အခန်း ၂၄၉
Vol. 22 Ch. 249
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၄၉) - နတ်ဘုရားတစ်ပါး၏ဒေါသ
ဘာသာပြန် - အားသစ်
“အောက်ဆင်းခဲ့စမ်း”
လင်းဖုန်း ဟိန်းဟောက်လိုက်သည်။ သူ့ဧရာမလက်မောင်းကြီးက ကောင်းကင်ယံရှိ ရှန်းယွမ်ထောင်ထံသို့ လှမ်းဖမ်းလိုက်သည်။ သူ့အရှိန်က အလွန် မြန်ဆန်လှသဖြင့် ရှန်းယွမ်ထောင်မှာ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ပေ။
ရှန်းယွမ်ထောင် အံ့အားသင့်သွားသည်။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ခရမ်းရောင်မီးတောက်များက ထပ်မံလှိုင်းထန်လာသည်။
“ဝင်ရိုးစွန်းရေခဲမီးတောက်”
အဆုံးမဲ့မီးတောက်များကလည်း ဧရာမလက်သီးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လင်းဖုန်း၏ လက်သီးနှင့် ဝင်တိုက်မိသွားသည်။
ဘုန်း
ခရမ်းရောင်မီးတောက်များ ပေါက်ကွဲထွက်သွားသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ကို ဝင်ရိုးစွန်းရေခဲမီးတောက်က လွှမ်းခြုံသွားသော်လည်း မျက်စိတစ်မှိတ်အတွင်း ငြိမ်းသွားသည်။
ရှန်းယွမ်ထောင် အံ့အားသင့်သွားသည်။ သူ၏ ဆံပင်ရှည်များက လေမတိုက်ဘဲ လွင့်ဝဲနေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောငမီးတောက်များကလည်း ကြယ်တာရာစွမ်းအား အလွှာတစ်ခုနှင့် မသိမသာ ရောယှက်နေသည်။ ရှန်းယွမ်ထောင်၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသည့် ကြယ်တာရာစွမ်းအားလှုပ်ခတ်မှုများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
“နတ်ဘုရားနယ်ပယ် သိုင်းသမားတွေကို ဘာလို့ နတ်ဘုရားနယ်ပယ်လို့ ခေါ်လဲဆိုတာ မင်းသိလား။ အဲဒါ ကြယ်တာရာစွမ်းအားကြောင့်ပဲ။ ငါတို့ဆီမှာရှိတဲ့ ကြယ်တာရာစွမ်းအားက သာမန်သိုင်းသမားတွေအတွက်တော့ စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူးကွ။ ကြယ်တာရာဓား... ခုတ်ချစမ်း”
ဘယ်အချိန်ကတည်းမှန်းမသိ ရှန်းယွမ်ထောင်တစ်ယောက် ဓားမကြီးတစ်လက်ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။
ကြယ်တာရာစွမ်းအားများဖြင့် လုံးဝဖွဲ့စည်းထားသော ဤဓားကို ခရမ်းရောင်ဝင်ရိုးစွန်းရေခဲမီးတောက်များဖြင့် လောင်ကျွမ်းအားဖြည့်ထားသည်။ ဓားက မီတာအနည်းငယ်ရှည်လျားပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လင်းဖုန်း၏ ခေါင်းထက်မှ ကြောက်မက်ဖွယ်ဖိအားများကို ထုတ်လွှတ်နေသည်။
လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ ဤဓားထဲတွင် ကြယ်တာရာစွမ်းအားများစွာ ပါဝင်နေသည်က သေချာသည်။ ကြယ်တာရာစွမ်းအားမျှင် ၅၀,၀၀၀ ထက် များစွာကျော်လွန်နေပြီဖြစ်ကာ အမျှင် ၁၀၀,၀၀၀ သို့တည်းမဟုတ် ၂၀၀,၀၀၀ အထိပင် ရောက်ရှိနေသည်။
