← Chapters

အခန်း ၂၄၇

Vol. 22 Ch. 247

အခန်း ၂၄၇

Vol. 22 Ch. 247

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၄၇) - လက်သီးတစ်ချက် လွင့်ပျံထွက်

ဘာသာပြန် - အားသစ်

ရှန်းယွမ်ထောင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့ခန္ဓာကိုယ်မှ ကြမ်းတမ်းသည့်အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာသည်။

“ကောင်းတယ်... အရမ်းကောင်းတယ်”

ရှန်းယွမ်ထောင်တစ်ယောက် အလွန်ဒေါသထွက်လွန်းသဖြင့် အေးစက်စက်ရယ်မောလိုက်သည်။ သူသည်ကား လေးစားဖွယ်ရာ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်ပြီး အလွတ်တန်းကျင့်ကြံသူများသမဂ္ဂတွင်ပင် အဆင့်အတန်းမြင့်မားသူ တစ်ဦးဖြစ်သည်။ ကျန်းဇီဖုန်းကဲ့သို့ သက်ရှိအားလုံးကို အထင်အမြင်သေးပြီး မိမိကိုယ်မိမိ မြင့်မြတ်သန့်စင်ကာ အထက်တန်းကျသော နတ်ဘုရားတစ်ပါးအဖြစ် ခံယူမထားသော်လည်း သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးက သူ့ကို ဤမျှမရိုမသေမလေးမခန့် ဆက်ဆံရဲမည်ဟု သူတစ်ခါမှ မထင်ထားခဲ့ပေ။

ဤလင်းဖုန်းက သူ့ကို လုံးဝမျက်နှာမထောက်ပေ။ ယခုအခါ ရှန်းယွမ်ထောင် သတ်ဖြတ်လိုစိတ်ပင် ဖြစ်လာသည်။ တစ်နှစ်ပတ်လုံး ရှေ့တန်းတွင်နေထိုင်ကာ ကြမ်းကြုတ်သားရဲများကို တိုက်ခိုက်နေရသော သိုင်းသမားတစ်ဦးအနေဖြင့် ရှန်းယွမ်ထောင်က သနားကြင်နာတတ်သူတစ်ဦး လုံးဝမဟုတ်ပေ။

ထိုအချိန်တွင် ကျောက်တုန်ရှန်း၏ မျက်နှာက မှောင်မည်းသွားသည်။ သူက အေးစက်စက်ဖြင့် စကားဆိုလိုက်သည်။

“လင်းဖုန်း... ဘာပဲဖြစ်ဖြစ် သခင်ရှန်းက ငါတို့ရဲ့ စီနီယာပဲ။ သခင်ရှန်းက သဘောကောင်းမနောကောင်းမို့ အသိသက်သေအဖြစ် ဒီအထိလာပေးတာကို မင်းက ဒီလောက်ထိ ရိုင်းပြနေတယ်။ ဟမ့... မင်းက ပညာရေး အဖွဲ့အစည်းရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ရုံနဲ့ပဲ မင်းကို ဘယ်သူမှ ဘာမှလုပ်လို့မရဘူးများ မထင်နဲ့။ မင်းအိမ်က ဗဟိုပင်လယ်မြို့မှာ ရှိနေသေးသလို မင်းမိသားစုကလည်း ဗဟိုပင်လယ်မြို့မှာပဲဆိုတာ သတိရ”

“ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား”

လင်းဖုန်း၏ မျက်လုံးများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“ငါ မင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး၊ ဒါပေမဲ့ သိုင်းသမားတစ်ယောက်အနေနဲ့ ငါက မင်းကို ထိန်းချုပ်ခွင့်ရှိတယ်။ မင်း မသိလောက်သေးပေမဲ့ ငါက ဗဟိုပင်လယ်မြို့ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့က အရာရှိတစ်ယောက် ဖြစ်နေပြီ။ မင်းက ပညာရေးအဖွဲ့အစည်းကပဲဖြစ်ဖြစ် တခြားဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် အရေးမကြီးဘူး။ မင်း ဗဟိုပင်လယ်မြို့မှာ ရှိနေသရွေ့ မင်းကို ငါ စီမံခွင့်ရှိတယ်”

