အခန်း ၁၇၆
Vol. 18 Ch. 176
176
လင်းကုဝေသည် ပြုံးလိုက်ပြီး လီတဝေနှင့် အခြားသူများကို နောက်သို့ဆုတ်ကာ နေရာဖယ်ပေးရန် အချက်ပြလိုက်၏။
လီတဝေနှင့် ယန်ရှုတို့မှာမူ ထိုသို့သော မြင်ကွင်းများကို ကြုံတွေ့နေကျဖြစ်သဖြင့် မည်သည့်တုန်လှုပ်မှုမျှမရှိဘဲ အေးဆေးတည်ငြိမ်စွာပင် နောက်သို့ ဆုတ်ပေးလိုက်ကြသည်။
သူတို့နှစ်ဦးသည် ချင်ရန်၏ စွမ်းရည်ကို လင်းကုဝေထက်ပင် ပို၍ အကဲခတ်မိထားသူများ ဖြစ်ကြသည်။
ဟုန်ရန်ကိုယ်ခံပညာသင်တန်းကျောင်းရှိ ကမ္ဘာ့ချန်ပီယံ ဆရာလေးဦးကို ချင်ရန် တစ်ယောက်တည်းက အလွယ်တကူ အနိုင်ယူခဲ့သည်ကို သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရ၏။
ယခုကဲ့သို့ နာမည်မရှိသေးသည့် မြေအောက်လက်ဝှေ့သမား နှစ်ဦးဆိုသည်မှာ ချင်ရန်အတွက် ကလေးကစားစရာမျှသာ ဖြစ်ပေလိမ့်မည်။
"အရင် စလိုက်ပါ"
ချင်ရန်က တည်ငြိမ်စွာပင် ဦးစားပေး ပြောလိုက်သည်။
ကျန်းယွင်ဖျင်နှင့် သမီးဖြစ်သူတို့သည် ချင်ရန်ကို စူးစိုက်ကြည့်နေကြပြီး သူ့အရည်အချင်း မည်မျှရှိသည်ကို သိချင်နေကြ၏။
လင်းကုဝေနှင့် ရဲတပ်ဖွဲ့ဝင်များက ဤမျှအထိ အေးဆေးနေကြသည်ကို ကြည့်ပြီး ချင်ရန်အပေါ် ထားရှိသည့် ယုံကြည်မှုကို အတိုင်းသား တွေ့နေရသော်လည်း ကျန်းယွင်ဖျင် စိတ်ထဲတွင်မူ ဆန့်ကျင်ဘက်ကိုသာ တွေးနေမိသည်။
ဤလက်ဝှေ့သမား နှစ်ဦးသည် ထိုင်းမြေအောက်လောက၏ အကောင်းဆုံးများ ဖြစ်ကြပြီး သူတို့လက်သီးတစ်ချက်ချင်းစီက သေစေနိုင်လောက်အောင် ကြောက်စရာကောင်းလှ၏။
မြေအောက်လက်ဝှေ့သမား နှစ်ဦးသည် ချင်ရန် ရှေ့တွင် ခွဲကာ နေရာယူလိုက်ကြသည်။
ချင်ရန်က သူတို့၏ နေရာယူပုံကို ကြည့်ပြီး ခေါင်းအသာညိတ်ပြလိုက်၏။
"ဒါဆို ကျွန်တော် အရင် စလိုက်မယ်နော်"
ချင်ရန်က ပြောလိုက်သည့်အခါ တစ်ဖက်မှ နှစ်ဦးကလည်း အထင်သေးသကဲ့သို့ အေးစက်စက်စွာပင် ခေါင်းညိတ်ပြသည်။
"ကောင်းပြီ... လာလေ၊ မင်းစိတ်ကြိုက် လှုပ်ရှားနိုင်ပါတယ်"
*ဘုန်း*
နောက်တစ်စက္ကန့်တွင် ချင်ရန်သည် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ထိုနှစ်ဦးထံသို့ တိုးဝင်သွားသည်။
*ဒုန်း*
လျှပ်စီးကဲ့သို့ မြန်လှသော ကန်ချက်နှစ်ချက်ကြောင့် လက်ဝှေ့သမားနှစ်ဦးမှာ မျက်နှာပျက်ကာ လန့်ဖျပ်သွားပြီး အနောက်သို့ အလျင်အမြန်ဆုတ်ကာ ချင်ရန်အား ပြန်လည်ရင်ဆိုင် ခုခံကြတော့သည်။
