← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

175

ချင်ရန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မျက်မှောင်ကြုတ်မိသွားသည်။

ဤမြို့မျက်နှာဖုံး သူဌေးကြီးမှာ အမှန်တကယ်ပင် မိမိအသက်ဘေး အန္တရာယ်အတွက် အထူးပင် ဂရုစိုက်ပုံရ၏။

‘ဒီလောက်ထိ ကြောက်လန့်သွားရအောင် သူ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရလို့လဲ...’

လင်းကုဝေသည် အရှေ့မှ ဦးဆောင်ကာ ချင်ရန်နှင့် အခြားသူများကို အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်လာခဲ့သည်။

လမ်းတစ်လျှောက်တွင်လည်း အလွန်ပင် နိုးနိုးကြားကြားရှိလှသော လုံခြုံရေးဝန်ထမ်း အမြောက်အမြားကို တွေ့မြင်လိုက်ရ၏။

ထို့နောက် လုံခြုံရေးဝန်ထမ်းတစ်ဦးက စတုရန်းမီတာ တစ်ရာကျော် ကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှသော ရုံးခန်းကြီးတစ်ခုအတွင်းသို့ သူတို့အား ခေါ်ဆောင်သွားတော့သည်။

ထိုရုံးခန်းကျယ်ကြီးထဲတွင် အလုပ်စားပွဲကြီးတစ်လုံးမှလွဲ၍ အခြားမည်သည့် ပရိဘောဂမျှ မရှိသလောက်ပင် နည်းပါးလှသည်။

ရုံးခန်းအဝင်ဝကို ကျောပေးထားသော ထိုစားပွဲတွင် လူတစ်ဦး ထိုင်နေ၏။

အခန်းထဲသို့ ဝင်လာသည့် ခြေသံများကြောင့် ထိုသူ လှည့်ကြည့်လိုက်ရာ ဖော်ရွေသော အသွင်အပြင်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

သူ့ဘေးတွင်မူ အလွန်တရာ လှပပြီး မြင့်မြတ်သောအသွင်ရှိသည့် မိန်းကလေးတစ်ဦးက ခန့်ညားထည်ဝါစွာ ရပ်နေ၏။

“မင်္ဂလာပါ အရာရှိလင်း... ကျွန်တော်က ကျန်းယွင်ဖျင်ပါ”

ဖိန်လင်မြို့၏ အချမ်းသာဆုံး သူဌေးကြီး ကျန်းယွင်ဖျင်က စကားကို ခပ်အေးအေး ပြောရင်း ပြုံးကာ လင်းကုဝေတို့ထံသို့ လျှောက်လာသည်။

ဘေးမှ မိန်းကလေးကလည်း ထပ်ချပ်မကွာ လိုက်ပါလာရာ ကြည့်ရသည်မှာ သူတို့နှစ်ဦးမှာ သားအဖများ ဖြစ်ဟန်တူပေသည်။

“မင်္ဂလာပါ မစ္စတာကျန်း... ကျွန်တော်တို့ ဌာနချုပ်က လူကြီးမင်းရဲ့ တိုင်ချက်ကို အလွန်အလေးထားတဲ့အတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာပါ၊ လူကြီးမင်း ဘာတွေကြုံတွေ့ခဲ့ရတယ်ဆိုတာ အသေးစိတ် ပြောပြပေးလို့ ရမလားခင်ဗျာ”

ကျန်းယွင်ဖျင်က လင်းကုဝေတို့ကို ဆိုဖာတွင် ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် သူ၏ လက်တလော ကြုံတွေ့နေရသည့် အခက်အနေများကို ပြန်တွေးမိကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို လေးလံစွာ ချလိုက်သည်။

“ကျွန်တော့်ရဲ့ အသက်ကို ရန်ရှာထားတဲ့ ခြိမ်းခြောက်စာ လက်ခံရရှိထားလို့ပါ”

သူဌေးကြီးက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အင်...”