“ခင်ဗျားက ဗဟိုပင်လယ်မြို့ရဲ့ ဥပဒေစိုးမိုးရေးအရာရှိ ဟုတ်လား”

လင်းဖုန်း၏ လေသံက ရုတ်တရက် အံ့အားသင့်သွားပုံရသည်။ သူ ကျောက်တုန်ရှန်းကို ကြည့်သည့် အကြည့်ကပင် အနည်းငယ်ထူးဆန်းနေ၏။

သူ ကျောက်တုန်ရှန်းကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေဆဲပင်။ ကျောက်တုန်ရှန်းက အလွတ်တန်းကျင့်ကြံသူများသမဂ္ဂမှ ဖြစ်သည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားမဆိုထားနှင့် သူ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်နေလျှင်တောင် ကျောက်တုန်ရှန်း အမှားတစ်ခုခု မလုပ်သရွေ့ သူဘာမှ လုပ်မရနိုင်ပေ။

သို့သော် ယခုမူ ကျောက်တုန်ရှန်းက တကယ်ပင် ဗဟိုပင်လယ်မြို့၏ ဥပဒေစိုးမိုးရေးအရာရှိတစ်ဦး ဖြစ်နေသည်။ ဤသည်က သူကိုယ်တိုင် လင်းဖုန်း၏ ထိန်းချုပ်မှုအောက်သို့ ဝင်ရောက်လာခြင်း မဟုတ်ပေလော။

“လင်းဖုန်း... မင်းနဲ့ နဂါးစီးသူရဲဟောက်ရှီယီတို့ကြားမှာ ဆက်ဆံရေးကောင်း ရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဟောက်ရှီယီကို အားကိုးပြီး ဘာကိုမှ ကြောက်စရာ မလိုဘူးလို့ မငိးထင်နေတာလား။ ဒီနေ့ ငါ့အပေါ် မရိုမသေလုပ်ခဲ့တဲ့အတွက်နဲ့တင် ငါ မင်းကို သင်ခန်းစာ ကောင်းကောင်းပေးလို့ရတယ်”

“ခင်ဗျားက ဗဟိုပင်လယ်မြို့ထဲမှာတောင် တိုက်ခိုက်ရဲတယ်ပေါ့”

လင်းဖုန်း၏ အကြည့်က အေးစက်သွားသည်။ သူ့အရာထူးအရာခံ သရုပ်သကန်ကို ထုတ်မပြောခဲ့သော်လည်း သူက ဗဟိုပင်လယ်မြို့၏ ကိုယ်စားလှယ်တော်အသစ် ဖြစ်၏။ သိုင်းသမားတစ်ဦးသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသည်နှင့် မြို့ထဲတွင် တိုက်ခိုက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

ဥပဒေစိုးမိုးရေးအဖွဲ့သာလျှင် အကန့်အသတ်တစ်ခုအထိတိုက်ခိုက်ခွင့်ရှိသည်။

“ဟမ့်... မင်းလို အသွင်ပြောင်းနယ်ပယ် သိုင်းသမားလေးကို သင်ခန်းစာပေးတာက တိုက်ခိုက်တာလို့ သတ်မှတ်လို့ရမလား။ ဒါ့ပြင် ငါ တိုက်ခိုက်တော့ရော ဘာဖြစ်သေးလဲ။ အဆိုးဆုံးဖြစ်လှ ငါ ရှေ့တန်းမှာ နှစ်နည်းနည်းလောက် ထပ်နေရုံပဲရှိမှာပေါ့”

ရှန်းယွမ်ထောင်က အေးစက်စက် ပြောလိုက်သည်။ သူ လင်းဖုန်းကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။ သူ သာလွန်နတ်ဘုရားနယ်ပယ်တွင် ရှိနေလျှင်တောင် လင်းဖုန်းကို မသတ်ဝံ့ပေ။

