← Chapters

အခန်း ၂၅၆

Vol. 22 Ch. 256

အခန်း ၂၅၆

Vol. 22 Ch. 256

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၅၆) - ငါတကယ်လူသတ်ချင်နေတာ

ဘာသာပြန် - အားသစ်

ပြင်ပနယ်မြေတွင် မြင့်မားလှသော တောင်တန်းကြီးများက ဝန်းရံထားပြီး လူသားတို့၏ လှုပ်ရှားမှုအရိပ်အယောင် နည်းနည်းမှမရှိပေ။

ရုတ်တရက် အဝေးတစ်နေရာမှ လေသင်္ဘောငါးစင်း ပျံသန်းလာပြီး နွားခေါင်းတောင်အထက်သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။

နွားခေါင်းတောင်ဟူသည် နွားတစ်ကောင်၏ ခေါင်းနှင့် သဏ္ဌာန်တူသဖြင့် ထိုအမည်ကို ရရှိထားခြင်းဖြစ်၏။ ယခင်က သိုင်းသမားများစွာ ဤနေရာတွင် ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ကြပြီး အမဲလိုက်သားရဲဟုခေါ်သော ကြမ်းကြုတ်သားရဲတစ်မျိုးကို အနိုင်ယူခဲ့ကြသည်။

ထိုစဉ်က စစ်ပွဲမှာ အလွန်ပင် ပြင်းထန်လှသည်။ တိုက်ပွဲတွင် ပါဝင်ခြင်းမရှိသော သူတော်စင်များကို ဖယ်လိုက်လျှင် ကျန်သာလွန်နတ်ဘုရားနယ်ပယ်နှင့် နတ်ဘုရားနယ်ပယ် သိုင်းသမားတချို့က ထိုကြမ်းကြုတ်သားရဲများကို အပြီးသတ် အနိုင်မယူနိုင်မီ တိုက်ပွဲတွင် ကျဆုံးခဲ့ကြရသည်။

ထိုအချိန်မှစ၍ နွားခေါင်းတောင်သည် ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသော်လည်း ကြမ်းကြုတ်သားရဲ များစွာမကျန်တော့ပေ။ လူသားတို့၏ နယ်မြေသည်လည်း ကီလိုမီတာတစ်ထောင်ကျော်အထိ တိုးချဲ့နိုင်ခဲ့သည်။

နွားခေါင်းတောင်က ထူးခြားသည့် အဓိပ္ပာယ်တချို့ရှိသော်လည်း ဤနေရာကို လူသားများက ဖွံ့ဖြိုးတိုးတက်စေရန် မလုပ်နိုင်သေးပေ။ လူသူကင်းမဲ့ပြီး အောက်ဘက်တွင် ကျယ်ပြောလှသောမြေလွတ်များ ရှိနေသဖြင့် အနည်းငယ် ခြောက်ကပ်သည့်အသွင်ကို ဆောင်နေသည်။

လေသင်္ဘောငါးစင်းသည် နွားခေါင်းတောင်အထက်တွင် ရပ်နားလိုက်ကြသည်။ လေသင်္ဘော၏ တံခါးများ ပွင့်လာပြီး ဝတ်ရုံနက်ဝတ်ကာ မျက်နှာဖုံးစွပ်ထားသော လျှို့ဝှက်သိုင်းသမားငါးဦး ထွက်လာကြသည်။

“နံပါတ် ၁၃၁”

ဝတ်ရုံနက်ဝတ်ထားသော လျှို့ဝှက်သိုင်းသမားတစ်ဦးက ပြောလိုက်သည်။ သူ့အသံမှာ သိသိသာသာပင် ပြောင်းလဲထားပြီး အနည်းငယ် အက်ကွဲနေသည်။ ထိုအသံက အလွန်အိုမင်းနေပုံရသော်လည်း မည်သူမျှ သူ့အသက်အရွယ်ကို အတိအကျ မသိနိုင်ပေ။

“နံပါတ် ၁၄၅”

“နံပါတ် ၂၉၄”

“နံပါတ် ၄၈၃”

“နံပါတ် ၅၁၆”

