အခန်း ၂၅၃
Vol. 22 Ch. 253
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၅၃) - ချောင်းမြောင်းစောင့်ကြည့်ခြင်း
ဘာသာပြန် - အားသစ်
“အဖေ... ကျောက်မိသားစုတော့ ဇာတ်သိမ်းသွားပြီ”
လင်းယုံတစ်ယောက် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်နှာပေးဖြင့် အထဲသို့ လျှောက်ဝင်လာသည်။
လင်းဖုန်းနှင့် ရှန်းယွမ်ထောင်တို့ တိုက်ခိုက်ခဲ့သည်က ခြောက်ရက်တိုင်ခဲ့ပြီ ဖြစ်သည်။ ဤခြောက်ရက်အတွင်း ဗဟိုပင်လယ်မြို့၏ အထက်တန်းလွှာတစ်ခုလုံး ထိုဖြစ်ရပ်ကို သိရှိသွားကြသည်။
ထိုအချိန်မှစ၍ လင်းမိသားစုသည် ဗဟိုပင်လယ်မြို့၏ အထက်တန်းလွှာလောကထဲသို့ အမှန်တကယ်ပင် ခြေချနိုင်ခဲ့တော့သည်။
အဖေလင်းက ဆိုဖာပေါ်တွင် ထိုင်နေသော လင်းဖုန်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ခေါင်းကိုအသာအယာညိတ်လိုက်သည်။ အမှန်တကယ်တော့ ဤကဲ့သို့ ဖြစ်လာမည်ကို သူ ကြိုတင်သိရှိပြီးသားပင်။
လင်းဖုန်းက ကိုယ်စားလှယ်တော် ဖြစ်လာခဲ့လေပြီ။ ကျောက်တုန်ရှန်းပင်လျှင် အဖမ်းခံရပြီး သိုင်းပညာရှင်ခုံရုံးသို့ ပို့ဆောင်ခံလိုက်ရသည်။ လင်းဖုန်း၏ စကားတစ်ခွန်းဖြင့် ကျောက်မိသားစုလည်း ဇာတ်သိမ်းသွားပေတော့မည်။
မည်သို့ပင်ဆိုစေ ကျောက်မိသားစု၏ နောက်ကြောင်းကလည်း သိပ်ပြီး သန့်ရှင်းလှသည်မဟုတ်ပေ။
တစ်ဖက်တွင်မူ လင်းယုံတစ်ယောက် သူ့ခံစားချက်များကို မနည်းထိန်းချုပ်နေရပုံပေါ်သည်။ ယခင်က သူ လင်းကော်ပိုရေးရှင်းကို တာဝန်ယူစဉ်က ကျောက်မိသားစုကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ယခု ကျောက်မိသားစု၏ အဆုံးသတ်ကို မြင်လိုက်ရသောအခါ သူ သဘာဝကျကျပင် အလွန်စိတ်လှုပ်ရှားနေမိသည်။
“အဖေ... ကျောက်မိသားစုကတော့ ဒီတစ်ခါ တကယ် ဇာတ်သိမ်းသွားတာဗျ။ ကျောက်ဖိန်က သေမိန့်ချခံရပြီး ကျောက်ပိုင်ရှန်းကတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချခံလိုက်ရတယ်။ အရှေ့ပင်လယ်ကော်ပိုရေးရှင်းကတော့ အခု ဖရိုဖရဲဖြစ်နေပြီ။ ဒါပေမဲ့ ထူးဆန်းတာက တခြားအဖွဲ့အစည်းတွေက အဲဒါကို လုဖို့ဝိုင်းမလာကြတာပဲ”
