အခန်း ၂၄၈
Vol. 22 Ch. 248
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၄၈) - နတ်ဘုရားနယ်ပယ်သိုင်းသမားနှင့်တိုက်ပွဲ
ဘာသာပြန် - အားသစ်
လင်းဖုန်း မတ်တတ်ရပ်ကာ တံခါးအပြင်သို့ တစ်လှမ်းချင်း လျှောက်ထွက်သွားသည်။
လင်းမိသားစု၊ ကျောက်တုန်ရှန်းနှင့် အခြားသူများလည်း အလျင်အမြန် နောက်မှ လိုက်သွားကြသည်။ အထူးသဖြင့် ကျောက်တုန်ရှန်းတွင် ခပ်ဝါးဝါးကြိုတင်နိမိတ်တစ်ခု ရှိနေသည်။ စောစောက လင်းဖုန်း၏ အပြုအမူနှင့် ယခု လင်းဖုန်း၏ တည်ငြိမ်နေသည့်အမူအရာတို့ ပေါင်းစပ်ကြည့်လိုက်သောအခါ လင်းဖုန်းက အမှန်တကယ်ပင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဟုတ်ရဲ့လားဆိုသည်ကို သူမသချာတော့ပေ။
ဗီလာအပြင်ဘက်တွင် ရှန်းယွမ်ထောင်တစ်ယောက် လေထဲတွင် လွင့်မျောနေသည်။ သူ့တစ်ကိုယ်လုံးကို ခရမ်းရောင်မီးတောက်အလွှာတစ်ခုဖြင့် လွှမ်းခြုံထားပုံရသည်။ ခရမ်းရောင်မီးတောက်များက အနည်းငယ် ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းနေသယောင်ရှိ၏။ သူ့နားရွက်အနီးတွင် မရေမတွက်နိုင်သော အသံများက ဝန်းရံနေသကဲ့သို့ပင်။ မြင်ရုံဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤသည်က တကယ့်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးပင်။ ကြယ်တာရာစွမ်းအားအပြင် သူတို့၏ မွေးရာပါစွမ်းရည်များကိုလည်း အလွန်အားကောင်းသည့် အဆင့်အထိ တိုးတက်စေခဲ့ပြီးဖြစ်ကြ၏။ အချို့သော အထူးမွေးရာပါစွမ်းရည်များကို အားကိုးခြင်းဖြင့် သာမန်လူများ၏ စိတ်နှလုံးကိုပင် ညှို့ယူဖမ်းစားနိုင်ကြသည်။
ရှေးခေတ်က လူပေါင်းများစွာ နတ်ဘုရားများကို ယုံကြည်ကိုးကွယ်ကြပြီး ထိုနတ်ဘုရားနယ်ပယ် သိုင်းသမားများကို နတ်ဘုရားများအဖြစ် ဆက်ဆံခဲ့ကြသည့် အကြောင်းရင်းကလည်း ဤအချက်ကြောင့်ပင်။ သူတို့၏ ကိုယ်ပိုင်အသိပညာဗဟုသုတနည်းပါးမှုနှင့် မိုက်မဲဥာဏ်နည်းမှုတို့အပြင် အချို့သော နတ်ဘုရားနယ်ပယ် သိုင်းသမားများ၏ အလွန်ထူးဆန်းလှသည့် မွေးရာပါစွမ်းရည်များကလည်း အဓိကအရင်းခံဖြစ်ပေ၏။
ရှန်းယွမ်ထောင်တွင် ဤကဲ့သို့သော ထူးဆန်းသည့် မွေးရာပါစွမ်းရည်မျိုး ရှိနေသည်က ထင်ရှားပေသည်။ သူ၏ ခရမ်းရောင်မီးတောက်များက ပူပြင်းမှုကို လုံးဝမခံစားစေရဘဲ ဆန့်ကျင်ဘက်အားဖြင့် ရေခဲအလား အေးစက်နေသည်။ ရှန်းယွမ်ထောင်၏ ခရမ်းရောင်မီးတောက်များက အေးစက်စက် သတ်ဖြတ်လိုစိတ်ကိုလည်း ထုတ်လွှတ်နေသကဲ့သို့ပင်။
လင်းဖုန်း ဗီလာထဲမှ လျှောက်ထွက်လာသည်။ ထိုအချိန်တွင် သူ့တစ်ကိုယ်လုံးကို မီးခိုးရောင်ချပ်ဝတ်အလွှာဖြင့် ဖုံးလွှမ်းထားသည်။ အထူးတလည် ကြောက်မက်ဖွယ်ကောင်းသယောင်ရှိသည်မှလွဲ၍ ထိုချပ်ဝတ်ထံမှ အခြား မည်သည့်အရာကိုမျှ မတွေ့ရပေ။
