← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

173

“အား... သေပါပြီ”

ဝမ်တဝူမှာ နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။

ယနေ့ သူသည် အရက် တော်တော်သောက်ထားသဖြင့် အနည်းငယ် မူးနေသော်လည်း ယခု ချင်ရန်ထံမှ အသေအလဲ အရိုက်ခံလိုက်ရသည့် ဒဏ်ကြောင့် အရက်နာပါ တစ်ခါတည်း လွင့်စင်သွားကာ ချက်ချင်းပင် လူကောင်းပြန်ဖြစ်သွား‌တော့၏။

ဘေးမှ စောင့်ကြည့်နေသူများလည်း မှင်တက်ကာ ရေရွတ်နေကြမိသည်။

“တကယ့်ကို ကြောက်စရာကောင်းတဲ့ ကောင်လေးပဲ”

ပြတ်သားပြီး ကျစ်လျစ်လှသော တိုက်ခိုက်မှုပင်။

လူဝကြီး ရှစ်ယောက်နှင့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်၊ အားလုံးက လူဝကြီးများ နိုင်မည်ဟု ထင်ထားသော်လည်း ယခုမူ ထိုရှစ်ယောက်စလုံး မြေပြင်ပေါ်တွင် ခွေးကျသလို လူးလိမ့်နေပြီး ပြန်ပင်မထနိုင်ကြတော့ချေ။

ချင်ရန်မှာမူ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားစွာ ရပ်နေဆဲ ဖြစ်သည်။

ရှကျဲ၏ ရင်ခုန်သံများသည် ထိန်းမရတော့ဘဲ ပို၍ မြန်ဆန်လာသည်။

သူရဲကောင်းက အလှလေးကို ကယ်တင်တဲ့ မြင်ကွင်းထက် ပိုပြီး ကြည့်ကောင်းတာ ဘယ်မှာ ရှိတော့မှာလဲ။

ယခုအခါ ရှကျဲ၏ မျက်လုံးထဲတွင် ချင်ရန်မှာ အနှိုင်းမဲ့ သူရဲကောင်းကြီး ဖြစ်နေပြီဖြစ်သည်။

ချင်ရန်နှင့် ရှကျဲတို့ မသိလိုက်သည်မှာ ဤဖြစ်ရပ်တစ်ခုလုံးကို တစ်စုံတစ်ဦးက ဖုန်းဖြင့် တိတ်တဆိတ် ဗီဒီယိုရိုက်ကူးထားခဲ့ခြင်းပင်။

ဝမ်တဝူ စတင်နှောင့်ယှက်ချိန်ကတည်းက ရိုက်ထားခြင်းဖြစ်ရာ အကြောင်းအရင်းနှင့် ရလဒ်မှာ အလွန်ပင် ရှင်းလင်းလှ၏။

၁၀ မိနစ်ခန့် ကြာသောအခါ ဆိုင်ကယ်သံများသည် လေထုထဲတွင် ဟိန်းထွက်လာသည်။

ရဲအရာရှိ ၂၀ ခန့်ရှိသော အဖွဲ့ကြီးသည် ဟိုတယ်အတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်လာကြပြီး ဦးဆောင်လာသူမှာ အရပ် ၁.၉ မီတာခန့်ရှိသော ထွားကျိုင်းသည့် အမျိုးသားကြီးဖြစ်သည်။

သူ့မျက်နှာမှာ လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေ၏။

“ရှကျဲ... ရှကျဲ ဘယ်မှာလဲ”

လင်းကုဝေသည် အခန်းထဲသို့ ဝင်လာကာ ဟိုကြည့်ဒီကြည့် ရှာဖွေရာ ချင်ရန်၏ ကျောနောက်တွင် ပုန်းနေသော ရှကျဲကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင် လူးလိမ့်နေသော ဝက်ဝံကြီး ၈ ကောင်ကိုလည်း မြင်လိုက်ရ၏။

“ဦးလေး”

ရှကျဲသည် လင်းကုဝေကို မြင်သည်နှင့် အနားသို့ ပြေးသွားကာ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်။

လင်းကုဝေသည် နားထောင်ရင်း မျက်ခွံများ တဆတ်ဆတ် တုန်လာကာ ပါးရိုက်ခံထားရသဖြင့် မျက်နှာရောင်ကိုင်းနေသော ဝမ်တဝူကို ကြည့်လိုက်၏။

*ဝူး*

လင်းကုဝေသည် ဝမ်တဝူ၏ လည်ပင်းက ကော်လံစကို ဆွဲမလိုက်ပြီး အေးစက်စက် အသံဖြင့် မေးလိုက်သည်။

“ငါ့တူမကို နှောင့်ယှက်တာ မင်းလား ဟမ်”