လင်းကုဝေ မျက်ခုံးပင့်သွားရသည်။

ဘီလျံနာတစ်ဦး အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းမှာ သေချာပေါက် အလေးထား စုံစမ်းရမည့် ကိစ္စဖြစ်သည်။

အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ကျန်းယွင်ဖျင်သည် ဖိန်လင်မြို့အတွက် ကျောင်းများ၊ ဘိုးဘွားရိပ်သာများ လှူဒါန်းခဲ့ပြီး လူပေါင်း တစ်သိန်းကျော်ကို အလုပ်အကိုင် ဖန်တီးပေးထားသည့် အကျိုးပြုသူဌေးတစ်ဦး ဖြစ်၏။

ထိုသို့သောသူမျိုး ဘေးအန္တရာယ် ကြုံနေရခြင်းမှာ ရဲတပ်ဖွဲ့အတွက် အထူးသတိထား ဆောင်ရွက်ရမည့် ကိစ္စပင် ဖြစ်ပေသည်။

“အသေးစိတ်လေး ရှင်းပြပေးပါဦး ခင်ဗျာ”

ကျန်းယွင်ဖင်၏ မျက်လုံးများ တစ်ဖန် မှေးကျဉ်းသွားရပြန်သည်။

“ကျွန်တော် နိုင်ငံခြားမှာ သွားပြီး ရင်းနှီးမြှုပ်နှံခဲ့တာက အဲဒီဒေသက လုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ အကျိုးစီးပွားကို ထိခိုက်သွားစေတယ်ထင်တယ်၊ အဲဒီတုန်းက သူက ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့သေးတယ်၊ သူတို့ရဲ့ ဈေးကွက်ထဲကနေ အမြန်ဆုံး ထွက်သွားရမယ်တဲ့... လုံးဝထွက်မသွားရင် ကျွန်တော့်အသက်ကို အာမမခံဘူးလို့ ခြိမ်းခြောက်စာ ပို့ထားတာ”

“အမှန်အတိုင်း ပြောရရင် ကျွန်တော် ကျန်းယွင်ဖျင်ဟာ ဘာမှမရှိတဲ့ လူမွဲဘဝကနေ ကုဋေထောင်ချီ ချမ်းသာတဲ့သူ ဖြစ်လာဖို့ နှစ်ပေါင်း ၂၀ ကြာအောင် ကြိုးစားခဲ့ရတာပါ၊ အဲဒီလို လူယုတ်မာတွေရဲ့ ခြိမ်းခြောက်မှုကို ကျွန်တော် မကြောက်ဘူး”

“ဒါကြောင့်လည်း ကျွန်တော် ပြည်ပဈေးကွက်ကနေ မထွက်ဘဲ ဆက်လုပ်ခဲ့တယ်လေ၊ သုံးလလောက် ကြာတော့ အဲဒီလုပ်ငန်းရှင်ကြီးရဲ့ ဈေးကွက်ရှယ်ယာတွေ အကုန်လုံးနီးပါးကို ကျွန်တော် သိမ်းပိုက်နိုင်ခဲ့တယ်၊ အဲဒီနောက်မှာပဲ... သူတို့ဆီက သေမိန့်ခြိမ်းခြောက်စာ တကယ်ရောက်လာတော့တာပဲဗျာ”

“သုံးရက်အတွင်းမှာ အကြီးတန်း ဝန်ထမ်းအားလုံးကို သူ့လူတွေနဲ့ အစားထိုးဖို့နဲ့ ကုမ္ပဏီရှယ်ယာ တစ်ဝက်ကို သူ့ကို အခမဲ့ပေးဖို့ သူက စာထဲမှာ အကျပ်ကိုင် တောင်းဆိုထားတယ်”

ကျန်းယွင်ဖျင်၏ မျက်နှာမှာ အတော်လေး ကြိတ်မနိုင်ခဲမရ ဖြစ်နေပြီး အမူအရာမှာလည်း ပျက်ယွင်းနေသည်။