လင်းဖုန်းသည် သိုင်းသမားစစ်စစ်တစ်ဦး မဟုတ်တော့ဘဲ စကြဝဠာကျင့်စဉ်လမ်းကြောင်းသို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း သိုင်းပညာကို အထိုက်အလျောက် နားလည်နေဆဲပင်။
နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး အသက်ဝိညာဉ် အသွင်ပြောင်းလဲပြီးနောက် သူတို့၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများကလည်း ကြယ်တာရာစွမ်းအားများဖြင့် လုံးဝဖွဲ့စည်းထားသည့် ကြယ်တာရာစက်လုံးတစ်ခုအဖြစ် စုစည်းသွားမည် ဖြစ်သည်။ ထိုအချိန်တွင် ကြယ်တာရာစွမ်းအားများက အရူးအမူး ဖိသိပ်ခံရမည် ဖြစ်သည်။ သေးငယ်သော ကြယ်တာရာစက်လုံး တစ်ခုထဲတွင်ပင် ကြယ်တာရာစွမ်းအား အမျှင် တစ်သန်းခန့် ပါဝင်နိုင်သည်။
အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးနှင့် နှိုင်းယှဉ်လျှင် ထိုပမာဏက မြေကမ္ဘာတုန်ဟည်းစေလောက်သော အပြောင်းအလဲတစ်ခုပင်။
ယခင်က လင်းဖုန်း ထိုအကြောင်းကို နားလည်သဘောပေါက်ရုံသာ ရှိခဲ့သည်။ သူတွင် ကြယ်တာရာစွမ်းအားမျှင် ၈၀,၀၀၀ ရှိခဲ့သော်လည်း ကြယ်တာရာစွမ်းအား အမျှင် သိန်းနှင့်ချီ၊ သို့မဟုတ် သန်းနှင့်ချီ ရှိနေခြင်းက မည်သို့ ခံစားရမည်ကို သူ နားမလည်နိုင်ခဲ့ပေ။ ယင်းတို့က မည်မျှထိ အစွမ်းထက်မည်ဆိုသည်ကို ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။
ယခုအခါ လင်းဖုန်းသည် သူ့ခေါင်းပေါ်ရှိ ကြယ်တာရာ ဓားက အမှန်တကယ်ပင် သာမန်ထက်ထူးထူးကဲကဲ အစွမ်းထက်ကြောင်း ခံစားမိသည်။ အထူးသဖြင့် ဝင်ရိုးစွန်းရေခဲမီးတောက်နှင့် ပေါင်းစပ်လိုက်သောအခါ ဓား၏ စွမ်းအားက ပို၍ပင်အားကောင်းသွားသည်။
ဝှစ်။
ဓားက ချက်ချင်း ခုတ်ချလာပြီး ထက်မြက်သော အသွားက ဝေဟင်ထက်မှ လွှမ်းမိုးကျဆင်းလာသည်။ နတ်ဆိုးစစ်သူကြီး တစ်ကောင်ပင်လျှင် ခြိမ်းခြောက်ခံရသည်ဟု ခံစားရပေလိမ့်မည်။
လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ ဆယ်မီတာမြင့်သော တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စွမ်းအားမှာ သာမန်နတ်ဘုရားနယ်ပယ် သိုင်းသမားများကို ကိုင်တွယ်ရန် လုံလောက်သော်လည်း ရှန်းယွမ်ထောင်ကဲ့သို့သော ထိပ်တန်းနတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးကို ကိုင်တွယ်ရန်ကမူ အနည်းငယ် ခက်ခဲပေသည်။
ထိုသို့ဆိုလျှင် လင်းဖုန်း တွန့်ဆုတ်နေတော့မည် မဟုတ်ပေ။
ဝုန်း
လင်းဖုန်း၏ ခန္ဓာကိုယ်က ပူဖောင်းတစ်လုံးကဲ့သို့ ထပ်မံ ကျယ်ပြန့်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အမြင့် မီတာ ၃၀ အထိ အလျင်အမြန် ကြီးထွားသွားသည်။
မီတာသုံးဆယ်ဆိုသည်က ခုနစ်ထပ် သို့မဟုတ် ရှစ်ထပ်တိုက်တစ်လုံးခန့်နှင့် ညီမျှသည်။ ခုနစ်ထပ် ရှစ်ထပ်ရှိသော အဆောက်အအုံတစ်လုံးက မီးခိုးရောင်ချပ်ဝတ်နှင့် ဧရာမလူ့ဘီလူးကြီးတစ်ဦးအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်ယောင်ကြည့်ပါလေ။ ၎င်းမှာ မည်မျှ တုန်လှုပ်စရာ ကောင်းမည်နည်း။
