← Chapters

အခန်း ၂၅၅

Vol. 22 Ch. 255

အခန်း ၂၅၅

Vol. 22 Ch. 255

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၅၅) - ငုပ်လျှိုးနေသောမီးတောင်

ဘာသာပြန် - အားသစ်

လင်းဖုန်း အခန်းထဲသို့ တစ်လှမ်းချင်း ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။ သူ့အကြည့်တို့ကမူ စားပွဲပေါ်ရှိ ဓာတ်ပုံထံတွင်သာ စွဲမြဲနေ၏။

သူ့အစ်ကိုလတ်... လင်းဟိုင်…

လင်းဖုန်း ဤဝမ်းနည်းဖွယ်သတင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ သူ့အစ်ကိုလတ်က ဘယ်လိုလုပ် ဒီအတိုင်း သေဆုံးသွားနိုင်ရမှာလဲ။

လင်းဖုန်းအတွက် မိသားစုဆိုသည်မှာ မည်သူမျှ ထိပါးခွင့်မရှိသော အားနည်းချက်ပင်။ ငယ်စဉ်ကတည်းက ထူးဆန်းသည့်ရောဂါ ခံစားခဲ့ရစဉ် မိသားစုက သူ့ကို အလွန်ဂရုစိုက်ခဲ့ကြသည်။ အမြဲလိုလို မတွေ့ရသော အစ်ကိုလတ်လင်းဟိုင်ပင်လျှင် စစ်တပ်မှ ပြန်လာတိုင်း သူ့အတွက် လက်ဆောင်ပစ္စည်းများ အမြဲယူဆောင်လာပေးလေ့ရှိသည်။

သို့သော် ယခုမူ... သူ့အစ်ကိုလတ် ဆုံးသွားပြီတဲ့လား။

“အစ်ကိုလတ် ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲ”

လင်းဖုန်း၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ် စိုးစိမျှပင် မရှိပေ။ စင်စစ်တွင် သူ့အမူအရာက အလွန်အမင်း အေးစက်နေခြင်းသာ ဖြစ်သည်။ သို့သော် ထိုအေးစက်မှုကပင် အခန်းတစ်ခုလုံးကို အေးခဲသွားစေမည့်အလား ခံစားရစေသည်။

ဗိုလ်ချုပ်လုံပင်လျှင် ထိုအရှိန်အဝါကြောင့် တုန်လှုပ်သွားရသည်။ သို့သော် လင်းဖုန်း၏ အေးစက်စက်အကြည့်အောက်တွင် သူ အံကြိတ်ကာ အသံနှိမ့်၍ ပြောလိုက်သည်။

“လင်းဟိုင်က အထူးတာဝန်တစ်ခု ထမ်းဆောင်နေရင်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့တာပါ”

“ဘယ်လို တာဝန်မျိုးလဲ”

“စိတ်မကောင်းပါဘူး... လင်းဟိုင် ထမ်းဆောင်ခဲ့တာက အရမ်းလျှို့ဝှက်တဲ့ တာဝန်တစ်ခု ဖြစ်နေလို့ပါ။ အဲဒါကို ထုတ်ပြောလို့မရတာကို ခွင့်လွှတ်ပေးပါ”

ဗိုလ်ချုပ်လုံ ဖိအားကြီးကြီးမားမား ခံစားနေရသော်လည်း သူ တောင့်ခံထားဆဲပင်။ ဤကဲ့သို့သော လျှို့ဝှက်တာဝန်ကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားဖို့ မဖြစ်နိုင်ပေ။

ဘုန်း

လင်းဖုန်းက လျှပ်စီးကဲ့သို့ မြန်ဆန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် ဗိုလ်ချုပ်လုံတစ်ယောက် လွင့်ထွက်သွားသည်။

ဤသည်က လင်းဖုန်း မိမိကိုယ်ကို ထိန်းချုပ်ထား၍သာ ဖြစ်သည်။ မဟုတ်ပါက လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးမပြုလျှင်ပင် လက်ရှိ သူ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။