သူသည် ဆင်းရဲသည့်ဘဝမှ ကြိုးစားရုန်းကန် တက်လှမ်းလာသူ ဖြစ်သဖြင့် မည်သူ့ကိုမျှ အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ချေ။

လင်းကုဝေက အံ့ဩတကြီး မေးလိုက်၏။

“အဲဒီကုမ္ပဏီထဲက တာဝန်ရှိသူတွေက ဘာမှ မလုပ်ပေးကြဘူးလား”

“သူတို့က ကျွန်တော့်ကုမ္ပဏီကို ဘာမှမလုပ်နိုင်ပါဘူး၊ ကျွန်တော့်ရဲ့ လုံခြုံရေးကိုပဲ အဓိကထားပြီး ခြိမ်းခြောက်နေတာ၊ ပြီးတော့ အခု ကျွန်တော်က ကျွန်တော့်နိုင်ငံထဲမှာ ရှိနေတာလေ”

ကျန်းယွင်ဖျင်၏ ဆိုလိုရင်းကို လင်းကုဝေ ချက်ချင်း သဘောပေါက်သွားသည်။

၎င်းမှာ နယ်မြေကျော် ခြိမ်းခြောက်မှုတစ်ခု ဖြစ်၏။

တရုတ်ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် ဤကိစ္စကို သေချာပေါက် တာဝန်ယူဖြေရှင်းပေးရမည် ဖြစ်သည်။

“အဲဒီလုပ်ငန်းရှင်က ကမ္ဘာ့အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူ သုံးယောက်ကို ငှားပြီး ကျွန်တော်တို့ တရုတ်နိုင်ငံထဲကို တိတ်တဆိတ် စေလွှတ်လိုက်ပြီလို့ ကျွန်တော် သတင်းအတိအကျ ရထားတယ်”

ကျန်းယွင်ဖျင်က အလွန်အရေးကြီးသော သတင်းစကားကို လင်းကုဝေအား ပြောပြလိုက်၏။

“ဘာ..”

လင်းကုဝေသည် အံ့ဩလွန်းသဖြင့် မတ်တပ်ပင် ထရပ်လိုက်မိသည်။

“တရုတ်နိုင်ငံထဲကို လုပ်ကြံသတ်ဖြတ်သူတွေ လွှတ်တယ် ဟုတ်လား၊ တော်တော် သတ္တိကောင်းနေပါ့လား၊ အဲဒီကောင်တွေက တကယ်ပဲ ပြဿနာရှာချင်နေတာပဲ”

သူတို့နေထိုင်ရာ တရုတ်နိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ ပရမ်းပတာ ဖြစ်နေသော ဒေသမဟုတ်ဘဲ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အထူးလုံခြုံမှုပေးသည့် နိုင်ငံဖြစ်သည်။

မိမိတို့မြေပေါ်တွင် လုပ်ကြံသတ်ဖြတ်သူများ ခြေရှုပ်ခွင့်ကို လုံးဝခွင့်ပြုမည် မဟုတ်ချေ။

“မစ္စတာကျန်း... ကျွန်တော် နားလည်ပါပြီ၊ ခင်ဗျားရဲ့ လုံခြုံရေးက ကျွန်တော်တို့ ဖိန်လင်မြို့ရဲ့ တာဝန်ပါ၊ ခင်ဗျားက ကျွန်တော်တို့ မြို့အတွက် အကျိုးပြုထားသူ ဖြစ်သလို ကျွန်တော်တို့ရဲ့ ပြည်သူလည်း ဖြစ်တယ်၊ ခင်ဗျားသာ တစ်ခုခုဖြစ်သွားရင် ဒါဟာ ကျွန်တော်တို့ ရဲတပ်ဖွဲ့အတွက် တကယ်ကို အရှက်ရစရာပါပဲ”

လင်းကုဝေက လေးနက်စွာ ကတိပေးလိုက်သည့်အခါ ကျန်းယွင်ဖျင်၏ မျက်နှာမှာ မျှော်လင့်ချက်များဖြင့် ဝင်းလက်သွားသည်။

“ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် အရာရှိလင်း၊ ခင်ဗျားရဲ့ စကားကြောင့် ကျွန်တော် စိတ်အေးသွားပါပြီ”

“မစ္စတာကျန်း... ခင်ဗျားရဲ့ လုံခြုံရေးအဆင့်က အတော်လေး မြင့်နေပြီဆိုတော့ ယင်ကောင်တစ်ကောင်တောင် ဘေးက ဖြတ်ပျံနိုင်မှာ မဟုတ်ပါဘူး၊ အဲဒီလုပ်ကြံရေးသမားတွေအတွက်လည်း ထိုးဖောက်ဖို့ ခက်ခဲမှာပါ၊ အပြင်သွားတဲ့အချိန်တွေကိုပဲ ကျွန်တော် စိုးရိမ်တယ်၊ စိတ်မပူပါနဲ့... ခင်ဗျားကုမ္ပဏီ ပတ်ဝန်းကျင်မှာ ရဲအရာရှိ အယောက် ၁၀၀ ကျော်ကို အချိန်တိုင်း ကင်းလှည့်ခိုင်းထားပါ့မယ်၊ သံသယဖြစ်ဖွယ်လူတွေ့ရင် ချက်ချင်း ဖမ်းဆီးလိုက်ပါ့မယ်”

ထိုအခါ ကျန်းယွင်ဖျင်က ဖျော့တော့စွာ ပြုံးလိုက်၏။

“အရာရှိကြီးလင်း... ခင်ဗျား ကျွန်တော့်အခြေအနေကို သိပ်မသိသေးဘူး ထင်တယ်”

“ဗျာ...”

လင်းကုဝေ ကြောင်အသွားသည်။

“ငှားထားတဲ့ လူသတ်သမား သုံးယောက်က သာမန်လူတွေ မဟုတ်ဘူး၊ ကမ္ဘာ့ထိပ်တန်း လူသတ်သမားတွေပါ၊ သူတို့မှာ ထူးခြားတဲ့ စွမ်းရည်တွေရှိပြီး အလွယ်တကူ ဖမ်းလို့ရမှာ မဟုတ်ဘူး၊ ကျွန်တော် စိုးရိမ်တာက အပြင်မှာ မဟုတ်ဘူး၊ သူတို့က ကျွန်တော့်အနားအထိ ကပ်လာပြီး လုပ်ကြံမှာကိုပဲ၊ အပြင်မှာ ပိုက်စိပ်တိုက်စစ်ပြီး လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ဖြန့်ထားပေမဲ့ သူတို့က အဲဒါတွေကို ဖောက်ထွက်ပြီး အတွင်းအထိ ဝင်လာမှာကို ကြောက်နေတာ”

ကျန်းယွင်ဖျင်၏ စကားမှာ လင်းကုဝေကို အနည်းငယ် မကျေမနပ် ဖြစ်သွားစေ၏။

“မစ္စတာကျန်း... ကျွန်တော်တို့ ဖိန်လင်မြို့က ရဲတွေရဲ့ စွမ်းရည်ကို ခင်ဗျား သံသယဝင်နေတာတော့ မဟုတ်ပါဘူးနော်”

လင်းကုဝေ၏ တဲ့တိုးမေးခွန်းကြောင့် ကျန်းယွင်ဖျင်မှာ အရှက်ပြေ ချောင်းဟန့်လိုက်သည်။

“မဟုတ်ပါဘူးဗျာ၊ အထင်မလွဲပါနဲ့၊ တကယ်တော့ ကျွန်တော် ရဲတပ်ဖွဲ့ကို အကူအညီတောင်းရတဲ့ အကြောင်းရင်းက... ဌာနချုပ်မှာ တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားတဲ့ အရာရှိများ ရှိမလားဆိုတာ သိချင်လို့ပါ၊ တကယ်လို့ ရှိရင် ကျွန်တော့်အနားမှာ အချိန်ပြည့်ထားဖို့ အကူအညီတောင်းချင်လို့ပါ”