“ပျက်စီးစမ်း”
လင်းဖုန်း မည်သည့်ဆန်းပြားသော ဟန်ရေးပြတိုက်ကွက်များကိုမျှ အသုံးမပြုခဲ့ပေ။ သူလက်ဝါးဖြင့် ရိုက်ချလိုက်ရုံသာ။ နည်းစနစ်အားလုံးကို အကြမ်းထည်ခွန်အားဖြင့် လုံးဝချိုးဖျက်လိုက်သည်။
တစ်ဖက်လူတွင် မည်သည့်နည်းစနစ်များ ရှိနေပါစေ မည်မျှပင် များပြားသော ကြယ်တာရာစွမ်းအားများ ရှိနေပါစေ။အသုံးမဝင်ပေ။
ဘုန်း
လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် မီတာအနည်းငယ် အရွယ်အစားရှိသည့ ကြယ်တာရာဓားမှာ ချက်ချင်းကြေမွသွားပြီး ကြယ်တာရာစွမ်းအားများလည်း အလျင်အမြန် လွင့်စင်ပျောက်ကွယ်သွားသည်။
“မင်း ကြယ်တာရာစွမ်းအားကို အသုံးမပြုဘူးပဲ။ မင်း ဘယ်လိုလုပ် ဒီလောက်ထိ သန်မာနေရတာလဲ”
ရှန်းယွမ်ထောင်တစ်ယောက် အနည်းငယ် မယုံကြည်နိုင်ဖြစ်နေ၏။ ဤအဖြစ်က သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်ဟုပင် ခံစားလိုက်ရသည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားများဖြစ်စေ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများဖြစ်စေ အားလုံးက ကြယ်တာရာစွမ်းအားကို ကျင့်ကြံကြသည်။
သိုင်းပညာမှလေ့ကျင့်ခြင်းသည်ကား ကြယ်တာရာစွမ်းအားနှင့် ခိုင်ခိုင်မာမာ ပေါင်းစပ်နေပြီးသား ဖြစ်၏။ အစွမ်းထက်သိုင်းသမားများသည် ကြယ်တာရာစွမ်းအား၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်သူများသာ ဖြစ်ကြသည်။
သူတော်စင်များအတွက်ပင်လျှင် စတုတ္ထအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကြောင့် ရရှိလာသော ကြောက်မက်ဖွယ်ခန္ဓာကိုယ်ကို ဖယ်ထားလိုက်ပါက သူတို့၏ ခွန်အားမှာ အမှန်တကယ်တော့ ကြယ်တာရာစွမ်းအားမှလာခြင်းသာ ဖြစ်သည်။
သို့သော် ယခုလေးတင်မှ လင်းဖုန်း၏ လက်ဝါးရိုက်ချက်က မည်သည့် ထိပ်တန်းနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ ခွန်အားထက်မဆို မနိမ့်ကျသည်မှာ ထင်ရှားလှသည်။ ထိုထက်ပင် ကျော်လွန်နေသေးသည်။ သို့သော် ကြယ်တာရာစွမ်းအားလှုပ်ခတ်မှု လုံးဝမရှိပေ။ ယင်းက အကြမ်းထည်ခွန်အားသက်သက်သာ ဖြစ်သည်။
လင်းဖုန်း၏ တိုက်ခိုက်မှုက ရိုးရှင်းပြီး ကြမ်းတမ်းသော်လည်း အလွန်ထိရောက်၏။
ဤသည်က ပုံမှန်သိုင်းသမားများနှင့် လုံးဝမတူကွဲပြားပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသည်က အားကောင်းသောခန္ဓာကိုယ်များရှိသည့် နတ်ဆိုးများနှင့်ပင် အနည်းငယ်ဆင်တူသည်။ သို့သော် ထိုနတ်ဆိုးများတွင်လည်း အားကောင်းသည့် မွေးရာပါစွမ်းရည်အမျိုးမျိုးကို အားကိုးကြပြီး ခန္ဓာကိုယ်ကိုချည်း အပြည့်အဝ အားမကိုးကြပေ။
လင်းဖုန်းသည်သာ သဘာဝတရား၏ ထူးခြားဆန်းကြယ်ဖြစ်ရပ်တစ်ခုအလား ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။
လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားကြောင်း ရှန်းယွမ်ထောင် မည်သို့သိနိုင်မည်နည်း။ ယင်းက ရိုးရှင်းပြီး ကြမ်းတမ်းသော်လည်း စကြဝဠာထဲတွင် အထိရောက်ဆုံးသော တိုက်ခိုက်ရေးပုံစံလည်းဖြစ်သည်။
ကြယ်တာရာစွမ်းအား သို့တည်းမဟုတ် အခြားစွမ်းအားများက အမှန်တကယ်တော့ စွမ်းအင်ပုံစံတစ်မျိုးသာ ဖြစ်သည်။ မိမိ၏ ကြယ်တာရာစွမ်းအားကျင့်ကြံမှု မည်မျှပင် အစွမ်းထက်နေပါစေ ကိုယ်ပိုင်ခွန်အားနှင့်ယှဉ်လျှင် ဘာအသုံးဝင်မည်နည်း။
ကြယ်တာရာစွမ်းအားနှင့် ပတ်သက်လျှင် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ပါဝင်သော ကြယ်တာရာစွမ်းအားမှာ စင်စစ်တွင် အခြားမည်သူထက်မဆို ပိုများ၏။ သူတော်စင်ကိုးပါး ပေါင်းထားသည်ထက်ပင် ပိုများပေလိမ့်မည်။
လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံစဉ်က စွမ်းအင်တုံးမည်မျှကို စုပ်ယူခဲ့သနည်း။
သတ္တမမြောက် ယဉ်ကျေးမှု၏ စွမ်းအင်စက်ရုံ ဂိုဒေါင်ငါးခုရှိ စွမ်းအင်တုံး အားလုံးနီးပါးကို လင်းဖုန်းက စုပ်ယူခဲ့သည်။ ထိုစွမ်းအင်တုံးများသည်လည်း ကြယ်တာရာစွမ်းအားမှ စုစည်းထားခြင်းပင်။ ယင်းက မည်မျှများပြားလှသည့် ကြယ်တာရာစွမ်းအားပမာဏနှင့် ညီမျှမည်နည်း။
အကယ်၍ လင်းဖုန်း ဆန္ဒရှိပါက သူ ကြယ်တာရ။စွမ်းအားများကိုလည်း စုစည်းနိုင်သော်လည်း ဖြုန်းတီးရာသာ ရောက်ပေလိမ့်မည်။ သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ကြယ်စွမ်းအားများကို တိုက်ရိုက် စုပ်ယူနိုင်ပြီး ယင်းတို့ကို ကြယ်တာရာစွမ်းအားအဖြစ် ပြောင်းလဲရန်ပင် မလိုအပ်ပေ။ လုံးဝ လုံးဝ မလိုအပ်ခြင်းပင်။
ထို့ပြင် လင်းဖုန်း၏ လက်ရှိခွန်အားဖြင့် သူ မည်သူ့ကို ကြောက်စရာလိုသေးသနည်း။
အမြင့်မီတာ ၃၀ ရှိသော ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က အရာအားလုံးကို အလွယ်တကူ ချေမွပစ်နိုင်သည်။ လင်းဖုန်း ရှန်းယွမ်ထောင်၏ ကြယ်တာရာဓားကို လက်ဝါးတစ်ချက်တည်းဖြင့် ကြေမွသွားစေပြီးနောက် ရှန်းယွမ်ထောင်ကို လေထဲမှ မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။
ဝုန်း
ရှန်းယွမ်ထောင် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ဧရာမ တွင်းကြီးတစ်ခု ဖြစ်သွားသည်။ ရှန်းယွမ်ထောင်သည် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်ပြီး မိမိကိုယ်ကို ကာကွယ်ရန် ကြယ်တာရာစွမ်းအားများကို အသုံးပြုခဲ့သော်လည်း ယခုလက်ရှိတွင်မူ အလွန်စိတ်ပျက်ဖွယ် အခြေအနေတွင် ရှိနေသည်။ သူ့ကိုယ်ပိုင် ကြယ်တာရာစွမ်းအားများပင်လျှင် လင်းဖုန်း၏ရိုက်ချက်ကြောင့် မတည်မငြိမ် ဖြစ်သွားရသည်။
မြေပြင်ပေါ်တွင်လည်း အချင်း မီတာဒါဇင်ချီအကျယ်ရှိသည့် ဧရာမတွင်းကြီးတစ်ခု ပေါ်လာသည်။ ပတ်ဝန်းကျင်မြေပြင်တစ်ခုလုံးသည်ကား အပြင်းထန်ဆုံး အမြောက်ကျည်များဖြင့် ပစ်ခတ်ခံထားရသကဲ့သို့ပင်။ နေရာတိုင်းတွင် တွင်းများရှိနေသည်။
