အခန်း ၂၅၂
Vol. 22 Ch. 252
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၅၂) - ကျောက်မိသားစု ဇာတ်သိမ်းသွားပြီ
ဘာသာပြန် - အားသစ်
“ကိုယ်စားလှယ်အသစ် ဟုတ်လား”
ရှန်းယွမ်ထောင်၏ မျက်နှာအမူအရာပင် ပြောင်းလဲသွားသည်။ အကယ်၍ တကယ်ကြီး လင်းဖုန်းက ဗဟိုပင်လယ်မြို့၏ ကိုယ်စားလှယ်တော်သာ ဖြစ်နေလျှင် သူ ဒုက္ခအကြီးအကျယ် တွေ့ပေတော့မည်။ သူ ယခုလေးတင် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကို ထောက်ရှုရလျှင် သူသေဒဏ်မကျနိုင်သော်လည်း အနည်းဆုံး ရှေ့တန်းတွင် နှစ်ပေါင်း ၂၀ ကျော်ကြာအောင် သွားရောက်၍ အစောင့်အကြပ်လုပ်ရပေလိမ့်မည်။
နှစ်ပေါင်းနှစ်ဆယ်ဆိုသည်က နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးအတွက်ပင် အလွန်ရှည်လျားသော အချိန်ကာလဖြစ်သည်။
“အမှန်ပဲ... လင်းဖုန်းက ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်အသစ်ပဲ။ ငါ အထက်က အမိန့်ရထားပြီးပြီ”
ရှန်းကျန့်ရှင်းက ထပ်မံအတည်ပြုလိုက်သည်ကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ကိုယ်စားလှယ်တော်တစ်ဦး၏ သက်တမ်းက အနည်းဆုံးသုံးနှစ်ဖြစ်သည်။ တစ်နည်းအားဖြင့် လင်းဖုန်းသည် ဗဟိုပင်လယ်မြို့တွင် အနည်းဆုံး သုံးနှစ်ကြာအောင် နေထိုင်နိုင်ပေလိမ့်မည်။
လင်းဖုန်းရှိနေသရွေ့ လင်းမိသားစုက ဗဟိုပင်လယ်မြို့၏ ထိပ်တန်းမိသားစု ဖြစ်လာတော့မည်ဖြစ်၏။ ထိုအချိန်မှစ၍ လင်းမိသားစု အထက်တန်းလွှာထဲသို့ ဝင်ရောက်သွားပေတော့မည်။
ဤကိစ္စရပ်အားလုံးက လင်းဖုန်းတစ်ဦးတည်းကြောင့် လင်းမိသားစုတစ်ခုလုံး၏ ကံကြမ္မာပါ ပြောင်းလဲသွားခြင်းဖြစ်သည်။
ဤသည်ကား သိုင်းသမားတစ်ဦး၏ သြဇာအာဏာပင်။ အထူးသဖြင့် သိုင်းသမားများအတွက် မူဝါဒအသစ်အောက်တွင် သိုင်းသမားများ၏ သြဇာက ပို၍ပင် ကြီးမားထင်ရှားလာသည်။ ပတ်ဝန်းကျင်ရှိ သာမန်လူများအနေဖြင့် လင်းဖုန်းကို လေးစားအားကျစွာ ကြည့်နေကြရုံသာ တတ်နိုင်သည်။
သူတို့အားလုံး လင်းမိသားစုနှင့် လင်းဖုန်းကို ကောင်းကောင်းသိကြသည်။ မည်သို့ပင်ဆိုစေ သူတို့က လင်းမိသားစုနှင့် နှစ်ပေါင်းများစွာကြာသည့်တိုင် အိမ်နီးနားချင်းများ ဖြစ်ခဲ့ကြသည်မဟုတ်ပါလော။
လင်းဖုန်းက တစ်နှစ်အတွင်းပင် ဤမျှကြီးမားသည့်အောင်မြင်မှုများကို ရရှိခဲ့သည်။ ဤအဖြစ်က အိပ်မက်တစ်ခုအလားပင်။ သို့စေကာမူ သိုင်းပညာလမ်းကြောင်းက ထိုမျှအထိ အံ့သြစရာကောင်းနေခြင်းလည်း ဖြစ်နိုင်၏။