လင်းယုံတစ်ယောက် တကယ်ပင် ထူးဆန်းသည်ဟု ထင်နေမိသည်။ စီးပွားရေးလောက၏ အတွေ့အကြုံအရဆိုလျှင် တစ်စုံတစ်ဦးလဲကျသွားပါက ကျန်သူများက ဝိုင်းနင်းကြသည် မဟုတ်ပါလော။ အရှေ့ပင်လယ်ကော်ပိုရေးရှင်းက မည်မျှအကျိုးအမြတ်များသည်ကို အခြားသူများ မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ သူတို့ လှုပ်ရှားမှုမရှိခြင်းက သိပ်ပြီး ယုတ်တိမတန်သလိုပင်။
သို့သော် ယခုလက်ရှိတွင် အရာအားလုံးက တည်ငြိမ်နေသည်။ ကျောက်မိသားစုတွင် အားကိုးရာတစ်ခုခု ကျန်ရှိနေသေး၍လား။
အဖေလင်းက ခေါင်းခါပြလိုက်သည်။ သူ လင်းယုံအပေါ် အလွန်ကျေနပ်မိသည်။ လင်းယုံက လင်းကော်ပိုရေးရှင်းကို ဆက်ခံဖို့ အသင့်တော်ဆုံးသူဖြစ်သည်။ သို့သော် လင်းယုံသည်ကား အမြဲတမ်း စီးပွားရေးသမားတစ်ဦးသာ ဖြစ်ခဲ့သဖြင့် သူ့အမြင်က စီးပွားရေးသမားတစ်ဦး၏ ဘောင်ထဲမှ မကျော်လွန်နိုင်သေးပေ။
“လင်းယုံ... သူတို့က မလုချင်လို့ မလာကြတာလို့ မင်း ထင်နေတာလား။ အဲဒါက သူတို့ မလုပ်ရဲကြလို့ပဲ။ ဘာလို့လဲဆိုတော့ အရှေ့ပင်လယ်ကော်ပိုရေးရှင်းက ငါတို့လင်းမိသားစုအတွက် သူတို့ချန်ထားပေးတဲ့ အကျိုးအမြတ်တွေ ဖြစ်နေလို့ပဲ”
အဖေလင်း၏ စကားက လင်းယုံကို အသိဝင်သွားစေသည်။ ဟုတ်ပေသည်။ ကျောက်မိသားစု ပြိုလဲအောင် ပြုလုပ်ခဲ့သည့် လင်းဖုန်းရှိနေသရွေ့ ကျောက်မိသားစု သားအဖနှစ်ဦးလုံး အကျဉ်းထဲတွင်သာ အရိုးထုတ်ရမည်။ ကျောက်မိသားစု ဇာတ်သိမ်းသွားပြီဆိုလျှင် အရှေ့ပင်လယ်ကော်ပိုရေးရှင်းက မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း။
အရှေ့ပင်လယ်ကော်ပိုရေးရှင်း မပြိုလဲသေးသည့် အကြောင်းရင်းမှာ သူတို့က လင်းမိသားစုအတွက် ချန်ထားပေးလိုသောကြောင့်သာပင်။
“နားလည်ပါပြီ။ လင်းဖုန်း... ဒါတွေအားလုံးက မင်းကြောင့်ပဲ။ အစ်ကို အခုချက်ချင်း ဥပဒေရေးရာဌာနကို အရှေ့ပင်လယ်ကော်ပိုရေးရှင်းကို ဝယ်ဖို့ ဆွေးနွေးမှုတွေစလုပ်ဖို့ စီစဉ်လိုက်မယ်”
“ကောင်းပါပြီ အစ်ကို... သွားလုပ်ပါဦး”
လင်းယုံ အလျင်အမြန် ထွက်ခွာသွားသည်။ သူက လင်းကော်ပိုရေးရှင်းကို တာဝန်ယူထားရသူဖြစ်ရာ နေ့စဉ်ရက်ဆက် အားလပ်ချိန်ဟူ၍ပင် သိပ်မရှိလှပေ။
“အဖေ... အစ်ကိုကြီး အဲ့လောက်အထိ ကြိုးစားစရာ မလိုဘူးထင်တယ်”