“လင်းဖုန်း... ငါ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရရင်တောင် မင်းကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးမယ်ကွ”
ခရမ်းရောင်မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် ဧရာမလူဘီလူးကြီးတစ်ဦးက ရှန်းယွမ်ထောင်၏ နောက်တွင် မသဲမကွဲ ပေါ်လာသည်။ သူက ဂုဏ်သရေရှိ နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ ရှေးခေတ်ကဆိုလျှင် မြင့်မြတ်သန့်စင်သော နတ်ဘုရားတစ်ပါး ဖြစ်ပေလိမ့်မည်။
သက်ရှိအားလုံးက နတ်ဘုရားတစ်ပါး၏ ဒေါသရှေ့တွင် တုန်လှုပ်ကြရစမြဲပင်။
ဝုန်း
ရှန်းယွမ်ထောင်က လက်ကိုဆန့်ထုတ်ကာ ညွှန်ပြလိုက်သည်။ အဆုံးမဲ့သယောင် ခရမ်းရောင်မီးတောက်များက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသော ဧရာမ လက်ဖဝါးကြီးတစ်ခုအဖြစ် ချက်ချင်း ဖွဲ့စည်းသွားသည်။ ထို့နောက် လေထဲမှ ရုတ်တရက် ရိုက်ချလာသည်။
ထိုနေရာတွင် ဖြစ်ပွားနေသည့် ရုန်းရင်းဆန်ခတ်ကိစ္စရပ်များကို မြင်တွေ့ခဲ့ရသူများက အနည်းငယ်မျှ နီးနီးကပ်ကပ် သွားကြည့်မိရုံဖြင့်ပင် ချောက်ချားမှုနှင့် အသက်ရှူကျပ်မှုကို ခံစားလိုက်ကြရသည်။ အကြောင်းပြချက်မရှိ ရင်တုန်ပန်းတုန်ဖြစ်ကာ ကြောက်ရွံ့တုန်လှုပ်မှုကို သူတို့ခံစားလိုက်ရသည်။ ဤသည်ကား နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အမျက်ဒေါသပင်။ သူ့အရှိန်အဝါ တစ်ခုတည်းကပင် သာမန်လူများကို ခုခံလိုစိတ်ပျောက်ဆုံးသွားစေဖို့ လုံလောက်ပေ၏။
လက်ရှိအချိန်တွင် လင်းဇနီးမောင်နှံဖြစ်စေ၊ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်သော ကျောက်တုန်ရှန်းဖြစ်စေ သူတို့အားလုံး ဟင်းလင်းပြင်ထဲရှိ ခရမ်းရောင်မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဖဝါးကြီးကို ကြည့်ကာ ခုခံဖို့မဖြစ်နိုင်ဟူသော အတွေးက သူတို့စိတ်ထဲတွင် အလိုအလျောက်ပေါ်လာကြသည်။
သူတို့သည်ကား ဤဧရာမလက်ဖဝါးကြီးအောက်တွင် အလွန်သေးဖွဲသိမ်နုပ်လှသဖြင့် ခုခံရန်အတွက် အနည်းငယ်မျှပင် မတွေးရဲကြသည်အထိ ခံစားလိုက်ရသည်။
သာမန်လူများက ထိုစွမ်းအားကို သိပ်ပြီး အရေးမကြီးလှဟု ထင်ကြသော်လည်း ကျောက်တုန်ရှန်းကမူ အလွန်အံ့အားသင့်နေမိသည်။ လက်ရှိ သူ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်နေလေပြီ။ ထို့ပြင် ရှေ့တန်းတွင် ကြမ်းကြုတ်သားရဲများနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် သူ၏စိတ်ဆန္ဒကလည်း အလွန်ခိုင်မာလာသည်။ သံမဏိကဲ့သို့ မာကျောသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်မည်မဟုတ်ပေ။