ထို့ကြောင့် အချို့လူများသည် မိမိတို့မိသားစုရှိ လူငယ်များကို သိုင်းပညာလေ့ကျင့်ခိုင်းရန် စိတ်ထဲတွင် လျှို့ဝှက်ဆုံးဖြတ်လိုက်ကြသည်။ အကယ်၍ လင်းဖုန်းလို ပါရမီရှိသူတစ်ဦး ထွက်ပေါ်လာလျှင် ထိုမိသားစုအတွက် ကံကောင်းခြင်းပင် မဟုတ်ပါလော။
လင်းဖုန်းကမူ သူ၏ပေါ်ထွက်လာမှုက သာမန်လူများစွာ၏ အတွေးအမြင်များကို ပြောင်းလဲစေခဲ့သည်ကို မသိပေ။
“ဥပဒေစိုးမိုးရေး အဖွဲ့ဝင်တွေ ဘယ်မှာလဲ”
“သခင် ကိုယ်စားလှယ်တော်... ဘာများ အမိန့်ရှိပါသလဲဗျ”
“ကျောက်တုန်ရှန်းကို ဖမ်းဆီးလိုက်ကြစမ်း”
ကျောက်တုန်ရှန်း၏ မျက်နှာက သွေးဆုတ်ဖြူလျော်သွားသည်။ လင်းဖုန်းကိုယ်တိုင် လှုပ်ရှားရန်ပင် မလိုလိုက်ပေ။ ဥပဒေစိုးမိုးရေး အဖွဲ့ဝင်များက ကျောက်တုန်ရှန်းကို ချက်ချင်း ဖမ်းချုပ်လိုက်ကြသည်။
ကျောက်တုန်ရှန်းမှာ ဥပဒေကိုသိလျက်နှင့် ချိုးဖောက်ခဲ့သူ ဖြစ်၏။ သူသာ သိုင်းပညာရှင်ခုံရုံးသို့ ပို့ဆောင်ခံရလျှင် သူ၏ရလဒ်မှာ ရှန်းယွမ်ထောင်ထက် သိပ်ပြီးထူးခြားမည် မဟုတ်ပေ။ သူ သေဒဏ်မကျနိုင်သော်လည်း ရှေ့တန်းသို့ ၁၀ နှစ်၊ အနှစ် ၂၀ ခန့် ခွင့်ရက်မရှိဘဲ ပို့ဆောင်ခံရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျောက်မိသားစုအနေဖြင့် မည်သို့ ဆက်လက်ရပ်တည်နိုင်စွမ်းရှိတော့မည်နည်း။
ထို့ပြင် လင်းဖုန်းသည် ဤတစ်ကြိမ်တွင် ကျောက်မိသားစုကို တစ်ပါတည်း အမြစ်ပြတ်ရှင်းလင်းရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ ကျောက်တုန်ရှန်းကို ဖမ်းဆီးခြင်းက အစသာရှိသေးသည်။
“အစ်ကိုရှန်း... ရှန်းယွမ်ထောင်ကိုတော့ အစ်ကို့ကိုပဲ ခဏလွှဲထားပေးပါ့မယ်။ သူ့ကို သိုင်းပညာရှင်ခုံရုံးအထိ လိုက်ပို့ပေးပါဦး”
“ညီလေးလင်း... ရာထူးလွှဲပြောင်းမှုကို ဘယ်တော့လောက်လုပ်မလဲ”
“နောက်ထပ် ရက်နည်းနည်းလောက်နေမှပေါ့။ မလောပါဘူး”
လင်းဖုန်း သူ့ခန္ဓာကိုယ်ကို ပြန်ချုံ့လိုက်ပြီး ရှန်းယွမ်ထောင်ကို ရှန်းကျန့်ရှင်းထံ လွှဲပြောင်းပေးလိုက်သည်။ ယခုအခါ ရှန်းယွမ်ထောင်၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများမှာ စောစောက ပေါက်ကွဲမှုကြောင့် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ သူ့ကို ထိန်းချုပ်ရန်က ရှန်းကျန့်ရှင်းအတွက် အလွန်လွယ်ကူသည့်ကိစ္စသာဖြစ်သည်။
ရှန်းကျန့်ရှင်းနှင့် ကျောက်တုန်ရှန်းတို့ ထွက်ပြေးသွားမည်ကို စိုးရိမ်ပါသလော။
လင်းဖုန်းကမူ သူတို့ ထွက်ပြေးမည်ကို နည်းနည်းမှ စိုးရိမ်ခြင်းမရှိပေ။ သူတို့သာ မိုက်မိုက်ကန်းကန်း ထွက်ပြေးမည်ဆိုလျှင် သူတို့နှစ်ဦးကို သုတ်သင်ရန် လင်းဖုန်းအတွက် ခိုင်လုံသော အကြောင်းပြချက် ရသွားပေလိမ့်မည်။
ရှန်းကျန့်ရှင်းက ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။