လင်းဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သို့သော် အဖေလင်းက ခေါင်းခါကာ “လူတိုင်းမှာ သူတို့ဘဝအတွက် တန်ဖိုးကိုယ်စီရှိကြတယ်။ လူတစ်ယောက်က သူ့ရဲ့တန်ဖိုးကို ဖော်ဆောင်ဖို့အတွက် ကြိုးစားကြရတာပဲ။ တကယ်လို့ မင်းသာ မင်းအစ်ကိုကြီးကို ဒီလောက်အထိ ကြိုးစားခွင့်မပေးဘူးဆိုရင် သူ အိမ်မှာပဲ တစ်နေကုန်ထိုင်နေရတာ ဘာမျှော်လင့်ချက် ရှိတော့မှာလဲ။ လူတိုင်းက ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့ မျှော်မှန်းချက်ပန်းတိုင်နဲ့ ရှေ့ဆက်ဖို့အတွက် မျှော်လင့်ချက်ကို လိုအပ်ကြတယ်။ မင်းအတွက် သိုင်းပညာက မင်းရဲ့မျှော်မှန်းချက်ဖြစ်သလို မင်းအစ်ကိုကြီးအတွက်တော့ ကော်ပိုရေးရှင်းက သူ့ရဲ့မျှော်မှန်းချက်ပဲ။ ဒါက အဆင့်အတန်းတွေ အရှိန်အဝါတွေနဲ့ မဆိုင်ပါဘူး”
လင်းဖုန်း အတွေးနက်သွားသည်။ သူ မော့ကြည့်ကာ ခပ်ဖွဖွပြုံးလျက် ပြောလိုက်သည်။
“အဖေ... ကျွန်တော် နားလည်ပါပြီ”
အမှန်တကယ်တန်းတွင် အဖေလင်းက လင်းဖုန်းကို ဘဝသင်ခန်းစာတချို့ ပေးနေခြင်းသာဖြစ်၏။ သိုင်းပညာနှင့် ပတ်သက်လျှင် လင်းဖုန်းသည် ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ဦးဖြစ်နေပြီ ဖြစ်သော်လည်း ဘဝအတွေ့အကြုံနှင့် ပတ်သက်လျှင်မူ အဖေလင်းက လင်းဖုန်းကို အကြံပေးနိုင်ပါသေးသည်။
လူတိုင်းတွင် နေထိုင်မှုပုံစံကိုယ်စီ ရှိကြ၏။ လင်းဖုန်းသည်ကား အစွမ်းထက် သိုင်းသမားတစ်ဦးဖြစ်ပြီး ဤမျှဖြင့်ပင် လင်းမိသားစုအတွက် လုံလောက်လှချေပြီ။ အစ်ကိုကြီး၊ အစ်ကိုလတ်၊ ညီမလေး လင်းချန်နှင့် မိဘများအတွက်မူ သူတို့တစ်ဦးချင်းစီတိုင်းတွင် သူတို့ကိုယ်ပိုင်ဝါသနာ ကိုယ်ပိုင်လမ်းကြောင်းများ ရှိကြသည်ချည်းသာ။ ယင်းကို အတင်းအကျပ်ပြောင်းလဲရန် မလိုပေ။
ဤသည်ကလည်း အစ်ကိုလတ် လင်းဟိုင်က စစ်တပ်ထဲတွင် အမြဲရှိနေပြီး အန္တရာယ်ရှိသည့် တာဝန်များကို မပြတ်ထမ်းဆောင်နေရသော်လည်း အဖေလင်းက သူ့ကို ပြန်လာဖို့ မတောင်းဆိုခဲ့သည့် အကြောင်းရင်းတစ်ရပ်ပင်။
လင်းဟိုင်သည်ကား စစ်သားတစ်ဦး ဖြစ်နေလေပြီ။ ထိုသည်က လင်းဟိုင်၏ ဂုဏ်ပုဒ်ဖြစ်ရုံသာမက သူ၏ မျှော်မှန်းချက်လည်း ဖြစ်သည်။
“ဒါနဲ့ အဖေ... အစ်ကိုလတ်က အနည်းဆုံး အိမ်တစ်ခေါက်လောက်တော့ ပြန်လာလို့ရတယ် မဟုတ်ဘူးလား”
