အခန်း ၂၅၀
Vol. 22 Ch. 250
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၅၀) - အဖမ်းခံရခြင်း
ဘာသာပြန် - အားသစ်
ဗဟိုပင်လယ်မြို့၊ ဥပဒေစိုးမိုးရေးအဖွဲ့ ရုံးစိုက်ရာအဆောက်အအုံအတွင်း၌...
သိုင်းသမားများအတွက် မူဝါဒအသစ်ကို စတင်ကျင့်သုံးကတည်းက လူ့အဖွဲ့အစည်းအတွင်း သိုင်းသမားများ၏ အဆင့်အတန်းမှာ တဖြည်းဖြည်း မြင့်မားလာခဲ့သည်။ ထို့ပြင် သိုင်းသမားတိုင်း ယခင်ကကဲ့သို့ သိုသိုသိပ်သိပ် နေထိုင်ရန် မလိုတော့ပေ။
အမှန်တကယ်တော့ ယနေ့ခေတ် သိုင်းသမားများအားလုံး လူသိရှင်ကြား ထင်ထင်ပေါ်ပေါ်နေသင့်ပေသည်။ လူ့အဖွဲ့အစည်းရှိ လူတိုင်း၏ အားကျမှုကိုရရှိပြီး သိုင်းပညာကို လိုက်စားလာအောင် ဆွဲဆောင်နိုင်မည်ဆိုပါက အကောင်းဆုံးပင်။
ထို့ကြောင့် ဥပဒေစိုးမိုးရေးအဖွဲ့သည်လည်း အစိုးရအဆောက်အအုံအသစ်သို့ လူသိရှင်ကြား ပြောင်းရွှေ့လာခဲ့သည်။ ထို့ပြင် အဆောက်အအုံ၏ အထပ်သုံးထပ်ကို ဥပဒေစိုးမိုးရေးအဖွဲ့၏ လုပ်ငန်းခွင်အဖြစ် အထူးသတ်မှတ်ပေးထားသည်။
ဗဟိုပင်လယ်မြို့၏ ကိုယ်စားလှယ်တော် ရှန်းကျန့်ရှင်းသည် ဝါရင့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် လွန်ခဲ့သော သုံးနှစ်က ဗဟိုပင်လယ်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ယခုအခါ ရှေ့တန်းသို့ ပြန်လည်ပြောင်းရွှေ့ရမည့် အချိန်ရောက်နေပြီ ဖြစ်၏။
သူ့အနေဖြင့် ဗဟိုပင်လယ်မြို့မှ ထွက်ခွာရန် အမှန်တကယ်ပင် တွန့်ဆုတ်နေမိသည်။ မည်သို့ပင်ဆိုစေ ဗဟိုပင်လယ်မြို့ရှိ ဘဝမှာ အလွန်သက်သောင့်သက်သာရှိလှသဖြင့် သူ၏တိုက်ပွဲဝင်စိတ်ဓာတ်များပင် ပျောက်ဆုံးလုနီးပါး ဖြစ်နေခဲ့သည်။ သိုင်းသမားများအတွက် မူဝါဒအသစ်သာ မရှိခဲ့ပါက သူ ကိုယ်စားလှယ်တော်အဖြစ် ဆက်လက် တာဝန်ယူနိုင်ဦးမည် ဖြစ်သော်လည်း ယခုတော့...
ဒွီ ဒွီ
ရုတ်တရက် ရှန်းကျန့်ရှင်းသည် ပုံရိပ်ယောင်ကွန်ယက်မှတစ်ဆင့် ခန့်အပ်လွှာတစ်ခုကို လက်ခံရရှိလိုက်သည်။ ထိုစာလွှာက သူ့ရာထူးကို လွှဲပြောင်းယူမည့် ဗဟိုပင်လယ်မြို့၏ ကိုယ်စားလှယ်တော်အသစ်အတွက်ဖြစ်ကြောင်း သူ သိလိုက်သည်။
ဘယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပါလိမ့်။
“လင်းဖုန်း၊ ဗဟိုပင်လယ်မြို့။ လွန်ခဲ့တဲ့ တစ်နှစ်က ပညာရေးအဖွဲ့အစည်းကို ဝင်ရောက်ခဲ့တယ်။ ရှေ့တန်းမှာ ကြီးမားတဲ့ စွမ်းဆောင်မှုတွေ လုပ်ခဲ့တဲ့ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်...”