“သူ့ကို ခေါ်သွားကြ”
ရှန်းကျန့်ရှင်းက လင်းဖုန်းနှင့် ခေတ္တမျှ စကားစမြည်ပြောပြီးနောက် လင်းဖုန်းကို ဆက်လက်မနှောင့်ယှက်တော့ပေ။ ရှန်းယွမ်ထောင်နှင့် ကျောက်တုန်ရှန်းကို ချက်ချင်း ခေါ်ဆောင်သွားရန် ဥပဒေပြုအဖွဲ့ဝင်များကို အမိန့်ပေးလိုက်သည်။
“အစ်ကို... ခုနက အစ်ကို့ပုံစံက တကယ်ကို အားကျဖို့ ကောင်းတယ်”
ရှန်းကျန့်ရှင်းနှင့် အခြားသူများ ထွက်သွားပြီးနောက် လင်းချန်တစ်ယောက် လင်းဖုန်းဘေးသို့ ချက်ချင်း ရောက်လာသည်။ သူမသည်ကား သာမန်လူတစ်ဦးသာ။ သူမ သိုင်းပညာလေ့ကျင့်နေသော်လည်း ယင်းက ကျန်းမာရေးအတွက် ဝါသနာအရ လုပ်ဆောင်ခြင်းသာဖြစ်ပြီး သိုင်းသမားစစ်စစ်တစ်ယောက်အဖြစ် မသတ်မှတ်နိုင်ပေ။
ထို့ကြောင့် လင်းဖုန်း မည်သို့ မီတာဒါဇင်နှင့်ချီမြင့်သော လူ့ဘီလူးကြီးအဖြစ် ပြောင်းလဲသွားသည် သို့တည်းမဟုတ် မူလအရွယ်အစားသို့ မည်သို့ ပြန်လည်ကျုံ့သွားခဲ့သည်ဆိုသည်ကို သူမ နားမလည်နိုင်ပေ။ သူမအတွက် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
“ညီမလေး... နောက်ဆို ညီမလေး သိုင်းပညာကို ကြိုးစားလေ့ကျင့်မယ်ဆိုရင် မျိုးရိုးဗီဇကန့်သတ်ချက်ကိုတောင် ချိုးဖျက်နိုင်မှာပဲ”
လင်းဖုန်းက နောက်ပြောင်နေခြင်း မဟုတ်ပေ။ သူ ယခုတစ်ခေါက် ပြန်လာချိန်တွင် ညီမဖြစ်သူ လင်းချန်ကို သိုင်းပညာ အလေးအနက်လေ့ကျင့်စေရန် တကယ်ပင် စီစဉ်ထားသည်။ လင်းဖုန်းတွင်ရှိသည့် အမျိုးမျိုးသော အရင်းအမြစ်များဖြင့်ဆိုလျှင် သူမကို အဆင့်ကိုးသိုင်းသမားတစ်ဦးထက် သာလွန်အောင် ပြုလုပ်ပေးရန်က ဖြစ်နိုင်ချေများသည်။
သို့သော် လင်းချန် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်မလားဆိုသည်ကမူ သူမကိုယ်တိုင်အပေါ်တွင်သာ မူတည်၏။ ဤကိစ္စတွင် လင်းဖုန်းပင် ကူညီပေး၍ မရနိုင်ပေ။
“အစ်ကို... ကျောက်ဖိန်နဲ့ တခြားသူတွေ ထွက်သွားကြပြီ”
ထိုအချိန်တွင် လင်းချန်က အံကြိတ်ကာ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ သူမ ကျောက်ဖိန်ကို ရင်ထဲအသည်းထဲမှ နက်နက်ရှိုင်းရှိုင်း မုန်းတီးနေခြင်း ဖြစ်သည်။
လင်းဖုန်း၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ကျောက်ဖိန်နှင့် ကျောက်ပိုင်ရှန်းတို့ ထွက်သွားသည်ကို သူ မြင်သော်လည်း သူတို့ကို မတားဆီးခဲ့ပေ။ သူ့အမြင်တွင် ထိုနှစ်ဦးက သေပြီးသားသူများသာ ဖြစ်ကြ၏။
“စိတ်မပူပါနဲ့ ညီမလေး။ သူတို့ အကြာကြီး အသက်မရှင်နိုင်တော့ပါဘူး”
လင်းဖုန်း၏ အကြည့်ထဲတွင် ရက်စက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
...