သို့သော် လင်းဖုန်းကို သင်ခန်းစာပေးရန်အတွက်မူ သူ မတွန့်ဆုတ်ပေ။ အဆိုးဆုံးဖြစ်လှ အပေါ့စား ပြစ်ဒဏ်တစ်ခုသာ ရရှိပေလိမ့်မည်။ ထိုပြစ်ဒဏ်လောက်ကို သူ ခံနိုင်သေးသည်။ သို့သော် လင်းဖုန်းက နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်သော သူ့ကို ယနေ့ စော်ကားခဲ့၏။ သူ လင်းဖုန်းကို သင်ခန်းစာပေးမှ ဖြစ်မည်။

ဝှစ်

ရှန်းယွမ်ထောင် လှုပ်ရှားလိုက်သည်။ သူ လက်ကို ဖြန့်လိုက်ရာ များပြားလှသော ကြယ်တာရာစွမ်းအားများက မမြင်ရသော ပိုက်ကွန်ကြီးတစ်ခုအလား လင်းဖုန်းကို လွှမ်းခြုံသွားသည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး၏ ကြယ်တာရာစွမ်းအားက မည်မျှထိ များပြားသနည်း။

နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများမှာ အကန့်အသတ်မရှိသလောက်နီးပါး ဖြစ်နေသဖြင့် ပမာဏကို စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ပေ။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးထက် ဆယ်ဆ၊ အဆတစ်ရာ သို့တည်မဟုတ် ထိုထက်မက ပိုများနိုင်သည်။

ရှန်းယွမ်ထောင်သည် အနည်းဆုံး ကြယ်တာရာစွမ်းအား မျှင် ၅၀,၀၀၀ ခန့်ကို လွယ်လင့်တကူ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ သူ လင်းဖုန်း၏ ခွန်အားကို အထိုက်အလျောက် ခန့်မှန်းထားပြီး လင်းဖုန်းကို အထင်မသေးရဲပုံရသည်။

“ဖုန်းအာ”

“ရှန်းယွမ်ထောင်... ခင်ဗျား ဘာလုပ်နေတာလဲ”

“တတိယအစ်ကို”

လင်းဖုန်း ပိတ်လှောင်ခံလိုက်ရသည်ကို မြင်သောအခါ အဖေလင်းနှင့် အခြားသူများအားလုံး စိုးရိမ်သွားကြသည်။ လင်းဖုန်းနှင့် ရှန်းယွမ်ထောင်တို့ နှစ်ဦးစလုံး နတ်ဘုရားနယ်ပယ်တွင် ရှိနေချိန်တွင် မည်သူက ပိုသန်မာသည်ကို သူတို့မသိကြပေ။ သို့သော် ရှန်းယွမ်ထောင်က ဝါရင့်သဘာရင့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူတို့ အမှန်တကယ် တိုက်ခိုက်ကြပါက လင်းဖုန်း အထိနာမည်မှာ သေချာသလောက်ရှိသည်။ ထို့ကြောင့် သူတို့ အနည်းငယ် စိုးရိမ်နေကြ၏။

လင်းဖုန်းကမူ အလျင်လိုခြင်းမရှိ စိုးရိမ်ပုံလည်း မရပေ။ သူ ကျောက်တုန်ရှန်းကို ကြည့်ကာ အေးစက်စက် မေးလိုက်သည်။

“ကျောက်တုန်ရှန်း... ခင်ဗျားက ဗဟိုပင်လယ်မြို့ရဲ့ ဥပဒေစိုးမိုးရေး အဖွဲ့ဝင်တစ်ယောက် ဖြစ်နေမှတော့ မြို့ထဲမှာ သာလွန်လူသားတွေ တိုက်ခိုက်တာက စည်းမျဉ်းနဲ့မညီဘူးဆိုတာ ခင်ဗျားသိသင့်တယ်။ ပြီးတော့ အခု တိုက်နေတာက နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်ပဲ။ ခင်ဗျားတို့ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့က ဝင်မပါဘူးလား”

