အခန်း ၂၅၄
Vol. 22 Ch. 254
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၅၄) - နာရေးဓာတ်ပုံ
ဘာသာပြန် - အားသစ်
ဒွီ
လုပ်ထုံးလုပ်နည်းများ ပြီးဆုံးသွားပြီးနောက် အထက်လူကြီးများကလည်း အတည်ပြုပေးလိုက်သည်။ ယနေ့မှစ၍ လင်းဖုန်းတစ်ယောက် ဗဟိုပင်လယ်မြို့၏ တရားဝင် သုံးနှစ်တာကိုယ်စားလှယ်တော် ဖြစ်လာခဲ့လေပြီ။
ရှန်းကျန့်ရှင်း ရုံးခန်းအတွင်းရှိ အရာအားလုံးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ညီလေးလင်း...ငါ ဒီမှာ သုံးနှစ်ကြာအောင်နေခဲ့တော့ တကယ်ကြီး ထွက်သွားရမှာကို နည်းနည်းတော့ တွန့်ဆုတ်မိသား”
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သုံးနှစ်ဆိုသည်က အမှန်တကယ် အတော်ကြာမြင့်သည့် အချိန်ပင်။ အထူးသဖြင့် သူဆိုလျှင် တစ်နှစ်အတွင်းမှာပင် သူ့ခန္ဓာကိုယ်ကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်ခဲ့ပြီး သက်ရှိဒဏ္ဍာရီတစ်ခုဖြစ်နေပြီ မဟုတ်ပါလော။
“ဒါဆိုရင်လည်း အစ်ကိုရှန်း နောက်ထပ် ရက်နည်းနည်းလောက်နေပြီးမှ ထွက်သွားပါလား”
“ဟားဟား... မလိုတော့ပါဘူးကွာ။ လုပ်ထုံးလုပ်နည်းတွေ ပြီးသွားပြီဆိုတော့ ငါ အခုပဲထွက်သွားတော့မယ်။ နောက်ဆို ဗဟိုပင်လယ်မြို့ကို မင်းလက်ထဲပဲ အပ်ခဲ့တော့မယ်နော်”
ထိုသို့ပြောပြီးနောက် ရှန်းကျန့်ရှင်း ပြတ်ပြတ်သားသားပင် လှည့်ထွက်သွားတော့သည်။ သူ မည်မျှပင် မခွဲနိုင်မခွာရက်ဖြစ်နေပါစေ သူ ထွက်သွားရပေမည်။
လင်းဖုန်း သူ့ရုံးခန်းတွင်ထိုင်ကာ ဥပဒေစိုးမိုးရေး အဖွဲ့ဝင်အားလုံးကို စုဝေးစေလိုက်သည်။
မူလက ဗဟိုပင်လယ်မြို့၏ ဥပဒေစိုးမိုးရေးအဖွဲ့တွင် အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၂၃ ဦး ရှိသော်လည်း ကျောက်တုန်ရှန်း မရှိတော့သဖြင့် ၂၂ ဦးသာ ကျန်တော့သည်။ ထိုသူတို့အထဲတွင် အများစုကတတိယအဆင့် အသွင်ပြောင်းနယ်ပယ်သိုင်းသမားများ ဖြစ်ကြပြီး စုစုပေါင်း ၁၃ ယောက်ရှိသည်။ ကျန်သူများက ပထမအဆင့်နှင့် ဒုတိယအဆင့် အသွင်ပြောင်းနယ်ပယ်သိုင်းသမားများ ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေ ဥပဒေစိုးမိုးရေးအဖွဲ့မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် သိုင်းသမားများကို ကိုင်တွယ်ရသူများ ဖြစ်သဖြင့် အဖွဲ့ဝင်အားလုံး အတော်လေး သန်မာကြသည်။
ထို ၂၂ ဦးကို အဖွဲ့ငယ်လေးဖွဲ့ခွဲထားပြီး တစ်ဖွဲ့လျှင် ပျမ်းမျှခြောက်ဦးစီရှိသည်။ သို့သော် ယခင်က ၂၄ ဦး ရှိခဲ့သော်လည်း ယခု ၂၂ ဦးသာ ကျန်ရှိတော့သဖြင့် အဖွဲ့ငယ်နှစ်ဖွဲ့တွင် ငါးဦးစီသာရှိတော့၏။
