အခန်း ၁၈၃
Vol. 19 Ch. 183
183
"ငါကို အကြောင်းပြချက်ပေးစမ်း၊ ငါတို့ရဲ့ အဆင့်-A လူသတ်သမားသုံးယောက်က အရည်အချင်းမရှိတဲ့ တရုတ်နိုင်ငံရဲတွေလက်ထဲမှာ ဘယ်လိုဖြစ်ပြီး အဖမ်းခံခဲ့ရတာလဲ"
အဖွဲ့အစည်း၏ တာဝန်ခံက နက်ရှိုင်းပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။
ရီဘက်ကာက အကြိမ်ကြိမ် ရှင်းပြလိုက်၏။
"မဟုတ်ဘူး၊ သူတို့က အရည်အချင်းမရှိတာ မဟုတ်ဘူး၊ အဲဒီထဲက ရဲတစ်ယောက်ရဲ့ ခွန်အားက ကျွန်မတို့ထက် အများကြီး ပိုသာလွန်တယ်၊ နည်းပြနဲ့တောင် အဆင့်တူပဲ၊ ကျန်းယွင်ဖျင်ကို လုပ်ကြံတုန်းက မထင်မှတ်တဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့ပြီး အဲဒီတရုတ်နိုင်ငံ ရဲအရာရှိက ကျွန်မတို့ကို အနိုင်ယူသွားတာ၊ ကျွန်မကိုယ်တိုင်တောင် အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ရတယ်"
"ငါ အဲဒီအကြောင်းပြချက်ကို လက်မခံနိုင်ဘူး"
တာဝန်ခံက တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာ ပြောလိုက်သည်။
ကျန်းယွင်ဖျင်ကို လုပ်ကြံရန်အတွက် အမေရိကန်ဒေါ်လာ သန်းချီ အကုန်အကျခံထားရသော်လည်း အောင်မြင်မှုမရဘဲ ကျရှုံးသွားခဲ့ရခြင်း ဖြစ်၏။
၎င်းတို့အဖွဲ့အစည်း၏ မူဝါဒမှာ လုပ်ကြံမှုမအောင်မြင်ပါက အပ်နှံငွေအနည်းငယ်မှလွဲ၍ ကျန်ရှိသော လုပ်ကြံရေး အဖိုးအခအားလုံးကို ချက်ချင်း ပြန်အမ်းရမည် ဖြစ်သည်။
ယင်းသို့ ပြန်အမ်းရပါက ၎င်းသည် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး မြေအောက်အမှောင်လောကတွင် ဆက်လက်ရပ်တည်၍ လုပ်ငန်းလည်ပတ်ရန်ပင် ခက်ခဲသွားစေနိုင်ပေသည်။
ရီဘက်ကာက လေးနက်စွာ ပြောလိုက်၏။
"ဒေးဗစ်နဲ့ ဆက်သ်ကို ဖမ်းခဲ့တဲ့ တရုတ်နိုင်ငံ ရဲအရာရှိက အဆင့်-S လူသတ်သမားတစ်ယောက်ရဲ့ ခွန်အားမျိုး ရှိနေတာ၊ ဒါမှမဟုတ် အဲဒီထက်တောင် ပိုမြင့်နိုင်တယ်၊ သူ ကျန်းယွင်ဖျင်ဘေးမှာ ရှိနေသရွေ့တော့ ဒီလုပ်ကြံမှုက ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး"
အမှန်တကယ်တွင် အဆင့်-S လူသတ်သမားဟူသည်မှာ လူသတ်သမားလောကတွင် အနှိုင်းမဲ့အဆင့်အတန်း ဖြစ်ကြသည်။
သူတို့ လှုပ်ရှားပြီဆိုပါက ရန်သူ့လုံခြုံရေး မည်မျှပင် တင်းကျပ်ပါစေ နောက်ဆုံးတွင် သေဆုံးရစမြဲ ဖြစ်၏။
ရီဘက်ကာက ချင်ရန်၏ ထိတ်လန့်ဖွယ်ရာ ခွန်အားကြောင့်ပင် သူ့ကို ဤမျှအထိ မြင့်မားစွာ အကဲဖြတ်လိုက်ခြင်း ဖြစ်သည်။