ကျောက်မိသားစုတွင်မူ ကျောက်ဖိန်နှင့် ကျောက်ပိုင်ရှန်းတို့နှစ်ယောက် မီးခဲပေါ်ဖင်ခုထိုင်နေရသည့်အလားနေမထိထိုင်မသာဖြစ်ကာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြသည်။ သို့ပေသော်လည်း သူတို့အနေဖြင့် ဘာမှ မတတ်နိုင်ကြပေ။
ကျောက်တုန်ရှန်းသည်ကား ကျောက်မိသားစု၏ အဓိကအခြေခံပင်။ ကျောက်တုန်ရှန်း ပြိုလဲသွားသည်နှင့် ကျောက်မိသားစုလည်း ပြိုကွဲသွားပေတော့မည်။
“အဖေ... ဦးလေး ဘယ်လိုနေသေးလဲ”
ကျောက်ဖိန်၏ နှုတ်ခမ်းများက အနည်းငယ်တုန်ရီနေသည်။ သူ အမှန်တကယ် ကြောက်ရွံ့နေခြင်းပင်။ သူ့ဦးလေးဖြစ်သူ ကျောက်တုန်ရှန်းက ဥပဒေစိုးမိုးရေး အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သိုင်းပညာရှင်ခုံရုံးသို့ သွားရတော့မည်ဖြစ်သည်။ သူ့အမြင်တွင် မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသကဲ့သို့ ခံစားနေရသည်။
လွန်ခဲ့သော နှစ်များအတွင်း သူ ဘာတွေလုပ်ခဲ့သလဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။ သူ့ဦးလေး၏ သြဇာအာဏာမရှိဘဲ သူ့အနေဖြင့် ဤကဲ့သို့ စည်းစိမ်ခံပြီး နေနိုင်ပါမည်လော။
ကျောက်ပိုင်ရှန်း၏ မျက်နှာထားက မှောင်မည်းနေပြီး အေးစက်နာကျည်းဟန်ဖြင့် ပြောလိုက်သည်။ “မင်းဦးလေးက ငါတို့ဆီ သတင်းပါးလိုက်တယ်။ နောက်ဆုတ်ရမယ်တဲ့။ ငါတို့ ကျောက်မိသားစုက အရာအားလုံးကို စွန့်လွှတ်ပြီး ဗဟိုပင်လယ်မြို့ကနေ ချက်ချင်းထွက်သွားရမယ်။ ငါတို့ ဒီတစ်ခါ ရှုံးသွားပြီ။ လုံးဝလုံးဝကို ရှုံးသွားပြီ...”
ကျောက်ပိုင်ရှန်း စိတ်နှလုံးထဲမှ တဆစ်ဆစ် နာကျင်နေမိသည်။ အရှေ့ပင်လယ်ကော်ပိုရေးရှင်းက သူ့အတွက် အရာရာပင်။ သူ ကော်ပိုရေးရှင်းအတွက် အလွန်တရာ ကြိုးစားအားထုတ်ခဲ့ရသည်။ ယခုလို အလွယ်တကူ စွန့်လွှတ်လိုက်ရမည်ကို သူ တကယ်ပင် မလိုလားပေ။
ကျောက်ဖိန်သည်လည်း အံ့အားသင့်သွားသည်။ ကိစ္စများက ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
“အဖေ... အရှေ့ပင်လယ်ကော်ပိုရေးရှင်း မရှိဘဲနဲ့ ကျွန်တော်တို့ အနာဂတ်မှာ ဘာနဲ့အသက်ဆက်ရမှာလဲ။ အဖေ... ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ဘူးလေ။ လင်းဖုန်းက ကိုယ်စားလှယ်ဖြစ်နေရင်တောင် ကျွန်တော်တို့ကို တိုက်ရိုက်သတ်ရဲမှာတော့ မဟုတ်ဘူးမလား”
ကျောက်ဖိန်သည်လည်း ဒီအတိုင်း ထွက်မသွားချင်ပေ။ သူ ထွက်သွားလိုက်လျှင် ဤသာသာယာယာဘဝကို စွန့်လွှတ်ရတော့မည် မဟုတ်ပါလော။
“ငတုံးကောင်... မင်း ဒီနှစ်တွေအတွင်းမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ မင်းကိုယ်မင်း မသိဘူးလား။ လင်းဖုန်းက အခု ကိုယ်စားလှယ်တော် ဖြစ်နေပြီ။ မင်းဦးလေးကလည်း အဖမ်းခံလိုက်ရပြီ။ ငါတို့ ကျောက်မိသားစုက ဇာတ်သိမ်းသွားပြီကွ...”