ယခင်က ဤလူငယ်လေးမှာ သာမန်ရဲတစ်ယောက်ဟုသာ ထင်မှတ်ထားခဲ့သော်လည်း ယခု လက်ရည်ချင်း ယှဉ်ကြည့်သောအခါမှ မြေအောက်လက်ဝှေ့စင်မြင့်ပေါ်တွင် သူတို့ ကြုံတွေ့ခဲ့ဖူးသမျှ ပြိုင်ဘက်အားလုံးထက် ပို၍ သန်မာနေကြောင်း သိလိုက်ရ၏။
*ဖြောင်း ဖြောင်း*
လက်သီးချင်း ယှဉ်တိုက်မိသည့် အသံများမှာ ဘေးမှ ရပ်ကြည့်နေသည့် လူများ၏ ရင်ထဲအထိ တုန်ဟိန်းသွားစေသည်။
အရိုးချင်း ရိုက်ခတ်သံများမှာလည်း အခန်းထဲတွင် ပဲ့တင်ထပ်နေပြီး တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်နေ၏။
ကျန်းယွင်ဖျင်၏ သမီးဖြစ်သူမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ပင် စိတ်လှုပ်ရှားနေပုံရသည်။
လက်သီးချက်၊ ခြေကန်ချက် အချက်ပေါင်း ဒါဇင်ဝက်ခန့် ဖလှယ်ပြီးနောက်တွင်မူ ချင်ရန်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ဟာကွက်တစ်ခု ပြလိုက်ကာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်သည်။
ထိုအခါ သူ့ခြေလှမ်းများမှာ ယိုင်နဲ့သွားသယောင် ရှိနေ၏။
"တကယ်ကို အရည်အချင်း ရှိကြတာပဲ"
ချင်ရန်က ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။
ထိုအခါ လက်ဝှေ့သမားနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
စောစောက အသည်းအသန် တိုက်ခိုက်နေတဲ့သူက ဘာလို့ ရုတ်တရက်ကြီး အားနည်းချက် ပြလိုက်ရတာလဲ။
တစ်ခုခုတော့ မှားနေပြီဟု လက်ဝှေ့သမားနှစ်ဦး၏ စိတ်ထဲတွင် တွေးထင်သွားကြသည်။
သူတို့ မသိလိုက်သည်မှာ ချင်ရန်သည် တိုက်ခိုက်နေစဉ်အတွင်း ကျန်းယွင်ဖျင်၏ မျက်နှာအမူအရာကို အမြဲစောင့်ကြည့်နေခြင်းပင်။
သူတို့နှစ်ဦးကို ချင်ရန် အကြာကြီး မနှိမ်နင်းနိုင်သည်ကို မြင်သောအခါ ကျန်းယွင်ဖျင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ကြည့်ရသည်မှာ ဤလက်ဝှေ့သမားနှစ်ဦး ရှုံးသွားပါက သူတို့ အလုပ်ပြုတ်တော့မည့်ပုံပင် ဖြစ်ရမည်။
ချင်ရန်မှာ ပြဿနာမတက်ချင်သဖြင့် အလျော့ပေးလိုက်ခြင်း ဖြစ်၏။
သူသည် မိမိ၏ စွမ်းအားကို ကောင်းကောင်းသိသော်လည်း ကမ္ဘာပေါ်တွင် သူ့ကို ယှဉ်နိုင်သူ မရှိဟု အမြဲတမ်း ကြွားဝါချင်သူ မဟုတ်ပေ။
တစ်ခါတစ်ရံ အားနည်းချက် ပြခြင်းမှာ ပို၍ သဘာဝကျသည်ဟု သူ ယူဆလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချင်ရန်က ကပ်သီးကပ်သတ်လေး ရှုံးနိမ့်သွားသည်ကို မြင်သောအခါ ကျန်းယွင်ဖျင်က ကျေနပ်စွာ ခေါင်းညိတ်ပြုံးလိုက်၏။