လင်းဖုန်း၏ ဧရာမခန္ဓာကိုယ်ကြီး လှုပ်ရှားလိုက်တိုင်း ပတ်ဝန်းကျင်တစ်ခုလုံး မြေငလျင်လှုပ်သည့်အလား တုန်ခါသွားစေသည်။ ဤကဲ့သို့သော စွမ်းအားမျိုးကို မည်သူက တိုက်ခိုက်နိုင်ဦးမည်နည်း။
ကြည့်ရှုနေသူအားလုံး ဇဝေဇဝါ ဖြစ်နေကြသည်။ လူတိုင်း ယောင်နန ဖြစ်နေကြသည်။
ဤမျှ ထူးဆန်းသော တိုက်ပွဲမျိုးကို သူတို့တစ်သက် တစ်ခါမျှ မမြင်ဖူးကြပေ။ တစ်ကိုယ်လုံးခရမ်းရောင်မီးတောက်များ ထွက်ပေါ်နေသော ထူးဆန်းသည့် သိုင်းသမားမှာ နတ်ဘုရားတစ်ပါးနှင့်ပင် တူနေသည်။ သူသည်ကား အလွန်အစွမ်းထက်ပြီး မည်သူမျှ သူ့ကို ဆန့်ကျင်ရန် မတွေးဝံ့ကြပေ။
သို့သော် လင်းဖုန်းမှ ပုံပြောင်းသွားသည့် ဧရာမလူ့ဘီလူးကြီးက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး အနိုင်ယူ၍ မရနိုင်ပုံပေါ်သည်။ သူ ရှန်းယွမ်ထောင်ကို ယင်ကောင်တစ်ကောင်ကို ရိုက်ချသည့်အလား အလွယ်တကူ ရိုက်ချလိုက်သည်။ ဤထိပ်တိုက်ရင်ဆိုင်မှုကား တစ်ဖက်သက် အပြည့်အဝ ဖိနှိပ်မှုပင်။ ရှန်းယွမ်ထောင်အနေဖြင့် လက်တုံ့ပြန်နိုင်စွမ်း နည်းနည်းမျှပင်မရှိချေ။
ကျောက်ဖိန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ လင်းဖုန်း၏ တောင်ကြီးတစ်လုံးအလား ခန္ဓာကိုယ်ကို ကြည့်ကာ သူ့မျက်နှာက အလွန်ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။
ထိုအခိုက်တွင် ကျောက်တုန်ရှန်းသည်လည်း အနည်းငယ်ရယ်စရာကောင်းသည့ အတွေးတစ်ခု ဝင်လာသည်။ လင်းဖုန်းက နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးများ ဖြစ်နေမလား။
ဤအတွေးက အလွန်ရူးသွပ်ပြီး ရဲတင်းလွန်းသည်။ လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည်က တစ်နှစ်သာ ရှိသေးပြီး ယနေ့တွင်မှ အသက် ၂၁ နှစ်သာ ရှိသေးသည်။ သူ ဘယ်လိုလုပ် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် ဖြစ်နိုင်မှာလဲ။
သို့သော် လင်းဖုန်းသာ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက် မဟုတ်ဘူးဆိုလျှင် မည်သို့ကြောင့် ဤမျှထိ သန်မာနေရသနည်း။ ရှန်းယွမ်ထောင်ပင် သူ့ပြိုင်ဘက်မဟုတ်ကြောင်း သိသာလှသည်။
“လင်းဖုန်း သေစမ်း”
ဘုန်း
မြေကြီးပေါ်ရှိ ဧရာမတွင်းကြီး ပေါက်ကွဲထွက်သွားပြီး လူရိပ်တစ်ခု ရုတ်တရက် ပျံသန်းထွက်ပေါ်လာသည်။ ထိုလူရိပ်ကား အလွန်စိတ်ပျက်ဖွယ် အခြေအနေတွင် ရှိနေသော ရှန်းယွမ်ထောင်ပင်။
သို့သော် ထိုအချိန်တွင် ရှန်းယွမ်ထောင်မှာ စိတ်ပျက်ဖွယ် အခြေအနေတွင် ရှိနေရုံသာမကပေ။ သူ၏ မျက်လုံးများက သွေးရောင်အတိလွှမ်းနေပြီး အသိစိတ်လွတ်လုနီးပါး ဖြစ်နေသည်။
“အန္တိမကြယ်တာရာဓား”