“လင်းဖုန်း... မင်းက သိုင်းပညာအသိုင်းအဝိုင်းက စီနီယာတစ်ယောက်ကို မလေးမစား လုပ်ခဲ့တာလေ။ သခင်ရှန်းက မင်းကို သင်ခန်းစာပေးတာ မှန်ကန်တဲ့လုပ်ရပ်ပဲ။ စိတ်မပူပါနဲ့... ဒီကိစ္စကို ဥပဒေစိုးမိုးရေးအဖွဲ့ဆီ ငါ တိုင်ကြားပေးပါ့မယ်။ ဒါပေမဲ့ သခင်ရှန်း မင်းကို သင်ခန်းစာပေးလို့ ပြီးတဲ့အထိတော့ စောင့်ရလိမ့်မယ်။ ဒါမှ မင်းနေရာ မင်းသိပြီး ကျောက်မိသားစုနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ သဘောတူလာမှာပေါ့”

“ဟုတ်ပြီလေ... ကျောက်တုန်ရှန်း။ ခင်ဗျားက ဒီလို သဘောထားမျိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်တာပေါ့”

လင်းဖုန်း မျက်လုံးများကို မှိတ်လိုက်သော်လည်း စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်မိသည်။ ဤအဖြစ်က တိုက်ဆိုင်လွန်းလှသည်။ သူ ကျောက်တုန်ရှန်းအပေါ် အပြစ်ရှာရန် အမြဲတမ်း အလိုရှိခဲ့သော်လည်း အခွင့်အရေး မရခဲ့ပေ။ ယနေ့တွင်မူ ကျောက်တုန်ရှန်းက သူ့အိမ်ပေါက်ဝအထိ အခွင့်အရေး လာပေးနေ၏။

နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးက လင်းဖုန်းကို ထိန်းချုပ်နိုင်မည်ဟု သူ ထင်နေသည်လား။

“နတ်ဘုရားနယ်ပယ်လား။ ငါ နတ်ဆိုးစစ်သူကြီးတွေကို သတ်ဖူးပေမဲ့ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်နဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးသေးဘူး။ ဒီလောက် ပျော့တဲ့ အားလေးနဲ့ မင်းက ငါ့ကို သင်ခန်းစာပေးဖို့ အရည်အချင်း မမီသေးဘူး”

ဂျွတ်။

လင်းဖုန်း ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံး ထူထပ်လှသော ချပ်ဝတ်အလွှာဖြင့် ဖုံးလွှမ်းသွားကာ ကြောက်မက်ဖွယ်ကောင်းသည့်အသွင်အပြင် ရှိနေသည်။ ကြယ်တာရာစွမ်းအားလား။

သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော ကြယ်တာရာစွမ်းအားများကို လင်းဖုန်းက ချက်ချင်း စုပ်ယူလိုက်သည်။ မှန်ပေ၏။ ယင်းတို့အားလုံးကို လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က စွမ်းအင်အဖြစ် စုပ်ယူလိုက်ခြင်းပင်။

ကြယ်စွမ်းအားဆိုသည်မှာ စွမ်းအင်တစ်မျိုးဖြစ်ပြီး သန့်စင်သည့်စွမ်းအင်လည်း ဖြစ်သည်။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က စွမ်းအင်လိုအပ်သည်။ လင်းဖုန်း ကောင်းကင်ယံရှိ ကြယ်စွမ်းအားများကို စုပ်ယူသောအခါ ယင်းတို့ကို ကြယ်တာရာစွမ်းအားအဖြစ် ပြောင်းလဲရန် လုံးဝမလိုအပ်ပေ။ ထိုစွမ်းအင်တို့ကို သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် စွမ်းအင်နှင့် အာဟာရအဖြစ် တိုက်ရိုက် ပြောင်းလဲနိုင်သည်။ (ကြယ်စွမ်းအားက ကြယ်တွေကနေ တိုက်ရိုက်ရတဲ့ အကြမ်းထည်စွမ်းအားပါ။ ကြယ်တာရာစွမ်းအားကတော့ ကြယ်စွမ်းအားကို စုပ်ယူသန့်စင်ထားတဲ့ဟာပေါ့။)

ကြယ်စွမ်းအားများကို ကြယ်တာရာစွမ်းအားအဖြစ် သီးသန့်ပြောင်းလဲခြင်းက အပိုအလုပ်သက်သက်သာဖြစ်ပြီး ဖြုန်းတီးရာလည်း ရောက်သည်။

“ဟင်”

