အခန်း ၁၈၇
Vol. 19 Ch. 187
187
ချင်ရန်သည် လုံခြုံရေးခေါင်းဆောင်၏ တင်းမာပြတ်သားလှသော စကားကြောင့် မျက်မှောင်ကြုတ်မိသွားသည်။
ထိုလူမှာ တကယ့်ကို ရဲတင်းလွန်းလှ၏။
ချင်ရန်က ဝင်ရောက်ရှာဖွေရန် ပြင်ဆင်သော်လည်း ထိုလုံခြုံရေးက တားဆီးရဲရုံသာမက လက်ကိုလည်း ခါးနောက်ရှိ သေနတ်ဆီသို့ ပို့ထားသည်ကို သူ သတိထားမိသည်။
သူက ရဲကိုတောင် ပြန်ပြီး ပစ်ရဲတယ်ပေါ့လေ။
ဘယ်သူက သူ့ကို အဲဒီလို သတ္တိမျိုး ပေးလိုက်တာလဲ။
"ဒါက ဘာသဘောလဲ ကိုယ့်လူ၊ ခင်ဗျားက ဝတ္တရားနှောင့်ယှက်ချင်တာလား”
ချင်ရန်က အေးစက်စွာ မေးလိုက်ရင်း အရပ်ရှည်ရှည် လုံခြုံရေးခေါင်းဆောင်နားသို့ တိုးကပ်သွားသည်။
ထိုအခါ လုံခြုံရေးခေါင်းဆောင်၏ မျက်နှာအနည်းငယ် ပျက်သွား၏။
ချင်ရန်က ဤမျှအထိ သတ္တိရှိပြီး သူ့ခြိမ်းခြောက်မှုကို ဂရုမစိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
အခြားသူများဆိုလျှင်မူ သူ့ခြိမ်းခြောက်မှုကြောင့် လှည့်ပြန်သွားကြသည်မှာ ကြာလှပြီ ဖြစ်သည်။
ထိုစဉ်မှာပင် အသံကျယ်ကြီးတစ်ခု အနောက်ကနေ ထွက်ပေါ်လာရာ လုံခြုံရေးခေါင်းဆောင်သည် အသံလာရာဘက်သို့ ချက်ချင်း နောက်လှည့်ကြည့်ကာ ရိုသေလေးစားသော အမူအရာသို့ ချက်ချင်းပြောင်းလဲသွားသည်။
"ဘာတွေ ဆူညံနေတာလဲ၊ ဘာကိစ္စ ဒီလောက်အထိ အော်ဟစ်နေကြတာလဲ”
"သူဌေး ရောက်လာပါပြီ"
လုံခြုံရေးအားလုံးက အော်ပြောလိုက်ပြီး အကြည့်များမှာ ထိုလူ့ထံသို့ ရောက်သွားကြသည်။
ရောက်လာသူမှာ အဝတ်အစား သေသပ်ခန့်ညားပြီး အသက်အားဖြင့် (၃၀) ဝန်းကျင်ခန့်သာ ရှိကာ သူ့ဘေးတွင် အသက် (၂၅) နှစ်အရွယ်ခန့်ရှိသော မိတ်ကပ် အလွန်အမင်း လိမ်းခြယ်ထားပြီး ကိုယ်ကျပ်အဝတ်အစားများ ကျကျနန ဝတ်ဆင်ထားသည့် မိန်းကလေး နှစ်ဦးလည်း ပါလာခဲ့၏။
ဆောင်းဦးရာသီ ရောက်နေပြီဖြစ်သော်လည်း ထိုမိန်းကလေးများမှာ အအေးဒဏ်ကို မမှုဘဲ ရက်ရောလှစွာဖြင့် ဝတ်ဆင်ထားကြခြင်းပင် ဖြစ်သည်။
ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားသော ထိုလူမှာ လေ့ကျင့်ခန်း လုပ်ပြီးခါစကဲ့သို့ မျက်နှာမှာ နီမြန်းနေ၏။
သူက မျက်နှာစိမ်းဖြစ်သည့် ချင်ရန်အား မျက်မှောင်ကြုတ်လျက် ကြည့်ကာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ”