ဝမ်တဝူမှာ မျက်လုံးပြူးသွားတော့သည်။

ထိုအလှလေး၏ ဦးလေးမှာ ဤမျှအထိ အရှိန်အဝါရှိသော ရဲအရာရှိကြီး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

နောက်တွင် ပါလာသော ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ကို ကြည့်ရုံနှင့်ပင် ရာထူးမသေးကြောင်း သိသာလှသည်။

ဝမ်တဝူက သွားများကို တင်းတင်းစေ့ပိတ်ရင်း ပြန်၍ ခြိမ်းခြောက်လိုက်၏။

“မင်း ရွှီထျန်းမင် ကို သိလား၊ သူက ငါ့သူငယ်ချင်းပဲ၊ ငါ့မျက်နှာကို ထောက်ပြီး ဒါကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်”

ဝမ်တဝူသည် ကြောက်လန့်တကြားဖြင့် ခြိမ်းခြောက်သလိုလို တောင်းပန်သလိုလို ပြောလိုက်သည်။

“ရွှီထျန်းမင် ဟုတ်လား”

လင်းကုဝေက မျက်ခုံးပင့်လိုက်သည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့က တပ်ခွဲမှူးတစ်ယောက်၏ နာမည်ဆိုသည်ကို သူ မှတ်မိလိုက်၏။

“အော်... နောက်ခံ ရှိတယ်ပေါ့လေ”

လင်းကုဝေက လှောင်ပြုံး ပြုံးလိုက်သည်။

ထို့နောက် ဝမ်တဝူ၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။

*ဘုန်း*

ဘေးမှ ကြည့်နေသူများလည်း မှင်တက်သွားကြ၏။

ရဲအရာရှိကြီးကိုယ်တိုင် လူပုံအလယ်တွင် လက်ပါသည်အထိ ဒေါသထွက်နေသည်မှာ သာမန်ကိစ္စ မဟုတ်တော့ချေ။

ထို့နောက် လင်းကုဝေသည် သူ့ဖုန်းကို ထုတ်ကာ ဝမ်တဝူပြောသော ရွှီထျန်းမင်ထံသို့ ဖုန်းခေါ်လိုက်သည်။

“လူအိုကြီးလင်း... ဘာကိစ္စလဲ”

လင်းကုဝေက တည်ငြိမ်စွာ ပြောလိုက်၏။

“အဖိုးကြီးရွှီ... မင်းက အသက်ကြီးလာလေလေ ဝေခွဲရခက်လာလေလေပဲ ထင်တယ်”

“ဘာကို ဆိုလိုတာလဲ”

ရွှီထျန်းမင်မှာ ကြောင်သွားသည်။

လင်းကုဝေက ဝမ်တဝူကို ကြည့်ကာ မေးလိုက်၏။

“မင်း နာမည် ဘယ်သူလဲ”

“ဝမ်... ဝမ်တဝူ ပါ”

ဝမ်တဝူမှာ တုန်တုန်ရင်ရင်ဖြင့် ဖြေလိုက်၏။

ရှေ့မှ လူသည် သူ၏ အားကိုးရာကို ဖုန်းဆက်နေသည်မှာ အထက်လူကြီးချင်း ဖြစ်မည်ကို သူ ရိပ်မိလိုက်ပြီ ဖြစ်သည်။

“ဝမ်တဝူ ဆိုတဲ့လူကို သိလား”

လင်းကုဝေက မေးလိုက်သည်။

ရွှီထျန်းမင်က ခဏ ငြိမ်သွား၏။

“သိတယ်၊ ငါတို့ အတူတူ ထမင်းစားဖူးတယ်၊ ဘာဖြစ်လို့လဲ”

“သူက ဟိုတယ်မှာ မိန်းကလေးတစ်ယောက်ကို အတင်းအကျပ် နှောင့်ယှက်နေလို့”

“အခြေအနေက ဘယ်လောက် ဆိုးလဲ၊ အဲဒီကလေးမလေး တစ်ခုခုဖြစ်သွားလား”

ရွှီထျန်းမင်က စိုးရိမ်တကြီး မေးသည်။

လင်းကုဝေက မျက်မှောင်ကြုတ်ကာ ပြန်ဖြေ၏။

“မဖြစ်ဘူး”

“ဒါဆိုရင်တော့ လူအိုကြီးရာ ငါ့မျက်နှာကို ထောက်ပြီး ဝမ်တဝူကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါလား”

ဝမ်တဝူသည် ထိုစကားကို ကြားသောအခါ ဝမ်းသာသွားသည်။

‘ရွှီထျန်းမင်ကို ကျွေးခဲ့ရတာ တကယ်တန်တာပဲ’

