည်။ “လင်းဖုန်း... ငါတို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တကယ်ကို ရိုးရိုးသားသားနဲ့ လာခဲ့တာပါ”

“ငြိမ်းချမ်းရေးဆွေး‌နွေးဖို့လား။ ပြီးခဲ့တဲ့အကြိမ် ဗိုလ်ချုပ်လုံလာတုန်းက ကျုပ်တို့ငြိမ်းချမ်းရေး ယူခဲ့ကြပြီးပြီမဟုတ်လား။ မစ္စတာကျောက်... ခင်ဗျားက အရမ်းကြင်နာလွန်းနေပြီ”

ကျောက်ပိုင်ရှန်း၏ မျက်နှာက အနည်းငယ်အနေရခက်သွားသည်။ ပြီးခဲ့သည့်အကြိမ်က ငြိမ်းချမ်းရေးယူခဲ့သည်ဟု ယူဆနိုင်ပါသလော။ နှစ်ဖက်စလုံး ကောင်းကောင်းသိကြသည်။ ပြီးခဲ့သည့်အကြိမ်က လင်းမိသားစုမှာ များစွာအောက်ကျခံခဲ့ရပြီး သူတို့၏ ဒေါသကို မြိုသိပ်ခဲ့ရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ကြချေ။

ကြည့်ရသည်က လင်းဖုန်း ဒေါသထွက်နေဆဲဖြစ်သည်မှာ သိသာလှ၏။ သူတို့ ဘယ်လိုလုပ် အလွယ်တကူ ငြိမ်းချမ်းရေး လုပ်နိုင်မည်နည်း။

ထိုအချိန်တွင် ကျောက်တုန်ရှန်းက ရုတ်တရက် ဝင်ပြောလာသည်။ “လင်းဖုန်း... မင်းနဲ့ ငါနဲ့ နှစ်ယောက်လုံးက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေပဲ။ စကားကို လှည့်ပတ်ကွေ့ဝိုက်ပြီး မပြောကြဘဲနဲ့ ဘွင်းဘွင်းရှင်းရှင်းပဲ လုပ်ကြရအောင်။ ပြောစမ်းပါ... မင်း တကယ်ပဲ ဘာလိုချင်တာလဲ။ ငါတို့ ကျောက်မိသားစုက ဒီတစ်ခေါက် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တကယ်ကို ရိုးရိုးသားသားလာတာပါ”

“ရိုးသားတယ် ဟုတ်လား။ ကြည့်ရတာ ပြီးခဲ့တဲ့အကြိမ်က ခင်ဗျားတို့ ကျောက်မိသားစုနဲ့ ငြိမ်းချမ်းရေးယူတာမှာ မရိုးသားခဲ့ဘူး ထင်တယ်။ ခင်ဗျားတို့ ကျောက်မိသားစုက ကျုပ်ဘာလိုချင်လဲဆိုတာ သိသင့်ပါတယ်။ ကျုပ်ကို ဘာလို့များ လာမေးနေသေးတာလဲ” လင်းဖုန်းက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

“လင်းဖုန်း... ကျောက်ဖိန်က ကျောက်မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ။ ပြီးတော့ သူ ကျူးလွန်ခဲ့တဲ့ပြစ်မှုက သေဒဏ်ပေးရလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ မင်း ဘာလိုချင်တာလဲ။ အရှေ့ပင်လယ် ကော်ပိုရေးရှင်းလား။ ငါတို့အရှေ့ပင်လယ် ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို လင်းကော်ပိုရေးရှင်းကို ပေးဖို့ အဆင်သင့်ပဲ။ ဒါက မင်းအတွက် ငါတို့ရဲ့ရိုးသားမှုက လုံလောက်ပြီမဟုတ်လား”

ကျောက်တုန်ရှန်းသည်ကား တကယ်ပင် ပြတ်သားလှ၏။ သူ အရှေ့ပင်လယ်ကော်ပိုရေးရှင်းကို ဒီအတိုင်း လက်လျှော့ပေးလိုက်သည်။

“ကျောက်တုန်ရှန်း... ခင်ဗျားနဲ့ ကျုပ်နဲ့က သိုင်းသမားတွေပဲ။ ကျုပ်က အရှေ့ပင်လယ်ကော်ပိုရေးရှင်းလောက်ကို ဂရုစိုက်နေလိမ့်မယ်လို့ ခင်ဗျား တကယ်ထင်နေတာလား”

“မင်း...”