လျှို့ဝှက်သိုင်းသမားငါးဦးစလုံး သူတို့၏ လျှို့ဝှက်နံပါတ်များကို ပြောလိုက်ကြသည်။ သူတို့၏ အသံများကို အားလုံး ပြောင်းလဲထားကြပြီး ကျား၊မ ခွဲခြားရန်ပင် ခက်ခဲလှသည်။

သူတို့ငါးဦး စုဝေးနေခြင်းက ဆန်းကြယ်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။

“နံပါတ်တွေ မှန်တယ်။ လူတိုင်း တာဝန်ကို လက်ခံရရှိပြီးပြီလို့ ငါ ယုံပါတယ်”

“တာဝန်ရဲ့ ပစ်မှတ်ကတော့ လွန်ခဲ့တဲ့ အချိန်အနည်းငယ်က နာမည်ကြီးခဲ့တဲ့ လင်းဖုန်းပဲ။ သူ့လို အသွင်ပြောင်းနယ်ပယ် သိုင်းသမားလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး နတ်ဘုရားနယ်ပယ်ကို ဒီလောက် မြန်မြန် ရောက်သွားနိုင်ရတာလဲ”

“ဒါကြောင့် ဒါက ဒီတာဝန်ရဲ့ အဓိကရည်ရွယ်ချက်ပဲ။ ထုံးစံအတိုင်း ငါတို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အစစ်အမှန်အထောက်အထားကို စုံစမ်းခွင့်မရှိဘူး။ ခေါင်းဆောင်ရဲ့အမိန့်ကို နာခံရမယ်။ တာဝန်အောင်မြင်ပြီးသွားရင်လည်း တိုက်ပွဲအကျိုးအမြတ်တွေကို ကိုယ်ကျိုးအတွက် ခိုးယူခွင့်မရှိဘူး။ အားလုံး ရှင်းရဲ့လား”

စကားပြောနေသူက နံပါတ် ၁၃၁ ဖြစ်သည်။ သူက ဤတာဝန်အတွက် ယာယီခေါင်းဆောင်ပင်။

“ဟက်... ငါတို့လည်း သိတာပေါ့။ ငါတို့အားလုံးက ဒေသတစ်ခုကို အုပ်ချုပ်နေတဲ့ အဆင့်အတန်းနဲ့ အာဏာရှိတဲ့ သိုင်းသမားတွေပဲ။ တကယ်လို့ ငါတို့ရဲ့ အထောက်အထားပေါ်သွားရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကို အားလုံးသိကြပါတယ်”

ကျန်သူများလည်း ခေါင်းညိတ်ထောက်ခံကြသည်။

သူတို့အားလုံးသည် အစစ်အမှန်ဘဝတွင် အဆင့်အတန်း မြင့်မားကြပြီး ဒေသတစ်ခုကို အုပ်ချုပ်နေကြသော သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမားများ ဖြစ်ကြသည်။ သူတို့သည်ကား မရေမတွက်နိုင်သော သိုင်းသမားများ၏ လေးစားမှုကို ခံရသူများဖြစ်ပြီး လူသားတို့၏ သူရဲကောင်းများအဖြစ် ရှုမြင်ခံရသူများလည်း ဖြစ်ကြသည်။

သို့သော် ဤသည်က အပေါ်ယံသာ ဖြစ်၏။ တိတ်တဆိတ်အမှောင်ထဲတွင်မူ သူတို့အားလုံးသည် ညမိစ္ဆာဟုခေါ်သော အမှောင်အဖွဲ့အစည်းသို့ ဝင်ရောက်ထားကြသူများဖြစ်သည်။

ညမိစ္ဆာအဖွဲ့အစည်းက အလွန်လျှို့ဝှက်လှသည်။ အဖွဲ့၏ ဌာနချုပ်က မည်သည့်နေရာတွင် ရှိသည်၊ အဖွဲ့ဝင် မည်မျှရှိသည်ကို မည်သူမျှ မသိသလို တည်ထောင်သူက မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ဘယ်သူမျှ မသိပေ။

ဤအဖွဲ့သည်ကား အဓိကအဖွဲ့အစည်း ငါးခုအတွင်းတွင် ရှင်သန်နေသည့် ကင်ဆာရောဂါတစ်ခုအလားပင်။ အဓိကအဖွဲ့အစည်းငါးခု၏ ထိပ်တန်းခေါင်းဆောင်များစွာက ညမိစ္ဆာတည်ရှိကြောင်း သိကြသော်လည်း သူတို့ ဘာမှမတတ်နိုင်ကြသလို ဖယ်ရှားပစ်ရန် နည်းလမ်းလည်း မရှိကြပေ။