လင်းကုဝေ မျက်မှောင်ကြုတ်သွားပြီး မိမိဘေးတွင် ထိုင်နေသော ချင်ရန်ကို ချက်ချင်း လှည့်ကြည့်လိုက်မိ၏။

တိုက်ခိုက်ရေးစွမ်းရည် မြင့်မားသူ ဆိုလျှင် ချင်ရန်ထက် သာသည့်သူ ဌာနချုပ်၌ မရှိချေ။

ကျန်းယွင်ဖျင်ကလည်း ချင်ရန်ကို ကြည့်ကာ မျက်လုံးများ ဝင်းလက်သွားသည်။

“ဒီလူငယ်လေးက... တိုက်ခိုက်ရေးမှာ အရမ်းတော်တာလား”

“အဆင်ပြေပါတယ်”

ချင်ရန်က ခပ်အေးအေးပင် ဆိုလိုက်၏။

လုပ်ကြံသတ်ဖြတ်သူများအကြောင်းက သူ့စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်သည်။

ကျန်းယွင်ဖျင်သည် လောကအတွေ့အကြုံများသူ ဖြစ်သဖြင့် ထိုလုပ်ကြံသူများသည် အမှန်တကယ်ပင် လက်ရည်ရှိသူများ ဖြစ်တန်ရာ၏။

“အဆင်ပြေရုံတင် မဟုတ်ဘူးဗျ၊ ပိုပြောတယ်လို့ မထင်ပါနဲ့... ကျွန်တော့်ဘေးက လူငယ်က ဖိန်လင်မြို့မှာ နံပါတ်တစ် တိုက်ခိုက်ရေးသမားပဲ၊ လက်ရည်ချင်းဆိုရင် သူ့ကို ယှဉ်နိုင်သူ မရှိသေးဘူး”

လင်းကုဝေက ဂုဏ်ယူစွာ ပြောလိုက်၏။

ချင်ရန်မှာမူ လင်းကုဝေ၏ ချီးမွမ်းခန်းကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။

ကျန်းယွင်ဖျင်က ပြုံးလိုက်၏။

“အဲဒါဆိုရင်... ဒီအရာရှိလေးက ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေနဲ့ တစ်ချက်လောက် အကဲစမ်းကြည့်ပေးလို့ ရမလားခင်ဗျာ”

“ရပါတယ်”

ချင်ရန်က တုံ့ဆိုင်းမှုမရှိ ခေါင်းညိတ်လိုက်၏။

ကျန်းယွင်ဖျင်သည် ဂရုတစိုက်ရှိသူ ဖြစ်သဖြင့် ချင်ရန်၏ စွမ်းအားကို စမ်းသပ်ချင်နေခြင်းပင် ဖြစ်သည်။

*ဖြောင်း ဖြောင်း*

ကျန်းယွင်ဖျင် လက်ခုပ်နှစ်ချက် တီးလိုက်ရာ ပိန်ပိန်ပါးပါး အမျိုးသားနှစ်ဦး သူတို့အနီးသို့ လျှောက်လာသည်။

သူတို့မျက်လုံးများသည် အေးစက်စက်နှင့် ရက်စက်သောအသွင် ရှိနေသဖြင့် သာမန်လူများ မဟုတ်ကြောင်း အလွန်သိသာလှ၏။

“ဒါကတော့ ယိုးဒယားရဲ့ မြေအောက်လောကကနေ ကျွန်တော် ရှာဖွေထားတဲ့ မြေအောက်လက်ဝှေ့သမား နှစ်ယောက်ပါ”

ကျန်းယွင်ဖျင်က ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။

မြေအောက်လက်ဝှေ့သမား ဆိုသည်မှာ အများအားဖြင့် လူသတ်ဖူးသူများသာ ဖြစ်ကြ၏။

All Chapters