သို့သော် ယခုလက်ရှိ ရှန်းယွမ်ထောင်၏ စွမ်းအားပေါက်ကွဲမှုရှေ့တွင် ကျောက်တုန်ရှန်းအနေဖြင့် ခုခံရန်ပင် မတွေးဝံ့တော့ပေ။ ဤသည်က မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသနည်း။ ကျောက်တုန်ရှန်းအနေဖြင့် ရှန်းယွမ်ထောင်အပေါ် အထင်ကြီးလေးစားမှုရှိနှင့်ပြီး ဖြစ်သော်လည်း ကြည့်ရသည်က ဤဝါရင့်သဘာရင့် နတ်ဘုရားနယ်ပယ် သိုင်းသမား၏ ခွန်အားကို သူ အထင်သေးမိသေးပုံရသည်။
လက်တွေ့တွင်လည်း ရှန်းယွမ်ထောင်က အမှန်တကယ်ပင် အလွန်သန်မာလှသည်။ သူသည် အလွတ်တန်းကျင့်ကြံသူများသမဂ္ဂရှိ နတ်ဘုရားနယ်ပယ် သိုင်းသမား အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး ဂုဏ်သတင်းအရ နဂါးစီးသူရဲဟောက်ရှီယီထက် မနိမ့်ကျပေ။
ယခုလက်ရှိတွင် ရှန်းယွမ်ထောင်က သူ့စွမ်းအားများကို အငြိုးတကြီး ထုတ်ဖော်လိုက်လေပြီ။ ထို့ကြောင့် ရုန်းရင်းဆန်ခတ်မှုများက မယုံနိုင်လောက်အောင် ကြီးမားလှသည်။
ဧရာမလက်ဖဝါးကြီး ရိုက်ချလာသည်နှင့်အမျှ လင်းဖုန်းတစ်ယောက် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်က ဂရီမန်၏ ဟင်းလင်းပြင်ထိန်းချုပ်မှုနှင့် မတူကွဲပြားသည်။ ဂရီမန်၏စွမ်းရည်သည်ကား စကြဝဠာထဲတွင်ပင် အလွန်ရှားပါးလှသော ဟင်းလင်းပြင်စွမ်းအားကို အသုံးပြုသည့် ဟင်းလင်းပြင်မွေးရာပါစွမ်းရည်စစ်စစ် ဖြစ်၏။
တစ်ဖက်တွင်မူ ရှန်းယွမ်ထောင်၏ ခရမ်းရောင်မီးတောက်များက လေထုကိုပင် အေးခဲသွားစေနိုင်စွမ်းရှိပုံရသည်။ သူ လင်းဖုန်းကို လုံးဝအေးခဲသွားစေလိုခြင်းပင်။
ခရမ်းရောင်မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်ဖဝါးကြီးက အလွန်မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် လင်းဖုန်းထံသို့ အားပါးတရ ရိုက်ချလာသည်။
မြေပြင်တစ်ခုလုံး တုန်ခါနေပြီး ခရမ်းရောင်မီးတောက်များက နေရာတိုင်းကို ဖျက်ဆီးနေသည်။ ဗီလာဧရိယာ တစ်ခုလုံးမှာ မုန်တိုင်းတစ်ခုကို ဖြတ်သွားသည့်အလားပင်။ ကံကောင်းထောက်မစွာဖြင့် ရှန်းယွမ်ထောင်က စိတ်လွတ်ကိုယ်လွတ်တိုက်ခိုက်ခြင်းမရှိဘဲ မီးတောက်များ၏ အကွာအဝေးကို ထိန်းချုပ်ရန်အတွက် သတိရှိနေသေးသည်။ သို့မဟုတ်ပါက နောက်ဆက်တွဲ လှိုင်းဂယက်တစ်ခုတည်းကပင် မရေမတွက်နိုင်သည့် သာမန်လူတို့ကို သေဆုံးစေနိုင်ပေသည်။
ရှန်းယွမ်ထောင်ကဲ့သို့သော နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးပင် သိုင်းသမားများအတွက် မူဝါဒအသစ်ကို အလွယ်တကူ မချိုးဖောက်ရဲပေ။