"ကျွန်တော်က ဖိန်လင်မြို့ ရဲဌာနချုပ်ကပါ၊ တိုင်ကြားချက်အရ ရှန့်ယန်ရွာက လျိုချန်ဟုန် ဆိုတဲ့သူကို ဖမ်းဆီးဖို့ လာခဲ့တာပါ"
ချင်ရန်က တည်ငြိမ်စွာ ဖြေလိုက်၏။
"အိုး ဟုတ်လား”
ထိုလူက ထူးဆန်းသော အမူအရာဖြင့် ရယ်မောကာ မေးပြန်သည်။
"ငါ့ကို ဖမ်းမလို့လား၊ ဘယ်သူက အမိန့်ပေးလိုက်တာလဲ ပြီးတော့ မင်းမှာရော ငါ့ကိုဖမ်းရဲရလောက်တဲ့အထိ သတ္တိရှိလို့လား”
ချင်ရန်မှာ မျက်မှောင်ကြုတ်သွားမိသည်။
လျိုချန်ဟုန်မှာ ရူးနေသလားဟုပင် သူ တွေးလိုက်မိ၏။
မိမိက ရဲအရာရှိတစ်ဦး ဖြစ်ပြီး တိုင်ကြားချက်ရှိသဖြင့် ဖမ်းဆီးရန် လာခြင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည်။
ယခု လျိုချန်ဟုန် ပြောနေသော စကားများမှာ မသိလျှင် မိမိတို့ ရဲများက သူ့အား မတရားအကွက်ဆင် ဖမ်းဆီးနေသကဲ့သို့ ပြောနေသည်မှာ တကယ့်ကို နားမခံသာစရာပင် ဖြစ်သည်။
"မင်းတို့ ညွှန်ကြားရေးမှူးချုပ်က ရှီကျင်းစုန့် မဟုတ်လား၊ ငါ သူနဲ့ အကြိမ်ပေါင်းများစွာ ထမင်းအတူ စားဖူးတယ်၊ ငါတို့က တော်တော်လေးလည်း ရင်းနှီးကြတာ”
လျိုချန်ဟုန်က အလွန်ကိုဂုဏ်ယူနေသည့် ပုံစံဖြင့် အေးအေးဆေးဆေးပင် ဆက်ပြော၏။
"ငါ့ကိုဖမ်းဖို့ သူက အမိန့်ပေးလိုက်တာလား၊ ရှီကျင်းစုန့်ကကော ဒီကိစ္စကို သိရဲ့လား ဒါမှမဟုတ် မင်းတို့ကပဲ မျက်နှာရချင်လို့ ငါ့ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ဖမ်းဆီးချင်နေတာလား”
လျိုချန်ဟုန်က ချင်ရန်ကို ပြန်လည် မေးခွန်းထုတ် စစ်မေးနေခြင်းပင်။
ရဲတစ်ယောက်အား ဤကဲ့သို့ မေးခွန်းထုတ် စစ်ဆေးနေခြင်းကို ဘယ်တုန်းကမှ မကြားဖူးသလို ကြုံလည်း မကြုံတွေ့ခဲ့ရပေ။
ယခုမူ လက်တွေ့ကြုံတွေ့နေရပြီ ဖြစ်၏။
ထိုအခါ ချင်ရန်က လေးနက်သောအသံဖြင့် လျှိုချန်ဟုန် လိုချင်နေသော အကြောင်းပြချက်များကို တစ်သီကြီး ထုတ်ပြတော့သည်။
"အထက်ကနေ ရာဇဝတ်ဂိုဏ်းနှိမ်နင်းရေး အထူးစီမံချက်ကို ထုတ်ပြန်ထားပြီးပြီ၊ ခင်ဗျား လျိုချန်ဟုန်ဟာ ပြည်သူတွေ တိုင်ကြားထားတဲ့ ဂိုဏ်းစတားအဖွဲ့ဝင် တစ်ယောက်ပဲ၊ ခင်ဗျားက ရွာသားတွေရဲ့ မြေယာတွေကို မတရားသိမ်းယူတယ်၊ အစိုးရက ထောက်ပံ့ပေးထားတဲ့ ဘတ်ဂျက်ငွေတွေကို အလွဲသုံးစားလုပ်တယ်၊ ရွာသားတွေရဲ့ ပင်စင်လစာနဲ့ ထောက်ပံ့ကြေးတွေကိုလည်း ဝါးမြိုထားတယ်၊ ဒါဆိုရင် ခင်ဗျားကို ဖမ်းဖို့ နောက်ထပ် ဘာအကြောင်းပြချက်များ ထပ်လိုသေးလဲလို့၊ ပြောကြည့်ပါဦး ထပ်ဖြည့်ရတာပေါ့”