ရီဘက်ကာ၏ အလေးအနက် တင်ပြမှုကို ကြားပြီးနောက် တာဝန်ခံဖြစ်သူမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးတွင် ပြောလိုက်၏။
"ပြန်လာခဲ့တော့၊ အဖွဲ့အစည်းအနေနဲ့ အဆင့်-A အဖွဲ့ဝင်နှစ်ယောက် ဆုံးရှုံးပြီးပြီ ဖြစ်လို့ တတိယမြောက် တစ်ယောက်ကိုတော့ ထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး"
ချင်ရန် ဖမ်းဆီးခဲ့သော အဆင့်-A လူသတ်သမားနှစ်ဦးမှာ အလွန်တန်ဖိုးရှိလှသည်။
သူတို့ကို ငယ်စဉ်ကတည်းက ပညာရပ်ပေါင်းစုံ သင်ကြားပေးပြီး ပြင်းထန်သော တိုက်ခိုက်ရေးသင်တန်းများ ပေးခဲ့ရသဖြင့် အဆင့်-A လူသတ်သမားတစ်ဦးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသန်းကျော် အကုန်အကျခံထားရခြင်း ဖြစ်၏။
ယခုမူ သူတို့ထဲမှ နှစ်ဦးမှာ မဟာနိုင်ငံတွင် အဖမ်းခံလိုက်ရသဖြင့် အမေရိကန်ဒေါ်လာ သန်းဆယ်ချီ ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။
ရီဘက်ကာ၏ ခွန်အားမှာမူ ဖမ်းမိသူနှစ်ဦးထက် ပိုမိုသန်မာပြီး နောင်တွင် အဆင့်-S ဖြစ်လာနိုင်ချေရှိသဖြင့် သူမအား တစ်စုံတစ်ခု ထပ်မံဆုံးရှုံးရန် အဖွဲ့အစည်းက မလိုလားတော့ချေ။
ရီဘက်ကာက လေးနက်စွာ ပြောလိုက်သည်။
"ကျွန်မ လေယာဉ်ပေါ် ရောက်နေပြီ ဖြစ်လို့ မကြာခင် ပြန်လာခဲ့ပါ့မယ်၊ ကျန်းယွင်ဖျင်ကို လုပ်ကြံမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ အဖွဲ့အစည်းကို ကျွန်မ အကြံပြုချင်တယ်"
နောက်ပိုင်းရက်များတွင် ချင်ရန်သည် ကျန်းယွင်ဖျင်၏ အနားတွင်ပင် နေ၍ သူ့လုံခြုံရေးကို အနီးကပ် စောင့်ရှောက်ပေးခဲ့သည်။
သို့သော် စိတ်အနှောင့်အယှက်ဖြစ်စရာ အချက်တစ်ခုမှာ ကျန်းရှောင်ရှောင်၏ ချင်ရန်အပေါ် နှောင့်ယှက်မှုများမှာ ပိုမိုဆိုးရွားလာခြင်းပင်။
ချင်ရန်၏ ခန့်ညားသော ပုံရိပ်မှာ သူမ စိတ်ထဲတွင် ဖျောက်ဖျက်၍မရအောင် စွဲထင်နေပုံရသည်။
ချင်ရန်သည် စိတ်ဖတ်နိုင်စွမ်းကြောင့် ကျန်းရှောင်ရှောင်၏ အလွန်ရဲတင်းလှ၍ အထိန်းအကွပ်မဲ့သော အတွေးများကိုပါ သိနေရသဖြင့် အနည်းငယ်ပင် စိတ်အနှောင့်အယှက် ဖြစ်မိ၏။
အိမ်တွင် ရှိနေသော ဇနီးချောလေး ရှကျဲကို တွေးမိသဖြင့် ချင်ရန်မှာ အပြင်တွင် ပတ်သက်ရန် လုံးဝ စိတ်ကူးမရှိပေ။