ရှန်းယွမ်ထောင် ကောင်းကင်ကို မော့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ ယခု သူ စိတ်လွတ်သွားလေပြီ။ လင်းဖုန်းကို သတ်ပြီး ယခင် အရှက်ကွဲမှုအတွက် လက်စားချေရန်သာ သူ လိုလားတော့သည်။
ဝုန်း
ကောင်းကင်ကြီး ရုတ်တရက် အမှောင်အတိကျသွားသည်။ လူတိုင်း ကောင်းကင်ကို ကမန်းကတမ်း မော့ကြည့်လိုက်ကြသည်။
ဤမြင်ကွင်းကို သူတို့ ဤတစ်သက် မေ့နိုင်ဖွယ်မရှိပေ။
ကီလိုမီတာအနည်းငယ် အချင်းဝက်အတွင်းရှိ ကောင်းကင်ကြီးတစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားသည်။ ကြယ်တာရာစွမ်းအား လှိုင်းတံပိုးများ တိုက်ရိုက် ဆင်းသက်လာပြီး အဆုံးမရှိသော ကြယ်တာရာစွမ်းအားများနှင့် ခရမ်းရောင်မီးတောက်များကို ဗဟိုပြုကာ မီတာရာနှင့်ချီ ရှည်လျားသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားကြီးတစ်လက် ဖွဲ့စည်းလာသည်။ ထိုဓားကြီးကား ကြယ်ရောင်များနှင့် ခရမ်းရောင်မီးတောက်မီးလျှံများ တလက်လက် တောက်ပနေ၏။
ဤဓားပေါ်လာသည်နှင့်တစ်ပြိုင်နက် ဗီလာဧရိယာ တစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ လူနေအဆောက်အအုံများပါ သေခြင်းတရား၏ အရှိန်အဝါကို ခံစားလိုက်ကြရသည်။ ကောင်းကင်ယံရှိဓားကြီး ဆင်းသက်လာပါက အရာအားလုံး ပျက်စီးခြင်းအတိ ရောက်ကြရပေတော့မည်။
“သူ ရူးသွားပြီ။ တကယ်ကြီး ရူးသွားတာပဲ”
ကျောက်တုန်ရှန်း အော်ဟစ်ချင်သွားသည်။ လက်ရှိအချိန်တွင် ရှန်းယွမ်ထောင်တစ်ယောက် ရူးသွပ်နေလေပြီ။ ဤဓားကြီး ဆင်းသက်လာပါက ဗီလာဧရိယာတစ်ခုလုံးရှိ လူတိုင်းသေဆုံးရပေလိမ့်မည်။ လင်းဖုန်းတစ်ယောက်သာ သေဆုံးသွားလျှင်ပင် ရှန်းယွမ်ထောင်လည်း သေချာပေါက် သေရလိမ့်မည်။
ထိုအကြောင်းကို ရှန်းယွမ်ထောင်လည်း သိသည်။ သို့သော် တချို့သော အခြေအနေများတွင် နတ်ဘုရားနယ်ပယ် သိုင်းသမားများပင် အချိန်တိုင်း သူတို့၏ အသိစိတ် နိုင်နိုင်နင်းနင်း မထိန်းသိမ်းနိုင်ကြပေ။
လက်ရှိအချိန်တွင် ကျောက်တုန်ရှန်းတစ်ယောက် နောင်တရနေမိသည်။ ရှန်းယွမ်ထောင်ကို မဖိတ်သင့်ဟုပင် သူ ခံစားလိုက်ရသည်။ ကိစ္စရပ်များက ဤအခြေအနေအထိ ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။
ရှန်းယွမ်ထောင်၏ ဓားကြီးသာ ကျဆင်းလာပါက သာမန်လူများမဆိုထားနှင့ သူ့ကဲ့သို့ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးပင် ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ ဗီလာဧရိယာ တစ်ခုလုံး ပြာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သက်ရှိအားလုံးကား နတ်ဘုရားတစ်ပါး၏ ဒေါသရှေ့တွင် တုန်လှုပ်ကြရစမြဲသာ။
ကျောက်တုန်ရှန်း တားဆီးချင်သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ဓားကြီး၏ ဖိအားအောက်တွင် သူ စကားပင် မပြောနိုင်ရာ ရှန်းယွမ်ထောင်ကို တားဆီးရန် ဆိုသည်က ပို၍ပင်မဖြစ်နိုင်တော့ပေ။