ခရမ်းရောင်မီးတောက် ဧရာမလက်ဖဝါးကြီး လင်းဖုန်း၏ ခေါင်းပေါ်သို့ ရိုက်ချလာသည်ကို မြင်သောအခါ လင်းဇနီးမောင်နှံ၏ ခန္ဓာကိုယ်များ တုန်ရီသွားကြသည်။ ကြမ်တမ်းလှသည့်အရှိန်အဝါက သူတို့ကို မည်မျှပင် ဖိနှိပ်ထားစေကာမူ လင်းဖုန်းအပေါ် သူတို့၏ ချစ်ခြင်းမေတ္တာကိုတော့ မဖိနှိပ်နိုင်ပေ။
“ဖုန်းအာ”
လင်းမိသားစုဝင်တို့၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ ဖုန်မှုန့်များ တဖြည်းဖြည်းလွင့်စင်သွားသောအခါ သူတို့ လင်းဖုန်းရှိရာကို သေသေချာချာ ကြည့်လိုက်ကြသည်။ လင်းဖုန်း မသေသေးပေ။ သူက ရေခဲပန်းပုရုပ်တစ်ခုအလား ခရမ်းရောင်မီးတောက်များဖြင့် အေးခဲခံထားရုံသာ ဖြစ်သည်။
သို့သော် ဤရေခဲပန်းပုရုပ်က အလွန်ထူးဆန်းလွန်းလှသည်။ ထိုရေခဲရုပ်က အမှန်တကယ်ပင် ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေဆဲပင်။ မီးတောက်များက မည်သို့နှယ် အေးစက်နေနိုင်လိမ့်နည်း။
စင်စစ်တွင် ဤသည်က ရှန်းယွမ်ထောင် နိုးထလာခဲ့သော ရှားပါးမွေးရာပါစွမ်းရည်တစ်ခု ဖြစ်သည်။ ထိုဝင်ရိုးစွန်းရေခဲမီးတောက်သည် အလွန်ရှားပါးသော မွေးရာပါစွမ်းရည်တစ်ခုဖြစ်ပြီး အလွန်လည်း အစွမ်းထက်လှသည်။ နတ်ဆိုးစစ်သူကြီးများပင်လျှင် ဝင်ရိုးစွန်းရေခဲမီးတောက်ကြောင့် အေးခဲသွားနိုင်သည်။
ရေခဲပန်းပုအဖြစ် အေးခဲသွားသော လင်းဖုန်းကို ကြည့်ကာ ရှန်းယွမ်ထောင်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင် တစ်စုံတစ်ရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ ဖိအားတစ်ခုကို ခံစားနေရသောကြောင့်ပင်။ မှန်ပေ၏။ အလွန်ကြီးမားသော ဖိအားတစ်ခုပင်။ သူ၏ ဝင်ရိုးစွန်းရေခဲမီးတောက်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက အတွင်းမှ နိုးထလာသကဲ့သို့ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားနေသည်။
ခရက်
ရုတ်တရက် ရေခဲပန်းပုမှ အက်ကွဲသံထွက်လာသည်။ အက်ကွဲကြောင်းများ တဖြည်းဖြည်း ပေါ်လာသည်။ ချက်ချင်းပင် အက်ကွဲကြောင်းများ ပိုကြီးလာကာ နောက်ဆုံးတွင် လင်းဖုန်းကို ဆက်လက်အေးခဲမထားနိုင်တော့ပေ။
ဝုန်း
လင်းဖုန်း ဝင်ရိုးစွန်းရေခဲမီးတောက်ကို ဖောက်ထွက်လာသည်။ သူ ရှန်းယွမ်ထောင်ကို မော့ကြည့်လိုက်သည်။ မဆိုးလှပေ။ ဤရှန်းယွမ်ထောင်သည် ထိုစဉ်က အပျက်အစီးများထဲမှ ပုတ်သင်သုံးကောင်ထက် သိသိသာသာ ပိုမိုသန်မာလှသည်။
ထိုပုတ်သင်သုံးကောင်က မည်မျှပင် သန်မာစေကာမူ အသိဉာဏ်နိမ့်ပါးသော ဇီဝပြုပြင်သားရဲများသာ ဖြစ်ကြသည်။ သူတို့တွင် အကြမ်းထည်ခွန်အားသာရှိပြီး နည်းစနစ်မရှိကြပေ။