"မဆိုးဘူး... မဆိုးဘူး၊ ဖိန်လင်မြို့ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူဆိုတာ တကယ်ကို ထူးချွန်တာပဲ ဟားဟား"
ကျန်းယွင်ဖျင်က သဘောကျစွာ ရယ်မောရင်း ဆက်ပြောသည်။
"သူတို့ကလည်း တကယ် သန်မာပါတယ်လေ တစ်ယောက်ချင်းဆိုရင် အရာရှိလေးကို ယှဉ်ဖို့ ခက်လိမ့်မယ် ဒါပေမဲ့ သူတို့က ညီအစ်ကိုတွေမို့ အမြဲတမ်း အတူတူ တွဲတိုက်ကြတာ၊ အဲဒါကြောင့် ပိုစွမ်းတာပေါ့"
လင်းကုဝေမှာမူ အနည်းငယ် အံ့ဩသွားမိ၏။
ချင်ရန်၏ လက်ရည်မှာ ဤလက်ဝှေ့သမားနှစ်ဦးထက် နိမ့်ကျနေလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ချေ။
ကြည့်ရသည်မှာ ငွေကြေးအမြောက်အမြား ပေး၍ ငှားထားသော လက်ဝှေ့သမားများမှာ တကယ်ပင် အစွမ်းထက်ကြပုံရသည်ဟု သူ မှတ်ချက်ချမိသည်။
ထို့နောက် ကျန်းယွင်ဖျင်က စကားစလာ၏။
"အရာရှိလင်း... ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်၊ ဒီလူငယ်လေးကို ရက်အနည်းငယ်လောက် ငှားလို့ ရမလား"
ဤစကားကြောင့် လင်းကုဝေ မျက်မှောင်ကြုတ်သွားရသည်။
"မစ္စတာကျန်း... ဘာဖြစ်လို့လဲခင်ဗျ"
"အဲဒီ လူသတ်သမား သုံးယောက်လုံးက အနီးကပ် လုပ်ကြံတတ်သူတွေချည်းပဲ၊ ကျွန်တော့်ဘေးမှာ ဒီလို အရည်အချင်းရှိတဲ့ လူမျိုးတွေ ထပ်လိုအပ်တယ်၊ ဒီလူငယ်လေးကို ငှားဖို့ကိစ္စကို ခင်ဗျားရဲ့ အထက်လူကြီးတွေဆီ ကျွန်တော် ကိုယ်တိုင် ပြောလိုက်ပါ့မယ်၊ အခု သူ ကိုယ်တိုင် သဘောတူဖို့ပဲ လိုပါတယ်"
ကျန်းယွင်ဖျင်က ချင်ရန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
လင်းကုဝေကလည်း ချင်ရန်ကို ကြည့်ကာ မေးမြန်းလိုက်၏။
"မင်း ဘယ်လို ထင်လဲ"
ချင်ရန် စကားမပြောမီ ကျန်းယွင်ဖျင်က ကြားဖြတ်၍ ဆွဲဆောင်လိုက်ပြန်သည်။
"လူငယ်လေး... မင်းသာ သဘောတူရင် ငါ ညွှန်ကြားရေးမှူးချုပ်ရုံးကို အလှူငွေ ယွမ်တစ်သန်း လှူပါ့မယ်၊ မင်း မယူချင်ရင်လည်း ပရဟိတကို လှူပေးမယ်"
ရက်ရောလှသော ကမ်းလှမ်းမှုကြောင့် ချင်ရန် ခေါင်းညိတ်လိုက်၏။
ဖိန်လင်မြို့သားများအတွက် အကျိုးရှိမည့် ကိစ္စမျိုးကို သူလည်း မငြင်းလိုပေ။
"ကျွန်တော် သဘောတူပါတယ်"
"ကောင်းပြီ"
ထိုအခါ ကျန်းယွင်ဖျင်၏ မျက်နှာမှာ ဝင်းပသွားတော့သည်။
ယခုဆိုလျှင် သူ့ဘေးတွင် လက်ဝှေ့သမား နှစ်ဦးနှင့် ချင်ရန် အပါအဝင် အနီးကပ် ကာကွယ်ပေးမည့်သူ သုံးဦး ရှိသွားပြီ ဖြစ်၏။