လင်းဖုန်းက သူ၏ထိန်းချုပ်မှုမှ ချက်ချင်း ရုန်းထွက်သွားသည်ကို မြင်သောအခါ ရှန်းယွမ်ထောင် အနည်းငယ် အံ့အားသင့်သွားသည်။ ခုနက သူ လင်းဖုန်းကို လုံးဝ အထင်မသေးခဲ့ပေ။ သောင်းနှင့်ချီသော ကြယ်တာရာစွမ်းအားမျှင်များကို ထုတ်ဖော်သည်က မည်သည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားကိုမဆို ထိန်းချုပ်ရန် လုံလောက်လှသည်။

ယင်းက လင်းဖုန်းအပေါ် အလုပ်မဖြစ်ရုံသာမက သူ၏သောင်းနှင့်ချီသော ကြယ်တာရာစွမ်းအားမျှင်များပါ အစအနမကျန် ပျောက်ဆုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ထွက်သွားစမ်း”

ရှန်းယွမ်ထောင် လင်းဖုန်းကို ထပ်မံဖမ်းချုပ်ရန် ကြိုးစားလိုက်သေးသည်။ သို့သော်လည်း လင်းဖုန်း၏ လက်မောင်းက ရုတ်တရက် ရှည်ထွက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ လက်သီးတစ်ချက် အမှန်တကယ် ကျရောက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

ဘုန်း

ရှန်းယွမ်ထောင် သတိလက်လွတ်ဖြစ်သွားပြီး လွင့်ပျံထွက်သွားကာ ဗီလာ၏ တံခါးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

“ဘာ... မဖြစ်နိုင်တာ”

လင်းဖုန်းက ရှန်းယွမ်ထောင်ကို လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေသည်ကို မြင်သောအခါ ကျောက်တုန်ရှန်း၏ မျက်နှာပေါ်တွင် မယုံနိုင်မှုများ အပြည့်ဖြစ်သွားသည်။

နတ်ဘုရားနယ်ပယ် သိုင်းသမားဆိုတာ ဘာလဲ။ သူတို့သည် သက်ရှိအားလုံးကို ငုံ့ကြည့်နိုင်သော မြင့်မြတ်သည့် နတ်ဘုရားများဖြစ်ပြီး အနိုင်ယူ၍ မရနိုင်သော တည်ရှိမှုများ ဖြစ်ကြ၏။

အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ယောက်မဆိုထားနှင့် ရှစ်ယောက်၊ ဆယ်ယောက်လောက် ပေါင်းတိုက်ရင်တောင် နတ်ဘုရားနယ်ပယ် သိုင်းသမားတွေကို ဘာအနာတရမှဖြစ်အောင် မလုပ်နိုင်ပေ။ နယ်ဘုရားနယ်ပယ်သည်ကား အသွင်ပြောင်းနယ်ပယ်ထက် များစွာသာလွန်သည့် သီးခြားအဆင့်တစ်ခုတွင် ရှိနေသော တည်ရှိမှုပင်။

ဒါပေမဲ့ သူ အခု ဘာကို မြင်လိုက်ရတာလဲ။

လင်းဖုန်းက ရှန်းယွမ်ထောင်ကို ရိုးရိုးရှင်းရှင်း လက်သီးတစ်ချက်တည်းဖြင့ လွင့်ထွက်သွားစေလိုက်သည်ကို သူ တပ်အပ်တွေ့လိုက်ရသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်မှ ကြယ်တာရာစွမ်းအား လှုပ်ရှားမှု အရိပ်အယောင်ပင် သူ မခံစားမိချေ။

လင်းဖုန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အလွန့်အလွန်သန်မာသည်ဆိုလျှင်ပင် ရှန်းယွမ်ထောင်က သတိလက်လွတ် ဖြစ်သွားသည်ဆိုလျှင်ပင် လင်းဖုန်းက ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို လွင့်ထွက်သွားစေရန် မည်သို့နှယ် လုပ်နိုင်မည်နည်း။

“လင်းဖုန်း”

ဗီလာ အပြင်ဘက်မှ ရှန်းယွမ်ထောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ သူ့အသံကြောင့် ဗီလာဧရိယာ တစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားရသည်။

All Chapters