“အေး... မနေ့ကတော့ သူ့ကို ငါ ဆက်သွယ်လို့ မရသေးဘူး။ သူ လျှို့ဝှက်တာဝန်တစ်ခုခု ထမ်းဆောင်နေပြန်ပြီ ထင်တယ်။ သူအားတဲ့အချိန်ကျရင် ငါ့ကို ပြန်ဆက်သွယ်လာမှာပါ။ အဲဒီအခါကျရင် မိသားစုပြန်ဆုံဖို့အတွက် သူ့ကို ပြန်လာခိုင်းလိုက်မယ်လေ”
ဒွီ…ဒွီ…
ထိုအချိန်တွင် လင်းဖုန်း၏ ဆက်သွယ်ရေးကိရိယာက ထမြည်လာသည်။
“အစ်ကိုရှန်း... ဟုတ်ပါပြီ၊ ဒီနေ့ပဲပေါ့။ ကျွန်တော် ခဏနေရင် ရာထူးလွှဲပြောင်းမှုလုပ်ဖို့ ဥပဒေစိုးမိုးရေးအဖွဲ့ဆီ လာခဲ့မယ်လေ”
လင်းဖုန်း ဆက်သွယ်ရေးကိရိယာကို ချလိုက်ပြီး မတတ်သာသည့် အမူအရာဖြင့် ခေါင်းခါလိုက်သည်။ “အဖေ... ရှန်းကျန့်ရှင်းက မစောင့်နိုင်တော့ဘူးတဲ့။ သူ ကျွန်တော့်ကို ခဏခဏ တိုက်တွန်းနေတယ်။ ဒါလည်း ကောင်းတာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်ဖြစ်လာပြီဆိုတော့ သုံးနှစ်အတွင်း ဘယ်မှထွက်သွားမှာ မဟုတ်ဘူး။ ဒီနေ့ပဲ ရာထူးလွှဲပြောင်းဖို့ သွားလုပ်လိုက်တော့မယ်”
“အေးအေး... သွားသွား”
လင်းဖုန်း မတ်တတ်ရပ်ကာ ဗီလာမှ ထွက်လာခဲ့သည်။ ဗီလာအပြင်ဘက်ရှိ လေသင်္ဘောပေါ်သို့ တက်လိုက်စဉ်တွင် တစ်စုံတစ်ဦးက သူ့ကို ချောင်းမြောင်းကြည့်နေသကဲ့သို့ သူခံစားလိုက်ရသည်။ သို့သော် သူ၏စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။
“ငါ စိတ်ထင်နေလို့များလား”
လင်းဖုန်း အနည်းငယ်မျက်မှောင်ကြုတ်ကာ လေသင်္ဘောထဲသို့ ဝင်သွားသည်။
မကြာမီ လေသင်္ဘော ပျံတက်သွားပြီး ဥပဒေစိုးမိုးရေးအဖွဲ့ ရုံးအဆောက်အအုံဆီသို့ ဦးတည်သွားလေတော့သည်။
လင်းဖုန်း၏ လေသင်္ဘော ထွက်ခွာသွားပြီး များမကြာမီ ဝေးလံသည့် အဆောက်အအုံတစ်ခုထဲတွင် ဝတ်ရုံနက်ဝတ်ထားသော လူတစ်ဦးက ဖန်သားပြင်တစ်ခုကို စိုက်ကြည့်နေသည်။
ထိုဖန်သားပြင်ပေါ်တွင် လင်းမိသားစု ဗီလာအပြင်ဘက်မှ မြင်ကွင်းကို ပြသနေသည်။
“ပစ်မှတ်က လင်းမိသားစုကနေ ထွက်သွားပြီ၊ ဗဟိုပင်လယ်မြို့ ဥပဒေစိုးမိုးရေး ရုံးဆီကို ဦးတည်နေတယ်”
အချက်အလက်များကို တစ်ခုပြီးတစ်ခု စုဆောင်းကာ ပေးပို့နေသည်။
အကယ်၍ လင်းဖုန်းသာ ဤနေရာတွင် ရှိနေပါက သူ သေချာပေါက် အံ့အားသင့်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤအချက်အလက်များထဲတွင် သူ ငယ်စဉ်ကတည်းက အကြောင်းအရာများ၊ သူ ခံစားခဲ့ရသည့် ရောဂါဆန်းနှင့် ဗဟိုပင်လယ် တက္ကသိုလ်တက်စဉ်က ကိစ္စများအထိ ပါဝင်နေသောကြောင့်ပင်။