ချင်ရန်က လျိုချန်ဟုန်၏ မျက်နှာနားသို့ တိုးကပ်ကာ စကားများကို တစ်ခွန်းချင်း ပြောကာ စိုက်ကြည့်လိုက်သည်။
"ဘာတွေ လာပြောနေတာလဲ၊ ရာဇဝတ်ဂိုဏ်းနှိမ်နင်းရေးက ငါနဲ့ ဘာဆိုင်လို့လဲ၊ မင်းပြောတဲ့ စွပ်စွဲချက်တွေက ဟိုလူမိုက်တွေ လုပ်ကြံပြောဆိုနေတာပဲ၊ မင်းက ရဲတစ်ယောက် ဖြစ်ပြီးတော့ သူများပြောတာကို လိုက်ယုံနေတာလား၊ ငါကသာ မင်းအဖေပါလို့ ပြောရင် မင်း ငါ့ကို ဒူးထောက်ကန်တော့မှာလား ပြော”
မိမိအပြစ်အား ဝန်မခံဘဲ ကြမ်းပိုးကနေ လိပ်ဖြစ်အောင် ပြောပြီး လျိုချန်ဟုန်သည် ချင်ရန်ကို အထင်သေးသော အမူအရာဖြင့် အေးအေးဆေးဆေးပင် ရန်စကား စတင်ပြောဆိုလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ဖမ်းဆီးပြီး ခင်ဗျား ဘက်က နစ်နာမှုမရှိအောင် သေသေချာချာလေး စုံစမ်းစစ်ဆေးသွားမှာပါ"
ချင်ရန်က တုန်လှုပ်မှုမရှိဘဲ တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်၏။
လျိုချန်ဟုန် ပေါ်လာကတည်းက ချင်ရန်၏ ရာဇဝတ်မှု ရှာဖွေရေးရေဒါ ထဲတွင် သူသည် A- အဆင့် ရာဇဝတ်ကောင်အဖြစ် ဖော်ပြနေသဖြင့် ဤလူမှာ အမှုပေါင်းများစွာကို ကျူးလွန်ထားသူဖြစ်ကြောင်း ချင်ရန် သေချာပေါက် သိလိုက်ပြီ ဖြစ်သည်။
"မင်းက နစ်နာမှုမရှိအောင် စုံစမ်းစစ်ဆေးပေးမယ်ပေါ့ ဟားဟား”
လျိုချန်ဟုန်က ပြုံးလိုက်၏။
"မင်းမှာ အဲလောက်ထိ အရည်အချင်း မရှိသေးဘူး၊ အင်း ခဏစောင့်ဦး ငါ ဖုန်းတစ်ချက် ဆက်လိုက်မယ်"
လျိုချန်ဟုန်သည် ပြောပြောဆိုဆိုပင် ချင်ရန်ရှေ့မှာပင် ဖုန်းထုတ်ကာ တစ်စုံတစ်ယောက်ထံသို့ ဆက်သွယ်လိုက်သည်။
ချင်ရန် စိတ်မရှည်တော့ဘဲ ဝင်ဖမ်းရန် ပြင်လိုက်သော်လည်း နောက်မှ ရဲငါးဦးက သူ့ကို တားဆီးလိုက်၏။
"ခဏစောင့်ပါဦး၊ တကယ်လို့ တစ်ခုခု အထင်လွဲနေတာဆိုရင် ကျွန်တော်တို့ တာဝန်ယူနိုင်မှာ မဟုတ်ဘူး"
ရဲအရာရှိတစ်ဦးက တိုးတိုးလေး သတိပေးသည်။
"ဟယ်လို အစ်ကိုကြီးရှီလား၊ ကျွန်တော် ချန်ဟုန်ပါ၊ ဟဲဟဲ အတူတူ ထမင်းမစားရတာ ကြာပြီနော်၊ တစ်ရက်လောက် ပြန်ဆုံကြရအောင်”
“ ..….”
“အခု ဖုန်းဆက်တာက တခြားတော့ မဟုတ်ပါဘူး၊ ခင်ဗျားရဲ့ ဌာနချုပ်က လူခြောက်ယောက် ရောက်လာပြီး ကျွန်တော့်ကို ဖမ်းမယ် ပြောနေလို့၊ အဲဒါ ဘာ အထင်လွဲစရာလေးများ ရှိမလဲလို့ အဲဒါသိချင်လို့ ဖုန်းဆက်လိုက်တာ”
“....”