သူတော်စင်ကိုးဦးပင်လျှင် ဤကိစ္စနှင့် ပတ်သက်၍ အကြီးအကျယ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ညမိစ္ဆာသည် သိုင်းသမားများအကြား အလင်းထဲ၌ပင် ဖုံးကွယ်နေဆဲ ဖြစ်သည်။

သာလွန်နတ်ဘုရားနယ်ပယ်၊ နတ်ဘုရားနယ်ပယ်၊ အသွင်ပြောင်းနယ်ပယ် သို့မဟုတ် ပရော်ဖက်ရှင်နယ်အဆင့် သိုင်းသမားများပင်ဖြစ်စေ ၎င်းတို့ကြားတွင် ညမိစ္ဆာအဖွဲ့သို့ ဝင်ရောက်ထားသူများ ရှိနေကြသည်။

ဤသိုင်းသမားများသည် ပုံမှန်အားဖြင့် လူသားမျိုးနွယ်၏ ရှေ့တန်းကို စောင့်ရှောက်ရန် ကြမ်းကြုတ်သားရဲများနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသော သာမန်သိုင်းသမားများသာ ဖြစ်ကြသည်။ သို့သော် ညမိစ္ဆာအဖွဲ့မှ တာဝန်များပေးအပ်လာသောအခါ အရာအားလုံး ပြောင်းလဲသွားတော့သည်။

အချိန်အတိုင်းအတာ တစ်ခုတိုင်းတွင် ညမိစ္ဆာက တာဝန်အချို့ကို ထုတ်ပြန်လေ့ရှိသည်။ ထိုတာဝန်များက လူပုဂ္ဂိုလ်တစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းအချို့ကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ တာဝန်များ ထုတ်ပြန်လိုက်သည်နှင့် တာဝန်သတ်မှတ်ချက်များနှင့် ကိုက်ညီသော ညမိစ္ဆာအဖွဲ့ဝင်များက ထိုတာဝန်ကို လက်ခံနိုင်ပြီး စုပေါင်းလုပ်ဆောင်ကြရသည်။

ထို့ကြောင့် ညမိစ္ဆာက တာဝန်တစ်ခုကို စီစဉ်တိုင်းတွင် အဖွဲ့ဝင်တိုင်း သူတို့၏ အထောက်အထားကို အစွမ်းကုန် ဖုံးကွယ်ထားကြသည်။ သူတို့ တစ်ဦးနှင့် တစ်ဦးမသိကြဘဲ တာဝန်တစ်ခုအတွက်သာ စုဝေးကြခြင်းသာ။

မည်သူမျှ သူတို့၏ အစစ်အမှန်ပုံစံကို အလွယ်တကူ ထုတ်မပြရဲကြပေ။ အကယ်၍ ပေါ်သွားပါက သေခြင်းတရားသာ ရှိတော့သည်။ အဓိက အဖွဲ့အစည်းငါးခုက မည်သည့် ညမိစ္ဆာကိုမျှ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

တာဝန်ပြီးဆုံးသွားပြီးနောက် ညမိစ္ဆာက အထူးလမ်းကြောင်းများမှတစ်ဆင့် တာဝန်တွင် ပါဝင်ခဲ့သည့ အဖွဲ့ဝင်တိုင်းထံသို့ ဆုလာဘ်များကို ပေးပို့လေ့ရှိသည်။

ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် ညမိစ္ဆာသည် လင်းဖုန်းကို ဖမ်းဆီးရန် တာဝန်ပေးအပ်ခဲ့ပြီး တာဝန်၏ ဆုလာဘ်မှာ လင်းဖုန်း၏ လျှို့ဝှက်ချက်ပင်။