စိတ်ဖတ်နိုင်စွမ်းကြောင့်ပင် နောက်ထပ်သိလာရသည့် အချက်မှာ ကျန်းယွင်ဖျင်သည် နိုင်ငံတကာ သတ်မိန့် ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။
သူ့အား လုပ်ကြံရန် ကြိုးစားခဲ့သော လုပ်ငန်းရှင်ကြီးကို ပြန်လည်လုပ်ကြံရန်အတွက် ငွေအမြောက်အမြား အကုန်အကျခံလိုက်ကြောင်း ချင်ရန် သိလိုက်ရ၏။
ထိုလုပ်ရပ်က အဆုံးသတ်တွင် အောင်မြင်မည်လား၊ ကျရှုံးမည်လား ဆိုသည်မှာတော့ စောင့်ကြည့်ရပေလိမ့်မည်။
ထို့ပြင် ကျန်းယွင်ဖျင်သည် သူ့ကိုသတ်ရန်လာသော အဆင့်-A လူသတ်သမားသုံးဦးအကြောင်းကို စုံစမ်းသိရှိသွားခဲ့ပြီး သူတို့၏ အဖွဲ့အစည်းအမည်ကိုပါ သိရှိသွားခဲ့သည်။
ကျန်းယွင်ဖျင်မှာ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်ဟု ဆိုရပေမည်။
အဘယ်ကြောင့်ဆိုသော် ထူးခြားသော စွမ်းရည်အသီးသီး ရှိကြသည့် အဆင့်-A လူသတ်သမားသုံးဦးက သူ့ကို လုပ်ကြံရန် ရောက်လာခဲ့ခြင်းကြောင့် ဖြစ်၏။
၎င်းမှာ ကျန်းယွင်ဖျင်အား ချင်ရန်ကို ပိုမို လေးလေးနက်နက် ကြည့်မိစေသည်။
ဤသူသည် လက်နက်မပါဘဲ အဆင့်-A လူသတ်သမားနှစ်ဦးကို ချက်ချင်း အနိုင်ယူလိုက်ခြင်း ဖြစ်သည်။
တကယ်လို့ သူတို့အားလုံး ဓားတွေ ကိုင်ထားကြရင် အဆင့်-A လူသတ်သမားသုံးယောက်က သူ့ရှေ့မှာ ဘာဖြစ်သွားမလဲ။
၎င်းမှာ နတ်ဘုရားတစ်ပါးကဲ့သို့သော လူ၊ စူပါနတ်ဘုရားကဲ့သို့သော လူတစ်ယောက်ပင် ဖြစ်ရာ လင်းကုဝေက သူ့ကို ဖိန်လင်မြို့၏ ထိပ်တန်းပညာရှင်ဟု ခေါ်ဆိုခဲ့ခြင်းမှာ မဆန်းတော့ချေ။
ဤသို့ဖြင့် တစ်လခန့်သော အချိန်မှာ ငြိမ်းချမ်းစွာဖြင့် ကုန်ဆုံးသွားခဲ့ပြီး ထိုတစ်လအတွင်း လူသတ်သမားများ ထပ်မံ၍ ရောက်မလာတော့ချေ။
ကျန်းယွင်ဖျင်သည် သူ့အဆက်အသွယ်များမှတစ်ဆင့် ထိုလုပ်ငန်းရှင်ကြီးမှာ သူစေလွှတ်လိုက်သော လုပ်ကြံမှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန်ပင် စိတ်ကျေနပ်သွားတော့သည်။
ထိုနေ့တွင် လင်းကုဝေသည် ကျန်းယွင်ဖျင်၏ ရုံးခန်းသို့ တစ်ခေါက် ရောက်လာပြန်၏။
ကျန်းယွင်ဖျင်က လေးနက်စွာ ပြောလိုက်သည်။
"အရာရှိလင်း၊ မစ္စတာချင် ပြီးခဲ့တဲ့ ရက်တွေအတွင်း ကျွန်တော့်ကို သေသေချာချာ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်၊ ကျွန်တော် ခင်ဗျားတို့ကို အထူးပဲ လေးစားပါတယ်၊ ခင်ဗျားတို့သာ မရှိရင် ကျွန်တော် အခုလောက်ဆို သေနေလောက်ပါပြီ"