ဤအချက်အလက်များကို မြင်လိုက်ရသောအခါ ရှန်းကျန့်ရှင်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
လင်းဖုန်း.…။ ဤအမည်နာမသည်ကား အလွန်ပင် ရင်းနှီးလှ၏။ ရှန်းကျန့်ရှင်း မပြောနှင့် ဗဟိုပင်လယ်မြို့ရှိ သာမန်လူများပင်လျှင် ဤအမည်ကို ရင်းရင်းနီးနီး သိကြပေလိမ့်မည်။
တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲတွင် လင်းဖုန်းဆိုသူက အံ့မခန်းစွမ်းဆောင်မှုဖြင့် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည် မဟုတ်လော။
သို့ပေသော်ငြား လင်းဖုန်းက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးမလား။
ရှန်းကျန့်ရှင်းသည် အမည်တူ သိုင်းသမားတစ်ဦးများလားဟုပင် သံသယဝင်မိသွားသည်။
သို့သော် သူ အချက်အလက်များကို သေသေချာချာ စစ်ဆေးကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားရပြန်သည်။ ဤသည်ကား အမည်တူသူ မဟုတ်ဘဲ တကယ်ပင် တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲမှ လင်းဖုန်း ဖြစ်နေသည်။ သူက ယနေ့ချိန်တွင်မှ အသက် ၂၁ နှစ်သာ ရှိသေးသည်။
ထို့ပြင် နောက်တွင်လည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားဟူ၏။
အသက် ၂၁ နှစ်အရွယ် နတ်ဘုရားနယ်ပယ် သိုင်းသမား….။ ဤသည်က မည်သို့နှယ် ဖြစ်နိုင်အံ့နည်း။ ထို့ပြင် သူသည် အထက်လူကြီးများကပင် လျှို့ဝှက်ထားရလောက်အောင် ကြီးကျယ်လှသော စွမ်းဆောင်မှုတစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။
ကြီးမားသော စွမ်းဆောင်မှုများ မပြုလုပ်ဘဲ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာရန်က အမှန်တကယ်ပင် ခက်ခဲလှကြောင်း သိထားသင့်ပေသည်။ မည်သို့ပင်ဆိုစေ နောက်တန်းတွင် ကိုယ်စားလှယ်လုပ်ရခြင်းက အလွန်လွယ်ကူသော အလုပ်ဖြစ်ပြီး ပျော်စရာကောင်းသည်ဟုပင် ဆိုနိုင်သည်။ နတ်ဘုရားနယ်ပယ် သိုင်းသမားများစွာက ကိုယ်စားလှယ်ဖြစ်လာရန် ပြင်းပြင်းထန်ထန် ကြိုးစားကြရသည်။
ယခင်ကဆိုလျှင် အစိုးရအဖွဲ့အစည်းကသာ ကိုယ်စားလှယ်ရာထူးများကို လက်ဝါးကြီးအုပ်ထားခဲ့သည်။ ယခုအခါတွင်မူ ရှေ့တန်းရှိ နတ်ဘုရားနယ်ပယ် သိုင်းသမားအားလုံး ထိုရာထူးကို ရယူနိုင်ခွင့်ရှိသည်။ သို့သော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရရန်အတွက် ကြီးမားသည့်စွမ်းဆောင်မှုများ ပြုလုပ်ရန်လိုအပ်သည်။
ဤသည်က ကြီးကျယ်လှသော စွမ်းဆောင်မှုများ ပြုလုပ်ခဲ့သည့် နတ်ဘုရားနယ်ပယ် သိုင်းသမားများကို အနားပေးခြင်းနှင့် အတူတူပင်။ ယင်းကို ထိုသိုင်းသမားများအတွက် ဆုလာဘ်တစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။