ဤညမိစ္ဆာအဖွဲ့ဝင်ငါးဦး တာဝန်ကို လက်ခံရရှိစဉ်က သတ်မှတ်ချက်မှာ အနည်းဆုံး သာလွန်နတ်ဘုရားနယ်ပယ်သိုင်းသမား ဖြစ်ရမည်ဟူ၏။ ထို့နောက် သူတို့ လင်းဖုန်းနှင့် ပတ်သက်သော ငယ်စဉ်မှစ ယခုအချိန်အထိ အသေးစိတ်အချက်အလက်အားလုံးကို ရရှိခဲ့ကြသည်။

ထို့ကြောင့် ဤညမိစ္ဆာငါးဦးမှာ လင်းဖုန်းအကြောင်းကို ကောင်းကောင်း သိထားကြသည်။

ညမိစ္ဆာကို တည်ထောင်သူအတွက်ကော ဘာအကျိုးအမြတ် ရှိသနည်း။

တည်ထောင်သူက တာဝန်အားလုံးမှ အကျိုးအမြတ်များကို ရရှိနိုင်သည်မှာ ထင်ရှားလှသည်။ မည်သို့ပင်ဆိုစေ တာဝန်၏ ဆုလာဘ်များကိုပင် ညမိစ္ဆာက ခွဲဝေပေးနေခြင်း မဟုတ်ပါလော။

ညမိစ္ဆာတည်ထောင်သူကို စုံစမ်းရန် ကြိုးစားခဲ့သော အဖွဲ့ဝင်များ မရှိခဲ့သည် မဟုတ်ပေ။ သို့သော် မည်သူမျှ မအောင်မြင်ခဲ့ကြပေ။ ထိုအစား သူတို့အားလုံးမှာ ညမိစ္ဆာ အဖွဲ့ဝင်များဖြစ်ကြောင်း ပေါ်သွားခဲ့ကြပြီး ဆိုးရွားသည့်အဆုံးသတ်များနှင့် ရင်ဆိုင်ခဲ့ကြရသည်။

ဤတာဝန်၏ ယာယီခေါင်းဆောင်အနေဖြင့် နံပါတ် ၁၃၁ သည် ရိုးရှင်းသည့် အမိန့်များကိုသာ ပေးနေ၏။ ဤလူများက သူ့ကို နာခံချင်မှ နာခံကြလိမ့်မည်။ သူတို့က တာဝန်ပြီးမြောက်ရန်အတွက် ခေတ္တမျှသာ ပူးပေါင်းနေကြခြင်း ဖြစ်သည်။

“လူတိုင်း လင်းဖုန်းရဲ့ အချက်အလက်တွေကို မြင်ပြီးပြီလို့ ငါ ထင်တယ်။ သူ သေချာပေါက် ရှေးဟောင်းအမွေအနှစ်တစ်ခုခုကို ရထားတာပဲ။ အဲဒါက ကြယ်တာရာစွမ်းအားကို ကျင့်ကြံတာ မဟုတ်ပေမဲ့ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲပြီးတာနဲ့ ထိပ်တန်းနတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ယောက်နဲ့ ယှဉ်နိုင်နေပြီ။ သူ့မှာ ဘာဝှက်ဖဲတွေ ရှိနေသလဲဆိုတာ ငါတို့မသိဘူး။ မပေါ့ဆကြပါနဲ့”

“ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို ဖမ်းရင်တောင် အစွမ်းကုန် အားထုတ်တာပဲ။ အဲဒါကို ငါတို့ အားလုံး သိကြပါတယ်”

ယာယီခေါင်းဆောင် နံပါတ် ၁၃၁ က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ အချိန်ကို ကြည့်ကာ သတိပေးလိုက်သည်။

“ညမိစ္ဆာရဲ့ သတင်းအရ လင်းဖုန်းက မကြာခင် ဒီနွားခေါင်းတောင်ကို ဖြတ်သွားတော့မယ်။ အားလုံး အသင့်ပြင်ထားကြ”

“ဟက်... စိတ်မပူပါနဲ့။ ဒီတစ်ခါ လင်းဖုန်းကို ငါတို့ အကြီးအကျယ် အံ့အားသင့်အောင် လုပ်ပေးလိုက်မယ်”

ညမိစ္ဆာငါးဦးစလုံး မည်သည့်အခါကမျှ ပေါ်မလာခဲ့သည့်အလား အလျင်အမြန် ပုန်းကွယ်သွားကြလေတော့သည်။

...