တစ်ဖက်ကိုပြောပြီးသည်နှင့် လျိုချန်ဟုန်က ချင်ရန်ကို ကြည့်ကာ နာမည်အား မေးလေသည်။
"ဒါနဲ့ မင်းနာမည် ဘယ်သူလဲ”
ချင်ရန်ကလည်း ဖြေလိုက်၏။
"ချင်ရန် တဲ့လား၊ သူက ဘာလို့ ကျွန်တော့်ကို ဖမ်းချင်နေတာလဲ မသိဘူး၊ ကျွန်တော်က ဒီရွာမှာ အေးအေးဆေးဆေး နေနေတာပဲ၊ ဘာလို့ လာဖမ်းချင်နေကြတာလဲ”
လျိုချန်ဟုန်က မကျေမနပ် လေသံဖြင့် ပြောနေသည်။
ချင်ရန်နောက်မှ ရဲငါးဦးမှာ မျက်နှာများ ပျက်ကုန်ကြ၏။
သွားပြီ၊ ဒီလူက ညွှန်ချုပ်ကြီးနဲ့ ညီအစ်ကိုလို တကယ့် ဆက်ဆံရေးရှိနေတာပဲ။ ဒါဆို ဒီလျိုချန်ဟုန်က ဘယ်သူမို့လို့လဲ။
"ကဲ သူနဲ့ စကားပြောလိုက်ဦး၊ သူ့ကို ကောင်းကောင်းလေး ဆုံးမပေးလိုက်ပါဦး အစ်ကိုကြီးရေ”
ဖုန်းထံမှ လူနှင့် ပြောဆိုပြီးသည်နှင့် လျိုချန်ဟုန်က ဖုန်းကို ချင်ရန်ထံသို့ ကမ်းပေးလိုက်၏။
"ဟယ်လို”
ချင်ရန်က လေးနက်သောအသံဖြင့် ထူးလိုက်သည်။
ဖုန်းတစ်ဖက်မှ ကြားရသောအသံမှာ ရှီကျင်းစုန့် အမှန်ပင် ဖြစ်၏။
"ချင်ရန် မင်း လျိုချန်ဟုန်အိမ်မှာ ဘာလုပ်နေတာလဲ”
"ကျွန်တော် ပြည်သူတွေရဲ့ တိုင်ကြားချက်အရ လျိုချန်ဟုန်ဟာ အစိုးရဘတ်ဂျက်တွေကို အလွဲသုံးစားလုပ်တာ၊ ရွာသားတွေရဲ့ ပင်စင်လစာနဲ့ ထောက်ပံ့ကြေးတွေကို ခိုးယူတာ၊ မြေယာတွေကို အတင်းအဓမ္မ သိမ်းယူတာ အပါအဝင် ရာဇဝတ်မှု မြောက်မြားစွာ ကျူးလွန်ထားတဲ့အတွက် လာရောက်ဖမ်းဆီးတာပါ ခင်ဗျာ”
ချင်ရန်၏ စကားကြောင့် တစ်ဖက်က ရှီကျင်းစုန့်မှာ ခဏမျှ တိတ်ဆိတ်သွားသည်။
ချင်ရန်လည်း အသက်ရှူအောင့်ကာ ရှီကျင်းစုန့်ထံမှ တုံ့ပြန်မှုကို စောင့်နေမိ၏။
ဖိန်လင်မြို့၏ ညွှန်ကြားရေးမှူးချုပ်အနေဖြင့် ဤနှိမ်နင်းရေးကို ဦးဆောင်နေသူ ဖြစ်သည်။
အကယ်၍ ရှီကျင်းစုန့်က ယနေ့ သူ့ကို ပြန်ခိုင်းလိုက်ပါက ချင်ရန်၏ ရှီကျင်းစုန့်အပေါ် ထားရှိသော အမြင်မှာ အကြီးအကျယ် ပြောင်းလဲသွားပေလိမ့်မည်။
တစ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ရှီကျင်းစုန့်က တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း လျိုချန်ဟုန်မှာမူ ဘေးက မိန်းကလေးများကို ဖက်လှဲတကင်း လုပ်နေသဖြင့် ရယ်သံများ ဆူညံနေသည်။
ထိုစဉ် ရှီကျင်းစုန့်က ဖုန်းထဲမှ အမိန့်ပေးလိုက်၏။