လင်းဖုန်းသည်ကား အလွန်ငယ်ရွယ်လှ၏။ သို့ပေသော်ငြား သူသည် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုကာ နတ်ဘုရားနယ်ပယ် သိုင်းသမား ဖြစ်လာရုံသာမက ကိုယ်စားလှယ်တော်တစ်ဦး ဖြစ်လာနိုင်သည်အထိပင် ကြီးကြီးမားမားစွမ်းဆောင်ခဲ့သေးသည်။
“လင်းဖုန်း... ဟုတ်သားပဲ။ ကိုယ်ပိုင်လေသင်္ဘောတစ်စင်း ဗဟိုပင်လယ်မြို့ထဲကို ဝင်လာတယ်လို့ တစ်ယောက်ယောက်က သတင်းပို့ခဲ့သေးတယ်။ နောက်မှ လင်းဖုန်း ပြန်ရောက်လာတာဆိုတာ သိရတာ။ ငါ သူ့ဆီ ကိုယ်တိုင် သွားတွေ့သင့်တာ”
ဤမျှ ငယ်ရွယ်သော နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးကား အတိုင်းအဆမဲ့ အလားအလာများ ရှိနေ၏။ ရှန်းကျန့်ရှင်းသည် အစိုးရအဖွဲ့အစည်းမှ ဖြစ်သော်လည်း အလားအလာရှိသော နတ်ဘုရားနယ်ပယ် သိုင်းသမားငယ်တစ်ဦးနှင့် မိတ်ဆွေဖြစ်ရန် သဘာဝကျကျ ဆန္ဒရှိလှသည်။
“ဒါနဲ့... ကျောက်တုန်ရှန်းက ကျောက်မိသားစုနဲ့ လင်းမိသားစုကြားက ရန်ငြိုးကို ဖြေရှင်းပေးဖို့ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂက နတ်ဘုရားနယ်ပယ် သိုင်းသမား ရှန်းယွမ်ထောင်ကို ဖိတ်ထားတယ်လို့ တစ်ယောက်ယောက်က သတင်းပို့ထားတာရှိတယ်။ ဘာပြဿနာမှတော့ မရှိလောက်ဘူးလို့ မျှော်လင့်ရတာပဲ”
ရှန်းကျန့်ရှင်း အနည်းငယ် မျက်ခုံးလှုပ်သွားသည်။ သူ ဤကိစ္စကို ယခင်က သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။ သူ ရှန်းယွမ်ထောင်ကို သိသည်။ ရှန်းယွမ်ထောင်သည် နတ်ဘုရားနယ်ပယ် သိုင်းသမားများထဲတွင် အတော်ဆုံးသူများထဲမှ တစ်ဦးဖြစ်ပြီး အလွတ်တန်းကျင့်ကြံသူများသမဂ္ဂတွင်လည်း ကျော်ကြားသူဖြစ်သည်။ သူ၏ကြားဝင်စေ့စပ်မှုဖြင့် ကျောက်မိသားစုနှင့် လင်းမိသားစုတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သင့်သည်။
အမှန်တကယ်တော့ ရှန်းယွမ်ထောင်၏ အရှိန်အဝါကို အသုံးပြုကာ ကျောက်မိသားစုက အမြတ်ထုတ်နေခြင်း သာဖြစ်ကြောင်း ရှန်းကျန့်ရှင်း သိသည်။ သို့သော် ရှန်းယွမ်ထောင်က အလွန်အကျွံ မလုပ်သရွေ့ ရှန်းကျန့်ရှင်းက ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လင်းမိသားစုတွင် လင်းဖုန်းတစ်ဦးသာ ရှိသည်။ သူ မည်မျှပင် ပါရမီရှိပါစေ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်နေသေးသည်။ သူက ဂုဏ်သရေရှိနတ်ဘုရားနယ်ပယ် သိုင်းသမား ရှန်းယွမ်ထောင်နှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