"အားနာစရာ မလိုပါဘူး"
လင်းကုဝေက ပြောလိုက်၏။
"ကျွန်တော့်မှာ အတင့်ရဲတဲ့ တောင်းဆိုစရာလေး တစ်ခုရှိတယ် ဒါပေမဲ့"
ကျန်းယွင်ဖျင်က ဝေခွဲမရဖြစ်ကာ တုံ့ဆိုင်းနေသည်။
လင်းကုဝေ လန့်သွားပြီး မေးလိုက်၏။
"ဘာကိစ္စများ ရှိလို့လဲ"
ကျန်းယွင်ဖျင်က ချင်ရန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"မစ္စတာချင်ရဲ့ စွမ်းရည်က တကယ်ကို ထူးခြားပြောင်မြောက်ပါတယ်၊ ဒါကြောင့် မစ္စတာချင်ကို ကျွန်တော့်ရဲ့ ကိုယ်ရံတော်အဖြစ် လာလုပ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ နှစ်စဉ် လစာအနေနဲ့ အမေရိကန်ဒေါ်လာ နှစ်သန်း ပေးပါ့မယ်"
"မစ္စတာချင် လုပ်ရမှာက ကျွန်တော့်နောက်ကို အများဆုံး လိုက်ပါပြီး လုံခြုံရေးကို စောင့်ရှောက်ပေးဖို့ပါပဲ"
ကျန်းယွင်ဖျင်က ဆိုလိုက်၏။
၎င်းကို ကြားလိုက်ရသောအခါ လင်းကုဝေမှာ အနည်းငယ် အံ့အားသင့်သွားသည်။
ချင်ရန်က ရဲအရာရှိတစ်ယောက် ဖြစ်နေသေးတာကို ဘယ်လိုလုပ် ကိုယ်ရံတော် လုပ်နိုင်မှာလဲ။
သို့သော် ချင်ရန်သာ အလိုရှိပါက အလုပ်ထွက်၍ ကိုယ်ရံတော် လုပ်နိုင်သည်မှာ အမှန်ပင် ဖြစ်သည်။
အမေရိကန်ဒေါ်လာ နှစ်သန်းဆိုသော လစာမှာ အလွန်ပင် ရက်ရောလွန်းလှသဖြင့် တစ်နှစ်အတွင်းမှာပင် ငွေကြေးဆိုင်ရာ လွတ်လပ်ခွင့်ကို ရရှိသွားနိုင်ပေသည်။
ငွေမက်သော လူများသာဆိုပါက ချက်ချင်းပင် လက်ခံကြပေလိမ့်မည်။
ကျန်းယွင်ဖျင်က ချင်ရန်ကို ကြည့်လိုက်၏။
"မစ္စတာချင်ကရော ဘယ်လိုသဘောရလဲ ခင်ဗျာ"
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် မစ္စတာကျန်းရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ စိတ်မကောင်းပါဘူး၊ ကျွန်တော်က ရဲပဲ ဆက်လုပ်ချင်ပါတယ်၊ ကိုယ်ရံတော် လုပ်ဖို့ ဝါသနာမပါလို့ပါ"
ချင်ရန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
"တကယ်လား"
ကျန်းယွင်ဖျင်က နှမြောတသစွာ ပြော၏။
ချင်ရန် ငြင်းဆိုလိုက်သဖြင့် ဆက်ပြောရန် မလိုတော့ချေ။
ဤကဲ့သို့သော စူပါပညာရှင်တစ်ဦးသာ သူ့ကိုယ်ရံတော် ဖြစ်လာပါက ကျန်းယွင်ဖျင်သည် ဘယ်သွားသွား ယုံကြည်မှု ရှိနေမည်ဖြစ်ပြီး လုပ်ကြံခံရမည့် ဘေးကိုလည်း ကြောက်ရွံ့တော့မည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ချင်ရန်က သဘောမတူခဲ့ချေ။