ဝှစ်

ဗိုလ်ချုပ်လုံ ခေါ်ဆောင်လာသော စစ်သားလေးဦးက လင်းဖုန်းရှေ့တွင် ချက်ချင်းရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ဟန့်တားလိုက်ကြသည်။

“လင်းဖုန်း... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

“ဖယ်ကြစမ်း”

လင်းဖုန်းစိတ်ထဲရှိ စိတ်စွမ်းအားစက်ကွင်းက အပြင်းအထန် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားများက မုန်တိုင်းတစ်ခုနှယ် လွင့်စင်ထွက်လာသည်။ စစ်သားလေးဦးမှာ ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား တုန်လှုပ်သွားကြသည်။

ဤသည်က စိတ်စွမ်းအားမုန်တိုင်းပင်။ လင်းဖုန်း၏ စိတ်စွမ်းအားက သိပ်မသန်မာသေးသဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်သေးသော သာမန်လူများကိုသာ သက်ရောက်မှုရှိစေသည်။ သို့သော် ယင်းသာ ပိုမိုသန်မာလာပါက အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကိုပင် သက်ရောက်မှုရှိစေနိုင်ပေလိမ့်မည်။

စစ်သားလေးဦး၏ ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး သူတို့အားလုံး တားဆီးရန်ပင် မေ့လျော့နေကြသည်။ လင်းဖုန်းသည် ဗိုလ်ချုပ်လုံထံ တိုက်ရိုက်လျှောက်သွားပြီး သူ့ကို ဆွဲထူလိုက်ကာ အေးစက်စက် မေးလိုက်သည်။

“ကျွန်တော့် အစ်ကိုလတ် ဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်ခဲ့တာလဲ”

“လင်းဖုန်း... စိတ်အေးအေးထားပါ။ လင်းဟိုင်က လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေခဲ့တာပါ။ သူ့ရဲ့ သေဆုံးမှုအတွက် ငါလည်း အရမ်းဝမ်းနည်းရပါတယ်။ ဒါပေမဲ့ ငါလည်း ဘာမှမတတ်နိုင်ဘူး...”

ဘုန်း

ဗိုလ်ချုပ်လုံ စကားမဆုံးမီမှာပင် လင်းဖုန်းက သူ့ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဗိုလ်ချုပ်လုံ လင်းဖုန်းကို မည်သို့မျှ မခုခံနိုင်ပေ။

“အစ်ကိုလတ် ဘယ်တာဝန်ကို ထမ်းဆောင်နေတာလဲလို့ ကျွန်တော် မေးနေတယ်”

လင်းဖုန်းက အထပ်ထပ်အခါခါ မေးမြန်းနေသည်။ သူ့အသံက ရေခဲတောင်ကြီးအလား အေးစက်နေပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များပင် ခပ်ဝါးဝါး ပါဝင်နေသည်။ ဗိုလ်ချုပ်လုံတစ်ယောက် အကယ်၍ သူသာ ယနေ့မဖြေကြားပါက လင်းဖုန်းက သူ့ကို တကယ်သတ်ရဲလိမ့်မည်ဟုပင် ခံစားနေရသည်။

လင်းဖုန်းက ဘယ်အချိန်ကတည်းက ဒီလောက်ထိ ကြောက်စရာကောင်းသွားရတာလဲ။

သို့သော် ဗိုလ်ချုပ်လုံက စစ်သားတစ်ဦးပင်။ ခြိမ်းခြောက်မှုအောက်တွင် သူ မည်သည့်အခါမျှ စကားဟမည် မဟုတ်ပေ။

“လင်းဖုန်း... လင်းဟိုင်က လျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေခဲ့တာပါ။ ပြီးတော့ သူကိုယ်တိုင် အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒပြုခဲ့တာ။ ဒါကြောင့် ငါ မင်းကို အမှန်အတိုင်း ပြောပြလို့ မရဘူး”

လင်းဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့ရင်ထဲတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ အမှန်တကယ်ပင် တဖွားဖွားပေါ်နေသည်။ ထိုအခိုက်အတန့်တွင် သူ၏သတ်ဖြတ်လိုစိတ်မှာ ပွက်ပွက်ဆူနေပြီး မည်သည့်အရာကမျှ သူ့ကိုတားဆီးနိုင်ပုံမရပေ။