သို့သော် ယခုအခါ လင်းဖုန်း၏ အဆင့်အတန်းက အဆမတန် မြင့်တက်သွားခဲ့လေပြီ။ သူက ရှန်းယွမ်ထောင်ကဲ့သို့ပင် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်နေရုံသာမက ယခုအခါ လင်းမိသားစုသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ဘာအမှားအယွင်းမှ မရှိနိုင်ဟု အာမခံရန်က ခက်ခဲလှပေ၏။
ဝုန်း
ဤအချိန်တွင် ရှန်းကျန့်ရှင်းတစ်ယောက် ကောင်းကင်ယံ၌ လေပြင်းများနှင့် တိမ်တိုက်များ ရုတ်တရက် စုရုံးလာသကဲ့သို့ ခံစားလိုက်ရသည်။ ဝေးလံသော ကောင်းကင်ယံတွင် အဆုံးမဲ့ကြယ်တာရာစွမ်းအားများနှင့် ခရမ်းရောင်မီးတောက်များက မီတာရာနှင့်ချီ ရှည်လျားသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။
သူ ထိုဓားကို သဘာဝကျကျ သိရှိလိုက်သည်။ ယင်းသည်ကား ရှန်းယွမ်ထောင်၏ အန္တိမကြယ်တာရာဓားပင်။ ရှန်းယွမ်ထောင် ဘာလုပ်နေတာလဲ။ သူက ဘယ်သူ့ကို ကိုင်တွယ်ဖို့အတွက် ဒီလောက်ကြောက်ဖို့ကောင်းတဲ့ သိုင်းပညာကို အစွမ်းကုန်သုံးနေရတာလဲ။
“ရှန်းယွမ်ထောင်တော့ ရူးသွားပြီပဲ”
ရှန်းကျန့်ရှင်းသည် ရှေ့သို့တစ်လှမ်းတိုးပြီး ပြတင်းပေါက်မှ ဖောက်ထွက်လိုက်ကာ အဝေးတစ်နေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသော ကြယ်တာရာဓားရှိရာသို့ ကတိုက်ကရိုက် ပျံသန်းသွားလေတော့သည်။
...
ဟင်းလင်းပြင်ထဲတွင် ဧရာမကြယ်တာရာဓားကြီးက သူတို့အားလုံး၏ ခေါင်းပေါ်တွင် လွင့်မျောနေပြီး ခန့်ညားထည်ဝါသော ကောင်းကင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤသည်က နတ်ဘုရားများ၏ ဒဏ်ခတ်မှုနှင့် အလားသဏ္ဍာန်တူ၏။ ဒေါသထွက်နေသော ရှေးဟောင်းနတ်ဘုရားများက ကမ္ဘာပေါ်ရှိ လူသားများကို ဖျက်ဆီးရန်အတွက် နတ်ဘုရားပြစ်ဒဏ်ကို ပေးအပ်တော့မည့်အလားပင်။
ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မှုက ဗဟိုပင်လယ်မြို့ တစ်ခုလုံးနီးပါးကို ထိတ်လန့်သွားစေသည်။
ရဲတပ်ဖွဲ့၊ ဥပဒေစိုးမိုးရေးအဖွဲ့၊ အစိုးရ၊ စစ်တပ် စသည်ဖြင့် အားလုံးက တကယ့်အကြောင်းအရင်းကို ခန့်မှန်းနေကြသည်။ ထို့ကြောင့် သူတို့အားလုံး အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် ဦးတည်သွားကြသည်။ ကြီးကြီးမားမား ကိစ္စတစ်ခု တကယ်ဖြစ်လာပေတော့မည်။
ဗီလာပတ်ဝန်းကျင်ရှိ လူများအားလုံး ထိုနေရာတွင် မနေရဲကြတော့ဘဲ ဝေးရာသို့ ထွက်ပြေးကုန်ကြသည်။ တချို့ကမူ ထွက်ပြေးစဉ် တွန်းတိုက်လဲကျ၍ နင်းမိကာ ဒဏ်ရာများပင် ရရှိခဲ့ကြသည်။
ရှန်းယွမ်ထောင်၏ လုပ်ရပ်က ဗီလာဝန်းကျင်ရှိ နေထိုင်သူအားလုံးကို အလွန်ဆိုးရွားသည့် သက်ရောက်မှုများ ဖြစ်စေခဲ့သည်။