ကျောက်တုန်ရှန်း ဘာဆက်ပြောရမည်မှန်း မသိတော့ပေ။ သူ တတ်နိုင်သမျှ အကြီးဆုံးအလျှော့ပေးမှုကို လုပ်ဆောင်ခဲ့ပြီဟု ခံစားရသော်ငြား လင်းဖုန်းကမူ မည်သို့မျှ မျက်နှာသာမပေးပေ။ ကျောက်တုန်ရှန်း၏ မျက်နှာက တဖြည်းဖြည်း မှောင်ကျသွားကာ မျက်လုံးမှိတ်ပြီး အနားယူနေသော သတ်လတ်ပိုင်းအရွယ်လူကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဟူး

ရုတ်တရက် မျက်လုံးမှိတ်ပြီး အနားယူနေသော လူရွယ်က သူ့မျက်လုံးအစုံကို ဖွင့်လိုက်သည်။

“လူငယ်လေး... တစ်ခါတလေတော့လည်း အရမ်းကြီး ရန်လိုမနေပါနဲ့။ ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်ပေးလိုက်ပါ။ ငါ့မျက်နှာထောက်ပြီးတော့ ကျောက်မိသားစုကို လွှတ်ပေးလိုက်ရင်ရော ဘယ်လိုလဲ”

ထိုလူရွယ်ထံမှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ စကားပြောလိုက်သည်နှင့် ဧည့်ခန်းတစ်ခုလုံး၏ လေထုက အလွန်တရာ လေးလံသွားသည်။ ရှေ့တွင်ရှိသော ထိုလူရွယ်မှာ ဧရာမတောင်ကြီးတစ်လုံးအလား ဖြစ်နေပြီး တစ်ဖက်လူကို ကြောက်ရွံ့ရိုသေစိတ်ဖြစ်စေသည်။

ဤအရှိန်အဝါအောက်တွင် အခြားသူများမှာ စကားပြောဖို့ပင် ခက်ခဲလှပြီး ငြင်းခုံရန်ဆိုသည်က ပို၍ပင် မဖြစ်နိုင်ပေ။ လင်းဇနီးမောင်နှံ၏ နီမြန်းနေသော မျက်နှာများကို ကြည့်ခြင်းဖြင့် သူတို့လည်း ထိုအရှိန်အဝါကြောင့် ဖိနှိပ်ခံထားရကြောင်း ထင်ရှားလှသည်။

ထိုအချိန်တွင်မှ ကျောက်တုန်ရှန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူအသံက ပို၍တင်းမာသွားသည်။

“ဒါက အလွတ်တန်းကျင့်ကြံသူများသမဂ္ဂက နတ်ဘုရားနယ်ပယ် သိုင်းသမား သခင်ရှန်းယွမ်ထောင်ပဲ။ ငါ သခင်ရှန်းယွမ်ထောင်ကို သက်သေအဖြစ် အထူးတလည် ဖိတ်ကြားထားတာ။ ငါတို့ကျောက်မိသားစုက ငြိမ်းချမ်းရေးယူဖို့ တကယ်ကို ရိုးသားပါတယ်”

ကျောက်တုန်ရှန်းက လင်းဖုန်းကို ဖိအားပေးရန်အတွက် ရှန်းယွမ်ထောင်၏ အထောက်အထားကို အလေးပေး ပြောကြားလိုက်သည်။ ဤသည်က ငြိမ်းချမ်းရေး ဆွေးနွေးလိုခြင်း ဖြစ်နိုင်ပါသလား။ သူ လင်းဖုန်းကို ငြိမ်းချမ်းရေးယူစေရန် ဩဇာအာဏာကို အလွဲသုံးစားလုပ်နေခြင်းဖြစ်သည်က ထင်ရှားလှ၏။

မည်သို့ပင်ဆိုစေ ကျောက်မိသားစု၏ အမြင်၌ လင်းဖုန်းက မည်မျှပင် သန်မာပြီး ပါရမီရှိပါစေ လောလောဆယ်တွင်မူ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်သည်။ သူ့အနေဖြင့် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးကို မျက်နှာမထောက်ဘဲ မည်သို့နေရဲမည်နည်း။

“ဪ... နတ်ဘုရားနယ်ပယ်သိုင်းသမား မစ္စတာရှန်းပေါ့။ မလေးမစား လုပ်မိတာကိုတော့ ခွင့်လွှတ်ပါ။ ဒါပေမဲ့... ခင်ဗျားလောက်နဲ့ မျက်နှာသာပေးဖို့ မလုံလောက်သေးဘူး”

လင်းဖုန်း၏ အသံက တည်ငြိမ်နေ၏။ သို့ပေသော်ငြား သူစကားဆိုလိုက်သည်နှင့် ဧည့်ခန်းအတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာသွားကာ လေထုပင်လျှင် အေးခဲသွားသည့်အလား ခံစားလိုက်ရလေသည်။

All Chapters