“လင်းဖုန်း... မင်း ဘာလုပ်နေတာလဲကွ” အဖေလင်းက နောက်ဆုံးတွင် သတိဝင်လာကာ ချက်ချင်း အော်ငေါက်လိုက်သည်။

လင်းဖုန်း ကြမ်းပြင်ပေါ်ရှိ ဗိုလ်ချုပ်လုံကို အကြာကြီး စိုက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများကို အသာအယာမှိတ်ကာ စိတ်ဖြေလိုက်သည်။

“ဗိုလ်ချုပ်လုံ...ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ အစ်ကိုလတ် သေဆုံးသွားပြီဆိုရင်တောင် ဒီအတိုင်း လွှတ်ထားလို့ မရဘူး။ ကျွန်တော် သူ့ရဲ့ ရုပ်အလောင်းကို ရှာပြီး မြေမြှုပ်သင်္ဂြိုဟ်ဖို့ ပြန်ခေါ်လာခဲ့မယ်”

ထိုသို့ပြောပြီးနောက် လင်းဖုန်း လှည့်ထွက်သွားတော့သည်။

“လင်းဖုန်း... မင်း ဘာမှမသိဘဲနဲ့ လင်းဟိုင်ရဲ့ ရုပ်အလောင်းကို ဘယ်လိုသွားရှာမှာလဲ။ ပြီးတော့ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်။ မင်း မပြောနဲ့... နတ်ဘုရားနယ်ပယ်သိုင်းသမားတွေတောင် အဲဒီမှာ အသက်ရှင်ဖို့ အခွင့်အရေးသိပ်မရှိဘူး...”

ဗိုလ်ချုပ်လုံက လင်းဖုန်းနောက်မှ အော်ဟစ်ပြောလိုက်သည်။ သူ တကယ်တန်းတွင် လင်းဖုန်းကို အပြစ်မတင်ပေ။

ယခင်က လင်းမိသားစုက လင်းဟိုင်ကို သူ့ထံအပ်နှံခဲ့စဉ် သူ လင်းဟိုင်ကို မြေတောင်မြှောက်ပေးရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သည်။ သို့သော် ယခုမူ... လင်းဟိုင် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူကတော့ အသက်ရှင်နေဆဲပင်၏။ တစ်ခါတစ်ရံ တွေးကြည့်လိုက်လျှင် ဤအဖြစ်က အကြီးမားဆုံး မတရားမှုဟုပင် ဆိုနိုင်ပေသည်။

သို့သော် လင်းဖုန်း မရပ်တန့်ခဲ့ပေ။ သူ လေသင်္ဘောပေါ်သို့ တိုက်ရိုက် တက်သွားသည်။ လေသင်္ဘောက အလျင်အမြန် ပျံတက်သွားပြီး မိုးကုတ်စက်ဝိုင်းအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

“အဟွတ်... အဟွတ်...”

ဗိုလ်ချုပ်လုံ ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။ လင်းဖုန်း၏ စောစောက တိုက်ခိုက်မှုမှာ တကယ်ကို ပြင်းထန်ရက်စက်လှသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများလည်း လုံးဝအသုံးမဝင်သည့်အလား ဖြစ်သွားခဲ့ရသည်။

“ဗိုလ်ချုပ်လုံ... လင်းဟိုင် ဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်နေတာလဲဆိုတာ အမှန်အတိုင်း ပြောပြပါဦး” အဖေလင်းသည်လည်း မျက်ရည်စများဖြင့် မေးလိုက်သည်။

“စိတ်မကောင်းပါဘူး... ကျွန်တော် ပြောလို့မရလို့ပါ။ လင်းဖုန်းကို မြန်မြန် ပြန်လာခိုင်းလိုက်ပါဦး။ အဲဒီနေရာက တကယ်ကို အရမ်းအန္တရာယ်များလွန်းလို့ပါ...”

