← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

177

ကျန်းယွင်ဖျင်ကို ကာကွယ်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသဖြင့် ချင်ရန်မှာ သူ့ဘေးတွင် အမြဲရှိနေပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။

သို့သော် ဤအလုပ်မှာ အလွန်ပင် ပျင်းရိစရာ ကောင်းလှ၏။

ဟိုဟိုဒီဒီ လမ်းလျှောက်သည်မှလွဲ၍ အချိန်အတော်များများကို မတ်တတ်ရပ်ကာ အန္တရာယ်ကို အာရုံခံရင်းသာ ကုန်ဆုံးစေရသည်။

ချင်ရန်အတွက်မူ အတိုင်းအတာတစ်ခုအတွင်း ရာဇဝတ်သားရှိနေပါက သေချာပေါက် သိရှိနိုင်ပေသည်။

ထိုလူသတ်သမားများမှာလည်း ရာဇဝတ်သားများ ဖြစ်ကြသဖြင့် မြင်လိုက်သည်နှင့် တန်းသိနိုင်မည်ဟု သူ ယုံကြည်ထား၏။

တစ်ချိန်တည်းမှာပင် ချင်ရန်နှင့် ကျန်းယွင်ဖျင်တို့ မသိနိုင်သော ကုမ္ပဏီ၏ ထောင့်တစ်နေရာ၌ မှောင်မည်းနေသော လူသွားလမ်းငယ်တစ်ခု၏ တံခါးမှာ ပိတ်ထားလျက်ရှိသည်။

လှေကားထစ်များတွင် လူတစ်ဦးစီ ရပ်နေကြရာ စုစုပေါင်း သုံးဦးဖြစ်သည်။

ထိုသူသုံးဦးမှာ ဆေးလိပ်ကိုယ်စီ သောက်နေကြ၏။

"အဖွဲ့အစည်းက ငါတို့ကို ဒီကိုလွှတ်တာ ကျန်းယွင်ဖျင်ကို သတ်ဖို့လေ၊ ဒီမှာ ဆေးလိပ်သောက်နေဖို့ မဟုတ်ဘူး"

အမျိုးသားတစ်ဦးက ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။

"နင်ကော အခု သောက်နေတာ မဟုတ်ဘူးလား"

ခပ်နောက်နောက်နိုင်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

သူမ၏ လေယူလေသိမ်းမှာ အရှေ့တိုင်းသားတစ်ဦးကဲ့သို့ မဟုတ်ဘဲ ထူးဆန်းလှပေ၏။

"ရီဘက်ကာ... ငါ့ကို လာမနှောင့်ယှက်နဲ့၊ ကျန်းယွင်ဖျင်လို လူမျိုးကို သတ်ရတာက အလွန်လွယ်တဲ့ ကိစ္စပဲ၊ အလောတကြီး လုပ်နေစရာမှ မလိုတာ"

ထိုလူသည် ပြောနေရင်းဖြင့် ပါးစပ်မှ ဆေးလိပ်ငွေ့များကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။

"ဒါဆိုရင် ငါတို့ ဒီမှာ နောက်ထပ် ခဏလောက် ထပ်နေရအောင်လေ"

အစောက အမျိုးသားက ထပ်ပြော၏။

"ဒါပေမဲ့ ဒီကိစ္စကို အကြာကြီး ဆွဲထားလို့ မဖြစ်ဘူး၊ အခုဆို နှစ်ရက်တောင် ရှိပြီ ဒီနေ့တော့ ကျန်းယွင်ဖျင်ရဲ့ ခေါင်းကို ဖြတ်ပြီး ပြန်ကြရအောင်"

ရီဘက်ကာက တိုက်ရိုက်ပင် အကြံပေးလိုက်သည်။

ထိုအချိန်တွင် သူတို့သုံးဦး၏ မျက်နှာများမှာ အလင်းရောင်ထဲ၌ ပေါ်ထွက်လာ၏။

သူတို့သည် ကုမ္ပဏီ၏ ဝန်ထမ်းယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး မျက်နှာများမှာလည်း ကုမ္ပဏီရှိ ဝန်ထမ်းများ၏ ရုပ်သွင်အတိုင်းပင် ဖြစ်သည်။

လည်ပင်းတွင်လည်း အလုပ်သမားကတ်များကို အသီးသီး ဆွဲထားကြသေး၏။

သို့သော်…

"အရမ်းပူတာပဲ၊ ဒီမျက်နှာဖုံးကြီး တပ်ထားရတာ ငါ လုံးဝကို အသားမကျနိုင်ဘူး"

*ရှပ်*

ရီဘက်ကာသည် သူမ၏ မျက်နှာထက်မှ ဖုံးကွယ်ထားသည့် မျက်နှာဖုံးကို ခွာချလိုက်ရာ ဖြူဝင်းလှပသော မျက်နှာလေး ပေါ်ထွက်လာ၏။