"တကယ် ကျေးဇူးတင်ပါတယ် အရာရှိလင်း၊ ကျွန်တော့် ရည်ရွယ်ချက် အောင်မြင်ပါပြီ"
လင်းကုဝေမှာ မိမိကိုယ်ကို အသုံးမဝင်တော့သလို ခံစားလိုက်ရသော်လည်း တာဝန်အရ မှာကြားစရာရှိသည်ကို မှာကြားခဲ့သည်။
"ချင်ရန်... မင်း ဒီမှာနေပြီး မစ္စတာကျန်း ဘေးကင်းဖို့ သေချာအောင် လုပ်ပေးပါ၊ သူ ဘေးကင်းဖို့က အရေးကြီးဆုံးပဲ"
"နားလည်ပါပြီ"
ချင်ရန် ခေါင်းညိတ်လိုက်သည်။
သူသည်လည်း ထိုလူသတ်သမား သုံးယောက်ကို အမြန်ဆုံး ရင်ဆိုင်ချင်နေမိ၏။
လင်းကုဝေတို့ ထွက်သွားပြီးနောက် ကျန်းယွင်ဖျင်၏ သမီးဖြစ်သူမှာ ချင်ရန်ထံသို့ အပြေးလေး လာခဲ့ပြီး လက်ကမ်းကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ... ကျွန်မနာမည် ကျန်းရှောင်ရှောင် ပါ"
သူမလေးက သွားလေးများ ပေါ်အောင် ပြုံးပြလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် မွှေးပျံ့သော ရနံ့တစ်ခု ချင်ရန်ထံသို့ လွင့်ပျံ့လာ၏။
ချင်ရန်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်သော်လည်း ကျန်းရှောင်ရှောင်ကမူ ချင်ရန်၏ လက်ကို သေချာစွာ ပွတ်သပ် စစ်ဆေးနေတော့သည်။
"ဟေး... ရှင့်လက်မှာ အမာရွတ်တွေ၊ အဖုအထစ်တွေ တစ်ခုမှ မရှိပါလား၊ ထူးဆန်းလိုက်တာ၊ ကိုယ်ခံပညာရှင် တိုင်းမှာ ဒါတွေ ရှိရမှာလေ၊ ရှင်က တိုက်ကွမ်ဒို ကစားတာလား"
သူမလေးက သိချင်စိတ်ဖြင့် မေးလိုက်ရာ ကျန်းယွင်ဖျင် သမီးဖြစ်သူကို လှမ်းဟန့်လိုက်၏။
"ရှောင်ရှောင်၊ ဘာတွေ လျှောက်ပြောနေတာလဲ၊ လက်ကို အခု ချက်ချင်း လွှတ်လိုက်စမ်း"
ရှောင်ရှောင်က နှုတ်ခမ်းဆူကာ လက်ကို မကျေမနပ်ဖြင့် လွှတ်ပေးလိုက်သည်။
ချင်ရန်သည် ကျန်းရှောင်ရှောင်ကို သေချာ ကြည့်လိုက်မိ၏။
သူမသည် အချိုးအစား ပြေပြစ်ကာ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ် ရှိသူဖြစ်သော်လည်း သူမ၏ ဟန်ပန်မှာ ကလေးဆန်ကာ ဖြူစင်လွန်းနေသည်။
"ဆောရီးပါကွာ၊ ဦးလေးသမီးက ငယ်ငယ်ကတည်းက အားကစားနဲ့ တိုက်ကွမ်ဒိုကို ဝါသနာပါတာဆိုတော့ ကိုယ်ခံပညာရှင်တွေ တွေ့ရင် စိတ်ဝင်တစား ရှိတတ်လို့ပါ"
ကျန်းယွင်ဖျင်က အားနာနာဖြင့် ရှင်းပြလိုက်ပြီး မေးလိုက်၏။
"ဒါနဲ့ မင်း နာမည် ဘယ်သူလဲ"
"ချင်ရန် ပါ"
"မစ္စတာချင် အခုကစပြီး ငါ့နောက်ကသာ လိုက်ခဲ့ပါ၊ အဲဒီ လူသတ်သမားတွေက ဘယ်အချိန် ရောက်လာမလဲ မသိဘူး၊ မင်းတို့လို ကျွမ်းကျင်သူတွေ အနားမှာ ရှိမှသာ ငါ စိတ်အေးလက်အေး နေနိုင်မှာ"