ထို့နောက်တွင်မူ လင်းဖုန်း အနန္တလမ်းစဉ်အကယ်ဒမီသို့ သွားခဲ့ခြင်း၊ နဂါးတောင်အခြေစိုက်စခန်း၊ တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်း၊ တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲ စသည့် အချက်အလက်အားလုံးကို အသေးစိတ်စုဆောင်းထားသည်။ သူ သူတော်စင်ခန်းနှင့် တခြားသူများနောက်သို့ လိုက်ပါသွားခဲ့သည့် လျှို့ဝှက်အခြေစိုက်စခန်း အကြောင်းပင် မှတ်တမ်းတင်ထားသည်။
သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ လင်းဖုန်းကို ခေါ်ဆောင်သွားခဲ့သည့် အခြေစိုက်စခန်းက အလွန်ပင် လျှို့ဝှက်လှကြောင်း သိထားသင့်သည်။
“လင်းဖုန်းနဲ့ ရှန်းယွမ်ထောင်တို့ရဲ့ တိုက်ပွဲကို ကြည့်ရတာ လင်းဖုန်း ရှေးဟောင်းယဉ်ကျေးမှုရဲ့ အမွေအနှစ်ကို ရရှိထားနိုင်ခြေက ၉၀ ရာခိုင်နှုန်းကျော်ပဲ။ ဒီအမွေအနှစ်က ကြယ်တာရာစွမ်းအားကို ကျင့်ကြံပုံမရဘဲ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုပဲ အဓိကထားကျင့်ကြံပုံရတယ်။ ဒါ့အပြင် အဲ့ဒါက အရမ်းကို သန်မာတယ်။ ဒုတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲထားတဲ့ နတ်ဘုရားနယ်ပယ် သိုင်းသမားတွေကိုတောင် လွယ်လွယ်ကူကူ အနိုင်ယူနိုင်တယ်။ သာလွန်နတ်ဘုရားအဆင့် ခွန်အားမျိုး ရှိပုံရတယ်။ အနည်းဆုံး သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသုံးယောက်လောက် ပေါင်းပြီးမှတိုက်ခိုက်သင့်တယ်။ ပိုပြီး စိတ်ချရဖို့ဆိုရင် သာလွန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ငါးယောက်လောက် လိုမယ်”
သတင်းစကား ပေးပို့ပြီးနောက် ဝတ်ရုံနက်နှင့်လူက တိတ်တဆိတ် စောင့်ဆိုင်းနေသည်။
“ဆက်ပြီး စောင့်ကြည့်နေပါ။ မြို့ထဲမှာတော့ တိုက်ခိုက်တာမျိုး မလုပ်ပါနဲ့။ သူ မြို့ပြင်ကိုထွက်မယ့် အရိပ်အယောင်ပြတာနဲ့ ချက်ချင်း အစီရင်ခံပါ”
သတင်းစကားကို လက်ခံရရှိပြီးနောက် ဝတ်ရုံနက်နှင့်လူ၏ နှုတ်ခမ်းပေါ်တွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာလေတော့သည်။
...