နွားခေါင်းတောင်။

လေသင်္ဘောပေါ်တွင် လင်းဖုန်း နွားခေါင်းတောင်ကို မြင်လိုက်ရသည်။ ပုံမှန်ဆိုလျှင် သူ ခဏရပ်ကာ ရှုခင်းများကို ရှုစားကြည့်မိပေလိမ့်မည်။ သို့သော် ယခုမူ သူ ထိုကဲ့သို့ စိတ်မျိုးမရှိပေ။

ဒွီ…ဒွီ…ဒွီ

ရုတ်တရက် လေသင်္ဘော နွားခေါင်းတောင်အထက်ကို ပျံသန်းခါနီးမှာပင် သတိပေးသံ မြည်လာသည်။

“သတိပေးချက်... သတိပေးချက်... လေသင်္ဘောကို လေဆာလက်နက်တွေနဲ့ ပစ်မှတ်ထားခံနေရပါတယ်”

ဝှစ်

လင်းဖုန်း သူ့ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်သည်။ အောက်ခြေဘက်မှ တောက်ပသည့် အလင်းတန်းငါးခုကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသည်။ ယင်းတို့မှာ ကြောက်မက်ဖွယ်ကောင်းသည့် လေဆာလက်နက်များ ဖြစ်ကြသည်။

လင်းဖုန်း၏ လေသင်္ဘောက လေဆာလက်နက်ငါးခုကို မည်သို့မျှ ခုခံနိုင်မည်မဟုတ်ပေ။

လင်းဖုန်း၏ အကြည့်များက အေးစက်နေသည်။ လေသင်္ဘောတံခါးမှာ ရုတ်တရက် ပွင့်သွားပြီး သူ အပြင်သို့ ထွက်လိုက်သည်။

ဘုန်း

လင်းဖုန်း၏ လက်မောင်းက ရေဘဝဲလက်တံတစ်ခုအလား ရုတ်တရက် ရှည်ထွက်သွားပြီး လေဆာတန်း ငါးခုကို အတင်းအကျပ် ဖမ်းဆုပ်လိုက်သည်။

ကြောက်မက်ဖွယ် လေဆာတန်းများသည် လင်းဖုန်း၏ လက်မောင်းပေါ်တွင် ချက်ချင်း ပေါက်ကွဲသွားသော်လည်း လင်းဖုန်းကမူ အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိပေ။ သူ့ခန္ဓာကိုယ်က မီတာ ၃၀ အထိ မြင့်မားလာပြီး မီးခိုးရောင် ချပ်ဝတ်ဖြင့် အပြည့်ဖုံးလွှမ်းနေကာ ဟင်းလင်းပြင်ထဲတွင် ရပ်နေသည်။

လေဆာလက်နက်ငါးခုက လေသင်္ဘောကို ဖျက်ဆီးနိုင်သော်လည်း လင်းဖုန်းအတွက်မူ ယားရုံမျှသာ ရှိသည်။ ယင်းတို့မှာ လုံးဝအသုံးမဝင်ပေ။

လင်းဖုန်း လေသင်္ဘောကို ကာကွယ်ရန်အတွက် ဤကဲ့သို့ ပြုလုပ်လိုက်ခြင်းဖြစ်သည်။ သူ ကုန်ကျစရိတ်ကြီးကြီးမားမားပေး၍ ဝယ်ယူထားသည့် လေသင်္ဘောကို ဤအတိုင်း အပျက်စီးမခံနိုင်ပေ။

“အခု ထွက်လာလို့ ရပြီ”

လင်းဖုန်း သူ့လက်တစ်ဖက်ကို နောက်ပစ်ကာ အောက်ဘက်သို့ ဝေ့ဝဲကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း လင်းဖုန်း စကားဆုံးသည်နှင့် ဝတ်ရုံနက်ဝတ်ထားသည့် လျှို့ဝှက်သိုင်းသမားငါးဦး အောက်ဘက်မှ ပျံတက်လာကြသည်။ သူတို့အားလုံး မျက်နှာဖုံးစွပ်ထားကြပြီး ဝတ်ရုံနက်များက သူတို့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသဖြင့် သူတို့၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

“မင်းတို့က ဘယ်သူတွေလဲ”