လင်းဖုန်းရှေ့တွင် ရပ်နေသော တတိယအဆင့် အသွင်ပြောင်းနယ်ပယ်သိုင်းသမားလေးဦးမှာ ထိုအဖွဲ့ငယ် လေးဖွဲ့၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
လင်းဖုန်းက ဤဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ အနည်းငယ် တုန်လှုပ်နေကြသည်ကို တွေ့လိုက်ရသည်။ မည်သို့ပင်ဆိုစေ သူက ဂုဏ်သရေရှိ နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦး ဖြစ်ရုံသာမက ရှန်းယွမ်ထောင်ကိုလည်း ရက်ရက်စက်စက် အနိုင်ယူခဲ့သူ မဟုတ်ပါလော။
ဤလူများ မတုန်လှုပ်ဘဲ နေနိုင်ရန်က သိပ်မဖြစ်နိုင်ပေ။
“အားလုံးပဲ... စိုးရိမ်စရာမလိုပါဘူး။ အစ်ကိုရှန်း ရှိတုန်းကအတိုင်းပဲ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လုပ်သွားကြပါ။ ဒီနေ့ကတော့ အားလုံးနဲ့ မိတ်ဆက်ရုံပါပဲ။ ခေါင်းဆောင်လေးယောက်ကလွဲလို့ ကျန်တဲ့သူတွေ သွားနိုင်ပါပြီ”
လင်းဖုန်း ခေါင်းဆောင်လေးဦးကိုသာ ချန်ထားခဲ့စေသည်။ သူတို့က သူ၏တိုက်ရိုက် လက်အောက်ငယ်သားများဟု ဆိုနိုင်သည်။
“ခင်ဗျားတို့က ဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ အလုပ်တွေကို ပုံမှန်အတိုင်းပဲ တာဝန်ယူပေးပါ။ ကျွန်တော်ကတော့ အပိုတွေ ဝင်စွက်ဖက်မှာ မဟုတ်ဘူး”
ဤစကားက သူတို့လေးဦးကို စိတ်အေးသွားစေသည်။ ထို့ပြင် လင်းဖုန်းသည် ကြီးကျယ်သည့်အလုပ်များကို လုပ်ဆောင်ရန်အတွက် ကိုယ်စားလှယ်တော် လာလုပ်ခြင်းမဟုတ်ပေ။ ထို့ကြောင့် အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားရန် မလိုအပ်ပေ။
ထို့ပြင် သာမန်ဥပဒေစိုးမိုးရေးအဖွဲ့တစ်ခုက မည်မျှအထိ အာဏာရှိနိုင်မည်နည်း။
“ပြောပါဦး... ရှန်းယွမ်ထောင်နဲ့ ကျောက်တုန်ရှန်းတို့ ဘယ်လိုနေသေးလဲ”
ခေါင်းဆောင်လေးဦးထဲမှ ခေါင်းဆောင်ဝေက ရှေ့သို့ တစ်လှမ်းတိုးကာ “သခင်ကိုယ်စားလှယ်တော်... ရှန်းယွမ်ထောင်နဲ့ ကျောက်တုန်ရှန်းတို့ကို သိုင်းပညာရှင်ခုံရုံးက လူတွေ ခေါ်သွားပါပြီ။ ရှန်းယွမ်ထောင်ကို ရှေ့တန်းမှာ အနှစ် ၂၀ အစောင့်အကြပ်လုပ်ဖို့ အမိန့်ချမှတ်ခဲ့ပြီးတော့ ကျောက်တုန်ရှန်းကိုတော့ ၁၅ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်”
“အင်းအင်း… ဟုတ်ပြီ။ ခင်ဗျားတို့ သွားနိုင်ပါပြီ”
မကြာမီ ရုံးခန်းထဲတွင် လင်းဖုန်းတစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
ယခင်က ကျောက်တုန်ရှန်းတစ်ဦးတည်းကပင် လင်းမိသားစုကို အသက်ရှူရကျပ်သည်အထိ ဖိနှိပ်ထားခဲ့သည်။ အကယ်၍ အစ်ကိုလတ်လင်းဟိုင်သာ ဗိုလ်ချုပ်လုံကို ဖိတ်ခေါ်ခဲ့ခြင်းမရှိပါက ကျောက်မိသားစုအနေဖြင့် လင်းမိသားစုကို မည်သို့ ဆက်လက်ကိုင်တွယ်မည်ကို မည်သူမျှမသိနိုင်ပေ။
ယခုတော့...