တစ်ဆက်တည်းပင် သူမ၏ ဦးထုပ်ကိုပါ ချွတ်လိုက်သောအခါ လှိုင်းကဲ့သို့ ဝေ့ဝိုက်နေသော ရွှေအိုရောင် ဆံနွယ်ရှည်များက လွတ်လပ်စွာ စီးကျလာပြီး သူမ၏ အလှတရားကို ပိုမိုတောက်ပသွားစေတော့သည်။

"ဟင်း... ရီဘက်ကာ... နင့်ဆံပင်တွေက အခုထိ မွှေးနေတုန်းပဲ"

အခြားအမျိုးသားတစ်ဦးက လေထဲမှ ပျံ့လွင့်လာသော အနံ့ကို အငမ်းမရ ရှူရှိုက်ရင်း ပြောလိုက်သည်။

ထိုအခါ ရီဘက်ကာက အေးစက်စက် အကြည့်များဖြင့် တုံ့ပြန်လိုက်၏။

"ပါးစပ်ပိတ်ထားစမ်း"

"ကျန်းယွင်ဖျင်က အခု ရဲခေါ်ထားတယ်၊ ဖိန်လင်မြို့က ရဲတွေလည်း ရောက်နေပြီ၊ ဒါက ကိုင်တွယ်ရ ခက်ခဲမယ်လို့ နင်ထင်လား"

ရီဘက်ကာက ကျန်တစ်ယောက်ကို လှမ်းမေးလိုက်သည်။

"ဟားဟား... ရဲတွေက ငါတို့အတွက်တော့ လမ်းဘေးက အမှိုက်သိမ်းတဲ့ အဒေါ်ကြီးတွေလောက်တောင် အန္တရာယ် မရှိပါဘူး၊ ဘာလဲ... နင်တို့က သူတို့ကို ကြောက်နေတာလား"

ထိုလူမှာ ဂရုမစိုက်စွာဖြင့် ရယ်မောလိုက်သော်လည်း ရီဘက်ကာကမူ ပျင်းရိပျင်းတွဲ လေသံဖြင့် သတိပေးလိုက်၏။

"ဂရုစိုက်တာကတော့ အကောင်းဆုံးပေါ့"

"ကဲပါ... နောက်ထပ် ခဏလောက် ဆေးလိပ်သောက်ပြီးရင် အလုပ်စလုပ်ဖို့ ပြင်ကြရအောင်"

အချိန်အတော်ကြာ နှုတ်ဆိတ်နေသော အမျိုးသားက ရုတ်တရက် စကားပြောလာသည်။

သူတို့သည် ကျန်းယွင်ဖျင်ကို သတ်ရန် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငှားရမ်းခံထားရသော အပြည်ပြည်ဆိုင်ရာ ကြေးစားလူသတ်သမားများ ဖြစ်ကြ၏။

သူတို့သုံးဦးသည် ကုမ္ပဏီအတွင်းသို့ လွန်ခဲ့သော နှစ်ရက်ကတည်းက ရောက်ရှိနေခြင်း ဖြစ်သည်။

သူတို့သည် ဝန်ထမ်းသုံးဦးကို သတ်ဖြတ်ကာ ထိုသူတို့၏ ရုပ်သွင်အတိုင်း မျက်နှာဖုံးများ ပြုလုပ်၍ ပါးနပ်စွာ ရုပ်ဖျက်ထားကြခြင်းဖြစ်၏။

ရုပ်ဖျက်ခြင်းနှင့် အသံတုပြုလုပ်ခြင်းတွင် အထူးကျွမ်းကျင်သော ဤလူသတ်သမားများ ကုမ္ပဏီအတွင်း ရောက်နေသည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ယခုအခါ လုပ်ကြံရန် အချိန်ကျရောက်ပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ကျန်းယွင်ဖျင်၏ ရုံးခန်းအတွင်း၌ ရှိနေသော မြေအောက်လက်ဝှေ့သမား နှစ်ဦးမှာ အိမ်သာသွားရန် ခွင့်တောင်းခဲ့သည်။

ထိုလက်ဝှေ့သမား နှစ်ဦးမှာ အလွန်ပင် စည်းကမ်းကြီးသူများ ဖြစ်ကြပြီး တစ်နေ့လျှင် သုံးကြိမ်သာ၊ ရှစ်နာရီခြား တစ်ခါ အိမ်သာသွားလေ့ရှိ၏။

ကျန်းယွင်ဖျင်ကလည်း ချင်ရန် ရှိနေသဖြင့် ကြီးမားသော ပြဿနာ မရှိနိုင်ဟု ယူဆကာ ထွက်ခွာခွင့် ပြုလိုက်သည်။

ကျန်းယွင်ဖျင်၏ သမီး ကျန်းရှောင်ရှောင်မှာမူ ချင်ရန်ကို အမြဲတမ်း နှောင့်ယှက်နေ၏။

သူမက ချင်ရန်ကို အရောင်တောက်နေသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

"ရှင့်ရဲ့ ကိုယ်ခံပညာက အရမ်းတော်တာပဲ ကျွန်မကို သင်ပေးလို့ ရမလား"