"ဖမ်းဆီးလိုက်၊ တခြားဘာမှ စဉ်းစားမနေနဲ့၊ တိုင်ကြားသူ ရှိနေသရွေ့ စုံစမ်းစစ်ဆေးဖို့ ဖမ်းခေါ်လာခဲ့၊ တကယ် ကျူးလွန်ထားရင် ဥပဒေအတိုင်း အရေးယူမယ်၊ မကျူးလွန်ထားရင်လည်း စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးဖို့ပဲ ရှိတယ်"
ရှီကျင်းစုန့်က ပြတ်သားစွာ ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရချိန်တွင် ချင်ရန် မျက်နှာပေါ်၌ ဝမ်းသာရိပ်များ ပေါ်လာတော့သည်။
ရှီကျင်းစုန့်သည် အရေးကြီးသော အချိန်တွင် သူ့အား စိတ်မပျက်စေခဲ့ချေ။
*တီ*
ဖုန်းကျသွားပြီ ဖြစ်သည်။
ချင်ရန်က ဖုန်းကို လျိုချန်ဟုန်ထံ ပြန်ပေးလိုက်ပြီး ထိုလူက အောင်နိုင်သူအပြုံးဖြင့် ပြုံးကာ ချင်ရန်အား မထိတထိ ပြောလေသည်။
"ကဲ သိပြီဆိုရင်လည်း ဖယ်ကြတော့၊ မနက်စောစောကြီး ငါ့စိတ်ကို လာမဖျက်နဲ့"
"ခင်ဗျား ပြောတာ မှန်တယ်"
ထို့နောက် ချင်ရန်က အနောက်မှ ရဲအရာရှိများကို ခေါင်းညိတ်ပြလိုက်ပြီး အမိန့်ပေးလိုက်၏။
"တရားခံကို လက်ထိပ်ခတ်ပြီး စခန်းကို ခေါ်သွားကြ”
ထိုစကားကို ကြားလိုက်ချင်းမှာပင် လျိုချန်ဟုန်၏ မျက်နှာ အကြီးအကျယ် ပျက်သွားသည်။
"မင်း ရူးနေတာလား၊ ရှီကျင်းစုန့် ပြောတာကိုတောင် နားမထောင်ဘူးလား၊ အထက်အမိန့်ကို ဖီဆန်ရင် ဘာဖြစ်မလဲဆိုတာ မင်း သိရဲ့လား”
"ညွှန်ကြားရေးမှူးချုပ်ရှီက ဥပဒေအတိုင်း ခင်ဗျားကို ဖမ်းဆီးဖို့ သူကိုယ်တိုင် အမိန့်ပေးလိုက်တာပါ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးတာကို ပူးပေါင်းဆောင်ရွက်ပေးပါ၊ ခင်ဗျားသာ အပြစ်မရှိရင် ကျွန်တော် ကိုယ်တိုင် တောင်းပန်ပါ့မယ် ဒါပေမဲ့ တစ်ခုခု မှားယွင်းနေရင်တော့ ဥပဒေအတိုင်း စီရင်ချက်ကို လက်ခံရလိမ့်မယ်”
ချင်ရန်၏ တုန်လှုပ်ခြင်းကင်းမဲ့နေသည့် စကားများကြောင့် လျိုချန်ဟုန် တစ်ကိုယ်လုံး တုန်လှုပ်သွားရသည်။
သူက အပြစ်မရှိဘဲ နေပါ့မလဲ။
သူက ဒီနေရာမှာ ဆရာကြီးလုပ်ပြီး စိတ်တိုင်းကျ မင်းမူခဲ့တာ ကြာလှပြီဖြစ်လို့ စုံစမ်းစစ်ဆေးလိုက်တာနဲ့ သူ့ရဲ့ ရာဇဝတ်မှုတွေကတော့ အထုပ်လိုက် အထည်လိုက် ပေါ်လာမှာ အသေအချာပဲ။
အကယ်၍ ဥပဒေအတိုင်းသာ စီရင်မည်ဆိုပါက သူသည် အနည်းဆုံး တစ်သက်တစ်ကျွန်း ကျပေလိမ့်မည်။
"လက်ထိတ်ခတ်လိုက်”
ချင်ရန်က အေးစက်ပြက်သားစွာဖြင့် ထပ်မံ အမိန့်ပေးလိုက်၏။
အနောက်မှ ရဲငါးဦးမှာလည်း အံကြိတ်ကာ လက်ထိပ်များကို ထုတ်ပြီး လျိုချန်ဟုန်ကို ဖမ်းဆီးလိုက်ကြလေသည်။