လင်းဖုန်း သူ့ခေါင်းပေါ်ရှိ ဧရာမကြယ်တာရာဓားကြီးကို မော့ကြည့်လိုက်သည်။ သူပင်လျှင် ခြိမ်းခြောက်မှု အရိပ်အယောင်တစ်ခုကို ခံစားလိုက်ရသည်။ ထိပ်တန်းနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားက တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှချေ၏။ ဤတိုက်ခိုက်မှုမှာ နတ်ဘုရားနယ်ပယ်၏ စွမ်းအားအထွတ်အထိပ်သို့ပင် ရောက်ရှိနေလေပြီ။
သူသာ အနည်းငယ် ပိုသန်မာပါက သာလွန်နတ်ဘုရားနယ်ပယ်သို့ပင် ရောက်ရှိနိုင်ပေလိမ့်မည်။ သို့သော် ရှန်းယွမ်ထောင်မှာ ဤနယ်ပယ်တွင် အနှစ် ၂၀ ကြာအောင် ပိတ်မိနေခဲ့သည်။
“လင်းဖုန်း... သေစမ်း”
ရှန်းယွမ်ထောင်သည် ဒေါသတကြီးဖြင့် အောက်သို့ လက်ညှိုးဖြင့် ညွှန်လိုက်သည်။
ဝုန်း ဝုန်း
ရုတ်ချည်းဆိုသလို ဧရာမကြယ်တာရာဓားကြီး ခုတ်ချလာသည်။ မရေမတွက်နိုင်သော လေလှိုင်းများက ကသောင်ကနင်း လှုပ်ခတ်သွားပြီး လေထုသည်လည်း တိုက်ရိုက်အက်ကွဲသွားသည်။ ဗီလာဧရိယာတစ်ခုလုံး ပြင်းထန်သော ဖိအားအောက်တွင် ရှိနေပုံရသည်။
စိတ်ဓာတ်မခိုင်မာသော သာမန်လူတချို့မှာ ဤစိတ်ပိုင်းဆိုင်ရာဖိအားဒဏ်ကိုပင် တောင့်မခံနိုင်ကြတော့ပေ။ ထိုအဖြစ်က သူတို့ကို စိတ်လွတ်သွားစေသည်။
လင်းဖုန်း လှည့်ကြည့်လိုက်ရာ သူ့မိဘများ၊ ညီမလေးနှင့် အစ်ကိုကြီးတို့ အားလုံး တုန်ရီနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ ထပ်တောင့်မခံနိုင်တော့သည်က ထင်ရှားလှ၏။ အကယ်၍ သူသာ ဤဓားကို ခုတ်ချခွင့် ပေးလိုက်ပါက သူ အဆင်ပြေမည် ဖြစ်သော်လည်း လင်းမိသားစုအတွက်မူ အတိအလင်းပြောဖို့ခက်ခဲလှသည်။
ထို့ကြောင့် လင်းဖုန်း တွန့်ဆုတ်မနေတော့ပေ။ သူ၏ ခန္ဓာကိုယ်က ထပ်မံကြီးထွားလာသည်။ ဤတစ်ကြိမ်တွင်မူ သူသည် အမြင့် မီတာ ၆၀ အထိ ရုတ်တရက် ကြီးထွားပြန့်ကားသွားသည်။
မီတာ ၆၀ မြင့်သော ခန္ဓာကိုယ်က အထပ်ဆယ်ထပ်ကျော်ရှိသည့် တိုက်မြင့်ကြီးတစ်လုံးနှင့် ညီမျှသည်။ ထို့ပြင် လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က ကြီးမားရုံသာမက ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများလည်း ကိန်းဝပ်နေသည်။
အမြင့်တစ်မီတာတိုးလာတိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ခွန်အား၊ ခုခံကာကွယ်မှု စသည်တို့လည်း များစွာတိုးတက်လာမည်ဖြစ်၏။ ထို့ကြောင့် မီတာ ၆၀ အထိ ရုတ်တရက် ရောက်ရှိသွားခြင်းက မည်မျှအထိတိုးတက်လာမည်ကို ပြောနေရန်ပင် မလိုတော့ပေ။
“ကွဲအက်စမ်း”