လေသင်္ဘောက ဥပဒေစိုးမိုးရေးအဆောက်အအုံရှေ့တွင် ဆင်းသက်လိုက်သည်။ ရှန်းကျန့်ရှင်းတစ်ယောက် သူ့ကို ကြိုဆိုရန်အတွက် ဥပဒေစိုးမိုးရေး အဖွဲ့ဝင်များစွာကို ဦးဆောင်ကာ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ညီလေးလင်း... နောက်ဆုံးတော့ ရောက်လာပြီပဲ”
ရှန်းကျန့်ရှင်းက အားပါးတရ ရယ်မောလိုက်သည်။
“အစ်ကိုရှန်း... အစ်ကိုက ကိုယ်စားလှယ်တော်ရာထူးကနေ ထွက်သွားဖို့ကို ဘာလို့ဒီလောက်တောင် လောနေရတာလဲ”
လင်းဖုန်းလည်း ထူးဆန်းသလို ဖြစ်နေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ကိုယ်စားလှယ်အလုပ်က အလွန်ကောင်းမွန်သောအလုပ်ဖြစ်ရာ တတ်နိုင်သမျှ ကြာကြာ နေချင်ကြသည် မဟုတ်ပါလော။ ရှန်းကျန့်ရှင်းကမူ လင်းဖုန်းကို ရာထူးလွှဲပြောင်းမှုလုပ်ဆောင်ရန် အဆက်မပြတ် တိုက်တွန်းနေခဲ့သည်။
ရှန်းကျန့်ရှင်းသည်ကား ယခုချက်ချင်း ထွက်သွားချင်နေသကဲ့သို့ပင်။
“ညီလေးလင်း... မင်း မသိသေးလို့ပါ။ ငါ ဒီတစ်ခါ မိုရိုတောင်တန်းအခြေစိုက်စခန်းကို ပြောင်းရွှေ့ခံရတယ်။ အဲဒီမှာ မကြာခင် စစ်ပွဲကြီးတစ်ခုဖြစ်တော့မယ်။ ဟားဟားဟား... အဲဒီမှာ ကွပ်ကဲနေတဲ့ သာလွန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ နည်းနည်းရှိတယ်။ ငါ မိုရိုတောင်တန်းကို အမြန်ဆုံး ရောက်သွားလေလေ ကြိုတင်ပြင်ဆင်မှုတွေ ပိုလုပ်နိုင်ပြီးတော့ အကျိုးပြုတန်ဖိုးတွေ ပိုရလေလေပဲပေါ့။ ဖြစ်နိုင်တာက ငါလည်း ညီလေးလင်းလို လူသားမျိုးနွယ်ရဲ့ သူရဲကောင်းဆုတံဆိပ်ကို ရနိုင်တာပဲပေါ့”
လင်းဖုန်း နားလည်သွားခဲ့လေပြီ။ ရှန်းကျန့်ရှင်းအနေဖြင့် ရာထူးလွှဲပြောင်းရန် ဤမျှစိတ်အားထက်သန်နေရသည့်အကြောင်းမှာ သူ အကျိုးပြုတန်ဖိုးများ ရှာဖွေရန် လောနေသောကြောင့်ပင်။
“ဒါဆိုရင်တော့ အစ်ကိုရှန်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”
“ဟားဟား... ကျေးဇူးတင်ပါတယ် ညီလေးလင်း။ ငါ ရာထူးလွှဲပြောင်းမှု လုပ်ငန်းစဉ်တွေအားလုံး ပြင်ဆင်ပြီးသားပါ။ မင်း အပေါ်တက်ပြီး အတည်ပြုပေးရုံပါပဲ”
ထို့နောက် ရှန်းကျန့်ရှင်း လင်းဖုန်းကို အဆောက်အအုံ အတွင်းသို့ ခေါ်ဆောင်သွားလေတော့သည်။