“သူ့ကို ပြန်လာခိုင်းဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ လင်းဖုန်းက တစ်ခုခုကို ဆုံးဖြတ်ပြီးပြီဆိုရင် သူ့ကို ဘယ်သူမှ တားလို့ မရတော့ဘူး” အဖေလင်းက ခေါင်းခါကာ ပြောလိုက်သည်။

“သူ ဘယ်ကို သွားနေတာလဲဆိုတာ ငါသိချင်မိတယ်။ လင်းဟိုင်က လျှို့ဝှက်တာဝန် ထမ်းဆောင်နေတာဆိုတော့ သူ ဘယ်လိုမှ ရှာတွေ့မှာမဟုတ်ဘူး”

“ဗိုလ်ချုပ်လုံ... အဲဒါကတော့ မဖြစ်နိုင်ဘူးနော်။ ခင်ဗျား မသိသေးဘူး ထင်တယ်။ လင်းဖုန်းက နတ်ဘုရားနယ်ပယ်ကို ရောက်နေပြီ။ ပြီးတော့ အခု ဗဟိုပင်လယ်မြို့ရဲ့ ကိုယ်စားလှယ်တော်လည်း ဖြစ်နေပြီ။ ဖြစ်နိုင်တာက သူ လင်းဟိုင် ထမ်းဆောင်ခဲ့တဲ့ တာဝန်ကို စုံစမ်းဖို့ နည်းလမ်းတစ်ခုခုရှိနေလို့ ဖြစ်လိမ့်မယ်”

“ဘာ... သူက နတ်ဘုရားနယ်ပယ်သိုင်းသမား ဖြစ်သွားပြီလား။ ကိုယ်စားလှယ်တော် တစ်ယောက်တောင် ဖြစ်နေပြီတဲ့လား”

ဗိုလ်ချုပ်လုံ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ ဗဟိုပင်လယ်မြို့သို့ အပြေးအလွှား ရောက်လာခြင်းဖြစ်ရာ လင်းမိသားစု၏ လက်ရှိအခြေအနေကို စုံစမ်းရန် အချိန်မရခဲ့ပေ။ သူ လင်းဖုန်းကို တစ်ကမ္ဘာလုံးဆိုင်ရာသိုင်းပညာပြိုင်ပွဲမှ ပါရမီရှင်သိုင်းသမားလေးတစ်ဦးအဖြစ်သာ တွေးထင်နေခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ထိုစဉ်က ပါရမီရှင်လေးမှာ ယခုအခါ ဒေသတစ်ခုကို အုပ်ချုပ်နေသည့် အစစ်အမှန် ကျွမ်းကျင်သူ၊ ကိုယ်စားလှယ်တော်တစ်ဦး ဖြစ်နေခဲ့ချေပြီ။

ဖြစ်နိုင်သည်က လင်းဖုန်း၏ အဆက်အသွယ်များဖြင့် သူ လင်းဟိုင်၏ အခြေအနေကို အမှန်တကယ် စုံစမ်းနိုင်ပေလိမ့်မည်။ သို့သော်လည်း ယခုလက်ရှိအချိန်တွင်မူ ထိုနေရာသို့ သွားသူတိုင်း သေရပေလိမ့်မည်။

“မဖြစ်ဘူး... လင်းဟိုင်က ဆုံးသွားပြီ။ လင်းဖုန်းကတော့ ဘာပဲဖြစ်ဖြစ် ဘေးကင်းရမယ်။ မဟုတ်ရင် ငါ လင်းဟိုင်ကို မျက်နှာပြစရာ ဘယ်ရှိတော့မှာလဲ”

ဗိုလ်ချုပ်လုံ လင်းမိသားစုကို ချက်ချင်း နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

...