တစ်နှစ်သာ ကုန်လွန်သွားခဲ့သော်လည်း အရာအားလုံးက အကြီးအကျယ် ပြောင်းလဲသွားခဲ့လေပြီ။ လင်းဖုန်း၏ စကားတစ်ခွန်းဖြင့် ကျောက်မိသားစု လုံးဝဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။
ကျောက်တုန်ရှန်းက ရှေ့တန်းသို့ ၁၅ နှစ်ကြာ သွားရောက်ရမည်ဖြစ်ရာ လင်းဖုန်းအနေဖြင့် သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မမြင်တော့ပေ။ ကျောက်တုန်ရှန်း ဤ ၁၅ နှစ်အတွင်း အသက်ရှင်နိုင်မလားဆိုသည်ကလည်း မသေချာလှပေ။
နောက် ၁၅ နှစ်အကြာတွင် လင်းဖုန်း မည်မျှအထိ သန်မာနေမည်နည်း။ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လုပ်ပြီးမလား၊ ဒါမှမဟုတ် စတုတ္ထအကြိမ်အထိ ရောက်မလား။
ကွာဟချက်က အတိုင်းအဆမဲ့ ဖြစ်သွားသောအခါ ကျောက်တုန်ရှန်း ကလဲ့စားချေချင်လျှင်ပင် မျှော်လင့်ချက် ကင်းမဲ့သွားပေလိမ့်မည်။
ထို့ကြောင့် ကျောက်မိသားစုကိစ္စက ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ လင်းဖုန်း ကျောက်တုန်ရှန်းကို နောက်ထပ် အာရုံစိုက်တော့မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ ရှန်းယွမ်ထောင်က နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်သဖြင့် သူ အနှစ် ၂၀ ကြာ အသက်ရှင်ရန်က မခက်ခဲလှပေ။ အကယ်၍ သူ ကံကောင်းပြီး ရှေ့တန်းတွင် တတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့ကာ သာလွန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားပါက လင်းဖုန်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။
သို့သော် ထိုမျှသာ။
အကယ်၍ လင်းဖုန်းက နတ်ဘုရားနယ်ပယ် သို့မဟုတ် သာလွန်နတ်ဘုရားနယ်ပယ်တွင်သာ ရှိနေသေးလျှင် ရှန်းယွမ်ထောင်က ရန်ငြိုးထားနိုင်သေးသည်။ သို့သော် လင်းဖုန်းသာ စတုတ္ထအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုပြီး သူတော်စင်တစ်ဦး ဖြစ်လာခဲ့လျှင်ကော။ သို့တည်းမဟုတ် သူတော်စင်ထက်ပင် သန်မာသွားခဲ့လျှင်ကော။
ထိုအချိန်တွင် ရှန်းယွမ်ထောင်အနေဖြင့် ရန်ငြိုးအစအနလေးပင် ထားရဲတော့မည်မဟုတ်ပေ။ ကွာခြားချက်က စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် ဖြစ်သွားသည့်အခါ ရန်ငြိုးရှိနေလျှင်ပင် ရင်ထဲတွင်သာ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားရပေမည်။ ထုတ်ဖော်ပြသရန် စိတ်ထဲ၌ပင် တွေးရဲတော့မည် မဟုတ်ပေ။