တစ်ဖက်တွင်မူ ရှန်းယွမ်ထောင်သည် တကယ့်ထိပ်တန်း နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်သည်။ ရှန်းယွမ်ထောင်၏ ခွန်အားက နဂါးစီးသူရဲဟောက်ရှီယီထက် သေချာပေါက် မနိမ့်ကျကြောင်း လင်းဖုန်း ခံစားလိုက်ရသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းဖုန်းသည်လည်း သူ့လက်ရှိခွန်အားက နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ်လျှင် မည်သို့ရှိသည်ကို သိချင်နေခဲ့သည်။
“ဘယ်လောက် ထူးဆန်းတဲ့ မွေးရာပါစွမ်းရည်လဲ။ ဒါပေမဲ့ ဒီလောက်ပါပဲ”
လင်းဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖိနှိပ်ထားခြင်းမှ အနည်းငယ်ဖြေလျှော့လိုက်သည်။
လင်းဖုန်း၏ ခန္ဓာကိုယ်က ပူဖောင်းတစ်လုံးအလား အလျင်အမြန် ကျယ်ပြန့်လာသည်။ သူသည် အရပ် ၁.၈ မီတာခန့်မှ လူ့ဘီလူးကြီးတစ်ကောင်အလား အမြင့် ၁၀ မီတာအထိ ရုတ်တရက် ကြီးထွားလာသည်။
ထို့ပြင် ၁၀ မီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်က အရပ်အမြင့်တင်သာမက အဘက်ဘက်မှ ကြီးထွားပြန့်ကားလာခြင်း ဖြစ်သည်။
လင်းဖုန်းတစ်ကိုယ်လုံး မီးခိုးရောင်သံချပ်ကာဖြင့် ဖုံးလွှမ်းနေဆဲပင်။ လက်ရှိလင်းဖုန်းသည် လူ့ပြည်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါပြီး ထူးကဲလှသည်။ မတ်တတ်ရပ်နေသည်ကပင် လေထဲတွင် ပျံသန်းနေသော ရှန်းယွမ်ထောင်နှင့် တစ်ပြေးတည်းဖြစ်နေသည်။
“ဒါ မင်းရဲ့ မွေးရာပါစွမ်းရည်လား”
ပထမဆုံးအကြိမ်အဖြစ် ရှန်းယွမ်ထောင်၏ မျက်နှာပေါ်တွင် လေးနက်သည့်အမူအရာ ပေါ်လာသည်။ လင်းဖုန်းထံမှ ကြယ်တာရာစွမ်းအားလှုပ်ရှားမှု တစ်စုံတစ်ရာကို သူ မခံစားရပေ။ ထို့ကြောင့် ဤသည်က သေချာပေါက် ကြယ်တာရာသိုင်းပညာရပ်တစ်ခု မဟုတ်ပေ။ ယင်းမှာ အထူးမွေးရာပါစွမ်းရည်တစ်ခုသာ ဖြစ်နိုင်သည်။
သို့သော် လူတစ်ယောက်ကို ၁၀ မီတာမြင့်သော လူ့ဘီလူးကြီးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားစေနိုင်သည့် မွေးရာပါစွမ်းရည်မျိုးကို သူ မြင်ဖူးရန်မဆိုထားနှင့် ကြားပင်မကြားဖူးချေ။ ဤသို့သော မွေးရာပါစွမ်းရည်မျိုးက သူ့စိတ်ကူးထဲတွင်ပင် ဖြစ်နိုင်ချေမရှိလှပေ။
ထို့ပြင် လင်းဖုန်း လူဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်နှင့်အမျှ လင်းဖုန်းထံမှ ထွက်ပေါ်လာသော အားကောင်းသည့် ခြိမ်းခြောက်မှု ခံစားချက်ကို သူ ထင်ထင်ရှားရှား ခံစားလိုက်ရသည်။ ယင်းမှာ အန္တရာယ်ရှိသော အရှိန်အဝါများ ပြည့်နှက်နေသည့် အကြောက်မက်ဖွယ်အကောင်းဆုံး နတ်ဆိုးစစ်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။
လင်းဖုန်းက အမှန်တကယ်ပင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဟုတ်ပါရဲ့လားဟု သူ သံသယ မဖြစ်ဘဲ မနေနိုင်တော့ပေ။