လေသင်္ဘောပေါ်တွင် လင်းဖုန်း၏ မျက်နှာအမူအရာက ရေခဲတောင်ကြီအလား အေးစက်နေသည်။ ယခုအချိန်တွင် ကျေနပ်မှု၊ အေးချမ်းမှုနှင့် လှပမှု အားလုံးက အဆုံးသတ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ့နှလုံးသားမှာ မီးတောင်ပေါက်သကဲ့သို့ မငြိမ်မသက် ဖြစ်နေသည်။

လင်းဖုန်း ကိုယ်တိုင်ပင်လျှင် သူ၏သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

မိသားစုဝင်များက သူ၏အထိပါးမခံသည့် နေရာများ ဖြစ်ကြသည်။ ယခုမူ အစ်ကိုလတ် သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ရုပ်အလောင်းပင် ပြန်မရသေးပေ။ ဤကိစ္စကို လင်းဖုန်း မည်သို့မျှ သည်းမခံနိုင်ပေ။

ဘာပဲဖြစ်ဖြစ်... ရုပ်အလောင်းပဲ ကျန်ရင်တောင် အစ်ကိုလတ်ကို အိမ်ပြန်ခေါ်လာရမယ်။

ဗိုလ်ချုပ်လုံက အစ်ကိုလတ် လင်းဟိုင် ဘယ်လိုတာဝန်မျိုးကို ထမ်းဆောင်နေသလဲ၊ ဘယ်နေရာမှာ အန္တရာယ် ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို မပြောပြသော်လည်း လင်းဖုန်းတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိနေသည်။

“လောင်ဘီသမ်... ငါ့အစ်ကိုလတ်ရဲ့ ဆက်သွယ်ရေးကိရိယာတည်နေရာကို ရှာပေးစမ်း” လင်းဖုန်းက အေးစက်စက် ပြောလိုက်သည်။

မည်သည့် တာဝန်မျိုးပဲဖြစ်စေ သူ ဆက်သွယ်ရေးကိရိယာကိုတော့ ယူသွားပေလိမ့်မည်။ အကယ်၍ သူ ဆက်သွယ်ရေးကိရိယာကို မယူသွားခဲ့လျှင်ပင် လင်းဖုန်း ၎င်းမှတစ်ဆင့် အစ်ကိုလတ် လင်းဟိုင်၏ စခန်းကို သေချာပေါက် ရှာတွေ့နိုင်ပေလိမ့်မည်။ ထိုမှတစ်ဆင့် အစ်ကိုလတ်ကို ရှာတွေ့ရန်က သိပ်ပြီးမဝေးတော့ပေ။

“လင်းဖုန်း... မင်း အစ်ကိုလတ်ရဲ့ ဆက်သွယ်ရေးကိရိယာ အချက်ပြမှုက ပျောက်ကွယ်သွားတာ ကြာပြီ။ ဒါပေမဲ့ အချက်ပြမှုမပျောက်ခင် နောက်ဆုံးတည်နေရာကိုတော့ ငါရှာတွေ့ခဲ့တယ်”

လောင်ဘီသမ်က တည်နေရာပြမြေပုံကို လင်းဖုန်းထံသို့ ပေးပို့လိုက်သည်။ လင်းဖုန်း လေသင်္ဘော၏ ထိန်းချုပ်ခန်းထဲသို့ ထိုတည်နေရာကို ချက်ချင်း ထည့်သွင်းလိုက်သည်။

“အစ်ကိုလတ်... ကျွန်တော် အစ်ကို့ကို အိမ်ပြန်ခေါ်မယ်...”

လင်းဖုန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့အမူအရာက ပြေလျော့သွားခြင်းမရှိပေ။ သူ့အကြည့်များမှာ အချိန်မရွေး ပေါက်ကွဲထွက်နိုင်သော ငုပ်လျှိုးနေသည့်မီးတောင်တစ်ခုအလား ပို၍ပင် အေးစက်လာလေသည်။

...

ဒွီ

မှောင်မည်းနေသော အခန်းထဲတွင် လင်းဖုန်း၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေသော ဝတ်ရုံနက်နှင့်လူက သတင်းစကားတစ်ခု ပေးပို့လိုက်သည်။

“ပစ်မှတ်က လေသင်္ဘောနဲ့ ဗဟိုပင်လယ်မြို့ကနေ ထွက်သွားပြီ”

သတင်းစကား ပေးပို့ပြီးနောက် အခန်းထဲတွင် ထပ်မံ တိတ်ဆိတ်သွားလေသည်။

All Chapters