“မင်းဦးလေးပြောတာ အမှန်ပဲ။ ထွက်သွားကြစမ်း... အခုချက်ချင်း ထွက်သွားကြစမ်း။ အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်ရှိသေးတယ်။ လင်းဖုန်းက အခုတော့ အောင်မြင်နေမှာပေါ့။ ဟမ့်... ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ တစ်နေ့နေ့ သူ ရှေ့တန်းက သားရဲတွေရဲ့ လက်ချက်နဲ့ သေသွားနိုင်တာပဲ။ အဲဒီအချိန်ကျရင်တော့ ငါတို့ ဗဟိုပင်လယ်မြို့ကို ပြန်လာလို့ရပြီ”
ကျောက်ပိုင်ရှန်းသည်လည်း ရည်မှန်းချက်ကြီးသည့်စီးပွားရေးသမားတစ်ဦးပင်။ သူ မည်မျှထိ မလိုလားပါစေ ယခုအချိန်တွင် ထွက်သွားမှရမည်ကို သူ ကောင်းကောင်းသိသည်။
“အဖေ... တခြားနည်းလမ်း မရှိတော့ဘူးလား။ ကျွန်တော် မသွားချင်ဘူး...”
ဒေါက်... ဒေါက်... ဒေါက်...
သူ စကားမဆုံးမီမှာပင် ကျောက်မိသားစု၏ တံခါးမှ အသံတစ်ခု ထွက်ပေါ်လာသည်။
ကျောက်ပိုင်ရှန်း တံခါးဖွင့်လိုက်သောအခါ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ရဲအရာရှိများကို တွေ့လိုက်ရသည်။
ထိုရဲအရာရှိများသည် အတွင်းသို့ ဝင်ရောက်လာပြီး သူတို့နှစ်ဦးကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။
“ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ”
ကျောက်ပိုင်ရှန်းက မျက်နှာထားတင်းတင်းဖြင့် ဟန့်တားလိုက်သည်။
ခေါင်းဆောင်လာသည့် ရဲအရာရှိက ဖမ်းဝရမ်းကို ချက်ချင်း ထုတ်ပြကာ ပြောလိုက်သည်။
“ကျောက်ပိုင်ရှန်း၊ ကျောက်ဖိန်... ဒါက ဖမ်းဝရမ်းပဲ။ ခင်ဗျားတို့ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပြီ။ ကျုပ်တို့နဲ့ အတူတူ နာနာခံခံ လိုက်ခဲ့ကြပါ”
လက်နက်အပြည့်အစုံနှင့် ရဲအရာရှိများကို ကြည့်ကာ ကျောက်ပိုင်ရှန်းနှင့် ကျောက်ဖိန်တို့၏ မျက်နှာများ ချက်ချင်း ဖြူဆုတ််သွားကြတော့သည်။
“အဖေရေ... ကျွန်တော့်ကို ကယ်ပါဦး...”
ကျောက်ဖိန် အော်ဟစ်ငိုယိုနေသော်လည်း ကျောက်ပိုင်ရှန်းကမူ ဘာမှမကြားသည့်အလား ငြိမ်သက်နေမိသည်။
သူ ငြင်းခုံခြင်းမပြုတော့ဘဲ ရဲများ ဖမ်းဆီးခေါ်ဆောင်ရာသို့ နာနာခံခံ လိုက်ပါသွားတော့သည်။ အိမ်တံခါးဝသို့ ရောက်သောအခါ သူအနောက်တွင် ကျန်ရစ်ခဲ့သော ဗီလာကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်သည်။ သူ ဤတစ်ကြိမ်တွင် ဘယ်တော့မှ ပြန်မလာနိုင်တော့ကြောင်း သူ နားလည်သွားသည်။
ကျောက်မိသားစုသည်ကား အမှန်တကယ်ပင် ဇာတ်သိမ်းသွားခဲ့လေပြီ။