လင်းဖုန်း မည်သည့်ထူးထူးခြားခြား ဟန်ရေးပြတိုက်ကွက်များကိုမျှ အသုံးမပြုခဲ့ပေ။ မီတာရာနှင့်ချီ ရှည်လျားသော ကြောက်မက်ဖွယ်ဓားကြီးကို ရင်ဆိုင်ရာတွင် သူ ကောင်းကင်ယံသို့ လက်သီးတစ်ချက်သာ ပစ်လွှတ်လိုက်သည်။
ဘုန်း
ဤလက်သီးချက်က မြေကမ္ဘာတစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေသည်။ လက်သီးမှ ထွက်ပေါ်လာသော မမြင်ရသည့် ခွန်အားလှိုင်းတစ်ခုက ကောင်းကင်ယံသို့တိုင် လှိုင်းထန်သွားသည်။ ယင်းက ဟင်းလင်းပြင်ကိုပင် အစွန်းဆုံးအထိ ဖိသိပ်လိုက်သကဲ့သို့ ဖြစ်သွားပြီး လေထုတစ်ခုလုံး ပုံပျက်သွားရသည်။
သို့ပေသော်ငြား ဤသည်က စိတ်အထင်သာဖြစ်၏။ ဟင်းလင်းပြင်သည်ကား အလွန်ခိုင်မာလှသည်။ မီတာ ၆၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မဆိုထားနှင့် လင်းဖုန်း၏ မီတာ ၂၀၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ပင်လျှင် ဟင်းလင်းပြင်ကို ဖိသိပ်ချေမွနိုင်စွမ်းမရှိပေ။
ဤသည်က ပတ်ဝန်းကျင်ရှိ လေထုကို ဖိသိပ်လိုက်သော အတိုင်းအဆမဲ့ခွန်အားကြောင့် ဖြစ်ပေါ်လာသည့် စိတ်ကူးယဉ်ပုံရိပ်ယောင်သာ ဖြစ်သည်။
သို့သော် လင်းဖုန်းသည် မီတာ ၆၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်၏ အစွမ်းကုန်ခွန်အားကို ထုတ်ဖော်လိုက်သောအခါ ဟင်းလင်းပြင်ထဲရှိ ဓားကြီး မကျရောက်လာမီပင် လင်းဖုန်း၏လက်သီးချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။ တစ်ချိန်တည်းတွင်ပင် လင်းဖုန်း သူ့လက်သီးကို လက်ဝါးအဖြစ် ပြောင်းလဲလိုက်ပြီး ကောင်းကင်ယံမှ ရှန်းယွမ်ထောင်ကို လှမ်းဖမ်းလိုက်သည်။
“မဖြစ်နိုင်ဘူး...”
ရှန်းယွမ်ထောင်၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားသည်။ သူ့ခေါင်းပေါ်ရှိ ဧရာမလက်ဝါးကြီးကို ကူကယ်ရာမဲ့စွာ မော့ကြည့်လိုက်သည်။ ထိုလက်ဝါးကြီသည်ကား မိုးကောင်းကင်ကြီး ပြီုကျလာသည့်အလား ဖြစ်နေပြီး တစ်ဒင်္ဂအတွင်း ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားသည်။
သူ၏အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သော နတ်ဘုရားပြစ်ဒဏ်နှင့် တူသည့် တိုက်ခိုက်မှုကို လင်းဖုန်းက အလွယ်တကူ ဖြေရှင်းလိုက်သည်ကို သူ ယခုအချိန်အထိပင် မယုံကြည်နိုင်သေးပုံရသည်။
ထို့ပြင် လင်းဖုန်းက သူ့ကိုပိုးမွှားလေးတစ်ကောင်အလား လှမ်းဖမ်းလိုက်သည်။
လင်းဖုန်း၏ လက်ထဲရှိ ကြောက်မက်ဖွယ်ခွန်အားက သူ့ကို မည်သည့်လှုပ်ရှားမှုမှမပြုနိုင်စေဘဲ လွယ်လင့်တကူ ဖမ်းချုပ်လိုက်သည်။ သူ မည်မျှပင် ရုန်းကန်ပါစေ အချည်းနှီးသာ။