“မင်းကို သတ်ဖို့ လာတဲ့သူတွေပေါ့ကွ။ ဒါပေမဲ့ မင်း ရထားတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို ပေးမယ်ဆိုရင်တော့ ငါတို့ မင်းကို လွှတ်ပေးဖို့ စဉ်းစားပေးနိုင်ပါတယ်”

ယာယီခေါင်းဆောင် နံပါတ် ၁၃၁ က ခပ်အက်အက်အသံဖြင့် ပြောလိုက်သည်။

လင်းဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ထိုငါးယောက်ကို ဝေ့ဝဲကြည့်လိုက်သည်။

ယခု သူ နားလည်သွားခဲ့လေပြီ။ ဤငါးယောက်မှာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် သတိပေးခဲ့ဖူးသော အမှောင်အဖွဲ့အစည်းမှလူများ ဖြစ်ပေမည်။

ဤကမ္ဘာတွင် အလင်းရှိလျှင် အမှောင်လည်း ရှိစမြဲပင်။ အဓိက အဖွဲ့အစည်းငါးခုက ကမ္ဘာကြီးကို ထိန်းချုပ်ထားပြီး သူတော်စင်ကိုးဦးက အရာအားလုံးကို ဖိနှိပ်ထားသော်လည်း သူတို့ကိုယ်ကျိုးအတွက် အမှောင်ထဲတွင် မသမာမှုများကို ကျူးလွန်နေသော သိုင်းသမားများ ရှိနေဆဲပင်။

ဒါပေမဲ့ သူတို့က ဒီလိုအချိန်မျိုးမှာမှ ငါ့ကို လာတားနေကြတာလား။

လင်းဖုန်း ခပ်ဖွဖွ ပြုံးလိုက်သည်။ သူ၏ တည်ငြိမ်နေသော အကြည့်အောက်တွင် သတ်ဖြတ်လိုစိတ်များက မီးတောင်တစ်ခုအလား ပွက်ပွက်ဆူနေသည်။

“မင်းတို့သိလား”

လင်းဖုန်းက ရယ်မောလိုက်ပြီး သူ့အသံမှာ ပုံမှန်ထက်ပင် တည်ငြိမ်နေသည်။

“ငါ မင်းတို့ကို ကျေးဇူးတင်ရမယ်။ ဘာလို့လဲဆိုတော့ ငါ အခု တကယ်ပဲ လူသတ်ချင်နေတာ”

လင်းဖုန်း၏အသံက တဖြည်းဖြည်း ပိုမိုကျယ်လောင်လာပြီး နောက်ဆုံးတွင် မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားသည်။ အဆုံးမဲ့သတ်ဖြတ်လိုစိတ်များက မီးတောင်ပေါက်သကဲ့သို့ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာတော့သည်။

လင်းဖုန်း တစ်ခုခုကို ဖောက်ခွဲပစ်ဖို့ လိုနေသည်။ သူ့အစ်ကိုလတ် လင်းဟိုင် သေဆုံးမှုက လင်းဖုန်းကို ပေါက်ကွဲလုနီးပါး ဖြစ်စေခဲ့ပြီးသားပင်။ ယခုမူ အမှောင်ထဲမှ ဤလျှို့ဝှက်သိုင်းသမားငါးဦးက သူ့ကိုသတ်လိုဟန်ဖြင့် လာတားနေသည်ကို သူ တွေ့လိုက်ရသည်။

လင်းဖုန်း သတ်ဖြတ်လိုစိတ်ကို မည်သို့မျှ ထိန်းချုပ်ထား၍ မရတော့ပေ။

ဘုန်း

လင်းဖုန်း၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာပြီး ကြောက်မက်ဖွယ်အရှိန်အဝါများက အရပ်ရပ်သို့ ပျံ့နှံ့သွားလေတော့သည်။ နေဝင်ချိန်၏အလင်းရောင် နီဆွေးဆွေးက တောအုပ်ပေါ်သို့ သွေးရောင်အလား ကျရောက်နေသည်။

နေဝင်ချိန်၏ သွေးရောင်လွှမ်းသော အလင်းအောက်တွင် သတ်ဖြတ်လိုစိတ်များက ကောင်းကင်သို့တိုင် မြင့်တက်နေလေသည်။

All Chapters