ပြတင်းပေါက်အပြင်ဘက်တွင် လူများအဆက်မပြတ် သွားလာနေကြသည်။ လင်းဖုန်း ပြတင်းပေါက်ရှေ့တွင်ရပ်ကာ အောက်သို့ငုံ့ကြည့်နေမိသည်။ မသိလိုက်မသိဘာသာနှင့် လင်းဖုန်း လူသားမျိုးနွယ်၏ ထိပ်တန်းအလွှာထဲသို့ ရောက်ရှိနေခဲ့ချေပြီ။ ယခင်က လက်လှမ်းမမီနိုင်ခဲ့သော အရာများသည်ကား ယခုလက်ရှိ သူ့အတွက် အလွယ်တကူ ရယူနိုင်သည်များ ဖြစ်နေခဲ့ပြီ။
လင်းဖုန်းအနေဖြင့် ကြိုးစားအားထုတ်လိုစိတ်ပင် အနည်းငယ် ဝေဝါးပျောက်ဆုံးနေသကဲ့သို့ ခံစားလိုက်ရသည်။
သူ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ထိုနေရာတွင် အကာအကွယ်မျက်နှာကျက်တစ်ခု ရှိနေပြီး ထိုအကာအကွယ်၏ အပြင်ဘက်တွင်မူ အဆုံးမဲ့စကြဝဠာကြီး ရှိနေသည်။ လောင်ဘီသမ်၏ ပြောကြားချက်အရ စကြဝဠာကြီးက အေးစက်ပြီး ရက်စက်လှသော်လည်း အလွန်ပင် အံ့သြဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်သည်။
ဒွီ… ဒွီ… ဒွီ…
လင်းဖုန်း အတွေးနယ်ချဲ့နေစဉ်မှာပင် သူ၏ဆက်သွယ်ရေးကိရိယာက ရုတ်တရက် အပြင်းအထန် မြည်လာသည်။
သူ ဆက်သွယ်ရေးကိရိယာကို ယူကာ ချက်ချင်း ဖြေကြားလိုက်သည်။
“အဖေ... ဘာဖြစ်လို့လဲ”
“လင်းဖုန်း... မြန်မြန်ပြန်လာခဲ့ဦး။ မင်း…မင်းရဲ့ အစ်ကိုလတ်...”
တီ
လင်းဖုန်း ဆက်သွယ်ရေးကိရိယာကို ချက်ချင်းချလိုက်ပြီး အောက်ထပ်သို့ အမြန်ဆင်းကာ လေသင်္ဘောဖြင့် အိမ်သို့ အပြေးအလွှား ပြန်ခဲ့လေတော့သည်။
...
လင်းမိသားစု၏ ဧည့်ခန်းအတွင်း၌ အဖေလင်း၊ အမေလင်း၊ လင်းယုံနှင့် လင်းချန်တို့အားလုံး စုဝေးနေကြသည်။
လင်းမိသားစုအပြင် စစ်သားငါးဦးလည်း ရှိနေသည်။ သူတို့က နာရေးဓာတ်ပုံတစ်ပုံကို ကိုင်ဆောင်ထားကြပြီး တည်ကြည်လေးနက်သော အမူအရာများ ရှိနေကြသည်။
အဖေလင်းက တုန်ရီနေသော လက်အစုံဖြင့် ထိုဓာတ်ပုံကို လှမ်းယူလိုက်သည်။ သူ့နှုတ်ခမ်းများက တုန်ရီနေပြီး ဘာမှမပြောနိုင်တော့ပေ။ သူ့မျက်နှာထက်တွင် မျက်ရည်များ စီးကျနေသည်။ အမေလင်းမှာမူ ငိုလွန်းသဖြင့် အသံပင် ဝင်နေခဲ့ချေပြီ။
လင်းယုံ၏ မျက်လုံးများကလည်း နီမြန်းနေပြီး သူ့လက်မောင်းမှ အကြောများလည်း ဖောင်းတက်နေကာ မိမိကိုယ်ကို အစွမ်းကုန်ထိန်းချုပ်နေရပုံပေါ်သည်။
လင်းချန်၏ မျက်နှာသည်လည်း ဖြူဖျော့နေပြီး ဝမ်းနည်းပူဆွေးမှုများဖြင့် ထိုဓာတ်ပုံကို ကြည့်နေမိသည်။
“ဦးလေး... ဒေါ်လေး... စိတ်ကို ထိန်းပါဦး...”