ထိုသို့ တွေးနေစဥ်မှာပင် လင်းကုဝေက အေးစက်စက် ပြောလိုက်၏။

“အဖိုးကြီးရွှီ... အဲဒီမိန်းကလေးက ဘယ်သူ့ရဲ့ ရည်းစားလဲ မင်းသိလား”

“ဘယ်သူ့လဲ”

“သူက ချင်ရန် ရဲ့ ရည်းစားပဲ”

“ဘာ”

ရွှီထျန်းမင်မှာ လန့်ဖျပ်သွား၏။

ချင်ရန်ဆိုသည်မှာ ယခုအခါ ရဲဌာနချုပ်တွင် အရှိန်အဝါ အကြီးဆုံး တက်သစ်စ ရဲအရာရှိလေး ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့် ကိုယ်တိုင်က အကြိမ်ကြိမ် ချီးကျူးထားသူ ဖြစ်ပြီး အနာဂတ်တွင် ထိပ်တန်းအဆင့်သို့ ရောက်မည့်သူ ဖြစ်၏။

“ချင်ရန်ကို သွားရန်စမိတာလား၊ ဒါ ငါနဲ့ လုံးဝ မဆိုင်ဘူးနော်”

ရွှီထျန်းမင်က ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

လင်းကုဝေက ဆက်ပြောလာ၏။

“ပြီးတော့... အဲဒီကလေးမက ငါ့တူမလည်း ဖြစ်နေ‌သေးတယ်”

ရွှီထျန်းမင်မှာ စကားပင် ဆက်မပြောနိုင်တော့ချေ။

ဝမ်တဝူဆိုသည့် ကောင်သည် တကယ့်ကို ဦးနှောက်မရှိသည့် ငတုံးပင် ဖြစ်သည်။

သူ ရန်သွားစမိသည့် မိန်းကလေး၏ ဦးလေးက လင်းကုဝေ ဖြစ်ပြီး ရည်းစားမှာ ချင်ရန် ဖြစ်နေသည်။

ဤသည်မှာ ဖိန်လင်မြို့ ရဲလောကရှိ အင်အားအကြီးဆုံး လူနှစ်ဦးကို တစ်ပြိုင်နက် ရန်စလိုက်ခြင်းပင်။

‘တုံးလိုက်တာကွာ’

“လူအိုကြီး... ငါ အစောက ပြောတာတွေ အကုန်ပြန်ရုပ်သိမ်းတယ်၊ ဒီကောင့်ကို ပြင်းပြင်းထန်ထန် အရေးယူလိုက်၊ ငါ မနက်ဖြန် မင်းအိမ်ကို လာပြီး တောင်းပန်ပါ့မယ်”

ရွှီထျန်းမင်သည် ဖုန်းချလိုက်ချိန်တွင် ချွေးစေးများ ထွက်နေတော့သည်။

ဟိုတယ်တွင်မူ ဝမ်တဝူမှာ ရွှီထျန်းမင်က သူ့ကို ချက်ချင်း ကျောခိုင်းသွားသည်ကို ကြားလိုက်ရသဖြင့် မျှော်လင့်ချက်များ ကုန်ဆုံးသွား၏။

ချင်ရန်၏ အမည်ကို ကြားရုံနှင့် ရွှီထျန်းမင် ဤမျှအထိ ကြောက်လန့်သွားသည်မှာ ချင်ရန်သည် သာမန်လူမဟုတ်ကြောင်း သူ သိလိုက်ရပြီ ဖြစ်သည်။

ဝမ်တဝူနှင့် နောက်လိုက် ခုနှစ်ဦးစလုံးကို ဖမ်းဆီးလိုက်ကြသည်။

ရှကျဲကို ထိခိုက်မှု မရှိစေခဲ့သဖြင့် သာမန်အားဖြင့်ဆိုလျှင် ရက်အနည်းငယ်သာ ချုပ်နှောင်ခံရမည် ဖြစ်သော်လည်း လင်းကုဝေကမူ ဝမ်တဝူ၏ အတိတ်မှ ကျောက်မီးသွေးတွင်း လုပ်ငန်းများနှင့် မြေတူးလုပ်ငန်းများကို အကုန် ပြန်လှန်စစ်ဆေးတော့မည် ဖြစ်သည်။

ချင်ရန်ကမူ ဝမ်တဝူ၏ အနာဂတ်မှာ အမှောင်အတိ ကျသွားပြီဖြစ်ကြောင်း ကောင်းကောင်း သိ၏။

အကြောင်းမှာ ဝမ်တဝူသည် လူသတ်မှုများစွာနှင့် ပတ်သက်နေသည့် A အဆင့် ရာဇဝတ်ကောင် တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

All Chapters