သူမသည် ပြောရင်းဆိုရင်း ချင်ရန်၏ ဘေးတွင် အတင့်ရဲစွာ လာထိုင်ရာ မွှေးပျံ့သော ရနံ့များက ချင်ရန် နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ကျန်းရှောင်ရှောင်သည် ကိုယ်ခံပညာ ထူးချွန်သော အမျိုးသားများကို အလိုလို သဘောကျတတ်သူ ဖြစ်သဖြင့် ချင်ရန်ကို သိသိသာသာ စိတ်ဝင်စားနေခြင်း ဖြစ်၏။

"အဟမ်း... မစ္စကျန်း၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါဦး"

ချင်ရန်က နေမထိထိုင်မသာဖြင့် ချောင်းဟန့်ကာ ပြောလိုက်သည်။

ကျန်းယွင်ဖျင်မှာမူ သမီးဖြစ်သူ၏ အကျင့်ကို သိနေသဖြင့် သက်ပြင်းချရင်းသာ ခေါင်းခါနေမိ၏။

သူသည် သမီးကို ဂုဏ်ရည်တူ သူဌေးသားများနှင့် မိတ်ဆက်ပေးချင်သော်လည်း သူမက စိတ်မဝင်စားခဲ့ချေ။

သို့သော် ကျန်းယွင်ဖျင်၏ စိတ်ထဲတွင်မူ ချင်ရန်ကို အထင်အမြင် သေးနေမိသည်။

'ချင်ရန်က သာမန်ရဲလေး တစ်ယောက်ပဲ ကိုယ်ခံပညာ တော်လည်း နောက်ဆုံးတော့ ငါ့ရဲ့ သက်တော်စောင့် လုပ်ပေးနေရတာပဲ မဟုတ်လား'

"လူချောလေး... ကျွန်မက တကယ်ပဲ ဆွဲဆောင်မှု မရှိလို့လားဟင်၊ ရှင်က ကျွန်မကို သတိတောင် မထားမိဘူးနော်"

ကျန်းရှောင်ရှောင်က မကျေမနပ် ပြောလိုက်သည်။

သူမ ရုပ်ရည်မှာ ဖြူစင်သော်လည်း ခန္ဓာကိုယ်မှာမူ အဆီတစ်စက်မျှ မရှိဘဲ ကြွက်သားများဖြင့် ကျန်းမာသန်စွမ်းလှ၏။

သို့သော် ချင်ရန်ကမူ ထိုအရာကို အထူးတလည် စိတ်ဝင်စားခြင်း မရှိပေ။

*တီ တီ *

ထိုစဉ် ကျန်းယွင်ဖျင်၏ ဖုန်းမှာ မြည်လာခဲ့သည်။

သူ ဖုန်းကိုင်လိုက်ပြီးနောက် ကျန်းယွင်ဖျင်သည် ဖုန်းကို ဒေါသတကြီးဖြင့် စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ သူ့မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွား၏။

*ဒုန်း*

"ဘာဖြစ်လို့လဲ အဖေ"

ကျန်းရှောင်ရှောင် ချက်ချင်း ထရပ်ကာ မေးလိုက်သည်။

ကျန်းယွင်ဖျင်၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ အထင်အရှား မြင်နေရ၏။

"သူတို့... ရောက်နေပြီ၊ ငါ အမေရိကန်ဒေါ်လာ နှစ်သန်းပေးပြီး ထိုင်းကနေ ခေါ်လာတဲ့ မြေအောက်လက်ဝှေ့ချန်ပီယံ နှစ်ယောက်ရဲ့ ခေါင်းတွေကို... ကုမ္ပဏီအိမ်သာထဲမှာ တွေ့လိုက်ရပြီတဲ့"

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းရှောင်ရှောင်ပင် မျက်နှာ ပျက်သွားတော့သည်။

အိမ်သာသွားမည်ဟု ဆိုကာ ထွက်သွားသော လူနှစ်ဦးမှာ မိနစ်ပိုင်းအတွင်း အသတ်ခံလိုက်ရပြီ ဆိုခြင်းမှာ လူသတ်သမားများ ဤနေရာသို့ ရောက်ရှိနေပြီဟု သက်သေပြလိုက်ခြင်းပင်။

"မဟုတ်ဘူး... သူတို့ကို သတ်လိုက်ပြီဆိုတာ လူသတ်သမားက ကုမ္ပဏီထဲမှာ ရှိနေသေးတယ်လို့ ဆိုလိုတာပဲ၊ ရဲတွေကို ချက်ချင်း ဖုန်းဆက်လိုက် ကုမ္ပဏီတစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာခိုင်းရမယ်"

ကျန်းယွင်ဖျင်က ကြောက်လန့်ကာ တုန်ရီနေသော အသံဖြင့် အော်ဟစ်လိုက်သည်။

ဆိုဖာတွင် ထိုင်နေသော ချင်ရန်၏ မျက်နှာထက်၌မူ အဓိပ္ပာယ်ပါသော အမူအရာတစ်ခု ပေါ်ထွက်လာ၏။

ကြည့်ရသည်မှာ လုပ်ကြံရေး လူသတ်သမားများမှာ သူနှင့် မလှမ်းမကမ်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

All Chapters