စစ်သားငါးဦးရှိနေပြီး သူတို့၏ ရာထူးများကို ကြည့်ရသလောက် ဗိုလ်မှူးလေးဦးနှင့် ဗိုလ်ချုပ်တစ်ဦး ဖြစ်ပုံပင်။ ထိုသူတို့အထဲတွင် ဗိုလ်ချုပ်မှာမူ လင်းမိသားစု သိကျွမ်းခဲ့သည့် ဗိုလ်ချုပ်လုံပင် ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ဗိုလ်ချုပ်လုံ၏ မျက်လုံးများသည်လည်း မှေးမှိန်နေပြီး နောင်တများဖြင့် ပြည့်နှက်နေသည်။
ဤသည်က သူ လင်းမိသားစုထံသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်းပင်။ ပထမတစ်ကြိမ်တွင် သူ လင်းမိသားစု၏ အခက်အခဲများကို ဖြေရှင်းပေးရန် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း ဒုတိယအကြိမ်တွင်မူ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ဗိုလ်ချုပ်လုံ... လင်းဟိုင် ဘာဖြစ်သွားတာလဲဆိုတာ ပြောပါဦး”
အဖေလင်း၏ အသံက တုန်ရီနေသည်။ သူ မည်မျှပင် အသည်းမာပါစေ ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရသောအခါ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
ဝုန်း
ဗိုလ်ချုပ်လုံ မဖြေကြားမီမှာပင် တံခါးက ရုတ်တရက် ပွင့်ထွက်သွားသည်။
ဝှစ်
လင်းဖုန်း တံခါးဝတွင် ရပ်နေသည်။ သူက မရင်းနီးသည့် စစ်သားငါးဦးကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် စားပွဲပေါ်ရှိ နာရေးဓာတ်ပုံကို သူ လှမ်းမြင်လိုက်ရသည်။
“လင်းဖုန်းလား”
ဗိုလ်ချုပ်လုံသည် လင်းဖုန်းကို သဘာဝကျကျသိသည်။ သူ ယခင်က စုံစမ်းခြင်းမပြုခဲ့သဖြင့် လင်းဖုန်း ပြန်ရောက်နေသည်ကို သူမသိခဲ့ပေ။
ဗိုလ်ချုပ်လုံ လင်းဖုန်းကို နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့စဉ်က လင်းဖုန်းမှာ ထူးဆန်းသည့်ရောဂါတစ်ခုကို ခံစားနေရဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် လင်းဖုန်းတစ်ယောက် အောင်မြင်မှုများရရှိကာ တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲတွင် ပထမဆုကိုပင် ရရှိခဲ့သည်။
သို့သော် အစီရင်ခံစာများနှင့် ဗီဒီယိုများကို ကြည့်ရုံဖြင့် ထိုခံစားချက်ကို တိတိပပ ရရှိနိုင်မည် မဟုတ်ပေ။
ယခုအခါ လင်းဖုန်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ ဗိုလ်ချုပ်လုံအနေဖြင့် ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဟုတ်ပေ၏... ဖိအားပင်။ လင်းဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါက သူ့ကိုပင် အသက်ရှူရကျပ်သွားစေသည်။
ဤသည်က အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဟုတ်ပါသေးရဲ့လား။ နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးပင်လျှင် ဤမျှကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါမျိုး ရှိလိမ့်မည်မဟုတ်ပေ။