ဒေါ်လာ နှစ်သန်းဆိုသော လစာမှာ အလွန်မြင့်မားနေပြီ ဖြစ်ရာ ချင်ရန် ငြင်းပယ်လိုက်ခြင်းမှာ ငွေကြေးကြောင့် မဟုတ်သည်မှာ သေချာလှသည်။
"တကယ်ကို နှမြောဖို့ ကောင်းလိုက်တာ"
ကျန်းယွင်ဖျင်က သက်ပြင်းချရင်း ပြောပြန်သည်။
"ဒါပေမဲ့ မစ္စတာချင် စိတ်ကူးပြောင်းသွားရင်တော့ ကျွန်တော့်ဆီ အချိန်မရွေး လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်"
ချင်ရန်ကမူ အတည်လည်း မပြု၊ ငြင်းလည်း မငြင်းဘဲ နေလိုက်၏။
သူ့ရည်မှန်းချက်များမှာ ကိုယ်ရံတော်တစ်ဦး ဖြစ်ရုံမျှနှင့် မကျေနပ်နိုင်ချေ၊ ၎င်းမှာ အဆင့်အတန်း နိမ့်ကျလွန်းလှသည်။
*ဂျောက်*
ရုံးခန်းတံခါး ရုတ်တရက် ပွင့်လာခဲ့သည်။
အမည်းရောင် ဝတ်ဆင်ထားသော လူလေးဦး လျှောက်ထွက်လာ၏။
သူတို့လှုပ်ရှားမှုများမှာ စည်းချက်ကျကာ ၎င်းတို့၏ မျက်နှာအမူအရာများမှာ စက်ရုပ်များကဲ့သို့ အလွန်ပင် အေးစက်နေကြသည်။
ထိုလူလေးဦးတွင် လူဖြူ၊ လူမည်းနှင့် အာရှသားများ ပါဝင်နေသဖြင့် လူမျိုးစုံ ပါဝင်မှုမှာ အတော်လေး စုံလင်လှသည်ဟု ဆိုရပေမည်။
"ဒါက ကျွန်တော် အသစ်ငှားထားတဲ့ ကိုယ်ရံတော်အဖွဲ့ပါ"
ကျန်းယွင်ဖျင်က ပြုံးလျက် ချင်ရန်နှင့် လင်းကုဝေတို့ကို မိတ်ဆက်ပေးသည်။
ထို့နောက် ကိုယ်ရံတော်လေးဦးမှာ ကျန်းယွင်ဖျင် နောက်တွင် ရပ်လိုက်ကြ၏။
ထိုကိုယ်ရံတော်လေးဦးမှာ ကျန်းယွင်ဖျင်က ငွေအမြောက်အမြား အကုန်အကျခံကာ အဆင့်မြင့်မြင့် ငှားရမ်းထားသူများ ဖြစ်ကြသည်။
ယခုအကြိမ်တွင် သတ်မှတ်ချက်များမှာ ပိုမိုမြင့်မားပြီး ယခင် မြေအောက်လက်ဝှေ့သမားနှစ်ဦးထက် အဆပေါင်းများစွာ ပိုမို သန်မာကြ၏။
ထိုသူများ မည်မျှပင် သန်မာစေကာမူ ချင်ရန်လောက်တော့ မတော်နိုင်မှန်း ကျန်းယွင်ဖျင် သိပါသည်။
ချင်ရန်နှင့် လင်းကုဝေတို့သည် ကျန်းယွင်ဖျင်ကို နှုတ်ဆက်ကာ ထွက်ခွာခဲ့ကြသည်။
မထွက်ခွာမီတွင် ကျန်းရှောင်ရှောင်ကမူ မခွဲနိုင်မခွာရက် ဖြစ်နေကာ ချင်ရန်၏ ဆက်သွယ်ရန် လိပ်စာကို အကြိမ်ကြိမ် တောင်းနေသော်လည်း ချင်ရန်က ယဉ်ကျေးစွာပင် ငြင်းဆန်ခဲ့၏။
သို့သော် ချင်ရန် ထွက်ခွာသွားချိန်တွင် ကျန်းရှောင်ရှောင်က တောင့်တသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"ရှင် ဖိန်လင်မြို့ ရဲဌာနချုပ်မှာ အလုပ်လုပ်နေတာကို ကျွန်မ သိပါတယ်၊ ကျွန်မ ရှင့်ဆီ ခဏခဏ လာရှာမှာမို့လို့ စောင့်နေနော်"